Chapter 37
Vol. 4 Ch. 37
ရေဒီယို နားထောင်ပြီးချိန်မှစကာ .. အထူးသဖြင့် “ပြည်သူ့ဗဟိုပြု ရုပ်သံလွှင့်ဌာန” ၏ ဩဇာပြည့်ဝ အားကောင်းလှသော အသံများအား နားထောင်ပြီးချိန်မှစကာ ချင်းအိုက်လန်၏ မျက်လုံးများသည် အမြဲတမ်း ဝင်းလက်တောက်ပလာတော့သည်။
“ဦးလေးချန်း မနေ့ကလည်း အဲဒီ့ကျွန်းပေါ်က တိုက်ပွဲအကြောင်း နားထောင်ခဲ့သေးတာပဲလား ...”
ချန်းပိုရှန်းက ကူကယ်ရာမဲ့နေတော့သည်။
“ရှီရှကျွန်းစုတွေပါ ...”
“ပါရာဆယ်ကျွန်းတွေက ဘယ်မှာလဲ...”
ချန်းပိုရှန်းက နဂါးပြည်ထောင်စု၏ မြေပုံကို တုတ်တစ်ချောင်းဖြင့် ဆွဲပြကာ သူမအား ဒေသတစ်ခုချင်းစီကို ထောက်ပြ၍ ရာသီဥတုအခြေအနေ၊ မြေမျက်နှာသွင်ပြင် အနေအထား၊ သဘာဝရှုခင်းများနှင့် သမိုင်းဝင် နေရာများအကြောင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သည်အထိ ပြောပြလိုက်သည်။ ဤသည်ကပင်လျှင် ရက်အနည်းငယ် ကြာမြင့်ခဲ့၏။
အသေးအဖွဲ့ မေးခွန်းလေး တစ်ခုကိုပင် လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က နဂါးပြည်ထောင်၏ နက္ခတ္တဗေဒ၊ မြေမျက်နှာသွင်ပြင်အချက်များကိုပါ ဆွဲထုတ်လာကာ ရှင်းပြနေသောကြောင့် ဖြစ်သည်။
စကားပြော ကောင်းသည့်အပြင် သူ၏ သင်ကြားမှု အဆင့်အတန်းမှာ ကျေးလက်ဒေသမှ ဆရာများထက် အလွန် မြင့်မားပြီး ဗဟုသုတလည်း ကျယ်ပြန့်သောကြောင့် ဖြစ်သည်။
သူက မျက်မှောက်ခေတ်နှင့် ရှေးခေတ်၏ သမိုင်းအချက်အလက်များကို ဆက်စပ်ပြနိုင်ကာ နိုင်ငံခြားမှ သင်္ချာပညာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် နိုင်ငံရေးကိုသာ မက မြို့တော်တည်နေရာများကိုလည်း နှံ့စပ်ကျွမ်းကျင်ပေသည်။
ထိုအကြောင်းများအား နားထောင်ရခြင်းကို ချင်းအိုက်လန်သာမက စတုတ္ထလေး ချင်းဖန်ပင်လျှင် အလွန် သဘောကျလှပေသည်။ ကျောင်းဆင်းချိန်တိုင်း သူမတွင် လွယ်အိတ်ချချိန်ပင် မရှိ၊ ဟောပြောပွဲကို အပြေးအလွှား နားထောင်နေရသည်။
တစ်အိမ်လုံးတွင် မပျော်ရွှင်သူဟူ၍ ချင်းအိုက်လန်သာ ရှိသည်။ သူမ၏ အိုက်လန်မှာ အမှန်တကယ်ပင် နုံအလှသူ ဖြစ်ကာ လူတိုင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းမထားနိုင်။ သို့သော် ဤလူအိုကြီးမှာမူ ကွဲပြားလှသည်။
ကျောက်ချင်းစုန့်နှင့်အတူ ပါလာသည့် ထိုလူအိုကြီးမှာ အကျင့်စရိုက် မကောင်းဟု ကြားထားသည့်အတွက် သူနှင့်အတူ ရောယောင်ကာ သူမတို့ပါ နာမည်မပျက်လိုပေ။
သို့သော် ချန်းပိုရှန်းကမူ သူမ၏ သဘောထားအား နားမလည်လေသည်လား နားမလည်ချင်ယောင်ဆောင်နေသည်လားတော့ မသိ၊ ထုံးစံမပြတ် စာလာသင်မြဲ၊ ထမင်းလာစားမြဲပင် ဖြစ်သည်။
စားသောက်ပြီးနောက် .. ချင်းကွေ့ဟွား၏ လူထသတ်တော့မည့် အကြည့်တို့၏ အောက်တွင် သူက အိုက်လန်ကို ပြားငါးဆယ် ထုတ်ပေးလိုက်သည်။
“ထမင်းဖိုးအတွက် ...”
လိုင်တိက အိမ်တွင် မရှိသည့်အတွက် သူမတို့သည် အစားကောင်းများကို မစားရဲ။ ကန်စွန်းဥ၊ ပြောင်းဖူးနှင့် အလေ့ကျပေါက်သည့် အသီးအရွက်များကိုသာ စားသောက်ကြရာ မည်သည့်ဟင်းပွဲကမှ ပြားငါးဆယ် မကျပေ။ ... ချင်းကွေ့ဟွားက သူမကိုယ်သူမ နောက်တစ်ကြိမ် ပျားရည်သောက်လိုက်မိလေသလားဟုပင် တွေးလိုက်မိတော့သည်။
မြိုပေါ်ကလူတွေများ .. ငွေရှာရတာ လွယ်လိုက်တာကို...
နောက်နှစ်ပတ်ခန့် ကြာပြီးနောက် .. ချင်းကျစ်က အိမ်သို့ အစောကြီး ပြန်လာကာ ဆရာချန်းနှင့် အရင် တွေ့လိုက်ပြီးနောက် ကောင်တီဆေးရုံသို့ ဆေးများ သွားပို့ပေးရန် စဉ်းစားလိုက်သည်။ သူမ ပြင်ဆင်ပေးထားသည့် ဆေးကို သောက်ပြီးနောက် မစ္စတာချန်းက သူ၏ ရင်တုန်ခြင်းနှင့် ရင်ဘက်အောင့်သည့် ဝေဒနာမှာ သိသိသာသာ သက်သာလာကြောင်း ခံစားမိခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသည်အထိ ဤသို့သော သိသိသာသာ တိုးတက်လာမှုမျိုးကို မခံစားခဲ့ရသည့်အတွက် ကျောက်ချင်းစုန့်က သူ့အား လန်ဟဲမြို့သို့ သွားရန် ကြိမ်ဖန်များစွာ အကြံပေးသည့်တိုင် လက်မခံခဲ့ခြင်း ဖြစ်သည်။
သူက ချင်းရှန်းတစ်ယောက် သူ့ရောဂါကို မည်သည့်အဆင့်အထိ ကုသပေးနိုင်ကြောင်း သိလိုနေသေးသည်။
ချင်းကျစ်က တစ်နေ့လုံး ကောင်းကောင်းမအိပ်၊ မနက်အစောကြီးကတည်းက ထကာ အစ်မကြီးနှင့်အတူ တောင်ပေါ်တက်ကာ ဆေးပင်သွားခူးလိုက်သည်။ သူမအနေဖြင့် အစ်မကြီးအား ဆေးပင်အမျိုးအစား ခွဲခြားပုံကို အချိန်တိုအတွင်း ကျွမ်းကျင်သွားစေရန် အမြန်ဆုံးနည်းဖြင့် သင်ကြားပေးရမည် ဖြစ်သည်။ အကယ်၍ ရှေ့လျှောက် သူမ၏ ကျောင်းစာများ ပိုပြီး များလာပါလျှင် ပိတ်ရက်တွင်ပင် အိမ်ပြန်လာရန် အချိန်ရှိတော့မည် မဟုတ်ပေ။
နွေဦး၏ ရာသီဥတုမှာ အလွန် လှပလှသည်။ ယခုနှစ်တွင် မိုးရေ အလုံအလောက် ရရှိခဲ့သည့်အတွက် တောင်ပေါ်ရှိ ဆေးပင်များမှာ ကောင်းစွာ ကြီးထွားကာ အချို့မှာ ခူးယူရန် သင့်တော်သည့် အနေအထားသို့ ရောက်ရှိနေကြသည်။ သူမက အလုပ်အားနေချိန်တွင် ပိုပြီး ခူးထားရန် တွေးလိုက်သည်။
“လိုင်တိ ကြည့်ပါဦး ဒါက နင်ပြောဖူးတဲ့ တုကျုံး မဟုတ်လား ...”
“အိုး .. ဒါက တန်းကွေးနဲ့ တူသလိုပဲ .. တူးလာခဲ့လိုက်လို့ ရတယ် ...”
“ပြီးတော့ ဒီတစ်ခု .. ဒါက ကျိရွှယ်ထန် ...”
ချင်းရှန်းက ရတနာလိုက်ရှာသည့် ကလေးတစ်ဦးသဖွယ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၊ ဝမ်းသာအားရ ခုန်ပေါက်လိုက် လုပ်နေသည့် အစ်မဖြစ်သူကို ကြည့်ကာ စိတ်အခြေအနေများ ပိုမိုကောင်းမွန်လာတော့သည်။ များမကြာမီ ညီအစ်မနှစ်ဦးလုံး၏ ခြင်းထဲတွင် ဆေးပင်များ အပြည့် ဖြစ်သွားကြတော့၏။
တောင်အောက်သို့ ရောက်သည်အထိ မိုးစင်စင်မလင်းသေး။ လမ်းတွင် တွေ့သမျှ ရွာသားတိုင်းကလည်း သူမတို့ညီအစ်မ ဆေးပင်ရှာ ထွက်လာခြင်းဖြစ်ကြောင်း သိကြသည့်အတွက် အထူးတလည် မေးမြန်းမနေပေ။ ရွာတွင် နေမကောင်းဖြစ်သည့်အခါတိုင်း လိုင်တိကသာ လိုအပ်သည့်ဆေးကို အခမဲ့နီးပါး ပေးလေ့ရှိသောကြောင့် ဖြစ်သည်။
ကြင်နာတတ်သော အဘိုးအို၊ အဘွားအိုများက သူမတို့၏ ခြင်းတောင်းထဲသို့ ကန်စွန်းဉများပင် လာထည့်ပေးတတ်ကြသေးသည်။
“နင်တို့မှာ ညီအစ်မတွေမှ အများကြီးလေ စားဖို့ ယူသွားကြ ...”
ချင်းအိုက်လန်အဖို့ သူစိမ်းများထံမှ စိုးရိမ်စိတ်ကို မခံစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ စတီးစက်ရုံ ဝန်ထမ်းအိမ်ယာ၌ နေထိုင်ခဲ့ရသည့် ကာလများက .. လျှိုမိသားစုသည် မည်ကဲ့သို့ ဆက်ဆံပြောဆိုရမည်ကို မသိသည့်အတွက် အိမ်နီးချင်းများနှင့် မသင့်မြတ်ခဲ့။ သူတို့ကို စားစရာများ ဝေငှရန် မဆိုထားနှင့်၊ စကားပြောချင်သူများပင် မရှိခဲ့ပေ။
“ကျဲ .. အများကြီး တွေးမနေနဲ့ အခုလက်ရှိ အရေးအကြီးဆုံးက ကျဲရဲ့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ ပြီးတော့ အစ်မ စောင့်ရှောက်ပေးမှာကို စောင့်နေတဲ့ အဘွားတစ်ယောက်လုံး ရှိသေးတယ် ...”
တာဝန်နှင့် ဝတ္တရားများ ရှိနေသေးသည်ဆိုသည့် အသိက ချင်းအိုက်လန်အား ခေါင်းမော့ရင်ကော့လာစေခဲ့သည်။
“ကောင်းပြီ .. နောက်ထပ် ဘာမှ ထပ်မစဉ်းစားတော့ဘူးလို့ ကတိပေးတယ်။ ဘဝကို အခုလိုမျိုး ကောင်းကောင်းမွန်မွန်နဲ့ပဲ ဖြတ်သန်းချင်တော့တယ် ...”
ညီအစ်မနှစ်ဦးသား စကားတပြောပြောဖြင့် ပြန်လာရင်း အိမ်ရှေ့သို့ အရောက်တွင် လျှိုအိမ်ထဲမှ ထွက်လာသည့် လျှိုပေါင်ကျူးနှင့် ဝင်တိုက်မိသွားကြသည်။
“အိုး ..လိုင်တိ နင်တို့တွေ ပြန်လာကြပြီပဲ။ ဟိုနေ့က တကယ်ကို ကျေးဇူးတင်တယ်နော် သိလား။ ချန်းလောင်ရှီးက တော်တော်လေးကို သက်သာသွားပြီ။ နင့်ကို သေချာလေး ကျေးဇူးတင်စကား ပြောချင်နေခဲ့တာ ဒါပေမယ့် တို့အိမ်က ချင်းစုန့်က အရမ်းကို စိုးရိမ်စိတ်တွေ ကြီးနေပြီး ချန်းလောင်ရှီးကို ကောင်တီအထိ ဆေးခန်းပြဖို့ ခေါ်သွားတယ်လေ.. ပြောရရင် နင်ကလည်း တိရိစ္ဆာန်ကုတဲ့ ဆရာဝန်ဆိုတော့ ...”
“ဟုတ်တယ် .. ငါက နင့်လိုဟာတွေကို ကုတဲ့ နည်းကို အထူးပြုသင်ထားတာလေ ...”
လျှိုပေါင်ကျူးက ကြောင်အသွားကာ သူမအား တစ်ဖက်လူက “တိရိစ္ဆာန်” ဟု ခေါ်လိုက်ခြင်း ဖြစ်ကြောင်းကို အချိန်အချို့ ကြာသည်အထိ သဘောမပေါက်သေးချေ။
“နင် ...”
ချင်းရှန်းကမူ သူမကို ပြန်ပြီးပင် လှည့်မကြည့်။ တံခါးကို ပိတ်ကာသာ ယုန်ကို လွှတ်ပေးလိုက်သည်။
ဟဲလျန်ရှန်းနှင့် အဆက်အသွယ် ရထားသည့်အတွက် သူမသည် စိတ်ကြည်လင်နေခဲ့သည်။ သူက သိပ်မကြာမီ ရှစ်လန်ခရိုင်သို့ ပြောင်းရွှေ့ရမည် ဖြစ်သည့်အတွက် သူမတို့နှစ်ဦး၏ ခွဲခွါနေရသည့် ကာလများ ကုန်ဆုံးတော့မည် ဖြစ်ရာ မပျော်ဘဲ နေမည် မဟုတ်ချေ။
စောင့်ဆိုင်းရင်း စောင့်ဆိုင်းရင်း .. တစ်နေ့သောအခါ .. အတန်းပြီး၍ ထမင်းစားဆောင်သို့ သွားမည်အပြုတွင် ဒါရိုက်တာလျှိုက စာမေးပွဲစာရွက်များ အထပ်လိုက် ကိုင်ထားလျက် ဝင်လာခဲ့သည်။ ရှောင်တခင် စာမေးပွဲ စစ်မည့်ဟန်ပင်။
အားလုံး တုန်လှုပ်သွားကြတော့၏။
သီအိုရီအပိုင်း သင်ပြီးရင် လက်တွေ့အပိုင်းကိုပဲ တန်းသင်မှာဆို ဘာလို့ ရုတ်တရက်ကြီး စာမေးပွဲ ထပ်ရှိလာတာလဲ။ အမှတ်မကောင်းတဲ့သူတွေကို စစ်ထုတ်မလို့လား လေ့ကျင့်ရေးသင်တန်းမှာ အမှတ်မကောင်းလို့ အထုတ်ခံလိုက်ရတယ်ဆိုလို့ကတော့... အိမ်ပြန်ရင် လူတွေကို ဘယ်လို မျက်နှာပြရမလဲတောင် သိတော့မှာ မဟုတ်ဘူး ...
ထိုသို့ဖြင့် အခြေခံ ပိုင်နိုင်ပြီးသားသူပင်လျှင် လက်လွတ်စပယ် မလုပ်ရဲတော့။ မသိသည့် မေးခွန်းကိုပင် ကွက်လပ် မထားရဲ၊ ကြက်ကန်းဆန်အိုးတိုးကာ အဖြေမှန် ဖြစ်လေမလားဟူသည့် စိတ်ဖြင့် စာလုံးများ ထပ်ဖြည့်ပြီး ရေးလိုက်ကြသည်။
၂ နာရီ ပြည့်သည့်အခါ .. ဖြေဆို၍ ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ ဒါရိုက်တာလျှိုက အားလုံးက ဆက်မရေးတော့ရန် ပြောလိုက်သည်။ ဆက်ရေးနေသူ ရှိပါက အပြင်းအထန် အရေးယူမည်ဟု ပြောလာသည့်အတွက် အားလုံးက ရေးလက်စ ဘောပင်များကို ကြောက်လန့်တကြားဖြင့် အောက်ချလိုက်ကြကာ အဖြေလွှာစာရွက်များ သိမ်းနေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလိုက်ကြတော့သည်။
“၂ နာရီစာကို မေးခွန်းတွေက အများကြီးမှ အများကြီးပဲ သိပ်ပြီး သေချာမသိတဲ့တစ်ခုဆို ထိုင်စဉ်းစားနေချိန်ကို မရလိုက်ဘူး ...”
“နောက်ဆုံး မေးခွန်းတိုနှစ်ခုက ဖြေဖို့ အချိန်မမီလိုက်ဘူး ဘယ်လိုလုပ်ရမလဲ ..."
“သွားပြီ သွားပြီ ငါတော့ ကျတော့မှာ သေချာတယ် ...”
“...”
ချင်းရှန်းသည် ပြီးခဲ့သည့်ဘဝက ကျောက်ဟိုင်ယန်နှင့် ကျောက်ဟိုင်ယန်း မောင်နှမနှစ်ဦး၏ စာလေ့လာမှုကို ကြီးကြပ်ပေးခဲ့ရသည်။ ထို့ကြောင့် သူမသည် စာမေးပွဲ ဗဟိုပြု သင်ကြားရေးစနစ်နှင့် အသားကျနေကာ အချိန်ကို မည်ကဲ့သို့ အကောင်းဆုံးဖြစ်အောင် အသုံးချရမည် ဆိုသည့်အချက်ကိုပါ ပိုင်နိုင်ကျွမ်းကျင်နေခဲ့သည့်အတွက် မေးခွန်းအားလုံးကို တစ်ခုမကျန် ဖြေဆိုနိုင်ရုံသာမက ဖြေထားသမျှကိုပါ ဂရုတစိုက်ဖြင့် ပြန်စစ်နိုင်ခဲ့သည်။
အလွန်တည်ငြိမ်နေသည့် သူမ၏ ပုံစံကို မြင်လိုက်ရသည့်အခါ အားလုံးက ချင်းရှန်းသည် ဤတစ်ကြိမ်တွင်လည်း ပြီးခဲ့သည့်အခေါက်ကကဲ့သို့ပင် အနိုင်ရလိမ့်ဦးမည်ဟု ခန့်မှန်းလိုက်ကြသည်။ သတ္တိကောင်းသည့် မိန်းကလေးအချို့က သူမအနီးသို့ ချဉ်းကပ်ကာပင် အဖြေတိုက်လိုက်ကြသေးသည်။ သူမတို့၏ အဖြေ မှန်ကြောင်း သိရသည့်အခါ ဝမ်းသာအားရ အောင်ပွဲခံလိုက်ကြသည့် မှားသည့်အပုဒ် ရှိသည့်အခါ မျက်မှောင်ကျုံ့မိသွားကြ၏။ ထိုသို့ဖြင့် စာသင်ခန်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေတော့သည်။
“ကောင်းပြီ ငြိမ်ငြိမ်လေး နေကြပါ .. ဒီညပဲ အဖြေလွှာတွေကို စစ်မှာဖြစ်တဲ့အတွက် အမှတ်တွေက မနက်ဖြန်မနက်လင်းတာနဲ့ သိရလိမ့်မယ်။ အခု အားလုံးပဲ ကိုယ့်ဘောပင်၊ စာရွက်တွေကို ကိုင်ပြီး စာရင်းထဲကအတိုင်း အုပ်စုဖွဲ့ပေးကြပါ ပြီးရင် စာသင်ခန်းထဲကို လာခဲ့ပေးပါ ...”
အကြောင်းပြချက်ကို ရေရေရာရာ မသိရသေးသော်ငြား ကျောင်းသားအားလုံးသည် အုပ်စုလိုက် လိုက်လာခဲ့ကြသည်။
“ချင်းရှန်း ဘယ်လိုလုပ်ရမလဲ ငါတော့ သီအိုရီအပိုင်းကို အောင်မယ်မထင်ဘူး ...”
သူမ၏ ထိုင်ခုံဖော်က ငိုသံနှောကာ ပြောလိုက်သည်။
သူမကို ပိုပြီး စိတ်ညစ်ညူးသွားစေခဲ့သည်မှာ .. ပထမဆုံး ဝင်သွားသည့် အုပ်စုသည် သတင်းဆိုးကိုယ်စီ သယ်ဆောင်လျက် ပြန်ထွက်လာကြခြင်း ဖြစ်သည်။ ဤတစ်ကြိမ်မှာလည်း စာမေးပွဲပင် ဖြစ်ကာ ဒုတိယစာမေးပွဲမှာ တရုတ်ရိုးရာတိုင်းရင်းဆေး၏ ဝိသေသလက္ခဏာ လေးမျိုးအကြောင်း အဓိကထား၍ စစ်ဆေးခြင်း ဖြစ်သည်။
နည်းပြဆရာက လူနာအဖြစ် သရုပ်ဆောင်ကာ ဆေးခန်း လာပြသည့် လူနာတစ်ယောက်၏ ပုံစံကို အပြည့်အဝ ဖော်ပြထားသည်။ သို့သော် ကျောင်းသားအများစုမှာ ပြင်ပဆေးခန်းများတွင် အလုပ်လုပ်ဖူးသူများ မဟုတ်ကြရာ “ဝိသေသလက္ခဏာ စစ်ဆေးချက်လေးရပ်” အကြောင်းကို မသိကြချေ။ လူနာ ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ချို့က ချက်ခြင်း ဆေးထိုးကာ အချို့ကမူ စမ်းသပ်ချက်အချို့ ပြုလုပ်လိုက်ကြသည်။
“စမ်းသပ်ချက်လေးရပ်” ၏ စည်းမျဉ်းကို လိုက်နာသူဟူ၍ တစ်ဦးမှ မရှိရာ ထိုစာမေးပွဲအခန်းထဲတွင်ပင် တစ်ယောက်ပြီးတစ်ယောက် စာမေးပွဲ ကျသွားကြတော့သည်။
ပိုပြီး အရေးကြီးသည့်အချက်မှာ .. တစ်ယောက်နှင့်တစ်ယောက် ရရှိသည့် မေးခွန်းအမျိုးအစား မတူညီကြခြင်း ဖြစ်သည်။ ခေါင်းမူးသည်၊ ခေါင်းကိုက်သည်၊ ဗိုက်နာသည်၊ မအီမသာဖြစ်ကာ ပျို့အန်သည် အစရှိသဖြင့် လူနာတစ်ဦးနှင့် တစ်ဦး၏ လက္ခဏာများမှာ မတူညီကြရာ ရှေ့က ဖြေသွားသူ၏ အဖြေကို ကူးချလိုလျှင်ပင် ကူးချ၍ မရနိုင်ခဲ့ချေ။
“ဒီလိုမျိုးလေ .. အခန်းထဲကို ရောက်သွားပြီဆိုတာနဲ့ လူနာကို အရင်ဆုံး ဘယ်နားက ဘာဖြစ်တာလဲ အရင်မေး ပြီးမှ အဲဒီ့လို မသက်မသာဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်နေရာကနေ လာပြတာလဲ၊ ဘာဆေး သောက်ပြီးပြီလဲ ဆိုတာနဲ့ ဘယ်လို ဆေးစစ်ချက်တွေ လုပ်ပြီးပြီလဲဆိုတာကို မေး၊ ဒါက လက်ရှိ ဆေးမှတ်တမ်းအတွက် ...ပြီးမှ အရင်က ရောဂါရာဇဝင်အကြောင်း ဆက်မေး .. ရောဂါရာဇဝင်အတွက်က ငါတို့ သင်ထားတဲ့ “မေးခွန်းဆယ်မျိုးသီချင်း” ကို မှတ်မိသေးတယ် မဟုတ်လား .. အဲဒီ့သီချင်းအတိုင်းသာမေး ...”
ထိုင်ခုံဖော်က အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
“မှတ်မိတယ် ပြီးခဲ့တဲ့တစ်ခေါက်က နင် ငါ့ကို မှတ်ခိုင်းထားတဲ့ဟာလေ ...”
“လက်ကောက်ဝတ် သွေးကြောစမ်းဖို့နဲ့ မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးဖို့လည်း သတိရဦး .. ဒီနှစ်ချက်က အရေးအကြီးဆုံးပဲ ...”
ကျောင်းသားအများစုသည် ရောဂါရာဇဝင် စစ်ဆေးခြင်းကိုသာ အာရုံစိုက်တတ်ကြကာ တရုတ်တိုင်းရင်းဆေးပညာ၏ အနှစ်သာရများကိုမူ မေ့လျော့နေတတ်ကြသည်။
“အားလုံး စစ်ဆေးပြီးပြီဆိုမှ ရောဂါကို ကောက်ချက်ချ .. ဆေးမှတ်တမ်းဆိုတာကလည်း ကိုယ်လက်အင်္ဂါ၊ မရီဒီယျန်နဲ့ ရောဂါဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းဆိုတဲ့ အခြေခံအချက် ၈ ချက်အပေါ်မှာ မူတည်ပြီးပဲ ရေးရတာ ...”
သူမက သူမ၏ ထိုင်ခုံဖော်ကိုသာ တီးတိုး ပြောပြနေခြင်း ဖြစ်သော်ငြား ကျန်ကျောင်းသားများမှာလည်း စိတ်လှုပ်ရှားနေသောကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ကြရာ တစ်ခန်းလုံး အသံတိတ်နေပြီး သူမ၏ စကားသံကို သာ နားစွင့်နေခဲ့ကြသည်။ .. သူမ၏ ရှင်းပြချက်နှင့်အတူ မူလက စိုးရိမ်ပူပန်နေကြသည့် ကျောင်းသားများမှာလည်း တစ်ဖြည်းဖြည်း စိတ်တည်ငြိမ်သွားကြကာ အစအဆုံး နားထောင်နေလိုက်ကြတော့သည်။
“ဝိုး .. ချင်းရှန်း .. မင်းပြောသွားတာတွေက ဆရာ ပြောတာနဲ့ တစ်ထပ်တည်းပဲ ...”
“မတူဘူးကွ ချင်းရှန်းပြောတာက ပို အသေးစိတ်ကျပြီး နားလည်လွယ်တယ် ...”
“အဲဒါတော့ ဟုတ်တယ် ဆရာပြောတုန်းကဆို ငါတစ်လုံးမှ နားမလည်လိုက်ဘူး။ ချင်းရှန်းပြောမှပဲ အကုန် နားလည်သွားတာ ...”
ဆရာပြောသည့် စကားလုံးများကို ပြန့်ကြဲနေသည့် ပုတီးလုံးများဟု တင်စားရပါလျှင် ချင်းရှန်းသည် ထိုပုတီးလုံး တစ်ခုချင်းစီကို အစဉ်လိုက်ဖြစ်အောင် ပြန်စီကာ လှပသော ဆွဲကြိုးတစ်ကုံးအသွင်သို့ ပြောင်းလဲပေးသူ ဖြစ်ပေသည်။
ချင်းရှန်းက ပြုံးပြလိုက်သည်။ သူမတွင် ဆရာတစ်ဦး၏ အရည်အချင်းများ ကျန်နေလိမ့်ဦးမည်ဟု ထင်မထားမိခဲ့ချေ။ ဒီ “ဘုရားပေးတဲ့ဆု” ဆိုတာက ပြီးခဲ့တဲ့ဘဝမှာ အိမ်စာတွေကို ရူးချင်စိတ် ပေါက်လာတဲ့အထိ ရှင်းပြပေးခဲ့ရတဲ့ အကျိုးတွေပဲ မဟုတ်လား ...
များမကြာမီ နောက်ထပ် တစ်အုပ်စု စာမေးပွဲခန်းထဲသို့ ဝင်သွားကြပြန်ကာ ၁၀ မိနစ်ခန့် ကြာပြီးမှ ပြန်ထွက်လာခဲ့ကြ၏။ အရင်အုပ်စုများနှင့် ယှဉ်ပါလျှင် သူတို့က ပိုပြီး စိတ်ဖိစီးမှု လျော့နည်းကြဟန်ပင်။ အမှတ် ၇၀ ရသူဟူ၍ပင် ပါလာရာ ထင်ထားသည်ထက်ပင် အများကြီး သာလွန်သည်ဟု ပြောရပေမည်။
“ကြောက်လွန်းလို့ သေတော့မှာပဲ ခေါင်းထဲမှာ အတန်းဖော် ချင်းရှန်း ပြောသွားတာတွေပဲ မှတ်မိနေတာလေ အဲဒါနဲ့ သူပြောတဲ့ အဆင့်အတိုင်းပဲ ဖြေလိုက်တာ ၆၅ မှတ်တောင် ရတယ် ...”
“ငါရောပဲ ဆရာက ငါ့ကို ရောဂါကောက်ချက်ချတာက မှားပေမယ့် ကျန်တဲ့အဆင့်တွေ အကုန်လုံးက စနစ်ကျလို့ဆိုပြီး အမှတ် ၃၀ တောင် ပေးသွားတာ ...”
အားလုံးက ချင်းရှန်းကို ကယ်တင်ရှင်တစ်ဦးအလား ဝိုင်းကြည့်လိုက်ကြသည်။ သူမ၏ စာမေးပွဲရမှတ်များအပေါ် သံသယဝင်ခြင်းလည်း မရှိကြတော့ပေ။
ချင်းရှန်းတို့အဖွဲ့ ဝင်ရမည့်အလှည့်သို့ ရောက်သည့်အခါ ... သူမ၏ အရှေ့တွင် ရှိနေသည့် လူနာမှာ ကျန်းမာရေးဌာနမှ ဒါရိုက်တာကျန်း ဖြစ်နေခဲ့သည်။
ဒါရိုက်တာကျန်းက ချင်းရှန်းဘက်မှ တစ်ခုခု မပြောနိုင်ခင် အရင်ဆုံး ပြောလိုက်သည်။
“ဒေါက်တာ .. ကျွန်တော် အခုတလော ရင်ဘက်ထဲမှ မွန်းကြပ်နေလို့ အဲဒါအတွက် ဆေးလေး ညွှန်းပေးလို့ ရမလား ...”
ချင်းရှန်းကလည်း ချက်ခြင်း “ဆရာဝန်” သရုပ်ထဲသို့ ဝင်ရောက်သွားသည်။
“လက်ကောက်ဝတ်သွေးကြောကို အရင်ဆုံး စမ်းကြည့်မယ်နော် ...”
သူမက ဒါရိုက်တာကျန်း၏ လက်ကောက်ဝတ်သွေးကြောပေါ် လက်တင်ကာ သွေးကြောအခြေအနေအတိုင်း စမ်းသပ်စစ်ဆေးချက်များကို စတင်လုပ်ဆောင်လိုက်သည်။ သူမ၏ လူနာမှာ “လူနာအဖြစ် သရုပ်ဆောင်သူ” ဖြစ်သည့်အတွက် ရောဂါလက္ခဏာများမှာ မသိသာ၊ သို့သော် သွေးကြောစမ်းသပ်ချက်မှာမူ အစစ်အမှန်ဖြစ်ကာ ပြဿနာ မရှိပေ။ ထို့အပြင် ရောဂါအမည် သတ်မှတ်ခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်ကာ လူနာနှင့် တိုင်ပင်ဆွေးနွေးခြင်းကသာ အဓိက ဖြစ်နေဆဲပင်။ တစ်ဖက်လူ၏ ပြောပြချက်များအရ ... သူ့အခြေအနေမှာ မစ္စတာချန်းနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။
ချင်းရှန်းက စိတ်ထဲတွင် ထူးဆန်းမိသွားသော်ငြား တည်ငြိမ်စွာဖြင့်သာ ပြောလိုက်ဆဲပင်။
“ရင်ဘက်အောင့်ရောဂါ ရှိနေတာ ...”
ဒါရိုက်တာကျန်းက အလွန် ကျေနပ်သွားသည်။
“သေချာလေး ရှင်းပြပေးလို့ ရမလား ...”
“ရင်ဘက်ပိုင်း ပိတ်ဆို့မှု ဆိုတာက တိုင်းရင်းဆေးအခေါ်ပေါ့ အနောက်တိုင်း ဆေးပညာမှာတော့ ဒါကို နှလုံးရောဂါလို့ပဲ ခေါ်ကြတယ် ရင်ဘက်အောင့်တယ် မွန်းကြပ်တယ်လို့ ခံစားရတယ် အသက်ရှူမဝဘူး ရင်ထဲမှာ တလှပ်လှပ်နဲ့ မောလာတယ် ဆိုတာတွေက နှလုံးရောဂါရဲ့ အဓိကလက္ခဏာတွေ ဒါတွေက ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သလို စိတ်အခြေအနေ၊ နေထိုင်စားသောက်ပုံနဲ့ အလုပ်ပင်ပန်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ် လူနာရဲ့ စကားအရဆို လူကြီးမင်းရဲ့ အခြေအနေက ချီဓာတ်တွေ တစ်နေရာတည်းမှာ ဝပ်နေပြီး သွေးလှည့်ပတ်မှု မရှိတော့ဘဲ နှလုံးကို ရောက်မယ့် သွေးကြောတွေကို ပိတ်ဆို့ထားတာ ဒါကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သွေးလှည့်ပတ်မှုကို ပုံမှန် ပြန်ဖြစ်အောင်လုပ်ပြီး ဝပ်နေတဲ့ ချီဓာတ်တွေကို ပြန်စီးဆင်းစေမှပဲ သွေးကြောထဲမှာ ပိတ်နေတဲ့ အရာတွေ ပျောက်ပြီး နာကျင်မှုပါ သက်သာနိုင်မှာပါ ... ကျွန်မပြောတာ မှန်တယ် မဟုတ်လား ...”
ဒါရိုက်တာကျန်း၏ မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ် ဖြစ်သွားသည်။
“ဒီရောဂါအတွက် ဆေးညွှန်း ရေးပေးနိုင်မလား ...”
ချင်းရှန်းက ကြောင်အသွားသည်။ သူမ၏ ရှေ့မှ ဖြေသွားသည့် အုပ်စုနှစ်စုလုံး ဆေးညွှန်းပေးရန် မလိုအပ်ခဲ့။ ရောဂါလက္ခဏာများကို ရှာဖွေကာ ရောဂါအမည် သတ်မှတ်ပေးရန်သာ လိုခဲ့သည်။