← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

“ဘွားဘွား .. နှစ်ကူးပြီးရင် ကောင်တီထဲမှာ အိမ်တစ်လုံးလောက် ငှားရမလား စဉ်းစားနေတာ အဲဒါဆို လေ့ကျင့်ရေးသင်တန်း သွားတက်ဖို့လည်း အဆင်ပြေသွားပြီလေ ...”

“ဘာလို့ ပိုက်ဆံကို ဖြုန်းနေမှာလဲ နင့်အစ်မကြီးအိမ်မှာပဲ နေလိုက် ပြီးနေတာကို ...”

“သင်တန်းက တစ်ရက်နှစ်ရက်ပဲ မဟုတ်ဘူး နှစ်ဝက်ကြီးတောင်လေ။ အဲဒါ ပြီးသွားရင်လည်း နောက်ပိုင်းကျ ကောင်တီမှာပဲ အလုပ်လုပ်ရင် လုပ်ရမှာ။ အဲဒီလိုဆို အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ ဆွေမျိုးတောင် ကြာရင် ဘယ်ကြည်တော့လိမ့်မလဲ .. ပြီးတော့ အစ်မကြီးက ...”

အဘွားဖြစ်သူသည် နှစ်သစ်ကူးကာလ စိတ်ကြည်လင်နေသောကြောင့် သူမ၏ စကားများအား မျိုသိပ်ကာ နောက်ရက်များတွင်မှ ပြောမည်ဟု တွေးလိုက်တော့သည်။

စောင့်ဆိုင်းရင်း လပြက္ခဒိန် ပထမဆုံးလ၏ ဒုတိယမြောက်နေ့သို့ ရောက်သည့်အခါ ချင်းယိုတိနှင့် နျိုတာ့ကမ်းတို့ ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် ချင်းရှန်းက ဖက်ထုပ်လုပ်ဟန်ဆောင်ရင်း ဒုတိယအစ်မကို မျက်စိတစ်ဖက်မှိတ်ပြကာ မီးဖိုထဲသို့ ခေါ်သွားလိုက်သည်။

ဖက်ထုပ်များကို လကုန်ရက် ညနေပိုင်းကတည်းက ပြင်ဆင်ထားကာ ဝက်သား၊ ကြက်သွန်နီနှင့် လုပ်သည်က တစ်ဝက်၊ ကျန်တစ်ဝက်မှာ ကြက်သွန်မြိတ်၊ ကြက်ဉတို့နှင့် အစာသွပ်ထားခြင်း ဖြစ်သည်။ ယိုတိသည် သူမ၏ ခင်ပွန်းမိသားစုထံ၌ပင် အစားအသောက်နှင့် ပတ်သက်၍ အခက်မတွေ့ခဲ့ရသည်မှာ ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။ သူမက စကား မပြောရသေးခင်မှာပင် တံတွေးမျိုချမိနေတော့၏။

“ရှန်းယုံရော ဘာလို့ မပါတာလဲ ...”

ယိုတိ၏ သားနာမည်မှာ နျိုရှန်းယုံ ဖြစ်သည်။ အတိတ်ဘဝ၌ ထိုကောင်လေးသည် သူ့အဒေါ် ချင်းရှန်း နေမကောင်းဖြစ်နေချိန်၌ နှစ်ကြိမ်တိုင် လာတွေ့ခဲ့ဖူးသည့် ရိုးသားသော ကောင်လေးတစ်ဦးပင် ဖြစ်ပေသည်။

“လကုန်ရက်က မီးရှူးမီးပန်းတွေနဲ့ဆော့ရင်း လက်မှာ ဒဏ်ရာရသွားတယ်လေ အဲဒါကြောင့် ခေါ်မလာတာ ...”

“တအားကြီး ပြင်းလား ...”

“ဘာမှ မဖြစ်ဘူး ဒီတိုင်း လက်ညှိုးကျိုးပြီး သွေးလေး နည်းနည်းပဲ ထွက်သွားတာ။ မျက်လုံးကို မခိုက်မိအောင် လက်နဲ့ ကာလိုက်လို့ ဖြစ်သွားတာလေ သူ့အကြီးဆုံးဦးလေးနဲ့ ဒုတိယဦးလေးရဲ့ သားတွေကတော့ တော်တော်လေး ဒဏ်ရာပြင်းတယ် သွေးတွေလည်း အများကြီးပဲ အဲဒီ့ကောင်ဆိုးလေးတွေက သေချာပေါက်ကို ပြဿနာ ဖြစ်မှာပါလို့ ငါမပြောခဲ့ဘူးလား ဟမ့် ထင်တဲ့အတိုင်း ကွက်တိကိုပဲ ...”

တူဖြစ်သူ အဆင်ပြေကြောင်း ကြားလိုက်ရကာမှ ချင်းရှန်းလည်း စိတ်အေးသွားတော့သည်။ သူမက အိတ်ကပ်ထဲမှ စာအိတ်နီတစ်လုံးကို ထုတ်ပေးလိုက်သည်။

“တူလေးအတွက် ချိုချဉ်လေး ဝယ်ပေးလိုက် ...”

ယိုတိက ဝမ်းသာအားရ ပြောလိုက်သည်။

“နင်လည်း အိမ်ထောင်ကျပြီး ရင့်ကျက်လာပြီပဲ အရင်ကဆို တို့အိမ်က တတိယလေးက စာအိတ်နီပေးဖို့ မပြောနဲ့ တူလေးနဲ့ ရန်သတ်ပြီးတောင် မိုက်ကြေးခွဲတတ်တဲ့ သူမျိုးလေ ...”

သူမက စာအိတ်ကို ဖွင့်ကြည့်ကာ ပြောလိုက်သည်။

“အမလေး ရက်ရောလိုက်တာ ... ၆၆ ဆင့်တောင်ဟ ...”

ဤသည်မှာ သူမ၏ ယောက္ခမများ ပေးသည်ထက်ပင် ပိုများနေသေးသည်။ ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ထိုသူတို့၏ အရှေ့တွင် စာအိတ်နီကို ဖွင့်ပြကာ သူမ၏ မိသားစုဘက်မှ မည်မျှ ရက်ရောကြောင်း ပြသရလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ချင်းရှန်းက ဘယ်လိုလုပ် သူမရဲ့ အတွေးလေးကို မသိဘဲ နေနိုင်ပါ့မလဲ။ ဒါပေမယ့် လောလောဆယ်တော့ စီးပွားရေးက အရေးအကြီးဆုံးပဲလေ ...

“မေးပြီးပြီလား ...”

“မေးပြီးရုံတင် မကဘူး သူတို့ဘက်ကပါ တအား တက်ကြွနေတာ နောက်နေ့ကျ ကောင်တီကို သွားပြီး တစ်ထိုင်တည်း စစ်ဆေးခဲ့သေးတယ် စီးပွားရေးက တော်တော်လေး ကောင်းတယ် အလုပ်တွေကလည်း မခက်ခဲဘူး အဲဒါနဲ့ ချက်ခြင်းသဘောတူလိုက်တာ ...”

လွန်ခဲ့သည့် ၇ နှစ် “နွေဦးတော်လှန်ရေးပွဲတော်” စတင်ပြီးနောက်ပိုင်းတွင် အဖွဲ့များအားလုံး၊ စက်ရုံများနှင့် မိုင်းတွင်းများအားလုံးတွင် “၃၀ ရက်နေ့၌ အလုပ်မနား၊ နှစ်သစ်ကူး ပထမဆုံးရက်တွင်ပင် အလုပ်ဆင်းမည်” ဟူသည့် ကြွေးကြော်ချက်များ ခေတ်စားလာကာ ပြည်နယ်ပိုင်ဟော်တယ်များ၌ပင် နားရက် မရှိတော့ချေ။

“အဲဒီ့ကောင်မလေးအကြောင်း ပြောနေတာလား ...”

“ဟုတ်တယ် ကျူးပါးမိန်တဲ့ .. သူက အသက်ငယ်ပေမယ့် တော်တော်လေး ဉာဏ်ကောင်းတာနော် အဲဒီ့အကြောင်းကြားတော့ ချက်ခြင်းကို သူ့အစ်ကို ၇ ယောက်ကို သွားတွေ့တာ နင့်အစ်မကို တွေ့ပြီးတော့လည်း ၇ ခေါက် ၈ ခေါက်လောက် နောက်ထပ် သွားကြည့်လိုက်သေးတယ် .. အဲဒီ့ကောင်မလေးကို မြင်ရင် သိလိမ့်မယ် .. သေချာပေါက်ကို တစ်ချိန်ချိန်မှာ ကြီးပွားမယ့်ကောင်မလေး ...”

“ငွေရေးကြေးရေးကရော ...”

“စစချင်းတုန်းကတော့ သူက ၂၈၀ ပဲ ပေးချင်တာ ဒါပေမယ့် ငါက ၃၀၀ လို့ ပြောခဲ့တယ် ...”

ယိုတိက ရင်ဘက်ကိုပုတ်ကာ ပြောလိုက်သည်။

ချင်းရှန်း၏ အကြည့်တို့ အနည်းငယ် လှုပ်ရှားသွားသည်။

“တကယ် ၃၀၀ ပဲ ဟုတ်လို့လား ...”

ဒုတိယအစ်မသည် မရိုးသားဟု သူမက အမြဲ ခံယူထားသည်။

“တယ် .. ဒီကောင်မလေး ငါ့ကို ဒီလိုမျိုး အကျိုးအမြတ်ယူတတ်တဲ့သူများ ထင်နေလား .. မျက်တောင်မွှေးတစ်ဆုံးပဲ ကြည့်မနေနဲ့ ...”

ယိုတိက အနည်းငယ် ဒေါသထွက်သွားသည်။

“ချင်းလိုင်တိ နင့်ကို သတိပေးလိုက်မယ် .. ငါ့ကို ဒါမျိုး မယုံမကြည် ထပ်လုပ်မယ်ဆို ငါ မသွားတော့ဘူး ...”

ချင်းရှန်းက သူမ၏ အမူအယာကို အကဲခတ်လိုက်သည်။ ဒုတိယအစ်မ၏ ပုံစံမှာ စိတ်ဆိုးချင်ယောင်ဆောင်နေသည်နှင့်မတူ။ တကယ်ပဲ မှားပြီး စွပ်စွဲလိုက်မိတာများလား ... မည်သို့ပင်ဖြစ်စေ သူမ၏ ဒေါသစိတ်ကို ဖြေလျော့လိုနေသည့်အတွက် ငွေမှာ အဓိက မကျလှပေ။

“ကောင်းပြီလေ ဒါဆို ဖက်ထုပ်စားပြီးတာနဲ့ ကောင်တီအရောင်းဆိုင်ကို သွားမယ်လို့ ပြောနော် .. ဘယ်သူမှ မသိစေနဲ့ ...”

ထိုသို့ဖြင့် ဆွေးနွေးပွဲသည် ကောင်းမွန်စွာဖြင့် အပြီးသတ်သွားခဲ့သည်။ ထို့နောက် အိမ်ပြန်ရန် အချိန်သို့ ရောက်သည့်အခါ ချင်းဖန်က သူမ၏ နောက်စေ့တွင် မျက်လုံးများ ပါနေသည့်အလား သူမကိုပါ သေအတူ ရှင်မကွာ ခေါ်သွားရန် ပြောလာခဲ့သည်။

“အရင်ဆို ဒါမျိုး မလိုက်တတ်ပါဘူး ...”

ယိုတိက သံသယ ဖြစ်နေမိသည်။ စတုတ္ထလေးသည် မည်သူနှင့်မှ ကစားတတ်သူ မဟုတ်၊ အစ်မများနှင့်သာမက ရွာထဲမှ ကလေးများနှင့်ပင် ပူးပူးကပ်ကပ် မနေတတ်သူ ဖြစ်သည်။ ထိုအစား သူမဘာသာ ပုရွက်ဆိတ်များအား လိုက်ကြည့်နေတတ်သူ ဖြစ်ကာ ရွာထဲမှ ကလေးများက သူမကို မကြိုက်ကြသည့်အတွက် သူမကလည်း သူတို့နှင့် မကစားချင်ခဲ့ပေ။

“လိုက်ချင်တယ်လို့ ...”

ချင်းဖန်က မျက်တောင်မခတ်စတမ်း ပြောလိုက်သည်။

ချင်းရှန်းက အခြား မတိုးသာမဆုတ်သာ အခြေအနေက အဘွားဖြစ်သူ၏ သံသယအား နှိုးဆွမိမည်ကို စိုးရိမ်သောကြောင့် သဘောတူလိုက်ရုံသာ ရှိတော့သည်။ သို့သော် သူမက လမ်းတစ်လျှောက် မည်သည့်အရာကို မြင်မြင် ကြားကြား၊ စကားတစ်ခွန်းမှ ပြောခွင့်မပြု၊ အဘွားအား ပြန်ပြောရန်လည်း ခွင့်မပြုဟု ပြောလိုက်သည်။

လျှိုမိသားစုသည် အလွန် သက်ဝင်လှုပ်ရှားနေခဲ့သည်။ ပုံမှန်အားဖြင့် ရှစ်လန်ခရိုင်၏ ထုံးတမ်းအရ အိမ်ထောင်ပြုပြီးသော မိန်းကလေးတစ်ဦးသည် လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင် မိဘအိမ်သို့ ပြန်ကြရသည်။ သို့သော် လျှိုကျားဝေ့သည် အချိန်ပို ဆင်းနေရသည့်အတွက် ချင်းအိုက်လန်မှာ မိဘအိမ် ပြန်မည့် အစီအစဉ်အား ယာယီ ရွှေ့ဆိုင်းထားရတော့၏။

တိုက်ဆိုင်စွာဖြင့် ထိုနေ့တွင် လျှိုမိသားစု၏ ယောက်မသည်လည်း အိမ်ပြန်လာခဲ့သည်။ သူမက ယောက္ခမအား ချက်ပြုတ်ရာ၌ ကူညီပေးရန် အိမ်သို့ နေ့တစ်ဝက် ပြန်လာခဲ့သည်။

ပုံမှန်အားဖြင့် ယောက္ခမနှင့် ချွေးမတို့သည် အတူတူ ချက်ပြုတ်ကြရမည် ဖြစ်သော်ငြား လက်တွေ့တွင် မစ္စလျှိုသည် ခါးနာသွားကိုက်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသည့်အပြင် အပူဒဏ်ကြောင့် ချောင်းဆိုး‌သည့်အတွက် လုပ်ငန်းစဉ်ကို စစ်ဆေးသည့် အချိန်မှသာ ရောက်လာခဲ့သည်။

ကျန်အချိန်များတွင်မူ ခြံထဲ၌ အခြားလူများဖြင့် စကားပြောရင်းသာ အချိန်ကုန်နေခဲ့၏။ ကျန် ယောက်မနှစ်ဦးကမူ .. အချိန်ခိုးရန် အလို့ငှာ အစောကြီးကတည်းက အပြင်ထွက်သွားကြသည်။ စားသောက်ချိန်မှ အချိန်မီ ပြန်လာကြပြီး လူရှေ့သူရှေ့တွင် တတိယယောက်မအား သူမတို့ လုပ်ရမည့် တာဝန်များကိုပါ သိမ်းကြုံးကာ လုပ်သွား၍ သူမတိုါတွင် လုပ်စရာ မရှိတော့ဟု ရွဲ့စောင်းအပြစ်တင်ကြတော့သည်။

အစပိုင်း၌ ချင်းအိုက်လန်သည် ထိုကိစ္စများနှင့် ပတ်သက်ပြီး လျှိုကျားဝေ့ကို ပြန်ပြောခဲ့သေးသည်။ သို့သော် ထိုသူက သူမအား စကားချိုချိုလေးများဖြင့်သာ နှစ်သိမ့်ပေးခဲ့သည်။ သူ့အမေနှင့် ခယ်မနှစ်ဦးမှာ စိတ်ရင်းမကောင်းခြင်း မဟုတ်၊ အပြောဆိုးခြင်းမျှသာ ဖြစ်ကြောင်း၊ ဤသည်မှာလည်း သူမက မိသားစုထဲသို့ ဝင်လာကာစ ဖြစ်၍ စိမ်းသက်နေသောကြောင့်သာ ဖြစ်ကြောင်း၊ အချိန်ကြာလာ၍ ရင်းနှီးသွားသည့်အခါ အဆင်ပြေသွားလိမ့်မည် ဖြစ်ကြောင်းနှင့် သူတို့ထံတွင် ကလေးများ မရှိသေးသည့်အပြင် မိသားစုအတွက် အလုပ်ရမှတ်ကိုလည်း အနည်းငယ်သာ ပေးနိုင်သည့်အတွက် ချက်ပြုတ်ခြင်းနှင့် အိမ်အလုပ်များကို ပိုမိုကာ လုပ်ပေးသင့်ကြောင်း ဖြောင်းဖြခဲ့သည်။ မိသားစုဟူသည် တစ်စုတစ်စည်းတည်းဖြင့် စည်းစည်းလုံးလုံး ရှိသင့်သည်ဟုပါ နားချခဲ့သေး၏။

ချင်းအိုက်လန်က အစောပိုင်းကမူ ထိုစကားများကို နားယောင်ခဲ့သေးသည်။ သို့သော် ပြည်နယ်ပိုင် ဟော်တယ်၌ အလုပ်ဝင်ပြီး နောက်ပိုင်းတွင်မှ မည်သည့် အသစ်စက်စက် ဇနီးလေးကမှ သူမကဲ့သို့ မှောင်ခိုသမားတစ်ဦးသဖွယ် ပုန်းလျှိုးကွယ်လျှိုး နေနေစရာ မလိုကြောင်း၊ မည်သည့်ခင်ပွန်းကမှ သူ့ဇနီးသည်ဘက်မှ ရပ်တည်ပေးရန် ကြောက်ရွံ့နေခြင်း မရှိကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူမ၏ စိတ်ထဲတွင် မပျော်မရွှင် ဖြစ်လာရတော့သည်။

အိုက်လန်သည် စားသောက်ဆိုင်၌ အလုပ်ဝင်ပြီးသွားကာမှ ယောက္ခမ၏ အကျင့်စရိုက်မှာ အိမ်တွင်သာမက အလုပ်၌လည်း အလားတူပင်ဖြစ်ကြောင်း သိခဲ့ရတော့သည်။ ထို့အပြင် တစ်နေကုန် အနားမနေသော သူမ၏ ပါးစပ်မှာ လမ်းကြားနှစ်ခုခြားသည့် အိမ်နီးချင်းများ၏ အတင်းကိုပင် ဖြန့်ဝေနိုင်ပေရာ ဟော်တယ်ဝန်ထမ်းများအကြား ကောလဟာလဖြန့်ကာ ပြဿနာရှာရန်မှာမူ သူမအတွက် အသေးအဖွဲမျှသာ ဖြစ်ပေသည်။ သူမ၏ ပါးစပ်မှာ ရှန်းကုန်းပေါင်၏ ပါးစပ်အလားပင် တစ်နေကုန် အတင်းစကားပြောခြင်း၌သာ ပျော်မွေ့နေတတ်၏။

အစပိုင်း၌ ဝန်ထမ်းအားလုံးသည် အိုက်လန် အလုပ်ဝင်လာသည့်အခါ သူမ၏ ပင်စင်ယူသွားသော ယောက္ခမကဲ့သို့ ဖြစ်နေမည်လားဟု တွေးကာ စိုးရိမ်ခဲ့ကြသည်။ တစ်မိသားစုလုံး လုပ်ငန်းခွင်ထဲလိုက်ကာ ပြဿနာမရှာပါဟု မည်သူမှ အာမမခံနိုင်ချေ။ သို့သော် အိုက်လန်သည် အလုပ်စဝင်လာချိန်မှစကာ မည်သူနှင့်မှ များများစားစား စကားမပြောဘဲ အလုပ်ကိုသာ အာရုံစိုက်နေခဲ့သည်။ စားသောက်ဆိုင်၌ လာရောက်စားသောက်သူများကိုလည်း ရွှင်ရွှင်ပျပျ ဆက်ဆံတတ်ကာ တစ်ခါတစ်ရံ ပင်မစားဖိုမှူး အလုပ်များနေချိန်၌ ကူညီကာ ဟင်းတစ်ပွဲနှစ်ပွဲ ဝင်ချက်ပေးသွားသည့်အတွက် လုပ်ဖော်ကိုင်ဖက်များသည် သူမကို နှစ်သက်စ ပြုလာတော့သည်။

"ဒီမှာ ရောက်နေတာလည်း အချိန်တွေ ကြာနေပြီဆိုတော့ နင်လည်း အထူးစပါယ်ရှယ်ဟင်းတွေ နည်းနည်းပါးပါးလောက်တော့ ချက်တတ်လောက်ရောပေါ့ ဒီနေ့ နင့်ယောက်မအတွက် ငါးရှဉ့် ချက်ပေးမလို့လေ ...”

မစ္စစ်လျှိုက အမိန့်ပေးလိုက်သည်။

“ဟင်းထဲကို နံနံပင်နဲ့ ငရုတ်ကောင်း စပ်တာလေး ထပ်ထည့်လိုက်ဦး .. စပ်စပ်လေး ချက်နော် ...”

အိုက်လန်က သူမ၏ လက်ကို ဖျတ်ခနဲ စိုက်ကြည့်မိလိုက်သည်။ ပြီးခဲ့သည့်ရက်က အလုပ်ထဲတွင် မတော်တဆ ဓားရှမိသွားခဲ့ကာ ချက်ခြင်း ဆေးထည့်ရန် အချိန်မရှိခဲ့။ ယခု ငရုတ်ပွနှင့် ငရုတ်ကောင်းများကိုပါ ကိုင်တွယ်ရမည် ဆိုပါလျှင် ...

“ဘာလဲ .. ဒါလေးတောင် အကူအညီ တောင်းလို့ မရဘူးလား နင့်ရဲ့ ယောက်မနှစ်ယောက်နဲ့ လိုက်ယှဉ်မနေနဲ့။ ဘယ်သူက နင့်ကို လိုက်ယှဉ်ခွင့် ပြုထားလို့လဲ ဒီအိမ်မှာ အားလုံးက မြို့ပေါ်မှာ အလုပ်လုပ်နေကြတဲ့သူတွေချည်းပဲ။ လျှိုမိသားစုမှာ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် ဌာနပေါင်းစုံက အပေါင်းအသင်းတွေကို လိုက်ပြီး အကူအညီတောင်းလို့ ရတယ်။ နင့်အိမ်ကရော ဘာအသုံးဝင်လဲ နင်ကရော အိမ်မှာ ဘာလုပ်ရလို့လဲ။ မိန်းကလေးတွေများနော် .. အမလေး နွေလေရူးကို ရိုက်ဖို့ မလာတာတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ ...”

သူမက စောဒက တက်တတ်သူ မဟုတ်သော်ငြား မိသားစုနှင့် ပတ်သက်လာသည့်အခါတွင်မူ ဆက်ပြီး သည်းမခံနိုင်တော့။

“အမေ ကျွန်မတို့အိမ်က အဘွားနဲ့ ကောင်မလေးတွေကလည်း လက်ဆောင်တွေ အများကြီး ပေးတာပဲလေ ...”

“အမလေးဟဲ့ အာလူးတွေ ဟင်းရွက်တွေ ဂေါ်ဖီထုပ်တွေက ဘယ်လောက်များ တန်ကြေးရှိလို့လဲ ရွာဘက်မှာဆို ခြေထောက်နဲ့ ကော်လိုက်ရင်တောင် ပေါင်ချိန်တွေ အများကြီး ရတဲ့ဟာ .. သူတို့ ဘာလုပ်ရလို့လဲ ...”

ချင်းအိုက်လန်က ပြောလိုက်သည်။

“အထင်မကြီးဘူးဆို ဘာလို့ ပြီးခဲ့တဲ့တစ်ခေါက်က အရွက်ရောင်းတဲ့ဆိုင်က ဆိုင်ရှင်နဲ့ ခါကြက်ဉလေးတစ်လုံးအတွက်တောင် ရန်ဖြစ်ခဲ့လဲ ...”

“အမလေး .. ငါတို့မိသားစုကို ဘယ်လိုမိသားစုလို့ ထင်နေတာလဲ နင် ငါတို့မိသားစုထဲက လူနဲ့ လက်ထပ်နိုင်ဖို့အတွက် နင့်ဘိုးဘေးတွေ အကုန် အုတ်ဂူကနေ မီးခိုးထွက်လာကြရတာ မဟုတ်လား ယူတာ ဒီလောက် ကြာနေပြီကို အခုထိ ကလေးမမွေးနိုင်သေးတာတော့ ထည့်ကို မပြောချင်‌တော့ဘူး .. ကျားဝေ့အသက်ပဲ ဘယ်နှနှစ် ရှိနေပြီလဲ နင့်ကြောင့် သူဆို စက်ရုံမှာ ခေါင်းကို မဖော်နိုင်တော့ဘူး ...”

နင်က ငါတို့ မိသားစု မျိုးဆက်ပြတ်ပြီး ငါ့သားပါ ခေါင်းမဖော်နိုင်အောင် တမင် လုပ်နေတာ မဟုတ်လား ...

ထိုအကြောင်း တွေးမိသည့်အခါ မစ္စစ်လျှို၏ မျက်နှာမှာ အိုးမည်းထက်ပင် မည်းနက်သွားတော့သည်။ သူမက အိုက်လန်ကို တံတွေးဖြင့် ထွေးကာ ဖိနပ်ဖြင့်ပါ တက်နင်းလိုက်တော့သည်။

အိုက်လန်က ထမင်းချက်သည့်နေရာတွင် တံတွေး မထွေးသင့်ကြောင်း ပြောလိုခဲ့သည်။ တောတွင် နေထိုင်သည့် သူမ၏ အဘွားသည်ပင် တံတွေးကို ထင်တိုင်းမထွေးတတ်။ သို့သော် သူမသည် လည်ပင်းဝသို့ ရောက်လာသည့် စကားလုံးများကို ပြန်လည်ကာသာ မျိုချထားလိုက်တော့သည်။

ဟုတ်တယ် သူမက လျှိုမိသားစုအတွက် သား မွေးမပေးနိုင်ဘူး အဲဒီ့အတွက် လျှိုမိသားစုအပေါ်ရော ကျားဝေ့အပေါ်မှာပါ အားနာမိပါရဲ့ ...

ဒါပေမယ့် ဒီစကားလုံးတွေက သူမအတွက်တော့ ကျိန်စာလိုပဲ ဒါတွေကို ဘယ်သူက စပြောခဲ့တာလဲ ယောက်ျာလား ယောက္ခမလား ယောက်မတွေလား .. မှတ်တောင် မမှတ်မိတော့ဘူး ...

အခုဆို တူအငယ်လေးအစ ဒါမျိုးပြောပြီး သူမကို နှိမ်နေပြီ ...

ချင်းအိုက်လန်က ငရုတ်သီးများကိုသာ တိတ်တဆိတ် လှီးနေလိုက်သည်။ အပူဒဏ်ကြောင့် သူမ၏ လက်တစ်ဖက်လုံး နီမြန်းယောင်ယမ်းလာကာ မသက်သာသေးသည့် အနာနှစ်ခုများ သွေးများ နောက်တစ်ကြိမ် စီးကျလာတော့သည်။ လက်ကို ရေဖြင့် ဆေးမည်ပြုစဉ်မှာပင် ယောက္ခမက အခြေအနေကို စစ်ဆေးရန် မီးဖိုထဲသို့ ဝင်လာခဲ့ပြန်၏။

“နင့်ကိုယ်နင် နိုင်ငံခြားက ဝန်ထမ်းများ မှတ်နေလား ဒါလေး လှီးတာတောင် ကြာလိုက်တာမှ တမေ့တမော နင့်ယောက်မတွေရော တစ်ခြားသူတွေရော အကုန်ပြန်ရောက်နေပြီ ကလေးတွေကလည်း ဗိုက်ဆာလို့ အော်နေပြီ .. နင့်ကို ငါ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်နေ ...”

ကျိန်ဆဲနေစဉ် အောက်ထပ်မှ အော်သံတစ်ခုကို ကြားလိုက်ရသည်။

“အိုက်လန် .. ချင်းအိုက်လန် .. နင့်ကို လူတစ်ယောက် လာရှာတယ် ...”

မစ္စစ်လျှိုက ငုံ့ကြည့်လိုက်သည့်အခါ လမ်းတံတားရုံး၏ အမျိုးသမီး ဒါရိုက်တာဖြစ်ကြောင်း သိလိုက်ရသည့်အတွက် သူမကို ကန့်လန့်မတိုက်ရဲ။

“အမလေး ဒါရိုက်တာယောင်ကိုး .. အိမ်ထဲဝင်ထိုင်ပါဦးလား ..."

“မထိုင်တော့ပါဘူး ကျွန်မက အိုက်လန်ကို လာရှာတာ ...”

“မြန်မြန်လုပ်လေ .. အတွင်းရေးမှူးရဲ့ မိသားစုအတွက် ချက်ပြုတ်ပေးရမယ့်အကြောင်း ပြောလာရင်လည်း ချိုချိုသာသာပြောနော် နင့်ဒုတိယခဲအို အဖွဲ့ခေါင်းဆောင် ဖြစ်မဖြစ်က သူတို့အပေါ် မူတည်နေတာ ...”

အိုက်လန်သည် အချက်အပြုတ် ကောင်းမွန်လှသူ ဖြစ်ကာ လျှိုမိသားစု၏ အမြင်တွင် ၎င်းက သူမ၏ တစ်ခုတည်းသော ကောင်းကွက် ဖြစ်ပေသည်။ အိမ်နီးချင်းများ ညစာစားပွဲ လုပ်ချင်သည့် အခါတိုင်း သူတို့က သူမအား အကူအညီ တောင်းကြသည်။ သူမကလည်း ငွေကုန်ကြေးကျ အနည်းဆုံးဖြစ်အောင်နှင့် အရသာအရှိဆုံး ဟင်းလျာများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးခဲ့သည်။ ထို့ကြောင့်လည်း မစ္စစ်လျှိုက သူမ၏ အလုပ်နေရာအား အိုက်လန်သို့ လိုလိုချင်ချင်ဖြင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပေသည်။

လျှိုမိသားစု၏ အတွေးမှာ သူမအား စားသောက်ဆိုင်၌ နှစ်အချို့ အလုပ်လုပ်ခိုင်းရင်း ကျွမ်းကျင်စားဖိုမှူးထံ့မှ ပညာအချို့ တိတ်တခိုး သင်ယူလာနိုင်စေရန် ဖြစ်သည်။ ထိုသို့ဖြင့် သူမသည် တစ်ချိန်ချိန်တွင် နာမည်ကြီးလာနိုင်ကာ အခြားသူများအတွက် သီးသန့် ချက်ပြုတ်ပေးရမှုအတွက် အခကြေးငွေမှာလည်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။

“ကောင်းပါပြီ အဒေါ် ကျွန်မ အခုပဲ လာခဲ့ပါ့မယ် ...”

လိုင်တိထံတွင် လေးဖင့်နေချိန် မရှိ။ အောက်ထပ်သို့ အမြန် ပြေးဆင်းလာလိုက်သည်။ စိတ်ထဲတွင်လည်း မနက်ဖြန် သူမ ချက်ပြုတ်မည့် ဟင်းပွဲများအား ကြိုတင်ကာ စဉ်းစားထားလိုက်၏။ သို့မှသာ အတွင်းရေးမှူးက သူမအား မေးသည့်အခါ အဆင်သင့် ဖြေနိုင်မည် ဖြစ်သည်။ ထပ်ထည့်လိုသည်များ ရှိပါလျှင်လည်း ရေးမှတ်ထားနိုင်ပေမည်။

All Chapters