← Chapters

Chapter 19

Vol. 2 Ch. 19

Chapter 19

Vol. 2 Ch. 19

အဒေါ်ချွေ့က ဒေါသတကြီးဖြင့် ဝင်ပြောလိုက်သည်။

“လိုင်တိ .. ဒီကောင်မလေးက တအားကို ကြင်နာတတ်တာ ငါ့အသက်ကို ကယ်ပေးရုံတင် မကဘူး ငါတို့အိမ်က လူတွေက သူ စားရအောင်ဆိုပြီး ကြက်ဉနှစ်လုံး သွားပေးတာကိုတောင် ငါ့ခန္ဓာကိုယ်က အားပြန်ပြည့်ဖို့ လိုအပ်သေးတယ်ဆိုပြီး ပြန်ပေးလိုက်တာ။ ရှင့်ဘာသာရှင်လည်း အသိစိတ်ရှိရှိနဲ့ စဉ်းစားကြည့်ပါဦး အရင်တုန်းကဆို ခေါင်းကိုက်တာ ဖျားတာကအစ ဆေးခန်းကို သွားနေရတာ အခု ရှင်တို့တွေ ဘယ်သူ့ကိုပဲ သွားပြကြတုန်း အဲဒီ့လို လာပြလို့ ဆိုပြီးလည်း သူမက ရှင်တို့ကို တစ်ပြားတစ်ချပ်တောင် တောင်းဖူးလို့လား ...”

မုဆိုးမလျှိုက ပြန်ငြင်းလိုက်ချင်သော်ငြား ငြင်းစရာ မရှိ၊ အဒေါ်ချွေ့ ပြောသွားသည်များ အားလုံးမှာ အမှန်တရားများ ဖြစ်နေပေသည်။

“ဟုတ်တယ် လိုင်တိက ရှင်တို့ကို အခမဲ့ ဆေးကုပေးရုံတင် မကဘူး ဆေးဖိုး ခြွေတာနိုင်အောင် တောင်ပေါ်က ဆေးပင်တွေကို ဘယ်လိုမျိုး တူးရမယ်ဆိုတာပါ သင်ပေးလိုက်သေးတယ်။ ဒါတောင်မှ ကြက်ဉလေးတစ်လုံးတောင် ပေးရကောင်းမှန်း မသိကြဘူး ရှင်တို့လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်ပြီး မရှက်မိကြဘူးလား ..."

ဝမ်လီဖန်းက ခါးထောက်ကာ ကျယ်လောင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

လက်ရှိတွင် ချင်းလိုင်တိသည် ကျေးရွာအဖွဲ့အတွက် အချိန်ပြည့် ပရဟိတသမားတော်အဖြစ် ဆောင်ရွက်နေပေသည်။ အများစုက သူမကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကာ ကြက်ဥတစ်လုံး သို့မဟုတ် သခွားသီး နှစ်လုံးခန့် လာပေးတတ်ကြသော်ငြား သူမ၏ ကျေးဇူးကို နားမလည်သူအချို့လည်း ရှိနေဆဲပင်။

ထိုသူများက ရှေ့တွင် အခြားသူများထက်ပင် ပိုမိုသာလွန်သည့် ကျေးဇူးတင်စကား ချိုချိုလေးများကို တစ်သီတစ်သန်း ပြောလေ့ရှိသော်ငြား နောက်ကျောပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူမကို ကွယ်ရာတွင် အပုပ်ချနေကြဆဲပင်။

“ဒါနဲ့များ မျက်နှာလိုချင်နေသေးတယ် ...”

အဒေါ်ကြီးများအားလုံး ခေါင်းငိုက်စိုက်ကျသွားတော့၏။ သူတို့၏ အမှားကို သိသွားသောကြောင့် ဖြစ်သည့်အပြင် ဝမ်လီဖန်း၏ ခက်ထန်မှုကို အံမတုရဲသောကြောင့်လည်း ဖြစ်သည်။

လျောင်ကျီရှင်းက မတတ်သာစွာဖြင့် ဝင်ပြောလိုက်ရတော့သည်။

“ရဲဘော်ရှောင်ချင်းက ဆရာဝန်နဲ့ တွေ့ဖူးတယ်လို့ ကြားမိလို့ ကျွန်တော့်ဘက်ကနေစပြီး ကုသပေးဖို့ မျက်နှာပူပူနဲ့ တောင်းဆိုခဲ့တာပါ သူမက ကျွန်တော် ဆက်တိုက် တောင်းဆိုနေလို့ အကောင်းဆုံး ကြိုးစားပေးမယ်လို့ပဲ ပြောခဲ့တာ အဲဒါကြောင့် သူမဘက်ကနေ ပျောက်ကင်းအောင် ကုသပေးနိုင်နိုင် မနိုင်နိုင် ကျွန်တော်ကတော့ ကျေးဇူးတင်နေဦးမှာပဲ ရှေ့လျှောက် ရဲဘော်ရှောင်ချင်းနဲ့ ပတ်သက်ပြီး မကောင်းစကားတွေ မပြောကြပါနဲ့ သူမက တကယ်ကို လူကောင်းတစ်ယောက်ပါ ...”

ဤသည်မှာ လူအများ၏ ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် စကားကို ရှည်ရှည်ဝေးဝေး ပြောခဲ့ဖူးခြင်း ဖြစ်ပေသည်။

မုဆိုးမလျှိုက မနာလိုစိတ်ဖြင့် မီးစာထပ်ထည့်မည်ပြုစဉ် ရုတ်ချည်းဆိုသလို သူမ၏ နောက်ကျောမှ နာကျင်မှုကို ခံစားလိုက်ရသည်။

“ဘယ်သတ္တဝါ လက်ချက်လဲကွ ...”

မည်သူကမှ သူမကို အာရုံမစိုက်။

“ဝမ်ကုံးတန်လား ...”

မမျှော်လင့်ထားစွာဖြင့် သူမ၏ မေးခွန်း မဆုံးခင်မှာပင် ပစ္စည်းတစ်ခုက သူမ၏ နောက်ကျောထံသို့ နောက်တစ်ကြိမ် တိုးဝင်လာသည်။ ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်သည့်အခါ ခြေသလုံးကိုပါ တစ်ခါ အပစ်ခံလိုက်ရပြန်၏။ နာကျင်မှုကြောင့် နားစည်ကွဲလုမတတ် အော်ဟစ်ကာ တစ်ရွာလုံးကို တစ်ယောက်မကျန် အော်ဟစ်ကျိန်ဆဲလိုက်တော့သည်။ အခြားမိန်းမကြီးများကလည်း သူမနှင့်အတူ သံပြိုင် လိုက်အော်လိုက်ကြသည့်အတွက် စပါးခင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

သူမတို့ မည်မျှပင် ဆူညံပွက်လောရိုက်နေအောင် ပြဿနာ ရှာနေပါစေ လျောင်ကျီရှင်း၏ ဆေးကုသမှု ခံယူခြင်းက ရပ်တန့်မသွားခဲ့ချေ။ သူ့ရောဂါသည် ပူနွေးသည့် အဆိပ်ဓာတ်ငွေ့များ လောင်ကျွမ်းရာမှ အသည်းကို အခိုးရိုက်သွားခြင်း ဖြစ်သည်။ အပူငွေ့များက ခန္ဓာကိုယ်၏ ဒွါရကိုးပေါက်အား သန့်စင်ခြင်းကို လေင်ကျွမ်းစေကာ မျက်လုံးများသည် အသည်းမရိဒိယန်များ လှည့်ပတ်ရာ နေရာနှင့် ဆက်စပ်နေသည့်အတွက် မျက်ကြည်လွှာ၏ လုပ်ဆောင်နိုင်မှု အားနည်းသွားခြင်း ဖြစ်သည်။ ထိုရောဂါကို ကုသရန်မှာ မခဲယဉ်းလှ၊ ဆေးဝါးကသာလျှင် ပဓာန ဖြစ်ပေသည်။

သူ့အတွက် ချင်းလိုင်တိ ညွှန်းပေးသည့် ဆေးညွှန်းထဲတွင် ပိုးစာပင်နှင့် တောရိုင်းသစ်ခွများ ပါဝင်ပေသည်။ ပိုးစာပင်နှင့် ပိုးစာရွက်ကို ပိုင်ဝေ့တောင်ပေါ်တွင် တွေ့ရှိနိုင်သော်လည်း တောရိုင်းသစ်ခွများမှာမူ ရှာတွေ့ရန် ခဲယဉ်းလှသည်။ သူမ ပြန်လည်မွေးဖွားလာသည့်ရက်မှစကာ နေ့စဉ်နေ့တိုင်း တောင်ပေါ်တက်၍ ဆေးပင်ရှာခဲ့သည့်တိုင် ယနေ့အထိ တောရိုင်းသစ်ခွကို တစ်ကြိမ်တစ်ခါပင် မတွေ့ခဲ့ဖူးချေ။

“ရှောင်ချင်း .. ကိစ္စမရှိဘူး ငါ မင်းအတွက် ရှာပေးမယ် ပုံကြမ်းသာ ဆွဲပေးလိုက် ...”

ချင်းလိုင်တိ ဆေးပင်ရှာနေသည်ဟု ကြားလိုက်ရသည့်အခါ ချွေ့လောင်ဝူက သူ ကူညီပေးမည်ဟု စတင်ကမ်းလှမ်းလိုက်သည်။

“ဦးလေးချွေ့ဝူကို အနှောင့်အယှက် ဖြစ်စေမိပြီ ကျွန်တော့်ရဲ့ အမြင်အာရုံတွေ ချို့ယွင်းတဲ့အပြစ်ကြောင့်ပါ မဟုတ်ရင် ...”

“ဟေး လျောင်ကျီချင်း ဒီလိုမျိုး မပြောပါနဲ့။ လူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ် နေမကောင်း ဖြစ်တတ်ကြတာပဲလေ။ လိုင်တိက ငါတို့ကို အခမဲ့ ကုသပေးထားတာ ဘယ်လိုမျိုး ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး ...”

ချင်းကွေ့ဟွားသည် ခြူးတစ်ပြားပင် အဆုံးရှုံးခံနိုင်သူ မဟုတ်ချေ။ သို့သော် သူတို့ကို ပစ္စည်းကောင်းတစ်ခုခု ပို့ပေးလေတိုင်း လက်မခံဘဲ ကလေးများ အားပြန်ဖြည့်ရန်အတွက်သာ ချန်ထားစေခဲ့သည်။

ထို့ကြောင့် သူတို့မိသားစုအနေဖြင့် ချင်းမိသားစုအား ကျွဲလိုနွားလို အလုပ်လုပ်ကာ ကျေးဇူးဆပ်လျှင်ပင် လုံလောက်နိုင်မည် မဟုတ်သေးရာ ဆေးပင်အနည်းငယ်အား ရှာပေးခြင်းမှာ စကားထဲပင် ထည့်ပြောနေရန် မလိုအပ်တော့ချေ။

“လိုင်တိ မပူပါနဲ့ ငါက အသက် ၁၂ နှစ်လောက်ကတည်းက တောင်ပေါ်တက်ပြီး ယုန်ဖမ်းနေကျ တောင်ပတ်လည် မိုင် ၆၀ ဝန်းကျင်ကတော့ မျက်စိမှိတ်သွားလို့တောင် ရနေပြီ ...”

လိုင်တိက တစ်ခဏမျှ တွေးလိုက်ပြီးနောက် စာရွက်တစ်ရွက်ကို ထုတ်ကာ သူမ၏ မှတ်ဉာဏ်ထဲမှအတိုင်း ပုံကြမ်းဆွဲ၍ အရွက်၏ ပုံစံ၊ အမြစ်၏ ပုံစံနှင့် ပန်းပွင့်လျှင် မည်သည့်ပုံစံ အစရှိသဖြင့် အသေးစိတ် ရှင်းလင်းချက်များကိုပါ ရေးပေးလိုက်သည်။

သူမ ရှင်းပြပြီးသည်နှင့်တစ်ပြိုင်နက် ချွေ့လောင်ဝူက ရုတ်တရက် ထပြောလိုက်သည်။

“ငါ ဒါကို အရင်က မြင်ဖူးသလိုပဲ .. ကောင်းပြီလေ ဒီနေ့ နေ့ခင်းပဲ တောင်ပေါ်တက်ပြီး သွားရှာလိုက်မယ် ....”

သို့သော် လိုင်တိနှင့် လျောင်ကျီရှင်းက သူ့အား အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့မည်ကို စိုးရိမ်သောကြောင့် အမြန် တားလိုက်ကြသည်။

“ဦးလေးဝူ အတင်းအကျပ်ကြီး မလုပ်ပါနဲ့ မှောင်လာတဲ့အထိ ရှာမတွေ့သေးရင် ဆက်ရှာမနေဘဲ အိမ်ကိုပဲ ချက်ခြင်း ပြန်ပါ။ တောင်ပေါ်မှာ ကျားတွေ ကျားသစ်တွေတင် ရှိတာ မဟုတ်ဘူး။ အဆိပ်ပြင်းတဲ့ မြွေတွေရော ပြီးတော့ ခြင်နဲ့ ပုရွက်ဆိတ်တွေလည်း အများကြီး ရှိနေတယ်လေ ...”

ချွေ့လောင်ဝူက နောက်ပြန်လှည့်မကြည့်စတမ်း ထွက်သွားခဲ့သည်။

နှစ်ညနှင့် သုံးရက်တိတိ ကြာမြင့်ပြီးနောက်တွင် .. ချင်းကွေ့ဟွားသည်ပင် ပူပန်စ ပြုလာတော့သည်။

“နင်တို့ရဲ့ ဦးလေးငါး ဘာမှတော့ မဖြစ်လောက်ပါဘူးနော် ...”

“အင်း .. ကြားတာတော့ ဦးလေးငါးက ရိက္ခာခြောက်တွေ အများကြီးသယ်ပြီး တောင်ပေါ် တက်သွားတာတဲ့ .. အားလုံး ကျွန်တော့်အမှားတွေပါ ...”

လျောင်ကျီရှင်းက အပြစ်မကင်းစွာဖြင့် ပြောလိုက်သည်။

“ကျန်းမာရေး မကောင်းတာက ကျွန်တော်တစ်ယောက်တည်း ဆိုပေမယ့် ကျွန်တော့်ကြောင့်နဲ့ ကျန်တဲ့သူတွေကိုပါ အခက်ကြုံစေမိပြီ ...”

လိုင်တိကလည်း ဦးလေးဝူသာ ရိက္ခာခြောက်များ သယ်ဆောင်ကာ မတွေ့မချင်း တောင်ပေါ်မှ ဆင်းမလာဘဲ ရှာနေလိမ့်မည်ဟု ကြိုသိထားခဲ့ပါလျှင် သူ့ကို သွားခွင့်ပြုလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူ့ထံ၌ တစ်ခုခု ဖြစ်သွားပါလျှင် သူမကိုယ်သူမ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ချေ။

အချိန်က အနည်းငယ် ကြန့်ကြာသွားပေရာ သူမသည် လျောင်ကျီရှင်း၏ အမြင်အာရုံချို့ယွင်းမှုနှုန်း ပိုမိုကာ မြန်ဆန်လာမည်ကို စိုးရိမ်မိလာတော့သည်။ ထို့ကြောင့် သူမတွင် ရှိနေသည့် အခြားဆေးအမျိုးအစားများကို အသုံးပြုထားလိုက်ရတော့၏။ ထိုဆေးများမှာ တောရိုင်းသစ်ခွကဲ့သို့ အကျိုးသက်ရောက်မှု မမြန်ဆန်သည့်တိုင် ထိုက်သင့်သည့် အာနိသင်တော့ ရှိနေဆဲပင်။

“အစ်ကိုလျောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ .. စောင့်နေရုံပဲ ရှိတာပေါ့။ ဒါနဲ့ ပြီးခဲ့တဲ့ရက်တွေက ဆေးသောက်ပြီးတော့ ဘယ်လို ခံစားရလဲ”

“ပထမဆုံးတစ်ခွက် သောက်ပြီးတော့ ဝမ်းလျောတယ် ဒါပေမယ့် နောက်နေ့တွေတော့ ဝမ်းမလျောတော့ဘူး ပြီးတော့ စားချင်စိတ်လည်း ဖြစ်နေတုန်းပဲ ...”

“ဒါက အနာနဲ့ဆေး တည့်သွားလို့ ပြလာတဲ့ လက္ခဏာတွေပါ ရှင့်ခန္ဓာကိုယ်ထဲက အပူခိုးအပူငွေ့တွေက တစ်ဖြည်းဖြည်းချင်း ဖယ်ထုတ်ခံနေရပြီ ဒီရက်ပိုင်းထဲ အပူစာတွေကို မစားမိဖို့တော့ သတိထားပေးပါ ...”

လိုင်တိက သူ့လက်ကို သွေးကြောစမ်းကာ ဓာတ်မီးကို အသုံးပြု၍ မျက်လုံးကိုပါ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် စကားပြောတော့မည်ပြုစဉ်မှာပင် တံခါးဝမှ အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရတော့သည်။

ခက်ထန်ကြမ်းကြုတ်သည့် ပုံစံဖြစ်နေသော ချွေ့လောင်ဝူက လက်ထဲတွင် ပစ္စည်းတစ်ပုံတစ်ခေါင်းကို ပွေ့ပိုက်လျက် ပြောလိုက်သည်။

“လာ ငါ ယူလာတာတွေက မှန်ရဲ့လားဆိုတာ လာကြည့်လိုက်ကြဦး ..."

မုတ်ဆိတ်မွှေးများကို ရိတ်သင်ထားခြင်း မရှိ၊ တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံနေသည့် သူ့ပုံစံမှာ တောတွင်းသား လူရိုင်းတစ်ဦးအလားပင်။

လူတိုင်းက သူ့ကို ဝိုင်းဝန်းကာ နားချသည့်တိုင် အိမ်ထဲသို့ ဝင်မလာ။

“အိမ်တစ်ခုလုံး ညစ်ပတ်သွားလိမ့်မယ် အပြင်မှာပဲ ရပ်နေပါ့မယ် ...”

လိုင်တိက သူမတို့အိမ်တွင် အိပ်ခန်းတစ်ခန်းသာ ရှိကာ သူမတို့ မြေးအဘွားသုံးဦး အိပ်စက်ရန်ပင် မလုံလောက်ကြောင်း တွေးမိသည့်အတွက် သူ့အား အိမ်ထဲသို့ ဝင်လာရန် အတင်း တိုက်တွန်းမနေတော့ချေ။

“ဦးလေးငါး .. ဒဏ်ရာတွေ ရလာခဲ့သေးလား ...”

ချွေ့လောင်ဝူက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

“မရဘူး အားလုံး အဆင်ပြေတယ် ...”

သူက လိမ်နေခြင်း မဟုတ်ကြောင်း သက်သေပြရန် လက်နှင့် ခြေထောက်တို့ကိုပါ လှုပ်ယမ်းပြလိုက်သည်။

“အဆိပ်ရှိတဲ့မြွေတွေ အင်းဆက်တွေနဲ့ရော တွေ့ခဲ့သေးလား ...”

“ဟေး ငါက ဟိုးပေါက်စလေးကတည်းက တောင်ပေါ်မှာ ကြီးလာတဲ့သူပါနော် ဒီအကောင်တွေလောက်ကဖြင့် ကြောက်ကို မကြောက်တာ ဘယ်ဆေးပင်က မြွေမလာအောင် တားပေးနိုင်လဲ ဆိုတာကိုပါ သိထားတယ်လေ ...”

လိုင်တိက ထိုအခါမှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်တော့သည်။ ထို့နောက်တွင် သူမသည် ရင်းနှီးနေသည့် ပစ္စည်းအချို့ကို တွေ့လိုက်တော့၏။

“ဒါတွေလည်း တူးလာတာလား ...”

“ဟဲဟဲ .. ဒါတွေက မင်း ဆွဲပေးတဲ့ ပုံနဲ့ နည်းနည်း ဆင်နေလို့လေ .. တူတယ်လို့ မထင်ဘူးလား ...”

သူမအဖို့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအလားပင်။ အကြောင်းမှာ ဦးလေးချွေ့သည် သူမ လိုချင်သည့် တောသစ်ခွများကိုသာမက တောသစ်ခွမျိုးရင်းများကိုပါ ခူးလာခဲ့၍ ဖြစ်သည်။

နောက် နှစ် ၅၀ ကြာသည့်အခါတွင် တိုးတက်လာသော နည်းပညာနှင့်အတူ တောသစ်ခွမျိုးရင်းသည် “ရွှေဆေးပင်” ဟူသော နာမည်နှင့်အတူ အဖိုးတန် ဆေးဝါးပစ္စည်းအဖြစ် အားလုံး၏ အသိအမှတ်ပြုခြင်းကို ခံရမည် ဖြစ်သည်။ သို့သော် ၁၉၇၃ ခုနှစ် တောင်တန်းဒေသများတွင်မူ ၎င်းသည် သာမန် ပေါင်းပင်အဆင့်မျှသာ ဖြစ်ပေသည်။

ချင်းလိုင်တိက ထိုအပင်၏ အာနိသင်နှင့် အကျိုးသက်ရောက်မှုအကြောင်း တွေးမိသွားသည့်အတွက် အသံများပင် တုန်ရီလာတော့သည်။

“ဦးလေးငါး ဒါကို ဘယ်ကနေ တွေ့လာတာလဲ ...”

“တောင်သုံးလုံးရဲ့ နောက်ထဲက မြောက်ဘက်မှာ အနီရောင် ကျောက်တောင်ရဲ့ အစွန်းမှာ ...”

စားစရာရှာရန် တောင်ပေါ်သို့ မကြာခဏ သွားတတ်သည့်အတွက် သူသည် တောင်၏ မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်ပြီး အစအဆုံး မှတ်မိနေပေသည်။

“အရမ်းဝေးလား ...”

ချင်းကွေ့ဟွားသည် ဤဒေသတွင် နေထိုင်လာသည်မှာ နှစ် ၅၀ နီးပါး ရှိနေပြီဖြစ်သည်။

“အဲဒီ့နားက လူ အရောက်အပေါက် မရှိသေးဘူး ထင်တယ်နော် ...”

ချွေ့လောင်ဝူက အားတက်သရော ပြောလိုက်သည်။

“ဟုတ်တယ် ဒါပေမယ့် ငါက အဲဒီ့နေရာကို လမ်းကျွမ်းတယ် မပူပါနဲ့။ ဒါက နင် လိုချင်တဲ့အပင် ဟုတ် မဟုတ် မသေချာတာနဲ့ သုံးပင်ပဲ တူးလာခဲ့လိုက်တာ အပင်ပေါက်လေးတွေရော အကြီးကြီးတွေရော အများကြီးမှ အများကြီးပဲ မလိုအပ်တဲ့ဟာဆို အလကား ဖြစ်သွားမှာကြောက်တာနဲ့ အကုန် ယူမလာလိုက်တာ”

လယ်သမားများသည် တောင်ပေါ်ရှိ သစ်ပင်များကိုလည်း လယ်ကွင်းထဲမှ သီးပင်စားပင်များနှင့်ထပ်တူ တန်ဖိုးထားကာ လိုအပ်သည်ထက် ပိုမို၍ တူးယူခြင်း မပြုတတ်ကြချေ။

ချင်းလိုင်တိက သက်ပြင်းချလိုက်သည်။ အတိတ်ဘဝက သူမသည် ကျောက်ချင်းစုန့်၏ အနောက်သို့လိုက်ကာ တပ်ထဲသို့ ဝင်ရောက်နိုင်ရန် အလုပ်များနေသည့်အတွက် ဆင်းရဲနွမ်းပါးလှသော ဝူလီထွင်ဒေသအကြောင်း များများစားစား မသိခဲ့ရချေ။ သူမ အမြဲလိုလို စွန့်ခွာထွက်ပြေးချင်နေသည့် ဒေသမှာ လက်တွေ့တွင် ချစ်စရာကောင်းသည့် တစ်ဖက်ခြမ်းနှင့် ချစ်ခင်ဖွယ်ကောင်းသော ရွာသားများ နေထိုင်ရာ ဒေသတစ်ခု ဖြစ်နေပေသည်။

လတ်ဆတ်သည့် သစ်ခွရိုင်းများတွင် ယင်ဓာတ်ကို အားဖြည့်ပေးနိုင်သည့် အစွမ်းသတ္တိများ ပိုမိုပါဝင်ကာ အပူဓာတ်ကို ဖယ်ရှားပေးနိုင်သည့်အပြင် အစာအိမ်ကို ပြန်လည်အားဖြည့်ပေးရုံသာမက အရည်ထုတ်လုပ်မှုကို တိုးပွားစေပြီး အာနိသင်မှာလည်း ချက်ခြင်းလက်ငင်း အကျိုးပြပေသည်။ နောက်တစ်နေ့ နေ့ခင်းတွင်ပင် လျောင်ကျီရှင်းသည် သူ့တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေသည်ဟု ခံစားမိလာတော့၏။ သူ မြင်နေရသည့် မြင်ကွင်းများမှာလည်း ဝေဝါးခြင်း မရှိ၊ ပုံရိပ်နှစ်ထပ် ဖြစ်ခြင်းကိုလည်း မခံစားရတော့ချေ။

လိုင်တိကလည်း ထို တန်ဖိုးကြီးလှသည့် တောသစ်ခွရိုင်းအား တစ်ကြိမ်တည်း သုံးပစ်လိုက်ရမည်ကို တွန့်ဆုတ်မိနေသည်။ သူမက နှစ်ပင်ကိုသာ အသုံးပြုကာ ရှင်သန်နိုင်ခြေ အများဆုံးအပင် တစ်ပင်ကို ခြံထောင့်ထဲ၌ မြေဆွေးများဖြင့် စိုက်ပျိုးထားလိုက်သည်။

ထိုသို့ဖြင့် မုဆိုးမလျှိုက သူမအား လှောင်ပြောင်ကဲ့ရဲ့ရန် စောင့်ဆိုင်းနေစဉ်မှာပင် လျှိုကျီရှင်း၏ အခြေအနေသည် တစ်ဖြည်းဖြည်း တိုးတက်လာတော့သည်။ မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရသည့် အခြေအနေမှ ဝေဝါးကာ နှစ်ထပ်မြင်ရသည့် အနေအထား၊ ထိုမှတစ်ဆင့် ပြတ်ပြတ်သားသား မြင်ရသည့် အဆင့်သို့ တစ်ဖြည်းဖြည်း ရောက်ရှိသွားတော့သည်။ တနင်္ဂနွေနေ့မနက် သူ နိုးလာသည့်အချိန်တွင် သူ့အိမ်ဘေးမှ အိမ်နီးနားချင်းအား မျက်မှန်အကူအညီမပါဘဲ အပ်ပေါက်ထိုးပေးနိုင်သည့် အဆင့်အထိ တိုးတက်သွားတော့သည်။

လျောင်စစ်ယန်အာက တကယ်ကြီး အပ်ပေါက်ထိုးနိုင်သွားပြီတဲ့ !!!!!

သတင်းက ဝူလီထွင် ထုတ်လုပ်ရေးအဖွဲ့ တစ်ခုလုံးအနှံ့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။ ထိုသို့ဖြင့် ထူးခြားဖြစ်စဉ်ကို မျက်မြင် ကြုံတွေ့နိုင်ရန် အလို့ငှာ ဝမ်လီဖန်း ဦးဆောင်၍ ရွာသားအားလုံး ပညာတတ်လူငယ်ဌာနသို့ ချီတက်လာခဲ့ကြတော့သည်။

လျောင်ကျီရှင်းသည် စာအုပ်ထဲမှ စာလုံးများကို မျက်မှန်တပ်စရာ မလို၊ မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမှ မပါဘဲ ငါးမီတာအကွာမှပင် ရှင်းရှင်းလင်းလင်း ဖတ်နိုင်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကောင်မလေး လိုင်တိ၏ လက်ထဲတွင် အမှန်တကယ်ပင် စုတ်တံနှစ်ခု ရှိနေကြောင်း ယုံကြည်သွားကြတော့သည်။

ထိုအချိန်တွင် လိုင်တိက ရွာ၌ ရှိမနေပေ။

Aroid ပန်းခြောက်များကို ပိနန်းရှင်းအဖြစ် ပြောင်းလဲကာ အချောင်းအသေးလေးများ ဖြစ်လာအောင် ပြုလုပ်ပြီးနောက် သူမသည် ၎င်းတို့ကို ကောင်တီဆေးရုံသို့ သဘောတူထားသည့် အချိန်အတိုင်း ပေးပို့လိုက်သည်။ ပမာဏမှာ ၈ ကီလိုပင် ကျော်သေးသည့်အတွက် ဆေးပညာရှင်စွန်းက သူမကို ၁၅ ယွမ် ပေးလိုက်သည်။

လက်ရှိတွင် ပုံမှန် အလုပ်သမားတစ်ဦး၏ လစာသည်ပင် ၃၀ ယွမ်ကျော်ရုံမျှသာ ရှိပေသည်။ သူမသည် ပုံမှန်ဝင်ငွေရှိသူတစ်ဦး၏ လဝက်စာ ဝင်ငွေကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရရှိခဲ့ပေရာ မပျော်နိုင်စရာအကြောင်း ရှိနိုင်တော့မည် မဟုတ်ချေ။

ထို့အပြင် သူမသည် အတိတ်ဘဝက ကျောက်ချင်းစုန့်ထံမှသာ အိမ်စရိတ်ကို လက်ဖြန့်တောင်းခဲ့ရသည်။ ထိုမျှသာမက မိသားစုအတွက် တစ်ခုခု ဝယ်ရလေတိုင်း သို့မဟုတ် ကလေးများအတွက် ကျောင်းစရိတ် ပေးရလေတိုင်း သူ့ဘက်မှ မေးလာသည်အထိပင် မစောင့်ဘဲ သူမက အရင် အစီရင်ခံခဲ့ရသည်။

ထိုအကြောင်းကို တွေးကြည့်လိုက်သည့်အခါ .. မည်သူတစ်ဦးတစ်ယောက်ကိုမှ ရှင်းလင်းတင်ပြနေစရာ မလိုဘဲ ကိုယ်ရှာသည့် ပိုက်ဆံကို ကိုယ့်စိတ်ကြိုက် သုံးရသည့် ခံစားချက်မှာ ပြောမပြတတ်လောက်အောင်ပင် ထူးခြားလှပေသည်။

ထို့အပြင် သူမ ပြန်လည်မွေးဖွားပြီးနောက်ပိုင်း ရရှိခဲ့သည့် ဝင်ငွေများအနက် ပမာဏ အများဆုံးလည်း ဖြစ်သည့်အတွက် ချင်းလိုင်တိမှာ အလွန် စိတ်လှုပ်ရှားမိနေကာမည်ကဲ့သို့ သုံးရမည်မှန်းပင် မသိတော့ချေ။

အသားကတော့ သေချာပေါက်ကို ဝယ်ရမှာပေါ့။

အဘွားနှင့် ဖန်တိတို့၏ ဖိနပ်များမှာ ခြေချောင်းများပင် မြင်ရသည့် အဆင့်သို့ ရောက်နေပြီ ဖြစ်ပေရာ နွေးနွေးထွေးထွေး ဖြစ်စေရန်အတွက် ဖိနပ်အသစ်များ ဝယ်ပေးရပေလိမ့်မည်။ အထူးသဖြင့် ဖန်တိအတွက် ဖြစ်သည်။ ထိုကောင်မလေးသည် ယခုအချိန်အထိ ဝတ်စရာ အတွင်းခံ တစ်ထည်ပင် မရှိသေးရာ သူမအတွက် အတွင်းခံများလည်း စီစဉ်ပေးရပေဦးမည်။

ဆောင်းရာသီ အစပျိုးလာပြီ ဖြစ်သည့်အတွက် မြေးအဘွားသုံးဦးအတွက် ဂွမ်းကပ်အင်္ကျီနှင့် အိပ်ယာခင်းများလည်း ဝယ်ရဦးမည့်အပြင် အနွေးကုတင်ကိုလည်း ပြန်လည်ပြင်ဆင်ပေးရမည် ဖြစ်သည်။

မီးဖိုချောင်ထဲရှိ သံအိုးမှာလည်း အပေါက်ဗလပွနှင့် ဖြစ်နေရာ ၎င်းကို ပြင်ဆင်သည်ဖြစ်စေ အသစ်ဝယ်သည်ဖြစ်စေ သင့်လျော်သလို ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့အပြင် ယခုနှစ် ဆောင်းတွင်းအတွက် စုဆောင်းထားသည့် ထင်းများလည်း လုံလောက်မှု မရှိသေး၊ မီးသွေးအချို့ပါ ဝယ်ထားနိုင်ပါလျှင် အကောင်းဆုံးပင် ဖြစ်သည်။

All Chapters