Chapter 18
Vol. 2 Ch. 18
ထို့အပြင် လျောင်ကျီရှင်းသည် ဟိုင်ချန်ဒေသခံတစ်ဦး ဖြစ်သည့်တိုင် သူ့ညီမသည် ကာလရှည်ကြာ နာမကျန်း ဖြစ်နေသည့်အပြင် မိခင်ဖြစ်သူထံ၌လည်း အလုပ်မရှိပေ။ သူ့အဖေ၏ လစာဖြင့် စားဝတ်နေရေး ဖူလုံရန်ပင် ခက်ခဲရသည့်အထဲတွင် ဖခင်ဖြစ်သူမှာလည်း မကြာခဏဆိုသလို ဆေးရုံတက်နေရပေရာ မိသားစုတစ်ခုလုံး ကြပ်တည်းနေကြသည့်အတွက် မျက်မှန်အသစ်တစ်လက် ထပ်လုပ်နိုင်ရန် မဆိုထားနှင့်၊ သူ လက်ထပ်ရန်အတွက် ခန်းဝင်ကြေးပင် တစ်ပြားတစ်ချပ်မှ မတတ်နိုင်သေးချေ။
သို့သော် ချင်းလိုင်တိကမူ သူမ၏ အတိတ်ဘဝ၌ ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျင်းပသည့်အခါ ဝူလီထွင် ထုတ်လုပ်ရေးအဖွဲ့ တစ်ခုလုံး၌ လျောင်ကျီရှင်းတစ်ဦးတည်းသာ ဝင်ခွင့်ရခဲ့ကြောင်း မှတ်မိနေဆဲပင်။ သို့သော် နိုင်ငံရေး စစ်ဆေးချက်ကို အောင်မြင်ကာ စံသတ်မှတ်ချက်များနှင့် ပြည့်မှီသည့်တိုင် အမြင်အာရုံ ချို့ယွင်းမှုကြောင့် ကောလိပ်သို့ တက်ရောက်ခွင့် မရခဲ့ချေ။ ဒုတိယအစ်မက သူမထံ ပေးပို့သည့်စာတွင် ထိုအကြောင်းကို နှမြောတသဖြစ်စွာဖြင့် ထည့်ရေးထားသည့်အတွက် ယခုအထိ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။
လိုင်တိက သက်ပြင်းချကာ လက်ချောင်းသုံးချောင်းကို ဝှေ့ယမ်းပြလိုက်သည်။
“အစ်ကိုလျောင် .. ဒါ ဘယ်နှချောင်းလဲ မြင်ရလား ....”
လျောင်ကျီရှင်းက မျက်လုံးကို မှေးကျဉ်းကာ စိုက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“လေးချောင်းလား ..."
ချင်းလိုင်တိက တုန်လှုပ်သွား၏။ သူ့အမြင်အာရုံမှာ ဤမျှအထိပင် ဆိုးရွားနေပေရာ ကောလိပ်ဝင်ခွင်စာမေးပွဲ ကျရှုံးခဲ့ရသည်မှာ အံ့ဩစရာပင် မဟုတ်လှတော့ချေ။ မျက်စိစစ်ဆေးခြင်း ဇယား၏ ထိပ်ဆုံးရှိ စာလုံးကို တစ်မီတာ အကွာမှပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။
“အစ်ကိုလျောင် ... စိတ်မရှိပါနဲ့ လက်ကောက်ဝတ်သွေးကြောကို တစ်ချက်လောက် စမ်းကြည့်လို့ ရမလား ...”
သူမက လျောင်ကျီရှင်း၏ အမြင်အာရုံ ချို့ယွင်းမှုမှာ ထူးဆန်းလွန်းလှသည်ဟု အမြဲ ခံစားနေမိခဲ့သည်။ ချို့ယွင်းမှုနှုန်းမှာ မည်မျှပင် မြန်ဆန်သည်ဟု ဆိုပါစေ ထိုမျှအထိတော့ မပြင်းထန်နိုင်ချေ။
ဒီလိုနှုန်းအတိုင်းသာဆို .. နောက်ထပ် နှစ်ပိုင်းအတွင်းမှာတင် လုံးဝ မျက်စိကွယ်သွားလောက်လားပဲ။
အတိတ်ဘဝတွင်လည်း သူမသည် အဝေးမှုန် လူနာများစွာကို ကုသပေးခဲ့ဖူးသည်။ သို့သော် သူမ ကုသပေးခဲ့သမျှမှာ အမြင်အာရုံကို အလွန်အကျွံ အသုံးချမှုကြောင့် ယာယီ အမြင်အာရုံ ချို့ယွင်းသွားသည့် မူလတန်းကျောင်းသားများသာ ဖြစ်ကာ လူကြီးပိုင်းတွင်မူ လျောင်ကျီရှင်းက ပထမဆုံး ဖြစ်သည်။
လျောင်ကျီရှင်းကလည်း ချင်းလိုင်တိသည် ရောဂါကို မည်ကဲ့သို့ စမ်းသပ်ကုသရမည်ဖြစ်ကြောင်း ကောင်းစွာ သိသည့်အပြင် သမားတော်တစ်ဦး၏ စိတ်ထားနှင့် ခံယူချက်ရှိသူဖြစ်ကြောင်း ကောင်းကောင်း သိထားပေသည်။ သူ့အနေဖြင့် မျက်မှန်အသစ်တစ်လက် ထပ်ဝယ်ရန် မဖြစ်နိုင်ပေရာ သူမ ပေးသည့် ဆေးညွှန်းဖြင့် အခြေအနေကို လက်ရှိအနေအထားအတိုင်း ထိန်းထားနိုင်ပါလျှင် ယခုလက်ရှိ မျက်မှန်ကို ဆက်အသုံးပြုရန် ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ချင်းလိုင်တိက သူ့လက်ကို သွေးကြော စမ်းပြီးသည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကျုံ့လိုက်မိတော့၏။
“ဘာဖြစ်လို့လဲ အရမ်း ပြင်းထန်လို့လား ...”
လိုင်တိက ခေါင်းကို ယမ်းပြလိုက်၏။ သို့သော် မျက်ခုံးတို့မှာမူ တွန့်စုနေဆဲပင်။
လျောင်ကျီရှင်းမှာ ပို၍ပင် စကားထစ်သွားတော့သည်။
“ဟုတ်တယ် တကယ်လို့ ပြင်းထန်တယ် ဆိုရင်တောင် ငါကတော့ ကုသမှာ မဟုတ်ဘူး ညီမလေးက အခုထိ ကျန်းမာရေး မကောင်းသေးတော့ သူမရဲ့ ဆေးတွေကို ရပ်ပစ်လိုက်လို့ မရဘူး ...”
ချင်းလိုင်တိက သူ့မေးခွန်းကို ပြန်မဖြေ။ နောက်ထပ် မေးခွန်းတစ်ခုကိုသာ မေးလိုက်သည်။
“အစ်ကိုလျောင် .. ရှင် ကောင်းကောင်း မမြင်ရတော့တာ လွန်ခဲ့တဲ့ ၇ နှစ်လောက် ရွာကို ရောက်လာတဲ့ အချိန်ကတည်းက မဟုတ်လား ပြီးတော့ ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ ကောက်ကာငင်ကာကြီး မမြင်ရတော့တာ မဟုတ်လား”
“ဟုတ်တယ် ...”
“ဒါဆို သေချာလေး စဉ်းစားကြည့်ပါဦး။ အဲဒီ့နှစ်က .. ရွာကို မလာခင် ဒါမှမဟုတ် ရောက်လာပြီးတဲ့နောက်ပိုင်း ဖျားတာနာတာမျိုး ဖြစ်ခဲ့သေးလား ...”
လျောင်ကျီရှင်းက အချိန်အကြာကြီး အတွေးလွန်သွားသည်။ သာမန်လူများအဖို့ လွန်ခဲ့သော ၇ နှစ် ၈ နှစ်ခန့်က ဖျားနာခဲ့ခြင်း ရှိမရှိ မှတ်မိနေသေးရန် မဖြစ်နိုင်သော်ငြား သူကမူ မှတ်မိနေဆဲပင်။ အကြောင်းမှာ နှစ်ညအိပ် သုံးရက်တိုင်တိုင် ရထားစီးခဲ့ရပြီး ထိုမှတစ်ဆင့် နေ့တစ်ဝက်ခန့် ကားစီးပြီးကာမှ ဝူဟန်သို့ ရောက်ခဲ့ရ၍ ဖြစ်သည်။ ဝူလီထွင်သို့ ရောက်လာခဲ့ပြီးနောက် သူသည် ပတ်ဝန်းကျင်နှင့် နေသားမကျမှုကြောင့် အပြင်းအထန် နာဖျားခဲ့ရသည်။
“ဟုတ်တယ် သုံးရက်လုံးလုံး အဖျားကြီးနေခဲ့တာ aspirin နဲ့ metamizole သောက်တာတောင် မသက်သာခဲ့ဘူး ပုံမှန် အိမ်မှာ ဖျားတဲ့အချိန်မျိုးဆို အဲဒီ့ဆေးနှစ်မျိုး သောက်လိုက်တာနဲ့တင် အဖျားကျသွားနေကြကိုလေ ...”
ချင်းလိုင်တိက သူမ၏ ကောက်ချက်ချမှု မှန်ကန်ကြောင်း သိလိုက်ရပြန်သည်။ သူ့သွေးကြောများမှာ အလွန် မှိန်ဖျော့နေသည့်အပြင် သွေးခုန်နှုန်းမှာလည်း သိသိသာသာ မြန်ဆန်လွန်းလှသည်။ သွေးထဲတွင် အဆိပ်များ ကြွင်းကျန်ရစ်နေသည်မှာ မုချပင်။
“ပြီးတော့ ဘာဆက်ဖြစ်ခဲ့သေးလဲ ...”
လျောင်ကျီရှင်းက သူ့နောက်စေ့ကို ထိကိုင်ကာ ပြောလိုက်သည်။
“ထူးတော့ထူးဆန်းတယ် အဖျားက ရက်ပိုင်းအတွင်းမှာပဲ သူ့ဘာသာသူ ပြန်သက်သာသွားတယ်လေ ဒါပေမယ့် ...”
“နေ့ခင်း ထမင်းစားပြီးချိန်တိုင်း အဖျား ငွေ့ငွေ့လေး ပြန်ပြန်ဖြစ်လာတယ် အပူချိန်ကလည်း ညနေရောက်လေ ပိုတိုးလာလေပဲ ညပိုင်း မှောင်ပြီဆိုတာနဲ့ အဲဒီ့အဖျားငွေ့တွေ အကုန် ပျောက်သွားတယ် ဟုတ်တယ်မဟုတ်လား ...”
“မင်း .. ဘယ်လိုလုပ် သိတာလဲ ...”
လျောင်ကျီရှင်း၏ ပုံစံမှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား တုန်လှုပ်နေတော့သည်။
သူသည် ထိုစဉ်က သူ ကြုံတွေ့ခံစားခဲ့ရသည့် လက္ခဏာများကို မည်သူ့ကိုမှ ထုတ်မပြောရဲခဲ့ချေ။ အကြောင်းမှာ သူ နေမကောင်းကြောင်း လူငယ်အဖွဲ့မှ တာဝန်ရှိသူများ သိသွားပါလျှင် သူ့ကို လက်မခံဘဲ ဟိုင်ချန်ရှိ ပညာတတ်လူငယ် အဖွဲ့သို့ ပြန်ပို့ကာ သူ့နေရာတွင် သူ့အစ်မကို အစားထိုးကြမည်ဖြစ်သည်။
သူသည် ထိုအကြောင်းများကို ပိပိရိရိ လျှို့ဝှက်ထားသည့်အတွက် သူ့အပေါင်းအသင်းများ မဆိုထားနှင့်၊ မိသားစုဝင်များပင်လျှင် မသိခဲ့ချေ။ ဆရာဝန်ထံ သွားပြချိန်၌ပင် ထုတ်မပြောခဲ့သည့် ထိုလျှို့ဝှက်ချက်ကို ချင်းလိုင်တိက လက်မှ သွေးကြော စမ်းကြည့်ရုံဖြင့် ချက်ခြင်း သိသွားခဲ့ပေသည်။
“အကုန်လုံးကို သွေးကြော စမ်းကြည့်ရုံနဲ့ သိတာလား ...”
လိုင်တိက ခေါင်းငြိမ့်ပြကာ ဆက်မေးလိုက်သည်။
“အဲဒီ့ ငွေ့ငွေ့လေး ဖျားနေတာတွေ ပျောက်သွားပြီးနောက်ပိုင်း မျက်စိက ရုတ်တရက်ကြီး မှုန်လာတာ မဟုတ်လား ...”
“ဟုတ်တယ် အဲဒါနဲ့ ကောင်တီဆေးရုံကိုတောင် သွားပြခဲ့သေးတယ် အဲဒီ့က တိုင်းရင်းဆေးသမားတော်ကြီးက ငါ့ကို လျှိုဝေ့တိဟွမ် ဆေးလုံး တစ်ပုလင်း ညွှန်းပေးလိုက်တာ ဒါပေမယ့် အဲဒါ သောက်ပြီးတာတောင် အခြေအနေက သက်သာမလာတာနဲ့ အဝေးကြည့်မျက်မှန်တစ်လက်ပဲ ဝယ်တပ်လိုက်တာ ...”
ချင်းလိုင်တိက သက်ပြင်းချလိုက်သည်။
ဒါက မျက်စိမှုန်တာ မမှုန်တာမှ မဟုတ်တာ အဓိက အကြောင်းအရင်းက ငွေမရှိလို့ ဖြစ်တဲ့ကိစ္စလေ။ မိသားစုအခြေအနေသာ ဒီ့ထက်နည်းနည်း ပိုကောင်းခဲ့ရင် ပိုကောင်းတဲ့ ဆေးရုံကို ဟိုးအရင်ကတည်းက သွားပြနိုင်မှာ ဒါဆို ဒီအချိန်အထိလည်း အမြင်အာရုံ ချို့ချို့တဲ့တဲ့နဲ့ ဒုက္ခခံနေရမှာ မဟုတ်ဘူး။ ကောလိပ် တက်ရမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရမှာလည်း မဟုတ်ဘူး။
“အစ်ကိုလျောင် ကျွန်မ အမှန်အတိုင်းပဲ ပြောပါ့မယ် ရှင့်မျက်လုံးတွေကို ကျွန်မ ကုသပေးနိုင်တယ် ဒါပေမယ့် မျက်မှန်တွေကိုတော့ ချွတ်ထားရမယ် ...”
“ဘာလို့လဲ ငါက မျက်မှန်ချွတ်လိုက်ရင် ဘာမှ မမြင်ရတော့ဘူးလေ ...”
အလုပ်ရမှတ်ကို ထည့်မတွက်လျှင်ပင် အခြားသော လူငယ်အဖွဲ့ဝင်များ၌ ကူညီထောက်ပံ့ပေးမည့် မိသားစုဝင်များ ရှိနေပေသည်။ သို့သော် သူကမူ သူ့ကိုယ်ပိုင် စားဝတ်နေရေးအတွက်သာမက မိသားစုကို ပြန်လည်ထောက်ပံ့ပေးရန်ပါ အချိန်ပြည့် အလုပ်လုပ်နေရသည်။
“ကျွန်မ ဒီရောဂါကို ကုသပေးနိုင်တယ် ...”
“ဒါပေမယ့် ငါ့မျက်မှန်ကို ချွတ်လိုက်ရင် .. အလုပ်ရမှတ်တွေကျ ဘယ်လိုလုပ်မှာလဲ”
“ကျွန်မ ကုသပေးနိုင်တယ် ...”
“ငါတို့မိသားစု အခြေအနေက ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးတယ် တကယ်လို့ ငါသာ အလုပ်ရမှတ်တွေ မရရင် ...”
“ကျွန်မ ကုသပေးနိုင်တယ် ...”
“...”
လျောင်ကျီရှင်းက ပင်လယ်ထဲမှ ခိုကိုးရာမဲ့ ငါးတစ်ကောင်သဖွယ် အဝေးကို ငေးမောကြည့်လိုက်သည်။ ထို့နောက်တွင် ရုတ်တရက် သူ့စိတ်တို့ ပြောင်းလဲသွားတော့သည်။
“မင်း .. မင်းဆိုလိုတာက ငါ့ရဲ့ အဝေးမှုန်တာကို ကုသပေးနိုင်တယ်လို့ ပြောချင်တာလား ...”
“ဟုတ်တယ် .. မျက်မှန်က အခုပဲ ချွတ်ရမှာ မဟုတ်ဘူး နောင်လည်း လုံးဝ ပြန်တပ်နေစရာ မလိုတော့ဘူး ...”
လျောင်စစ်ယန်ကို ဘာကြောင့် "လျောင်စစ်ယန်” ဟု ခေါ်ကြကြောင်း အားလုံး အသိပင် ဖြစ်ပေရာ မျက်မှန်မပါသည့် လျောင်စစ်ယန်ကို မြင်လိုက်ရသည့်အခါ .. မဟုတ်သေးဘူး မျက်မှန်မပါတော့ ရှောင်လျောင်ကျီချင်းလို့ပဲ ခေါ်ရတော့မှာပေါ့။
“လျောင်ကျီချင်း .. ဘာလို့ မျက်မှန် မတပ်တော့တာလဲ ...”
ဝမ်လီဖန်းက ပထမဆုံး သတိပြုမိခဲ့သူ ဖြစ်သည်။
လျောင်ကျီရှန်းသည် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရသည့်အတွက် လယ်ကွင်းအစပ်တွင် ထိုင်ကာသာ စမ်းတဝါးဝါးဖြင့် အလုပ်လုပ်နေလိုက်သည်။
ကံကောင်းသည်မှာ ယနေ့ သူ လုပ်ရမည့်အလုပ်မှာ မြက်ရိတ်ရန်သာ ဖြစ်ပေရာ အကြိမ်အနည်းငယ်ခန့် စမ်းတဝါးဝါး လုပ်ကြည့်ပြီးနောက် တစ်ဖြည်းဖြည်း ကျွမ်းကျင်လာတော့သည်။
“ကျွန်တော့မျက်မှန် ကျိုးသွားလို့ပါ ...”
“ဒါက အသေးအဖွဲလေး မဟုတ်ဘူးလေ ဘာလို့ အလုပ်လုပ်တာ ရပ်ထားပြီး ဆေးရုံမှာ အသစ်တစ်လက် သွားမလုပ်တာလဲ”
“ဟုတ်သားပဲ ဒီကောင်လေးက မျက်မှန်တပ်ထားတဲ့ အချိန်မှာတောင် လူတွေကို သဲသဲကွဲကွဲ မမှတ်မိတာကို .. မျက်မှန်သာ ချွတ်ထားလိုက်လို့ကတော့ ကန်းနေတဲ့လူအတိုင်းပဲ နေမှာ ...”
အဒေါ်ကြီးအားလုံးမှာ တည့်တိုး ပြောတတ်ကြသူများ ဖြစ်သည့်အတွက် လျောင်ကျီချင်းသည် ထိုစကားနှင့် ပတ်သက်၍ စိတ်မတိုမိ၊ သို့သော် အမှန်ကိုလည်း ထုတ်မပြောနိုင်ချေ။ သူသည် ခေတ်ပညာတတ်တစ်ဦး ဖြစ်ပေရာ ချင်းလိုင်တိသည် ကြင်နာသည့် စိတ်ထားကြောင့်သာ သူ့ရောဂါကို ကုသပေးမည်ဟု စတင်ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိထားပေသည်။ သို့သော် ကုသနိုင်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ သူသည် ကြီးကြီးမားမား မျှော်လင့်မထားချေ။
အကယ်၍ ဖြစ်ကြောင်းကုန်စင်ကို လူတိုင်းအား ပြောပြလိုက်ပါလျှင် ရောဂါအား ပျောက်ကင်းအောင် မကုသနိုင်သည့်အခါ လူတိုင်းက လိုင်တိအား အရည်အချင်း မရှိဟု ကဲ့ရဲ့ကြပေလိမ့်မည်။ သူမသည် ကြွားဝါခြင်းကို နှစ်သက်သည့်တိုင် .. ရည်ရွယ်ချက်ကောင်း ရှိသူကို ဆိုးဝါးသည့် ကိစ္စမျိုး ကြုံတွေ့ခွင့် မပြုလိုပေ။
“လေးလုံးအစ်ကိုကြီး .. မနေ့က ဘာလို့ အစ်မလိုင်တိနဲ့အတူ တောင်ပေါ်ကို ဆေးပင်သွားခူးတာလဲ ...”
ကလေးတစ်ယောက်က မေးလိုက်သည်။
ချွေ့လောင်ဝူ၏ ဇနီး လယ်ထဲသို့ အလုပ်ပြန်လုပ်နိုင်ချိန်မှစကာ ချင်းလိုင်တိသည် ရွာထဲတွင် နောက်တစ်ကြိမ် နာမည်ကြီးသွားပြန်ပြီး အားလုံးက သူမကို မျက်စိဒေါက်ထောက်ကာ လိုက်ကြည့်နေကြတော့သည်။
လျောင်ကျီရှင်းမှာ ပိုမိုကာပင် ပျာယာခတ်လာတော့၏။
“ငါ .. ငါက ...”
မုဆိုးမလျှိုက မျက်ဖြူလှန်ကာ ပြောလိုက်သည်။
“အိုး .. မှန်ကြောင်ကောင်လေးရဲ့ လိုင်တိက မင်းကို ကုသပေးနေတာ မဟုတ်လား။ သတိတော့ ထားဦးနော် တော်ကြာ သူ ကုပေးလိုက်ကာမှ မှုန်မှုန်ဝါးဝါးပဲ မြင်ရတာကနေ လုံးဝကို ကန်းသွားဦးမယ်”
ရယ်သံတစ်ခုကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။
“ငါ့တစ်သက်နဲ့တစ်ကိုယ် အဝေးမှုန်တာကို ကုလို့ရတယ်ဆိုပြီး ကြားဖူးတာ ဒီတစ်ခါ ပထမဆုံးပဲ ...”
“မကုနိုင်ဘူးလို့ ဘယ်သူပြောလဲ ဒီကောင်မလေးကတော့ တကယ်ကို ကြွားတတ်လွန်းတာပဲ သူ့ရဲ့ ခြေသုံးချောင်းကြောင် စွမ်းရည်တွေကို လူတိုင်း မသိမှာ ကြောက်နေသလား မှတ်ရတယ် ...”
မုဆိုးမလျှိုမှာ ထိုအကြောင်းကို တွေးလေလေ စိတ်တိုမိလာလေပင်။
ချွေ့လောင်ဝူရဲ့ မိန်းမကို နေကောင်းသွားအောင် ကုပေးနိုင်တယ်ဆိုတာ ကြက်ကန်းဆန်အိုးတိုးသွားလို့ပဲ မဟုတ်လား။ ဒီတစ်ခုတည်းနဲ့ပဲ ရှိရှိသမျှ ရောဂါတွေအကုန်လုံး ကုနိုင်တယ်လို့မှ ပြောလို့မရတာ။
ဒီသေသင့်တဲ့ ကောင်မလေးကတော့ နာမည်ကြီးရမယ့် အခွင့်အရေးဆို တစ်စက်လေးတောင် လက်လွှတ်မခံဘူး။ ငါတို့အိမ်က ရတနာလေးက သူမကို အာရုံစိုက်ပြီး စောင့်ကြည့်ထားလို့ ပြောတာ မထူးဆန်းတော့ပါဘူး။ အနာဂတ်မှာ ဒါက လောင်စာ အကုန်သက်သာတဲ့ မီးအိမ် မဖြစ်နိုင်တော့ဘူးပဲ။
လျှိုပေါင်ကျူးနှင့် ကျောက်ချင်းစုန့်တို့ လက်ထပ်အပြီးတွင် မုဆိုးမလျှို၏ ရွာထဲရှိ အဆင့်အတန်းမှာ ယခင်ထက်ပင် ပိုမိုခိုင်မာလာသည်ဟု ဆိုနိုင်ပေသည်။
သို့သော် လောင်စန်းဟူ၏ ကိစ္စ ဖြစ်ပွားခဲ့ကာ ကျောက်ချင်းစုန့်ကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ကူညီရန် မလိုလားဟန် ပြလာသည့်အတွက် မုဆိုးမလျှိုသည် အမှန်တကယ်ပင် စိတ်ဓာတ်ကျနေခဲ့တော့သည်။
လောင်စန်းဟူ အဖမ်းခံရချိန်မှစကာ သူမသည် မုဆိုးမချင်းက သူမကို မနှစ်သက်သောကြောင့်သာ တမင် ပြဿနာရှာခြင်း ဖြစ်ရမည်ဟု တစ်ထစ်ချ မှတ်ယူထားခဲ့တော့သည်။
ပေါင်ကျူးက ထိုကိစ္စ၏ နောက်ကွယ်မှ လက်သည်သည် လိုင်တိ သို့မဟုတ် သူမ၏ အမျိုးသား ဖြစ်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။ သို့သော် လိုင်တိသည် စိတ်ကို မထိန်းချုပ်နိုင်သည့် စိတ်တိုလွယ်သူတစ်ဦး ဖြစ်ပေရာ သူမဘက်မှ အမျိုးမျိုး ရန်စကာ စကားနှိုက်ခဲ့ဖူးသည့်တိုင် ဝန်ခံစကား တစ်စွန်းတစ်စပင် ထွက်မလာခဲ့လေရာ တရားခံမှာ ချင်းလိုင်တိ မဖြစ်နိုင်ချေ။ ထိုသို့ဖြင့် မုဆိုးမလျှိုသည် အံကို တင်းတင်းကြိတ်လျက် လောင်စန်းဟူ၏ ကိစ္စအတွက် အဓိက သံသယဖြစ်ဖွယ်ကောင်းသူမှာ ဟဲလျန်ရှန်းပင် ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။
သူမ၏ အတိတ်နေ့ရက်များမှာ အလွန်ကောင်းမွန်လှသည်။ တိုက်ပွဲအကြံပေး လောင်စန်းဟူ၏ အကူအညီကြောင့် မုဆိုးမလျှိုသည် ရွာသူရွာသားများနှင့် ရန်ဖြစ်စကားများရလေတိုင်း အောင်ပွဲကိုသာ ရရှိခဲ့သည်။
မိသားစုဝင်အားလုံး အသက်ကြီးသူမှအစ ငယ်သူအဆုံး သူမ၏ စကားကိုသာ နာခံကြရသည်။ သို့သော် ယခုမူ သူမ၏ မြေးချွေးမများက အခြေအနေကို ပြောင်းပြန်လှန်ကာ ကွာရှင်းခွင့် တောင်းခံလာကြ၏။ အလိမ္မာဆုံးဟု သတ်မှတ်ထားသည့် ပေါင်ကျူးသည်ပင် သူမ ပြောသည့်စကားများကို မကြားချင်ယောင်ဆောင်လာတော့သည်။
သူမသည် ဟိုးယခင်ကတည်းက ပေါင်ကျူးအား ကျောက်ချင်းစုန့်၏ ကလေးနှစ်ဦးကို ကောင်းစွာ သိမ်းသွင်းနိုင်ခြင်း ရှိမရှိက အရေးမပါ၊ လက်ထပ်ပြီးသည်နှင့်တစ်ပြိုင်နက် အမြန်ဆုံး ကိုယ်ဝန်ဆောင်နိုင်ရန်ကသာ အရေးအကြီးဆုံး ဖြစ်သည့်အတွက် သူမကိုယ်ပိုင် သွေးသားကို မွေးဖြစ်အောင် မွေးပေးရမည်ဟု ပြောခဲ့ဖူးသည်။
တစ်ကြိမ် မိထွေး ဖြစ်ဖူးလျှင် တစ်သက်လုံး မိထွေးအဆင့်တွင်သာ ရှိနေတော့မည် ဖြစ်ပေရာ လင်ပါသားသမီးများ အသက်ရှင်နေသရွေ့ သူမသည် ထိုအခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည် မဟုတ်ချေ။
ပေါင်ကျူးကလည်း သူမ၏ စကားများကို စိတ်ပါလက်ပါဖြင့် သဘောတူ လက်ခံခဲ့သည်။ အပြန်အလှန်အားဖြင့် ရွာထဲရှိ ချင်းလိုင်တိ၏ လှုပ်ရှားမှုများအား အာရုံစိုက်ကာ စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့၏။
တစ်စုံတစ်ခု ဖြစ်ပွားပါလျှင် သူမကို ချက်ခြင်း အသိပေးရန်ပါ ပြောခဲ့သေးသည်။ သူမသည် ချင်းလိုင်တိအား မြို့ပေါ်မှ လူများနှင့် အဆက်အသွယ် ရသွားမည်ကို မဆိုထားနှင့် ရွာသားများ၏ အာရုံစိုက်မှုကိုပင် ရရှိခွင့် မပေးနိုင်ချေ။
မုဆိုးမလျှို၏ အမြင်တွင် လျှိုစစ်ယန်အာသည် များစွာ မကောင်းမွန်လှသည့်တိုင် မြို့သားတစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့် ပြဿနာရှာတတ်သူဟူသည့် အမည်နှင့် ထိုက်တန်စွာပင် အရာအားလုံးကို မွှေနောက်ပစ်ရန် ကြံစည်လိုက်တော့သည်။
“စစ်ယန်အာရဲ့ အဒေါ် ပြောပြမယ် မင်းက သူမရဲ့ သွေးဆောင်တာကို ခံနေရပြီနော် လိုင်တိက ဘယ်လိုလူမျိုးလဲဆိုတာ တစ်ခြားလူတွေတော့ မသိလောက်ပေမယ့် ငါတို့ကတော့ ကောင်းကောင်းကြီးကို သိတယ်။ သူမက ဒေါက်တာဟဲစီကနေ ပညာသင်ခဲ့တာလို့ ပြောတာ မဟုတ်လား ဘယ်လိုလူမျိုးက မိန်းကလေးတစ်ယောက်ကို သူ တတ်ထားသမျှ ပညာတွေအကုန်လုံး လက်ဆင့်ကမ်းပေးမှာလဲ တစ်ယောက်နှစ်ယောက်လောက် ကုနိုင်တယ် ဆိုတာကကို တော်တော်လေး ကံကောင်းတယ်လို့ ပြောလို့ ရနေပြီ သူသာ မင်းကို ကုပေးနိုင်လို့ကတော့လေ ငါ ကင်းမြီးကောက်ထောင်ပြီးကို ချီးစားပြလိုက်ဦးမယ် ...”
“လိုင်တိက ဘာလို့ မကုနိုင်ရမှာလဲ ငါ့လို သေခါနီးလူကိုတောင် အကောင်းအတိုင်း ပြန်ဖြစ်အောင် ကုပေးနိုင်ခဲ့တာကို အခု ရှင့်ကို ဆေးတွေ အလကား ပေးနေတာက ဘယ်သူလဲဆိုတာကို မေ့သွားတာတော့ မဟုတ်ပါဘူးနော် ...”