← Chapters

Chapter 24

Vol. 2 Ch. 24

Chapter 24

Vol. 2 Ch. 24

နှစ်ဦးလုံးမှာ အများ၏ ရိုသေလေးစားခြင်းကို ခံကြရသူများ ဖြစ်ကာ စာမေးပွဲ ဖြေဆိုသူများတွင်လည်း သူတို့နှင့် ပတ်သက်ဆက်နွယ်နေသူ မရှိ။ ထို့ကြောင့် ထိုသူများထံမှ မေးခွန်း ပေါက်ကြားလာစရာအကြောင်း မရှိပေ။

ထို့ကြောင့် အားလုံးက ထိုရဲဘော်ချင်းကျီသည် နှစ်ပေါင်းများစွာ ဆေးကုသဖူးသည့် ဝါရင့်သမားတော်တစ်ဦး ဖြစ်လိမ့်မည်ဟုသာ ကောက်ချက်ချလိုက်ကြတော့သည်။ သို့မဟုတ်ပါလျှင် တိုင်းရင်းဆေးမှာရော အနောက်တိုင်းဆေးပညာမှာပါ ဤမျှအထိ ထူးကဲကျွမ်းကျင်နေလိမ့်မည် မဟုတ်ချေ။ မေးခွန်းများမှာ မလွယ်ကူလှ။ လက်တွေ့ ကုသနေသည့် ဆရာဝန်ကို ဖြေခိုင်းလျှင်ပင် အမှတ်ပြည့် ရလိမ့်မည် မဟုတ်ချေ။ သူမက ၁၈ နှစ်သာ ရှိလိမ့်ဦးမည်ဟု မည်သူကမှ မထင်ထားခဲ့မိချေ။

စာရေးက သူမအား ဆက်လက်ပြီး ကြိုးစားရန် အားပေးစကားအနည်းငယ် ဆက်ပြောလိုက်သည်။ သူမသည် ရွာထဲ၌ ဆရာဖြစ်သူ ဆေးကုချိန်တိုင်း အနောက်မှ လိုက်ခဲ့လေ့ရှိကြောင်းနှင့် ယခုအခါ ကိုယ်တိုင် ရောဂါစမ်းသပ် ကုသနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ချက်ခြင်းပင် ထိုစကားတို့ကို ဖမ်းဆုပ်လိုက်တော့သည်။

"ကောင်းပြီ အစောဆုံးဖွင့်မယ့် ကျောင်းကတောင် နှစ်သစ်ကူးပြီးတဲ့အထိ ဖွင့်ဦးမှာ မဟုတ်ဘူး အကြောင်းကြားစာကို ကျန်းမာရေးဌာနမှာ ကပ်ပေးထားမှာ ဖြစ်တဲ့အတွက် သတိတရနဲ့ သွားကြည့်ပေးပါ ..."

ဖုန်းချပြီးသည်အထိ ချင်းရှန်းမှာ ထိုခေါ်ဆိုမှု၏ ရည်ရွယ်ချက်ကို မခန့်မှန်းတတ်သေးချေ။ ယခုကာလ၌ ဖုန်းဘေလ်များမှာ အလွန် ဈေးကြီးလှပေရာ လူတိုင်းကိုသာ ဖုန်းဆက်ပြီး အကြောင်းကြားရမည်ဆိုလျှင် ဘဏ္ဍာရေးဌာနကိုပါ ကျန်းမာရေးဌာနသို့ ရွှေ့လာရပေလိမ့်မည်။

မခန့်မှန်းတတ်သည့်အတွက် ဆက်ပြီး စဉ်းစားမနေတော့။ သူမတွင် ပိုပြီး အရေးကြီးသည့် ကိုင်တွယ်စရာများ ရှိနေသည်။ အကြီးဆုံးခဲအိုနှင့် ထိုအမျိုးသမီး ဖြစ်သည်။

ယခုအချိန်တွင် ထိုသူကို အကြီးဆုံးခဲအိုဟုပင် မခေါ်လိုတော့။ စိတ်ထဲမှပင် ရွံရှာမိလာတော့သည်။ မျက်စိပါသူတိုင်း သူတို့နှစ်ဦးအကြား ဆက်ဆံရေးကို အရှင်းသား သိမြင်နိုင်ပေသည်။ ချင်းအိုက်လန်က ဆေးကုသမှု ခံယူနေရကာ ဆေးအိုးကြီးသဖွယ် ဆေးဝါးမျိုးစုံကို မှီဝဲနေရစဉ် ထိုသူက အပြင်ထွက်ကာ အပျော်ရှာသည်မှာ ရှက်ဖွယ်ပင် ဖြစ်ပေသည်။

ချင်းရှန်းသည် ဤရက်များအတွင်း ထိုမိန်းမကို တစ်နေရာ၌ တွေ့ဖူးသည်ဟု ခံစားရသည့် အတွေးများကြောင့် အသံတိတ်နေမိခဲ့သည်။ သိူ့သော် ရက်အနည်းငယ်ခန့် ဆက်တိုက် တွေးကြည့်ပြီးနောက် ထိုမိန်းမမှာ အကြီးဆုံးအစ်မ ရူးသွားပြီးနောက်ပိုင်း လျှိုကျားဝေ့ လက်ထပ်ခဲ့သူ ဖြစ်ကြောင်း မှတ်မိသွားတော့သည်။

သို့သော် ဒုတိယအစ်မက လူစုလူဝေးဖြင့် ပြဿနာ လာရှာကာ စိတ်ကျန်းမာရေးဆေးရုံ ရောက်နေသည့် အစ်မကြီးနှင့် ကွာရှင်းရန် လုံးဝ ခွင့်မပြုဟု ပြောလာသည့်အတွက် ထိုသူနှစ်ဦးသည် ကလေးနှစ်ယောက် ရသည့်တိုက် ကွာရှင်းလက်မှတ် မရခဲ့ကြချေ။

သနားစရာပဲ .. အရင်ဘဝက ဒါကိုတောင် သူ့ရဲ့ စိတ်ရင်းအမှန်ကို ပြနေတာ အစ်မကြီးကို နက်နက်ရှိုင်းရှိုင်းကို ချစ်နေလို့ သူနဲ့ အဲဒီ့မိန်းမက မိသားစုတာဝန်တွေ ထမ်းဖို့သပ်သပ်ပဲ အတူနေကြတာလို့ ဘယ်လိုစိတ်ကူးနဲ့များ တွေးခဲ့မိပါလိမ့် ...

"ဖူး ..."

ချင်းရှန်းက အံတင်းတင်းကြိတ်လိုက်မိသည်။ အတိတ်ဘဝတွင် သူမသည် အလွန် တုံးအလွန်းကာ ထိုသူ၏ "ရိုးသားသော ခင်ပွန်းကောင်း" ဟူသော အယောင်ဆောင်ပြဇာတ်ကို ယုံကြည်ခဲ့မိသည်။

တစ်ချို့ယောကျာ်းတွေက နံရံပေါ် တွဲလောင်းချိတ်ခံထားရမှပဲ ရိုးသားကြတာပါ့လား ...

“ဘာ .. ပထမနေရာ ဟုတ်လား ...”

“အမှတ်ပြည့်နီးပါး ဆိုတာ တကယ်လား ..."

ချင်းကွေ့ဟွားနှင့် ချင်းဖန်တို့က တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။ သူတို့၏ ပထမဆုံး အတွေးမှာ ကျန်းမာရေးဌာနက အမှားလုပ်မိလား သို့မဟုတ် ချင်းကန်းက သူမတို့ကို စနောက်လေခြင်းလေလားဟုသာ ဖြစ်သည်။ ကြားရသည့် စကားများကို ယုံပင် မယုံနိုင်။

မျက်လှည့်ပြနေသည့်အလားပင်။

ထိုသို့သော ကိစ္စမျိုးမှာ လူတိုင်းတွင် ကြုံတွေ့လာနိုင်သော်ငြား သူမတို့၏ တတိယလေးတွင်မူ မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ချေ။ သူမသည် ကျောင်းမတက်ချင်သဖြင့် ဉာဏ်နီဉာဏ်နက်မျိုးစုံ ထုတ်သုံးတတ်သည့် လူစားမျိုး ဖြစ်သည်။

ဗိုက်နာ၊ ခေါင်းကိုက်၊ သွားနာ၊ တစ်ကိုယ်လုံး ရှိရှိသမျှ အစိတ်အပိုင်းတို့ မနာသည့် နေရာပင် မရှိလောက်အောင် အကြောင်းပြချက် ပေးတတ်ရုံသာမက အိမ်တွင် ပြဿနာဖြစ်နေ၍ဟု ဆရာမကို အကြောင်းပြသည့်အပြင် အိမ်က လူများကိုလည်း ကျောင်း မီးလောင်သွား၍ ကျောင်းတက်စရာ မလိုတော့ဟု ပြောတတ်သူမျိုး ဖြစ်သည်။ အဘွားဖြစ်သူ ချင်းကွေ့ဟွားက တုတ်တစ်ချောင်းဖြင့် ကျောင်းပေါက်ဝအထိ လိုက်ပို့သည့်တိုင် မရမက ကျောင်းလစ်သွားတတ်သူမျိုး ဖြစ်သည်။

ချင်းဖန် - ယုံကို မယုံနိုင်ဘူး ...

ချင်းကွေ့ဟွား - သူ့ကို သရဲဝင်ပူးနေတာများလား ...

အုတ်တံတိုင်းပေါ်မှ ခေါင်းတစ်လုံး ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ချင်းရှန်းတွင် ရှင်းပြနေရန် အချိန်မရှိတော့။ သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘွားဘွား ကိစ္စတွေက အခုထိ အတည်တကျ မဖြစ်သေးဘူး အဲဒါကြောင့် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော် ...”

သူမက ဝမ်လီဖန်းကိုလည်း အလားတူပင် ပြောခဲ့ပေသည်။

ချင်းကွေ့ဟွားသည်လည်း မနာလိုစိတ်၏ အကျိုးဆက်မှာ မည်မျှအထိ ဆိုးရွားလှကြောင်း သိထားပေသည်။

“စိတ်မပူပါနဲ့ ...”

“ဒါနဲ့ သိပ်မကြာခင် နှစ်သစ်ကူးနေ့ ရောက်တော့မှာ ဒီနှစ် ဖရုံသီးတွေကလည်း တော်တော်လေး သီးတယ်ဆိုတော့ အစ်မကြီးကို ဘယ်လောက်လောက် ပေးလို့ ရနိုင်မလဲ မသိဘူးနော် ...”

သူမတို့အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ချင်းအိုက်လန် ထည့်ပေးလိုက်သော အသားခြောက်များကို ပြန်တွေးမိလိုက်သည့်အခါ ချင်းကွေ့ဟွားသည် တံတွေးမျိုချမိသွားတော့သည်။

“ကောင်းပြီလေ အာလူးနည်းနည်းနဲ့ ကန်စွန်းဥ နည်းနည်းပါ ပေးလိုက်မယ် မြို့ပေါ်မှာ နေရလို့ဆိုပြီး ငါတို့ထက် ပိုကောင်းတာတော့ မဟုတ်ပါဘူး မြို့ပေါ်မှာ အကုန်ရှိတယ်ဆိုပေမယ့် ဘာဝယ်ဝယ် ပိုက်ဆံသုံးနေရတာလေ ...”

လျောင်ကျီချင်း ဟိုင်ချန်မှ သယ်လာသည့် မြေပဲထောပတ်ယိုဘူးမှာ ယခုအချိန်အထိ မဖောက်ရသေးချေ။ ချင်းကန်းက ၎င်းကိုပါ သူမနှင့်အတူ သယ်လာလိုက်သည်။ ထိုပစ္စည်းမှာ အသစ်အဆန်းတစ်ခု ဖြစ်သည်ဆိုသော်ငြား သူမတို့အဖို့ မရှိမဖြစ် လိုအပ်နေသည့်အရာတော့ မဟုတ်ချေ။

သဟာယအသင်း စတိုးဆိုင်တွင် တန်းစီကာ ဝယ်ယူရသည့် ရှားပါးပစ္စည်းဖြစ်သည့်အတွက် ထိုယိုဘူးသည် မှောင်ခိုဈေးကွက်တွင် အလွန် လူကြိုက်များပေသည်။ ချင်းရှန်းက ထိုဘူးကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ရှစ်ယွမ်ပေးကာ အားရဝမ်းသာ ဝယ်ယူသွားတော့သည်။ ထို့အပြင် ဆေးပင်နှင့် ဆေးကုန်ကြမ်းများကိုလည်း ရောင်းချထားပေရာ အချိန်တိုအတွင်းမှာပင် ၁၄ ယွမ်နှင့် ၅၀ ဆင့် ရရှိလိုက်တော့သည်။ ချင်းရှန်းက တုန့်ဆိုင်းမိနေသေးသော်ငြား ရန်သူ၏ မျက်စိကျခြင်းကို မခံလိုသည့်အတွက် ခရင်မ်ညှပ်ဘီစကစ်နှစ်ကီလိုကို ၈၀ ဆင့်ပေး၍ ဝယ်ကာ နှစ်ခု နှိုက်စားလိုက်သည်။

လက်ရှိ ဈေးကွက်ထဲတွင် ရောင်းချနေသည့် စားသောက်ကုန်များမှာ ကုန်ကြမ်းကို အပြည့်အဝ အသုံးပြုထားကာ အရောင်တု၊ အနံ့တုများ မပါဝင်သေးချေ။ ဘီစကစ်မှာ ကြွပ်ရွနေကာ တစ်ချက်ကိုက်လိုက်ရုံဖြင့်ပင် ထောပတ်နံ့က ခံတွင်းအနှံ့ ပျံ့နှံ့သွားသည်။ အဘွားနှင့် စတုတ္ထလေးက ဤမုန့်မျိုးကို တစ်ကြိမ်မှ မစားဖူးသေးသည့်အတွက် ဘီစကစ် နှစ်ကီလိုလုံးကို ဆီစိမ်စက္ကူဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ကာ ကျောပိုးအိတ်ထဲထည့်၍ ဖွက်ထားလိုက်တော့သည်။

နှစ်သစ်ကူး နီးလာပြီ ဖြစ်သည့်အတွက် လမ်းပေါ်တွင် ပိုမိုကာပင် လူစည်ကားလာတော့သည်။ ချင်းရှန်းသည် ပြည်နယ်ပိုင် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လူနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ဦးမှာ ထူထဲလေးလံသော စစ်တပ်သုံးကုတ်အင်္ကျီကို ဝတ်ထားသည့် သေးသွယ်ပိန်လျသော မိန်းကလေး ချင်းအိုက်လန် ဖြစ်သည်။ ကျန်တစ်ဦးမှာ "ရိုးသားဖြောင့်မတ်သူ" ဟူသော စာသားကို နဖူးပေါ် ရေးထားသည့်အလား ထင်မှတ်ရသည့် အကြီးဆုံးခဲအို ဖြစ်ပေသည်။

“အစ်မကြီး .. အကြီးဆုံးခဲအို ...”

“အာ ...”

လျှိုကျားဝေ့က စူးစမ်းလေဟန်တို့ ရောစွက်လျက် နှုတ်ဆက်လိုက်သည်။ ပါးလျသည့် အပြာရောင် စက်ရုံသုံးဝတ်စုံကိုသာ ဝတ်ထားကာ ချင်းအိုက်လန်၏ ပုခုံးပေါ် ကျဆင်းနေသည့် နှင်းမှုန်များအား ဖွဖွလေး ဖယ်ရှားပေးနေသည့် သူ့ပုံစံမှာ တစ်ဖက်သူအပေါ် ထောက်ထားညှာတာတတ်သည့် ခင်ပွန်းကောင်းတစ်ဦး အလားပင်။

“လာလေ တိလန် ... နွေးသွားအောင် အိမ်ကို မြန်မြန် ပြန်လိုက်တော့ ...”

ကုတ်အင်္ကျီထဲ ထိုးထည့်ထားသည့် ချင်းအိုက်လန်၏ လက်များမှာ အလွန် နွေးထွေးလှသည်။ ချင်းရှန်းက သူမအား အအေးမမိစေလိုသည့်အတွက် လက်ကို အင်္ကျီထဲသို့ အမြန် ပြန်ထည့်ပေးလိုက်သည်။

“မအေးပါဘူး .. သမီးက အင်္ကျီတွေ အများကြီး ဝတ်ထားပါတယ် ...”

စတီးစက်ရုံ၏ ဝန်ထမ်းအိမ်ယာမှာ အပြာရောင် အုတ်များဖြင့် ဆောက်လုပ်ထားသည့် ငါးထပ်တိုက် အဆောက်အဦး ဖြစ်သည်။ ၎င်းသည် ဟုန်ရှင်းကောင်တီ တစ်ခုလုံးတွင် ပထမဆုံး ဆောက်လုပ်သည့် အဆောက်အဦးလည်း ဖြစ်ပေသည်။ လျှိုမိသားစုသည် စတီးစက်ရုံတွင် ဆွေစဉ်မျိုးဆက် လုပ်ကိုင်ခဲ့သူများ ဖြစ်ကြသည်။

လျှိုအဖေ၊ သားသုံးယောက်နှင့် ချွေးမနှစ်ယောက်စလုံးမှာ စတီးစက်ရုံမှ ဝန်ထမ်းများ ဖြစ်ကြကာ သူတို့ ရထားသည့် ဝန်ထမ်းအိမ်ခန်းများမှာလည်း တစ်ထပ်တည်းပင် ဖြစ်သည်။ ညအိပ်ချိန်မှအပ အားလုံးသည် တစ်နေရာတည်းတွင် စုစည်းကာသာ စားကြသောက်ကြသည့်အတွက် အိမ်မှာ အလွန် သက်ဝင်လှုပ်ရှားသည်ဟု ဆိုနိုင်ပေသည်။ သို့သော် နံရံတိုင်းတွင် နားများ ရှိနေရာ ပြဿနာဖြစ်ရန်လည်း အလွန် လွယ်ကူလှ၏။.

ချင်းရှန်းသည် မိသားစုတစ်စုလျှင် တစ်အိမ်နှုန်း နေထိုင်သည့် ကျေးလက်ဒေသ၌ ကြီးပြင်းလာသူ ဖြစ်ရာ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မိသားစုဝင် အုပ်စုလိုက်ကြီးနှင့် ကြုံတွေ့ရသည်ကို နေသားမကျလှချေ။

အဖာဗလပွနှင့် အဝတ်အစားများကို ဝတ်ဆင်ထားသည့်တိုင် တောက်ပသည့် မျက်လုံး၊ ဖြူဖွေးသည့် သွားများကို ပိုင်ဆိုင်ထားကာ နက်မှောင်တောက်ပနေသည့် ဆံပင်များကို ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ပြီး ပုခုံးပေါ် ချထားသည့် သူမ၏ ပုံစံမှာ အလွန် လှပလွန်း၍ မည်သူမှ မျက်စိမလွှဲနိုင်ခဲ့ကြချေ။

“ဦးလေး အဒေါ် ...”

အမေလျှိုက “ဘယ်က ဆင်းရဲသားဆွေမျိုးတွေ ခေါ်လာရပြန်တာလဲ” ဟု ပြောလိုက်မည်ပြုစဉ် လေတစ်ချက်အဝေ့တွင် သတင်းစာစက္ကူဖြင့် ထုပ်ထားသည့် ဘီစကစ်များ၏ မွှေးရနံ့ကို ရလိုက်သည့်အတွက် သွားရည်ယိုမိသွားတော့သည်။ ထို့အပြင် ဒေသထွက် စားစရာမျိုးစုံကိုလည်း တွေ့လိုက်ရသည့်အတွက် ချက်ခြင်း ပြုံးပြကာ ဖော်ရွေစွာဖြင့် ပြောလိုက်သည်။

“အိုး .. တတိယလေးရဲ့ ခယ်မလေးပါလား ...”

ထိုအခေါ်အဝေါ်နှင့် ပတ်သက်၍ ချင်းရှန်းသည် ယခင်က မည်သို့မှ မခံစားခဲ့ရသော်ငြား ယခုမူ စိတ်ထဲတွင် တစ်ခုခု မှားနေသည်ဟု ခံစားမိလာတော့သည်။

သူမ၏ ခန့်မှန်းချက်မှာ မှန်သည့်ဟန်ပင်။ လျှိုမိသားစု၌ လူကောင်းဟူ၍ တစ်ယောက်ပင် မရှိကြချေ။

အဖေလျှိုကမူ သူမတို့၏ မိသားစုအခြေအနေနှင့် အဘွားအကြောင်း တစ်ခွန်းနှစ်ခွန်း မေးပြီးကတည်းက ပျောက်ကွယ်သွားနှင့်ပြီး ဖြစ်သည်။

ချင်းအိုက်လန်က သူမအား ဝိုင်းနှိမ်ကြမည်ကို စိုးရိမ်သဖြင့် အခန်းထဲသို့သာ အမြန် ဆွဲခေါ်လာလိုက်သည်။

“သူတို့က အရမ်း စိတ်ဆတ်လွန်းတယ် ... နင်ဝတ်ထားတာလေးတွေကလည်း ပါးလိုက်တာ .. ဒီဂျာကင်ကို မြန်မြန်လေး ထပ်ဝတ်လိုက် ...”

သူမက အဝတ်ဗီရိုထဲမှ ခဲရောင်ဂျာကင်တစ်ထည်ကို ထုတ်ပေးလိုက်သည်။ ၎င်းမှာ အသစ်မဟုတ်၊ ကော်လံနေရာတွင် အပေါက်နှစ်ခု ရှိနေပြီ ဖြစ်သည့်တိုင် ဆပ်ပြာ၏ မွှေးရနံ့ကို ရနေဆဲပင်။ အကြီးဆုံးအစ်မသည် အမြဲ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူတစ်ဦး ဖြစ်ပေသည်။

ချင်းရှန်းကလည်း ယဉ်ကျေးမနေတော့။ သူမလည်း အမှန်တကယ်ပင် အေးနေပြီ ဖြစ်သည်။ မြို့သားများသည် အနွေးကုတင်ကို အပူပေးကာ အိပ်ရခြင်းအား မနှစ်သက်။ မြို့သည် ကျေးလက်ဒေသနှင့်မတူ၊ နေရာအနှံ့ စိုထိုင်းနေတတ်သည်။ ယခုအချိန်လောက်ဆို အဘွားသည် အနွေးကုတင်ကို .. တက်ထိုင်လျှင် တင်ပါး အပူလောင်နိုင်လောက်သည်အထိ နွေးနေအောင် အပူပေးနှင့်နေလောက်ပြီ ဖြစ်သည်။

ချင်းအိုက်လန်နှင့် လျှိုကျားဝေ့တို့၏ အိပ်ခန်းမှာ လှေကားနှင့် အနီးဆုံးဖြစ်သည်။ ၎င်းမှာ များစွာ မကြီးလှသော်ငြား နေရာတကျနှင့် သပ်ရပ်သန့်ရှင်းနေပေသည်။

“ကောင်မလေး .. လာမှာကို ဘာလို့ စောစောစီးစီး ကြိုမပြောတာလဲ ကြိုသိထားရင် နင့်ခဲအိုကို သွားကြိုခိုင်းမှာပေါ့။ အခုကျ ဒီလောက် အေးနေရတဲ့အထဲ တောင်ပေါ်လမ်းအတိုင်း ခြေလျင်လျှောက်လာနေရတာ .. မမောဘူးလား ...”

ချင်းရှန်းက အစ်မဖြစ်သူ၏ ဆူပူသံကို အားရဝမ်းသာ လက်ခံနေလိုက်သည်။ အစ်မအကြီးဆုံးသည် မိသားစုထဲတွင် ကာကွယ်အပေးတတ်ဆုံးသူဖြစ်ကာ အငယ်များအတွက် အမေတစ်ပိုင်းဟု ပြောလျှင်ပင် မှားလိမ့်မည် မဟုတ်ချေ။

“လေ့ကျင့်ရေးအတန်းက ဘယ်လိုအတန်းမျိုးလဲ ဘယ်အချိန် စမှာတဲ့လဲ ...”

“နှစ်ကူးပြီးမှ ...”

သူမက လက်ရှိအချိန်တွင် လျှိုမိသားစုအား သူမ၏ အရည်အချင်းအစစ်အမှန်ကို သိခွင့် ပေးမထားရန် ဆုံးဖြတ်ထားသည်။

“ကောင်းပြီလေ ဒါဆို ဘယ်နေ့ အောင်စာရင်း ထွက်မလဲဆိုတာ နင့်ခဲအိုကို နေ့တိုင်း သွားကြည့်ခိုင်းပေးထားမယ် သိရတာနဲ့ ရွာကို ချက်ခြင်း လှမ်းအကြောင်းကြားလိုက်မယ်လေ ...”

ချင်းရှန်းက သူမ၏ ခဲအိုကို ပျော်ရွှင်နေသည့် မျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ခုခု ပြောလိုသည့်ဟန်ဖြင့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်၏။ သူမ၏ ပုံစံမှာ စိတ်ဖိစီးမှုနှင့် ဒေါသစိတ်တို့ကို တစ်ပြိုင်တည်း ကြုံတွေ့နေရသည့်ဟန်ပင်။

“အစ်မ .. အခြေအနေရော သက်သာလာရဲ့လား ...”

“ပြီးခဲ့တဲ့လတွေတုန်းက အလုပ်တွေ ရှုပ်နေတာနဲ့ အများကြီး အတွေးလွန်နေချိန်တောင် မရှိခဲ့ဘူးလေ အဲဒါကြောင့်လားတော့ မသိပေမယ့် ပိုပြီး နေရထိုင်ရ သက်သာလာသလိုပဲ ...”

သူမ၏ မျက်နှာမှာ ပြီးခဲ့သည့်အခေါက်ကကဲ့သို့ ညှိုးလျော်နွမ်းလျနေခြင်း မရှိတော့သည့်အတွက် ချင်းရှန်းလည်း စိတ်အေးသွားရတော့သည်။

လက်ကောက်ဝတ် သွေးကြောကို စမ်းသပ်နေရင်း သူမ၏ အလုပ်အကြောင်းကိုပါ မေးမြန်းလိုက်၏။ လက်ရှိအချိန်၌ ပြည်နယ်ပိုင် စားသောက်ဆိုင်များ၏ လစာပေးနှုန်းမှာ အလွန် ကောင်းမွန်လှပေသည်။ စားပွဲထိုးတစ်ယောက်သည်ပင်လျှင် တစ်လလျှင် ၂၈ ယွမ် ရနိုင်ကာ အမျိုးမျိုးသော စားစရာသောက်စရာများပါ အပိုရရှိသေးသည်မှာ ထည့်ပြောရန်ပင် လိုလှမည် မထင်။ အိမ်တွင် စားသောက်ရန်ပင် မလိုအပ်သည့်အတွက် အစားအသောက်အတွက် ကုန်ကျစရိတ်များကို များစွာ ခြွေတာနိုင်ပေသည်။

နှစ်လနီးပါးသာ ရှိသေးသည့်တိုင် ချင်းအိုက်လန်၏ အသားအရေသည် သိသိသာသာ ကောင်းမွန်လာကာ ပါးနှစ်ဖက်ပင်လျှင် နှင်းဆီရောင်သမ်းစ ပြုလာတော့၏။

ချင်းရှန်းက သူမ၏ လက်ကောက်ဝတ်သွေးကြောကို စမ်းနေရင်း စမ်းသပ်ချက်အပေါ် အခြေခံကာ မေးခွန်းအချို့ မေးနေလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ တစ်ခုခု မှားနေသည်ဟု ခံစားမိနေခဲ့၏။

“ဘာဖြစ်လို့လဲ ...”

ချင်းအိုက်လန်သည် ဆရာဝန်များ မျက်ခုံးတွန့်သွားသည်ကို အကြောက်ဆုံး ဖြစ်သည်။

“အကြီးဆုံးခဲအိုရဲ့ ကျန်းမာရေးကိုရော စမ်းသပ်ကြည့်ပြီးပြီလား ...”

“ပြီးပြီ .. ဘာမှ ပြဿနာ မရှိဘူးတဲ့ ...”

အိုက်လန်က မူပျက်စွာဖြင့် ပြောလိုက်သည်။

“ကျဲ .. ရှက်နေဖို့ မလိုဘူးနော် ကလေးမွေးတယ်ဆိုတာမျိုးက မိန်းကလေးတစ်ယောက်တည်းနဲ့ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ယောကျ်ားမှာ ပြဿနာရှိနေတဲ့ ဖြစ်ရပ်တွေမှ အများကြီးပဲ ...”

အိုက်လန်က မျက်နှာတစ်ခုလုံး နီရဲသွားကာ ခေါင်းငြိမ့်ပြလျက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူက အဆင်ပြေပါတယ် ...”

ချင်းရှန်းက မျက်နှာခပ်တည်တည်ဖြင့် မေးလိုက်သည်။

“ကျဲ .. အမှန်အတိုင်း ပြောပါလို့ ... သူ့ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ ...”

ထိုမေးခွန်းမှာ အလွန် လျှို့ဝှက်နက်နဲသည့် မေးခွန်းတစ်ခု ဖြစ်သည်။ သူမအနေဖြင့် တည့်တိုးထုတ်မေးရမည်ကို စိတ်ထဲ မထားသော်ငြား သူမသည် လက်ထပ်ထားပြီးကာစ အိမ်ထောင်သည်ဘဝကိုပင် မကျော်ဖြတ်ရသေးသည့် မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပေရာ အကယ်၍ သူမဘက်မှ စတင်ကာသာ လျှိုမျိုးရိုး၏ စွမ်းဆောင်ရည်အကြောင်း ပွင့်ပွင့်လင်းလင်း မေးလိုက်ပါလျှင် .. အစ်မကြီးကို သေလောက်အောင် ခြောက်လန့်မိသွားပေလိမ့်မည်။

“အဲဒါလုပ်တဲ့အချိန်မှာရော .. ပုံမှန်ပဲလား ...”

ချင်းအိုက်လန်က အပူလောင်သွားသည့်အလား သူမ၏ လက်များကို လွှတ်ချလိုက်သည်။

“ကောင်မလေး .. ဘာတွေ လျှောက်ပြောနေတာလဲ ...”

All Chapters