Chapter 31
Vol. 3 Ch. 31
“ဒီ ရူးနေတဲ့ လျှိုမိသားစုကတော့ .. ဘုရင်ခေတ်က အစေခံတွေတောင် ဒီလောက်အထိ အဖိနှိပ်ခံရမှာ မဟုတ်ဘူး ...”
ချင်းရှန်း၏ ဒေါသကလည်း သူမထက် မ,သာတောင် မလျော့ပေ။ သို့သော် သူမက သူမ လုပ်ရမည့်တာဝန်ကို ကောင်းကောင်း သိထားပေရာ ချောင်းဟန့်ကာသာ ပြောလိုက်သည်။
“ရှေးခေတ်က အစေခံတွေတောင် လတိုင်းလတိုင်း လစာရသေးတယ်။ အဲဒါကြောင့် သူတို့မိသားစုအနေနဲ့ ကျွန်မရဲ့ အစ်မကို လစာနှုန်းအတိုင်း လျော်ကြေးပေးရင်တောင် မလွန်ဘူးလေ ဟုတ်တယ်မဟုတ်လား ...”
ယခုအခါ ခေါင်းဆောင်များပင်လျှင် ပြောစရာစကား မရှိတော့။ ချွေးမကို နည်းမျိုးစုံသုံးကာ ပညာပြတတ်သည့် ယောက္ခမများအကြောင်း ကြားဖူးထားသော်ငြား ယောက္ခထီး၊ ယောက်မ၊ အကြီးဆုံးခဲအို၏ မိသားစုဝင်များ အပါအဝင် မိသားစုတစ်ခုလုံးကပါ အနိုင်ကျင့်သည့်အကြောင်းအား ကြားဖူးခြင်းမှာမူ ဤတစ်ကြိမ်က ပထမဆုံး ဖြစ်သည်။
“ဒီနှစ်ပိုင်းတွေမှာ ပေးတဲ့ လစာနှုန်းထားအရဆို မိန်းကလေးတွေရဲ့ လစာက ယောကျ်ားလေးတွေထက် မလျော့ဘူး လျှိုမိသားစုက အကြီးဆုံး ချွေးမရဲ့ လစာနဲ့ပဲ နှိုင်းယှဉ်မယ်ဆိုရင်တောင် တစ်လကို ပျမ်းမျှ ၁၉ ယွမ်လောက် ရတာလေ.. ဒါက မများဘူးလား ...”
လွန်ခဲ့သော နှစ်များက လုပ်ခလစာများမှာ အလွန် နည်းပါးလှသည်။ မိန်းကလေးများ၏ ကာယစွမ်းအင်မှာ ယောကျ်ားလေးများလောက် ကြံ့ခိုင်ခြင်း မရှိသည့်အတွက် .. ခွန်အားများစွာ စိုက်ထုတ်စရာ မလိုသည့် ပေါ့ပါးသော အလုပ်များကိုသာ လုပ်ခဲ့ကြရသည်။
စက်ရုံရဲ့ စာရင်းကိုင်က ဘာလုပ်နေတာလဲ ...
ဝန်ထမ်းအားလုံးက ကိုယ်ရထားသည့် ပမာဏကို သိထားကြရာ စာရင်းကိုင်က အမြန် ဝင်ပြောလိုက်ရတော့သည်။
“မဟုတ်ဘူး .. ငါမှတ်မိတာသာ မှန်ရင် အပိုဆုကြေးတွေ အပါအဝင်ဆို ယွမ် ၂၀ နီးပါးပဲ ...”
စတီးစက်ရုံသည် အမြတ်အစွန်းများ အများအပြား ရသည့်အတွက် အလုပ်သမားသည်လည်း အချိန်ပိုကြေး အပါအဝင် အပိုဆုကြေးများစွာ ရရှိကြသည်။ ထို့ကြောင့်လည်း အခြားစက်ရုံများထက် ပိုပြီး နာမည်ကြီးနေခြင်း ဖြစ်သည်။
ဤသည်မှာ တံတောင်ဆစ်က အပြင်ကွေးခြင်း မဟုတ်။ စုဝေးနေကြသည့် လူအုပ်များအနက် အမျိုးသမီးများ၊ သမီး မွေးထားကြသူများ ရှိနေကြပေရာ သူတို့၏ သမီးကသာ လျှိုမိသားစုကဲ့သို့သော ယောက္ခမမိသားစုမျိုးနှင့် တွေ့သည်ဟု စဉ်းစားလိုက်မိပါလျှင် .. ငွေကြေးအကြောင်း ပြောနေရန် မဆိုထားနှင့်၊ ထိုမိသားစုတစ်ခုလုံးအား အသေသတ်လိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာပေတော့မည်။
ချင်းရှန်းက တည်ကြည်စွာဖြင့် ပြုံးပြလိုက်သည်။ အမျိုးသမီးများ၏ စာနာထောက်ထားမှုကို အရရှိနိုင်ဆုံးသူမှာလည်း အမျိုးသမီးများပင် ဖြစ်ပေသည်။
“ကောင်းပြီ တစ်လကို ယွမ် ၂၀ နဲ့ပဲ တွက်တယ်လို့ ထားလိုက်ပါ စားစရာ၊ ဝတ်စရာ၊ နေစရာနဲ့ သွားလာဆက်သွယ်ရေးအတွက် ၁၀ ယွမ်ကို ဖယ်ထားမယ် ဆိုရင်တောင် ကျွန်မ အစ်မက လျှိုကျားဝေ့နဲ့ လက်ထပ်ထားတာ ခြောက်နှစ် နှစ်လနဲ့ ဆယ်ရက် ရှိနေပြီ။ အစွန်းထွက်ကို ဖယ်လိုက်ရင် ၇၄ လ ဒါဆို စုစုပေါင်း လစာက ၇၄၀ ယွမ်လေ ဟုတ်တယ်မဟုတ်လား ...”
အားလုံးက လက်ချောင်းချိုးကာ တွက်ချက်လိုက်ကြသည်။ စာရင်းကိုင်အမျိုးသားမှာ တွက်ချက်ရာ၌ အကျွမ်းကျင်ဆုံး ဖြစ်သည့်အလျောက် သူက ချက်ခြင်း ထောက်ခံလိုက်သည်။
“ဟုတ်တယ် ကွက်တိပဲ ...”
အားလုံး နားလည်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ချင်းရှန်းက ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့ အစ်မက သူနဲ့ လက်ထပ်တုန်းက တော်တော်လေးကို လှတဲ့ မိန်းမလှလေးလို့တောင် ပြောလို့ရတယ် သူမကို တွေ့ဖူးတဲ့လူတိုင်း သူမရဲ့ အလှကို ချီးကျူးကြရတဲ့အထိတောင်လေ။ ဒါပေမယ့် အခုကျတော့ ဒီလိုမျိုး အခြေအနေအထိ ယိုယွင်းပျက်စီးသွားရပြီ။ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးနဲ့ ကျန်းမာရေး ထိခိုက်မှုအတွက် လျော်ကြေး ၃၀ ယွမ် လိုချင်ပါတယ်။ ဆေးရုံကို လိုက်ပို့ပေးရတာနဲ့စာရင် ဒီပမာဏက မများပါဘူး ဟုတ်တယ် မဟုတ်လား ...”
လစာတစ်ခုတည်း၏ တွက်ချက်မှုကပင်လျှင် မိုးထိမတတ် မြင့်မားလှနေပြီ ဖြစ်သည့်တိုင် ဆက်လက် တွက်ချက်နေသည့်အတွက် အားလုံးမှာ သူမကို နားမလည်နိုင်ကြတော့။
“ဘာလဲ .. မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ငယ်ရွယ်မှုက တန်ဖိုးမရှိဘူးလို့ ထင်နေကြလို့လား ...”
ဘယ်သူက ဒီလိုမျိုး ပြောရဲမှာလဲ .. အဲဒီလို ပြောလိုက်ရင် စက်ရုံတစ်ခုလုံးက မိန်းကလေး ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ ဝေဖန်ပြစ်တင်တာကို ခံရဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား ....
သို့သော် တွက်ချက်မှုက မပြီးဆုံးသေး။ ချင်းရှန်းက ဆက်ပြီး ပြောလိုက်သည်။
“အရေးအကြီးဆုံးအချက်က ဘာလဲဆိုရင် ... လျှိုမိသားစုက ကျွန်မအစ်မနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေကို နှစ်တွေအများကြီး ဖြန့်ခဲ့ကြတာပဲ သူတို့က ကျွန်မအစ်မကို “ကလေးမမွေးနိုင်တဲ့ အမြုံမ”ဆိုပြီး သတင်းဖြန့်ကြတယ်။ အဲဒါကြောင့် ကျွန်မအစ်မမှာ ကိုယ်ဝန်ဆောင်လို့ အကောင်းဆုံးအရွယ်ကို လက်လွှတ်ခဲ့ရတယ် သူတို့သာ ကျွန်မအစ်မကို လိမ်ညာပြီး လက်မထပ်ခဲ့ရင် .. အခုလောက်ဆို ကျွန်မအစ်မနဲ့ လက်ထပ်တဲ့သူ ဘယ်သူမဆို သားသမီးတွေ အများကြီး ရနေလောက်ပြီ ကျွန်မက ဒီဆုံးရှုံးမှုအတွက် ယွမ် ၁၀၀ ထက်နည်းပြီး ပေးရင်လည်း လက်ခံပါတယ်။ ဒါပေမယ့် အခု ဒီနေရာမှာ ရှိနေတဲ့ မိန်းကလေးတွေ ပြီးတော့ နိုင်ငံအဝှမ်းက လူဦးရေ တစ်သောင်းကျော် ရှိတဲ့ မိန်းကလေးတွေကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး ...”
ထိုကောင်မလေးမှာ အသက်အားဖြင့် မကြီးလှ။ သို့သော် သူမ ပြောသွားသမျှ စကားတိုင်းမှာ ကျိုးကြောင်းဆီလျော်မှု အပြည့်ရှိပေသည်။ အားလုံး၏ ရှေ့မှောက်တွင် တည်ကြည်လေးနက်မှု အပြည့်ဖြင့် ပြောသွားခဲ့သည့် သူမ၏ လျော်ကြေးရလိုသော အကြောင်းအရင်းအားလုံးမှာ မည်သူမှ ပြန်လည်မချေပနိုင်သည်အထိ အကျိုးအကြောင်း ခိုင်လုံနေပေသည်။
ထို့ကြောင့် စက်ရုံဝင်းထဲရှိ အမျိုးသားများသာမက အမျိုးသမီးများပါ အသံတိတ်သွားကြတော့သည်။
ထိုစဉ် စက်ရုံ၏ အမျိုးသမီး ညွှန်ကြားရေးမှူးက ရှေ့ထွက်လာကာ ပြောလိုက်သည်။
“အမှန်ပဲ ...”
အခြား အမျိုးသမီးဝန်ထမ်းများလည်း အနည်းငယ် စိတ်လှုပ်ရှားသွားတော့၏။
ဟုတ်တယ်လေ ဘယ်သူ့ရဲ့ ဂုဏ်သတင်းကတော့ တန်ဖိုးမရှိဘူး ဆိုတာမျိုး ရှိလို့လဲ .. အသက်ကြီးလာလေလေ ကလေးရဖို့ ခက်လာလေပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အနုပျိုဆုံး အလှပဆုံးကာလ ခြောက်နှစ် .. ဒီအတွက် ယွမ်တစ်ထောင် တောင်းမယ်ဆိုရင်တောင် များတယ်လို့ ပြောလို့မရဘူး။
အတွင်းရေးမှူးနှင့် စက်ရုံဒါရိုက်တာတို့သည် သူတို့၏ သက်တမ်းတစ်လျှောက်လုံးကို အရာရှိဘဝဖြင့် ဖြတ်သန်းလာသူများ ဖြစ်ကြသည့်အတွက် လူထု၏ ဆန္ဒအား လိုက်လျောခြင်းသည် မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်း ကောင်းကောင်း သိကြပေသည်။ ထို့အပြင် လက်ရှိ၌ သူတို့ကိုယ်၌ကလည်း စက်ရုံရှိ အမျိုးသမီးဝန်ထမ်းများအား စိတ်ပျက်သွားအောင် မလုပ်လိုကြပေ။ ထို့ကြောင့် ခေါင်းငြိမ့်ကာသာ သဘောတူလိုက်ကြတော့သည်။
“ဟုတ်တယ် ဒီလိုမျိုးပဲ သတ်မှတ်သင့်တယ် ...”
“တွက်ချက်ဖို့ လိုအပ်တာတွေကို ကျိုးမျိုးရိုးက လုပ်ပေးလိမ့်မယ် ...”
“စုစုပေါင်း ၉၂၀ ယွမ် ...”
စာရင်းကိုင်၏ တွက်ချက်မှုမှာ အလွန် လျင်မြန်လှသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွမ် ၉၀၀ ဟူသော တောင်းဆိုချက်က မများလှကြောင်း အားလုံး သဘောပေါက်သွားကြသည်။ ရောက်လာကြသူများက လျှိုမိသားစုကို ခေါင်းပုံဖြတ်နေခြင်း မဟုတ်။ ယွမ် ၂၀ ပင် လျော့ပေးထားသေးသည်။
သို့သော် သူတို့တောင်းသည့် ငွေပမာဏမှာ များပြားလွန်းသည်ဟု ထင်သူများလည်း ရှိနေသေး၏။ ထိုသူများက တီးတိုး ဝေဖန်လိုက်ကြသည်။
“ဒါဆို အဲဒီ့နှစ်တွေအတွင်းမှာ နင့်အစ်မ စားသမျှ သောက်သမျှ အကုန်လုံးက လေနဲ့အတူ ပါလာတာတွေလား .. အဲဒါအတွက်လည်း လျော့ဖို့ လိုသေးတယ်လေ ...”
ချင်းရှန်းက ထေ့ငေါ့ကာ ပြောလိုက်၏။
“အရင်ဆုံး ကျွန်မရဲ့ အစ်မ ရရမယ့်လစာထဲကနေ တစ်လကို ၁၀ နှုန်း လျော့ထားပြီးသား ပြီးတော့ နောက်တစ်ချက်က ယောကျ်ားတစ်ယောက်ကို လက်ထပ်လိုက်တာနဲ့ စားတာသောက်တာ အဝတ်အစားကအစ အဲဒီ့ယောကျ်ားကိုပဲ မှီခိုရတယ်ဆိုတဲ့စကား ရှိတယ် မဟုတ်လား။ လျှိုကျားဝေ့က သူ့မိသားစုကို လတိုင်း ယွမ် ၂၀ ပေးတယ် သူ အလုပ်လုပ်လာတာ ၈ နှစ်ဆိုတော့ စုစုပေါင်း ၁၉၂၀ ယွမ် လက်မထပ်ရသေးတဲ့ နှစ်တွေကို ထည့်မတွက်ရင် ခြောက်နှစ်စာ ၁၄၄၀ ယွမ်။ ဒီလောက် များတဲ့ ငွေပမာဏက ကျွန်မအစ်မလို အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို တင်ကျွေးဖို့တောင် မလုံလောက်ဘူးလား။ ဒါတောင် ကျွန်မအစ်မ တစ်ခြားလူတွေရဲ့ ဧည့်ခံပွဲမှာ ကူညီပြင်ဆင်ပေးတာတွေကို ထည့်တွက်မထားဘူးနော် အဲဒီ့ပွဲတွေကလည်း အလကား ခိုင်းထားတာမှ မဟုတ်တာ ...”
သူမ၏ တွက်ချက်မှုနှုန်းကြောင့် အားလုံး အံ့ဩမိသွားကြကာ တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်လိုက်မိတော့သည်။ အိုက်လန်၏ ဧည့်ခံပွဲ ပြင်ဆင်ပေးမှုများအကြောင်း အားလုံး သိထားကြပေရာ အသေအချာ တွက်ချက်ကြည့်ပါလျှင် မည်သည့်ပွဲကိုမှ အလကား ပြင်ပေးခဲ့ရသည်ဟု မရှိ။ အပြန်အလှန်အားဖြင့် ပြောရပါလျှင် လျှိုကျားဝေ့ ဝင်ငွေ၏ တစ်ဝက်တိတိကို သူမအား ပေးရန် မတောင်းခြင်းကပင်လျှင် သက်ညှာရာရောက်သည်ဟု ပြောရပေလိမ့်မည်။
အတွင်းရေးမှူးနှင့် ဒါရိုက်တာက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်သည်။ ထိုကောင်မလေးနှင့်အပြိုင် တစ်ခုခြင်း တွက်ချက်နေခြင်းသည် အချိန်ဖြုန်းခြင်းမျှသာ ဖြစ်သည့်အကြောင်း သဘောပေါက်သွားကြတော့၏။
“ဒါပေမယ့် ဝင်ငွေနဲ့ ယှဉ်လိုက်ရင် ဒီလောက် ပမာဏကြီးကို တစ်ခါတည်းအပြီး ပေးလိုက်ဖို့ဆိုတာက နည်းနည်းတော့ ...”
နျိုတာ့ကမ်းက ခယ်မဖြစ်သူ၏ အကြည့်ကို လက်ခံရရှိပြီးနောက် သေသူကိုပင်လျှင် သူမ၏ ငိုသံဖြင့် ပြန်ရှင်အောင် လုပ်နိုင်စွမ်းရှိသည့် ဆဌမအဘွားအား အချက်ပြလိုက်သည်။ အဘွားအိုက ချက်ခြင်းဆိုသလို မြေကြီးပေါ် ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ကို ယှက်လျက် ငိုချင်းချလိုက်သည်။
“အမလေး ...”
ထိုအဘွားအိုသည် စူးစူးဝါးဝါး ငိုကြွေးရုံသာမက အိုက်လန်၏ နှစ်ပေါင်းများစွာ နစ်နာခဲ့ရသည်များကိုပါ သီကုံးညဉ်းဆိုလိုက်သေး၏။ အလွန်ဝမ်းနည်းကာ ကရုဏာသက်ဖွယ် ကောင်းလှသည့် သူမ၏ စကားလုံးများကြောင့် စက်ရုံဝန်ထမ်း အမျိုးသမီးများပင်လျှင် မျက်ရည်များ ရစ်သိုင်းလာကြတော့သည်။
လူအိုကြီးနှစ်ဦးမှာ ချက်ခြင်းဆိုသလို ပူထူသွားကြတော့၏။
ပထမတစ်ကြိမ် ညဉ်းတွားပြောဆိုပြီးနောက် ချင်းရှန်းသည် အားလုံး၏ စိတ်ကို လှုံ့ဆော်နိုင်လိုက်ပြီ ဖြစ်သည့်အတွက် ဆဌမအဘွားအား စကားလုံး အနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်တော့သည်။
“ဒီလို လုပ်ရအောင်လေ ... ကျွန်မတို့လို တောသူတောင်သားတွေက လောဘ မကြီးတတ်ပါဘူး။ လျော်ကြေးအတွက် ကျွန်မရဲ့ အစ်မကြီးကို စာတစ်စောင်ပဲ ရေးပေးပါ။ အဓိက ကျွန်မတို့ လိုချင်တာကလည်း ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားဖို့ပါပဲ။ ကျွန်မက အကျင့်စရိုက် ရိုးသားကောင်းမွန်တဲ့ ခေါင်းဆောင်တွေ၊ လူကြီးလူကောင်းတွေကို အများကြီး သိထားပါတယ် အားလုံးက ကျွန်မတို့လို အောက်ခြေလူတန်းစားတွေဘက်ကနေ ရပ်တည်ပေးမယ်လို့လည်း ယုံကြည်ထားတယ်။ ပြီးတော့ ခေါင်းဆောင်တွေကိုလည်း ကျွန်မတို့က နှလုံးသားအောက်ခြေကနေပြီးကို စစ်စစ်မှန်မှန်နဲ့ ရိုသေလေးစားတာပါ .. တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ခေါင်းဆောင်တွေနဲ့ အိမ်နီးနားချင်းတွေကို ထမင်းတစ်နပ် ကောင်းကောင်း ဖိတ်ကျွေးချင်သေးတော့ .. ကျွန်မတို့တွေ ယွမ် ၈၀၀ ပဲ ယူပါ့မယ် ...”
ဤသည်မှာ ကုန်တိုက်များ၌ အထည်ရောင်းခြင်းနှင့် အလားသဏ္ဌာန် တူပေသည်။ ဈေးနှုန်းက ယွမ် ၉၀၀ ဆိုလျှင် ထိုအထည် မည်မျှပင် လှနေပါစေ ဖောက်သည်က ဝယ်ယူရန် လက်တွန့်နေပေလိမ့်မည်။ သို့သော် တစ်ရက်တာ လျော့ဈေး ရှိသည့်အတွက် တစ်ထည်လျှင် ၈၀၀ နှုန်းသာ ကျသင့်မည်ဟု ပြောလာပါလျှင် ဝယ်လိုသည့် ဆန္ဒမှာ ပိုမိုကာ တိုးပွားလာပေလိမ့်မည်။
စက်ရုံ၏ ခေါင်းဆောင်အိုကြီးနှစ်ဦးမှာလည်း သူမ၏ စကားကို သဘောမတူဘဲပင် မနေနိုင်တော့။
“မိန်းကလေးက ငါတို့ဘက်ကိုလည်း ထည့်တွေးပေးမှတော့ ငါတို့ကလည်း မင်းရဲ့ ထောက်ထားပေးမှုကို အမြဲတမ်း အမှတ်ရနေမှာပါ လျှိုမိသားစုဘက်ကနေ ပြဿနာတစ်ခုခု ရှာလာရဲရင် ငါတို့ကိုသာ လာရှာလိုက် .. ဟုတ်ပြီလား ...”
ချင်းရှန်းက ယွမ် ၁၀၀ နှင့် ထိုစကားတစ်ခွန်း အလဲအလှယ် လုပ်လိုက်ရသည့်အပေါ် အလွန် ကျေနပ်နေမိ၏။
“ဟုတ်ပြီ .. စာရင်းကိုင် ကျိုး .. သူတို့ကို အခုပဲ ငွေထုတ်ပေးလိုက် ...”
“ခဏလေး စောင့်ပေးပါဦး ...”
မိန်းကလေးထံမှ အသံ ထပ်ထွက်လာသည့်အခါ အားလုံးက သူမထံ၌ မည်သည့် လှည့်ကွက်များ ရှိနေသေးလဲဟု တွေးမိသွားကြတော့သည်။
“ဒီနေ့ နှစ်ဖက်စလုံးက ဒီနေရာမှာ ရှိနေကြတော့ ဘယ်ကိစ္စအတွက် လျော်ကြေး ဘယ်လောက်ရတယ်ဆိုတဲ့အကြောင်း သဘောတူစာချုပ် ရေးပြီး ကျွန်မတို့မိသားစုအတွက် တစ်စောင်၊ လျှိုမိသားစုအတွက် တစ်စောင်၊ စက်ရုံက တစ်စောင်၊ မိတ္တူသုံးစောင်ပွားပြီး သိမ်းထားကြရင်ရော ဘယ်လိုလဲ ...”
ဤသည်မှာ စက်ရုံခေါင်းဆောင်များ၏ ဆန္ဒနှင့် တစ်ထပ်တည်းပင်။ သူတို့က ချင်းမိသားစု ငွေယူသွားပြီးကာမှ လျှိုမိသားစုက ထိုငွေယူမှုအား အသိအမှတ် မပြုမည်ကို စိုးရိမ်ကြသည်။ ထို့အပြင် ချင်းမိသားစုမှ လောဘဇောတက်လာကာ ထပ်ပြီး ပြဿနာရှာမည်ကိုလည်း စိုးရိမ်မိကြ၏။
ထိုသို့ဖြင့် ငွေသားနှင့် သဘောတူစာချုပ်ကို အမြန် ပြင်ဆင်ကာ နှစ်ဖက်စလုံး လက်မှတ်ရေးထိုးလိုက်ကြသည်။ လျှိုမိသားစုကိုယ်စား စက်ရုံခေါင်းဆောင်က လက်မှတ်ထိုးလိုက်၏။ ထို့ကြောင့် လျှိုမိသားစုအနေဖြင့် လက်ခံလိုသည်ဖြစ်စေ၊ လက်မခံလိုသည်ဖြစ်စေ ထိုငွေပမာဏအား အသိအမှတ် ပြုရပေတော့မည်။ လက်တလော၌ စက်ရုံဘက်မှ ချင်းမိသားစုကို စိုက်၍ ပေးထားမည် ဖြစ်ကာ လျှိုမိသားစုမှ မိသားစုဝင် ငါးဦးစလုံး အလုပ်ထွက်မသွားသရွေ့ ၎င်းတို့ထံမှ ပြန်မရနိုင်စရာလည်း မရှိပေ။
ငွေရပြီးသည့်နောက် ချင်းရှန်းက နျိုတာ့ကမ်းကို အချက်ပြလိုက်သည်။ ထိုသို့ဖြင့် လယ်သမားအုပ်စုကြီးသည် လျှိုမိသားစုကို အကြိမ်အနည်းငယ်ခန့် ဆဲရေးရင်း နောက်ပြန်ဆုတ်လိုက်ကြတော့သည်။
အိမ်ယာဝင်းထဲ၌ လူဆယ်ယောက်ပင် မကျန်တော့သည့်အချိန်အထိ လျှိုမိသားစုမှာ အပြင်သို့ ထွက်မလာရဲသေး။ အခြေအနေကို ထောက်လှမ်းရန် ကလေးတစ်ဦးကိုသာ အပြင်လွှတ်လိုက်၏။ မစုံစမ်းလျှင်မှ ကောင်းပေဦးမည်။ စက်ရုံဘက်က ချင်းအိုက်လန်ကို လျော်ကြေးပေးရန် သူတို့၏ လစာများထဲမှ ဖြတ်တောက်လိမ့်မည်ဟု ကြားလိုက်ရသည့်အခါ မစ္စစ်လျှိုမှာ အသက်ပင် မရှူနိုင်၊ ခေါက်ခနဲ လဲကျသွားတော့သည်။
ချင်းရှန်းက လျှိုမိသားစု စက်ရုံခေါင်းဆောင်များနှင့် မည်ကဲ့သို့ ကတောက်ကဆ ဖြစ်သည်၊ စက်ရုံဘက်မှ သူတို့၏ လစာကို မည်သို့မည်ပုံ လျှော့ချသည်ကို အာရုံစိုက်မနေအားတော့ချေ။ တစ်လလျှင် ပမာဏ အနည်းငယ်ဖြင့် ကာလရှည်ကြာ ဖြတ်တောက်သွားခြင်းလည်း ဖြစ်နိုင်သလို တစ်ကြိမ်တည်း ဖြတ်တောက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ အားလုံးမှာ စက်ရုံတာဝန်ရှိသူများ၏ သဘောဆန္ဒအတိုင်းပင်။
ထွန်စက်ပေါ် မတက်မီ သူမက အားလုံးကြားသည်အထိ ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
“ဒီနေ့ လာပြီး ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ချင်းမိသားစုက အားလုံးရဲ့ စေတနာကို အရမ်း ကျေးဇူးတင်မိတဲ့အတွက် လဆန်း ၈ ရက်နေ့မှာ အားလုံးကို ကျွန်မတို့အိမ်မှာ ထမင်းတစ်နပ် ဖိတ်ကျွေးချင်ပါတယ် ...”
“သေချာပေါက် လာရမှာပေါ့ ...”
“အဲဒီ့အချိန်ကျ တစ်အိမ်လုံး ခေါ်လာမှာနော်...”
အားလုံးက သဘောတူလိုက်ကြသည့်အတွက် ချင်းယိုတိသည် ကုန်ကျစရိတ်ကို ကြိုတွေးကာ ထိတ်လန့်မိလာတော့၏။ သူမက ချင်းရှန်း၏ လက်မောင်းကို ဆွဲဆိတ်ကာ အချက်ပေးလိုက်သည်။
“ဘိုးဘေးလေးရဲ့ ဘာလို့ ဒီလောက်အထိ လေကြီးရတာလဲ။ ဒီလောက် လူအများကြီးကို နင် ကျွေးနိုင်လို့လား။ သူတို့အကုန်လုံးကို ကျွေးဖို့ဆို ဘယ်လောက်တောင် ကုန်မှာလဲဆိုတာ သိရဲ့လား ...”
ချင်းရှန်းက သိပေသည်။ သို့သော် ရှောင်လွှဲ၍ မရနိုင်။ သူမတို့ လျော်ကြေးမည်မျှ ရခဲ့ကြောင်း သိထားသူ အရေအတွက်မှာ လက်ချိုး၍ပင် မရေတွက်နိုင်။ သူမတို့ဘက်မှသာ အနည်းငယ် မဝေမျှခဲ့ပါလျှင် အားလုံး မကျေမနပ် ဖြစ်သွားကြမည့်အပြင် .. တစ်ချို့တစ်လေ၌ မကောင်းသည့် အကြံအစည်များပင် ဖြစ်လာနိုင်ပေလိမ့်မည်။
ထို့အပြင် သူတို့သည် ရွာထဲတွင် အားကိုးစရာ မရှိသည့် မုဆိုးမနှင့် မိဘမဲ့များ ဖြစ်ကြပေသည်။ တပ်မဟာ၏ ကေဒါများမှာ လူကောင်းများ ဖြစ်ကြသည့်တိုင် တစ်ခြားလူများထံ၌ မကောင်းသည့် အကြံအစည် ရှိမည်မရှိမည် တပ်အပ်မပြောနိုင်။ သူမတို့ လျော်ကြေးမည်မျှ ရရှိခဲ့ကြောင်းကို တစ်ရွာလုံး သိနိုင်ရန် အချိန် အနည်းငယ်သာ ကြာမြင့်မည် ဖြစ်ပေရာ သူခိုးကို မကြောက်သည့်တိုင် ခိုးသူဘေးကို တွေးပူရမည် ဖြစ်သည်။
ထမင်းတစ်နပ် ဖိတ်ကျွေးခြင်းက ရှေ့ဆက်ဖြစ်လာမည့် ပြဿနာအားလုံးကို မဖြေရှင်းနိုင်သည့်တိုင် လူအချို့၏ ပါးစပ်ကို ပိတ်ထားနိုင်သည့်အပြင် ရွာထဲ၌ သူတို့ကို ကူညီပေးနိုင်မည့် မိတ်ဆွေအချို့ကိုပါ ရရှိနိုင်မည် ဖြစ်သည်။
ဖြစ်ကြောင်းကုန်စင် အားလုံးကို သိရပြီးနောက် ချင်းကွေ့ဟွားသည် ဒေါသစိတ်ကြောင့် အသည်းများပင် နာကျင်လာတော့သည်။ သူမ၏ စိတ်ထဲတွင် အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားသည်ဟု တွေးနေခဲ့မိသော အကြီးဆုံးမြေးမသည် လက်တွေ့၌ အစေခံတစ်ဦး၏ ဘဝလောက်ပင် မကောင်းလှ။ သို့သော် သူမက ထိုဖြစ်ကြောင်းကုန်စင်ကို မသိဘဲ ဘဝင်မြှောက်နေမိကာ အကြီးဆုံးမြေးမ၏ ဒဏ်ရာကို ဆားဖြင့် သိပ်နေမိခဲ့သည်။
“အိုက်လန် .. အဘွား ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး ...”
အေးစက်စက် လေတစ်ချက် အဝှေ့တွင် အိုက်လန်၏ ပါးပြင်တို့ အေးစက်မှုကြောင့် နီရဲသွားကာ စိတ်အခြေအနေလည်း များစွာ တိုးတက်လာခဲ့သည်။
“ကိစ္စမရှိပါဘူး ဘွားဘွား .. ဒါ သမီး ရွေးချယ်ခဲ့တဲ့ ကိစ္စပဲလေ အမှန်ကို မမြင်နိုင်ခဲ့တာ သမီးရဲ့ အမှားပါ ..."
အိမ်ထဲတွင် ကျန်းကျန်းမာမာဖြင့် ထိုင်နေသည့် အဘွားဖြစ်သူကို တွေ့ရကာမှ ဖြစ်သမျှတိုင်းသည် လိုင်တိ၏ အားထုတ်ကြိုးပမ်းထားမှုများ ဖြစ်ကာ ခြေလှမ်းတိုင်း၊ စကားလုံးတိုင်းက သူမ၏ နှလုံးသားကို တူးထုတ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။
ဘာလို့များ အရင်က အကန်းလို နေခဲ့မိပါလိမ့် ... လျှိုမိသားစုက မိဘအိမ်ကို အကူအညီ ပေးခွင့် မပြုဘူးဆိုတာနဲ့ပဲ တကယ်ကို မကူညီရဲခဲ့ဘူး .. သူမဘက်ကသာ နည်းနည်းလောက် ကူညီခဲ့ရင် လိုင်တိလည်း ဂျူနီယာအထက်တန်း အဆင့်နဲ့တင် ရပ်နေမှာ မဟုတ်ဘူး။ သေချာပေါက်ကို စီနီယာအထက်တန်းအဆင့်အထိ ရောက်နိုင်ခဲ့မှာ ...
ပြောရရင် ချင်းမိသားစုတစ်ခုလုံးမှာ လိုင်တိက ဉာဏ်အကောင်းဆုံး၊ အတည်ကြည်ဆုံးနဲ့ အယုံကြည်ရဆုံး ကလေးပဲလေ ...
နောက်တစ်ကြိမ် ထပ်ငိုတော့မည့် အရိပ်အယောင်ကို တွေ့လိုက်ရသည့်အတွက် ချင်းရှန်းက ငွေများကို ထုတ်ပြကာ အမြန် ဝင်ပြောလိုက်သည်။
“အစ်မကြီး မငိုပါနဲ့ .. ဒီငွေတွေကို ဘယ်လို စီမံမလဲဆိုတာပဲ အရင်ဆုံး ဆွေးနွေးကြရအောင်လေ ...”