← Chapters

Chapter 33

Vol. 3 Ch. 33

Chapter 33

Vol. 3 Ch. 33

ချင်းယိုတိက ခါးသီးစွာဖြင့် သက်ပြင်းချလိုက်သည်။

“နင် အရွယ်ရောက်လာပြီလို့ ငါ့ကို ပြောလိုက်စမ်းပါ အရင်လိုတော့ ပါးနပ်နေတုန်းပဲနော် မပြောင်းလဲသေးဘူး မဟုတ်လား . ဒီလောက် ရှားပါးတဲ့ ကိစ္စကြီးကို ကြည့်ဖို့တောင် မသွားချင်ဘူးဆိုတော့ ...”

စီရင်ရေးအား သွားမကြည့်ရသည့် နောက်ထပ်အကြောင်းအရင်းမှာ .. မကြာမီ အောင်စာရင်း ထွက်လာတော့မည် ဖြစ်ရာ ရက်ပိုင်းအတွင်း လေ့ကျင့်ရေးသင်တန်းတက်ရန် ကောင်တီကို သွားရတော့မည် ဖြစ်သည့်အတွက် လိုအပ်သည့် ပစ္စည်းများအား ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ လက်ရှိ၌ အိမ်ရောင်းချသူဟူ၍ မရှိ၊ ပုဂ္ဂလိကပိုင် အရောင်းဆိုင်ဟူ၍လည်း မရှိရာ အိမ်တစ်လုံး ဝယ်ရန် အလွန် ခဲယဉ်းလှသည့်အတွက် လေ့ကျင့်ရေး မစမီ နေထိုင်ရန် အိမ်တစ်လုံးကို ငှားရန် လိုအပ်ပေသည်။

တစ်ခဏခန့် စကားပြောနေပြီးနောက် အားလုံး ထွက်သွားကြသည့်အခါ ယိုတိက ချင်းကွေ့ဟွား၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။

“ဘွားဘွား ကြည့်ပါဦး သမီးဆို အင်္ကျီအသစ် မဝယ်ရတာ နှစ်နဲ့ချီနေပြီ ပြီးခဲ့တဲ့အခေါက်ကလည်း တာ့ကမ်းက ထွန်စက်မောင်း သင်ချင်တယ်လို့ ပြောနေတာ။ ကောင်တီက စက်မှုလယ်ယာအသင်းကို သွားဖို့အတွက် သင်တန်းကြေးလေး ...”

“ပါးစပ်ကို ပိတ်ထားစမ်း .. နင့်အစ်မရဲ့ လျော်ကြေးကို ဘယ်လိုတောင် မျက်စိကျရဲရတာလဲ။ နင့်ကို သေအောင် ရိုက်မသတ်ရဲဘူးလို့ ထင်နေတာလား ...”

ချင်းယိုတိ၏ ကြွက်သားမှတ်ဉာဏ်မှာ ဦးနှောက်ထက်ပင် တုန့်ပြန်မှု ပိုမြန်နေသေးသည်။ သူမက ယုန်တစ်ကောင်ထက်ပင် ပိုပြီး လျင်မြန်စွာဖြင့် ပြေးသွားလိုက်သည်။

ချင်းရှန်း - “...”

ဒုတိယအစ်မကတော့ ဒုတိယအစ်မပါပဲ ...

သူမက ကျူးပါးမိန်နှင့် ဈေးညှိကာ အလုပ်အား ရောင်းချခဲ့သည့် အမှန်တကယ် ဈေးနှုန်းမှာ ယွမ် ၃၃၀ ဖြစ်ကြောင်းကို အဘွားနှင့် ညီမများအား တစ်ခါမှ မပြောပြခဲ့ပေ။ ယွမ် ၃၀၀ ဖြင့် သဘောတူသည်ဟု ပြောရန်နှင့် ၃၂၅ ယွမ်ပေးရန် တိုးတောင်းမည်ဟု စည်းဝါးကိုက်ထားခဲ့သူမှာလည်း ချင်းယိုတိပင်ဖြစ်သည်။ ကျူးမိသားစုက ငါးယွမ်ကို နှမြောမနေဘဲ သူမကို မျက်နှာသာပေးလိုက်သည့်အတွက် ချင်းယိုတိသည် ပွဲစားလုပ်ခြင်းဖြင့် ၂၅ ယွမ် အမြတ်ရခဲ့ပေသည်။

သူမက သူမ၏ အစ်မမှာ လိင်အမျိုးအစား ပြောင်းသွားလျှင်ပင် ယခင်အတိုင်း နုံအနေလိမ့်ဦးမည်ဟု ပြောခဲ့၏။

ထိုသို့ တွေးနေစဉ် ချင်းဖန်းက ရုတ်တရက် ပြောလိုက်သည်။

“ဟေး .. တတိယအစ်မ ဒါက တကယ်ကြီး အသက်ရှင်နေတာလား ...”

သူမ၏ အသံနောက်သို့ လိုက်ကြည့်လိုက်ပြီးနောက် ခြံထောင့်တွင် သူမ စိုက်ထားသည့် သစ်ခွပင်မှာ အမှန်တကယ်ပင် အသက်ဆက်ရှင်နေကြောင်း တွေ့လိုက်ရသည်။

အခြားတစ်ယောက်ယောက် လက်ဦးသွားမည်ကို စိုးရိမ်သောကြောင့် ချင်းရှန်းသည် ဦးလေးချွေ့ တွေ့လာသည့် သစ်ခွပင်များကို တူးယူကာ သူမ၏ မျက်စိရှေ့မှောက်တွင် စိုက်ပျိုးထားလိုက်သည်။ ကောက်ရိုးများဖြင့် ဖန်လုံအိမ် ပုံစံမျိုး ပြင်ဆင်ပေးထားသည့်အတွက် နှင်းသည်းထန်စွာ ကျဆင်းသည့်တိုင် အအေးဒဏ်ကြောင့် အပင် သေမသွားခဲ့ချေ။

“ကြည့်ရတာ ငါ့ရဲ့ အပင်စိုက်တဲ့နည်းလမ်းက အလုပ်ဖြစ်တဲ့ပုံပဲ မနက်ဖြန်ကျ ဦးလေးချွေ့ကို နောက်ထပ် အပင်တွေ ထပ်ယူပေးပါဦးလို့ အကူအညီတောင်းပြီး ကိုယ်ပိုင်မြေနေရာမှာ စိုက်ရမယ် ...”

တစ်ချိန်ချိန်မှာ ပမာဏ အများကြီးတောင် စိုက်ချင် စိုက်နိုင်မှာ ...

ဦးလေးချွေ့က အလွန်ရိုးသား၏။ သူမက ထိုအပင်များအား တန်ဖိုးတစ်ခုပေးကာ ဝယ်ယူရန တွေးထားခဲ့သည်။ သို့သော် ထိုအပင်များကို တွေ့လာသူမှာ ဦးလေးချွေ့ ဖြစ်သော်ငြား သူက ငွေကို လက်မခံ။ သူက ငွေယူရန် ထပ်ပြီး တိုက်တွန်းပါလျှင် ဒေါသထွက်လာတော့မည်ဟုပင် ပြောလိုက်သေးသည်။ ထို့ကြောင့် သူမအနေဖြင့် နောင်တစ်ချိန် ထိုသစ်ခွပင်များအား ပမာဏအများအပြား စိုက်ပျိုးပါလျှင် ချွေ့မိသားစုကို အလုပ်ပေးမည်ဟုသာ ကတိပေးလိုက်ရတော့သည်။ ၎င်းက သီးနှံ စိုက်ပျိုးခြင်းထက်မူ ပိုပြီး ဝင်ငွေကောင်းမည်မှာ ကျိန်းသေပင် ဖြစ်ပေသည်။

ထင်မှတ်မထားစွာဖြင့် .. အစီအစဉ်များသည် တွေးထားသည့်အတိုင်း ဖြစ်မလာ။ သစ်ခွပင်များကို စိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းမာရေးဌာနမှ သူမအား ဆက်သွယ်လာပြန်ကာ သုံးရက်အတွင်း သတင်းလာပို့ရန်နှင့် လေ့ကျင့်ရေးသင်တန်း စတင်တော့မည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။

တပ်မဟာ အကြီးအကဲများက သူမ၏ ရလဒ်ကို သိထားကြပြီး ဖြစ်သည်။ ကောင်တီတစ်ခုလုံး ပထမဆိုသည့် ဂုဏ်ပုဒ်မှာ ထုတ်လုပ်ရေးအဖွဲ့ တစ်ခုလုံးကိုပါ အကြီးအကျယ် ဂုဏ်တက်စေခဲ့သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း လီပမ်းဖန်းသည် အစည်းအဝေး သွားတက်လေတိုင်း မျက်နှာပွင့်နေခဲ့ကာ ဤကဲ့သို့ အများ၏ အာရုံစိုက်ခြင်းကို မခံရသည်မှာ နှစ်ပေါင်းပင် မနည်းလှတော့ချေ။

ချက်ခြင်းဆိုသလို ကေဒါများအားလုံးက လေ့ကျင့်ရေးကာလ ခြောက်လအတွင်း လိုအပ်သည့် နေထိုင်စားသောက်စရိတ် အားလုံးကို တပ်မဟာမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ကေဒါများ၏ အဆင့်အလိုက် အလုပ်ခရီးသွားသည့် နှုန်းအတိုင်း နေ့စဉ် ခရီးစရိတ် ပြန်ပေးမည်ဟု ကတိပေးလိုက်ကြသည်။

ဤတစ်ကြိမ်တည်းဖြင့်ပင် ငွေအများအပြား စုထားနိုင်တော့မည်ဖြစ်ရာ အပျော်ဆုံးလူမှာ ချင်းကွေ့ဟွားပင် ဖြစ်ပေသည်။

“လိုင်တိက အောင်မြင်ခြင်းရဲ့ အစလေးပဲ အရင်တုန်းကဆို စာကို မသင်ချင်ခဲ့တဲ့သူက တကယ်လည်း စိတ်ပါလာရော ရက်နည်းနည်းလေး လေ့လာလိုက်ရုံနဲ့ နံပါတ်တစ် ကျောင်းသား ဖြစ်သွားပြီ ...”

ချင်းရှန်း - “...”

အရင်ဘဝက ဆေးခန်းမှာ လက်တွေ့ လုပ်ခဲ့ရတဲ့ ရက်တွေကိုပါ ထည့်တွက်ရင် ဆေးပညာကို လေ့လာနေတာ ဆယ်နှစ်တောင် မကတော့ပါဘူးနော် ...

သို့သော် သူမက ကေဒါများ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။ သူမကိုယ်သူမ ဘဝင်မြောက်နေသောကြောင့် မဟုတ်၊ ဝူလီထွင်၌ ကာလကြာရှည် ဆက်နေမည့်အကြံ ရှိမနေ၍ ဖြစ်သည်။

၁၉၇၄ ခုနှစ်၊ လပြက္ခဒိန်၏ ပထမဆုံးလ ၁၁ ရက်မြေက်နေ့တွင် စားကျက်သို့ ထွက်လာသည့် ဆိတ်အုပ်သိုးအုပ်တို့၏ အသံများ၊ လယ်သမားများ လုပ်ငန်းခွင် ပြန်ဝင်သည့် အသံများဖြင့် စည်ကားသက်ဝင်နေတော့သည်။

ချင်းကန်းက မနက်အစောကြီးထကာ တစ်ရွာလုံး၏ မနာလိုအားကျမှုနှင့် ဂုဏ်ပြုစကားများကို ခံယူလျက် ထွန်စက်ပေါ်တက်ကာ ကောင်တီကျန်းမာရေးဌာနသို့ ထွက်သွားလိုက်တော့သည်။

သူမစိတ်ထဲတွင် စောသေးသည်ဟု ထင်နေမိသော်ငြား လက်တွေ့၌ အဆင့်သတ်မှတ်ချက်များအား ကြည့်ရန် ဂိတ်ဝ၌ တန်းစီနေကြသည့် လူဦးရေမှာ တစ်ဒါဇင်ပင် မကတော့ချေ။

စာမေးပွဲ၏ အဓိကရည်ရွယ်ချက်၌ပင် ရွေးချယ်မှုသတ်မှတ်ချက် မြင့်မြင့်မားမား မရှိပေရာ ရမှတ်များမှာလည်း အလွန်နည်းပါးလှသည်။ အခြေခံ အားနည်းသူ၊ ဆေးပညာနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မသိသူများကိုသာ စစ်ထုတ်ခြင်း ဖြစ်ပေရာ နောက်ဆုံး၌ စာရင်းတွင် မပါသူဟူ၍ လူတစ်ဒါဇင်ခန့်သာ ရှ်ိပေသည်။

ထို့အပြင် ဤအောင်စာရင်းသည် ပြီးခဲ့သည့် အောင်စာရင်းနှင့်လည်း မတူ။ ပထမရသူမှာ ၁၉၆ မှတ်ဖြစ်ကာ ဒုတိယက ၁၃၄ မှတ်သာ ရရာ နှစ်ဦးအကြား ကွာခြားချက်မှာ မိုးနှင့်မြေအလားပင်။ တတိယ၏ ရမှတ်မှာ ၁၂၀ သာ ရှိ၏။ အမှတ် တစ်မှတ်မှ မရသူမှာ ၁၀၀ ထက်မနည်း ရှိနေကာ ကျန် အောင်မြင်သူများ၏ ရမှတ်မှာ တစ်ယောက်နှင့်တစ်ယောက် သိပ်မကွာ၊ ၈၀-၉၀ ကသာ အများဆုံး ဖြစ်သည်။

ချင်းရှန်းက ဤစာမေးပွဲ၌ အောင်မြင်ခဲ့သူများတွင် ဆေးပညာနှင့် ပတ်သက်သည့် အခြေခံအသိ၊ အထူးသဖြင့် တိုင်းရင်းဆေးတွင် ကောင်းမွန်သော အခြေခံများ ရှိနေကြလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

သို့မဟုတ်ပါလျှင် အနောက်တိုင်းဆေးပညာကို လေ့လာနေသူများအဖို့ ဤကဲ့သို့သော သဘောတရား မတူညီသည့် မေးခွန်းများအား အမှတ်ကောင်းကောင်းရအောင် ဖြေနိုင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။

ဖြေဆိုသူများက တီးတိုး ပြောနေကြသည်။

"ချင်းကန်းဆိုတာ ဘယ်သူလဲ သိလား ..."

"ဒီလောက်တောင် အမှတ်အများကြီး ရထားတာဆိုတော့ သေချာပေါက်ကို အထက်က လူတစ်ယောက်ယောက် ရှိနေလို့နေမှာ ..."

သက်လတ်ပိုင်းအမျိုးသားတစ်ဦးက မနာလိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"ဒီလိုမျိုး တပ်အပ်ကြီး ပြောစရာတော့ မဟုတ်ပါဘူး ဆေးပညာကို လေ့လာထားတဲ့အပြင် အခြေခံကောင်း ရှိလို့လည်း နေမှာ ..."

"ဒါပေမယ့် ကောင်တီမှာ ချင်းမျိုးရိုးနဲ့ ဆရာဝန် ရှိတယ်လို့ မကြားဖူးပါဘူး ..."

ချင်းရှန်းက သူမအကြောင်း ပြောနေသည်များကို ဖရဲသီးစားရင်း နားထောင်နေလိုက်သည်။ သူမက မသတီစရာ စရိုက်ပိုင်ရှင် သက်လတ်ပိုင်း အမျိုးသားကို နှစ်ကြိမ်တိုင် အကဲခတ်ကာ စိတ်ထဲမှ တိတ်တိတ်လေး မှတ်ထားလိုက်သည်။

တစ်ခဏမျှ အကြာတွင် ရောက်လာသည့်သူများ ပိုပြီး များလာကာ နေရာလွတ်ပင် မကျန်တော့ပေ။ အရွယ်ခပ်ငယ်ငယ် ကေဒါတစ်ဦးက သူတို့အား အစည်းအဝေးခန်းမတစ်ခုသို့ ခေါ်သွားလိုက်သည်။ သူ့အသံမှာ ပြီးခဲ့သည့်အခေါက်က သူမအား ဖုန်းဆက်ခဲ့သူနှင့် တစ်ထပ်တည်းပင်။ အားလုံးက သူ့ကို ဒါရိုက်တာလျှိုဟု ခေါ်ကြ၏။

"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. မစ္စတာလျှို ဆေးလိပ်သောက်ပါဦး ..."

အမြင်ကတ်ဖွယ် သက်လတ်ပိုင်း အမျိုးသားက ဆေးလိပ်ဘူးကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ဒါရိုက်တာလျှိုက ဆေးလိပ်ကို ယူလိုက်၏။ ထို့နောက်တွင် ထိုအမျိုးသားက ဆေးလိပ်ဘူးကို ကိုင်ကာ ဘေးနားရှိ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အတန်းဖော်အချို့ကိုပါ မျှဝေလိုက်သည်။ သူ့အား သင်္ကာမကင်းသူအချို့ကမူ ကမ်းပေးလာသည့် ဆေးလိပ်ဘူးကို မမြင်ချင်‌ယောင် ဆောင်နေလိုက်ကြ၏။ ဆေးလိပ်များမှာ ဈေးချိုသည့်အရာ မဟုတ်။ ငွေနှင့် လက်မှတ် နှစ်ခုလုံးရှိမှသာ ဝယ်ယူနိုင်သည့်အရာ ဖြစ်သည့်အပြင် ထောက်ပံ့ပေးသည့် ဆေးလိပ်အမျိုးအစားမှာ အလုပ်၏ အဆင့်အတန်းနှင့်လည်း သက်ဆိုင်ပေသည်။

ဆေးလိပ်ငွေများအား ချက်ခြင်း မှုတ်ထုတ်လိုက်သူကြောင့် ချင်းလိုင်တိမှာ ရယ်ချင်မိသွားတော့သည်။

သူမသည် ဖျတ်ခနဲ လှမ်းကြည့်လိုက်ရုံဖြင့်ပင် လှပကြောင်း သိသာသည့်သူမျိုး ဖြစ်သည်။ အေးစက်စက် ရေခဲလွှာတို့ အရည်ပျော်သည့် နွေဦးကာလ၌ ဖူးပွင့်လာသော မက်မွန်ပွင့်များသဖွယ် သူမ၏ အပြုံးကြောင့် မြင်သူတိုင်း အကြည့်မလွှဲနိုင်၊ ပုရိသရော ဣတ္ထိယများပါ သူမကို ခိုးခိုးကြည့်မိကြတော့သည်။

အရာရှိလျှိုက ခန်းမတစ်ခုလုံးကို လှည့်ပတ်အကဲခတ်ကာ အားလုံး သိချင်နေကြသည့် နာမည်ကို ထုတ်မေးလိုက်သည်။

"ရဲဘော်ချင်းကန်း ရောက်ပြီလား ..."

"ရောက်ပါပြီ ..."

အားလုံး၏ အကြည့်များက ချင်းရှန်းထံ ရောက်ရှိလာပြန်ကာ အံ့ဩတုန်လှုပ်သွားကြတော့သည်။

"မင်း .. မင်းက ချင်းကန်းလား ..."

အမြင်ကတ်ဖွယ် အမျိုးသားက အံ့ဩတကြီး မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ် ..."

အားလုံးက သူမကို ကြည့်ကာ ဘာဆက်ပြောရမှန်း မသိတော့။

ဘုရားသခင်က လူသားတွေကို ဖန်ဆင်းတဲ့နေရာမှာ မမျှတလိုက်တာ ပြောတော့ကျ တံခါးပိတ်ထားပေမယ့် ပြတင်းပေါက်တစ်ချပ်တော့ ဖွင့်ထားပေးပါတယ်ဆို .. ဒီတစ်ယောက်ကိုကျ တံခါးရော ပြတင်းပေါက်ပါ ဖွင့်ပေးထားမှန်း အသိသာကြီး ...

ဒါရိုက်တာလျှိုက ဖုန်းထဲမှ အသံနှင့် တစ်ထပ်တည်း တူနေသည့်အတွက် လူမမှားနိုင်ဟုတွေးကာ အခြားလူများကိုပါ နာမည်စာရင်း ခေါ်လိုက်တော့သည်။

ချင်းရှန်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ နောက်နားရှိ ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်၏။ အတန်းဖော်များ၏ နာမည်တော်တော်များများကိုလည်း မှတ်မိလိုက်သည်။ ဤလေ့ကျင့်ရေးသင်တန်းသည် ကျန်းမာရေး စောင့်ရှောက်မှု မရှိသည့် ဒေသများအတွက် ဦးတည်လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ပါဝင်သူများ၏ အသက်အရွယ်ကွာခြားချက်မှာလည်း ကြီးမားလှသည်။ နှစ်ပေါင်းများစွာ ကျန်းမာရေးဝန်ထမ်း လုပ်ခဲ့ဖူးသည့် အသက် ၄၀ကျော်အရွယ်များ ပါဝင်သလို အထက်တန်းကျောင်း ပြီးကာစ ၁၆/၁၇ အရွယ်လေးများလည်း ပါရှိသည်။

နာမည်စာရင်းခေါ်ကာ အားလုံး စုံလင်စွာ‌ ရောက်နေပြီဖြစ်ကြောင်း သေချာသွားသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာလျှိုက သင်ကြားရေးအတွက် စီစဉ်ပေးရန် ပြင်လိုက်တော့သည်။

"အားလုံးက စာတွေ့မှာ အခြေခံ ရှိထားကြပြီးသားသူတွေဆိုတော့ ကျွန်တော်တို့တွေ ဒီလေ့ကျင့်ရေးကို အပိုင်းနှစ်ပိုင်း ခွဲပါ့မယ် ပထမခြောက်လက သီအိုရီပိုင်းဆိုင်ရာ လေ့လာချက် နောက်ခြောက်လကတော့ လက်တွေ့စမ်းသပ်ချက်ပေါ့ ..."

"သင်ကြားရေးအဆောက်အဦးနဲ့ လူနေအဆောင်အတွက်တော့ အရင်က မြို့တော်ကျန်းမာရေးသင်တန်းကျောင်းရဲ့ အဆောက်အဦးဟောင်းကို အသုံးပြုဖို့ ခွင့်ပြုချက် ရထားပါတယ် အားလုံးပဲ ကိုယ့်ရဲ့ ပစ္စည်းတွေ နေရာချတာကို ဒီတစ်မနက်နဲ့ အပြီး လုပ်ထားပေးပါ နေ့ခင်းပိုင်းမှာ သင်ကြားရေး စတင်ပါမယ် ..."

အားလုံး စိတ်သက်သာရာ ရသွားကြ၏။

အဆောင် ရှိနေသည့်အတွက် နေစရိတ် များစွာ အကုန်အကျသက်သာသွားသည်။ သုံးလကြာပြီးနောက်တွင် လေ့ကျင့်ရေးသင်တန်းတစ်ခုလုံး တစ်သားတည်းဟု ခံစားရမည်မှာမူ ထည့်ပြောရန်ပင် မလိုတော့ချေ။

နောက်ဆုံးတွင်တော့ နောက်ထပ် စနေနေ့သို့ ရောက်ရှိလာပြန်တော့သည်။ နေ့ခင်း အတန်းပြီးသည်နှင့်တစ်ပြိုင်နက် ချင်းရှန်းက လွယ်အိတ်ကို ချကာ အိမ်သိူ့ အမြန် ပြန်လိုက်သည်။ စောနေသေးသည့်အတွက် ထွန်စက် မစီးဘဲ စာအုပ်ကို လက်ကကိုင်လျက် စာပြန်နွှေးရင်းသာ ခြေလျင် ပြန်လာလိုက်သည်။ ဟဲလောင်တွင် သူမအား လူ့ခန္ဓာကိုယ်၏ အပ်စိုက်မှတ်နှင့် မရိဒိယျန်များနှင့် ပတ်သက်သည့် ဗဟုသုတများကို သင်ပေးရန် အချိန်မရှိခဲ့ပေ။

ရွာထိပ်အထိရောက်ရန် တစ်နာရီခန့် လမ်းလျှောက်လိုက်ရသည်။ ကလေးတစ်ယောက်က သူမကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း အော်ပြောလိုက်၏။

"အစ်မလိုင်တိ ပြန်လာပြီ ..."

"ဟယ် လိုင်တိ ပြန်လာပြီပေါ့ မတွေ့တာမှ ရက်နည်းနည်းလေးပဲ ရှိသေးတာကို အသားတွေ ပိုဖြူလာသလိုပဲ ..."

"ပိုပြီးလည်း လှလာတယ် ..."

အသားပိုဖြူလာရသည့် အကြောင်းမှာ တစ်နေကုန် ခြင်းတစ်လုံးဖြင့် နေပူထဲ ထွက်နေရန် မလိုတော့သောကြောင့် ဖြစ်သည်။ သူမက အားလုံးကို ပြုံးပြနှုတ်ဆက်ကာ အိမ်ထဲသို့ ဝင်လိုက်သည်။

"ဘွားဘွား .. အစ်မကြီးရော..."

မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည့် ချင်းကွေ့ဟွားက သူမကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

"ရောက်လာကတည်းက အစ်မတွေ ညီမတွေပဲ လိုက်မေးနေတယ် ငါ့ကျ ဘာလို့ မမေးလဲ ..."

"ဘွားဘွားကိုလည်း မေးပါတယ်နော် ..."

သူမက ကျောင်းလွယ်အိတ်ထဲမှ သတင်းစာစက္ကူဖြင့် ထုပ်ထားသော လေးထောင့်ပုံစံ ‌ဖြူဖွေးစိုစွတ်သည့် အရာတစ်ခုကို ထုတ်ကာ သူမကို ခွံ့ကျွေးလိုက်သည်။

"ချိုလား ..."

"ပိုက်ဆံတွေ ကုန်ထားမှတော့ ချိုမှာပေါ့ ..."

ချင်းကွေ့ဟွားက တံတွေးကို ဂရုတစိုက် မျိုချလိုက်သည်။ ဝါးစားရမည်ကိုပင် နှမြောမိသဖြင့် လျှာဖြင့် ဖိကာသာ အသာ ငုံထားလိုက်သည်။ ချိုမြိန်မွှေးပျံ့သည့် နို့ရနံ့က သူမ၏ ခံတွင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။

"အများကြီး မကုန်ပါဘူး။ ကုန်စုံဆိုင်ကနေပဲ ဝယ်လာတာကို ..."

ချင်းကွေ့ဟွားက သူမ၏ ပါးစပ်ထဲရှိ ချိုချဉ်ကို ချိုမြိန်သည်ဟု မခံစားရတော့။ အရွယ်အစားမှာ အလွန် ကြီးမားပေရာ သူမသာ အပိုင်းသေးသေးလေးများ ပိုင်းထားခဲ့ပါလျှင် ကျန် မြေးမများပါ စားနိုင်လိမ့်မည်ဟု တွေးမိသွားတော့၏။

"ကိစ္စမရှိပါဘူး အတန်းဖော်ရဲ့ ချိုချဉ်ဝယ်ခွင့်လက်မှတ်နဲ့ လဲလာခဲ့တာ နောက်လည်း ချိုချဉ်တွေ ဝယ်လာပေးနိုင်သွားပြီ ..."

အတန်းထဲတွင် ရတနာသိုက်ပိုင်ရှင် မိန်းကလေးများ အများအပြားရှိကာ သူမတို့ထံမှ မည်သည့်ကူပွန်ကိုမဆို ရနိုင်ပေသည်။

သူမ ပြောနေစဉ်မှာပင် ချင်းအိုက်လန်က ယုန်စာမြက်တစ်ခြင်းကိုပိုက်လျက် အိမ်ထဲသို့ ဝင်လာသည်။ ချင်းရှန်းက သူမကို စကားပြောတော့မည် ပြုစဉ် လျောင်ကျီရှင်းကလည်း ရေတစ်ပုံးကို သယ်လျက် လိုက်ဝင်လာကြောင်း သတိပြုမိလိုက်သည်။

"အစ်ကိုလျောင်လား ..."

ပင်ပန်းမှုကြောင့်လား၊ နေလောင်သောကြောင့်လားတော့ မသိ၊ လျောင်ကျီရှင်း၏ မျက်နှာမှာ နီရဲနေခဲ့သည်။

မျက်မှန်ချွတ်လိုက်ပြီးနောက် သူ့ပုံစံမှာ ပိုပြီး ခန့်ညားလာကာ ညင်သာသိမ်မွေ့သည့် အရိပ်အယောင်များ ဖြာထွက်နေခဲ့သည်။ ၇ နှစ်တိုင် ကျေးလက်ဒေသ၌ စိုက်ပျိုးရေး လုပ်နေခဲ့သူတစ်ဦးနှင့် လုံးဝ မတူဘဲ ကောလိပ်ကျောင်းသားတစ်ဦးဟုပင် ထင်မှတ်ရသည်။

နှစ်ဦးသား စကားတစ်ခွန်းနှစ်ခွန်းခန့် ပြောလိုက်ကြသည်။ ချင်းအိုက်လန်ကမူ ယုန်ဖြင့် အလုပ်ရှုပ်နေ၏။ ဆပ်ပြာပန်းကန်နှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာသည့် ချင်းကွေ့ဟွားကို တွေ့လိုက်ရသောအခါ လျောင်ကျီရှင်းသည် ကြောင်အသွားပြီး လှစ်ခနဲ ထပြေးသွားတော့သည်။

"ဒီကောင်လေးကတော့လေ .. ပြီးခဲ့တဲ့ရက် အိမ်မှာ လာကူပေးတုန်းက ရေမရှိတော့တာ တွေ့ပြီး ရေသယ်လာပေးတာ နေမှာ သူ့လည်း ဘယ်လိုမှကို တားလို့ မရဘူး ထင်းတွေဆိုလည်း ခုတ်ပေးသွားတာမှ အပုံလိုက်ကြီး ..."

ချင်းရှန်းက ခြံဘေးရှိ ထင်းပုံကြီးကို ကြည့်ကာ လျောင်ကျီရှင်းသည် အလုပ်ကြိုးစားသူတစ်ဦး ဖြစ်လိမ့်မည်ဟု တိတ်တဆိတ် မှတ်ချက်ချလိုက်မိသည်။ ထိုသူသည် မျက်လုံး ပြန်မြင်လာကတည်းက ကိုယ်ခန္ဓာ ကြံ့ခိုင်စေရန် အလို့ငှာ နေ့စဉ် မနက်တိုင်း နာရီဝက်ခန့် အပြေးလေ့ကျင့်တတ်သည့်အတွက် မူလက ပိန်လှီနေသည့် ခန္ဓာကိုယ်မှာ ကျန်းမာသန်စွမ်းကာ ကြွက်သားများပင် ထွက်ပေါ်လာတော့သည်။

"ကိစ္စမရှိပါဘူး .. သူ့ကို လေ့ကျင့်ခန်းလုပ်စရာ ပေးတယ်လို့ပဲ သဘောထားလိုက်ပါ ..."

ချင်းကွေ့ဟွားက ဆက်ပြောရန် တုန့်ဆိုင်းနေမိ၏။ ရှောင်လျောင်သည် ဤဒေသ၌ ဆွေမျိုးသားချင်းမရှိသည့် ပညာတတ်လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ့ဘက်က စေတနာဖြင့် လုပ်ပေးသည် ဆိုသည့်တိုင် သူမတို့အနေဖြင့် အလကား အသုံးပြုရန် မလွယ်လှချေ။

"ယုန်တွေ နည်းသွားသလိုပဲနော် ..."

"နင်တို့အဒေါ်လီဖန်းက မွေးချင်တယ် ဆိုတာနဲ့ တစ်ကောင်ကို ပြားငါးဆယ်နဲ့ ရောင်းလိုက်တာ ..."

ပုံမှန်အားဖြင့် ယုန်များသည် မြက်ကိုသာ စားကြသူများ ဖြစ်သည့်အတွက် စားစရာအတွက် များစွာ အကုန်အကျခံစရာ မလို။ တစ်ကောင်လျှင် ပြားငါးဆယ်နှုန်းဆိုသည်မှာ သူမတို့အတွက် တော်တော်လေး အမြတ်များသည်ဟုပင် ဆိုနိုင်ပေသည်။ ချင်းရှန်းက သူမ အမှုမဲ့အမှတ်မဲ့ဖြင့် ဝယ်ခဲ့သည့် ယုန်များသည် မိသားစု၏ ဝင်ငွေကို တစ်ထောက်တစ်အား ဖြစ်စေလိမ့်မည်ဟု လုံးဝ ထင်မထားမိချေ။

"ဒါဆိုလည်း ဒီနားမှာ ယုန်ထီး ဘယ်သူမွေးထားလဲ မေးကြည့်လိုက်ပါဦး ခဏငှားပြီး သားထပ်ဖောက်ရအောင်လေ ..."

"ငါလည်း အဲဒီလို တွေးနေတာ ဘာပဲဖြစ်ဖြစ် အိမ်မှာလည်း လုပ်စရာမှ မရှိတာ။ ကပ္ပတိန်ရဲ့ မိသားစုကလည်း ငါတို့ကို ဂရုစိုက်ပေးခဲ့ကြတာဆိုတော့ အခုထိလည်း ငါတို့ကို ဂရုစိုက်နေဦးမယ်လို့ ထင်တာပဲ ..."

ချင်းကွေ့ဟွားသည် ပြီးခဲ့သည့်နှစ်များအတွင်း ကျန်းမာရေး ညံ့ဖျင်းခဲ့၍ အလုပ်ရမှတ်များ မရနိုင်ခဲ့ချေ။ သို့သော် ချင်းအိုက်လန်က ချင်းရှန်းနှင့်အတူ ရက်ပိုင်းမျှ လေ့လာကာ မွေးမြူရေးအလုပ်ကို တာဝန်ယူလိုက်သည်။ သူမက ဝက်စာမြက် ‌ရိတ်ခြင်းအပြင် အခြားသော ရိုးရှင်းသည့် တာဝန်များကိုသာ လုပ်ဆောင်နိုင်ရာ အလုပ်ရမှတ်မှာလည်း ချင်းရှန်းထက် နည်းပါးလှသည်။ သို့သော် ဝမ်းရေးအတွက်မူ မခဲယဉ်းလှတော့ချေ။

"ဒါနဲ့ ဘွားဘွား .. တောင်ပေါ်ကနေ ဆေးပင်တွေ ခူးပြီးပြီလား ..."

All Chapters