← Chapters

Chapter 36

Vol. 3 Ch. 36

Chapter 36

Vol. 3 Ch. 36

မကြာသေးခင်ကမှ မြောက်ပိုင်းမှ ပြန်ရောက်လာခဲ့သော်ငြား သူသည် ဟိုင်ချန်စက်ရုံသို့ ပြန်ကာ အလုပ်ဆင်းရန် လိုအပ်နေဆဲပင်။ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အဆက်အသွယ်များ ရရှိပြီးကာမှ ရဲဘော်ရှောင်ချင်းကို ခေါ်ရန် ဝူလီထွင်သို့ လာနိုင်မည် ဖြစ်သည်။ ထိုအခါမှသာ လူငယ်စုံတွဲ၏ ခွဲခွါမှုကို တရားဝင် အပြီးသတ်နိုင်တော့မည် ဖြစ်သည်။

သို့သော် .. စက်ရုံသို့ ပြန်ရောက်ပြီး မကြာမီမှာပင် လက်ထောက်ဒါရိုက်တာက သူ့ကို အလောတကြီး လာခေါ်လိုက်၏။

“ရှောင်ဟဲ .. ခဏလောက် လာပါဦး ...”

ဟဲလျန်ရှန်းက သူခိုးဖမ်းသည့်အကြောင်းနှင့် ပတ်သက်ပြီး မေးစရာ ရှိသောကြောင့်ဟုသာ တွေးလိုက်သည်။

“ကျွန်တော် အကုန်လုံးကို အတွင်းရေးမှူးစီ အစီရင်ခံစာ တင်ခဲ့ပြီးပြီလေ ...”

“မဟုတ်ဘူး အခုက မင်းရဲ့ကိစ္စ ...”

“ကိုယ်တိုင် လာကြည့်လှည့် .. လာ ...”

ဟဲလျန်ရှန်းက လက်ထောက်ဒါရိုက်တာထံမှ တရားဝင်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ ဤသည်မှာ စက်ရုံအမှတ် ၄၁၂ မှ ပို့ပေးလာသည့် အနီရောင်ခေါင်းစည်းပါ အလုပ်တာဝန် ရွှေ့ပြောင်းစာ ဖြစ်သည်။

“အခုလက်ရှိမှာ စက်ရုံအမှတ် ၄၁၂ က မင်းလိုမျိုး ကျွမ်းကျင်ပညာရှင်တွေ မရှိသလောက်နီးနီး ရှားပါးနေတယ်တဲ့ ငါ ကြားသလောက်ဆို ဒါရိုက်တာနဲ့ အတွင်းရေးမှူးက မင်းကို ပေးပါလို့ နာမည်တပ်ပြီးကို တောင်းလာတာ အဲဒီ့တုန်းက မင်း ပြန်မရောက်သေးဘူးလေ အဲဒါနဲ့ မင်းကို တစ်လအတွင်း ပြန်လာခိုင်းခဲ့တာ .. အခု သွားရမယ့်အချိန် ရောက်ပြီ ...”

လက်ထောက်ဒါရိုက်တာက သက်ပြင်းချကာ ပြောလိုက်သည်။ သူသည် ဤလူငယ်လေးကို အလွန် သဘောကျမိနေခဲ့သည်။ သို့သော် သူတို့၏ စက်ရုံသည် ထိုသို့သော ပါရမီရှင်မျိုးအား ဆက်ခေါ်ထားရန် မဖြစ်နိုင်ပေ။

“အရင်ဆုံး ပြန်ပြီး အထုပ်အပိုးတွေ သိမ်းလိုက်တော့ .. အတတ်နိုင်ဆုံး ဟိုဘက်စက်ရုံကို အမြန်ရောက်ဖို့ ပြင်ပါ မိတ်ဆက်စာလည်း မင်းအတွက် ဖွင့်ပြီးပြီ .. ဘာတွေ လိုအပ်နေသေးလဲ ကြည့်ကြတာပေါ့ ...”

သူ့စိတ်ထဲတွင် ဝမ်းမသာမိဟုပြောလျှင် မှားပေလိမ့်မည်။ စက်မှုလက်မှုနယ်ပယ်၌ စက်ရုံအမှတ် ၄၁၂ ၏ ဂုဏ်သတင်းသည် တစ်နိုင်ငံလုံးအနှံ့မှ အထက်တန်းကျောင်းသားများအားလုံး တက်ရောက်လိုကြသည့် ချင်းပေနှင့် အလားသဏ္ဌာန်တူလှ၏။ သို့သော် ဟဲလျန်ရှန်း၏ စိတ်ထဲတွင်မူ အနည်းငယ် ထူးဆန်းမိလာတော့သည်။

သူ၏ အရည်အချင်းမှာ အထက်အရာရှိများ သတိပြုမိလောက်သည်အထိ ထူးချွန်လှသည်ဟု မခံစားမိချေ။ သူ့အကြောင်း ပြောပေးသူတစ်ဦးဦး ရှိ၍သာ ဤအခွင့်အရေးမျိုး ရလာခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် ထိုကိစ္စကလည်း များစွာ အရေးမပါ။ တစ်ချိန်မဟုတ်တစ်ချိန် သိရမည် ဖြစ်ပေရာ လက်ရှိ၌ ရဲဘော်လေးရှောင်ချင်းကသာ အရေးအကြီးဆုံး ဖြစ်သည်။

မူလက ရဲဘော်လေးရှောင်ချင်းအား လက်ထပ်ခဲ့ခြင်းမှာ တာဝန်ယူမှုတစ်ခုသာ ဖြစ်ကာ သူမအား လူတကာက ပစ်မှတ်ထားနေကြသည်ကို သည်းမခံနိုင်၍ ဖြစ်သည်။ သူမ၏ အဘွားက အတင်းဆွဲထားကာ တိုက်တွန်းခဲ့သောကြောင့် သူ့ဘက်က အလျော့ပေးခဲ့ရသည်။ သို့သော် အပြင်ဘက်လောက၌ လပေါင်းများစွာ ဖြတ်သန်းအပြီးတွင် သူ့အတွေးတို့သည် ထိုကဲ့သို့ မရိုးရှင်းတော့ချေ။

ညတိုင်းညတိုင်း .. အသစ်စက်စက် ဇနီးလေးအကြောင်း တွေးနေမိခဲ့သည်။

ထိုသို့ တွေးမိခြင်းမှာ သူမနှင့် မပြောပအပ်သည့် ကိစ္စများ ပြုလုပ်လို၍ မဟုတ်၊ ဒီအချိန်မျိုးဆို ဆေးပင်လှမ်းနေမလား စာအုပ်ဖတ်နေမလား ဒါမှမဟုတ် လေ့ကျင့်ရေးသင်တန်းကို ရောက်နေလောက်ပြီလား အခြေခံရော ပိုင်နိုင်ရဲ့လား သူ့ဘက်ကရော ဘာတွေ ကူညီပေးလို့ ရနိုင်မလဲ .. အစရှိသဖြင့် သူမနှင့် ပတ်သက်သည့် အကြောင်းအရာများအား ခန့်မှန်းကြည့်မိနေခြင်း ဖြစ်သည်။

တစ်စုံတစ်ဦးအား အချိန်တိုင်း တွေးနေမိသည့် ခံစားချက်မှာ ထူးဆန်းဖွယ်ရာပင်။ သို့သော် သူ့စိတ်ထဲ၌ ထိုခံစားချက်ကို မနှစ်မြို့သည့်စိတ်များ ဖြစ်မလာခဲ့ပေ။

ချင်းမိန်းကလေး၏ ဆေးညွှန်းက အလုပ်ဖြစ်သောကြောင့် မစ္စတာချန်းသည် မြို့တော်ဆေးရုံသို့ ပြန်ကာ ကျန်းမာရေး စစ်ဆေးမှု လုပ်ခဲ့သည်။ သူ့နှလုံး၏ သွေးဝင်ကြောများမှာ သိသိသာသာ ကောင်းမွန်လာပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝူလီထွင်ရှိ ကျောက်မိသားစုနေအိမ်တွင် ဆက်လက်ပြီး နေထိုင်နေလိုက်တော့သည်။

ကျောက်ချင်းစုန့်အဖို့ အိမ်တွင် ကာလရှည်ကြာ နေထိုင်သည့် ဖြစ်ရပ်မှာ အလွန် ရှားပါးလှသည်။ သူ့အိမ်ခေါင်မိုးမှာ တစ်ဖြည်းဖြည်း ယိုယွင်းလာပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ခေါင်းမိုးပြင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများ ဝယ်ယူရန်အတွက် ကောင်တီသို့ သွားလိုက်သည်။

ဟင်းချက်သည့် သံဒယ်အိုးကြီး ပေါက်နေသည်ကို မြင်လိုက်ရသည့်အခါတွင်လည်း အိုးဖာရင်း အလုပ်များနေပြန်သည်။ တစ်ဖန် မီးဖိုချောင်သုံး ဓား၊ ကတ်ကြေးနှင့် တံစဉ်းများအား သွေးကာ လျှော်ကြိုးကို လိမ်ကျစ်၍ မီးပုံးဖြင့် ချိတ်ဆွဲလိုက်သည်။ .. သူသည် နှစ်ပေါင်းများစွာကြာ အိမ်နှင့် ဝေးကွာနေရရာ အိမ်ပြန်ရောက်နေသည့် တစ်ခဏ၌ လုပ်စရာရှိသည့် အလုပ်များအားလုံးကို ပြီးစီးအောင် လုပ်ပေးသွားရပေလိမ့်မည်။

လျှိုပေါင်ကျူးကမူ .. ကျောက်မိသားစုက လယ်ကွင်းများတွင် အလုပ်လုပ်ရန် လှမ်းမခေါ်ခင်အထိ နှစ်ရက်လုံးလုံး မိဘအိမ်တွင် ပြန်နေခဲ့သည်။ ပူပြင်းလှသည့် နေရောင်ကြောင့် သူမ၏ မျက်နှာတစ်ပြင်လုံး နီရဲညိုမည်းနေတော့သည်။ ရွာထဲတွင် နေရောင်ဒဏ်ကို မခံနိုင်သူဟူ၍ သူမတစ်ဦးတည်းသာ ရှိကာ ကျန်မိန်းကလေး အားလုံးမှာ နေပူထဲတွင် အလုပ်လုပ်ဖူးကြပေသည်။

သူမက ချက်ခြင်းပင် ပြန်သွားလိုက်ချင်သော်ငြား ကျောက်ချင်းစုန့်က သူတို့သည် တစ်နှစ်ပတ်လုံး မိဘအိမ်နှင့် အဝေးတွင် နေကြရသည့်အတွက် ပြန်လာနိုင်သည့် အချိန်ပိုင်းလေးအတွင်း သားသမီးတို့၏ ဝတ္တရားကို ဖြည့်ဆည်းပေးသင့်သည်ဟု ထက်သန်စွာဖြင့် ပြောလာခဲ့သည်။

သူက အစ်ကိုကြီးနှင့် မရီးတို့သည် မိဘများကို နှစ်ပေါင်းများစွာ အပင်ပန်းခံကာ ပြုစုခဲ့ကြသည့်အတွက် သူတို့ ပြန်ရောက်လာချိန်တွင် တစ်ခဏမျှ အနားယူကြသင့်သည်။

ထို့အပြင် တူ၊ တူမများအဖို့ အေးအေးဆေးဆေး အနားယူချိန် ရနိုင်ရန်မှာ အလွန် ရှားပါးလှသည့်အပြင် သူတို့သည်လည်း ရက်အနည်းငယ်သာ ဆက်နေနိုင်မည် ဖြစ်သည့်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလျက် လုပ်ကိုင်ပေးသင့်သည်ဟု ပြောခဲ့၏။ ပြောသမျှ စကားတိုင်းမှာ ကျိုးကြောင်းဆီလျော်လွန်း၍ ပြန်လည်ကာပင် မချေပတတ်တော့ချေ။

သို့သော် အမှန်တကယ် အလုပ်လုပ်ကြရမည်ဆိုသည့်အခါ .. သူမသည်လည်း ထိုမျှလောက် မကောင်းမွန်လှချေ။ သူမသည် မိဘများ၏ ဖူးဖူးမှုတ် အလိုလိုက်မှုဖြင့်သာ ကြီးပြင်းလာရကာ တူးရွင်းကိုပင် တစ်ခါမှ မကိုင်ခဲ့ဖူးသူမျိုး ဖြစ်သည်။ ပုံမှန်အားဖြင့်လည်း ဝက်စာမြတ် ရိတ်ခြင်းနှင့် ဝက်စာကျွေးသည့် အလုပ်ကိုသာ လုပ်ခဲ့ဖူး၏။

ထိုသို့ဖြင့် ရက်အနည်းငယ် ကြာသည့်အခါ သူမက မျက်ရည်များ စိုရွှဲနေလျက် ကျောက်ဟိုင်ယန်နှင့် ကျောက်ဟိုင်ယန်းကို လွမ်းလှပါပြီဟု ပြောလာတော့သည်။ လူငယ်စုံတွဲသည် မြို့မှ ထွက်လာခဲ့စဉ်က ထိုခရီးသည် ယာယီမျှသာဖြစ်ကာ သိပ်မကြာမီ ပြန်ရောက်မည်ဟု ယုံကြည်ခဲ့ကြသည့်အတွက် ထိုမောင်နှမနှစ်ဦးကို အိမ်နီးချင်းများထံ အပ်နှံထားခဲ့ကြသည်။

“ကလေးတွေက ဒီလဝက်တစ်ခုလုံး ကောင်းကောင်းဝတ်ရ စားရပါ့မလားတောင် မသိဘူး .. သူတို့အကြောင်း တွေးလိုက်ရင်ကို ကျွန်မမှာ စိတ်မကောင်းဖြစ်လာရတာ .. ဒီလိုဆိုရင်ရော ဘယ်လိုလဲ ရှင်က အိမ်မှာ ဆက်နေချင် နေလိုက်ဦးလေ ကျွန်မက အိမ်ပြန်ပြီး ကလေးတွေကို သွားကြည့်လိုက်ဦးမယ် ...”

သူမက ကျောက်ချင်းစုန့်ရဲ့ ခုနစ်လက်မနေရာ*ကို တကယ်ကြီး ဖမ်းဆုပ်နိုင်လိုက်တာတော့ မဟုတ်ပါဘူးနော် ...

*အားနည်းချက်

“ဟုတ်သားပဲ ကိုယ် ဒါကို တွေးဖို့ မေ့သွားတယ် .. ကောင်းပြီလေ ဒါဆို အလုပ်လုပ်တာ ရပ်ပြီး မနက်ဖြန် အိမ်ပြန်လိုက်ပေါ့။ မင်းကို ရထားလက်မှတ် ဝယ်ထားပေးမယ် .. ကလေးတွေကို ထည့်စဉ်းစားပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ် ...”

လျှိုပေါင်ကျူးကလည်း သူ့မိသားစု တစ်ခုလုံးကို ကျေးဇူးတင်နေမိသည်။

ချန်းပိုရှန်းက စကားတစ်ခွန်းမှမဆို၊ မှန်တစ်ချပ်အလား ပြုမူနေခဲ့သည်။ သို့သော် အထုပ်အပိုးများ သိမ်းကာ လန်ဟဲမြို့သို့ ပြန်သွားသည့် လျှိုပေါင်ကျူးကို တွေ့လိုက်ရသောအခါ ကျောက်ချင်းစုန့်ကို “တစ်ကိုယ်ကောင်းသမား အရူးကောင်” ဟု တိတ်တိတ်လေး ဆဲရေးမိသွားတော့၏။

သို့သော် ထိုစုံတွဲမှာ မည်သူကမှ လူကောင်းမဟုတ်ချေ။ ကျောက်ချင်းစုန့်သည် သူ့အမေ၏ စကားကို တစ်သွေမတိမ်း နားထောင်တတ်သူ ဖြစ်သည့်အတွက် သူနှင့် လက်ထပ်သူ မည်သူမဆို ထိုဒုက္ခကို ခံစားရမည် ဖြစ်သည်။ သူတို့၏ အပြုအမူများအား စောင့်ကြည့်ရမည်ကို ပျင်းရိလာသည့်အတွက် မစ္စတာချန်းသည် ကျောက်မိသားစုအိမ် အနောက်ဘက်ရှိ တောင်ကုန်းလေးပေါ်သို့ သွားလိုက်သည်။ ထိုတောင်ပေါ်တွင် ဆေးပင်ဆေးမြစ်များ ရှိသည်ဟု ကြားထားမိသည့်အတွက် နေအလင်းရောင် ကောင်းကောင်းရသည့်အချိန်ကို ရွေးကာ နေ့တိုင်းလိုလိုသူ သောက်လေ့ရှိသည့် ဆေးပင်များကို လိုက်ရှာရန် ကြိုးစားခဲ့သည်။

အလုပ်သမားစခန်း၌ ခက်ခဲပင်ပန်းသည့် အလုပ်များကိုပင် လုပ်ခဲ့ရရာ တောင်တက်ခြင်းမှာ သူ့အတွက် မပြောပလောက်ပေ။ သို့သော် ရုတ်တရက် အသက်ရှူမဝ ဖြစ်လာကာ မျက်လုံးများ မူးဝေသွားသည်။ ဟန်ချက်ပျက်ကာ ကျောက်တုံးကို လှမ်းနင်းမည့် ခြေလှမ်းလည်း ချော်သွားသည့်အတွက် ဝုန်းခနဲ အသံနှင့်အတူ ခန္ဓာကိုယ်ဗဟို၏ မြေဆွဲအား မတည်မငြိမ်ဖြစ်ကာ တောင်စောင်းတလျော လျောကျသွားတော့သည်။

ချန်းပိုရှန်းက သူသာ တောင်ပေါ်မှ ပြုတ်ကျပြီး တစ်ကိုယ်လုံး ရှိရှိသမျှ အရိုးများ ကျိုးသွားခဲ့ပါလျှင် ဤရွာတွင်ပင် ဘဝကို အဆုံးသတ်ရတော့မည်ဟု တွေးလိုက်မိသည်။ ပြီးခဲ့သည့်နှစ်ကအထိ သူသည် စိုက်ခင်းများ၌ အလုပ်လုပ်နေသော ပေကျင်းတက္ကသိုလ်မှ ဆရာဟောင်းတစ်ဦး ဖြစ်ခဲ့သည်။ အရိုးများအားလုံး ကျိုးသွားကာ သူ၏ ကျန်းမာရေးအခြေအနေမှာလည်း အကောင်းကြီး မဟုတ်လှ။ အိပ်ယာထဲတွင် တစ်လခန့် လဲလျောင်းနေခဲ့လိုက်ရသည်။ ထို့ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန် သူ အလုပ်မဆင်းနိုင်၊ စကားသံ တစ်ခွန်းမှ ထွက်မလာသည့်အတွက် လုပ်ဖော်ကိုင်ဖက်များက စောင်ကို လှပ်ကြည့်ကြသည့်အခါ အသက်မရှိတော့သည့် သူ့အလောင်းကိုသာ မြင်တွေ့ကြလေလိမ့်မလားဟု တွေးမိခဲ့သေး၏။

သို့သော် သူ ထင်ထားသကဲ့သို့ စူးရှပြင်းထန်သည့် နာကျင်မှုနှင့် အရိုးများ ကျိုးပဲ့သွားခြင်း မဖြစ်ခဲ့ပေ။ ဘယ်ဘက်လက်မောင်းသာ တင်းကြပ်သွားကာ သေးသွယ်သည့် လက်ကလေးတစ်ဖက်က သူ့လက်ကို တင်းကြပ်စွာဖြင့် ဆွဲထားခဲ့သည်။

“ဂရုစိုက် ...”

ချန်းပိုရှန်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ ဘဲဥပုံမျက်နှာ၊ အသားညိုသော်လည်း တောက်ပသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အသက် ၂၀ ဝန်းကျင် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

“ဦးလေး .. သတိထားနော် မိုးရွာထားတော့ ကျောက်တုံးတွေက ရေညှိတက်နေတာ ...”

ချန်းပိုရှန်းက သူမ၏ အကူအညီဖြင့် မျက်နှာပြင် ညီညာသော ကျောက်တုံးတစ်တုံးပေါ် ရပ်လိုက်သည်။

“မင်းက ဘယ်သူလဲ...”

သူ့စိတ်ထဲတွင် ထိုကောင်မလေးကို မြင်ဖူးသည်ဟု ခံစားမိနေခဲ့သည်။

“ကျွန်မက ရွာအနောက်ပိုင်းကပါ ဦးလေးကို အရင်တစ်ခါ တွေ့ဖူးတယ်လေ .. ပေါင်ကျူးတို့အိမ်က ဧည့်သည်မဟုတ်လား ...”

ထိုအခါမှ ချန်းပိုရှန်းလည်း ဤကောင်မလေးသည် လျှိုမိသားစု၏ အိမ်နီးချင်းဖြစ်ကြောင်း မှတ်မိသွားတော့သည်။ ထိုညက သူသည် ထိုအိမ်သို့ ဆေးသွားတောင်းခဲ့သေးကာ ရှောင်ဟဲ၏ ကောင်မလေးမှာ ပိုငယ်သည့်တစ်ယောက် ဖြစ်သည်။

“မင်းကိုး .. နာမည်က ဘာတဲ့လဲ ...”

“ဦးလေး ကျွန်မနာမည်က ချင်းအိုက်လန်ပါ ...”

သူမက လတ်လတ်ဆက်ဆက် တူးလာကာစ ဆေးပင်များပါသည့် ခြင်းတောင်းကို အောက်ချလိုက်သည်။ ထိုတောင်း၏ ပုံစံမှာ အလွန် လေးမည့်ဟန်ပင်။

ချန်းပိုရှန်းက ဤ ပိန်လှီသည့် မိန်းကလေးသည် ပစ္စည်းအပြည့်ပါသည့် ခြင်းတောင်းကြီးကို လွယ်ထားလျက်ဖြင့်ပင် သူ့အား လှမ်းဆွဲထားနိုင်လိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးချေ။ အမြန် ပြေးလာရသည့်အတွက် သူမ၏ ဖိနပ်တစ်ဖက်မှာလည်း ကျွတ်သွားတော့သည်။

စိုက်ခင်း၌ သူတွေ့ခဲ့သည့် လူငယ်များအားလုံးသည် သူ့အား လှောင်ပြောင်စနောက်ကြသူ သို့မဟုတ် သူ့ထံ၌ ရှိနေသည့် အရင်းအမြစ်အချို့ကို အခွင့်ကောင်းယူလိုကြသူများသာ ဖြစ်ကြကာ သူ့ကို အဆိပ်ရှိသတ္တဝါသဖွယ် ရှောင်တိမ်းကြသူများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ဤကဲ့သို့ စိတ်သဘောထား နွေးထွေးသူနှင့် တွေ့ရသည်မှာမူ ပထမဆုံး ဖြစ်ပေသည်။

“ဦးလေး ဦးလေးက ဒေသခံ မဟုတ်တော့ .. ဒီအခြေအနေနဲ့ ရင်းနှီးမှာ မဟုတ်ဘူး အခုကနေစပြီး တောင်ပေါ်ကို တစ်ဝက်အထိပဲ တက်လို့ရမှာ .. တောင်ထိပ်က အရမ်း အန္တရာယ်များတယ် ..."

သူမက အန္တရာယ်များသည့် နေရာများအား လက်ညှိုးထိုးပြကာ မည်သည့်နေရာက ချော်ကျနိုင်သည်၊ မည်သည့်နေရာက မြွေဆိုးပေါသည့် အစရှိသည်တို့ကိုသာမက မည်သည့်အပင်က အမြင်အားဖြင့် လှသော်လည်း အဆိပ်ရှိသည် စသည်ဖြင့်ပါ အားတက်သရော ပြောပြလိုက်သည်။

နားထောင်နေသော ချန်းပိုရှန်း၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားတော့သည်။

“ဒါဆိုလည်း တောင်ပေါ်ကို မင်းနဲ့ပဲ အတူ လိုက်ခဲ့ပါ့မယ် ...”

ချင်းအိုက်လန်က သူ့အား ခေါ်သွားရသည့်အပေါ် စိတ်မရှိ၊ သို့သော် သူမ၏ ပုံစံမှာ အနည်းငယ် အားနာနေသည့်ဟန်ပင်။

“ကျွန်မက နေ့တိုင်း တောင်ပေါ်ကို မသွားဘူး များသောအားဖြင့် ဝက်ခြံမှာ အလုပ်လုပ်ရတာ။ ရှာချင်တဲ့ ဆေးပင်ရှိရင် ကျွန်မကို ပြောထားပေးလေ ကူရှာပေးထားပါ့မယ် ...”

ချန်းပိုရှန်းက ခေါင်းယမ်းပြလိုက်သည်။

“လျှောက်ပတ်ကြည့်ရုံပါပဲ ”

“ကောင်းပါပြီ ...”

ချင်းအိုက်လန်က ပြောလိုက်သည်။

“ဒါဆို တောင်ပေါ်ကို နောက်တစ်ခေါက် တက်ချင်တဲ့အခါ ကျွန်မကို ဝက်ခြံမှာ လာရှာလိုက်လေ .. ကျွန်မ အဖော်လိုက်ခဲ့ပေးပါ့မယ် ...”

ထို့နောက် သူမက ထပ်ပြောလိုက်သည်။

“ဦးလေး .. ကျွန်မတို့ ကျေးလက်အဖွဲ့ရဲ့ ဝက်ခြံက ဘယ်နားမှာလဲဆိုတာရောသိလား ... ရွာအစွန်လေးမှာတင် ရှိတာ ...”

ထိုသို့ဖြင့် နောက်ထပ် နာရီဝက်ဆက်တိုက် စကားပြောလိုက်မိပြန်တော့၏။

ချန်းပိုရှန်းက ဘယ်လိုလူစားမျိုးလဲ ..

အကယ်၍ သူသာ အလိုရှိလျှင် ချင်းအိုက်လန်၏ အကြောင်းကို အချိန်တိုအတွင်း စုံစမ်းနိုင်သူမျိုး ဖြစ်သည်။ သူမ ကွာရှင်းရသည့် အကြောင်းအရင်းကိုသာမက ချင်းညီမများ တက်ရောက်နေသည့် အတန်းများ၊ ထို့အပြင် ချင်းနှင့် လျှိုမိသားစုအကြား ရန်ညှိုးရန်စများအကြောင်းကိုပါ အကုန်အစင် သိရှိသွားတော့သည်။

“အိုက်လန် .. မင်းရဲ့ညီမက တကယ်ကို လိမ္မာတဲ့ ကလေးပဲ ...”

သူမကိုယ်တိုင်၏ ဘဝအတွက်သာ စိတ်အားထက်သန်သည် မဟုတ်၊ အစ်မဖြစ်သူကိုပါ မီးပုံလို ဘဝထဲမှ ဆွဲထုတ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သည်။ ဤကဲ့သို့သော မှန်ကန်သည့်စိတ်ထား၊ ခိုင်မာသည့်အမြင်တို့ကို ပိုင်ဆိုင်ထားသည့် ကလေးမျိုးနှင့် မဆုံဖြစ်တော့သည်မှာ နှစ်ပေါင်း မနည်းလှတော့ချေ။

အဓိကအချက်မှာ သူမသည် အလွန် ငယ်ရွယ်နေသေးဆဲ ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်မှာပင် ဤမျှအထိ သတ္တိရှိနေပေရာ နှစ်အနည်းငယ်လောက် ဘဝကို တွေ့ကြုံဖြတ်သန်းပြီးပါလျှင် သူမ၏ အနာဂတ်သည် အကန့်အသတ်မဲ့ ဖြစ်သွားပေလိမ့်မည်။

“မင်းလည်း သေချာပေါက်ကို ကောင်းပါတယ်။ ဒီ ပူဆွေးသောကစိတ်တွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ရင်တော့ ပိုပြီး ကောင်းတာပေါ့ ...”

ချင်းအိုက်လန်က ယုန်လေးတစ်ကောင်သဖွယ် ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ် အခုတော့ ကျွန်မလည်း သဘောပေါက်ချင်နေပါပြီ။ အနာဂတ်မှာ ကျွန်မ ထပ်ပြီး အိမ်ထောင်မပြုတော့ဘဲ အဘွားနဲ့ ညီမလေးတွေကိုပဲ ကောင်းကောင်းမွန်မွန် နေထိုင်ကြရအောင် စောင့်ရှောက်ပေးတော့မယ် ...”

“သခွားမွှေးသုံးလုံးနဲ့ ဆေးပစ္စည်းနှစ်မျိုးကို အားကိုးပြီးတော့လား ...”

ချင်းအိုက်လန်က ဆေးဖက်ဝင်ပစ္စည်းများမှာ အမှန်တကယ်ပင် တန်ဖိုးကြီးကာ သူမတို့အနေဖြင့် လူအထင်ကြီးအောင် ပြောရန်သာ လိုအပ်သည်ဟု ပြောလိုက်ချင်သော်ငြား ဤသည်မှာ သူမ၏ တစ်ခုတည်းသော ဝင်ငွေလမ်းကြောင်းဖြစ်ကြောင်း တွေးမိသွားသည့်အတွက် တစ်ခွန်းမှ ထပ်မပြောရဲတော့။ စိတ်မကြည်သာစွာဖြင့်သာ မျက်နှာကို ဆူပုပ်ထားလိုက်သည်။

ချန်းပိုရှန်း၏ နှုတ်ခမ်းထောင့်စွန်းများ နောက်တစ်ကြိမ် ကော့တက်လာပြန်၏။

“မင်းသာ ပိုပြီးကောင်းတဲ့ ဘဝမျိုး လိုချင်ရင် လယ်ကွင်းထဲမှ စားစရာတွေ လိုက်တူးနေရုံနဲ့ မရဘူး ထုံးတမ်းဓလေ့တွေ၊ အရည်အသွေးတွေကိုပါ လေ့လာရမယ် ...”

သူက သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။

အိုက်လန်က သဘောပေါက်သွားသည့်ဟန်ပင်။

“ကျွန်မက ၂၅ နှစ်တောင် ပြည့်တော့မှာ ဘယ်ကျောင်းကမှ ကျွန်မကို လက်ခံမယ် မထင်ဘူး ..."

ချန်းပိုရှန်းက ပြုံးကာ ပြောလိုက်သည်။

“စာသင်ကျောင်းတစ်ခုတည်းကပဲ ပညာသင်ပေးနိုင်တာလို့ မင်းကို ဘယ်သူပြောလဲ။ သတင်းစာတွေ ပြီးတော့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးဆိုတဲ့ စာအုပ်တွေကနေန စဖတ်ကြည့်။ အခုလက်ရှိ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာအပေါ် အာရုံစိုက်။ ဒါဆို အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို အလိုလို သိလာလိမ့်မယ် ...”

သူမက သူ ပြောသွားသမျှကို အားလုံး နားမလည်သေးကြောင်း တွေ့လိုက်ရသည့်အခါ ထပ်မပြောတော့ချေ။ မည်သို့ပင်ဖြစ်စေ သူလည်း ဤရွာတွင် အချိန်တစ်ခုခန့် ဆက်နေနေဦးမည် ဖြစ်ပေရာ သူမ နားလည်နိုင်သလောက် တစ်ဖြည်းဖြည်းချင်း သင်ပေးသွားမည် ဖြစ်သည်။ သူမ၏ ညီမမှ ဆေးများ လက်ဆောင်ပေးထားသည်မှာ အချည်းနှီး ဖြစ်တော့မည် မဟုတ်။ ထို့အပြင် သူမက သူ့အား ကယ်တင်ပေးခဲ့သည်မှာလည်း လျှို့ဝှက်ထားရမည့်ကိစ္စ မဟုတ်ပေ။

သူက တစ်ခုခုကို သွားတွေးမိလိုက်သည်။

“ဒါနဲ့ မင်းအိမ်မှာ သတင်းစာနဲ့ ရေဒီယို ရှိလား ...”

အိုက်လန်က ခေါင်းယမ်းပြလိုက်သည်။

ရလဒ်အနေဖြင့် အသင်းဝင်များသည် ကျောက်အိမ်သို့ ရောက်နေသည့် လူအိုကြီးမှာ တစ်ရွာလုံးကို လျစ်လျူရှုထားတတ်သော်ငြား အိုက်လန်ကိုမူ တော်တော်လေး လိုလားကြောင်း သိလိုက်ရသည်။ နှစ်ဦးသားသည် တောင်စောင်းတစ်လျှောက် ရယ်ကာမောကာဖြင့် စကားပြောရင်း တောင်ပေါ်သို့ မကြာခဏ တက်သွားကြလေ့ရှိကာ တစ်ခါတစ်ရံတွင် သူက ချင်းအိမ်သို့ပင် ထမင်း သွားစားတတ်သေးသည်။ ပိုပြီး အံ့ဩဖို့ ကောင်းသည်မှာ သူက တစ်ရွာလုံးတွင် ကျောက်အိမ်၌သာ ရှိသည့် တစ်ခုတည်းသော ရေဒီယိုကို ချင်းမိသားစုထံ ပေးလိုက်ခြင်း ဖြစ်သည်။

ကျောက်ချင်းစုန့်သည် ထိုရေဒီယိုအား သူ၏ စစ်တပ်လစာ သုံးနှစ်စာဖြင့် စုဆောင်းပြီး ဝယ်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လူအိုကြီးကျောက်သည် မတော်တဆ ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် ထုတ်သုံးရမည်ကိုပင် တုန့်ဆိုင်းနေမိခဲ့သည်။

ဒီအဘိုးကြီးက တကယ်ကို အရှက်မရှိတာပဲ .. သူများအိမ် တက်နေရုံတင် မကဘူး တစ်ထွာရရင် တစ်တောင် လိုချင်နေတယ် ...

သို့သော် အမှန်တရားမှာ .. ကျောက်ချင်းစုန့်ကသာ ချန်းပိုရှန်း ငြီးငွေ့နေမည်ကို စိုးရိမ်သောကြောင့် အပျင်းပြေ ရေဒီယိုနားထောင်ရန် ယူပါဟု အတင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အစက သူသည် ကျောက်မိသားစုကို မျက်နှာသာ မပေးလိုသည့်အတွက် ထိုရေဒီယိုကို လက်မခံလိုခဲ့။ သို့သော် အိုက်လန်တို့အိမ်တွင် ရေဒီယို မရှိကြောင်း သိလိုက်ရသည့်အခါ ချက်ခြင်းဆိုသလို ကျောက်ချင်းစုန့်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။

သူ့အသက်အရွယ်၊ သူ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ လူတစ်ယောက်၏ စိတ်ရင်းမှာ အစစ်အမှန် ဟုတ်မဟုတ်ကို ဖောက်ထွင်းကာ မြင်နေရပေသည်။

All Chapters