Chapter 20
Vol. 2 Ch. 20
အမျိုးမျိုးအဖုံဖုံ တွက်ချက်အပြီးတွင် ဆယ်စုနှစ်များစွာ အိမ်ရှင်မ ဖြစ်လာခဲ့သော ချင်းလိုင်တိသည် သက်ပြင်းမောတစ်ချက် ချမိသွားတော့သည်။ ငွေသုံးရမည့် နေရာများမှာ ပုရွက်ဆိတ်တွင်းထက်ပင် အရေအတွက် များပြားနေသေးသည်။
သူမက ဆေးဆရာကြီးစွန်းနှင့် ချိန်းဆိုထားခဲ့၍သာ တော်သေးသည်။ ယခုမှစကာ သူမသည် အမျိုးမျိုးသော ဆေးကုန်ကြမ်းများကို ပြင်ဆင်ကာ သူ့ထံသို့ အပတ်စဉ် လာပို့ပေးရမည် ဖြစ်သည်။ အရေအတွက်နှင့် ဈေးနှုန်းမှာမူ ပြီးခဲ့သည့် နှစ်ခေါက်ကလောက် မများပြားသည့်တိုင် တစ်ကြိမ်လျှင် ၂ ယွမ်၊ ၃ ယွမ်ခန့် ရနိုင်မည် ဖြစ်ပေရာ ပုံမှန်ဝင်ငွေဟု သတ်မှတ်၍ ရနိုင်ပေသည်။
အချိန်မှာ အတော်နှောင်းနေပြီ ဖြစ်ကာ အသားများလည်း ရောင်းကုန်သွားပြီ ဖြစ်သည့်အတွက် သူမသည် ထိုထက်ပိုကာ တုန့်ဆိုင်းမနေရဲတော့။ ကြက်သားနှင့် ဘဲသားများ ရောင်းချသူထံ အမြန်သွားကာ ဝဝဖီးဖီး ဘဲတစ်ကောင်ကို ၃ယွမ်ခွဲဖြင့် အလျင်အမြန် ဝယ်လိုက်ရတော့၏။ ဈေးနှုန်းမှာ မသက်သာလှချေ။
ဤစက်ရုံသာ နှစ်ပေါင်းငါးဆယ်နီးပါးခန့် ကြာမြင့်ခဲ့ပါလျှင် လစဉ်ဝင်ငွေသည် ကြက် ၁၀ ကောင် ဝယ်နိုင်ရုံမျှသာ လုံလောက်မည်ဖြစ်ကာ ၎င်းသည် ဟိုးယခင်ကတည်းက ပိတ်သွားပြီ ဖြစ်သည်။ သို့သော် လက်ရှိ ဝင်ငွေမှာ ကုန်ဈေးနှုန်းနှင့် မျှခြေ မညီလှ။ ချင်းလိုင်တိက တိတ်တဆိတ် သက်ပြင်းချကာသာ ဘဲဝတုတ်ကို ခြင်းတောင်းထဲ ထည့်လျက် အဝတ်စများ ရောင်းချရာနေရာသို့ ထွက်လာလိုက်တော့သည်။
ပြည်နယ်ပိုင် စတိုးဆိုင်တွင် အလိုရှိရာ ပစ္စည်းအားလုံးကို ဝယ်ယူရရှိနိုင်သော်ငြား ချင်းလိုင်တိသည် သူမအကြောင်း လူတိုင်း သိသွားမည်နှင့် နှိုင်းယှဉ်ပါလျှင် ဈေးနှုန်း ပိုမိုများပြားသည်ကိုသာ အားသာပေရာ မှောင်ခိုဈေးကွက်သို့ သွားကာသာ နူးညံ့သည့် ပိတ်စဖြူတစ်ကိုက်နှင့် ချည်ကတ္တီပါစတို့ကို ဝယ်ယူလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် ဝါဂွမ်းရောင်းချသူနှင့်ပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ရ၏။ ၁၀၀၀ မီတာ တာဝေးပြေးသည့် အရှိန်နှုန်းဖြင့် အမှီလိုက်ကာ ဝယ်ယူပြီးနောက်တွင် သူမထံ၌ ငါးယွမ်သာလျှင် ကျန်ရစ်တော့သည်။
သူမ ရွာဝင်ပေါက်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။
“ဟေး ငါတို့ရဲ့ သမားတော်ချင်း ပြန်ရောက်လာပြီ ...”
“ဒီနေ့ရော နတ်ဆေးသမားတော်လေး ဘယ်လို အံ့ဖွယ်ပစ္စည်းတွေ ဝယ်လာခဲ့သေးလဲ ...”
ရွာသားများက သူမကို စနောက်ကျီစယ်နေကြသည့်အတွက် ချင်းလိုင်တိသည် မင်သက်မိသွားတော့သည်။ ထို့နောက် ခြေနှစ်လှမ်းခန့် ရွှေ့အပြီးတွင် အားရပါးရ ပြုံးပြနေသည့် လျောင်ကျီရှင်းကို တွေ့လိုက်ရသည်။
“အစ်ကိုလျောင် ဘာဖြစ်လို့လဲ ...”
ပြီးခဲ့သည့်အခေါက်က လျောင်ကျီရှင်းသည် ယနေ့တွင် ဟိုင်ချန်ရှိ သူ့မိသားစုထံ အလည်ပြန်မည်ဟု ပြောခဲ့ဖူးသည်။ ချင်းလိုင်တိက သူ့အတွက် ဆေးကို ရထားဖြင့် သယ်သွားရန် အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ ယခင်က ကြိုးစားထားသည်များ အလဟဿ ဖြစ်မသွားစေရန်အလို့ငှာ တစ်ပတ်အတွင်း ပြန်လာရန် အကြံပြုခဲ့သည်။ ဆေးစတင်သောက်ခဲ့သည်မှာလည်း လဝက်နီးပါးခန့် ရှိနေပြီ ဖြစ်ပေရာ ထူးခြားမှုတစ်ခုခု ရှိလာလား သိချင်မိလာတော့သည်။
“အဆင်ပြေတယ် .. ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ...”
လျောင်ကျီရှင်းက နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလျက် ပြောလိုက်သည်။
ချင်းလိုင်တိက ကြောင်အသွား၏။
“တကယ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်ရတာလား ...”
လျောင်ကျီရှင်းက သူမကို လက်ချောင်း ထောင်ပြကာ စမ်းသပ်ခြင်းကို မလုပ်ခိုင်းတော့ဘဲ ခပ်လှမ်းလှမ်းရှိ အနက်ရောင် အစက်အပြောက်ကို လက်ညှိုးထိုးပြကာသာ ပြောလိုက်သည်။
“အဲဒါက အဒေါ်ဝမ် .. ခေါင်းပေါ်မှာ အစိမ်းရောင် ပဝါစကို ပတ်ထားတယ် ဘယ်ဘက်နားကို ဖော်ထားပြီး ညာဘက်နားကတော့ ပဝါစရဲ့ အောက်ထဲမှာ မြှုပ်နေတယ် ဟုတ်တယ်မဟုတ်လား ...”
အားလုံးက သူ့လက်ညှိုးအတိုင်း လှမ်းကြည့်လိုက်ကြသော်ငြား အကွာအဝေးမှာ အလွန် ဝေးကွာလွန်းကာ ရွာဝင်ပေါက်ရှိ အမျိုးသမီးများပင်လျှင် ရှင်းရှင်းလင်းလင်း မမြင်ကြရချေ။ ချင်းလိုင်တိတစ်ဦးတည်းသာလျှင် အဒေါ်ဝမ်ဖြစ်ကြောင်း ပြောနိုင်ခဲ့၏။
ထိုသို့ ပြောနိုင်သည်မှာလည်း သူမက အဒေါ်ဝမ်နှင့် ရင်းနှီးသူ ဖြစ်သည့်အတွက် သူမ၏ ဝတ်ပုံစားပုံနှင့် လမ်းလျှောက်ပုံကို အခြေခံကာသာ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ မည်သည့်နားရွက်က ပဝါစဖြင့် ဖုံးခြင်း ခံထားရသည်ကိုမူ သူမလည်း မမြင်ရချေ။ မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းအပြီး အဒေါ်ဝမ်၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လာရကာမှ .. လျောင်ကျီရှင်း၏ စကားမှာ မှန်ကန်ကြောင်း သဘောပေါက်လိုက်တော့သည်။
“ဂုဏ်ပြုပါတယ် အစ်ကိုလျောင် ...”
လျောင်ကျီရှင်းက မျက်နှာနီမြန်းသွား၏။ သူ့မျက်ဝန်းများမှာလည်း ယခင်ထက် ပိုမိုကာပင် တောက်ပဝင်းလက်နေခဲ့သည်။
“ကျေးဇူးတင်ပါတယ် ... တကယ်ကို ကျေးဇူးတင်ပါတယ် ...”
ချင်းလိုင်တိက သူမတစ်ကိုယ်လုံး အတိုင်းအဆမရှိ ခွန်အားကြီးလာသည်ဟု ခံစားမိလာတော့သည်။ ထိုစိတ်ကျေနပ်မှုနှင့် ချီးကျူးခံရမှုတို့သည် သူမကို ၁၅ ယွမ် ရစဉ်ကထက် ပိုမိုကာပင် ပျော်ရွှင်စေပေသည်။
ထို့နောက်တွင် ဝမ်လီဖန်း သယ်ဆောင်လာသည့် သတင်းစကားက သူမကို ထပ်ဆင့်ပြီး ပျော်ရွှင်စေမိသွားတော့၏။ လေ့ကျင့်ရေးသင်တန်း စာမေးပွဲများမှာ မကြာခင် စတင်တော့မည် ဖြစ်သည်။
သင်းကွပ်ထားသောကြောင့် ထိုဘဲထီးကြီးမှာ အလွန် သန်မာထွားကျိုင်းကာ ၆ ကီလို ၇ ကီလိုနီးပါးပင် ရှိနေသည်။ ချင်းကွေ့ဟွားက ပိုက်ဆံကို နှမြောမိနေဆဲ ဖြစ်သည့်တိုင် နှစ်ဝက်နီးပါးခန့် အသားမစားခဲ့ရသည့် သူမ၏ မြေးမလေးများအကြောင်း တွေးမိသည့်အခါတွင်လည်း စိတ်မကောင်း ဖြစ်မိရပြန်သည်။ သူမ၏ မြေးမလေးသာ ဤစာမေးပွဲကို အောင်မြင်ခဲ့ပါလျှင် သူမတို့ထံတွင် တောက်ပသည့် အနာဂတ်တစ်ခု ရှိလာမည် ဖြစ်ပေရာ ကြက်သားကို ကံကောင်းစေရန် အထိမ်းအမှတ်အဖြစ် စားလိုက်မည်ဟုသာ တွေးလိုက်တော့သည်။
ထိုညတွင်ပင် သူမသည် ရေနွေးကို ပွက်ပွက်ဆူသည်အထိ တည်ထားရင်း ကြက်ကို နှစ်ပိုင်း ပိုင်းပြီး တစ်ဝက်ကို ကြော်ထားလိုက်သည်။ သို့မှသာ ကြက်စွပ်ပြုတ်ကို သောက်ပြီး အသားကိုပါ စားနိုင်မည် ဖြစ်သည်။ ကျန်သည့်တစ်ဝက်ကိုမူ ဆားဖြင့်နယ်ကာ ဟုန်ရှင်းကောင်တီ၏ အထူးစပါယ်ရှယ် ကြက်သားကြပ်တိုက် လုပ်ရန်အတွက် မီးဖို၏ အပေါ်ဘက်ရှိ ကြပ်စင်ပေါ်သို့ တင်ထားလိုက်သည်။
ထိုကြက်မှာ ၂ နှစ်နီးပါးခန့် ရှိနေပြီ ဖြစ်သည့်အတွက် ၎င်း၏ အသားမှာ အလွန် မာကြောကာ ဝါးရ ခက်လှ၏။ လိုင်တိက သူမ၏အဘွား မစားနိုင်မည်ကို စိုးရိမ်သောကြောင့် မီးအေးအေးဖြင့် ဖြည်းဖြည်းလေး ချက်ပေးလိုက်သည်။ ထို့နောက် အိမ်တွင် စိုက်ထားသည့် အိုးထဲမှ အစိမ်းရောင်အသီးအရွက် လက်တစ်ဆုပ်ခန့်ကို ခူးလိုက်သည်။ ကြာဆံလေး နည်းနည်းပါးပါး ရှိပါလျှင် ပို၍ပင် ကောင်းပေလိမ့်ဦးမည်။
သို့သော် မရှိသည့်အရာကို တွေးကာ နှမြောနေရန် မလို၊ ကြက်စွပ်ပြုတ် တစ်ခုတည်းကပင်လျှင် အရသာ ကောင်းမွန်လွန်းနေပြီ ဖြစ်သည်။ ချင်းမိသားစု၏ ခြံဝင်းဘက်မှ ကြက်စွပ်ပြုတ်အနံ့ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် အိမ်နှစ်ခုအကြား ခြံစည်းရိုးပေါ်တွင် ခေါင်းအသေးလေးများ တန်းစီကာ ပေါ်ထွက်လာတော့သည်။ အားလုံးမှာ လျှိုမိသားစုမှ ကလေးငယ်များ ဖြစ်ကာ ကျားသုံးကောင်ကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မကောင်းပေ။
“ကောကော .. အနံ့က အရမ်းကို မွှေးတာပဲ ...”
အငယ်ဆုံးကလေးက တံတွေးမျိုချကာ ပြောလိုက်သည်။
“ဘွားဘွား အသားက ဘယ်အချိန် စားရမှာလဲ ...”
“စား .. စား .. စား .. တစ်နေကုန် စားဖို့ပဲ သိတယ် နင်တို့အိမ်မှာ ဆီတွေ အသားတွေ ရှိလို့လား။ ရှိတဲ့အသား ဓားနဲ့ခုတ်ပြီး အပိုင်းပိုင်းချက်စားရင် စားဖို့ပဲရှိမယ် ...”
မုဆိုးမလျှိုက ကျိန်ဆဲလိုက်၏။ သို့သော် သူမသည်လည်း ကလေးများနှင့် ထပ်တူပင် သွားရည်ယိုမိနေခဲ့သည်။ သူမတို့ မိသားစု၏ အခြေအနေမှာ ယခင်က အတော်လေး ကောင်းမွန်ခဲ့သော်ငြား လက်ရှိတွင်မူ အသား မစားရသည်မှာပင် အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ ပေါင်ကျူး၏ လက်ထပ်ပွဲတွင် စားခဲ့ရသည်မှာ နောက်ဆုံးပင်။
အဖွဲ့၏ အစိုးရတပ်ဖွဲ့က သူမ၏ အိမ်တစ်ခုလုံးကို ဗြောင်းဆန်နေအောင် ရှာဖွေကာ သတို့သမီး တင်တောင်းကြေး အပါအဝင် သူမတို့မိသားစုပိုင် ငွေနှင့် လက်မှတ်များ အားလုံးကိုပါ ယူဆောင်သွားခဲ့သည်။ ငိုရလွန်း၍ မျက်ရည်များပင် ခန်းခြောက်သွားလုမတတ်ပင်။
ဘယ်နေရာမှကို အကျိုးအကြောင်း သွားပြောပြလို့ကို မရဘူး .. သေသင့်တဲ့ဟာတွေ ...
ပေါင်ကျူးအကြောင်း တွေးပြီးသည်နှင့် တစ်ပြိုင်နက် ရင်ကော့ခေါင်းမော့ကာ အသံကို ဖျစ်ညှစ်ထုတ်လျက် အော်ပြောလိုက်သည်။
“မင်းတို့တွေ ကံကောင်းတာနော် မနေ့ကမှ မင်းတို့ရဲ့ ယောက်ဖက အဆက်အသွယ် လုပ်လာတယ် ဒီရက်ပိုင်းအတွင်း သူနဲ့ မင်းတို့အစ်မနဲ့ အိမ်ကို အလည်ပြန်လာခဲ့မယ်တဲ့ ဘော့စ်အကြီးစားကြီးနဲ့ ရင်းနှီးရတာ မင်းတို့တွေ အချိန်ကျလာတဲ့အခါ အရသာရှိတဲ့ စားစရာတွေ အများကြီး စားရလိမ့်မယ် ဟုတ်ပြီလား ငါတို့တွေက တစ်ချို့တစ်ချို့တွေလို ဒီတစ်နပ် စားပြီးတာနဲ့ နောက်ထပ် ဘယ်အချိန်မှ ထပ်ပြီး စားစရာ ရှိမယ်မှန်း မသိရတဲ့ အဆင့်မျိုး မဟုတ်ဘူး။ ဘဝကို အကြာကြီးကိုမှ အကြာကြီး ဖြတ်သန်းရဦးမှာ .. အား .. ဘယ်သေချင်းဆိုးလဲ ငါ့ကို ပစ်တာ ...”
အကြောင်းမှာ သူတို့ခြံရှေ့မှ ဖြတ်သွားသည့် ကလေးဆိုးတစ်ဦးက အိမ်ထဲသို့ ရွှံ့တုံးဖြင့် လှမ်းပစ်လိုက်၍ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုရွှံ့တုံးက သူမမျက်နှာကို အတည့် မှန်သွားခဲ့၏။ မုဆိုးမလျှိုမှာ ဒေါသစိတ်ဖြင့် အဆုတ်များပင် ကွဲထွက်လုမတတ် အော်ဟစ်လိုက်တော့သည်။
ချင်းမိသားစုအတွက်မူ ... ချင်းကွေ့ဟွားသည် မုဆိုးမလျှို၏ စကားသံကို ကြားလိုက်ရချိန်ကတည်းက စိတ်ကို မထိန်းချုပ်နိုင်တော့။ ချင်းလိုင်တိက ဆွဲထား၍သာ တော်သေးသည်။ လောင်စန်းဟူသာ မရှိပါလျှင် လျှိုမိသားစုသည် အမှိုက်တစ်စမျှသာ ဖြစ်ပေရာ သူမအနေဖြင့် ထိုသူများနှင့် မပတ်သက်လိုပေ။
“ဖွားဖွား သမီးမှာ တိုင်ပင်စရာလေး ရှိတယ် ...”
“ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြော ...”
ချင်းကွေ့ဟွားက ကြက်လည်ချောင်းရိုးကို မုဆိုးမလျှို၏ လည်ချောင်းအလား သဘောထားကာ ဒေါသတကြီး ကိုက်ဝါးလိုက်သည်။ သူက အရေခွံကို ဦးစွာ ဝါးစားလိုက်ကာ အသားများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ ဆွဲဖြဲလိုက်သည်။ အရိုးများမှာလည်း အစအနပင် မကျန်လောက်သည်အထိ စေ့စေ့ညက်ညက်ကြေနေအောင် ဝါးစားခြင်း ခံထားရသည်။
သူမ ကြီးပြင်းလာစဉ်တစ်လျှောက် အိမ်တွင် ဧည့်သည်များ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဘွားသည် ကြက်ခြေထောက်နှင့် ရင်အုံကို လုံးဝ မစားခဲ့ဖူးကြောင်း မှတ်မိနေဆဲပင်။ သူမက ကြက်ခြေထောက်နှင့် လည်ချောင်းရိုးတို့ကိုသာ အထူးတလည် မွှေးပျံ့ကောင်းမွန်သည့်အလား သဘောထားကာ စားသောက်ခဲ့သည်။
ငယ်စဉ်က သူမသည် အဘွားဖြစ်သူ၏ လုပ်ရပ်ကို နားမလည်ခဲ့။ အဘွား စားသည့် ထိုကြက်ခြေထောက်နှင့် လည်ချောင်းရိုးတို့မှာ အားလုံးထက်ပိုကာ အရသာရှိသောကြောင့်ဟုသာ ထင်ခဲ့သည်။ ထို့ကြောင့် သူမ၏ ဝေစုနှင့် လဲလှယ်ရန်ပင် ကြိုးစားခဲ့ဖူးသေး၏။ သို့သော် ၎င်းတို့ကို တစ်ကြိမ် စားပြီးသည်နှင့် နောက်တစ်ကြိမ် ထပ်မစားနိုင်တော့ချေ။
ကြက်အရေခွံမှာ ကြက်သီးထဖွယ် ကောင်းလှကာ အသားဟူ၍ တစ်ခုမျှ မရှိ၊ ညှီစို့စို့အနံ့ကိုပါ ရနေသေးသည်။ အရိုးများကို ဝါးရသည်မှာ သွားကို အလကား ဖြုန်းတီးနေခြင်းပင် ဖြစ်သည်။ ဤကမ္ဘာ၌ သူမတို့ကို အဘွားထက်ပိုကာ ချစ်ပေးနိုင်သည့်သူ ရှိနိုင်လိမ့်မည် မဟုတ်ချေ။
“ဘွားဘွား .. သမီး နာမည်ပြောင်းချင်တယ် ...”
“ဘာကိုပြောင်းမှာ ...”
လိုင်တိက အဘွားဖြစ်သူသည် သူမ၏ စကားများကို နားမလည်မှန်း သိသည့်အတွက် အသံကို မြှင့်ကာ ထပ်ပြောလိုက်သည်။
“လိုင်တိလို့ အခေါ်မခံချင်တော့ဘူးလို့ ...”
အတိတ်ဘဝတွင် သူမသည် ထိုနာမည်နှင့် ပတ်သက်ကာ များစွာ လှောင်ပြောင်ခံခဲ့ရသည်။ သူမ၏ နာမည်ကို ကြားလိုက်သူတိုင်းက သူမ၏ အစ်မအကြီးဆုံးမှာ မည်သူ၊ မိသားစုထဲတွင် ကလေးမည်မျှ ရှိသည် အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံ ခန့်မှန်းကြသည့်အပြင် မောင်လေး မွေးပြီလားဟု မေးကာ စာနာသနားသည့် အကြည့်များဖြင့်သာ ကြည့်သွားတတ်ကြသည်။ ဟိုင်ယန်နှင့် ဟိုင်ယန်းသည်ပင် ကျောင်း၌ မိဘနာမည် ပေးရသည့် အချိန်၌ သူမ၏ “လိုင်တိ” ဟူသော နာမည်မှာ အဆိပ်ရှိနေသည့်အလား သဘောထားကာ မိသားစုနာမည်ကိုသာ ဖြည့်စွက်စေခဲ့ကြသည်။
ပေကျင်းသို့ ပြောင်းရွှေ့အပြီးတွင် လမ်းပေါ်၌ ကျားမ သာတူညီမျှမှုအကြောင်း ပို့ချပေးမည့် အထူးသင်တန်းအကြောင်း ကြေညာချက်ကို တွေ့ခဲ့ရသည်။ ထိုသင်တန်းတွင်လည်း သူမကို လူပုံအလယ်တွင် မတ်တပ်ရပ်စေကာ သူမ၏ဆန္ဒ မပါရှိဘဲ သူမ၏ နာမည်ကို အဆိုးသဘော သက်ရောက်သည့် ဥပမာပြ၍ ခွဲခြားလှောင်ပြောင်ခဲ့သည်။
ထိုသို့ ခံစားခဲ့ရသည့် လှောင်ပြောင်မှုအားလုံးမှာ သူမ၏ အမှားကြောင့် မဟုတ်မှန်း သိနေသော်ငြား အကြောင်းပြချက် မရှိ လှောင်ပြောင်ဖယ်ကြဉ်ခံရသည့် ခံစားချက်မှာ အမှန်တကယ်ပင် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပေသည်။
“တစ်ခြားလူတွေရဲ့ အထင်သေးတာတွေ လှောင်ပြောင်တာတွေ ခံရတာက သိပ်ပြီး ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး အရေးအကြီးဆုံး အချက်က “လိုင်တိ” ဆိုတဲ့ စကားလုံးက တကယ်တမ်းတော့ မွေးလာကတည်းက သမီးကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်ကြီးလို ဖြစ်နေတာလေ မေဟွားလို့ပဲ ခေါ်ခေါ် ကုံးတန်းမြည်းလို့ပဲခေါ်ခေါ် သမီးရဲ့ ကိုယ်ပိုင်နာမည် ဖြစ်နေသရွေ့ ဘာမဆို ဖြစ်ပါတယ် ဒီတိုင်း .. မောင်လေးတစ်ယောက် မွေးလာဖို့ မျှော်လင့်တဲ့အနေနဲ့ ပေးထားတဲ့ နာမည်မျိုး မဖြစ်ချင်ရုံပဲ ...”
ထိုနာမည်က သူမ၏ ဘဝတစ်သက်တာလုံးအတွက် အရိပ်မည်းတစ်ခု ဖြစ်ကာ သားမမွေးနိုင်သည့် မိန်းမတစ်ယောက်၏ ဘဝသည် အချည်းနှီးဟု ခံစားမိလာတော့သည်။
နောက်ပိုင်းတွင် လောင်ဟဲ၏ အကူအညီဖြင့် သူမ၏ စိတ်ဓာတ်ကျမှုများမှ နိုးထလာနိုင်ကာ ကိုယ့်စိတ်ကိုယ် ပြန်ညှင်းပန်းမှုတို့ မရှိတော့ဘဲ ထိုနှစ်များက ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအလုံးစုံကို ကျော်ဖြတ်နိုင်လာခဲ့သည်။
ချင်းကွေ့ဟွားက အရိုးကို လွှင့်ပစ်ကာ သူမကို ခန့်မှန်းရခက်သည့် အမူအယာဖြင့် တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။
ချင်းလိုင်တိက မည်သည့်အားနည်းချက်ကိုမှ မပြ။ အဘွားက သူမတို့အား ချစ်သည်ကို သိထားသော်လည်း အဘွား၏ အတ္တစိတ်မှာ အလွန် လေးလံလွန်းကာ မိသားစုထဲရှိ မိန်းကလေးအားလုံးမှာ သူမနှင့်အတူ ထိုစွဲလမ်းစိတ် ဝန်ထုပ်ကို ထမ်းပိုးထားရန် အတင်း ဖိအားပေးခံရသည်။
ထိုသို့ ဖိအားပေးခံရသည်ကို သူမ ပေးထားသည့် မြေးမလေးဦး၏ နာမည်များအား ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ အိုက်လန်၏ နာမည်တွင် “တိ(မောင်လေး)” ဟူသော စကားလုံး မပါဝင်သော်ငြား သူမသည်လည်း ရောက်လာလေတိုင်း သားမွေးရန်အကြောင်းသာ အပြောခံခဲ့ရသည်။
စားချိန်သောက်ချိန်ပင် မချန်၊ သားမွေးသင့်ကြောင်းသာ တဖွဖွ အပြောခံခဲ့ရသည့်အတွက် နောက်ဆုံးတွင် ချင်းအိုက်လန်၏ စိတ်ထဲ၌ ကလေးမမွေးနိုင်သည့်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရတော့သည်။
သူတို့တွေ ကြီးလာတဲ့အခါ ဒီနာမည်ကြီးကို ကြိုက်ပါ့မလားဆိုပြီး တစ်ခါလေးတောင် တွေးဖူးရဲ့လား မသိဘူး အိုက်လန်ကရော .. တကယ်လို့ သူမရဲ့ဘဝမှာ သားတစ်ယောက်မှ မရခဲ့ရင် သူမခင်ပွန်းရဲ့ မိသားစုဝင်တွေကြားမှာ ခေါင်းကို မော့ထားနိုင်ပါတော့မလား ...
“အဖွား စိတ်မပူပါနဲ့ အဖွားကို အသက်တွေ ကြီးလာတဲ့အထိ သေချာပေါက် ကျွေးမွေးထောက်ပံ့ထားမှာပါ ကျွန်မတို့ မိသားစုမှာ သားမရှိပေမယ့် အဖွားကို သားရှိတဲ့ အမေတွေထက် ပိုပြီး သာအောင်ကို ထားပေးချင်တာ ...”
အတိတ်ဘဝက သူမသည် လက်ထပ်ရန် သဘောမတူခဲ့ချေ။ မူလက သူမသည် အိမ်ထောင်မပြုလိုခဲ့သော်ငြား အဘွားအိုက အကယ်၍ သူမသာ ကျောက်ချင်းစုန့်နှင့် လွဲချော်ခဲ့ပါလျှင် သန်းပေါင်းမြောက်များစွာသော ငွေကြေးတို့ ဆုံးရှုံးရသည်နှင့် အတူတူပင် ဖြစ်သည်ဟုဆိုကာ သူမအား အိမ်ထောင်ပြုရန် အတင်း တွန်းအားပေးခဲ့သည်။ သို့သော် နောက်ပိုင်း၌ အံ့ဩဖွယ်ကောင်းစွာဖြင့် အဘွားအိုသည် အိမ်ထောင်ကျပြီးသည့် မြေးများထံမှ မည်သည့် ထောက်ပံ့မှုကိုမှ အလိုမရှိခဲ့ချေ။
သူမသည် အကျိုုးအကြောင်း အဆိုးအကောင်းကို ကောင်းကောင်းသိသည့် အဘွားအိုတစ်ဦး ဖြစ်ပေသည်။ သူမ၏ မြေးမများအတွက် အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်တတ်သော်ငြား ...
ချင်းကွေ့ဟွားက အေးစက်စွာဖြင့် ပြောလိုက်သည်။
“နင့်ကို ဒုက္ခမဖြစ်စေရပါဘူး ...”
ကိစ္စများ နောက်တစ်ကြိမ် ပြန်လည်ကာ ရှုပ်ထွေးလာမည့် အရိပ်အယောင်ကို မြင်နေရသည့်အတွက် ချင်းလိုင်တိက အမောတကော ပြောလိုက်သည်။
“ဘွားဘွား သမီးတို့ မိသားစုမှာ ယောကျ်ားလေးတစ်ယောက် မွေးလာဖို့ဆိုတာကလည်း ဖြစ်မှ မဖြစ်နိုင်တော့တာ သမီးတို့နာမည်မှာ “တိ” ဆိုတဲ့နာမည် ထည့်လည်း အလကားပဲလေ ဟုတ်တယ်မဟုတ်လား ...”
သားလည်း သေပြီ ချွေးမလည်း သေပြီကို မြေးယောကျ်ားလေးတစ်ယောက်က ဘယ်ကျောက်တုံးကြားကနေ ထွက်လာမှာလဲ။
ချင်းကွေ့ဟွားသည် ဒေါသတကြီးဖြင့် ချက်ခြင်း ထထွက်သွားလိုက်သည်။
လိုင်တိက သူမ၏ စကားများသည် အဘွားဖြစ်သူ၏ အနာကို ဆားပက်သကဲ့သို့ ဖြစ်သွားကြောင်း သိပေသည်။ သို့သော် အနာဂတ်၌ ပြဿနာ ဖြစ်မလာစေရန် အလို့ငှာ စောစောစီးစီး ဖြေရှင်းထားရမည် ဖြစ်သည်။
အတိတ်ဘဝတွင် အဘွားသည် ချင်းမိသားစုအတွက် မျိုးဆက်ချန်ရန် အတွေးကို လုံးဝ လက်မလျှော့ခဲ့ချေ။ သူမက အကယ်၍ မိဘမဲ့ သားယောကျာ်းလေးတစ်ဦးဦး ရှိခဲ့ပါလျှင် သူမကိုယ်တိုင် ငွေကုန်ကြေးကျခံကာ မွေးစားမည်ဟုပင် ပြောခဲ့သေးသည်။
ထိုနှစ်များအတွင်း မိသားစုစီမံမှုပေါ်လစီမှာ အလွန် တင်းကြပ်ခဲ့ပေရာ သားယောကျ်ားလေး မွေးဖွားနိုင်ခြေများသည့် ၈ လ ၉ လအရွယ် ကိုယ်ဝန်သည်တစ်ဦး ရှိသည်ဟု ကြားသည့်အခါ ဈေးကြီးပေးကာ ဝယ်ရန်ပင် ကြိုးစားခဲ့သေးသော်ငြား နောက်ဆုံးတွင် အလိမ်ခံရကာ ရှိသမျှ ငွေအားလုံးသာ ကုန်ဆုံးသွားခဲ့သည်။
သူမသည် မဝတ်ရက်၊ မစားရက်၊ နေမကောင်းချိန်တွင်ပင် ဆေးမသောက်ရက်ဘဲ စုဆောင်းခဲ့သမျှ ယွမ်ရာပေါင်းများစွာကို မြေးယောကျ်ားလေးတစ်ဦး ရရန်အတွက်နှင့် အချည်းနှီး ဖြုန်းတီးမိခဲ့သည်။ ထိုအကြောင်းကို ကြားသည့်အခါ ချင်းလိုင်တိမှာ ဒေါသထွက်ကာ ကူကယ်ရာမဲ့သွားမိတော့သည်။
သူမကို ဒေါသထွက်စေသည့် အကြောင်းမှာ အဘွားက မိန်းကလေးထက် ယောကျ်ားလေးကို ပိုဦးစားပေးကာ သူမ ပိုင်ဆိုင်သည့် ငွေကြေးများကို သိုဝှက်ထား၍ မဟုတ်၊ ဖန်တိကို ထည့်မစဉ်းစားပေးသောကြောင့် ဖြစ်သည်။
ထိုအချိန်က ဖန်တိသည် လက်ထပ်ရမည့် အရွယ်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် သူမ၏ ဆိုးရွားသည့် အမြင်အာရုံနှင့် ထွားကျိုင်းမှု မရှိသော အရပ်အမောင်းကြောင့် လက်တွဲဖော်ကောင်းတစ်ယောက်ကို မရှာနိုင်ခဲ့ချေ။ အကယ်၍ အဘွားသာ နောက်ထပ် မြေးယောကျ်ားလေးတစ်ယောက် မွေးစားခဲ့ပါလျှင် ဖန်တိသည် သူမတစ်သက်လုံး ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေခွင့် ရရှိတော့မည် မဟုတ်ချေ။