Chapter 22
Vol. 2 Ch. 22
“ဟေး ယောက်မ လီဖန်းကတော့ ငါတို့အသင်းကို အရှုံးပေါ်စေမှာ မဟုတ်ပါဘူးနော် ကြားတာတော့ သူမကလည်း နွေဦးထယ်ထိုးပွဲကျ ငါတို့အတွက် လားနှစ်ကောင် ငှားပေးထားတယ်တဲ့။ ဒါက လူစွမ်းအင် အများကြီး သက်သာသွားမှာ ငါတို့တွေ သေချာပေါက်ကို မရှုံးနိုင်တော့ဘူး ...”
အားလုံးက ဝမ်းသာအားရ ထောက်ခံလိုက်ကြသည်။ အသင်းတစ်သင်းစီတိုင်းက တိရိစ္ဆာန်များကို ကိုယ်တိုင် စီမံခန့်ခွဲကြရကာ တိရိစ္ဆာန်ရှိလျှင် လုပ်သားနှင့် ပစ္စည်းကိရိယာလည်း ရှိလာသည့်အတွက် မည်သည့်အသင်းကမှ အပြင်ကို မငှားလိုကြချေ။
“ဟေး လောင်ကျီချင်းက ဆွေမျိုးတွေစီ သွားလည်နေတာဆို ပြန်လာပြီလား ...”
“မင်းမျက်လုံးတွေရော အဆင်ပြေရဲ့လား။ ရထားလက်မှတ် ဖြတ်တော့တောင် မျက်မှန်တပ်ဖို့ မလိုဘူးဆိုတော့ အားလုံး အဆင်ပြေတဲ့ပုံပါပဲ ...”
လျောင်ကျီရှင်းက အိတ်တစ်လုံးကို သယ်ကာ ရောက်လာခဲ့သည်။ သူက ယခင်ကကဲ့သို့ စိတ်ဓာတ်ကျကာ လူတောမတိုးသည့် ပုံစံမျိုး မဟုတ်တော့ဘဲ အားလုံးကို ပွင့်ပွင့်လင်းလင်း နှုတ်ဆက်ရင်း အိတ်ကို ချင်းကန်းထံ ကမ်းပေးလိုက်သည်။
“လိုင်တိ .. ဒါလေး ယူလိုက်ပါ။ ဒါ ငါ့မိဘတွေက မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်အသေးလေးပါ ...”
အမျိုးသမီးတစ်ယောက်က ခြေဖျားထောက်ပြီး ကြည့်လိုက်သည့်အခါ အိတ်ထဲတွင် နွားနို့၊ တော်ဖီနှင့် မည်သည့်အရာ ထည့်ထားမှန်း မသိသည့် ကရားအသေးလေးတစ်ခု ပါရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့ကို မြင်လိုက်ရ၍ သွားရည်များပင် စီးကျလာမိတော့၏။
အခုခေတ်ကြီးထဲမှာ ဒါမျိုး တတ်နိုင်တဲ့မိသားစု ဘယ်နှခု ရှိလို့လဲ။
တစ်ခဏအတွင်းမှာပင် သူတို့၏ လျောင်ကျီချင်းကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားတော့သည်။
ဆင်ပိန် ကျွဲလောက်ဆိုတဲ့စကားက တကယ်ကို မှန်တာပဲဟ။
ချင်းရှင်းကမူ လုံးဝ မော်ကြွားမနေ။ ထိုပစ္စည်းများကို သူမ တစ်ဘဝလုံး တစ်ခါမှ စမ်းမကြည့်ခဲ့ဖူးသော်ငြား ...
“ဒါတွေက များလွန်းပါတယ် အစ်ကိုလျောင် ကျွန်မ တစ်ဝက်ပဲ ယူပါ့မယ် ကျန်တာတွေကိုတော့ ရှင့်ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက်ပဲ သိမ်းထားပေးပါ ...”
လျောင်ကျီရှင်းက သူမ၏ အငြင်းစကားကို ကြားလိုက်ရသည့်အခါ အိတ်ကို သူမ၏ အိမ်သို့သာ တိုက်ရိုက် သယ်သွားပေးလိုက်တော့သည်။ ညစာစားချိန် နီးနေပြီ ဖြစ်သည့်အတွက် ချင်းရှန်းမှာလည်း သူ့နောက်မှသာ လိုက်သွားလိုက်ရတော့သည်။
“အစ်ကိုလျောင် ရှင်လည်း အရမ်းကို စိတ်ရှိတိုင်း ပြောတတ်တဲ့ လူစားမျိုးပါ့လား ..."
ရလဒ်အနေဖြင့် .. သူက လူသူနည်းပါးသည့် နေရာတစ်ခုသို့ ချိုးဝင်သွားကာ ရင်ဘက်ထဲ ထည့်ထားသည့် အညိုရောင်စက္ကူအိတ်တစ်လုံးကို ထုတ်ပေးလိုက်သည်။
“မင်းရဲ့ ပစ္စည်းတွေကို ပို့ပေးခဲ့တယ် ဒါပေမယ့် နည်းပညာရှင်ဟဲက အလုပ်ခရီးသွားနေလို့ လက်ခံမယ့်သူ မရှိခဲ့ဘူး ...”
ထိုကိစ္စကြောင့် စက်ရုံဝန်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့သေးသည်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် နည်းပညာရှင်ဟဲက ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားပြီတဲ့။
သူ့လက်တွဲဖော်က မြို့ကြီးပြကြီးမှ ဖြစ်လျှင်လည်း အဆင်ပြေပါသေးသည်။ နည်းပညာရှင်ဟဲသည် မြို့ကြီးသားတစ်ဦးဖြစ်ကာ ဟိုင်ချန်တွင် အလုပ်လုပ်နေပေရာ သူ၏ လက်တွဲဖော်မှာ တောင်ပေါ် လူသူကင်းဝေးသည့် ဒေသမှ သာမန် ကျေးတောသူတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။
လျောင်ကျီရှင်းက ထိုအိမ်ထောင်ရေးနှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှ မပြောခဲ့သည့်တိုင် အရှုပ်အထွေးများကိုလည်း သည်းမခံနိုင်။ အကြောင်းအရင်းအား မှန်းဆချက်များ အမျိုးမျိုးအဖုံံဖုံ ထွက်ရှိလာသည့်တိုင် အခြေခံအားဖြင့်တော့ အတူတူပင် ဖြစ်သည်။ ထိုသို့ဖြင့် နေ့တစ်ဝက်အတွင်းမှာပင် ဟိုင်ချန် အမှတ် ၂ ဝိုင်ယာလက်စက်ရုံမှ အပျိုလေးများအားလုံး အသဲကွဲသွားကြရတော့သည်။
ချင်းရှန်းက လျောင်ကျီရှင်းသည် တစ်ခုခုကို ထုတ်ပြောရန် တွန့်ဆုတ်နေကြောင်း သိထားသည့်တိုင် အတင်း မေးရန် စိတ်မကူးချေ။ လောင်ဟဲကို သူမအပိုင်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပေရာ ကျန်ကိစ္စများကို နောက်မှ ပြောလည်း ရပေသည်။
“ဒါနဲ့ ဒီနေ့ အဖွဲ့ကို ပြန်လာတော့ လမ်းမှာ စာပို့သမားနဲ့ တွေ့ခဲ့တယ်။ သူက ဟိုင်ချန်က လာတာတဲ့ ငါက ဝူလီထွင်က လူဆိုတာ သိတော့ မင်းရဲ့ စာကို လမ်းကြုံ ထည့်ပေးလိုက်တော့တာပဲ ...”
ချင်းရှန်းက သူမကို မည်သူ ပစ္စည်းပို့သလဲဟု တွေးမိသွားတော့သည်။
“ကြည့်ရတာ ပြည်နယ်မြို့တော်က ထင်တယ် ...”
ချင်းရှန်းက တံဆိပ်ခေါင်းကို အကဲခတ်ကြည့်လိုက်သည်။ သို့သော် တံဆိပ်ခေါင်းမှာ မူလတစ်ခုကို ဖြဲပြီးကာမှ အသစ်တစ်ခု ထပ်ကပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ မြို့တော်လိပ်စာမှာ ပေးပို့သူ၏ လိပ်စာအစစ် မဟုတ်နိုင်လောက်ချေ။ ထိုပစ္စည်းသည် အမျိုးမျိုးအဖုံဖုံ ရုပ်ဖျက်ပြီးမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အထုပ်ကို အမြန် စစ်ဆေးကြည့်လိုက်သော်ငြား ၎င်းကို ထိကိုင်ထားသည့် လက်ရာ မတွေ့ရ။ စိတ်ထဲတွင် ပို၍ပင် ထူးဆန်းမိလာတော့သည်။
သူမ၏ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ရိုးရှင်းလှသည်။ ဖြစ်နိုင်ချေ ရှိသူဟူ၍ လျှိုပေါင်ကျူးနှင့် ဟဲလျန်ရှန်းသာ ရှိပေသည်။ သို့သော် လျှိုပေါင်ကျူးသည် ပြည်နယ်မြို့တော်တွင် ရှိနေသည့်အတွက် အချိန်ကုန်ခံနေရန် မလိုအပ်။ ဒါဆို လောင်ဟဲများလား .. ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာတော့သည်။
ဒီလူ မစ်ရှင်လုပ်နေရင်း အခက်အခဲတွေ့ပြီး အကူအညီ လိုနေလို့များလား။ ဒါမှမဟုတ် သတင်းပေးရမယ့်နေရာမှာ အခက်တွေ့လို့ သူမကနေတစ်ဆင့် ပို့ပေးချင်နေတာလား .. သူလျှိုဇာတ်လမ်းတွေထဲမှာဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာလေ ...
ဒါမှမဟုတ် သူမတို့ရဲ့ ခင်မင်မှုကို စိတ်ထဲမှာ လှုပ်ရှားမိသွားလို့ပဲ ခရင်တွေ လက်သုတ်ပဝါတွေ လည်စည်းပဝါတွေ ပေးချင်တာများလား။ ဒါက အချစ်ဇာတ်လမ်းထဲက မင်းသားတွေ မင်းသမီးကို လိုက်ပိုးတဲ့ ပုံစံမျိုးလေ ...
ဒါဆိုရင်တော့ .. စိတ်မပါပေမယ့် လက်ခံထားရမှာပေါ့ …
သို့သော် အညိုရောင်စာအိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ကြောင်အမိသွားတော့သည်။
“လူ့ခန္ဓာဗေဒ …”
သူမ၏ အထူးတဆန်း ဖြစ်နေဟန် အကြည့်တို့ကို မြင်လိုက်ရသည့်အခါ လျောင်ကျီရှင်းက အမောတကော ရှင်းပြလိုက်သည်။
"ငါ့မှာ ဆေးပညာ လေ့လာနေတဲ့ အတန်းဖော်တစ်ယောက် ရှိတယ်လေ။ သူ ပြောတာ ဒါက လက်တွေ့အသုံးချ ဆေးပညာရဲ့ အခြေခံတဲ့ ..."
ချင်းရှန်းသည် မစ္စတာဟဲထံမှ ပညာသင်ကြားခဲ့ဖူးကြောင်း သိထားသော်လည်း သူမသည် နမူနာ သင်ထောက်ကူ မရှိဘဲ နှုတ်တိုက် အလွတ်ကျက်မှတ်ခြင်း တစ်ခုတည်းကိုသာ အားထားခဲ့ရသည်။
သူမသည် လူ့ခန္ဓာကိုယ်၏ တည်ဆောက်ပုံ၊ ကိုယ်အင်္ဂါ အမျိုးမျိုး၏ တည်နေရာနှင့် အချင်းချင်း ဆက်နွယ်မှုများကို အလွတ်ရနေပြီ ဖြစ်သော်ငြား သင်ထောက်ကူ နမူနာ မရှိသည့်အတွက် ထို မှတ်မိထားသည့် အကြောင်းအရာများအား ပုံဖော်စဉ်းစားရန် ခဲယဉ်းလှပေသည်။
ထိုစာအုပ်မှာ အလွန် ကောင်းမွန်သည့် စာအုပ်တစ်အုပ် ဖြစ်ကာ ပြည်သူ့ကျန်းမာရေး ပို့ချမှုဌာနမှ ထုတ်ဝေသည့် သင်ရိုးစာအုပ် ဖြစ်ပေသည်။ သို့သော်...
"မင်းကို ဒီစာအုပ် ပေးတဲ့သူက တော်တော်လေး စဉ်းစားပေးတတ်တာပဲ သူက မင်း လေ့ကျင့်ရေးစာမေးပွဲ ဖြေမှာကိုတောင် သိနေတယ် ဟီးဟီး ..."
လျောင်ကျီရှင်းက အူမြူးစွာဖြင့် ပြောလိုက်သည်။ သူက မိန်းမပျိုလိုင်တိအပေါ် အမှန်တကယ်ပင် ကျေးဇူးတင်မိကာ သူမထံ၌ ရွာထဲမှ မဟုတ်သည့် အခြားမိတ်ဆွေများ ပိုမိုတိုးပွားလာစေရန် မျှော်လင့်နေမိသည်။ သူမကဲ့သို့ မိန်းကလေးမျိုးအဖို့ ဘဝတစ်သက်လုံးကို တောင်ပေါ်ရွာ၌ ကုန်ဆုံးရခြင်းမှာ ဖြုန်းတီးမှုတစ်ခုပင် ဖြစ်ပေသည်။
ချင်းလိုင်တိ၏ အတွေးထဲ၌ ..
တွေးပေးတတ်တယ် ဟုတ်လား မင်းမေကြီးတော်ကြီးပဲ စဉ်းစားပေးတတ် ...
အဲဒီ့ လောင်ဟဲထုန်ဆိုတဲ့လူက TV ကလာတဲ့ ဈေးဝယ်အစီအစဉ်ကို ကြည့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းတွေပဲ ဝယ်ပေးတတ်တဲ့ လူအိုကြီး ...
"မင်းသူငယ်ချင်းက တိုင်းရင်းဆေးရော အနောက်တိုင်းဆေးရောပါ လေ့လာစေချင်လို့ ထင်တယ် ကောင်းလိုက်တာ ..."
ချင်းရှန်း - "..."
ကောင်းမှာပေါ့ ဦးလေးကြီးပဲဟာ ...
အစပိုင်းက သူမသည် ထိုစာအုပ်မှာ ဒေါက်တာဟဲက ပို့ပေးလာခြင်း ဖြစ်လိမ့်မည်ဟု တွေးမိခဲ့ဖူးသည်။ သို့သော် ယခုအချိန်၌ ဒေါက်တာဟဲသည် အပြည့်အဝ ပြန်လည်သက်သာလာနိုင်ဦးမည် မဟုတ်သည့်အပြင် တောင်ပေါ်၌ အကြီးစားဘော့စ်နှင့်အတူ ရှိနေရသည့်အတွက် သူ့ကို စောင့်ကြည့်နေသူများလည်း အများအပြား ရှိနေမည် ဖြစ်သည်။ သို့ဖြစ်ရာ အရာအားလုံးကို သတိကြီးကြီး ထားနေရသည့်အချိန်ဖြစ်၍ သူမထံသိူ့ မည်သည့်ပစ္စည်းမှ ပေးပို့လိမ့်မည် မဟုတ်ချေ။
သို့သော် စက်ဝိုင်းပုံ လှည့်ပတ်ကာ မရေမတွက်နိုင်လောက်အောင် ရွေ့လျားနေခြင်းသည် ဆက်သွယ်ရေးအဖွဲ့ခေါင်းဆောင် လောင်ဟဲ၏ အပြုအမူများနှင့် များစွာ ဆင်တူနေပေသည်။
ပြီးခဲ့သည့်အခေါက် ခွဲခွါရချိန်က သူမသည် သူ့ကို အနာဂတ်၌ ဆရာဝန်တစ်ဦး ဖြစ်ချင်သည်ဟု ပြောခဲ့ဖူးရာ ထိုစကားကို အလေးအနက် မှတ်သားထားပြီး သူမထံသို့ စာအုပ် ပို့ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
လျောင်ကျီရှင်းက သူမကို ဆက်ပြီး နှစ်သိမ့်ပေးနေဆဲပင်။
"ဒါကို သင်ရိုးညွှန်းတမ်းတစ်ခုပဲဆိုပြီး ပေါ့ပေါ့လေး မတွေးလိုက်နဲ့နော်။ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ဆေးပညာကျောင်းတွေကနေ ကျောင်းသားအသစ် ခေါ်တာကို ရပ်ထားတာ ကြာလှပြီ။ အဲဒါကြောင့် အနောက်တိုင်း ဆေးပညာတင် မကဘူး တိုင်းရင်းဆေးပညာအတွက်ပါ သင်ရိုးစာအုပ် ရှာတွေ့ဖို့ဆိုတာ တော်တော်လေး ခက်နေပြီ။ မင်းသူငယ်ချင်းက တော်တော်လေးကို စဉ်းစားပြီး ရှာပေးထားတာနေမှာ။ ငါဆို စိုက်ပျိုးရေးစာအုပ်တွေ လိုက်ရှာနေတာ ၂ နှစ်လောက် ရှိပြီ အခုထိ ရှာမတွေ့သေးဘူး ..."
ပြီးခဲ့သည့် နှစ်များအတွင်း မြောက်များစွာသော သုတပညာစာအုပ်များသည် "ဟောင်းနွမ်းယိုယွင်းမှု လေးဌာန "မူအရ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ချင်းလိုင်တိက အတိတ်ဘဝတွင် စာမေးပွဲ ဝင်ဖြေရန် အလို့ငှာ ရှင်းဟွာစာအုပ်ဆိုင်နှင့် ကောင်တီရှိ စွန့်ပစ်ပစ္စည်းများအား ပြန်လည်ပြုပြင် အသုံးချသည့် ဌာနသို့ပါ သွားရောက်ကာ စာအုပ်အဟောင်းများ ရှာခဲ့သေးသော်ငြား တစ်အုပ်ကိုမှ ရှာမတွေ့ခဲ့ပေ။
အမှိုက်သိမ်းသည့် အန်တီကြီးက ပြန်လည်အသုံးချရေး ဌာနသို့ လာရောက်ကာ ရှာဖွေသူ လူငယ်များ အများအပြား ရှိနေကာ သူမက ပထမဆုံး မဟုတ်ကြောင်း မကြာခဏ ပြောခဲ့ဖူးသည်။
နဂါးပြည်ထောင်ခေတ်တွင် လေ့လာသင်ယူရန် စိတ်အားထက်သန်သည့် လူငယ်လူရွယ်များ မရှားပါးလှပေ။
ထိုအကြောင်း တွေးမိသည့်အခါ လောင်ဟဲထုန်မှာ တစ်ပါးသူအပေါ် အလွန် စဉ်းစားပေးတတ်သည်ဟု ခံစားမိလာတော့သည်။ ပြီးခဲ့သည့်အခေါက်ကလည်း သူသည် လက်ဆောင်အကြောင်း တမင်တကာ အရိပ်အမြွက်ပြကာ ထိုအကြောင်းနှင့် ပတ်သက်၍ တစ်လုံးမှ မဆိုဘဲ သူမကို တစ်ညလုံး အံ့ဩနေစေရန် လုပ်နိုင်သော်ငြား အားလုံးကို လွယ်ကူရိုးရှင်းစွာသာ ကိုင်တွယ်သွားခဲ့သည်။ ထို့အပြင် ယခု သူမကို လက်ဆောင်ပေးသည့် သင်ရိုးစာအုပ်မျိုးမှာ တစ်ကြိမ်တစ်ခါ ရှာရုံမျှဖြင့် အလွယ်တကူ ရလာနိုင်သည့်အရာမျိုး မဟုတ်ချေ။
တံခါးဝ ရှိရာသို့ လျှောက်သွားကာ လျောင်ကျီချင်းက မှတ်စုစာအုပ် အသေးလေးကို ထုတ်၍ စက်ရုံဖုန်းနံပါတ် ရေးထားသည့် စာရွက်ကို ဖြဲပေးလိုက်သည်။
"လိုင်တိ .. မဟုတ်သေးပါဘူး ရဲဘော်ချင်းရှန်းလို့ ခေါ်ရတော့မှာ မဟုတ်လား မင်း နာမည်ပြောင်းလိုက်တယ်လို့ ကြားခဲ့လို့။ ဒါက စက်ရုံရဲ့ရုံးသုံး ဖုန်းနံပါတ် ရှေ့လျှောက် မင်းမှာ လိုအပ်တာ တစ်ခုခု ရှိရင် နည်းပညာရှင်ဟဲကို တိုက်ရိုက် ဆက်သွယ်လိုက်လို့ ရတယ် ..."
"လိုင်တိလို့ပဲ ဆက်ခေါ်လည်း ရပါတယ် ရှင်တို့ အသားကျနေတဲ့ နာမည်ကိုပဲ ခေါ်ပါ ..."
လျောင်ကျီရှင်းက နှစ်လှမ်းခန့် ဆက်လှမ်းပြီးကာမှ ရုတ်တရက် နောင်ပြန်လှည့်ကာ မေးလိုက်သည်။
"ရဲဘော်ချင်းရှန်း .. အူပိတ်တဲ့ ရောဂါကို ဘယ်လို ကုရမလဲ သိလား ..."
အူလမ်းကြောင်း ပိတ်ဆို့ခြင်းသည် အလွန် ကျယ်ပြန့်သည့် အကြောင်းအရာဖြစ်ကာ သိသိသာသာ ယောင်ယမ်းခြင်းနှင့် ကာလကြာရှည် အကြိတ်ဖြစ်စေနိုင်သည့် ရောဂါတစ်မျိုး ဖြစ်သည်။
ထိုရောဂါအတွက် အနောက်တိုင်းဆေးပညာ၏ အခေါ်အဝေါ်သည် တိုင်းရင်းဆေး၏ ကွမ်ကော၊ အူလမ်းကြောင်းသွက်ချာပါဒလိုက်ခြင်း၊ အူလမ်းကြောင်း အနာပဆုပ်၊ အူထုံးခြင်း အစရှိသည့် ရောဂါအမည်များနှင့် ဆင်တူသည့် ရောဂါလက္ခဏာများ အများအပြား ရှိပေသည်။
ချင်းရှန်းက တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည်။
"ဘယ်လူနာက ဒီရောဂါ ရှိနေတာလဲ ဆိုတာရယ် အခြေအနေက ဘယ်လိုဆိုတာရယ်ကို မသိရသေးဘူးလေ လူနာကို ကျွန်မကိုယ်တိုင် စမ်းသပ်ကြည့်ပြီးမှပဲ ကောက်ချက်ချနိုင်လိမ့်မယ် ..."
လျောင်ကျီရှင်းက ခါးသီးစွာဖြင့် ပြောလိုက်သည်။ အခြေအနေမှာ အဆင်မပြေသည့်ဟန်ပင်။ သူ့အစ်မသည် ဟိုင်ချန်နှင့် အလွန်ဝေးကွာသည့် နေရာတွင် ရှိနေသည့်အပြင် နေ့စဉ်နေ့တိုင်း ဆေးရုံသို့သွားကာ ကုသမှု ခံယူနေရသည်။ အသက်ကူပစ္စည်း အထောက်အပံ့ မပါဘဲ ရထားပေါ်ရောက်အောင်ပင် တက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရဲဘော်ချင်းရှန်းအား သူ့အစ်မရှိရာသို့ ခေါ်သွားရန်လည်း မဖြစ်နိုင်ချေ။
သူသည် အသွားအပြန် ခရီးတစ်ခေါက်စာအတွက် ခရီးစရိတ်ကိုပင် မတတ်နိုင်သည့်အပြင် တစ်ဖက်လူ၏ အလုပ်ရမှတ်များ လျော့နည်းသွားမည့်အပေါ် မည်ကဲ့သို့ လျော်ကြေးပေးသင့်ကြောင်းလည်း မစဉ်းစားတတ်ချေ။
"ဒါပေမယ့် ဒါက တကယ့် ရောဂါကြီးတစ်ခုနော် ရှိမှန်း သိတာနဲ့ ချက်ခြင်း ဆေးကုသမှု ခံယူမှ ဖြစ်မယ် မဟုတ်ရင် ..."
လျောင်ကျီရှင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဆေးရုံတက်နေတယ် ..."
ချင်းလိုင်တိက စိတ်အေးသွားရ၏။ ထိုရောဂါမျိုးမှာ ဆေးရုံတက်ကာ ကုသနေသရွေ့ ကြီးကြီးမားမား ပြဿနာ ဖြစ်မလာနိုင်ချေ။ လျောင်ကျီရှင်းဘက်မှ ရှေ့ဆက်ကာ ပြောမလာတော့သည့်အတွက် သူမလည်း ဆက်မေးမနေတော့ဘဲ စာလေ့လာခြင်းတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။
သူမ၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်လှကာ လောင်ဟဲသင်ထားသမျှ အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သော်ငြား စာလေ့လာရာ၌ ပေါ့ပေါ့တန်တန် သဘောမထားရဲချေ။ သူမသည် သမားရိုးကျ အတန်းများ တက်ကာ သင်ကြားခဲ့ရသူ မဟုတ်သည့်အပြင် အနောက်တိုင်းဆေးပညာနှင့် စပ်လျဉ်းသည့် အခြေခံလည်း အားနည်းပေရာ လောင်ဟဲ၏ ခန္ဓာဗေဒစာအုပ်သည် ကြီးစွာသော အထောက်အပံ့တစ်ခု ဖြစ်လာခဲ့သည်။
အနောက်တိုင်းဆေးပညာအကြောင်း မိတ်ဆက်ရှင်းလင်းချက်များအပြင် စာအုပ်တွင် ခန္ဓာဗေဒနှင့် စပ်လျဉ်းသည့် သရုပ်ဖော်ပုံများလည်း အသေးစိတ် ပါဝင်ပေသည်။
အတိတ်တွင် မစ္စတာဟဲ၌ ပြဌာန်းစာအုပ် မရှိသည့်အပြင် အချိန်လည်း အလုံအလောက် မရခဲ့သည့်အတွက် သူ သင်ပေးခဲ့သည်များသည် အစီအစဉ် မကျလှပေ။
သို့သော် လောင်ဟဲပေးသည့် စာအုပ်က သူမနှင့် အကျွမ်းတဝင် ဖြစ်နေသော ပြန့်ကျဲနေသည့် ဗဟုဟုတမျိုးစုံကို စုစည်းပေးနိုင်ခဲ့သည်။ လူ့ခန္ဓာကိုယ်ကို အဓိက လုပ်ဆောင်ချက်များအပေါ် မူတည်ကာ လှုပ်ရှားမှု၊ အစာခြေဖျက်ခြင်း၊ အသက်ရှူခြင်းနှင့် မျိုးပွားခြင်းဟူ၍ အမျိုးမျိုး ခွဲခြားနိုင်ပေသည်။
ထိုမျှသာမက ဦးခေါင်းခွံ၊လည်ပင်းရိုး၊ ရင်ညွန့်ရိုးနှင့် ရင်ခေါင်းတို့၏ အရိုးတည်ဆောက်ပုံ၊ နံရိုးမှ တင်ပါးဆုံရိုးအထိ လူ့ခန္ဓာကိုယ်တွင် ရှိရှိသမျှ ကြွက်သားနှင့် အရိုးဖွဲ့စည်းပုံတို့ကိုပါ ရှင်းလင်းဖော်ပြပေးထားသည်။
အလွန် စည်းစနစ်ကျနစွာဖြင့် တိတိကျကျ ဖော်ပြပေးထားသည့်အတွက် ဤစာအုပ်မှာ အနောက်တိုင်းဆေးပညာနှင့် လုံးဝ စိမ်းသက်နေသူများနှင့် အထူး သင့်လျော်လှပေသည်။
ချင်းလိုင်တိသည် သူမကိုယ်သူမ တိုင်းရင်းဆေးသမားတော်တစ်ဦး ဖြစ်သည့်အတွက် အနောက်တိုင်း ဆေးပညာကို သင်ယူနိုင်မည် မဟုတ်ဟု မခံယူထားပေ။
စင်စစ်အားဖြင့် အတိတ်ဘဝတွင်လည်း လောင်ဟဲသည် သူမကို ဆေးစစ်ရန် အပြင်သို့ ခေါ်သွားပေးလေ့ ရှိကာ သူမကိုယ်တိုင်ကလည်း အားလပ်ချိန်တိုင်းတွင် ဆေးပညာနှင့် ပတ်သက်သည့် အစီအစဉ်များ၊ စာအုပ်များကို ဖတ်ရှုခဲ့ဖူးသည့်အတွက် အနောက်တိုင်းဆေးပညာနှင့် ပတ်သက်သည့် အခြေခံများ ကျန်ရစ်နေဆဲ ဖြစ်ပေသည်။
သို့သော် နောက်ပိုင်းခေတ် တရုတ်ဆေးပညာလောကမှာ တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာကို ပေါင်းစပ်အသုံးပြုလာကြရာ သူမထံတွင် အနောက်တိုင်းဆေးပညာနှင့် ပတ်သက်၍ ခိုင်မာသည့် အခြေခံ မရှိသည့်အတွက် ထိုအဆင့်အထိ မတက်လှမ်းနိုင်ခဲ့ချေ။
နောက်ပိုင်းတွင် လောင်ဟဲထုန်က သူမကို ကူညီပေးရန် ကျန်းမာရေးဌာနသို့ သွားရောက်ကာ တောင်းဆိုပေးခဲ့သည်။ သို့သော် သူမသည် ဆေးရုံဆေးခန်းများတွင် အလုပ်မလုပ်တော့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည့်အပြင် ဆေးဘက်ဆိုင်ရာ ပုံမှန်စစ်ဆေးခြင်း စာမေးပွဲများကိုလည်း အချိန်မီ မပါဝင်နိုင်ခဲ့ချေ။
ထို့အပြင် သူမ ရထားသည့် အသိအမှတ်ပြု လက်မှတ်မှာလည်း သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သည့်အတွက် နောက်တစ်ကြိမ် စာမေးပွဲ ပြန်ဖြေရမည် ဖြစ်သည်။ သို့သော် ဖြေဆိုရမည့် ဘာသာအများစုမှာ သူမ အားနည်းသည့် အနောက်တိုင်း ဆေးပညာများ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင်မူ သူမ တတ်နိုင်သည့်အရာဟူ၍ အဆောက်အဦးတွင် နေထိုင်သည့် ဘိုးဘွားများအား စစ်ဆေးကာ ဆေးညွှန်းပေးခြင်းတို့သာ ရှိတော့သည်။ အကယ်၍ သူမသာ အမှန်တကယ် ငွေရှာလိုပါလျှင် လိုအပ်သည့် အဆင့်ဆင့်ကို ဖြတ်ကျော်ရဦးမည် ဖြစ်ပေသည်။
ဖတ်ရန် မတန်သည့် စာအုပ်ဟူ၍ မရှိလှချေ။
တစ်လခန့် ကြာပြီးနောက် ကောင်တီ ကျန်းမာရေးဌာနမှ ကြီးမှူးကျင်းပမည့် လေ့ကျင့်ရေးသင်တန်း ဝင်ခွင့်စာမေးပွဲ အချိန်ဇယား ထွက်လာတော့သည်။ စာမေးပွဲစုစုပေါင်း ၂ ခုကို ဖြေဆိုကြရမည်ဖြစ်ကာ မနက်ပိုင်း၌ ဖြေရမည့် ဆေးပညာအခြေခံ စစ်ဆေးခြင်းမှာ စင်စစ်အားဖြင့် အနောက်တိုင်းဆေးပညာကို အခြေခံသည့် နာမ်အမျိုးအစား ရှင်းလင်းချက်နှင့် မေးခွန်းတိုများသာ ဖြစ်ပေသည်။
အဖြေမှန် ရွေးရသည့် မေးခွန်းများ မပါရာ ၎င်းကို အားကိုးပြီး ဖြေမည်ဟု စဉ်းစားထားပါလျှင် အောင်လိမ့်မည် မဟုတ်ချေ။
စာမေးပွဲခန်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မကျေမနပ် ရေရွတ်သံများကို ဆက်တိုက် ကြားလိုက်ရတော့သည်။ အကြောင်းမှာ အားလုံးသည် ဝင်ခွင့်စာမေးပွဲအား တိုင်းရင်းဆေးနှင့် ပတ်သက်သည့် မေးခွန်းများဖြင့် ရွေးချယ်လိမ့်မည်ဟု ထင်ထားကြ၍ ဖြစ်သည်။
အကြောင်းမှာ အခြေခံအဆင့် ကျန်းမာရေးဝန်ထမ်းများတွင် လက်တွေ့စမ်းသပ်ချက်နှင့် ရောဂါအခြေအနေ စစ်ဆေးခြင်းများ မပါရှိသောကြောင့် ဖြစ်သည်။ စာမေးပွဲ မေးခွန်းများ၏ ရလဒ်ကိုမူ မည်သူမှ မသိကြချေ။ မေးခွန်း ၈၀ ရာခိုင်နှုန်းမှာ တစ်ကြိမ်တစ်ခါမှ မကြားဖူးသည့် အနောက်တိုင်းဆေးပညာ အခေါ်အဝေါ်များ ဖြစ်နေသောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ချင်းရှန်းသည် အခြေခံ အနည်းငယ် ရှိထားသည့်အပြင် စနစ်တကျ ခန္ဓာဗေဒ စာအုပ်ပါ အကြောင်းအရာအားလုံးကိုပါ အလွတ်ရသည်အထိ မှတ်သားထားသည့်အတွက် အခက်မတွေ့ခဲ့ရချေ။
နေ့လည်ပိုင်းတွင် တိုင်းရင်းဆေးစာမေးပွဲကို ဖြေဆိုရ၏။ အခြေခံ တိုင်းရင်းဆေးဗဟုသုတအပြင် ရှေးဆေးကျမ်းများ၊ ရောဂါလက္ခဏာများနှင့် တိုင်းရင်းဆေးများနှင့် ပတ်သက်သည့် ဗဟုသုတကိုပါ စစ်ဆေးရုံသာမက ထိခိုက်ကျိုးပဲ့သွားသည့် နေရာအား ပက်တီးစည်းရမည့်ပုံစံ၊ နာကျင်နေသည့် နေရာအား အပ်စိုက်ကုထုံးဖြင့် ကုသခြင်း အစရှိသည့် လက်တွေ့စစ်ဆေးခြင်းများလည်း ပါဝင်ပေသည်။ ထိုမေးခွန်းများမှာ ချင်းရှန်းအတွက်မူ မျက်စိမှိတ်ပြီး ဖြေလျှင်ပင် မမှားနိုင်သည့် မေးခွန်းများ ဖြစ်ပေသည်။