← Chapters

Chapter 34

Vol. 3 Ch. 34

Chapter 34

Vol. 3 Ch. 34

ချင်းဖန်က ထောင့်နားရှိ အမှုန့်ချဇကာတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုအထဲတွင် အမြစ်ခြောက်နှင့် အရွက်ခြောက်များ ရှိနေသည်။ အချို့က ကြက်ခြေထောက်လို ရှုံ့တွနေကာ အချို့က တူတစ်ချောင်းလို ဖြောင့်တန်းနေ၏။ ချင်းရှန်းက တစ်ခုချင်းစီကို အနံ့ခံကာ အမျိုးအစား မှန်မမှန် အတည်ပြုလိုက်သည်။ ထို့နောက် အကြီးဆုံးအစ်မနှင့်အတူ သံအိုးကြီးထဲတွင် ထည့်ကာ ပြောင်စင်အောင် ဆေးကြော၍ ဆေးဆရာအိုကြီးနှင့် သဘောတူထားသည့် အချိုးအစားအတိုင်း ဆေးချက်လိုက်သည်။

အနာဂတ်တွင် သူမထံ၌ ဤအလုပ်များ လုပ်နေချိန် ရှိတော့မည် မဟုတ်ပေ။ သူမသာ အစ်မကြီးအား သင်ပေးထားနိုင်ပါလျှင် အစ်မကြီးက အဘွားကိုပါ ပြန်ပြီး နည်းလမ်းပြနိုင်မည် ဖြစ်ကာ မိသားစု၏ ပုံမှန်ဝင်ငွေတစ်ခု ရရှိလာပေလိမ့်မည်။

သူမတို့ကဲ့သို့ပင် ဘေးအိမ်ရှိ လျှိုမိသားစုမှာလည်း အလွန် အလုပ်များနေခဲ့သည်။ နေမထွက်ခင်ကတည်းက ကြော်လှော်ချက်ပြုတ်နေကြကာ တရုတ်နှစ်သစ်ကူးထက်ပင် သက်ဝင်လှုပ်ရှားနေကြ၏။

သို့သော် စားသောက်သည့် အသံကိုမူ မကြားရ။ မိုးချုပ်သည်အထိ စောင့်နေခဲ့ကြကာ မုဆိုးမလျှိုသည်ပင် အကြည့်တို့ကို တံခါးဝမှ မခွါ။ အိမ်၏ ကြမ်းခင်းဆိုလျှင် ဘယ်နှကြိမ် ကြမ်းတိုက်ထားပြီးပြီမှန်းပင် မသိတော့ချေ။

"ဘယ်လိုလဲ သူတို့ ရောက်လာကြပြီလား ..."

လျှိုအားဟူက သမ်းဝေကာ ပြောလိုက်သည်။

"ဘယ်တော့မှ ရောက်လာမှာလဲ မသိဘူး။ ဒီမှာ ဗိုက်ဆာလို့ သေတော့မယ် ..."

"ထမင်းတစ်နပ်တစ်လေပဲဟာ ဆက်ပြီးစောင့်နေဦး .. ပေါင်ကျူးလေးက လက်ထပ်ပြီး မကြာခင်မှာတင် အရာရှိကတော် ဖြစ်သွားတဲ့ကိစ္စလေ ..."

"ဟုတ်သားပဲ ဒီလို ကိစ္စကြီး ရှိနေတာ တစ်မိသားစုလုံး အငတ်ခံရမယ်ဆိုတောင် စောင့်ရမှာပဲ ..."

မုဆိုးမလျှိုသည် ယနေ့အတွက် မျှော်ကိုးကာ ပြီးခဲ့သည့် ၂ ရက်ကတည်းက အစားကို ကောင်းကောင်း မစားတော့သည့်အတွက် ရင်နှင့်ကျောပင် ကပ်နေတော့သည်။

"ပေါင်ကျူးပြောတာတော့ ဒီနေ့ သူတို့နဲ့အတူ ဧည့်သည်တွေ ပါလာမှာမလို့ ငါတို့ရဲ့ အကောင်းဆုံးဘက်ခြမ်းကို ပြသရမယ်တဲ့ ..."

"အိမ်ရှင်က အရင် မစားရသေးဘဲ ဧည့်သည်တွေက စားစရာအကြောင်းမှ မရှိတာ ..."

"တစ်ခါမှ ဒီလောက်အထိ အကျိုးသင့်အကြောင်းသင့် ပြောတာမျိုး မကြုံဖူးဘူး ..."

လျှိုတာ့ဟူ၏ ဇနီးက မျက်လုံးလှန်ပြကာ သားဖြစ်သူကို လိမ်ဆွဲလိုက်သည့်အတွက် စူးရှလှသည့် ငိုသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ကြည့်လေ .. ကလေးတွေဆို ဗိုက်ဆာလို့ ငိုနေကြပြီ ... သနားစရာ ကောင်းလိုက်တာ ..."

မုဆိုးမလျှိုသည် သူမ၏ မြစ်ထီးလေးများကို အချစ်ဆုံး ဖြစ်ပေရာ လျှိုပေါင်ကျူး ပြောထားသည့် စကားများအား ချက်ခြင်း လျစ်လျူရှုလိုက်တော့၏။

"မငိုပါနဲ့ ကလေးလေးရဲ့ .. လာ လာ အခုချက်ခြင်း စားကြမယ် ..."

ညစာကို အလွန်ခမ်းနားစွာ ပြင်ဆင်ချက်ပြုတ်ထားသည်။ ဟင်းပန်းကန်များ အစုံအလင် နေရာချထားပြီးသည်နှင့်တစ်ပြိုင်နက် မိသားစုတစ်ခုလုံး အလုအယက် စားသောက်လိုက်ကြတော့၏။ မြေးအချို့ကလည်း နောက်ထပ်အသားတစ်တုံး ထပ်စားရန်၊ ပိုကြီးသည့် အသား စားနိုင်ရန် အချင်းချင်း ရန်ဖြစ်နေကြကာ .. စကားဖြင့် အနိုင်မယူနိုင်သည့်အခါ လက်ပါ ပါလာတော့သည်။

အငယ်ဆုံးကလေးမှာ အသက် ၂ နှစ်သာလျှင် ရှိသေးသည့်တိုင် တိုက်ခိုက်ရေးစွမ်းရည်မှာမူ ထိပ်တန်းပင်။ စားစရာများ မြေပေါ် ပြန့်ကြဲသွားသည့်အတွက် တာ့ပေါင်က ထိတ်လန့်သွားကာ အလုအယက် စားသောက်လိုက်သည်။ သူက ဝေါခနဲ အန်ချလိုက်၏။

ထိုသို့ဖြင့် လျှိုပေါင်ကျူးနှင့် ကျောက်ချင်းစုန့်တို့သည် ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးကို ခြံရံကာ အိမ်ထဲ ဝင်လာစဉ် ရန်ဖြစ်ဆဲဆိုကာ ကသောင်းကနင်း ဖြစ်နေသူများကို မျက်မြင် ကြုံလိုက်ရတော့သည်။ တစ်ဒါဇင်ထက် မနည်းသည့် လူအုပ်ကြီးက စားသောက်ရင်း ရန်ဖြစ်ဆဲဆို အော်ဟစ်ငိုယိုနေကြသည်ကို တွေ့လိုက်ရသည့်အခါ ကြမ်းတမ်းသည့် လမ်းခရီးကြောင့် ပင်ပန်းနေသည့် ကျောက်ချင်းစုန့်သည် နားထင်သွေးကြောများ တဒုန်းဒုန်း ခုန်လာပြီဟုပင် ခံစားလာရတော့သည်။

"အား .. အား ..."

ရန်ဖြစ်နေကြသူများမှာ မည်သည့်အသံကိုမှ နားမစွင့်အား။ မုဆိုးမလျှိုက နောက်ဆုံးကျန်သည့် အသားနှစ်တုံးအား လုယူရင်း အလုပ်များနေကာ နှုတ်ခမ်းထောင့်စွန်းတွင်လည်း နောက်ဆုံးလက်ကျန် ဆီနှစ်ပေါက်က တွဲလွဲခိုနေ၏။

"တော်ပြီ ရန်ဖြစ်မနေကြနဲ့တော့ နင်တို့ညီမက ဂုဏ်သရေရှိ ဧည့်သည်နဲ့အတူ ပြန်လာမှာ။ နင်တို့အစ်ကိုတွေရဲ့ အလုပ်က သူများပေါ်မှာ မှီခိုနေရတုန်းပဲဆိုတာ မမေ့လိုက်နဲ့ ..."

ကျောက်ချင်းစုန့်၏ မျက်နှာတစ်ခုလုံး မှောင်မည်းသွားသည်ကို မြင်လိုက်ရသည့်အခါ လျှိုပေါင်ကျူးက အလောတကြီး အော်ပြောလိုက်တော့သည်။

"ဘွားဘွား .. ဘာတွေ ဖြစ်နေကြတာလဲ ..."

ထိုအခါမှ လျှိုမိသားစုကလည်း သူတို့ကို သတိပြုမိသွားသည်။

"အော် .. မြေးသမက်လေး ရောက်လာပြီလား မင်းတို့ကို တစ်နေကုန် ရွာထိပ်မှာ စောင့်နေတာ။ ဘယ်သူ့မှ မတွေ့တာနဲ့ လမ်းမှာ ကြာနေတာထင်တယ်ဆိုပြီး တွေးလိုက်တာ ကလေးတွေကလည်း ဗိုက်ဆာလို့ ငိုယိုနေကြတာနဲ့ မစောင့်လိုက်တော့တာ ..."

"မတ်လေး .. စိတ်မပူပါနဲ့ စားစရာတွေ ရှိပါသေးတယ် အခုပဲ ပြန်နွှေးပေးမယ်နော် ..."

ကျောက်ချင်းစုန့်ကမူ‌ နေရာအနှံ့ ပြန့်ကြဲနေသည့် စားစရာများကို လှည့်ကြည့်ရင်း စားသောက်ချင်စိတ်များ ကုန်ခမ်းသွားတော့သည်။ လျှိုမိသားစုမှာ ဤကဲ့သို့သော အကျင့်စရိုက် ရှိသူများဖြစ်ကြောင်း ကြိုသိထားခဲ့ပါလျှင် လျှိုပေါင်ကျူး၏ စကားကို နားထောင်ကာ သူ့ကိုယ်သူ အရူးအဖြစ်ခံမည့်အစား ကျောက်အိမ်သို့သာ တန်းတန်းမတ်မတ် ဝင်သွားမည် ဖြစ်သည်။

လျှိုပေါင်ကျူးမှာလည်း သူနှင့် ထပ်တူပင်။ သူမသည် ဤ ဂုဏ်သရေရှိ ဧည့်သည်အား ဖိတ်ခေါ်ခွင့်ရရန် များစွာ အားစိုက်ထုတ်ခဲ့ရကာ ထိုသူအား လျှိုအိမ်သို့ ဖိတ်ကြားခွင့်ရရေးအတွက် ခင်ပွန်းဖြစ်သူထံမှ သဘောတူညီချက် ယူသည်ကပင် အချိန်များစွာ ပေးခဲ့ရသည်။ သူမက အချိန်တစ်ခု ရောက်လာသည့်အခါ တစ်အိမ်လုံး ဝိုင်းပြောကြပါလျှင် အစ်ကိုများစွာ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ထင်မိခဲ့သည်။

သို့သော် ရွှေပေါင်လုံးကို ဆုပ်ကိုင်ရန် မဆိုထားနှင့် သူမ၏ မိသားစုဝင်များက သူမ စီစဉ်ထားသမျှ အကြံအစည်အားလုံးကိုပါ ဖျက်ဆီးပစ်လိမ့်မည်ဟုတော့ မည်သူကမှ မတွေးမိခဲ့ချေ။

သို့သော် သူမက အရဲစွန့်ကာ မေးလိုက်မိသေး၏။

"ကြည့်ပါဦး .. မစ္စတာချန်းအတွက် ဘာလို့ တစ်ခုခု လုပ်ပေးရအောင် မလုပ်တာလဲ ..."

ထိုအခါမှ အားလုံးသည် ကျောက်ဇနီးမောင်နှံအပြင် ပိန်လှီခါးကိုင်းကာ ပါးရေနားရေ တွန့်နေပြီး စူးရှထက်သန်သည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် အဘိုးအိုတစ်ဦးကို သတိပြုမိလိုက်ကြသည်။

ထိုသူက စကားပြောလိုစိတ် မရှိဖြစ်နေသည်ကို သတိပြုမိလိုက်သည့်အခါ လျှိုပေါင်ကျူးက ချက်ခြင်း မီးဖိုချောင်ထဲ ပြေးသွားပြီး မုဆိုးမလျှိုနှင့် ယောက်မများအား မီးဖိုခန်းအား သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားလိုက်သည်။ အိုးခွက်ပန်းကန်များကို ဆပ်ပြာမှုန့်ဖြင့် ကြိမ်ဖန်များစွာ ပွတ်တိုက်ဆေးကြောကာ ဟင်းလျာများကိုပါ ကိုယ်တိုင် ဝင်ပြီး ချက်ပြုတ်လိုက်သည်။ သခွားသီးတစ်လုံးအား ရေဆေးကာ ပါးပါးလေး လှီး၍ နှင်းဆီပွင့်ပုံစံ ပြင်ဆင်လိုက်သည်။

"ဟေး ပေါင်ကျူး သခွားသီးကို ဘာလို့ ပန်းပွင့်ပုံ လုပ်တာလဲ ..."

"တပ်ထဲက ဘဝက အပြင်နဲ့ မတူဘူးပဲ လူတိုင်းရဲ့ အချက်အပြုတ်စွမ်းရည်ကို နဂိုထက် ပိုကောင်းအောင်ကို လေ့ကျင့်ပေးကြတာ ..."

ယောက်မများက သူမကို နည်းမျိုးစုံဖြင့် မြှောက်ပင့်လာကြသည့်အတွက် လျှိုပေါင်ကျူး၏ မျက်နှာထက်တွင် ခပ်ထေ့ထေ့ အပြုံးတစ်ပွင့် ပေါ်ထွက်လာတော့သည်။

မုဆိုးမလျှိုက သူမအနား တိုးသွားကာ မေးလိုက်သည်။

"ပေါင်ကျူး အပြင်ကလူက ဘယ်သူလဲ ..."

ယောက်မများကလည်း အသံတိတ်သွားကာ သူမကိုသာ အံ့ဩတကြီး ကြည့်နေလိုက်ကြသည်။ အဝတ်အစား အစုတ်များကို ဝတ်ဆင်ထားသည့် ထိုအိုမင်းမစွမ်း အဘိုးကြီးအား လေးလေးစားစား ဆက်ဆံနေမှုအပေါ် နားမလည်ကြသည့်ဟန်ပင်။

"ဒါက ချင်းစုန့်ရဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့သူ အဲဒါကြောင့် မမေးကြနဲ့။ အများကြီး သိထားလို့ ကောင်းတဲ့ကိစ္စတွေ မဟုတ်ဘူး ..."

စင်စစ်အားဖြင့် သူမကိုယ်တိုင်ပင်လျှင် အကြောင်းစုံ မသိချေ။ ကျောက်ချင်းစုန့်က သူ့အလုပ်ကိစ္စမှလွဲ၍ ကျန်ကိစ္စများတွင် သူမ၏ စကားကို နားထောင်တတ်သည်။ သို့သော် မည်သို့သော လျှို့ဝှက်ချက်မျိုးပင် ဖြစ်ပါစေ မူးလာသည့်အခါ တစ်လုံးစ နှစ်လုံးစ ထုတ်ပြောမိကြသည်သာပင်။

သို့သော် စားစရာထောက်ပံ့ရေးအဖွဲ့မှ စားစရာကို ရရှိသည့် တစ်ဦးတည်းသော မိသားစုဝင်တစ်ဦးအနေဖြင့် သူမသည် "အတွင်းသတင်းအချို့" အကြောင်းကို ကြွားဝါလိုတော့သည်။

"မစ္စတာချန်းက တအားကို အင်အားကြီးတာနော်။ သူက လျှို့ဝှက်တပ်ဖွဲ့မှာ သုတေသနတွေ အများကြီး လုပ်လာတာ .. ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်က အလုပ်သမားစခန်းကို အပို့ခံလိုက်ရတယ် ..."

မုဆိုးမလျှိုက လျှို့ဝှက်တပ်ဖွဲ့အကြောင်း သိသူမဟုတ်ပေ။

"ဒါဆို သူက လူဆိုးတော့ မဟုတ်ဘူး မဟုတ်လား .. အိုး ဘုရားရေ ကျွန်မတို့မိသားစုကို ဒုက္ခပေးမယ့်လူမျိုးတော့ မဖြစ်ပါစေနဲ့ .. ငါတို့က ကံဆိုးမှုနဲ့ ဆက်စပ်နေတဲ့ မျိုးဆက်သုံးဆက်လုံး လယ်သမားမိသားစုတွေပါ ..."

လျှိုပေါင်ကျူးက ရယ်ရင်း ပြောလိုက်သည်။

"နားမလည်ဘူးလား ထူးချွန်ပြောင်မြောက်တဲ့ အလုပ်တွေကို လုပ်ခဲ့တဲ့ နည်းပညာရှင်တွေ အများကြီး ရှိတယ်လေ အားလုံးက သူတို့ရဲ့ အထက်အရာရှိက စောင့်ရှောက်ပေးထားတာ ..."

"ထားပါ ပြောလည်း နားလည်မှာမှ မဟုတ်တာ သူက ကျန်းမာရေး မကောင်းဘူး သူ့ကို အဖော်ပြုပြီး စကားလေးဘာလေး ပြောပေးလိုက် ..."

"မဆန်းပါဘူး ငါပြောသားပဲ သူ့ပုံစံက ချွေ့လောင်ဝူရဲ့ မိန်းမလိုမျိုးကြီးပဲ နေမကောင်းတာလား မသိဘူးလို့ ပြောသားပဲ ..."

လျှိုတာ့ဟူ၏ မိန်းမက ပြောလိုက်သည်။ ထို့နောက် ယောက်မဖြစ်သူက ချွေ့လောင်ဝူ၏ မိန်းမအကြောင်း မသိလောက်ဟု တွေးမိကာ မီးစာထပ်ထည့်၍ မနာလိုမှု အပြည့်ဖြင့် ပြောလိုက်၏။

အစပိုင်းက လျှိုပေါင်ကျူးသည် ထိုစကားများကို အတင်းအဖျင်းအဖြစ် သဘောထားကာသာ နားထောင်ခဲ့သည်။ သို့သော် အဒေါ်ချွေ့၏ ရောဂါအား ကုသခဲ့သူမှာ ဘေးအိမ်မှ ချင်းလိုင်တိ ဖြစ်သည်ဟု သိလိုက်ရသည့်အခါ စိတ်ထဲတွင် မသက်မသာ ဖြစ်မိလာတော့သည်။

အဘွားဖြစ်သူကသာ ချင်းကွေ့ဟွားနှင့် ပြိုင်ဆိုင်သည် မဟုတ်၊ သူမကလည်း ငယ်ငယ်လေးကတည်းက ချင်းလိုင်တိနှင့် နေရာတိုင်းတွင် အယှဉ်ခံခဲ့ရသည်။ တစ်လတည်း တစ်နှစ်တည်း မွေးလာကြသည့်အပြင် ရွာထဲ၌ အလှဆုံး မိန်းကလေးများလည်း ဖြစ်ကြကာ သူမတို့ မျက်စိကျသည့်‌ ယောကျာ်းများသည်ပင် ... ဝန်မခံချင်သော်ငြား ကျောက်ချင်းစုန့်မှာလည်း စင်စစ်အားဖြင့် ချင်းလိုင်တိ၏ ရွေးချယ်မှုကို ခံရမည်ဖြစ်ကြောင်းကို ဝန်ခံရပေလိမ့်မည်။

"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ သူ့ကို သေချာ စောင့်ကြည့်ထားပြီး တစ်ခုခုထူးရင် ချက်ခြင်း အကြောင်းကြားပါလို့ မပြောခဲ့ဘူးလား ..."

မုဆိုးမလျှိုက မျက်တောင် တဖျတ်ဖျတ် ခတ်ပြလိုက်သည်။ အစပိုင်းကမူ သူမသည် အားလုံးကို မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်နေသေးသည်။ သို့သော် တစ်ဖြည်းဖြည်းချင်းဖြင့် ထိုကောင်မလေးမှာ မထူးဆန်းဟု ခံစားမိလာ၏။

ဆေးပညာနှင့် ပတ်သက်ပြီး သိထားခြင်းသည် အိမ်ထောင်ကျ ကံ ကောင်းခြင်းမဟုတ်၊ သူမ၏ အဖိုးတန်မြေးမလေးနှင့် ယှဉ်နိုင်စရာအကြောင်းပင် မရှိချေဟု တွေးမိလာခဲ့သည်။ ထို့အပြင် ..စာပို့ရန် တံဆိပ်ခေါင်းမှာ အလကား ရသည်မဟုတ်၊ ဖုန်းဆက်ကာ ပြောရလျှင်လည်း ပို၍ပင် ငွေကုန်ပေလိမ့်ဦးမည်။

လျှိုပေါင်ကျူးက သူမကို တိတ်တိတ်လေး မုန်းတီးမိသွား၏။ သို့သော် အဘွားဖြစ်သူ၏ အတွေးများကို သူမအနေဖြင့် ကောင်းကောင်း သိပေသည်။ သူမက မြေးဖြစ်သူထံမှ ငွေကိုသာ လိုချင်သူဖြစ်သည်။ မိသားစုတစ်ခုလုံးက သူမကို အရာရှိနှင့် လက်ထပ်ကာ ကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်ထားသည်ဟု ထင်နေကြ၏။

သို့သော် လက်တွေ့တွင် ကျောက်ချင်းစုန့်က သူ့လစာ အများစုကို မိဘများထံ ပြန်ပို့နေရာ ကလေးနှစ်ယောက်ကို စောင့်ရှောက်ရန်ပင် မနည်း ရုန်းကန်နေရသည်။ မိသားစုကို ထောက်ပံ့ရန်အတွက် သူမပင် အလုပ် ခိုးလုပ်နေရ၏။

သို့သော် တပ်တွင်းမိသားစုများ၏ အလုပ်နေရာ ချထားမှုမှာ ရာထူးအကြီးအငယ်အလိုက် ဖြစ်သည်။ သူမ၏ အသက်မှာ ငယ်ရွယ်သေးသည့်အပြင် ကျောက်ချင်းစုန့်ကလည်း ခေါင်းဆောင်ကြီးတစ်ဦး မဟုတ်သေးပေ။

ကောင်းမွန်သည့် အလုပ်များကို သူမအနေဖြင့် မရနိုင်သည့်အတွက် စားစရာအတွက် စားသောက်ခန်းမသို့သာ သွားရသည်။ တစ်နေကုန် စကားတစ်လုံးတစ်လေပင် ထုတ်ပြော၍ မရ‌သည့်အတွက် ရူးတော့မလိုပင် ဖြစ်မိလာတော့သည်။

ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဆက်ပြီး မလုပ်နိုင်တော့သည့်အတွက် သူမ၏ ဝင်ငွေလမ်းကြောင်းကို ကိုယ်တိုင် ဖြတ်တောက်မိသွားတော့သည်။

အဘွားဖြစ်သူက သူမအား မိသားစုအတွက်သာ အနစ်နာခံစေလိုကာ သူမအတွက်ကိုမူ ထည့်မတွေစချေ။ ကျောက်ချင်းစုန့်နှင့် လက်ထပ်ထားသည်မှာ နှစ်ဝက်ပင်ရှိပြီဖြစ်သော်လည်း သူက သူမကို ငွေတစ်ပြားတစ်ချပ်ပင် မပေး။ မျက်နှာလိမ်းခရင်မ် ဝယ်ရန်အတွက်ပင် အနွေးကုတင်ပေါ်၌ ညဉ့်နက်ကာမှ အလုပ်ခိုးလုပ်ခဲ့ရသည်။

ထိုသို့ ဖြစ်ရသည်မှာလည်း ကျောက်ချင်းစုန့်က ကပ်စေးနှဲ၍ မဟုတ်၊ သူ့တွင် အမှန်တကယ်ပင် ပိုက်ဆံမရှိ၍ ဖြစ်သည်။ ထို့ကြောင့်လည်း မစ္စစ်ကျောက်က သူ့အား ထွက်သွားရန် အတင်း ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်း တွေးမိသည့်အခါ လျှိုပေါင်ကျူးမှာ ယင်ကောင်မျိုချထားသကဲ့သို့ စိတ်မသက်မသာ ဖြစ်လာတော့သည်။

ချင်းလိုင်တိက အစောကြီးကတည်းက သူတို့နဲ့ လက်ထပ်ရဖို့ကို အထင်မကြီးတာ မဆန်းတော့ဘူး။ တကယ်တမ်းတော့ ကျောက်မိသားစုမှာ ဖုံးကွယ်ထားတဲ့ ပြဿနာတွေ အများကြီး ရှိနေတာကိုး ...

သိပ်မကြာမီ စားစရာများ အဆင်သင့် ဖြစ်သွား၏။ လျှိုပေါင်ကျူးက မှန်ရောင်ဟင်းရည်နှင့် ခေါက်ဆွဲပြုတ်နှစ်ပန်းကန်ကို ယူလာလိုက်သည်။

"မစ္စတာချန်း .. ချင်းစုန့် မြန်မြန်လေး လာစားကြလေ ..."

ခေါက်ဆွဲပြုတ်အား ကြက်ရိုးပြုတ်ရည်ကို အခြေခံကာ စိမ်းစိမ်းစိုစို အသီးအရွက်များနှင့် နှင်းဆီပွင့်ပုံစံ လှီးထားသည့် သခွားသီးတို့ဖြင့် အလှဆင်ထားသည်။ ထိုမျှသာမက ကျေးလက်ဒေသတွင် ရှားပါးလှသည့် ကြက်ဥနှစ်လုံးကိုပါ ထည့်ပေးထားသေး၏။ ကျောက်ချင်းစုန့်က ၎င်းကို မြင်သည့်အခါ လက်ညှိုးကို လှုပ်လိုက်သည်။ သူက ပန်းကန်ကို ဘေးနားတွင် ရှိနေသူထံ ချပေးလိုက်ပြီးကာမှ သူ့အတွက် တစ်ပန်းကန် ထပ်ယူကာ စားခဲ့၏။

လျှိုပေါင်ကျူးက သူမ၏ စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်တော့။

အိုးထဲမှာ ခေါက်ဆွဲတွေ ရှိသေးတယ်ဆိုပေမယ့် ကျောက်ချင်းစုန့်က ငါ့ကို ဘာလို့ အလွတ်မပေးနိုင်ရတာလဲ။ ငါ စားပြီးပြီလားတောင် မမေးဘဲနဲ့ ဒီတိုင်းကြီး တန်းစားလိုက်တယ်ပေါ့ ...

မစ္စတာချန်းမှာ စားချင်စိတ်မရှိ။ ပြီးခဲ့သည့် နှစ်များအတွင်း သူ့ခန္ဓာကိုယ်သည် အလွန် ပင်ပန်းခဲ့ရကာ ကံဆိုးမှုများကိုလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကြုံတွေ့ခဲ့ရသည့်အတွက် ယခုအချိန်တွင် အသက်ရှူမှုကိုသာ အားကိုးနေရတော့သည်။

နံရံတစ်ဖက်ရှိ ချင်းလိုင်တိက လျှိုမိသားစု၏ စားသောက်ပွဲကို အာရုံစိုက်မနေအား။ အစ်မကြီးအား ဆေးကျိုချက်နည်း သင်ပေးရင်း အလုပ်များနေပေသည်။ ဆေးကျိုရသည့် အလုပ်မှာ အလွန် အာရုံစိုက်ရသည့်အပြင် လိုအပ်သည့် အဆင့်များမှာလည်း အလွန် များပြားလှသည်။ ဆေး၏ အာနိသင် လျော့မသွားစေရန်အတွက် ယောင်းမကို တရစပ် မွှေပေးနေရရာ သူမတို့၏ လက်မောင်းများသည် မမြှောက်နိုင်လောက်အောင်ပင် နာကျင်လာတော့သည်။

ချင်းကွေ့ဟွားက ကြည့်မနေရက်တော့။

"ငါ လုပ်လိုက်မယ် ..."

ညီမနှစ်ဦးအား အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် အဘွားဖြစ်သူကို ဝန်မပိစေလို။ အားတင်းကာသာ ပြောလိုက်ကြသည်။

"မပင်ပန်းပါဘူး ..."

ထို့နောက် အဘွားဖြစ်သူ၏ ငြီးငွေ့မှုများ ပပျောက်စေရန် လေ့ကျင့်ရေးသင်တန်း၌ ကြုံတွေ့ရသည်များကို ရှာကြံကာ ပြောလိုက်၏။

"အိမ်က တော်တော်နဲ့ ရှာမရခဲ့ဘူးလေ အိမ်ငှားစရာ မလိုတော့ဘူးလို့ သိလိုက်ရတော့ တော်တော်လေးကို စိတ်အေးသွားရတာ ဘွားဘွား အခုဆို သမီးတို့မှာ စုထားဆောင်းထားတာတွေလည်း ရှိနေပြီဆိုတော့ အိမ်မှာ အရမ်းကြီး အပင်ပန်းမခံနဲ့ စားချင်တာစား .. ဝယ်လို့ မရတာမျိုး ရှိရင်လည်း သမီးကိုပြော .. နည်းလမ်း ရှာပြီး ဝယ်ပေးမယ် ..."

ချင်းကွေ့ဟွားနှင့် အိုက်လန်က သူမ၏ စကားကို နားမလည်။ သို့သော် အလွန်အမင်း ယုံကြည်ချက် ပြည့်ဝနေသည့် အပြောကြောင့် ချင်းရှန်းသည် မိတ်ဆွေကောင်းများ တွေ့လာသည်ဟုသာ တွေးလိုက်တောါသည်။

ထိုသို့ပြောနေစဉ် ထိုင်ခုံ ကျိုးသည့်အသံ၊ ပန်းကန်ကွဲသည့် အသံများကို ကြားလိုက်ရသည်။ မြေးအဘွ။း သုံးယောက်သား တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြကာ လျှိုမိသားစုဘက်တွင် ပြဿနာ ဖြစ်နေလေသလားဟု စပ်စုလိုက်ကြ၏။

ထို့နောက်တွင် ယောကျာ်းသံတစ်ခုကို ကြားလိုက်ရသည်။

"မစ္စတာချန်း .. ဘယ်လိုနေသေးလဲ ..."

ချင်းရှန်း၏ မျက်တောင်များ မသိမသာ လှုပ်ခတ်သွားသည်။ ထိုအသံမှာ ကျောက်ချင်းစုန့်၏ အသံပင်။

"ငါ .. အဆင်မပြေဘူး ..."

အသက်အရွယ် ကြီးရင့်နေဟန်ရသည့် အသံတစ်ခုက အသက်ကို ဆက်တိုက် ရှုသွင်းလျက် ပြန်ဖြေလာသည်။

"ဒီမှာ သူနာပြုအကူတို့ ကျန်းမာရေးမှူးတို့ ရှိလား ..."

All Chapters