← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

“ဒုတိယအစ်မ.. ဒီလိုကိစ္စမျိုးက အလျင်စလို ကိုင်တွယ်လို့ မကောင်းဘူးလေ။ အဲဒီ့ ဖောက်ပြန်တဲ့ စုံတွဲကို လက်ပူးလက်ကြပ် ဖမ်းမိအောင် အရင်ဆုံး လုပ်ရဦးမယ်လေ။ အဲဒါမှ လျှိုကျားဝေ့ကို အသေရိုက်သတ်ပစ်ရင်တောင် တစ်ခြားလူတွေ အမြင်မှာ သူတို့အလွန်ပဲ ဖြစ်နေဦးမှာ ...”

“ဒါဆိုလည်း ခဏလောက် စောင့်ကြည့်လိုက်တာပေါ့။ ငါပြောပြမယ် အစ်မကြီးမလို့သာပေါ့ သူ့နေရာမှာ ငါသာဆို အဲဒီ့လျှိုမိသားစုတစ်ခုလုံး သနားစရာကောင်းတဲ့ဘဝဆိုတာ ဘာမှန်းသိအောင်ကို လုပ်ပြလိုက်မှာ ...”

“သမီးမှာ အစ်မကြီးကို အဲဒီ့ဒုက္ခပင်လယ်ထဲကနေ နာမည်ပျက်မရှိဘဲ လွတ်လွတ်ကင်းကင်း ထွက်လာနိုင်မယ့် နည်းလမ်း ရှိတယ် ...”

“တစ်အိမ်လုံးမှာ အကြံကောင်းဉာဏ်ကောင်းရှိတာဆိုလို့ နင်တစ်ယောက်ပဲ ရှိတယ် .. အကြံရှိရင်လည်း မြန်မြန်ပြောတော့ ...”

ချင်းရှန်းက အနားသို့ တိုးသွားကာ စကားအချို့ကို ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက်တွင် ချင်းယိုတိ၏ တွန့်စုနေသော မျက်ခုံးများ ပြေလျော့သွားကာ အားရပါးရ ရယ်မောလာတော့၏။

“ကောင်မလေး .. နင် လူတွေကို ဒီလိုမျိုး ကျီစယ်ရမယ်ဆိုတာ ဘယ်တုန်းကများ သိသွားတာလဲ ..."

ချင်းရှန်းက ခါးသီးစွာဖြင့်သာ ပြုံးပြလိုက်သည်။ အားလုံးမှာ အတိတ်ဘဝက သူမ ကြုံခဲ့၊ ကြားခဲ့ရသည်များ၏ ကျေးဇူးပင် ဖြစ်သည်။ ကျောက်ဟိုင်ယန်နှင့် ကျောက်ဟိုင်ယန်းတို့ ကျောင်းသွားကြသည့် အချိန်တွင် သူမထံ၌ အလုပ်အားလပ်နေသည့်အတွက် အိမ်ထဲတွင်သာ အချိန်ဖြုန်းမနေခဲ့။ ကွန်မြူနတီထဲရှိ အဒေါ်ကြီးများ စုဝေးလိုက်သည့်အခါ မကြားဖူးသည့် အတင်းစကားဟူ၍ မရှိတော့ချေ။

ထို့အပြင် သူမသည် လူငယ်ဆန်သည့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသူ ဖြစ်ပေရာ ကွန်ပျူတာနှင့် စမတ်ဖုန်းကို အသုံးပြု၍ အင်တာနက်ပေါ်မှ အမျိုးမျိုးသော ဖိုရမ်များအား လိုက်လံဖတ်ရှုခြင်းကိုလည်း အထူးကျွမ်းကျင်လှသူ ဖြစ်သည်။ အင်တာနက်ပေါ်ရှိ အတင်းအဖျင်းများအား “ဖရဲသီးစား”ရာ၌ လူငယ်များနှင့် အပြိုင် လိုက်နိုင်သည်အထိ ခေတ်မီခဲ့သူ ဖြစ်သည်။

ခန္ဓာကိုယ်၏ အိုမင်းမှုကို ထိန်းချုပ်၍ မရသည့်တိုင် ကျန်အင်္ဂါအစိတ်အပိုင်းများ၌မူ လူငယ်တစ်ဦးနှင့် မခြားလှဟုပင် ပြောနိုင်ပေသည်။

“ဒါပေမယ့် ဒီလိုကိစ္စမျိုးလုပ်ဖို့ သင့်တော်တဲ့သူ ရှာဖို့ဆိုတာ သိပ်ပြီး မလွယ်ဘူးနော် ...”

ချင်းယိုတိက သက်ပြင်းချလိုက်သည်။

“နင့် ဒုတိယခဲအိုက ဒီလိုလူတွေ အများကြီးနဲ့ သိတယ်ဆိုပေမယ့် အကုန်လုံးက မကောင်းတဲ့ အပေါင်းအသင်းတွေချည်းပဲ နင် သူတို့အုပ်စုကို တစ်ခါမှ မတွေ့သေးဘူး မဟုတ်လား ပါးစပ်ကသာ “အစ်ကိုကြီး တာ့ကမ်း” ဘာညာနဲ့ ညာစားတာ တစ်ခုခုဖြစ်ပြီဆို ထွက်ပြေးကြတာမှ ယုန်ထက်တောင် မြန်သေး။ ငါ သူ့ကို သူတို့နဲ့ မပေါင်းနဲ့လို့တော့ ပြောတာပဲ ဒါပေမယ့် သူက ...”

ချင်းရှန်းအနေဖြင့် ဒုတိယအစ်မ၏ စကားများကို သံယောင်လိုက်ကာ ထောက်ခံပေး၍ မဖြစ်ပေရာ အမြန်ပင် စကားလမ်းကြောင်း ပြောင်းလိုက်ရတော့သည်။

“အစ်မပြောတာ မှန်တယ် လျှိုမိသားစုကို ထိန်းချုပ်နိုင်လောက်တဲ့အထိ ဉာဏ်ကောင်းပြီး အင်အားကြီးတဲ့သူကို ရှာမှဖြစ်မှာ ပြီးတော့ တကယ် လုပ်မယ်ဆိုရင် ပြဿနာ ဖြစ်လာမှာကို တွေးပြီး မကြောက်တတ်တဲ့ လူမျိုးရောပေါ့ ...”

“ဒါနဲ့ ဒုတိယအစ်မ .. ဟိုတစ်ခါ အစ်မတို့ရွာမှာ ကြက်ဥပြုတ်နဲ့ ဆားငန်ဘဲဉတွေ ရောင်းတဲ့ကောင်မလေး ရှိတယ်ဆို .. ညီမအထင်တော့ သူ့မှာ အကြံဉာဏ်ကောင်းလေးများ ရှိနေမလားပဲနော် ...”

ဤသည်မှာ ပုံမှန် တွေ့နေကျ ဇာတ်ကြောင်းများထဲမှ ဇာတ်လိုက်မများ လုပ်လေ့လုပ်ထရှိသည့် ဇာတ်ကွက် ဖြစ်သည်။ ရွှေပေါင်လုံးကို ဖက်ချင်ပါလျှင် မည်သူက ပိုပြီး သန်မာကြောင်းကို အရင်ဆုံး ရှာဖွေရပေမည်။

“အာ ဟုတ်သားပဲ သူမက သူတို့မိသားစုမှာ ရှစ်ယောက်မြောက်။ မိန်းကလေးထဲမှာဆိုရင်တော့ အကြီးဆုံးလေ ရှေ့ ၇ ယောက်လုံးက သားတွေချည်းပဲ အားလုံးက အိမ်ခွဲပြီးပြီဆိုပေမယ့် ဒီအိမ်မှာပဲ ဝိုင်းပြီး စားသောက်နေကြတာ .. ဟုတ်သားပဲ ငါ ဘာလို့ ဒါကို မတွေးလိုက်မိပါလိမ့် ..."

ချင်းယိုတိက ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။

“လောင်ကျူးရဲ့ မိသားစုက ရွာအစွန်မှာ နေတာ ...”

ချင်းရှန်း၏ မျက်လုံးတို့ ဝင်းလက်သွားကာ ညီအစ်မနှစ်ဦးသား အားတက်သရော တိုင်ပင်ဆွေးနွေးလိုက်ကြတော့သည်။

အချိန်ကျလာတာနဲ့ လျှိုမိသားစုကို ပြပွဲကောင်းတစ်ခု သေချာပေါက်ကို ပြပေးရမှာပေါ့။

......

ရာသီဥတုမှာ တစ်နေ့ထက်တစ်နေ့ ပိုအေးလာ၏။ နှစ်သစ်ကူး အငွေ့အသက်တို့မှာလည်း ပိုပိုပြီး ပြင်းထန်လာတော့သည်။ ထုတ်လုပ်ရေး အဖွဲ့တိုင်းက အလုပ်ရမှတ်အပေါ် မူတည်ကာ တစ်နှစ်စာအတွက် ကောက်ပဲသီးနှံများ စတင်ဝေငှနေပြီဖြစ်သည်။ ကောက်ပဲသီးနှံနှင့် ဝက်သားကိုသာ ရသည်မဟုတ်၊ ယခုနှစ်၏ အထွက်နှုန်းမှာ သိသိသာသာ ကောင်းမွန်လှသည့်အတွက် ငွေကြေးများပါ ပါဝင်လာပေသည်။

ချင်းရှန်းသည် မွေးမြူရေးသမားအဖြစ်ပါ ဆောင်ရွက်ခဲ့သည့်အတွက် ချင်းမိသားစုသည် အသားလေးပေါင်နှင့် ငွေ ၃၀ ယွမ် အပါအဝင် အလုပ်ရမှတ်များလည်း အများအပြား ရရှိခဲ့သည်။

“လိုင်တိ .. ဒီမှာ နင့်အတွက် အသားဝေစု ...”

အသားမှာ အဆီအများဆုံး နေရာကို ရွေးကာ လှီးဖြတ်ထားခြင်း ဖြစ်သည်။ သုံးလက်မနီးပါးခန့် ထူသော အဆီနှစ်လွှာကြားတွင် ပါးလွှားသေးမျှင်လှသည့် အသားမျှင်လေးများ ရှိနေသည်။ ဤပုံစံကို မြင်လိုက်ရရုံဖြင့်ပင် ဝက်ဆီတုံးအား ကိုက်ဝါးရသည့် အရသာကို ခံစားမိနေတော့သည်။

နှစ်ဘဝတိုင် ရှင်သန်လာပြီးဖြစ်သည့် ချင်းရှန်းသည်ပင် တံတွေး မျိုမချဘဲ မနေနိုင်။ အသားချစ်သူတစ်ဦးအဖို့ ဤသည်မှာ အကောင်းဆုံးသော ပန်းတိုင်ပင် ဖြစ်ပေသည်။

ဝမ်လီဖန်က ဖျတ်ခနဲ အကဲခတ်လိုက်ပြီးနောက် လူတိုင်းကိုယ်စီ အလုပ်ရှုပ်နေကြကြောင်း တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အနက်နှင့် အနီ ရောယှက်နေသည့် ပစ္စည်းတစ်ခုကို စားပွဲအောက်မှ တိတ်တိတ်လေး ထုတ်ယူကာ ပြောလိုက်သည်။

“ဝက်အသည်း ... နင်တို့အဘွား ပြောတာတော့ ဒါက ဖန်တိကို အားပြန်ဖြည့်ပေးတဲ့ နေရာမှာ သုံးလို့ရတယ်ဆိုလို့ ...”

ဝက်အသည်းမှာ ယပ်တောင်၏ တစ်ဝက်နီးပါးခန့်အထိ ကြီးမားလှသည်။ အကယ်၍ အခြား အဖွဲ့ဝင်တစ်ဦးဦးသာ မြင်သွားပါလျှင် ရန်ပွဲတစ်ခု ကျိန်းသေ ဖြစ်ပွားပေလိမ့်ဦးမည်။

ချင်းရှန်းကလည်း အခြေအနေကို နားလည်သည့်အတွက် ဝက်အသည်းကို အမြန် ယူကာ ကျောပိုးအိတ်၏ အောက်ဆုံးသို့ ထိုးထည်လိုက်သည်။

“ကျေးဇူးတင်ပါတယ် .. ဦးလေးနဲ့ဒေါ်လေး ...”

“ကျေးဇူးတင်ရင် သွက်သွက်ကြီး ပြန်မသွားနဲ့ မကုန်သေးဘူး ...”

“ကျန်သေးတယ်လား ...”

ချင်းရှန်းက ကြောင်အသွားသည်။

ဝမ်လီဖန်က ချောင်းဟန့်ကာ အားလုံးက သူမကို အာရုံစိုက်နေပြီဖြစ်ကြောင်း သိရကာမှ စကား ဆက်ပြောလိုက်သည်။

“ဒီနှစ်တစ်နှစ်လုံး ငါတို့ကျေးရွာအဖွဲ့က ကေဒါတွေက အရမ်း အလုပ်ကြိုးစားခဲ့ကြရတာ။ ဒါပေမယ့် လစာတော့ တစ်ပြားတစ်ချပ်မှကို မရကြဘူး။ သူတို့အားလုံးက လူတိုင်းအတွက် ပရဟိတစိတ်နဲ့ ကြိုးကြိုးစားစားကို လုပ်ပေးခဲ့ကြတာ ဖြစ်တဲ့အတွက် ငါ သူတို့ကို နည်းနည်းပါးပါး မျက်နှာသာ ပေးချင်တယ် .. သဘောမတူတဲ့သူ ရှိလား ...”

သူမသည် အလုပ်လုပ်ရာ၌ အမြဲတမ်း ဖြောင့်မတ်မှန်ကန်ခဲ့သူ ဖြစ်သည်။ အခြားသော ကျေးလက်အဖွဲ့များကဲ့သို့ အသားများကို တိတ်တိတ်လေး ခိုးဝှက်ထားကာ သူတစ်ယောက်တည်း စားသောက်ခြင်းလည်း မရှိ၊ အဖွဲ့ဝင်အားလုံး၏ အရှေ့တွင်ပင် ညီညီမျှမျှ ဝေခြမ်းပေးကာ ထို့နောက်တွင်မှ အပိုထပ်ပေးလိုကြောင်းနှင့် ပေးလိုသည့် ရည်ရွယ်ချက်ကိုပါ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

ရွာသားများမှာလည်း ကျိုးကြောင်းမဆီလျော်သူများ မဟုတ်ကြချေ။ ပြီးခဲ့သည့်တစ်နှစ်လုံး အဖွဲ့ခေါင်း‌ဆောင်၊ စာရေး၊ အတွင်းရေးမှူးနှင့် အခြားသော ကေဒါများ ဆောင်ရွက်ခဲ့သည်များကို ပြန်တွေးလိုက်ကြသည်။ ပြီးခဲ့သည့်နှစ်က နှစ်ကြိမ်တိုင်တိုင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ထိုသူများသည် ညသန်းခေါင်ကြီးတွင်ပင် အိမ်တိုင်းအား တံခါးလာခေါက်၍ မိုးများသည့် ဘေးမှ ရှောင်ရှားနိုင်ရန် အသိပေးခဲ့သည်။

ပြီးခဲ့သည့်အခေါက် တောင်ပြိုကျချိန်က မိုးရွာနေသည်ကိုပင် ဂရုမစိုက်အားဘဲ လူကယ်ရန် ကြိုးစားခဲ့သူများမှာလည်း ထိုသူများပင် ဖြစ်ပေသည်။ သူတို့အား အသားအနည်းငယ် ပိုပေးရခြင်းမှာ စကားထဲပင် ထည့်ပြောနေရန် မလို၊ ရေတစ်စက်မျှ ပိုလောင်းထည့်ပေးရုံမျှသာ ရှိပေသည်။

လိုင်တိသည် အသက်အားဖြင့် ငယ်ရွယ်သော်လည်း သူမ၏ အများအကျိုးဆောင်မှုမှာမူ မသေးငယ်လှချေ။ ဝက်ပေါက်ကလေးများကိုသာ မွေးပေးခဲ့သည် မဟုတ်၊ လူတိုင်းကိုလည်း အခမဲ့ ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ပေသည်။

မုဆိုးမလျှိုက ကန့်ကွက်စကားများ ပြောလိုက်ချင်သော်ငြား ဝမ်လီဖန်က သူမကို ပြန်စိုက်ကြည့်လိုက်သည်။

“လိုင်တိက နေ့ရောညရော ဝက်တွေကို စောင့်ကြည့်ပေးနေတာကို အဒေါ် မမြင်မိတာလား။ တကယ်လို့ မမြင်မိတာဆိုရင်တော့ ရှင့်မျက်လုံးတွေ မျက်မှန်တပ်ဖို့ လိုနေပြီ။ အဲဒါမှ ဘယ်ဟာက မှားပြီး ဘယ်ဟာက မှန်တာလဲဆိုတာ ခွဲခြားပြီး မြင်တတ်မှာ ...”

ထိုစကားများမှာ မခက်ထန်လှသော်ငြား ညင်သာခြင်းလည်း မရှိပေ။ မုဆိုးမလျှိုမှာ မည်သို့မှ ပြန်လည်ကာ မချေပနိုင်။ ဝက်ခြေထောက်နှစ်ချောင်းနှင့် ဝက်အူများ ယူသွားသည့် ချင်းရှန်းကိုသာ ဒေါသတကြီး စိုက်ကြည့်နေလိုက်တော့သည်။

ထိုပစ္စည်းများမှာ အသားမဟုတ်သည့်အပြင် အလွန် ညှီနံ့နံသည့် အရာများ ဖြစ်ပေသည်။ သို့သော် ပေါင်ကျူးက ၎င်းတို့အား ပြောင်စင်အောင် ဆေးကြောကာ ဟင်းခတ်အမွှေးအကြိုင်များများ ထည့်လိုက်ပါလျှင် အသားအတိုင်းပင် အရသာရှိသည်ဟု ပြောခဲ့ဖူးသည်။

သူမတို့၏ မိသားစုဝင် အရေအတွက်မှာ အလွန် များပြားလှပေရာ ထို ဝက်အူနှင့် ဝက်ခြေထောက်များသာ ရခဲ့ပါလျှင် တစ်အိမ်သားလုံး ပါးစပ်တွင် ဆီဝေ့သည်အထိ စားသောက်နိုင်ကြမည် ဖြစ်သည်။ မနာလိုစိတ်ကြောင့် မုဆိုးမလျှိုမှာ မျက်ရည်များပင် ကျချင်လာတော့၏။

လောင်စန်းသာ ဒီနေရာမှာ ရှိနေရင် ကောင်းမှာပဲ ...

နှစ်သစ်ကူးအကြိုနေ့ ညသာ ဖြစ်သည့်အတွက် အချို့သော မိသားစုများသည် အသားကို ချက်ခြင်းလက်ငင်း ထုတ်မစားဘဲ မနက်ဖြန်ညမှ စားရန် သိမ်းထားလိုက်ကြသည်။ သို့သော် ချင်းရှန်းကမူ ထိုသို့ မလုပ်၊ ညတွင်းချင်းပင် အစားကောင်းကောင်း စားလိုက်ရမှ ဖြစ်ပေမည်။ သို့မဟုတ်ပါလျှင် သူမ၏ လောဘစိတ်များ အတောမသတ်နိုင်အောင်ပင် ကြီးမားလာပေလိမ့်မည်။

အတိတ်ဘဝတွင် ကျောက်ချင်းစုန့်သည် ဝက်အူနှင့် ဝက်ခြေထောက်များအား စားရခြင်းကို အလွန် သဘောကျသည့်အတွက် သူမသည် ဝက်အူနှင့် ဝက်ခြေထောက်များကို မကြာခဏ ကိုင်တွယ် ချက်ပြုတ်ပေးခဲ့ရသည်။

ပစ်သင့်သည်တို့ကို ပစ်၊ ဆေးသင့်သည်တို့ကို ဆေးကာ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့တို့ဖြင့် ဆီပူထိုးလိုက်၏။ သကြား မထည့်ထားသည့်အတွက် အရောင်မှာမူ မလှပေ။ ထို့နောက်တွင် ရေထည့်ကာ တည်ထားလိုက်တော့သည်။

“လိုင်တိ ဝက်အသည်းကိုရော ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ အဲဒါက သွေးတွေနဲ့ နံကလည်း နံသေးတယ် ...”

ငါးကြီးဆီကို နှစ်ဝက်နီးပါးခန့် သုံးစွဲအပြီးတွင် ချင်းဖန်၏ ညဘက် ယာယီအမြင်ကွယ်မှုသည် သိသိသာသာ တိုးတက်ကောင်းမွန်လာတော့သည်။ ထိုမျှသာမက အရပ်လည်း ရှည်လာကာ သက်တူရွယ်တူ ကလေးများနှင့် တစ်ညီတည်း ဖြစ်လာတော့၏။

“အခုတော့ မစားသေးနဲ့ဦး .. နှစ်ရက်လောက် လှန်းထားပြီး သွေးတွေ ခြောက်သွားပြီ ဆိုကာမှ ဝက်အသည်းမှုန့် လုပ်ရအောင်လေ ...”

လက်ရှိတွင် သူမသည် ဝက်အသည်းကို ဆေးအဖြစ် အသုံးချနိုင်နေရာ လက်လွတ်စပယ် မစားနိုင်တော့ချေ။ ၎င်းကို ဝက်အသည်းမှုန့် ဖြစ်အောင်လုပ်ကာ ဆန်ပြုတ် ချက်သည့်အခါတွင်မှ စတုတ္ထလေး၏ ပန်းကန်ထဲသို့ တစ်ဇွန်းနှစ်ဇွန်းခန့် ထည့်ပေးရန် စဉ်းစားထားသည်။ အမှုန့် ဖြစ်သည့်အတွက် အလိုရှိသည့်အချိန်တိုင်း စားနိုင်သည့်အပြင် သိုလှောင်ရန်လည်း လွယ်ကူပေသည်။

ချင်းဖန်က နှာခေါင်းရှုံ့ပြကာ ဝက်အသည်းအား စားရခြင်းကို မကြိုက်ဟု ပြောမည်ပြုလိုက်သေးသော်ငြား ငါးကြီးဆီ ဝယ်ရန် ကုန်ကျငွေကို ပြန်တွေးမိသွားသည့်အတွက် လက်ခံရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။

ညစာအတွက် ဆန်ဖြူဆန်ချောကို စပါးလုံးများ ကော့စင်းနေသည်အထိ စိတ်ရှည်လက်ရှည် ချက်ထားကာ မွှေးပျံ့နူးညံ့သည့် ဝက်ခြေထောက်ပေါင်းနှင့် အာလူးမျှင်ကြော်ကိုပါ ပြင်ဆင်ထားသည်။ အရသာရှိလှသည့် အစားအသောက်များကြောင့် မြေးအဘွားသုံးဦးစလုံး တစ်ယောက်လျှင် ထမင်း သုံးပန်းကန်စီ စားလိုက်မိကြတော့သည်။ ချင်းရှန်းမှာ အစားကောင်း စားနေရသည့်အတွက် ခင်ပွန်းဖြစ်သူ လောင်ဟဲကို သတိရမိသွားတော့သည်။ ထိုယောကျာ်းသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါး၌ မည်ကဲ့သို့ ရှင်သန်နေရမလဲ မသိချေ။

မြောက်ဘက် မွန်ဂိုဒေသမှာ ခြေသလုံးအိမ်တိုင် လူမျိုးစုများ နေထိုင်ရာနေရာ ဖြစ်သည့်အတွက် အမဲသားနှင့် သိုးသား ရှားပါးခြင်း မရှိချေ။ သို့သော် ကံမကောင်းစွာဖြင့် ထိုသူကမူ စားနိုင်လိမ့်မည် မဟုတ်ပေ။

ထိုနေရာ၏ လတ္တီကျုမှာ ရှစ်လန်ခရိုင်ထက် များစွာ မြင့်မားသည့်အတွက် အပူချိန်မှာလည်း သိသိသာသာပင် နိမ့်ဆင်းပေလိမ့်မည်။ ထို့ကြောင့် လောင်ဟဲမှာ အအေးမိနေမလားပင် စိုးရိမ်ရတော့သည်။

သို့သော် သူမ လေ့ကျင့်ရေးသင်တန်း တက်ရောက်ခွင့် ရသည့်အကြောင်း သိသည့်အပြင် သင်ရိုးညွှန်းတမ်းစာအုပ်ကိုပါ ပို့ပေးနိုင်ပေရာ .. ထိုသူ့ထံ၌ လွတ်လပ်မှု အချို့အဝက် ရရှိသည်ဟု ကောက်ချက်ချနိုင်ပေသည်။

အစားကောင်း စားလိုက်ရသည့်အတွက် သူမ၏ စိတ်အခြေအနေလည်း ကောင်းမွန်လာတော့သည်။ ချင်းကွေ့ဟွားက သက်ပြင်းချလိုက်၏။

“မြေပိုင်ရှင်တွေနဲ့ လူချမ်းသာတွေတောင် ဒီလိုမျိုး ကောင်းကောင်းမွန်မွန် နေနိုင်မှာ မဟုတ်ဘူးလို့ ဘာလို့များ တွေးခဲ့မိပါလိမ့်နော်။ အခုလက်ရှိ အစိုးရက တကယ်ကို ကောင်းတာပဲ ...”

သူမသည် လူတိုင်း ဆင်းရဲနွမ်းပါးသည့် ကာလ၌ ကြီးပြင်းလာခဲ့ရသူ ဖြစ်ကာ အသားစားရန် မဆိုထားနှင့်၊ ထမင်းပင် ဝလင်အောင် မစားနိုင်ခဲ့ချေ။ မိသားစုဝင် တစ်ဒါဇင်နီးပါးခန့်အနက် သူမတစ်ဦးတည်းသာ ရှင်သန်ကျန်ရစ်ခဲ့ပေသည်။ ချင်းကွေ့ဟွားက မျက်လုံးကို ပွတ်သပ်လျက် ပြောလိုက်သည်။

“ငါလည်း ငါ့ရဲ့ အဘိုးအဘွားတွေ မိဘတွေ ဦးလေးတွေ အဒေါ်တွေ ဝမ်းကွဲတွေနဲ့အတူ ကောင်းကောင်းမွန်မွန်လေး နေထိုင်ချင်ခဲ့မိတာ ...”

ချင်းရှန်း၏ အကြည့်တို့တွင်လည်း ချဉ်စူးမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။

“သမီးတို့လည်း အနာဂတ်မှာ ပိုပြီးကောင်းတဲ့ဘဝကို ရလာမှာပါ အဲဒီ့အခါကျ ဘွားဘွား ဘာစားချင်လဲ ...”

“အရည်အသွေး အမြင့်ဆုံး အမဲသားနဲ့ သိုးသား .. ပင်လယ်စာရော မြစ်ထဲက အသားတွေရော .. ကုန်းနေရေနေသတ္တဝါ အကုန်လုံးကို စားပစ်မှာ ..."

“ငါ့တစ်ဘဝလုံးမှာ အမဲသားကို တစ်ခါပဲ စားခဲ့ဖူးတယ် ငါတို့အသင်းက နွားကြီးတစ်ကောင် နေမကောင်းဖြစ်ပြီး သေသွားတုန်းကပေါ့။ လူတိုင်း တစ်ယောက်ကို အမဲသား နှစ်ပေါင်စီ ရခဲ့ကြတာလေ နင်တို့အဖေတောင် အဲဒီ့တုန်းက ၁၅ နှစ်ပဲ ရှိဦးမယ် ...”

ချင်းရှန်းက သေဆုံးသွားသည့် သားဖြစ်သူအကြောင်း ပြန်စဉ်းစားရင်း သူမ၏ အဘွား ဝမ်းနည်းလာမည်ကို မလိုလားသောကြောင့် အမြန် ကတိပေးလိုက်သည်။

“စိတ်မပူပါနဲ့ ဘွားဘွားကို ငါ အသားမစားချင်တော့ပါဘူးလို့ ငြင်းယူရတဲ့အထိ နေ့တိုင်း အသားစားရတဲ့ ဘဝမျိုးနဲ့ နေနိုင်အောင် သမီး ထားပေးပါ့မယ် ...”

သူမက စကားကြီးစကားကျယ်များပြောကာ အားလုံးကို ဖြေသိမ့်ပေးသည်ဟု တွေးရင်း မြေးအဘွား သုံးဦးသာ ရယ်မောလိုက်ကြသည်။ ထင်မှတ်မထားစွာဖြင့် .. ညစာ စားသောက်ပြီးနောက်တွင် သူမက မိသားစုပိုင်ငွေ မည်မျှ ရှိသလဲဟု အလေးအနက် မေးလာတော့၏။

ပြီးခဲ့သည့် ၆ လအတွင်း သူမ၏ ဆောင်ရွက်ချက်များကြောင့် ချင်းကွေ့ဟွားသည်လည်း သူမကို ကလေးတစ်ဦးဟု သဘောမထားတော့ပေ။

“ဒီနေ့ ရခဲ့တာတွေရော ပေါင်းရင် စုစုပေါင်း ၁၈၀ လောက် ရှိတယ် ...”

ဤသည်မှာ သူမ တစ်သက်လုံး စုဆောင်းထားသည့် ပမာဏ ဖြစ်သည်။

“ဒါနဲ့ ရှောင်ဟဲက နင့်အတွက်ဆိုပြီး ပေးတဲ့ ယွမ် ၆၀ လေ အဲဒါကို နင် သူနဲ့အတူ ဟိုင်ချန်ကို လိုက်သွားတဲ့အခါ ပေးမယ် ...”

သူမ၏ မြေးမသည် အပတ်စဉ် ဆေးပစ္စည်းများ ပြုလုပ်ရောင်းချကာ အနည်းဆုံး ၂ ယွမ်မှ အများဆုံး ၁၀ ယွမ်အထိ ပုံမှန်ဝင်ငွေ ရှိနေပေသည်။ သို့သော် သူမ ရရှိသည့် ငွေများအား အဘွားဖြစ်သူထံ ပြန်အပ်လေတိုင်း ချင်းကွေ့ဟွားသည် သူမမှာ အရွယ်ရောက်ပြီ ဖြစ်သည့်အတွက် ကိုယ်ပိုင်ငွေကြေး ရှိသင့်သည်ဟု ဆိုကာ တစ်ယွမ်နှစ်ယွမ်မျှသာ လက်ခံခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် ချင်းရှန်းသည် သူမကိုယ်ပိုင်ဝင်ငွေ ယွမ်တစ်ရာနီးပါးခန့် စုဆောင်းထားပြီး ဖြစ်သည်။

ချင်းရှန်းက ခေါင်းကို ယမ်းပြလိုက်သည်။ လောင်ဟဲက ဟိုင်ချန်သို့ သွားမည် မသွားမည်မှာ တပ်အပ်ပြော၍ မရနိုင်သည့် ကိစ္စ ဖြစ်သည်။ ထိုသူမှာ ယုံကြည်အားကိုး၍ ရသည့်သူ ဖြစ်သည့်တိုင် သူမကမူ ဤဘဝ၌ မည်သူ့အပေါ်မှ မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးရန်သာ ဆုံးဖြတ်ထားသည်။

All Chapters