← Chapters

Chapter 30

Vol. 3 Ch. 30

Chapter 30

Vol. 3 Ch. 30

အားလုံး ကြောင်အကုန်ကြ၏။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ကွာရှင်းခြင်းကသာလျှင် အကောင်းဆုံးသော ဖြေရှင်းချက်ဖြစ်ကြောင်း ဟိုးယခင်ကတည်းက တိုင်ပင်ထားပြီးဖြစ်ကာ အိုက်လန်အား ကွာရှင်းရန် နားချရာ၌ စစ်အေးတိုက်ပွဲများ ဆင်နွှဲရလိမ့်ဦးမည်ဟုပင် ကြိုတင်ကာ စိတ်ကို ပြင်ဆင်ထားခဲ့ကြသည်။ သူမဘက်မှ သဘောတူညီချက်ရရန်ပင် လအနည်းငယ် ကြာဦးမည်ဟု တွက်ဆထားခဲ့သော်ငြား သူမက နာရီပိုင်းအတွင်းမှာပင် ဆုံးဖြတ်ချက် ချခဲ့သည်။

ထို့အပြင် စိတ်ဆိုးနေသည့် အရိပ်အယောင်လည်း မြူမှုန်မျှပင် မရှိ၊ အလွန် တည်ငြိမ်စွာဖြင့် ပြောလာခြင်း ဖြစ်သည်။

“သေချာစဉ်းစားပြီးသွားပြီလား ...”

“တွေးပြီးသွားပြီ ...”

ချင်းအိုက်လန်က ဤတစ်ကြိမ်တွင်မူ ယခင်ကဲ့သို့ ခေါင်းကို ငိုက်စိုက်ချမထားတော့ပေ။ လိုင်တိ ပြောခဲ့ဖူးသလိုပင် သူမဘက်မှ မည်သည့်အမှားမှ ကျူးလွန်ထားခဲ့ဖူးခြင်း မရှိရာ အမြဲတမ်း သူမဘက်မှ ခေါင်းငုံ့ခံနေစရာအကြောင်း မရှိပေ။ ရှက်ရွံ့စိတ်ဖြင့် ခေါင်းငုံ့နေရမည့်သူမှာ အိမ်ထောင်ရှိလျက် ဖောက်ပြန်သည့် လျှိုကျားဝေ့၊ အိမ်ထောင်သည်နှင့် ပတ်သက်သည့် ဟဲရှောင်ဟုန်တို့သာ ဖြစ်သည်။

ချင်းညီအစ်မ သုံးဦးစလုံးကလည်း စိတ်အေးသွားဟန်ဖြင့် သူ့ထက်ငါ အပြိုင်အဆိုင် သက်ပြင်းချလိုက်ကြသည်။ အစ်မကြီးက ကွာရှင်းရန် စိတ်ပိုင်းဖြတ်ထားလိုက်ပြီး ဖြစ်သည့်အတွက် ကျန်ကိစ္စများအား ကိုင်တွယ်ဖြေရှင်းရန်မှာ အလိုလိုပင် လွယ်ကူလာတော့သည်။

ပတ်သက်မှုအား အမြန်ဆုံး ဖြတ်တောက်ရန်အလို့ငှာ နျိုတာ့ကမ်းက ချီလီထွင် တပ်မဟာ၏ အကြီးအကဲများအား ချက်ခြင်း ဖိတ်ကြားလိုက်ကာ သူ့ဦးလေးများ၊ ညီအစ်ကိုများနှင့် ရှိရှိသမျှ မိသားစု အသိမိတ်ဆွေအားလုံးကိုပါ လှမ်းခေါ်၍ စတီးစက်ရုံ၏ ဝန်ထမ်းအိမ်ယာသို့ အုပ်စုလိုက် ချီတက်လိုက်ကြတော့သည်။

ထိုအချိန်အထိ လျှိုမိသားစုမှာ “ငါတို့သားက ယောကျ်ားနဲ့ မိန်းမကြား အိပ်ယာပေါ်က ကိစ္စကြောင့် အဖမ်းခံရပြီး ရဲစခန်းကို ရောက်နေတယ်” ဟူသည့် သတင်းကြောင့် ကြောင်အနေကြဆဲပင်။ ထိုစဉ် အိမ်ယာဝင်း၏ ဝင်ပေါက်တွင် လယ်သမားများ တစ်ဒါဇင်ထက်မနည်း စုရုံးရောက်ရှိကာ အော်ဟစ်လိုက်ကြတော့သည်။

“လျှိုမျိုးရိုးနဲ့ကောင် .. အခုချက်ခြင်း ထွက်လာခဲ့စမ်း ...”

စတီးစက်ရုံမှ ဝန်ထမ်းများသည် တစ်ဦးနှင့်တစ်ဦး အလွန် ရိုင်းပင်းကြကာ ညီညွတ်သည့် စိတ်ထားကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ သို့သော် လျှိုကျားဝေ့၏ ဖောက်ပြန်မှုက မြောက်များစွာသော ဝန်ထမ်းများကို ကြောင်အစေသွားကာ ဥပဒေအား ချိုးဖောက်ထားသူဘက်မှ မည်သူမှ မရပ်တည်ပေးလိုကြတော့ပေ။

အားလုံးက စိတ်ဝင်တစားဖြင့်သာ စောင့်ကြည့်နေကြကာ လယ်သမားများဘက်မှ လွန်လွန်ကျူးကျူး ဖြစ်လာကာမှ ထွက်လာပြီး ဟန့်တားတော့မည်ဟု တစ်ညီတစ်ညာတည်း တွေးလိုက်ကြသည်။

နျိုတာ့ကမ်းမှာ အရူးမဟုတ်။ သူ ခေါ်လာသည့် လူများအား အစောပိုင်းကတည်းက မည်သည့်လက်နက်မှ ယူဆောင်လာခြင်း မပြုဘဲ ဒေါသတကြီးဖြင့် အော်ဟစ်ရန်သာ ကြိုတင်မှာကြားထားပြီး ဖြစ်သည်။ သူတို့အနေဖြင့် မည်သည့်အရာကိုမှ အမှန်တကယ် မလုပ်နိုင်ချေ။ သူ့အဖေ လယ်ထဲ၌ အသုံးပြုသော အသံချဲ့စက်ကို အသုံးပြုကာသာ လျှိုမိသားစုအား အောက်သို့ဆင်းလာပြီး အပြစ်ကင်းသည့် အိုက်လန်ကို ရှင်းလင်းချက်တစ်ခု ထုတ်ပေးရန် အော်ဟစ်တောင်းဆိုနေလိုက်သည်။

ထို့ကြောင့် လျှိုမိသားစုထဲမှ တဇွတ်ထိုးသမားများသည်ပင် အပြင်သို့ ထွက်မလာရဲကြတော့ချေ။

နောက်ဆုံးတွင်တော့ လက်ပိုက်ကြည့်မနေနိုင်တော့သူများက စက်ရုံဒါရိုက်တာနှင့် အတွင်းရေးမှူးကို သွားပြီး အကြောင်းကြားလိုက်ကြတော့သည်။

“အားလုံးပဲ အားလုံးပဲ စိတ်ကို လျှော့ပေးကြပါ ကျွန်တော်တို့ စက်ရုံဝန်ထမ်းက အမှားလုပ်ထားတာ ဖြစ်တဲ့အတွက် စက်ရုံအကြီးအကဲဖြစ်တဲ့ ကျွန်တော်ကပဲ အရင်ဆုံး တောင်းပန်ပါရစေ ...”

ကျူးလွန်သူကို ရဲက ဖမ်းသွားပြီဖြစ်ကာ တရားဝင် ကြေညာချက်ပင် ထွက်လာတော့မည် ဖြစ်သည့်အတွက် သူတို့အနေဖြင့် ဝန်မခံဘဲ ခေါင်းရှောင်နေရန် မလွယ်လှချေ။

နျိုတာ့ကမ်းက အသံကို မြှင့်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်တို့ လာတောင်းပန်နေလည်း အပိုပါပဲ။ လျှိုမိသားစုကိုသာ ထွက်လာခိုင်းလိုက်စမ်းပါ သူတို့မှာ အမှားကို ဝန်ခံရဲတဲ့သတ္တိ မရှိဘူးလား။ ကျွန်တော်တို့အစ်မကြီးက အဲဒီ့မိသားစုမှာ နှစ်တွေအများကြီး ကျွဲလိုနွားလို အလုပ်လုပ်ပေးခဲ့ရတာ နောက်ဆုံးတော့ မျိုးမအောင်တဲ့ကောင်နဲ့ အိမ်ထောင်ပြုခဲ့မိတာပဲ ...”

“ဟုတ်တယ် ကိုယ့်ဘာသာကိုယ် မျိုးမအောင်တဲ့ကိစ္စကို အစ်မကြီးကိုပဲ အကုန် အပြစ်တင်ပြီး သူမရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေကိုလည်း အလကား ဖြုန်းတီးပစ်ကြသေးတယ် ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုတွေ၊ ပျက်စီးသွားတဲ့ ဂုဏ်သတတင်းတွေ .. ဒါတွေအကုန်လုံးကို တောင်းပန်စကား တစ်ခွန်းနဲ့ပဲ အပြီးသတ်လိုက်ချင်တယ်ပေါ့ ဟုတ်လား .. လုံးဝကို လက်မခံနိုင်ဘူး ..."

“ဟုတ်တယ် လုံးဝ လက်မခံနိုင်ဘူး ..."

“ဟုတ်တယ် လျှိုကျားဝေ့ဆိုတဲ့ကောင် မျိုးမအောင်မှန်းလည်း သူတို့တစ်မိသားစုလုံး သိထားပြီးသားပဲနေမှာ .. ဒါက လိမ်လည်လှည့်ဖျားပြီး လက်ထပ်တာပဲကွ ...”

“မျိုးမအောင်တဲ့ကောင်ကများ ဖောက်ပြန်ချင်နေသေးတယ် .. အရှက်မရှိလိုက်ပုံများ ...”

ထိုစကားကို ကြားလိုက်သည့်အခါ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသော စက်ရုံအလုပ်သမားများကလည်း အသံတိတ် ထောက်ခံလိုက်ကြသည်။ လျှိုမိသားစုသည် အလွန် ကောက်ကျစ်ကြကာ ဤနှစ်များအတွင်း ချင်းအိုက်လန်သည် တစ်မိသားစုလုံး၏ ခွဲခြားဆက်ဆံမှုကို ခါးစည်းခံခဲ့ရသည်။

ရှားလော့ဟုမ်းဟု တင်စားရမည့် အဒေါ်ကြီး ၇ ယောက် ၈ ယောက်ခန့်ကမူ လျှိုကျားဝေ့၏ နေထိုင်ပြောဆိုပုံကို စိစစ်အကဲဖြတ်ကာ သူ၏ “မျိုးမအောင်” ဟူသော စကား မှန်မမှန် ပိုင်းခြားသုံးသပ်လိုက်ကြတော့သည်။

ထိုမျှသာမက သူတို့သာ ဤကဲ့သို့ မျိုးမအောင်သည့် ရောဂါကို ခံစားရပါလျှင် ဖောက်ပြန်ရန် မဆိုထားနှင့်၊ တစ်နေကုန် အိမ်ထဲတွင်သာ ပုန်းနေမည် ဖြစ်သည်ဟုပါ မကြားတကြား ပြောလိုက်ကြသေးသည်။

ချင်းရှန်းက ဒုတိယအစ်မအား အထင်ကြီးသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

သို့သော် သူတို့အားလုံး အပြင်ဘက်မှ မည်မျှအထိ ကျယ်လောင်စွာ အော်ဟစ်နေပါစေ၊ အိမ်နီးချင်းများက မည်မျှအထိ တီးတိုး ဝေဖန်နေပါစေ၊ လျှိုမိသားစုက တုပ်တုပ်မျှ လှုပ်မလာ၊ အသက်ပင် မရှိကြတော့သည့်အလား တိတ်ဆိတ်ငြိမ်သက်နေကြသည်။

“စက်ရုံခေါင်းဆောင်နဲ့ ဝန်ထမ်းအားလုံးကို တစ်ချက်လောက် ပြောချင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း နှစ်သစ်ကူးကာလ အားလုံး စိတ်ပျော်ရွှင်နေတဲ့အချိန်မှာ တမင်တကာ ပြဿနာရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတာ မဟုတ်ရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိပါတယ်။ လျှိုမိသားစုဘက်က ကွာရှင်းဖို့အတွက် မပေးမချင်း ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ လျှိုမိသားစုဘက်ကနေ ပေးလိုက်တာနဲ့ ကျွန်တော်တို့တွေ ချက်ခြင်း ပြန်သွားပေးပါ့မယ် မဟုတ်ရင်တော့ ဒီနေရာမှာပဲ ဘယ်နှရက်ကြာကြာ ထိုင်နေမှာပါ။ လူကြီးမင်းတို့က ကျွန်တော်တို့တွေ အစာရေစာ ငတ်ပြတ်ကုန်မှာကို လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ထားပါတယ် ...”

ဒါရိုက်တာ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့၏။ လပြက္ခဒိန်၏ ဒုတိယရက်သာ ရှိသေးသည့်အတွက် နှစ်ကူးကာလ မကုန်ဆုံးသေးပေ။ သို့ဖြစ်ရာ ဤလယ်သမားအုပ်စုကြီးသာ အိမ်ယာဝင်း အပေါက်ဝ၌ ငုတ်တုတ်ထိုင်စောင့်နေကြပါလျှင် မည်သည့်အလုပ်သမားကမှ အလုပ်ဆင်းလိုကြတော့မည် မဟုတ်ပေ။

ထိုသူတို့အား ဖမ်းဆီးရန် ရဲစခန်းသို့ပင် သွားပြီး အကြောင်းကြားလိုက်ချင်သော်ငြား သူတို့ဘက်မှ ရန်ဖြစ်သတ်ပုတ်ခြင်းလည်း မရှိ၊ ထုတ်လုပ်ရေးအဖွဲ့၏ စည်းမျဉ်းများအား ချိုးဖောက်ထားခြင်းလည်း မရှိပေ။ သို့သော် သူတို့အား နေမြဲအတိုင်း ဆက်နေရန်လည်း ခွင့်မပေးနိုင်၊ စက်ရုံအနေဖြင့် ဤမျှသော လူအုပ်ကြီးအား စားစရာသောက်စရာများ ထောက်ပံ့ရန် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် မည်သူ့ကိုမှ အစာအငတ်ခံစေ၍လည်း မဖြစ်ချေ။

ထိုသို့ဖြင့် ဥက္ကဌနှင့် အတွင်းရေးမှူးသည် မှောင်မည်းနေသော မျက်နှာများဖြင့် လျှိုအိမ်ကို တံခါးသွားခေါက်လိုက်ကြသည်။ သို့သော် မည်သူမှ ထွက်မလာသဖြင့် သူတို့၏ မျက်နှာများသည် ပို၍ပင် မည်းနက်သွားတော့သည်။

အမှားလုပ်ထားရင် တောင်းပန်ရမှာပဲ မဟုတ်ဘူးလား .. ပြဿနာကို ဖြေရှင်းဖို့ ဒီလောက်အထိ ခေါင်းမာနေရမှ ဖြစ်မှာလား ...

ဖွီး ... စက်ရုံအတွက်တော့ ဒီလိုဝန်ထမ်းမျိုး ရှိနေတာ ကပ်ဆိုက်တာပဲ ...

ထိုစဉ် အမည်မသိ လူတစ်ဦးက ဒေါသတကြီး ထပြောလိုက်သည်။

“ကြည့်ရတာ စက်ရုံဒါရိုက်တာနဲ့ အတွင်းရေးမှူးအတွက်ကို သူတို့ကို ကိုင်တွယ်ဖို့က သိပ်မလွယ်ဘူး ထင်တယ်။ ငါတို့ ရွာမှာသာဆို အဖွဲ့အတွင်းရေးမှူးနဲ့ ကပ္ပတိန်ကို မျက်နှာသာ မပေးရဲတဲ့သူလို့ကို မရှိဘူး ...”

အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံး မျက်နှာပျက်ယွင်းသွားကြသည်။

လျှိုမိသားစုက ငါတို့ကို မျက်လုံးထဲတောင် မထည့်ထားကြဘူးပဲ ...

ကောင်းပြီလေ .. ငါတို့ကို မျက်နှာသာ မပေးချင်မှတော့ ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းလိုက်ကြတာပေါ့။

အတွင်းရေးမှူးနှင့် ဒါရိုက်တာက ခေါင်းချင်းရိုက်ကာ ဆွေးနွေးလိုက်ကြသည်။ လူအိုကြီးနှစ်ဦးမှာ ပုံမှန်အားဖြင့် ဆက်ဆံပတ်သက်ရန် အလွန် ခဲယဉ်းလွန်းကြသော်ငြား စက်ရုံပြင်ပမှ ပြဿနာများ၊ ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရသည့် အခါတွင်မူ သူတို့၏ ထင်မြင်ယူဆချက်များမှာ အံ့ဩစရာ ကောင်းလောက်အောင်ပင် တူညီနေကြသည်။

နျိုတာ့ကမ်း ခေါ်လာသူများက အလျင်မလို၊ လတ်တလော၌ လယ်အလုပ်များလည်း အားလပ်နေပေရာ အပျော်တမ်း ဖရဲသီးစားရမည့်အပေါ် မည်သူကမှ စိတ်မရှိပေ။ ထိုသို့ဖြင့် ခြံဝင်းထဲတွင် စုဝေးကာ တစ်ယောက်တစ်ပေါက် စကားလက်ဆုံကျလိုက်ကြပြီး အဓိကအကြောင်းအရာမှာ လျှိုကျားဝေ့၏ ဖောက်ပြန်ခြင်းနှင့် မျိုးမအောင်မှုအကြောင်းများ ဖြစ်ပေသည်။

စတီးစက်ရုံ၏ ဝန်ထမ်းများမှာ လျှိုကျားဝေ့၏ ဖောက်ပြန်မှုကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ကြရသော်လည်း လယ်သမားများ၏ အားရပါးရ ပြောပြနေမှုများကြောင့် ခြံဝင်းတစ်ခုလုံး သက်ဝင်လှုပ်ရှား စည်ကားနေတော့သည်။

အချိန်အတော်ကြာ ဆွေးနွေးနေပြီးနောက်တွင် စက်ရုံညွှန်ကြားရေးမှူးက ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။

“ညီအစ်ကိုတို့ .. အချိန်ကလည်း နောက်ကျနေပြီဆိုတော့ ဒီလောက် အေးတဲ့ ရာသီဥတုမှာ အားလုံး အေးခဲပြီး အဆာခံနေရမှာကို ကျွန်တော်တို့အနေနဲ့ စိုးရိမ်မိပါတယ် ဒီလိုမျိုး ညှိကြရင်ရော ဘယ်လိုလဲ .. လျှိုမိသားစုစီကနေ လျော်ကြေး ဘယ်လောက် လိုချင်လဲ ပြောကြည့်ကြပါ သူတို့ ပေးရမယ့်ငွေပမာဏကို ကျွန်တော်တို့ စက်ရုံကနေ အရင်ပေးထားပြီး နောက်မှ သူတို့ရဲ့ လစာထဲကနေ ဖြတ်မယ်ဆိုရင်ရော ဘယ်လိုသဘောရကြလဲ ...”

လျှိုကျားဝေ့မှာ ကျိန်းသေ အလုပ်ပြုတ်တော့မည် ဖြစ်သည်။ သို့သော် လူအိုကြီးလျှို၊ သူ့သားနှင့် ချွေးမများ စုစုပေါင်း ငါးယောက်သည်လည်း စတီးစက်ရုံမှ ဝန်ထမ်းများပင် ဖြစ်ကြပေရာ သူတို့၏ တစ်လ လစာမှာ မနည်းလှချေ။

နျိုတာ့ကမ်းက အလွန် ဝမ်းသာသွား၏။

ခယ်မလေးက ခန့်မှန်းတဲ့နေရာမှာ တကယ်ကို ထူးချွန်တာပဲ စက်ရုံခေါင်းဆောင်က ဘယ်လို ပြောလာမလဲ ဆိုတာကိုပါ ကွက်တိ ခန့်မှန်းနိုင်တယ်။

သို့သော် သူ့လက်ထဲသို့ ငွေ ရောက်မလာခင်အထိ အခြေအနေကို ထိန်းထားရဦးမည်ဖြစ်ကြောင်း နားလည်သည့်အတွက် အသာ ချောင်းဟန့်ကာသာ ပြောလိုက်သည်။

“အခုပြောတဲ့စကားက တကယ် အတည်လား .. ပေးမယ်လို့ ကတိပေးပြီးမှ သူတို့မိသားစုက လက်မခံတာမျိုး ဖြစ်လာရင်ရော ...”

“အတည် ...”

အတွင်းရေးမှူးက မည်းမှောင်နေသည့် မျက်နှာနှင့်အတူ ထိုစကားနှစ်ခွန်းကို လည်ချောင်းထဲမှ အတင်း ဖျစ်ညှစ်ထုတ်ကာ ပြောလိုက်သည်။

လျှိုမိသားစုက စက်ရုံဝန်ထမ်း အားလုံး၏ ရှေ့တွင်ပင် သူတို့ကို မျက်နှာသာ မပေးခဲ့ပေ။ အကယ်၍ အားလုံးက ထိုဖြစ်ရပ်ကို အတုယူကာ အလားတူပုံစံမျိုး ထပ်မံ လုပ်လာကြလျှင် သူတို့၏ ခေါင်းဆောင်ရာထူးမှာ အလကား ဖြစ်သွားပေလိမ့်မည်။

အားလုံးက သူတို့ရဲ့ အပြစ်တွေပဲ .. လစာကို ဖြတ်တာလောက်ကတော့ ထည့်ပြောမနေနဲ့ အလုပ်ထုတ်ပစ်လိုက်ရင်ကို သူတို့အပေါ် ဒေါသဖြစ်တဲ့စိတ်က လွယ်လွယ်နဲ့ ပျောက်သွားဦးမှာ မဟုတ်ဘူး။

“စိတ်မပူပါနဲ့ ဒီမှာ သက်သေခံပေးမယ့်လူတွေ အများကြီး ရှိပါတယ် အခု ငါတို့က လျှိုမိသားစုကိုယ်စား လျော်ကြေး ပေးလိုက်မယ် တကယ်လို့ သူတို့တွေ အနာဂတ်မှာ ပြဿနာ လာရှာမယ်ဆို .. ငါတို့ကိုသာ လာရှာလိုက် ...”

စက်ရုံဒါရိုက်တာကလည်း စိတ်တိုစွာဖြင့် ဝင်ပြောလိုက်သည်။

လျှိုတာ့ကမ်းက သူနှင့်အတူ ပါလာသူများနှင့် ဆွေးနွေးဟန်ဆောင်လိုက်၏။

အများစုက ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူနေကြောင်း မြင်လိုက်ရသည့်အခါ စက်ရုံဒါရိုက်တာက ပြဿနာကို အမြန်ဆုံး အဆုံးသတ်ကာ နှစ်သစ်ကူးကာလကို အေးအေးဆေးဆေး ဖြတ်သန်းလိုသဖြင့် ဝင်ပြောလိုက်သည်။

“လျော်ကြေးပမာဏက ဘယ်လောက်လဲ မင်းတို့ စိတ်ကြိုက်သာ ပြောလိုက် နှစ်ဦးနှစ်ဖက် သဘောတူရင် ချက်ခြင်း ထုတ်ပေးမယ် ...”

“ယွမ် ၉၀၀ ...”

“ဘုရားရေ ... များလိုက်တာ ...”

“ဘယ်လိုတောင် ပြောရဲရတာလဲ ...”

“ဒီ ရွှံ့တောထဲက လူတွေက ငွေမက်လွန်းလို့ ရူးသွားကြတာလား ...”

အားလုံး တစ်ယောက်တစ်ပေါက် ဝေဖန်လိုက်ကြကာ စက်ရုံခေါင်းဆောင်ပင်လျှင် အံ့ဩမိသွားရ၏။

ယွမ် ကိုးရာ ဟုတ်လား ဝင်ငွေ နှစ်ခုရှိတဲ့ မိသားစုတွေ လုံးဝ မစားမသောက်ဘဲ စုထားမယ် ဆိုရင်တောင် နှစ်တွေ အများကြီး စုထားရမယ့် ပမာဏလေ။

“ဒါကြီးက မသင့်လျော်လွန်းဘူးလား ...”

အတွင်းရေးမှူးက မည်သည့်ဘက်ကိုမှ သိသိသာသာ အပြစ်မပြုရဲ။ သူ့စက်ရုံဝန်ထမ်းဖြစ်သူ လျှိုမိသားစု၏ အမှားကြောင့်သာ ဤကိစ္စများ အစပျိုးလာခဲ့ရခြင်း ဖြစ်ပေသည်။

“ခဏလေးနေပါဦး ခေါင်းဆောင်တို့ .. ကျွန်မတို့ သေချာလေး တွက်ချက်ကြည့်ကြတာပေါ့။ ပိုက်ဆံက အတင့်ရဲပြီး အများကြီး တောင်းတာမျိုး လုံးဝ မဟုတ်ရပါဘူး။ ကျွန်မတို့ အစ်မကြီးက လက်ထပ်တဲ့ အချိန်မှာ သတို့သမီး တင်တောင်းကြေးကို တစ်ပြားတစ်ချပ်မှ မယူခဲ့တဲ့အပြင် ခန်းဝင်ကြေး တစ်ချို့တစ်ဝက်တောင် ပေးခဲ့ပါသေးတယ်။ အဲဒီ့အချိန်တုန်းကတော့ လျှိုမိသားစုဘက်ကနေ လက်ထပ်ဖို့ သွေးဆောင်ခံရတဲ့အကြောင်း မသိလို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက်ဆိုပြီးပဲ တွေးခဲ့တာပါ။ ဒါပေမယ့် အခု သူ့ယောကျ်ားက ဖောက်ပြန်နေတယ်ဆိုတာကို လက်ပူးလက်ကြပ် ဖမ်းမိလိုက်တော့ .. သတို့သမီးတင်တောင်းကြေးကို ပြန်ပေးရတော့မယ် မဟုတ်ဘူးလား ...”

ကြည်လင်လှသည့် မိန်းကလေးအသံကို ကြားလိုက်ရသည့်အတွက် အားလုံးက လှည့်ကြည့်လိုက်ကြရာ ရွာသားအုပ်စုကို ဦးဆောင်လာသည့် နျိုတာ့ကမ်းသည် မိန်းကလေးတစ်ဦးကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။

သူမက ၁၈ နှစ် ၁၉ နှစ် အရွယ်ခန့်သာ ရှိသေး၏။ နက်မှောင်တောက်ပကာ ရွှန်းစိုဝင်းလက်နေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ချင်းအိုက်လန်ထက်ပင် ပိုပြီး လှပသေးသည့် ထိုကောင်မလေးသည် မည်သူမဆို သူမအား အထင်မသေးရဲလောက်စရာ တည်ကြည်မှု အရိပ်အယောင်များဖြင့်လည်း လွှမ်းခြုံထားသည်။

အားလုံးက ခေါင်းငြိမ့်လိုက်ကြ၏။

အမှန်ပဲလေ ဖောက်ပြန်တဲ့သူက သေချာပေါက်ကို ပြန်ပြီး ပေးရမှာပေါ့။

“အဲဒီ့အချိန်က ခန်းဝင်ပစ္စည်း ပေးတဲ့ စံနှုန်းအရဆို လျှိုမိသားစုက ကျွန်မ အစ်မကို ယွမ် ၃၀၊ အဝတ်အစားအသစ်၊ ဖိနပ်အသစ်နဲ့ ခြေထောက် ၇၂ ချောင်း ဝယ်ပေးရမှာလေ အဲဒါတွေ အကုန်လုံးအတွက်က ယွမ် ၂၀ လို့ ထားလိုက်ရင် စုစုပေါင်း ယွမ် ၅၀ .. အားလုံးပဲ ပြောကြည့်ကြပါဦး .. ဒီတွက်ချက်မှုက အကျိုးသင့်အကြောင်းသင့် ဖြစ်မဖြစ်ကိုလေ ...”

အားလုံးက နောက်တစ်ကြိမ် ခေါင်းငြိမ့်လိုက်ရပြန်၏။ လျှိုကျားဝေ့နှင့် ချင်းအိုက်လန်တို့ လက်ထပ်သည့် အချိန်က ထိုကိစ္စများ အမှန်တကယ်ပင် ဖြစ်ပွားခဲ့ပေသည်။ ထို့ကြောင့် ချင်းမိသားစုသည် ခြင်္သေ့ပါးစပ်လို ပါးစပ်မျိုးဖြင့် ငွေ အတောင်းကြမ်းသည်ဟု မဆိုနိုင်ပေ။ မစ္စစ်လျှိုသည် ငွေတစ်ပြားတစ်ချပ်ပင် မကုန်ဘဲ ချွေးမတစ်ယောက် ရလိုက်ရသည့်အပေါ် အလွန် ဂုဏ်ယူနေခဲ့သူ ဖြစ်ကာ စက်ရုံဝင်းထဲရှိ လူတိုင်းနီးပါး ထိုအကြောင်းကို သိထားကြပေသည်။ အားလုံးက လျှိုကျားဝေ့မှာ ရုပ်ရည်အားဖြင့် ကြည့်မကောင်းသော်ငြား သူ ယူထားသည့် မိန်းမမှာမူ ပန်းကလေးတစ်ပွင့်အလား လှပလှသည်ဟု နောက်ကွယ်တွင် ဝေဖန်ခဲ့ကြသေး၏။

“လျှိုမိသားစုထဲကို ကျွန်မအစ်မ ဝင်လာခဲ့ရတဲ့အချိန်ကတည်းက နေ့တိုင်းညတိုင်း မိုးလင်းကနေ မိုးချုပ် မိသားစုတစ်ခုလုံးရဲ့ ကိစ္စဝိစ္စတွေနဲ့ အလုပ်များနေခဲ့ရတာ။ သူ့ယောက်မတွေ လင်ညီအစ်မတွေရဲ့ မီးတွင်းကာလ လုပ်ရမယ့်အလုပ်တွေကအစ ကျွန်မအစ်မပဲ အကုန် တာဝန်ယူခဲ့ရတာ။ ဒီအကြောင်းကို အိမ်နီးချင်းတွေ အကုန်လုံးလည်း မျက်မြင်ပဲ ဖြစ်မှာပါ .. ကျွန်မပြောတာ ဟုတ်တယ်မဟုတ်လား...”

“ဟုတ်တယ် ငါတို့ကိုယ်တိုင် မြင်ခဲ့ဖူးတာ...”

အဒေါ်ကြီးတစ်ယောက်က ဝင်ပြောလိုက်သည်။

နောက်တစ်ယောက်က ထပ်ပြောလိုက်၏။

“ငါ မှတ်မိသေးတယ် သူ့ယောက်မ ဒုတိယကလေး မွေးတုန်းကလေ။ ရာသီဥတုက အေးလိုက်သမှ ရေတောင် ခဲတဲ့အထိပဲ အဲဒီ့လို အချိန်ကြီးမှာ အိုက်လန်က အနှီးတွေ အကုန်လုံး လျှော်ပေးနေရတာ လက်တွေကို အေးစက်နီရဲနေတာပဲ .. အဲဒါမြင်တော့ ငါတောင် တော်တော်လေး စိတ်မကောင်းဖြစ်မိသွားသေးတယ် ...”

“ငါရောပဲ .. အနှီးတွေ လျှော်ရရုံတင် မကဘူး အဲဒီ့ကောင်မလေးက တအား အေးနေတဲ့ ရာသီကြီးမှာတောင် ခြေအိတ် မပါဘူး ခြေကျင်းဝတ်တွေဆို နီရဲယောင်ကိုင်းနေတာမှ မုန်လာဉနီကြီးအတိုင်းပဲ ဒါတောင်နော် လျှိုမိသားစုက သူမကို ဆေးရုံမှာ လိုက်ပြတယ်လို့ တစ်ခါမှ မကြားခဲ့ရဘူး .. ဒီ ယောင်ကိုင်းနေတဲ့ ခြေထောက်ကြီးနဲ့ပဲ တရွတ်တိုက် သွားနေရတာ ...”

“ဒါတင် မကသေးဘူး သူတို့မိသားစုက လူတွေက ညဆိုင်းဆင်းရတဲ့သူလည်း ပါတယ်လေ။ အိုက်လန်က မနက်ဆို ၄ နာရီလောက်ကတည်းက ထပြီး သူတို့ ပူပူနွေးနွေး စားရအောင်ဆိုပြီး ချက်ပြုတ်ပေးရတာ ယောက္ခထီးရယ်၊ ခဲအိုအကြီးဆုံးရယ် ချိုးဖို့ ရေနွေး တည်ပေးရရုံတင် မကဘူးနော် သူတို့ ချွတ်ထားခဲ့တဲ့ ဘောင်းဘီတွေ အဝတ်တွေကို အကုန် လိုက်ကောက်သိမ်းရတာ အဲဒီ့ယောကျ်ားသားတွေရဲ့ အတွင်းခံကအစ အိုက်လန်ပဲ လျှော်ပေးရတာ စစချင်းက သူလည်း ရှက်တော့ မလျှော်ချင်ဘူးပေါ့ .. ကျန်တဲ့မိန်းမတွေကလည်း တစ်ယောက်မှ မလျှော်ကြဘဲ အကြာကြီး ပုံထားကြတော့ .. အနံ့တွေ နံလိုက်သမှလေ ...”

“ယောက္ခထီးရဲ့ အတွင်းခံကိုပါ လျှော်ပေးရတဲ့ ချွေးမလို့ ကြားကို မကြားဖူးပါဘူး ..သူတို့က အိုက်လန်ကို လူလို့ကို သဘောမထားခဲ့ကြတာ ...”

“...”

တစ်ယောက်တစ်ပေါက် ပြောကြရင်းဖြင့် ပြောနေသူများသာမက နားထောင်နေသူများပါ စိတ်ခံစားချက်များ ပြင်းထန်လာကြတော့သည်။ ချင်းယိုတိ၏ မျက်လုံးများမှာလည်း သိသိသာသာပင် နီရဲလာတော့၏။

ငါ့အစ်မက အိမ်ဖော်တစ်ယောက်လိုကို လုပ်ပေးခဲ့ရတာပဲ ...

All Chapters