Chapter 32
Vol. 3 Ch. 32
လျော်ကြေးငွေ စုစုပေါင်းနှင့် အလုပ်နေရာကို ရောင်းခဲ့သည့် တန်ဖိုး အားလုံးပေါင်းသည် ယွမ် ၁၁၀၀ ခန့် ရှိပေရာ ဤဒေသအနေဖြင့် အတော်များသည့် ပမာဏဟု ဆိုနိုင်ပေသည်။ ရွာသားများ၏ လောဘစိတ်ကို အသာထား၊ လျှိုမိသားစုကပင်လျှင် အလျော့ပေးလိမ့်မည် မဟုတ်ချေ။
“အိမ်မှာ သိမ်းထားရင်တော့ သေချာပေါက်ကို အန္တရာယ်မကင်းနိုင်ဘူး ..."
“ဒီငွေတွေက နင်တို့အစ်မကြီးနဲ့ ထိုက်လို့ ရတာဆိုတော့ သူ့စိတ်ကြိုက် ဆုံးဖြတ်ပါစေ ...”
ချင်းကွေ့ဟွားက ပြောလိုက်သည်။
ချင်းအိုက်လန်သည် ငွေရေးကြေးရေးကို တစ်ခါမှ ဂရုစိုက်ခဲ့သူ မဟုတ်။ သို့သော် ဤမျှ များပြားလှသည့် ငွေပမာဏကို မြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့လာတော့သည်။
“လိုင်တိ ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားကြရအောင် .. ဒီငွေတွေက ငါတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး နင်တို့တွေ ကူညီခဲ့လို့သာ ပြန်ရနိုင်ခဲ့တာလေ .. အဲဒါကြောင့် ဒါကို မိသားစုပိုင်ငွေအဖြစ်ပဲ သတ်မှတ်ကြရအောင် ...”
“နင်တို့ကို ပြန်ပြီး ဂရုစိုက်ပေးပါရစေ အရင်ဆုံး အဝတ်အစားအသစ်တွေ ဝယ်မယ် အိမ်အသစ်တွေရယ် ပြီးတော့ စက်ဘီးတစ်စီးရယ် ...”
ချင်းရှန်းက အဝတ်အစားအသစ် ဝယ်ပေးမည့်အကြံကို မငြင်းဆန်။ သူမ၏ လက်ချုပ် အတွင်းခံများမှာ သူမ၏ ခန္ဓာကိုယ်နှင့် မကိုက်တော့။ ငွေ အနည်းငယ် သုံးလိုက်ခြင်းက ဘာမှမဖြစ်သော်ငြား ဤသည်မှာ သူမအစ်မ၏ ခြောက်နှစ်ကြာ နာကျင်ရမှုနှင့် နုပျိုခြင်းများ ဖြစ်ပေသည်။ ငွေကြေးနှင့် ဘဝမှာ ကွဲပြားခြားနားခြင်း မရှိ။ အကယ်၍ သူမသာ တစ်ချိန်ချိန်၌ အိမ်ထောင်ထပ်ပြုလိုပါလျှင် သူမ၏ လက်ထဲ၌ ငွေကြေးပမာဏတစ်ခု ရှိနေမှသာ တစ်ဖက်လူ၏ အထင်သေးခြင်းကို မခံရမည် ဖြစ်သည်။
“ငါတို့မှာ မြေအပိုင်တောင် မရှိတာ အိမ်ဆောက်မနေပါနဲ့ ...”
“ဒါပေမယ့် အခန်းကကျ တစ်ခန်းပဲ ရှိတာလေ ...”
ချင်းရှန်းက ကျေးလက်ဒေသ၌ နေရသည့်ဘဝကို ငြီးငွေ့နေပြီဟု ပြောလိုက်သည်။ အနာဂတ်၌ သူမသည် ဤနေရာ၌ မည်မျှကြာကြာ ဆက်နေနိုင်မည်မသိ၊ မြို့ပေါ်သို့ သွားရန် လိုအပ်နေပြီ ဖြစ်သည်။ မြို့ကြီးလေလေ တရားဥပဒေ စိုးမိုးမှု ပိုများလေဖြစ်ကာ သူမတို့မိသားစုကဲ့သို့ နောက်ခံမရှိသူများအဖို့ ပိုပြီး သင့်လျော်လေ ဖြစ်သည်။ ထို့အပြင် ဝူလီထွင်သည် မြို့တော်နှင့် အလွန် ဝေးကွာသည့်အတွက် ပြီးခဲ့သည့်ဘဝ သူမ သေဆုံးသည့်အချိန်အထိ တိုးတက်ပြောင်းလဲခြင်း မရှိခဲ့။ ထို့ကြောင့် ဗီလာအသေးလေးတစ်လုံး ဆောက်ထားလျှင်ပင် များစွာ တန်ဖိုးတက်လာလိမ့်မည် မဟုတ်ချေ။
“ကောင်တီမှာ အိမ်တစ်လုံးဝယ်ပြီး ကျန်တာကို ငွေစုဌာနမှာပဲ အပ်ထားကြရအောင်လေ တစ်ချိန်ချိန် သုံးဖို့ လိုလာမှ ပြန်ထုတ်ကြတာပေါ့ ...”
အိမ်၏ အမည်ပေါက်ကိုမူ အစ်မကြီး၏ နာမည်ဖြင့်ပင် လုပ်ပေးမည် ဖြစ်ကာ နောက်တစ်ကြိမ် သူမ အိမ်ထောင် ထပ်ပြုလျှင်ပင် နာမည်ပြောင်း၍ မရအောင် တစ်ခါတည်း စီမံထားရပေလိမ့်မည်။
“ဟေး ဘာလို့ အိမ်ဝယ်မှာလဲ .. အခုလည်း ငါတို့မှာ နေစရာအိမ် ရှိနေပြီးသားပဲကို ...”
ချင်းကွေ့ဟွားက သူမ၏ အိမ်အစုတ်လေးနှင့် မခွဲလို။
“ဘွားဘွား ရွာက အိမ်တွေက မြို့ပေါ်ကနဲ့ မတူဘူးလေ ဆေးကုစရာလည်း မရှိဘူး စာသင်ဖို့နေရာလည်း မရှိနဲ့ တစ်နေ့နေ့ ဘွားဘွား နေမကောင်းဖြစ်တဲ့အခါကျ ဆေးရုံနဲ့ နီးနီးနားနား နေရာမှာ ရှိနေမှာ အသက်ကို အမြန် ကယ်နိုင်မှာလေ ပြီးတော့ ကျောင်းကောင်းကောင်းရှိမှ ကလေးတွေရဲ့ ပညာရေးအတွက် ရွေးချယ်စရာ များမှာပေါ့ .. ပြီးတော့ အလုပ်လုပ်မယ်ဆိုလည်း လစာများတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိတဲ့ နေရာကို ရှာရမယ်လေ ဟုတ်တယ်မဟုတ်လား ...”
သူမကိုသာ ရွေးချယ်ခွင့်ပေးလို့ကတော့ မြို့တော်က အိမ်တွေကိုပဲ ဝယ်မှာ ...
သို့သော် လက်ရှိအခြေအနေက မြို့တော်မှ အိမ်ကို ဝယ်ရန်အထိ မတတ်နိုင်။ ကောင်တီ သို့မဟုတ် ဆင်ခြေဖုံးဒေသမှ အိမ်များကိုသာ ဦးစွာ ရွေးချယ်ကြရပေမည်။
“အဲဒီ့အိမ်ကို မကြိုက်ဖူးဆိုတောင် နောင်တစ်ချိန် ပြန်ရောင်းရင် အမြတ်ထပ်ရမှာလေ ဘယ်တော့မှ ရှုံးမှ မဟုတ်ဘူး ...”
“တကယ်လား ...”
ချင်းကွေ့ဟွားသည် ခေတ်လူငယ်များ၏ စီးပွားရေးအမြင်ကို နားမလည်တော့သည့်တိုင် စဉ်းစားတွေးတောတတ်သူတစ်ဦး ဖြစ်ပေသည်။ သို့မဟုတ်လျှင် မြေးမလေးဦးကို မှဲ့တစ်ပေါက်မစွန်းအောင် ပျိုးထောင်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ဆယ်မိနစ်ခန့် ကြာပြီးနောက် သူမက ဆုံးဖြတ်ချက် ချလိုက်သည်။
“အဲဒီလိုဆိုလည်း .. ဝယ်ကြတာပေါ့ ...”
နောက်တစ်နေ့တွင် နျိုတာ့ကမ်းက ချင်းအိုက်လန်နှင့်အတူ ရဲစခန်းနှင့် လမ်းပန်းဆက်သွယ်ရေးရုံးသို့ သွားကာ ကွာရှင်းခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို အလင်းအလျင်အတိုင်း မြန်ဆန်စွာ ဆောင်ရွက်ကာ မကောင်းဆိုးဝါး လျှိုမိသားစု၏ ဒုက္ခပေးနိုင်ခြေကို လုံးဝဥဿုံ ဖယ်ရှားလိုက်သည်။
ထိုသို့ဖြင့် ချင်းမိသားစုတွင် မိသားစုဝင်လေးဦး ပြန်ဖြစ်လာတော့၏။ မူလက သေးကွေးသည့် အိမ်လေးမှာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။ ချင်းရှန်းက သူမ၏ အစ်မကြီးအား မဝံ့မရဲ ဖြစ်နေချိန်မပေး။ သူမကို အိပ်ယာပေါ် ထိုင်စေကာ လိုက်ကာတပ်၍ အဝတ်အစားအသစ်များကို ချုပ်နေစေလိုက်သည်။ သူမက အမြဲ စိတ်ကူးယဉ်နေခဲ့ရသည့် သံအိုးအကြီးကြီးတစ်လုံးကိုပင် အသစ် လဲလိုက်သေးသည်။
ယခုအချိန်မှစ၍ ချက်ပြုတ်ချိန်တိုင်း စားစရာ၏ တစ်ဝက်ကိုသာ ကြော်ချက်ရန် မလိုတော့။ ရေနွေးကျိုုချိန်တွင်လည်း အိုး၏ အောက်ခြေလက်တစ်ဆစ်စာမျှသာ ကျိုနေရန် မလိုတော့။ ယုန်ကလေးများ၏ အသိုက်သည်ပင် အိုက်လန်၏ ပြန်ပြင်ပေးမှုကြောင့် ခိုင်မာတောင့်တင်း၍ နွေးထွေးသွားကာ နေ့စဉ်နေ့တိုင်း နုနယ်လက်ဆတ်သည့် မြက်နှင့် အချိုမြိန်ဆုံးသော အသီးများကို စားသောက်ခွင့် ရသွားကြတော့သည်။
တစ်ဖြည်းဖြည်း နေသားကျကာ ခံစားချက်များ အနည်ထိုင်လာသည့်အတွက် သူမ၏ ဖြူဖွေးနူးညံ့သည့် ရုပ်ရည်မှာလည်း ယခင်အနေအထားသို့ တစ်ဖြည်းဖြည်း ပြန်လည်ရောက်ရှိလာတော့သည်။
သို့သော် ချင်းဖန်နှင့် ချင်းအိုက်လန်တို့ နှစ်ဦးလုံးမှာ အသားစားကြူးသည့် ချင်းရှန်းကိုမူ မည်သို့မှ ဖယ်မထုတ်နိုင်ကြချေ။ လနှစ်သစ်ကူး၏ ရှစ်ရက်မြောက်ညတွင် ကတိပေးထားသည့် ညစာစားပွဲကို ဖြစ်မြောက်အောင် အကောင်အထည် ဖော်လိုက်ကြ၏။ တိုက်ဆိုင်စွာဖြင့် နောက်ထပ် ဝက်တစ်ကောင် အသားပေါ်ထားသော တပ်မဟာနှင့် တွေ့ဆုံခဲ့သည့်အတွက် အသားဝယ်ကာ သူမတို့၏ ကိုယ်ပိုင်ငွေဖြင့် ညစာစားပွဲ ကျင်းပလိုက်သည်။
ဟင်းပွဲက သိပ်မများ၊ ဝက်သားနှပ်၊ ဝက်အသည်းကြော်၊ ဝက်ခြေထောက်စွပ်ပြုတ်နှင့် အာလူးချောင်းချိုချဉ်ကြော်ဟူ၍ လေးမျိုးသာ ပြင်ဆင်ထားသည်။ သို့သော် ဟင်းပွဲတိုင်း၏ အရသာမှာ ပြောမပြတတ်လောက်အောင်ပင် ထူးကဲကောင်းမွန်လှ၏။ ဝက်သားနှပ်၏ နူးညံ့စေးကပ်သော အဆီနှင့် အသားများက ပါးစပ်ထဲတွင်ပင် အရည်ပျော်ကြသွားသည်။ ဝက်အသည်းမှာ ကြွပ်ရွလတ်ဆက်နေကာ ဝက်ခြေထောက်စွပ်ပြုတ်ထဲ၌ ပဲစေ့များကိုပါ ထည့်ထားသည့်အတွက် နူးညံ့ကာ ပါးစပ်တစ်ခုလုံး ဆီဝေ့နေတော့သည်။ အသား ဝေငှသည့်အခါ မည်သူမှ မလိုချင်ကြသည့် အစိတ်အပိုင်း ဖြစ်သည့်တိုင် ထူးထူးခြားခြားပင် စားကောင်းနေတော့သည်။
“အဒေါ်ချင်း ရှင်ကတော့ တကယ့်လူပဲ.. ဒီလောက် ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာတောင် ထုတ်မပြဘဲ လျှိုထားတယ် ...”
ဝမ်လီဖန်းက ထမင်းကို ပန်းကန်လုံးအကြီးကြီးနှင့် နှစ်ပန်းကန်ဆက်တိုက် စားပစ်လိုက်သည်။ သူမက မီးဖိုထဲ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်များနေသော အိုက်လန်ကို လှမ်းပြောလိုက်၏။
“ကြည့်ရတာ ဒီနေ့ ငါတို့တွေ အိုက်လန်ကို ဖော်ထုတ်လိုက်မှာ ကြောက်လို့ထင်တယ် ...”
အားလုံးက ထောက်ခံလိုက်ကြ၏။ အိုက်လန်သည် ပြည်နယ်ပိုင် စားသောက်ဆိုင်၌ အလုပ်လုပ်ခဲ့သူဖြစ်ရာ သူမ၏ လက်ရာမှာ မကောင်းဘဲ မနေနိုင်ပေ။ လက်မထပ်ခင်ကတည်းကပင် ဟင်းချက်လက်ရာ ကောင်းမွန်သည်ဟု ကြားခဲ့ဖူးထားသည်။ သို့သော် ထိုအချိန်က ထမင်းကို အလွယ်တကူ မရနိုင်သည့်အတွက် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဆန်မပါဘဲ ဟင်းချက်နိုင်ရန် အခက်တွေ့ခဲ့ကြရသည်။ ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့်မှ စတင်ကာ အခြေအနေများ ပိုပြီး ကောင်းမွန်လာသောကြောင့်သာ သူမကလည်း အရည်အချင်းများကို ထုတ်ပြလာခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးမိသည့်အခါ သားရှင်မိဘများသည် စိတ်လှုပ်ရှားမိလာကြတော့သည်။ အိုက်လန်သည် မုဆိုးမ ဖြစ်နေသည့်တိုင် ကြားရသည့် သတင်းများအရ ကလေးမရခြင်းသည် သူမ၏ အမှားကြောင့် မဟုတ်။ ရုပ်ရည်က ကြည့်ကောင်းသည့်အပြင် ကောင်းမွန်သည့် စရိုက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အရေးအကြီးဆုံးအချက်အနေဖြင့် သူမထံ၌ စားစရာသောက်စရာများ အခမဲ့ ရနိုင်သည့် အလုပ်လည်း ရှိနေပေရာ .. အိမ်ထောင်ကျဖူးသည့် ကိစ္စမှာ ရေးကြီးခွင်ကျယ်လုပ်ရမည့်အရာ မဟုတ်တော့ချေ။
ထို့အပြင် သူမက လျော်ကြေး ယွမ် ၈၀၀ ရသည်ဟုပါ ကြားထားသေး၏။ ထိုမျှ များပြားလှသည့် ပမာဏ အကုန်လုံးကို မဆိုထားနှင့်၊ တစ်ဝက်ခန့်ကိုသာ ခင်ပွန်း၏ မိသားစုထံ ယူလာပါလျှင် နေ့စဉ်နေ့တိုင်း ကွမ်ရင်မယ်တော်အလား သဘောထားကာ အလေးအမြတ်ထား ဆက်ဆံခံရမည် ဖြစ်သည်။
“အိုက်လန်ဆိုမှ ... ဒီလောက်အကြာကြီး အလုပ်မသွားဘဲနေတာ နင်တို့အလုပ်က အလုပ်မထုတ်ဘူးလား။ တစ်ချိန်ချိန်မှာ နောက်အိမ်ထောင်ဆိုတာ သေချာပေါက် ထပ်ပြုရမှာနော် အလုပ်ကို သေချာလေး ထိန်းမထားနိုင်ရင် ဘယ်ယောကျ်ားကမှ နင့်ကို လိုချင်မှာ မဟုတ်ဘူး ...”
ထိုစကားကို ပြောသူမှာ မည်သူဖြစ်ကြောင်း မော့ကြည့်နေရန်ပင် မလိုအပ်လှ။ ဘေးအိမ်မှ မုဆိုးမလျှိုမှအပ မည်သူမှ ထိုသို့ ပြောလိမ့်မည် မဟုတ်ချေ။ စင်စစ်အားဖြင့် သူမတို့သည် ထိုမုဆိုးမကြီးအား မဖိတ်ခဲ့ပေ။
သို့သော် အဘွားကြီးက မျက်နှာပြောင်တိုက်ကာ ချင်းအိမ်သို့ လာမည့်လူတစ်ဦးနှင့် ကပ်လိုက်လာခဲ့သည်။ ထမင်းဟင်းများ ချထားပေးသူမှာ လူငယ်လေးတစ်ဦး ဖြစ်ပေရာ သူတို့ကလည်း သူမ ရောက်လာချိန်က မည်သူမည်ဝါဟု မသိခဲ့။ နောက်ပိုင်းတွင်မှ ချင်းရှန်းက သတိပြုမိခဲ့ခြင်း ဖြစ်သည်။
“အိုး .. ဘယ်သူ့အကြောင်း ပြောနေတာလဲ တော်တော်ကို ဆိုးတဲ့ပါးစပ်ပဲနော်။ နံလိုက်တာမှ စအိုဝအတိုင်းပဲလို့ တွေးနေမိတာ လက်စသတ်တော့ အဘွားလျှို ဖြစ်နေတာကိုး ...”
ချင်းရှန်းက နားမခံဝံ့စရာ စကားများကို ဖြူစင်ရိုးသားသည့် မျက်နှာလေးဖြင့် ပြုံးပြီး ပြောလိုက်သည်။
မုဆိုးမလျှို၏ မျက်နှာတစ်ခုလုံး ရဲရဲနီသွား၏။
“ဟမ့် ငါက အမှန်အတိုင်း ပြောနေတာ .. စကားကောင်းလေးပဲ ပြောနေကြတဲ့သူတွေက မနာလိုစိတ်နဲ့ ခါးသီးနေလို့လေ .. တစ်ချို့တစ်ချို့တွေကတော့ အမှန်တရားကို မကြားချင်ကြဘူး ထင်ပါတယ်”
“အိုက်ယား .. ခက်လိုက်တာနော် .. ဒီတစ်ရွာလုံးမှာ ရှင်ကမှ မနာလိုစိတ် အများဆုံးဆိုတာ အားလုံး အသိပဲလေ ကျွန်မချွေးမက နောက်အိမ်ထောင် ထပ်ပြုမယ်ဆိုတောင် ထောင်ထဲရောက်နေတဲ့ ရှင့်မြေးထက်တော့ ပိုသာတာ အမှန်ပဲ အော် ဟုတ်သား ဘယ်လိုလုပ် မေ့သွားပါလိမ့် ရှင်တို့ မိသားစုထဲမှာ ဇနီးကို ရိုက်တတ်တဲ့သူလည်း ရှိတယ်လေ ထွက်ပြေးတဲ့အထိကို ရိုက်တာ ...”
ချင်းကွေ့ဟွား၏ နှုတ်ရေးစွမ်းရည်မှာ အမြဲတမ်း ထိပ်တန်းအဆင့်ပေ။ မုဆိုးမလျှိုဘက်မှ ပြန်မတုန့်ပြန်နိုင်ခင် သူမက စကားလမ်းကြောင်းပြောင်းကာ နျိုတာ့ကမ်းတို့ရွာမှ အဖွဲ့သားများနှင့် စကားဆက်ပြောနေလိုက်သည်။
လျှိုစန်းဟူသည် ပြီးခဲ့သည့်နှစ်ကပင် ထောင်ကျသွားခဲ့သည်။ လျှိုမိသားစုက ငွေသုံးကာ နောက်မှ လိုက်ခဲ့ခြင်း ရှိမရှိတော့ မသိ၊ အသက်ဘေးမှ ကင်းလွတ်ကာ ထောင်ဒဏ်သာ ကျခဲ့သည်။ သို့သော် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ဖြစ်သည့်အတွက် သူ့ဘဝမှာ ရေစုန်မျောသွားပြီ ဖြစ်ပေသည်။
ဤဒေသ၌ .. မိသားစုဝင်တစ်ဦးဦး ထောင်ကျဖူးပါလျှင် ကျန်မိသားစုဝင်များအားလုံးသည်ပင် သွားလေရာ၌ မျက်နှာ မပြရဲကြတော့ပေ။ တပ်မဟာအဖွဲ့သားများသည်ပင် အရှက်ရမိကြသည့်အတွက် ထိုသူများကို တစ်ဖွဲ့တည်းသားဟုပင် မသတ်မှတ်ကြတော့ချေ။
ချက်ခြင်းဆိုသလို ဝူလီထွင်အဖွဲ့သားများသည် ပိုးမွှားကူးစက်ခံရမည်ကို စိုးရိမ်သည့်အလား သူမဘေးမှ ဖယ်ခွာသွားကြတော့သည်။
“အိုး ဟုတ်သားပဲ ယောက်မကျန်း .. ရှင့်ကိုတောင် သူ့မြေးအတွက် ဇနီးရှာပေးဖို့ အကူအညီ တောင်းထားသေးတယ် မဟုတ်လား ရှင်မသိလို့နော် သူတို့မိသားစုထဲ ဝင်လာရတဲ့ ကောင်မလေးတွေကတော့ တစ်သက်လုံး ကံဆိုးမိုးမှောင် ကျတာပဲ။ လျှိုအားဟူရဲ့ ပထမဆုံး မိန်းမနှစ်ယောက်လုံးက မုဒိန်းကျင့်ခံရတာလေ။ ပြီးတော့ သူကပဲ ထွက်ပြေးသွားတာ တော်သေးတာပေါ့။ ပြေးတာ မြန်သွားလို့ မဟုတ်ရင် အုတ်ဂူပေါ်က မြက်တွေကတင် နှစ်မီတာလောက် ရှည်နေလောက်ပြီ ...”
ချင်းကွေ့ဟွားက ခပ်သွက်သွက် ပြောလိုက်သည့်တိုင် .. စကားလုံးတစ်လုံးချင်းစီတိုင်းကို စားသောက်နေသူအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ညစာစားပွဲသို့ ရောက်နေသည့် အစ်မကျန်းဆိုသူမှာ ချီလီထွင်၌ နာမည်ကြီးသည့် အောင်သွယ်တော်တစ်ဦး ဖြစ်သည်။
တစ်ရွာလုံးက ဘာလို့ မုဆိုးမလျှိုကို လျစ်လျူရှုပြီး အမြင်မကြည် ဖြစ်နေပါလိမ့်လို့ စဉ်းစားနေတာ လက်စသတ်တော့ .. ဒီလိုကိုး .. အမလေး ဒီလက်ထပ်ပွဲသာ အထမြောက်သွားလို့ကတော့ သမီးရှင်တွေက ငါ့ကို ကျိန်ဆဲလိုက်ကြမယ့်ဖြစ်ချင်း ...
“ပြီးတော့ ဒုတိယယောက်မဝမ် .. ပြီးခဲ့တဲ့အခေါက်ကလေ ...”
မုဆိုးမလျှိုက ချင်းကွေ့ဟွား၏ ပါးစပ်ဖျားမှ နောက်ထပ် တုန်လှုပ်စရာ စကားများ ထပ်ထွက်လာမည်ကို စိုးရိမ်သောကြောင့် အမြန် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
“ဟုတ်သားပဲ အိမ်မှာ ဟင်းအိုး တည်ထားခဲ့တာကို မေ့နေတာ ပွက်တော့မယ် ထင်တယ် အားလုံး အေးအေးဆေးဆေး ဆက်စားကြနော် ငါ ပြန်နှင့်တော့မယ် ...”
တစ်အိမ်လုံး ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ချင်းကွေ့ဟွား၏ ဒေါသစိတ်များလည်း ပြေပျောက်သွားတော့၏။ သို့သော် ချင်းရှန်းကမူ အလုပ်အကိုင် အခွင့်အလမ်းကို တပ်မက်သည့် စိတ်ကြောင့် အစ်မကြီးအား နောက်တစ်ကြိမ် လှည့်ဖျားမည့်သူများ ထပ်မံထွက်ပေါ်မလာစေရန် အလို့ငှာ ပြဿနာကို စောစောစီးစီး ဖြေရှင်းထားရမည်ဟု တွေးလိုက်တော့သည်။ သူမ၏ အစ်မကြီးအနေဖြင့် နောက်အိမ်ထောင် ထပ်ပြုနိုင်သည်၊ သို့သော် သူမ၏ အလုပ်ကို မဟုတ်ဘဲ သူမကို ချစ်ခင်လေးစားသည့် ယောကျ်ားဖြင့်သာ အိမ်ထောင်ပြုရမည် ဖြစ်သည်။
ထို့ကြောင့် သူမက တမင် ပြောလိုက်သည်။
“သူမကို မေးမလို့ ပြင်နေတာနဲ့ အချိန်ကိုက် ဖြစ်သွားတယ် ကျွန်မလည်း ရှေ့ နှစ်ရက်သုံးရက်လောက်နေရင် အစ်မကြီးရဲ့ အိမ်ထောင်စုမှာ စာရင်းသွင်းဖို့ ဦးလေးစီ သွားမလို့လေ ...”
“မင်းမှာ ဘယ်လိုအိမ်ထောင်စု ရှိတာလဲ မင်းရဲ့ အစ်မကြီးက အခုလက်ရှိမှာ စုပေါင်းအိမ်ထောင်ထဲမှာ ဆိုပေမယ့် မြို့ပေါ် အိမ်ထောင်စုစာရင်းလည်း ရှိနေတယ်လေ ...”
ကျေးလက်ဒေသမှ စိုက်ပျိုးရေးမလုပ်ရသည့် ဒေသသို့ အိမ်ထောင်စု ပြောင်းရွှေ့ခြင်းမှာ နိဗ္ဗာန်ရောက်အောင် ကြိုးစားရခြင်းထက်ပင် ပိုပြီး ခက်နေသေးသည်။
“အဓိကအကြောင်းအရင်းကတော့ ကျွန်မတို့အားလုံးက အားနည်းပြီး တစ်ကိုယ်တည်းသမားတွေပဲ ဖြစ်နေလို့လေ။ လျှိုမိသားစုကို ပြဿနာ ရှာနိုင်မှာလည်း မဟုတ်ဘူး။ သူတို့က ကျွန်မအစ်မရဲ့ အလုပ်ကို လုယူခဲ့ကြတော့ အစ်မကြီးမှာ စိုက်ပျိုးရေးဒေသရဲ့ ယာယီ နေထိုင်သူအဖြစ် စာရင်းသွင်းရုံပဲ ရှိတော့တာပေါ့ ...”
ကျိုးမိသားစုထံ အလုပ်ကို ရောင်းခဲ့သည့်အချိန်က သူတို့သည် မည်သူ့ကိုမှ အသိမပေးခဲ့ကြ။ တစ်ယောက်ယောက် သိသွားပါလျှင် ပြဿနာ ဖြစ်လာနိုင်သည့်အတွက် အသိမပေးခဲ့ခြင်း ဖြစ်သည်။ ကျူးပါမိန်းက အိုက်လန်၏ အလုပ်ကို ဝယ်ခဲ့သည့်အကြောင်းကို နျိုတာ့ကမ်းနှင့် သူ့အဖေသာ သိထားခဲ့သည်။
မူလက ချင်းကွေ့ဟွားသည် အလုပ်အား ရောင်းရန် သဘောမတူခဲ့။ သူမက ငွေအပို မသုံးတတ်ရာ လစဉ်ရသည့် လစာမှာ တစ်ဖြည်းဖြည်း စုမိလာမည် ဖြစ်သည်။
သို့သော် ချင်းရှန်းကမူ ၁၉၇၄ ခုနှစ်သို့ပင် ရောက်နေပြီ ဖြစ်ရာ အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရေးကာလအပြီးတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တစ်ဖြည်းဖြည်း တိုးတက်လာမည် ဖြစ်သည့်အတွက် အစ်မကြီး၏ အရည်အချင်းနှင့်ဆိုလျှင် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်နိုင်ရန်မှာ မခဲယဉ်းလှဟု စဉ်းစားမိသည်။
အနာဂတ်၌ ပြည်နယ်ပိုင် စားသောက်ဆိုင်များအား လူထု၏ လက်ခံနှုန်းမှာ တစ်ဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ရာ ထိုအလုပ်အတွက် အချိန်ဖြုန်းနေရန် မလိုအပ်။ ထို့အပြင် လျှိုမိသားစုဘက်မှ ပြဿနာ ရှာလာနိုင်သည့် အခြေအနေကိုလည်း တစ်ခါတည်း ရှောင်တိမ်းမိလျက်သား ဖြစ်သွားပေလိမ့်မည်။
သူမနှင့် ဒုတိယအစ်မသာ ထိုအလုပ်ကို ယူလိုက်ပါလျှင် လျှိုမိသားစု၏ ရန်ကို ကြောက်နေလိမ့်မည် မဟုတ်ချေ။ သူမတို့ထံ၌ ထိုမိသားစုအား ကိုင်တွယ်နိုင်မည့် နည်းလမ်းများစွာ ရှိနေသည်။ သို့သော် အစ်မကြီးမှာ စိတ်သဘောထား နူးညံ့သူ ဖြစ်သည့်အတွက် ထိုသူတို့နှင့် ယှဉ်နိုင်မည် မဟုတ်။ သူတို့ကြောင့် နောက်တစ်ကြိမ် ထိခိုက်နစ်နာရမည့်အစား တစ်ကြိမ်တည်း အပြတ်ဖြတ်ကာ လျှိုမိသားစု အပြစ်မပြုရဲသူထံ ရောင်းချလိုက်ခြင်းက ပိုပြီး သင့်လျော်ပေသည်။
ကျူးပါးမိန်၏ ပင်ကိုယ်စွမ်းရည်နှင့် မိသားစုနောက်ခံအတွက်မူ .. လျှိုမိသားစုက သူတို့ကို အပြစ်ပြုမိရဲလိမ့်မည် မဟုတ်ချေ။
သူတို့က အားနည်းသူတို့သာ ရွေးပြီး အနိုင်ကျင့်တတ်သူမျိုး ဖြစ်သည်။ လနှစ်ကူး၏ တတိယရက်မှ သတ္တိမရက်အထိ ထိုမိသားစုသည် ချင်းမိသားစုမှာ ယခင်ကဲ့သို့ပင် အနိုင်ကျင့်ရန် လွယ်ကူလှသည်ဟုတွေးကာ နေ့တိုင်း ပြဿနာ လာရှာခဲ့ကြသည်။ သို့သော် နျိုတာ့ကမ်းနှင့် ဝမ်လီဖန်းတို့ နှစ်ဦးလုံးက ထိုနေရာတွင် စောင့်ကြပ်ရန် အစောင့်များ လွှတ်ပေးခဲ့ကြသည့်အတွက် လျှိုမိသားစုသည် ရွာရိပ်သို့ နင်းလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ရိုက်နှက်ကြိမ်းမောင်းခံလိုက်ရတော့သည်။ ရွာအဝင်တွင် စစ်ဆေးရေးဂိတ်တစ်ခုပင် လုပ်ထားလိုက်သည့်အတွက် ခွေးတစ်ကောင်ကြောင်တစ်မြီးပင် ဝင်၍ မရတော့ချေ။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် .. လျော်ကြေးကို ပြန်မရနိုင်သည့်အပြင် စားသောက်ဆိုင်အလုပ်မှာလည်း တစ်ခြားသူ၏ လက်ထဲသို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားလိုက်ကြတော့သည်။
ထိုအကြောင်းကို ကြားလိုက်ရကာမှ အားလုံး စိတ်အေးသွားကြတော့သည်။
လျှိုမိသားစုက ဘာလို့များ ဒီလောက်အထိ အားကြီးနေပါလိမ့်နော် .. အားနည်းတဲ့ ချင်းမိသားစုကို နည်းနည်းလေးတောင် သနားမိလာပြီ။ ငါ့အထင်တော့ သူတို့တွေက ဒီငွေတွေနဲ့ ထိုက်တန်ပါတယ်လေ ပြောရရင် သူတို့ဘဝနဲ့ ရင်းထားခဲ့ရတာကို ...
နှစ်ရွာလုံးမှ ရွာသားများ လူစုခွဲလိုက်ကာ မြေးအဘွားငါးယောက်သား တစ်ခဏမျှ စကား ထပ်ပြောလိုက်ပြီးနောက် နျိုမိသားစုသည်လည်း ရွာပြန်ရန် ပြင်လိုက်တော့သည်။
ချင်းရှန်းသည် အနည်းငယ် ရင်းနှီးစပြုနေပြီဖြစ်သည့် ယုန်ပေါက်လေးများနှင့် ခွဲခွါရန် တုန့်ဆိုင်းမိနေသော်ငြား နျိုမိသားစု၏ မြေးနှစ်ယောက်မှာ ၎င်းတို့ကို အလွန် သဘောကျနေကြောင်း မြင်လိုက်ရသည့်အတွက် နှစ်ကောင် ဖမ်းပေးလိုက်သည်။ အချိန်ကျလာ၍ ကလေးကို ကိုယ်တိုင် ပျိုးထောင်သည်ဖြစ်စေ မပျိုးထောင်သည်ဖြစ်စေ အားလုံးမှာ မျက်နှာသာပေးမှုတစ်ခုသာ ဖြစ်ပေသည်။
နျိုမိသားစုက ပို၍ပင် ပျော်ရွှင်မိသွားတော့၏။ ချင်းယိုတိကပင် ထုတ်ပြောမိလိုက်တော့သည်။
“လိုင်တိ .. ဒီကောင်မလေး .. အရွယ်ရောက်လာတာ မြန်လိုက်တာ ...”
“အိုး ဒါနဲ့ မနေ့က နင့် ဒုတိယခဲအိုက ကောင်တီကိုသွားပြီး စုံစမ်းခဲ့သေးတယ် လူထုတရားရုံးကို မနက်ဖြန် စတင်မယ်တဲ့ ...”
လျှိုကျားဝေ့နှင့် ဟဲရှောင်ဟုန်၏ ယောကျ်ားနှင့် မိန်းမအကြား စာရိတ္တဖောက်ပြားသည့် လုပ်ရပ်မှာ မျက်မှောက်ခေတ်၏ ပညာရေးနှင့်သာ သက်ဆိုင်သည် မဟုတ်ပေ။ လမ်းမထက်၌ ဆန္ဒပြခြင်း ခံရသည့်အပြင် ပြစ်ဒဏ်လည်း စီရင်ခံရဦးမည် ဖြစ်သည်။
“မနက်ဖြန် သွားကြည့်ချင်လား ကြည့်ချင်ရင် မနက်ဖြန် ရွာထိပ်က စောင့်မယ် ...”
ချင်းရှန်းက ခေါင်းယမ်းပြလိုက်သည်။ သူမက ထိုခွေးလိုကောင်နှင့် အပျက်မတို့ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံရမည်ကိုသာ လိုချင်ကာ ကြားထဲမှ လုပ်ငန်းစဉ်ကို စိတ်မဝင်စားပေ။