Chapter 23
Vol. 2 Ch. 23
စာမေးပွဲ ပြီးသည်နှင့်တစ်ပြိုင်နက် သူမသည် အချိန်ဖြုန်းမနေတော့ဘဲ အိမ်ပြန်ရန်သာ အမြန် ပြင်ဆင်လိုက်တော့သည်။ နှစ်သစ်ကူးချိန် နီးလာပြီဖြစ်ကာ နှင်းများကျပြီး နေ့တာလည်း တိုလာသည့်အတွက် တောင်တက်လမ်းအတိုင်း သွားခြင်းသည် များစွာ မလုံခြုံတော့ချေ။
ကျန်းမာရေးဌာနမှ ကားမှတ်တိုင်သို့ ရောက်ရှိရန်ပင် ဆယ်မိနစ်ခန့် လမ်းလျှောက်ရသေးသည်။ သူမက အဝတ်များကို သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ထွက်လာလိုက်၏။ အမှတ်နှင့် စပ်လျဉ်း၍ စိတ်ပူခြင်းမရှိဟု ဆိုပါလျှင် လိမ်ရာကျပေလိမ့်မည်။
အတိတ်ဘဝတွင် ကျောက်ဟိုင်ယန်နှင့် ကျောက်ဟိုင်ယန်းတို့သည် အတန်းတင်စာမေးပွဲ ဖြေရလေတိုင်း အိပ်မပျော်နိုင်ကြတော့။ သူတို့၏ အချိန်နှင့် စွမ်းအင်များစွာကို မြှုပ်နှံထားရသည့်အပြင် သူမကိုယ်တိုင်သည်လည်း သူတို့ကို စောင့်ကြည့်ရင်း ထပ်ကာတလဲလဲ လေ့လာမိလျက်သား ဖြစ်သွားပေရာ ထိုစာမေးပွဲသည် သူတို့ကိုသာ အကဲဖြတ်သည်မဟုတ်၊ သူမကိုလည်း မိခင်တစ်ဦး၊ ဆရာမတစ်ဦးအနေဖြင့် အကဲဖြတ်ရာ ရောက်ပေသည်။
ထိုသို့ တွေးနေစဉ်မှာပင် လူတစ်ယောက်က သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
လှည့်ကြည့်လိုက်သည့်အခါ ပြည်နယ်ပိုင် စားသောက်ဆိုင်မှ ထွက်လာသည့် အပြာရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။
"အစ်မကြီး ..."
ချင်းအိုက်လန်က သူမ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"လူမှားနေတယ်လို့တောင် ထင်မိတော့မလို့ မြို့ပေါ် ရောက်နေတာကို ဘာလို့ ငါ့ကို လာမရှာတာလဲ ..."
အတိတ်တွင် ချင်းလိုင်တိသည် မြို့ပေါ်သို့ လာရလေတိုင်း စတီးစက်ရုံရှိ မိသားစုအိမ်ယာသို့လာကာ သူမကို လာရှာလေ့ရှိသည်။ သို့သော် ထိုအချိန်က သူမထံတွင် လစာမရှိသည့်အတွက် ဆုံးဖြတ်ချက် မချနိုင်၊ မည်သည့်ညီမကိုမှ ကောင်းစွာ ဂရုစိုက်မပေးနိုင်ခဲ့ချေ။
"လာလေ .. မစားရသေးဘူး မဟုတ်လား ..."
လိုင်တိမှာ ဘုမသိ ဘမသိဖြင့် ဟော်တယ်ထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
မတွေ့ရသည်မှာ အနည်းငယ်သာ ကြာသေးသည့်တိုင် ချင်းအိုက်လန်မှာ မျက်နှာတစ်ပြင်လုံး ပန်းရောင်သမ်းကာ မျက်ဝန်းများလည်း တောက်ပလာပြီး အနည်းငယ်ပင် အသားတိုးလာတော့သည်။ သူမ၏ လက်ရှိပုံစံမှာ ယခင်ထက် ရွှင်လန်းတက်ကြွကာ အလှကြီး လှပလာတော့သည်။
ချင်းရှန်းက သူမ၏ ဆုံးဖြတ်ချက်မှာ အမှန်တကယ်ပင် မှန်ကန်လှသည်ဟု ခံစားမိခဲ့သည်။
ယနေ့မှာ စနေနေ့ ဖြစ်သည့်အတွက် ပြည်နယ်ပိုင် စားသောက်ဆိုင်သည် အလုပ်မဆင်းမီ နေ့လည်စာကိုသာ ရောင်းချသည်။ အဓိကစားဖိုမှူးမှာ အလုပ်ဆင်းသွားပြီဖြစ်ကာ သန့်ရှင်းရေးလုပ်ရန်သာ ကျန်ရှိတော့သည်။ အိုက်လန်သည် ဤအလုပ်တွင် လူသစ်ဖြစ်သည့်အတွက် နေ့စဉ်နေ့တိုင်း အလုပ်သိမ်းသည်အထိ ကြိုးစားပမ်းစား အလုပ်လုပ်ရပေသည်။
"ကျဲကျဲ ဘယ်ကတည်းက အလုပ်စလုပ်နေတာလဲ ..."
"နှစ်လပဲ ရှိသေးတယ် အခုထိတော့ ခွင့်ယူလို့ မရသေးဘူး။ ပြီးခဲ့တဲ့လက ငါ ဘေးအိမ်က အဒေါ်လျှိုနဲ့ လူကြုံ စကားပါးလိုက်သေးတယ်လေ ဘာလို့ ငါ့ဆီ မလာကြတာလဲ ..."
လက်စသတ်တော့ ဘေးအိမ်က မုဆိုးမလျှိုကိုး။ တမင်တကာ မေ့ပစ်လိုက်သလားမှ မသိတာ ...
စားသောက်ဆိုင်ထဲတွင် သူမတို့ နှစ်ဦးတည်းသာ ရှိပေသည်။ အိုက်လန်က မီးမသေသေးသည့် မီးဖိုကို ပြန်မွှေးကာ ဝိုင်းစက်သည့် ကောက်ညှင်းကိတ်နှစ်လုံးကို တင်၍ မီးဖုတ်လိုက်သည်။
"ဒီနားလာ မီးလှုံရအောင် ..."
မီးတောက်လာသည်နှင့်တစ်ပြိုင်နက် အပူချိန်မှာ ချက်ခြင်း ထိုးတက်လာတော့သည်။ မီးဖိုချောင်တစ်ခုလုံး နွေးထွေးနေသည့်အတွက် ချင်းရှန်းသည် အနည်းငယ်ပင် အိုက်စပ်စပ် ဖြစ်လာကာ ဂွမ်းကပ်အင်္ကျီကော်လာစကို ဟထားလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။
"မလုပ်နဲ့ အအေးမိလိမ့်မယ် ..."
အိုက်လန်က ကောက်ညှင်းကိတ်နှစ်ခုကို စောင့်ကြည့်နေရင်း တားမြစ်လိုက်သည်။ မီးဖိုကို ပြန်ဖွင့်လိုက်သည့်အခါ အနည်းငယ် စေးကပ်ကာ ချိုမြိန်လှသည့် မွှေးရနံ့ကို တစ်ပါတည်း ရရှိလိုက်တော့သည်။
"လာ စိတ်မသန့်တာမျိုး မဖြစ်နဲ့ နေ့လည်စာ ဝေစုရတဲ့အထဲက ချန်ထားတာ ဘယ်သူမှ မထိရသေးဘူး ..."
ဝန်ထမ်းများသည် မိမိ အလိုရှိရာကို စိတ်တိုင်းကျ ချက်ပြုတ်စားသောက်နိုင်ကာ လုပ်ငန်းခွင်မှ ကျွေးသည့် ထမင်းမှာ အခမဲ့ ဖြစ်ပေသည်။
ဖြောင့်မတ်မှန်ကန်သည့် စိတ်ထားပိုင်ရှင် ချင်းအိုက်လန်အဖို့ ဗီရိုထဲမှ ပျားရည်ကို တိတ်တိတ်လေး ထုတ်ယူရန် မလွယ်ကူလှပေ။ ဤသည်မှာ ပြည်သူပိုင်ပစ္စည်း ဖြစ်သည့်အပြင် တန်ဖိုးအားဖြင့်လည်း အလွန် ကြီးမားလှပေသည်။
"ဘယ်လိုလဲ .. ပျားရည်နဲ့ မတို့တော့ ချိုရောချိုရဲ့လား ..."
"တကယ်ကို ချိုတာ တစ်ကိုက်လောက် ကိုက်လိုက်တာနဲ့တင် ဗိုက်ထဲ နွေးသွားတာပဲ ..."
ညီအစ်မနှစ်ဦးသည် မီးလှုံရင်း စကားလက်ဆုံ ကျလိုက်ကြသည်။ ထို့နောက် အမှောင်ထု တစ်ဖြည်းဖြည်း ချဉ်းကပ်လာသည့်အခါ ချင်းအိုက်လန်ကလည်း ချင်းရှန်းသည် လျှိုအိမ်တွင် မတည်းလိုကြောင်း သိနေသည့်အတွက် လမ်းတွင် အန္တရာယ် မကြုံစေရန် အလို့ငှာ အမြန် ပြန်ရန် ပြောလိုက်တော့သည်။
"ဒါ ဒီနှစ်လအတွင်း ငါ စုထားတာတွေ .. အစကတော့ နားရက်တစ်ရက်ရက်မှ လာပို့ပေးမလို့ပဲ။ ဒါပေမယ့် နင် ရောက်လာတော့ တစ်ခါတည်းပဲ ထည့်ပေးလိုက်တော့မယ်။ ဒါတွေအကုန် အခြောက်ခံထားပြီးသားတွေ ဟင်းချက်စားလို့ ရပြီ ..."
စားပွဲထိုးတစ်ဦးအနေဖြင့် သူမသည် ဝင်ငွေများစွာ ရရှိရမည် ဖြစ်သော်ငြား လက်တွေ့တွင်မူ ဧည့်သည်များ မကုန်ဘဲ ကျန်ရစ်သည့် စားစရာ အကြွင်းအကျန်များသာ ဖြစ်ပေသည်။ မိသားစုအခြေအနေ ကောင်းမွန်သူများ စားသောက်ဆိုင်သို့ လာရောက်ကာ စားသောက်ကြပြီးနောက် ငါးကြော်ကဲ့သို့သော ဟင်းပွဲမျိုးကို စားမကုန်သည့်အခါ သူတို့ကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် အလိုရှိပါလျှင် အသားခြောက်လုပ်ကာ ယူဆောင်သွား၍ ရပေသည်။
"စိတ်မသန့်တာတွေဘာတွေ မဖြစ်နဲ့ .. တူနဲ့တော့ ထိထားတာတွေ ရှိပေမယ့် ရေနွေးပူပူထဲ ထည့် ပိုးသတ်ပြီးမှ နေလှန်းထားတာ ပြီးတော့ ဆီနဲ့လည်း ပြန်ကြော်ထားသေးတယ်။ ငါက စွပ်ပြုတ်တို့ ရေတို့တောင် မပါတာမျိုး မလိုချင်လို့ ..."
ချင်းမိသားစုသည် လစဉ်လတိုင်း အသားစားနိုင်နေပါလျှင် ချင်းကန်းသည် မကျေမနပ် ဖြစ်နေစရာအကြောင်းပင် ရှိလိမ့်မည် မဟုတ်ချေ။ အကြီးဆုံးအစ်မသည် စစ်မှန်သည့် စိတ်ရင်းဖြင့် ပြောနေခြင်း ဖြစ်သည်။
သူမသည် ရိုးသားကာ အခြားသူများကဲ့သို့ စားသောက်သူထံ မတည်ခင်းရသေးသည့် မစားအစာများအား တိတ်တဆိတ် ခိုးဝှက်မထားတတ်။ ပြည်သူပိုင်ပစ္စည်းများအပေါ် အကျိုးအမြတ် ရယူခြင်း မရှိ၊ ဧည့်သည်တို့၏ စားကြွင်းကိုသာလျှင် ယူခဲ့ပေသည်။
"ဒီအထုပ်ကကျ ပြီးခဲ့တဲ့အခေါက်က ဆရာ ငါတို့ကို ပေးတဲ့ ဝက်သားနှပ်အထုပ် လက်လက်ဆတ်ဆတ် ချက်ထားတဲ့ဟာ။ ပြီးတော့ လူတိုင်း ရတာ ငါက ချက်ခြင်းကြီး မစားချင်တာနဲ့ မှိုမတက်အောင် ခြောက်သွေ့နေတဲ့အထိ ကြော်ပေးဖို့ အကူအညီ တောင်းခဲ့တာ ..."
အိုက်လန်က ဆီကြော်အိတ်တစ်ထုပ်ကို ညွှန်ပြကာ ပြောလိုက်သည်။ သူမသည် ထိုပစ္စည်းများအား ခင်ပွန်း၏ မိသားစုထံ ပြန်သယ်မသွားဘဲ တိတ်တဆိတ် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။
ချင်းရှန်း၏ မျက်ဝန်းများ စိုစွတ်သွားတော့သည်။
"ကောင်းပါပြီ .. အစ်မလည်း ဘာမှ စိတ်ပူမနေနဲ့ စားစရာရှိတာသာ စားပါ ..."
"အစ်မကြီး .. ပြန်တော့မယ်နော် အစ်မလည်း အကြီးဆုံးခဲအို စိတ်ပူမနေရအောင် မြန်မြန်ပြန်တော့ ..."
"ကိစ္စမရှိပါဘူး သူက ဒီနေ့ အချိန်ပို ဆင်းရမှာ မနက်ဖြန် မနက်မိုးလင်းမှ ပြန်လာနိုင်မှာ ..."
ဟော်တယ်ထဲမှ အထုပ်အပိုးအပြည့်ဖြင့် ပြန်ထွက်လာရသည့်အပြင် အစ်မဖြစ်သူ၏ တိုက်တွန်းမှုကိုပါ လက်ခံလိုက်ရသည့်အတွက် ချင်းလိုင်တိ၏ အပြန်ခြေလှမ်းများမှာ ပိုမိုကာ အင်အားတက်ကြွလာတော့သည်။ ဒီလိုအစ်မမျိုး ရှိတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲဟုပင် တွေးမိသည့်အထိပင်။
ကံကောင်းစွာဖြင့် နှင်းကျနေသည်ကလည်း အချိန်မီ ရပ်တန့်သွားခဲ့သည့်အပြင် သူမသည် တောင်ကြားကိုဖြတ်ကာ ကောင်တီ၏ မူလတန်းကျောင်း နောက်ဖေးပေါက်သို့ တိုက်ရိုက်ရောက်သည့် လမ်းကိုလည်း သိထားပေသည်။
နောက်ထပ် မီတာ ၂၀၀ ခန့် လျှောက်ပြီးနောက် သူမသည် အများသုံးဘတ်စ်ကားဂိတ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ကုန်တင်ကားနှင့် မီနီဘတ်စ်လေးများ ရပ်နားလေ့ရှိကာ သူမသာ ကံကောင်းထောက်မစွာဖြင့် တပ်မဟာပိုင် ထွန်စက်ကိုဖြစ်စေ ရွာကို ပြန်မည့်သူတစ်ဦးဦးကိုဖြစ်လျှင် တွေ့ခဲ့ပါလျှင် ရွာဝင်ပေါက်အထိ တစ်ထိုင်တည်း ရောက်နိုင်မည် ဖြစ်ပေသည်။
ထိုသို့ တွေးနေစဉ်မှာပင် အရှေ့တွင် ရှိနေသည့် ပုံရိပ်နှစ်ခုက သူမ၏အာရုံကို ရုတ်တရက် ဆွဲဆောင်သွားသည်။
အေးစက်လှသည့် ဆောင်းရာသီ .. ကျဉ်းမြောင်းလှသည့် တောင်ကြားလမ်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက တင်းကြပ်စွာ ပွေ့ဖက်ထားသည်။ နီးနီးကပ်ကပ် ပွေ့ဖက်ထားမှုကို အခွင့်ကောင်းယူကာ အမျိုးသားက တစ်ဖက်လူ၏ ခါးကို တင်းကြပ်စွာ ဖက်တွယ်ရင်း တင်ပါးကို ဖျစ်ညှစ်နေခဲ့သည်။ သူတို့နှစ်ဦး၏ ပုံစံမှာ အလွန် ရင်းနှီးနေပေသည်။
ထိုအခိုက်အတန့်၌ .. ပွေ့ဖက်နေသည့် စုံတွဲထဲမှ အမျိုးသားက ဖျတ်ခနဲ တစ်ဖက်သို့ လှည့်ကြည့်မိလိုက်သည်။ ထိုသူ၏ ရိုးသားကြင်နာတတ်ဟန် ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသည့်အခါ ချင်းရှန်းသည် ကြောင်အမိသွားတော့သည်။
ဒါက အကြီးဆုံးခဲအိုကြီး လျှိုကျားဝေ့ မဟုတ်ဘူးလား။
အစ်မကြီး ပြောတော့ကျ သူက အချိန်ပို ဆင်းနေတာဆို ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ။ ကောင်တီ မူလတန်းကျောင်းနဲ့ စတီးစက်ရုံဆိုတာ မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်လေ ဘယ်လောက်ပဲ အချိန်ပိုဆင်းဆင်း ဒီအထိ ရောက်လာနိုင်စရာမှ မရှိတာ။
ချင်းရှန်းက ပဝါဖြင့် မျက်နှာကို စည်းကာ ပစ္စည်းများကို ပွေ့မလျက် ထွက်လာလိုက်သည်။ သူမက မြောက်လေကြမ်းကို ရှောင်ရှားရန် ခါးကို ကိုင်းထားလိုက်၏။ အမျိုးသား၏ အကြည့်တို့က သူမထံ ဖျတ်ခနဲ ရောက်လာခဲ့သော်ငြား ထို့နောက်တွင်မူ သူ့ရင်ခွင်ထဲမှ အမျိုးသမီးကိုသာ ကလူကျီစယ်နေလိုက်တော့သည်။
"လာလေ ကျားဝေ့ အပြင်မှာ အရမ်းအေးနေပြီ ..."
အမျိုးသမီးက ပြီတီတီဖြင့် ပြောလိုက်သည်။
"ကျားဝေ့" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အတွက် ချင်းရှန်းသည် ထိုယောကျာ်းမှာ သူမ၏ အကြီးဆုံးခဲအို လျှိုကျားဝေ့ဖြစ်ကြောင်း ပိုမိုကာပင် သေချာသွားတော့သည်။
မိုးကြိုးတစ်ချက် ပစ်ချခံလိုက်ရသည့်အလား ချင်းလိုင်တိသည် သူမ မည်သည့်အရာကို ကြုံတွေ့ခဲ့ရကြောင်း သဘောပေါက်သွားကာ ချက်ခြင်းဆိုသလိုပင် ထျန်းလင်ကိုင်းထံသို့ မိစ္ဆာအခိုးအငွေ့များ မှုတ်ထုတ်လိုက်တော့သည်။
သို့သော် ယခုလက်ရှိ အခိုက်အတန့်၌ အစ်မကြီးသည် တစ်ဖြည်းဖြည်းချင်း ပိုမိုကောင်းမွန်လာနေပြီဖြစ်ကြောင်း တွေးမိလိုက်သည့်အခါ ချင်းရှန်းသည် အသက်ကို ပြင်းပြင်းရှူကာ ဒေါသစိတ်တို့ကို ဖိနှိပ်လိုက်၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ထိုစုံတွဲ ဝင်သွားသည့် အိမ်လိပ်စာကို မှတ်သားပြီးကာမှ ခရီးဆက်လိုက်တော့သည်။
ထိတ်လန့်မှုနှင့် ဒေါသစိတ်တို့သည် အိမ်ပြန်ရောက်သည်အထိပင် မပြေပျောက်သေး။ သုံးရက်မြောက်နေ့သို့ ရောက်သည့်အခါ ချင်းကွေ့ဟွားနှင့် ချင်းဖန်ကပါ သူမ မူပျက်နေသည်ကို ရိပ်မိသွားကြတော့သည်။
စိတ်တိုနေတာဆိုတော့ စာမေးပွဲ ကျလာခဲ့လို့ နေမှာ ...
"စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့လည်း ကိစ္စတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီ့ စာမေးပွဲ မဖြေတောင် ရွာထဲက လူတွေကိုတော့ ကုပေးလို့ ရတာပဲဟာ ..."
လတ်တလောတွင် သူမ၏ ဂုဏ်သတင်းသည် အနီးအနား တပ်မဟာများသို့ပင် ပျံ့နှံ့သွားကာ လာရောက်ကုသသူများလည်း ရှိလာခဲ့သည်။
ချင်းရှန်း၏ ဆေးပညာစွမ်းရည်ကို ယုံကြည်သူများ အများအပြား မရှိသေးသည့်တိုင် သူမကမူ ကုသခ နှုန်းထားကို မပြောင်းလဲသေးချေ။ သူမက ဆေးကုသစရိတ်အတွက် ကြက်ဥနှစ်လုံးနှင့် ကောက်ပဲသီးနှံ ကတ်တီဝက်သာ ကောက်ခံ၏။ ဆေးပင်များကို တောင်ပေါ်မှ ခူးယူနိုင်ပေရာ ငွေတစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဆရာဝန်နှင့် ပြသနိုင်သည့်သဘောပင် ဖြစ်ပေသည်။ ထို့ကြောင့် ရွာသားများအနေဖြင့်လည်း ငြင်းဆန်လိမ့်မည် မဟုတ်ချေ။
ချင်းကွေ့ဟွားက အကြံပေးစကားတစ်ခွန်းနှစ်ခွန်း ပြောတော့မည်ပြုစဉ် အသံချဲ့စက်မှ ဝမ်လီဖန်း၏ အော်ပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။
"အားလုံးပဲ နားထောင်ပေးကြပါ ချင်းမိသားစုရဲ့ လောင်တိ အိုး မဟုတ်သေးပါဘူး ချင်းရှန်း ... ကောင်တီလေ့ကျင့်ရေးအတန်းရဲ့ စာမေးပွဲရလဒ်တွေ ထွက်လာပြီတဲ့ သူမကို မြန်မြန်လေး ခေါ်လာကြပေးပါ ..."
"အားလုံးပဲ နားထောင်ပေးကြပါ ကျန်းမာရေးဌာနကနေ ဆက်သွယ်လာပါတယ် ချင်းရှန်း ..."
"ဟေး စာမေးပွဲ ကျတာကိုတောင် တစ်ကူးတစ်ကကြီး ဆက်သွယ်ပြီး အကြောင်းကြားသေးတာပဲလား ကြုံမကြုံဖူးပါဘူး ..."
ချင်းကွေ့ဟွားသည် သူမ၏မြေးမ စာမေးပွဲကျသည့်အပေါ် နှမြောမိသော်ငြား တိရိစ္ဆာန်များအား အစာကျွေးရသည့် အလုပ်ကလည်း မဆိုးလှဟု ခံစားမိပေသည်။
ချင်းရှန်းက တပ်မဟာဌာနချုပ်သို့ မီတာ ၁၀၀ နှုန်းဖြင့် အပြေးသွားလိုက်သည်။ ဝမ်လီဖန်းက မိုက်ခရိုဖုန်းကို အနီရောင် ပိုးသားစဖြင့် ဂရုတစိုက် ပွတ်တိုက်ကာ ပြောလိုက်သည်။
"ဒီမှာ ကောင်မလေး .. သူတို့ဘက်က နောက် ၁၀ မိနစ်နေရင် ပြန်ခေါ်မယ်တဲ့ .. စောင့်နေလိုက်ပါ ..."
"တအားကြီးလည်း စိတ်ဖိစီးမနေနဲ့။ ငါ ကြားတာတော့ ဒီတစ်ယောက်က စိတ်ထားလေး မဆိုးဘူးတဲ့။ လူဆိုးတစ်ယောက်တော့ မဟုတ်လောက်ပါဘူး ..."
"အပုပ်ချချင်တဲ့ လူတွေရဲ့ စကားကို နားမထောင်နဲ့ မင်းသာ မအောင်ရင် အောင်မယ့်သူကို မရှိတော့ဘူး ..."
ဝမ်လီဖန်းက သူမ၏ နှစ်သိမ့်စကားများမှာ သဘာဝမကျလှဟု တွေးမိသွားဟန်ပင်။ သူမသည်လည်း လိုင်တိ၏ ယခင်စာမေးပွဲရမှတ်များကို သိထားသူတစ်ဦး ဖြစ်ပေသည်။ သို့သော် ထိုစာမေးပွဲများမှာ လူနာကို ကုသခြင်းအား စစ်ဆေးသည့် စာမေးပွဲ မဟုတ်၊ ယဉ်ကျေးမှု ဗဟုသုတတို့အကြောင်း စစ်ဆေးခြင်းသာ ဖြစ်ပေရာ သူမသည် ချင်းရှန်းကို ပြုံးပြကာသာ စိုက်ကြည့်နေလိုက်တော့သည်။
ရွာသားများသည် သူမက လောင်ဟဲအပေါ် အားကိုးနေသည်ဟု ကြားလိုက်ရကာစက တစ်နေကုန် ငန်းဖမ်းရန် လိုက်နေသော်ငြား အဆိတ်ခံလိုက်ရသည်သာ အဖက်တင်သူနှစ်ဦးကဲ့သို့ တစ်ချိန်ချိန်တွင် နောင်တရကြလိမ့်မည်ဟု ကောက်ချက်ချခဲ့ကြသည်။
ယခုလက်ရှိ၌ပင်လျှင် မိသားစုထဲသို့ အသစ်ဝင်ရောက်လာသည့် ယောကျာ်းသားမှာ ခြေမသန်။ မုဆိုးမအိုကြီးနှင့် မိဘမဲ့သုံးဦးက ရှိနေသေးသည်။ နှစ်ကုန်ပိုင်းတွင် ဝေငှပေးနေကြ စားစရာမှာလည်း နှစ်ဝက်စာပင် လုံလောက်မည် မထက်။ တစ်မိသားစုလုံး တုတ်ချောင်းသဖွယ် ပိန်လှီကာ အထူးသဖြင့် မုဆိုးမချင်မှာ ခါးရိုးများပင် ငေါထွက်နေသည်အထိ ကျုံလှီလှသည်။
ခါးကို ထိုထက်ပိုပြီး ကြပ်ထုပ်နေအောင် မစည်းနိုင်တော့သည့်အတွက် မြင်သူတိုင်းက သူမကို ကရုဏာ သက်မိကြသော်ငြား သူမကမူ လိုင်တိသည် သာမန်မဟုတ်ဟု ခံစားမိနေပေသည်။
အနာဂတ်တွင် မည်သူ နောင်တရမည်ဆိုတာကို မသိနိုင်သေးချေ။
"ဒါနဲ့ မင်းတို့ဘေးအိမ်က ပေါင်ကျူးနဲ့ရော အဆက်အသွယ် ရှိကြလား ..."
သူမက အတိတ်တွင် လိုင်တိကို စိတ်ထားမကောင်းသူဟု ရိပ်ဖမ်းသံဖမ်း ပြောခဲ့ဖူးသည်။ မုဆိုးမ အဘွားကြီးနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေကြရာ .. ပေါင်ကျူးကရော သူမကို သူငယ်ချင်းကောင်းအဖြစ် ဆက်ဆံခြင်း ရှိမရှိ တွေးဖွယ်ရာပင်။
ချင်းရှန်းက ခေါင်းယမ်းပြလိုက်သည်။ ဝမ်လီဖန်းကလည်း ခေါင်းယမ်းပြလိုက်၏။
"ကြားတာတော့ သူမက တပ်မဟာမြို့တော်ကို လိုက်သွားတယ်တဲ့ ပြီးတော့ ကျောက်ချင်းစုန့်က စားသောက်ဆိုင်မှာ အလုပ်သွင်းပေးထားတယ် ဆိုလားပဲ ..."
ချင်းရှန်းသည်လည်း အတိတ်ဘဝတွင် စက်ရုံ ၄၁၂ ၏ စားသောက်ဆိုင်၌ အလုပ်လုပ်ခဲ့ဖူးပေသည်။ ၎င်းမှာ စည်းကမ်း အလွန်တင်းကြပ်လှသည့် လျှို့ဝှက်တပ်ဖွဲ့ဖြစ်ရာ အလုပ်လုပ်ရသည်မှာ အလွန် ပင်ပန်းဖွယ်ရာပင်။ တစ်နေ့လျှင် စကားသုံးခွန်းထက်ပင် ပိုပြီး မပြောနိုင်သည်အထိ ဖြစ်သည်။ မည်သူကမှ ထိုအလုပ်ကို ၁၈ နှစ် ၁၉ နှစ်ကြာ လုပ်နိုင်မည် မဟုတ်ချေ။ သူမသည်ပင် လဝက်မပြည့်ခင်မှာပင် နှုတ်ထွက်စာ တင်ခဲ့ရသည်။
ဝမ်လီဖန်းက ပြောလိုက်သည်။
"အိုး ငါကြားတာတော့ အဲဒီ့အလုပ်က တအား ပင်ပန်းတာဆို ပေါင်ကျူးက ဆက်ပြီးတောင် လုပ်နိုင်ပါ့မလား မသိဘူး။ သိပ်မကြာခင် ပြန်လာကြမယ်တဲ့။ ကျောက်ချင်းစုန့်ပါ ပါလာမယ်လို့ ပြောတယ် ဒါ သူတို့တွေ လက်ထပ်ပြီးနောက်ပိုင်း မိဘအိမ် ပြန်လာတဲ့ ပထမဆုံးအကြိမ်ပဲ ..."
ထိုသို့ စကားပြောနေကြစဉ်မှာပင် ဖုန်းက နောက်တစ်ကြိမ် မြည်လာသဖြင့် ချင်းကျီက ကောက်ကိုင်လိုက်သည်။ တစ်ဖက်လူက ချင်းကျီ ရှိပါသလားဟု မေးသောအခါ သူမက အမြန် ပြန်ဖြေလိုက်သည်။
"ဟယ်လို ရဲဘော် ကျွန်မက ချင်းကျီပါ ..."
တစ်ဖက်လူက သူမကို ဤမျှအထိ ငယ်ရွယ်လိမ့်မည်ဟု ထင်မထားသည့်အတွက် သူမ၏ ကိုယ်ရေးအချက်များကို ထပ်တလဲလဲ မေးမြန်းကာ အတည်ပြုလိုက်သည်။
"ဂုဏ်ပြုပါတယ် ရဲဘော်ချင်းရှန်း .. မင်းက ငါတို့ကောင်တီကနေ ကျင်းပတဲ့ ကျန်းမာရေးဝန်ထမ်း ရွေးချယ်ရေး စာမေးပွဲမှာ ပထမဆု ရခဲ့ပါတယ် ..."
ကလေးဘဝကတည်းက ဘိတ်ချီးအဆင့်ကိုသာ ဗိုလ်စွဲထားသူ ဖြစ်သည့်အတွက် ပထမဟူသော စကားမှာ သူမကို အမှန်တကယ်ပင် တုန်လှုပ်စေခဲ့သည်။ ဟုန်ရှင်းကောင်တီသည် ထုတ်လုပ်ရေးတပ်မဟာ ၁၄၈ ခုနှင့် လူနေထူထပ်ကာ ကောင်တီဌာနချုပ် တည်ရှိရာ ကွန်မြူနတီ ၁၂ ခု ပါရှိသည့် ကျယ်ပြန့်သော နယ်မြေတစ်ခု ဖြစ်ပေသည်။ စုစုပေါင်း ဖြေဆိုသူ ၁၆၀ ရှိသည့်အနက် ဂျူနီယာ အထက်တန်းဆင့် အောင်မြင်ထားသူများသာမက ဆေးပညာနောက်ခံ ရှိသူများပင် ပါဝင်ပေသည်။
ချင်းရှန်းက တစ်ခဏမျှ ကြောင်အနေပြီးကာမှ ကောက်ကာငင်ကာ မေးလိုက်သည်။
"ကျွန်မ ဘယ်နှမှတ် ရခဲ့တာလဲ ..."
"အနောက်တိုင်းဆေးပညာ အခြေခံမှာ ၉၆ မှတ် တိုင်းရင်းဆေးက အမှတ်ပြည့် စုစုပေါင်း ၁၉၆ မှတ် မင်းက ငါတို့ကောင်တီ တစ်ခုလုံးမှာ အမှတ်ပြည့်လုနီးနီး ဖြစ်တဲ့ တစ်ဦးတည်းသော ဖြေဆိုသူပဲ ..."
အမှတ်မှာ မြင့်မားလွန်းလှသည့်အတွက် အားလုံးက မေးခွန်းပေါက်လေသလားဟုပင် အထင်မှားသွားကြတော့သည်။ သို့သော် သေချာ စုံစမ်းစစ်ဆေးပြီးသည့်အခါ မေးခွန်းမှာ ကောင်တီတစ်ခုလုံးစာ ဖြစ်သည့်အပြင် စာမေးပွဲခန်းထဲသို့ ကျန်းမာရေးဌာန၏ အတွင်းရေးမှူးနှင့် ဂုဏ်သရေရှိ ပင်စင်စား လူကြီးမင်းတစ်ဦးက ကိုယ်တိုင် ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။