Chapter 17
Vol. 2 Ch. 17
သမားတော်အိုကြီးက အနံ့ခံကြည့်ကာ အမြစ်၏ ကိုယ်ထည်ကိုလည်း နှစ်ကြိမ်တိုင် သာသာလေး ပွတ်ကြည့်လိုက်သည်။ ၎င်းက အနည်းငယ် ကောက်နေသည့်တိုင် အဆစ်များ ရှိနေကာ ကန့်လန့်ဖြတ်အပိုင်းမှာလည်း အလွန် လှပပြီး အရည်အသွေးမြင့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာလှပေသည်။
“မင်းမှာ အချက်အပြုတ်နဲ့ ပတ်သက်ပြီး အရည်အချင်းနည်းနည်းပါးပါး ရှိတယ်လို့တော့ ပြောလို့ရပါတယ် ...”
ချင်းလိုင်တိက ပြုံးပြလိုက်သည်။ မစ္စတာဟဲသည် နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရသည့် ပညာရှင်တစ်ဦး ဖြစ်လာမည့်သူ ဖြစ်ပေရာ ဆေးဖက်ဝင် ပါဝင်သည့် ပစ္စည်းများကို ပြင်ဆင်သည့် အရည်အချင်းမှာ တိုင်းရင်းဆေးပညာ၏ မျိုးဆက်ဟောင်းများအနေဖြင့် မရှိမဖြစ် လိုအပ်သည့် အခြေခံ စွမ်းရည်တစ်ခုလည်း ဖြစ်ပေသည်။
“ဖြစ်ချင်တော့ တိုင်းရင်းဆေးဌာနကလည်း ဒါကို လိုအပ်နေတာလေ မင်း ဒါကို လေးယွမ်နဲ့ ရောင်းပေးနိုင်လား ...”
သူက ချင်းလိုင်တိ၏ ခြင်းကို ချိန်တွယ်ရင်း ပြောလိုက်သည်။
ချင်းလိုင်တိ၏ အကြည့်တို့ အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော် အကယ်၍ သူမသာ ချက်ခြင်း သဘောတူလိုက်ပါလျှင် ဈေးနှုန်းမှာ သေချာပေါက် နိမ့်ဆင်းသွားတော့မည် ဖြစ်သည်။
“နည်းနည်းလောက်တော့ ပိုပေးပါဦး ကျွန်မအတွက်လည်း ဒီအထိ လာရတာ မလွယ်ဘူးလေ ပြီးတော့ တစ်ခြင်းလုံးဆို ကီလို ၂၀ တောင် မကဘူး ...”
“ဒါဆိုလည်း လေးယွမ်ခွဲ ထားလိုက်လေ ခမ်းတောက်မြစ်က ဒီဘက်မှာလည်း ဝယ်လို့ လွယ်ပါတယ် ပြင်ဆင်တဲ့အခါကျ နည်းနည်းလေး ဒုက္ခများလို့သာ ...”
“ကောင်းပါပြီ ဒါဆိုလည်း ခွဲတာတွေ မခွဲတာတွေ လုပ်မနေဘဲ အပြည့်ဘဲ ထားလိုက်ပါ ကျွန်မအတွက်လည်း ဒီဆေးမြစ်တွေ အများကြီး သိမ်းထားဖို့ဆိုတာ မလွယ်ဘူးလေ ...”
ဖာထေးရာ ဗလပွနှင့် အနည်းငယ် ငယ်နေပြီဖြစ်သည့် အင်္ကျီကို ဝတ်ထားကာ ဝါးခြမ်းပြားသဖွယ် ပိန်ညှောင်နေသည့် ခြေလက်များနှင့် ချင်းလိုင်တိမှာ အလွန် သနားဖွယ်ရာပင်။ မျက်နှာတွင်လည်း အမည်းရောင်များ ပေကျံနေသေးသည်။
သမားတော်အိုကြီးသည် အိမ်ပြန်ကာ ညစာစားရန် စိတ်အားသန်နေပြီ ဖြစ်သည့်အတွက် ဆင့်အနည်းငယ်မျှကို အာရုံ အနောက်ခံကာ ဈေးဆစ်မနေတော့ချေ။
“ကောင်းပြီ ဒါဆိုလည်း စောင့်ဦး ပိုက်ဆံ သွားယူလိုက်ဦးမယ် ...”
ထိုသို့ဖြင့် နောက်ဆုံးတွင် အရောင်းအဝယ် ဖြစ်သွားခဲ့တော့သည်။ ငါးယွမ်ဟူသော ပမာဏမှာ သူမတို့အဖို့ နှစ်လနီးပါးခန့် ထိုင်စားရန်ပင် လုံလောက်ပေရာ ဆုံးရှုံးသည်ဟု မဆိုနိုင်ပေ။
ဗလာဖြစ်နေသည့် ခြင်းတောင်းနှင့် ငါးယွမ်ကို လက်ကကိုင်လျက် ပြန်လာရသဖြင့် ချင်းလိုင်တိသည် လေပေါ် ပျံတက်သွားတော့မတတ် ပျော်ရွှင်မိနေပေသည်။ ပြီးခဲ့သည့်အခေါက် ဆန်ချော ရောင်းချသည့် အကြိမ်ကို ထည့်မတွက်ပါလျှင် ဤသည်မှာ ပြန်လည်မွေးဖွားပြီးနောက် သူမခြေ သူမလက်ဖြင့် ကိုယ်ပိုင်ဝင်ငွေ ရရှိသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဤသည်မှာ အရင်းမပါသည့် စီးပွားရေးတစ်ခုပင် ဖြစ်သည်။
အတိတ်ဘဝတွင် သူမသည် စေ့စေ့စပ်စပ် တွက်ချက်သုံးစွဲရခြင်းကို အသားကျခဲ့ရသည့်အတွက် ငွေကြေးကို လက်လွတ်စပယ် မသုံးရဲခဲ့ချေ။ ထို့ကြောင့် ငါးယွမ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြည်နယ်ပိုင် ကုန်စိမ်းဈေးသို့ ဦးစွာသွားကာ သူမ စားလိုသည့်အရာမှန်သမျှကို လိုက်လံ ကြည့်ရှုလိုက်တော့သည်။
သို့သော် ပဲပင်ပေါက်မှအစ တို့ဖူး၊ အမဲသားအဆုံး အားလုံးကို လက်မှတ်ဖြင့်သာ ပေးချေရကာ အရောင်းတာဝန်ခံကလည်း သူမကို အကြည့်တစ်ချက်ပင် မပေးသည့်အတွက် မှောင်ခိုဈေးကွက်သို့သာ ချီတက်လိုက်ရတော့သည်။
ဤတစ်ကြိမ်တွင် သူမသည် ကံကောင်းထောက်မစွာဖြင့် သားသတ်သမားကို ချက်ခြင်း တွေ့လိုက်တော့သည်။ ဈေးနှုန်းမှာ မည်မျှပင် ဖြစ်နေပါစေ သူမတွင် ဈေးဆစ်နေရန် အချိန်မရှိသည့်အတွက် ဝက်ဗိုက်သား ၂ ကီလိုကို အရင်ဆုံး ဝယ်လိုက်သည်။ ဤတစ်ကြိမ် သူမ ဝယ်ခဲ့သည့် အသားများမှာ တောဝက်သား ဖြစ်သည့်အတွက် အသားမှာ အလွန် ရင့်ကာ အဘွားဖြစ်သူ စားနိုင်မည့် အနေအထားသို့ ရောက်ရန် နှစ်နာရီနီးပါးခန့် နှပ်ထားရပေလိမ့်မည်။
ထို့နောက် ချင်းလိုင်တိသည် စတင်ကာ တွက်ချက်လိုက်တော့သည်။ သူမထံတွင် လေးယွမ်ခွဲသာ ကျန်ရှိတော့ကာ ရှေ့ဆက်ပြီး သူမ လုပ်မည့်အရာတိုင်းမှာလည်း ငွေကုန်ကြေးကျ ရှိမည့်ကိစ္စများသာ ဖြစ်ပေသည်။ သူမထံတွင် ပုံမှန် ဝင်ငွေလမ်းကြောင်းတစ်ခု ရှိလျှင် ကောင်းပေလိမ့်မည်ဟုပင် တွေးမိလာတော့၏။
ရုတ်ချည်းဆိုသလို သူမ၏ မျက်ဝန်းတို့ လင်းလက်သွားကာ ဆေးလိပ်များ ရောင်းချသည့် ဆိုင်တန်းစီသို့ တန်းတန်းမတ်မတ် ထွက်သွားလိုက်သည်။ မိုးထိမတက် မြင့်တက်နေသည့် ဆေးလိပ်ဈေးကို ထက်ဝက်နီးပါး ဈေးဆစ်ကာ နောက်ဆုံးတွင် ဆေးလိပ်တစ်စည်းကို ၅၀ ဆင့်ဖြင့် ဝယ်ယူခဲ့တော့သည်။
သမားတော်အိုကြီး၏ ဘယ်ဘက်အင်္ကျီအိတ်ကပ်ထဲတွင် ဆေးပေါ့လိပ် အထုပ်သေးတစ်ထုပ် ရှိနေကြောင်း သတိပြုမိခဲ့ကာ သူ စကားပြောလိုက်လေတိုင်း ဆေးလိပ်နံ့ကို သိသိသာသာ ရခဲ့ရသဖြင့် ချင်းလိုင်တိက ထိုသူသည် ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိခဲ့သည်။
ထို့နောက် သူမသည် ဆေးအရောင်းဌာနသို့ အပြေးအလွှား ပြန်သွားကာ သမားတော်အိုကြီးအား ဆေးလိပ်တစ်လိပ် ကမ်းပေးပြီး သူမထံ၌ အလုပ်လုပ်စရာ မရှိကြောင်း ပြောခဲ့သည်။ သူတို့အနေဖြင့် ပြင်ဆင်ရန် ဒုက္ခများသည့် ဆေးများ ရှိပါလျှင် သူမအနေဖြင့် ပြင်ဆင်ကာ ယူလာပေးနိုင်ကြောင်းလည်း ပြောခဲ့၏။
ထိုမိန်းကလေးမှာ ဒုက္ခရောက်နေသူဖြစ်ကြောင်း သိသာလှသည့်တိုင် သူ့ကို ဆေးလိပ်ပေးရန်အတွက် ဆင့် ၅၀ အကုန်ခံခဲ့ကြောင်း သိလိုက်ရသည့်အခါ သမားတော်အိုကြီးက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တော့သည်။
“ဌာနမှာက ဆေးတွေ မျိုးစုံရှိတယ် ဒါပေမယ့် တစ်ချို့ကကျ ပြင်ဆင်ဖို့ တော်တော်လေး ဒုက္ခများတယ်လေ မင်း ဟောင်ရှို့ကို သိလား ....”
(ဟောင်ရှို့ကို သူ့ကို တိုင်းရင်းဆေးမှာလည်း သုံးသလို ချက်ပြုတ်တဲ့ နေရာမှာလည်း သုံးပါတယ် မြန်မာလို အခေါ်အဝေါ်ကိုတော့ ရှာမတွေ့ပါဘူး)
“သိပါတယ် အဲဒါက စိုထိုင်းမှုကို ဖယ်ရှားပေးပြီး ချွဲသလိပ်တွေ ပျော်သွားစေနိုင်တယ်လေ ပြီးတော့ သွေးကြောထုံးတာကိုလည်း သက်သာစေတယ် ယောင်ယမ်းနေတာတွေကိုလည်း လျော့နည်းသွားစေတယ် ...”
ပြီးခဲ့သည့် ရက်ပိုင်းကမှ သူမသည် ဝက်စာ အများအပြား ရိတ်သိမ်းခဲ့ရာ သူမ၏ လက်ထဲတွင် အနည်းဆုံး ကီလို ၂၀ ခန့် ရှိနေပေသည်။
“အဲဒီ့ဆေးပင်က အဆိပ်လည်း ရှိတယ် ကျွန်မတောင် အိမ်မှာ အဲဒါကို ရေသန့်ထဲ တစ်လလောက် စိမ်ထားရတာ မနေ့ကမှတင် ခြောက်သွားတာလေ ....”
ဆေးပညာရှင်အိုကြီးက သူမသည် ထိုအပင်၏ အဆိပ်အတောက်များအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ဖြစ်ကြောင်းကိုပါ သိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“ဒါဆို တန့်နန်ရှင်း ကိုရော ပြင်ဆင်နိုင်လား ....”
ထို “တန့်နန်ရှင်း” ဟူသည်မှာ စင်စစ်အားဖြင့် တစ်လနီးပါးခန့် ရေစိမ်ထားသော သစ်မွှေးကို အခြောက်ခံကာ အမှုန့်ကြိတ်၍ bitter bile ဖြင့် ရောပြီး ရေနွေးငွေ့ဖြင့်ပေါင်း၊ ထို့နောက်တစ်ဖန် နေလှန်းအခြောက်ခံကာ အချောင်းပုံစံ သို့မဟုတ် အခဲပုံစံ ပြုလုပ်ထားခြင်း ဖြစ်သည်။ အဆင့်များမှာ ရှုပ်ထွေးလှသည့်အပြင် အလွန် အချိန်ကုန်လှသည့်အတွက် ဆေးပညာရှင်များသည် ၎င်းကို ထုတ်လုပ်ရန် ဆန္ဒမရှိကြချေ။
(bitter bile ကို ရှာကြည့်တော့ ရောဂါလက္ခဏာတစ်မျိုးအနေနဲ့ပဲ ထွက်လာပါတယ် ဒါပေမယ့် ခန္ဓာဗေဒမှာ ပြထားတဲ့ ပုံတွေအရတော့ သည်းခြေအိတ်လို့ ထင်ရတော့ သေချာ မသဲကွဲသေးတဲ့အတွက် အင်္ဂလိပ်လိုပဲ ရေးလိုက်ပါ့မယ်)
“Aracenia ကို bitter bile နဲ့ ရောလိုက်ရင် နဂို အဆိပ်အတောက်တွေကို လျော့ချပေးနိုင်တာအပြင် မူလအာနိသင်ထဲမှာ အပူဓာတ်ကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ပါ ပိုတိုးလာတယ်ဆိုတာကိုပါ သိထားပါတယ် ဒါက အဆုတ်ရောဂါနဲ့ ချွဲသလိပ် ရှိနေတဲ့ လူနာတွေအတွက် ပိုပြီး သင့်လျော်ပါတယ် ...”
ဆေးပညာရှင်အိုကြီး၏ အကြည့်များ ဝင်းလက်သွားတော့သည်။
“မင်းက အများကြီးကို သိထားတာပဲ ...”
“ဒါဆို မင်း ငါ့ကို ရှေ့တစ်ပတ်ကျ ငါးကီလို လုပ်လာခဲ့ပေးမလား .. ရှစ်ယွမ် ပေးရမှာပေါ့ ...”
ချင်းလိုင်တိက အပျော်လွန်သွားတော့၏။
“ကောင်းပါပြီ ...”
“ဒါပေမယ့် သေချာလေးတော့ လုပ်ရမယ်နော် bitter bile ကိုလည်း လုံလုံလောက်လောက် ထည့်သုံးပေး အစွန်းတွေကိုလည်း ညှပ်မပစ်နဲ့ ...”
“စိတ်မပူပါနဲ့ ကျွန်မက အရိုးသားဆုံး လုပ်ပေးမှာပါ ပြောရရင် ကျွန်မကလည်း ဆရာတို့နဲ့ ရေရှည် လက်တွဲသွားချင်တာလေ အကျိုးအမြတ် နည်းနည်းလေးအတွက်နဲ့တော့ ကျွန်မရဲ့ ရှေ့ရေးကို ဖျက်ဆီးမပစ်နိုင်ပါဘူး .. bitter bile က ရှာတွေ့ဖို့ မလွယ်တော့ .. နောက်ထပ် နှစ်ယွမ်လောက် ထပ်တိုးပေးပါလား ...”
“ပြီးတော့ ဆရာကြီးလည်း အသိပါပဲ ဒါကို ထုတ်ဖို့ဆိုတာ တအားကို ရှုပ်ယှက်ခတ်နေတာလေ။ နှေးတိနှေးကွေးသာ လုပ်နေရရင် တစ်ပတ်အတွင်း ဘယ်လိုမှကို ပြီးမှာ မဟုတ်ဘူး ...”
အဆင့်များမှာ အမှန်တကယ်လည်း ရှုပ်ထွေးများပြားလှကာ ကျွမ်းကျင်စားဖိုမှူးပင်လျှင် ဤမျှ များပြားလှသည့် အဆင့်များကို အသုံးပြုကာ ချက်ပြုတ်ဖူးလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်လည်း ဆေးဝါးဟူ၍ ဖြစ်လာခြင်း ဖြစ်သည်။ အကယ်၍ ရိုးရာနည်းလမ်းများအတိုင်း မပြင်ဆင်ပါလျှင်လည်း အဆိပ်အတောက် ပါဝင်မှုကို လျော့ချနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် တစ်ချိန်ချိန်၌ လူနာများတွင် ဒုက္ခဖြစ်သွားနိုင်ပေရာ စနောက်ရမည့် ကိစ္စမျိုး မဟုတ်ပေ။
ဆေးဆရာအိုကြီးကလည်း အလားတူပင် တွေးမိဟန်ပင်။ ဆေးရုံတွင် ရောင်းချသည့် ဆေးများမှာ ယခုထက်ပင် များစွာ ဈေးကြီးလှသေးရာ သူသည်လည်း ရှစ်ယွမ်ဟု တန်ကြေးဖြတ်မိသည့်အပေါ် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားတော့သည်။
“ကောင်းပြီလေ ဒါဆိုလည်း ငါးကီလိုအတွက် ၁၀ ယွမ်ပေါ့ .. တစ်ယွမ်ဖိုးလောက် လျော့သွားရင်တောင် ဆေးက မလုံလောက်တော့ဘူးနော် ...”
လူအိုကြီးက ဝမ်းသာအားရ ရယ်မောကာ ပြောလိုက်သည်။ ထို့နောက် ဆေးလိပ်ကို အားရဝမ်းသာ ဖွင့်ကြည့်ကာ တစ်လိပ် ထုတ်ယူပြီး သဘောကျ နှစ်ခြိုက်စွာဖြင့် အနံ့ခံလိုက်၏။
ချင်းလိုင်တိကလည်း အားရဝမ်းသာဖြင့် ကုန်စိမ်းဈေးနှင့် မှောင်ခိုဈေးသို့ နောက်တစ်ကြိမ် ထပ်သွားကာ ဝက်သည်းခြေအားလုံးကို ဈေးချိုချိုဖြင့် ရနိုင်သလောက် အားလုံး ဝယ်ယူလိုက်သည်။ ဝက်သည်းခြေသည် coptis ထက် ပိုပြီး ခါးသက်ပေသည်။ သားသတ်ရုံ၌ ဝက်ကို အမဲဖျက်ပြီးနောက် ဝက်သည်းခြေကို ယူလိုကြသူ မရှိသည့်အတွက် ၎င်းကို ဝယ်ယူရန် လက်မှတ်ပင် မလိုအပ်ချေ။
ချင်းကွေ့ဟွားက သူမ၏ မြေးမသည် ထို အလွန် အနံ့ပြင်းကာ ခါးသက်လှသည့် ပစ္စည်းများကို ရောင်းချခြင်းဖြင့် ငါးယွမ် ရခဲ့ကြောင်း သိလိုက်ရသည့်အခါ ကိုယ့်နားကိုယ်ပင် မယုံနိုင်တော့ချေ။ ထို့ကြောင့် ထိုငါးယွမ်မှာ သူမ ကိုယ်တိုင် ရှာလာသည့်ငွေ ဟုတ်မဟုတ် သေချာစေရန် ထပ်ကာတလဲလဲ အတည်ပြုလိုက်တော့သည်။
“မင်းရဲ့ ကျွမ်းကျင်မှုကို မှန်ကန်တဲ့ နေရာမှာ ကောင်းကောင်း အသုံးချနိုင်သားပဲ ...”
ဝမ်လီဖန်းက ခပ်ပြုံးပြုံးဖြင့် အိမ်ထဲ ဝင်လာကာ ပြောလိုက်သည်။
လိုင်တိ၏ နှလုံးခုန်သံတို့ စည်းချက်လွဲသွားတော့သည်။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ ...
“မင်းတို့အဒေါ်က ရတနာသုံးပါးခန်းမကို အကြောင်းမရှိဘဲ တစ်ခါမှ မသွားဖူးဘူးနော် ...”
“အိုး .. အဒေါ်ရဲ့ စိတ်မပူပါနဲ့ ဒီနေ့ ဖြစ်သွားတာတွေ အကုန်လုံးက သေချာပေါက်ကို ကောင်းတဲ့ ကိစ္စတွေပါ ...”
အဒေါ်ချွေ့၏ ဝေဒနာကို ကုသပေးပြီးချိန်မှစကာ မိန်းမပျိုလေး လိုင်တိ၏ စွမ်းရည်သည် ကပ္ပတိန် လီပန်းရှင်း၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရတော့သည်။ ထိုမျှသာမက ဝမ်လီဖန်းကလည်း “ချင်းမိသားစုအဖို့ စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသည်မှာ မလွယ်ကူလှ” ဟု ပြောကာ အကယ်၍ ရာထူးနောက်ခံရှိသူ တစ်ဦးဦးက သူတို့ကို ကူညီပေးပါလျှင် ကောင်းလိမ့်မည်ဟု ရိပ်ဖမ်းသံဖမ်း ပြောခဲ့သေးသည်။ ဝမ်လီဖန်းသည် သူသာ ချင်းလိုင်တိအား ဝက်မွေးမြူသူအဆင့်မှ တိုးတက်လာအောင် ကူညီမပေးနိုင်ပါလျှင် စိတ်မကောင်းဖြစ်နေရလိမ့်မည်ဟု ခံစားမိနေခဲ့သည်။
“ပြီးခဲ့တဲ့တစ်ခေါက် ငါ ကောင်တီကို အစည်းအဝေး သွားတက်တော့ ကောင်တီကနေပြီးတော့ အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းက ပညာတတ်လူငယ်တွေကို ရွေးပြီး ဆေးဘက်ဆိုင်ရာအကူ သင်တန်းပေးမလို့လို့ ကြားခဲ့တယ် လေ့ကျင့်ရေးသင်တန်းကို အောင်မြင်တဲ့ သူတွေက ဒီပလိုမာ အသိအမှတ်ပြုလက်မှတ် ရပြီးတော့ ကျေးလက်အဖွဲ့တွေရဲ့ ကျန်းမာရေးဌာနမှာ အလုပ်ဝင်လုပ်ပေးရမယ်တဲ့ ...”
အဖွဲ့တစ်ဖွဲ့အတွက် နေရာတစ်နေရာသာ ရှိသော်ငြား ဝူလီထွင်၏ ကိုယ်စားလှယ်အတွက်မူ အားလုံးက ချင်းလိုင်တိတစ်ဦးတည်းကိုသာ ပွင့်လင်းမြင်သာသည့် မဲပေးမှုစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။ သူမသည် ရွာသားအားလုံးကို အခမဲ့ ဆေးကုသပေးရုံသာမက ဆေးဝါးများကိုပင် အခမဲ့ ဝေမျှခဲ့သူ ဖြစ်ပေရာ ထိုအချက်တစ်ချက်တည်းကို ကြည့်လျှင်ပင် သူမမှအပ မည်သူ့ကိုမှ ဦးစားပေးနိုင်တော့မည် မဟုတ်ချေ။
ပြီးခဲ့သည့် ၂ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် တော်လှန်ရေးကာလအတွင်းတွင် ရဲတပ်ဖွဲ့နှင့် ဆရာဝန်များအားလုံးကို ဗဟိုဒေသတစ်ခုတည်းတွင် နေရာချထားရာမှာ တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ကာ တာဝန်ချထားသည့် အခြေအနေသို့ ပြောင်းလဲခဲ့ပြီး လွန်ခဲ့သော ၆ လအတွင်း အခြေအနေများ ပိုမို ကောင်းမွန်လာခဲ့သည်။
သို့သော် ကျန်းမာရေး ဝန်ထမ်း အရေအတွက် အထူးသဖြင့် အစွန်အဖျား ဒေသများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းအရေအတွက်မှာမူ အလွန် နည်းပါးနေဆဲပင်။ အကယ်၍ ချင်းလိုင်တိသာ စာမေးပွဲကို အောင်မြင်ကာ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်လာပါလျှင် ကျေးလက်အဖွဲ့တစ်ဖွဲ့လုံး၏ စားစရာ ထောက်ပံ့ပေးမှုကို ရရှိမည် ဖြစ်သည်။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ ...
ချင်းလိုင်တိသည် ပျော်ရွှင်မှုကို ဖုံးဖိ၍ပင် မရတော့ချေ။ အတိတ်ဘဝက သူမသည် ဆေးပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ဤစာမေးပွဲကိုသာ အားကိုးခဲ့ရသည်။ သို့သော် အတိတ်ဘဝက သူမ တက်ရောက်ခဲ့သည့် လေ့ကျင့်ရေးဌာနမှာ လန်ဟဲမြို့ ဖြစ်ပေသည်။
လယ်ယာစိုက်ပျိုးရေးသည် ရေရှည်အတွက် ကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခု မဟုတ်ကြောင်းကို သူမကိုယ်တိုင်လည်း ကောင်းကောင်း သိထားပေရာ စာမေးပွဲဖြေကာ ကျန်းမာရေးဝန်ထမ်း ဖြစ်လာခြင်းက အကြံကောင်းတစ်ခု ဖြစ်ပေသည်။ ယခုလက်ရှိ အချိန်မှာ လမ်းသစ်ဖောက်သည့် စွန့်ဦးတီထွင်သူများအား အကြီးအကျယ် ဂုဏ်ပြုကာ လေးလေးစားစား ဆက်ဆံကြသည့် ကာလလည်း ဖြစ်ပေသည်။
သူမ၏ ဆေးပညာအရည်အချင်းသည် လူနာများကို ကုသနိုင်ရန် အရည်အချင်း ပြည့်မှီသော်ငြား အထောက်အထား ပြစရာ ပညာအရည်အချင်းနောက်ခံ မရှိသည့်အတွက် အကယ်၍ မကောင်းသော အကြံအစည်ရှိသူ တစ်ဦးဦးကသာ သူမကို တိုင်ကြားလိုက်ပါလျှင် ကျိန်းသေ အရေးယူခံရမည် ဖြစ်သည်။ ထို့အပြင် ဆေးပညာကို တရားမဝင် လေ့လာဆည်းပူးခြင်းကြောင့် ထောင်ဒဏ်ပင် ချမှတ်ခံရပေလိမ့်မည်။
သို့ဖြစ်ရာ .. ဤသည်မှာ သူမ စောင့်ဆိုင်းနေခဲ့သည့် အခွင့်အရေးပင် ဖြစ်ပေတော့သည်။
“ဒေါ်လေးကို ကျေးဇူးတင်ပါတယ် .. ဦးလေးနဲ့ ဒေါ်လေးတို့ မျက်နှာမပျက်ရအောင် ကျွန်မ အကောင်းဆုံး ကြိုးစားပြီး ပြင်ဆင်ထားပါ့မယ် ...”
ဝမ်လီဖန်းက ပြုံးပျော်နေသည့် မျက်နှာနှင့်အတူ သံစဉ်ညဉ်းလျက် သူမ၏ အိမ်သို့ ပြန်သွားလိုက်သည်။
လေ့လာခြင်းသည် ဝတ္တရားများအနက် တစ်ခုမျှသာ ဖြစ်ပေကာ အလုပ်မှာမူ နှောင့်နှေးနေ၍ မရချေ။ နေ့လည်ပိုင်းတွင် ချင်းလိုင်တိသည် ယုန်ကို ကိုင်စဉ်က ဝတ်ထားသည့် အဝတ်များအား လဲလိုက်ပြီး မျက်နှာသစ်၊ လက်ဆေးကာ ဝက်မွေးမြူရေးခြံသို့ ထွက်လာလိုက်သည်။
လမ်းတွင် သူမက ဟဲလျန်ရှန်းကို ပို့ပေးရန်အတွက် ပျားရည်စုပ်ပန်းခြောက်နှင့် မက်မွန်ပွင့်ဝါ တစ်ထုပ်ကိုပါ စုဆောင်းလိုက်သေးသည်။ ထိုအပွင့်များမှာ ဆေးဖက်ဝင်ကာ ခန္ဓာကိုယ်၏ အပူဓာတ်ကို လျော့ချပေးနိုင်ပြီး အသည်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ အမြင်အာရုံကိုလည်း ကြည်လင်လာစေသည်။
တန်ကြေးအားဖြင့်လည်း ဈေးမကြီးသလို အများအပြား စားမိ၍လည်း လူကို အန္တရာယ် မဖြစ်စေနိုင်။ အဓိက ရည်ရွယ်ချက်မှာ သူမ၏ အမည်အား သတိရနေစေရန် ဖြစ်သည်။
လျောင်ကျီရှင်းကလည်း အံ့ဩသွား၏။ သူက လူကြုံပေးမည့် ပစ္စည်းများသည် ကြက်အူချောင်းနှင့် ကြက်သားကင်ကဲ့သို့သော အသားများ ဖြစ်လိမ့်မည်ဟုသာ တွေးထားရာ အရွက်ခြောက်အပွင့်ခြောက်ထုတ်များ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားမိခဲ့ချေ။ ထို့အပြင် ထိုအပွင့်ခြောက်များ ထည့်ထားသည့် အထုပ်မှာ နှစ်ကီလိုပင် မကချေ။
“ငါ မသယ်နိုင်မှာကို မပူပါနဲ့ .. နောက်ထပ် ပေးစရာ ရှိသေးလား ...”
ချင်းလိုင်တိက ခေါင်းယမ်းပြလိုက်သည်။ သူမတို့သည် အချင်းချင်း ချစ်ကြိုက်နေကြသူများလည်း မဟုတ်။ သူမကိုယ်တိုင်ပင် အိမ်တွင် မစားရက်သည့် ကြက်အူချောင်းနှင့် အသားကင်ကဲ့သို့သော အစားကောင်းများကို ထည့်ပေးလိုက်ရပါလျှင် နှမြောစိတ်ကြောင့် သေသွားလေမလားပင် စိုးရိမ်ရပေလိမ့်မည်။
“အဆင်ပြေပါတယ် ပြောရရင် ရွာဘက်မှာက ပစ္စည်းကောင်းရယ်လို့မှ သိပ်မရှိတာ ...”
လျောင်ကျီရှင်းက ခေါင်းငြိမ့်ပြကာ သူ့မျက်မှန်ကို ချွတ်၍ အဝတ်စဖြင့် သုတ်လိုက်သည်။ မျက်မှန်၏ မှန်မှာ အစင်းကြောင်းများ ထင်နေကာ မျက်မှန်ကိုင်းတစ်ဖက်မှာလည်း ပြုတ်ကျလုမတတ် ဖြစ်နေ၍ ကြိုးဖြင့် ပြန်ချည်ထားရသည်။
“အစ်ကိုလျောင် .. ရှင် ဘယ်လောက်အထိ အဝေးမှုန်တာလဲ ...”
မျက်မှန်ကို ချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် လျောင်ကျီရှင်း၏ နူးညံ့တင့်တယ်သော မျက်နှာမှာ ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ နှစ်ရှည်လများ မျက်မှန်တပ်ထားခဲ့သောကြောင့် လူတိုင်းက သူ့ကို "လျောင်စစ်ယန်” ဟုသာ ခေါ်ဆိုကြသည်။ သူ့နောက်မှ ရွာသို့ ရောက်လာကြသည့် ပညာတတ်လူငယ်များသည်ပင်လျှင် အိမ်ထောင်ပြုကုန်ကြပြီ ဖြစ်သော်ငြား သူကမူ ယခုအချိန်အထိ လူလွတ်တစ်ဦး ဖြစ်နေဆဲပင်။
ဤဒေသတွင် နေထိုင်သူများသည် လုပ်အားအပေါ် မူတည်ကာသာ အသက်မွေးဝမ်းကျောင်း ပြုကြရသည်ဖြစ်ရာ သူကဲ့သို့ ရုပ်ရည်အားဖြင့်လည်း စွဲဆောင်မှုမရှိ၊ အလုပ်လုပ်ရန်အတွက်လည်း အသုံးမဝင်သူမျိုးကို မည်သည့်မိန်းကလေးကမှ လက်မထပ်လိုခဲ့ကြချေ။
“ဘယ်လောက်လဲတော့ မသိဘူး ဒီကို ရောက်ပြီး သိပ်မကြာခင် ကြည့်ရတာ မှုန်ဝါးလာပြီး ရှင်းရှင်းလင်းလင်း မမြင်ရတော့လို့ ကောင်တီကို သွားပြီး ကြုံရာ မျက်မှန်တစ်လက် ဝယ်လာလိုက်တာပဲ။ ဒါတောင် ဒီနှစ်တွေထဲမှာ မျက်မှန်ပါရဲ့သားနဲ့ကို ရှင်းရှင်းလင်းလင်း မမြင်ရပြန်တော့ဘူး။ ပါဝါ ထပ်တိုးလာပြန်ပြီလား မသိပါဘူး ....”
ထိုအချိန်က ရွာသားများသည် မျက်မှန်တပ်ခြင်းနှင့် စပ်လျဉ်း၍ နောက်မျိုးဆက်များကဲ့သို့ အရေးတယူ မလုပ်ခဲ့ကြချေ။ ဆေးရုံသို့ သွားရောက်ကာ မကြာခဏ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရမည်ဟုလည်း မသိခဲ့ကြ။ နေရသက်သာနေသရွေ့ မေ့မေ့လျော့လျော့ဖြင့်သာ နေနေခဲ့ကြသည်။