← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း(၂၃၈) နယ်မြေ(၂)ကို ပြောင်းပြန်လှန်ခြင်း(၃)

ဤကျောင်းသားသုံးဦးသည် ရှေ့သို့ ပြေးတက်လာကြသည်။ ချူးယွင်ဖန်းသည် ထိုသုံးဦးအား မသိသကဲသို့ သူတို့သုံးဦးသည်လည်း ချူးယွင်ဖန်းအား မသိကြပေ။ သူ၏နာမည်ကိုသာကြားဖူးခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိကြတော့ပေ။

ရလဒ်သည် ယခင်တိုက်ပွဲနှင့် ကွဲပြား ခြားနားမှုမရှိပေ။ သူတို့သုံးဦးသည်လည်း လွင့်ထွက်ကာ မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားရ၏။

သို့သော် ချူးယွင်ဖန်း ထိုကျောင်းသားသုံးဦးကို အလဲထိုးလိုက်သောအခါတွင် သတင်းသည် နယ်မြေ(၂)ရှိကျောင်းသားများထံသို့ ပို၍ပျံ့နှံ့သွားသည်။

ချူးယွင်ဖန်းသည် အမှတ်(၁)အထက်တန်းကျောင်းသားများကို ရှာဖွေရန်သာ ဤသို့ရောက်လာခဲ့ခြင်းဖြစ်သော်လည်း “နယ်မြေ(၂)ကို ပြောင်းပြန်လှန်မယ်”ဆိုသော သူ၏ စကားလုံးများသည်

ဤတိုက်ပွဲများ၏နောက်ကွယ်တွင် မီးထဲသို့ လောင်စာထည့်လိုက်သည့်နှယ် နယ်မြေ(၂)တစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။

စာကြောင်းတစ်ကြောင်းတည်းဖြင့် နယ်မြေ(၂)ကို စိန်ခေါ်လိုက်ခြင်းဖြစ်၏။

ယင်းကြောင့် ချူးယွင်ဖန်းသည် နယ်မြေ(၂)တစ်ခုလုံး၏ ရန်သူဖြစ်လာခဲ့သည်။ နယ်မြေ(၂)မှ ဝင်ရောက်မစွက်ဖက်လိုသော ကျောင်းသားများပင်လျှင် အာရုံစိုက်လာကြသည်။ ချူးယွင်ဖန်းသည် အလွန်မောက်မာလွန်းသည်ဟု လူအများက ယူဆကြ၏။

‘နယ်မြေ(၂)တစ်ခုလုံးကို စိန်ခေါ်နေတယ်ဟုတ်လား’

‘သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ’

ဤသို့သော အတွေးများ သူတို့စိတ်ထဲသို့ဝင်လာကြသည်နှင့် ချူးယွင်ဖန်း၏လမ်းကို ပိတ်ပင်တားဆီးသော လူအရေအတွက် ပိုမိုများပြားလာသည်။

အဦးပိုင်းတွင် ချူးယွင်ဖန်းသည် ရှင်းပြချင်ခဲ့သော်လည်း ဤသူများသည် နားထောင်လိုစိတ်မရှိကြကြောင်း သူသဘောပေါက်သွားခဲ့သည်။ ထိုသူများသည် သူ့အားတိုက်ခိုက်ချင်ကြရုံသာဖြစ်ရာ၊ ချူးယွင်ဖန်း ရှင်းပြလိုစိတ်မရှိကြတော့သဖြင့် သူ့လမ်းကို ပိတ်ပင်ရဲသူမှန်သမျှအား အပြင်းအထန် တိုက်ခိုက်ပစ်ခဲ့သည်။ ထိုသူတို့အား အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မတိုက်ခိုက်ခဲ့သော်လည်း နံရိုးကျိုး၊ ခြေလက်ကျိုးနှင့် ထိခိုက်ဒဏ်ရာများစွာရခဲ့ကြသည်။ ယင်းသည် သူတို့အားလုံးကို ရက်အနည်းငယ်မျှ အိပ်ရာထဲတွင် ချုပ်ထားရန်လုံလောက်၏။

မကြာမီတွင်ပင် ချူးယွင်ဖန်း၏ လက်ဖြင့်လူနှစ်ဆယ်ကျော် ကျရှုံးခဲ့ရသည်။ ဤသည်မှာ နယ်မြေ(၂)ရှိကျောင်းသားဦးရေ၏ ထက်ဝက်နီးပါးပင်ဖြစ်ရာ ယခုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏ခရီးလမ်းတစ်ဝက်သို့ရောက်နေပြီဖြစ်၏။ ယခု သူ့ရှေ့တွင် လူသုံးယောက်ရပ်နေသည်။

၎င်းမှာ ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုံရှင်းရန်တို့ဖြစ်ရာ၊ ယွင်နင်ခရိုင်တစ်ခုလုံးတွင် သူတို့သုံးဦးအပါအဝင် ချူးယွင်ဖန်းနှင့် တန်စီယုတို့သာ နယ်မြေ(၂)သို့ဝင်ခွင့်ရကြသည်။

“ဘာလဲ။ မင်းတို့သုံးယောက်က ငါ့ကို တားမလို့လား” ချူးယွင်ဖန်းသည် အလွန်အေးစက်သော အမူအရာဖြင့်ပြောလိုက်သည်။

“ငါ လူတစ်ယောက်ကို ကယ်ဖို့ ကျန်းယုရှန်ကိုရှာနေတာပဲ။ မင်းတို့ငါ့ကို တားရင် မညှာမတာလုပ်လို့ဆိုပြီး ငါ့အဆိုးမဆိုနဲ့”

“ချူးယွင်ဖန်း ငါတို့ မင်းကို တားဖို့ ရည်ရွယ်ချက်မရှိဘူး။ ငါတို့ရဲ့လက်ရှိ အင်အားနဲ့ မင်းကို မတားနိုင်မှာစိုးတယ်။ ပြဿနာရှာစရာမလိုပါဘူး”

ရန်ကျွင်းနှင့် တုံရှင်းရန်တို့သည် ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ နယ်မြေ(၂)ကို ပြောင်းပြန်လှန်ချင်သည်ဟု အခြားသူတစ်ယောက်ယောက်က ပြောပါက သူတို့ မကျေမနပ်ဖြစ်ကြမည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ ကွဲပြားသော ကိစ္စတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ စကားလုံးများသည် မိမိတို့သိက္ခာကို စော်ကားနေသည်ဟု ခံစားရသည့်အတွက် အခြားကျောင်းသားများသည် မကျေမနပ်ဖြစ်ကြကာ ချူးယွင်ဖန်း၏မျက်နှာကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချင်ကြသည်။

သို့သော် သူတို့သုံးဦးသည်မူ ကွဲပြား၏။ သူတို့သည် ချူးယွင်ဖန်းထံတွင် ရှေ့ဆင့်နောက်ဆင့် ရှုံးနိမ့်ပြီးဖြစ်ကြသည်။ ယခုအချိန်မှ မိမိတို့၏ ဂုဏ်သိက္ခာနှင့် မာနအကြောင်းပြောရမည်မှာ အဓိပ္ပါယ်မရှိပေ။ ထို့အပြင် ချူးယွင်ဖန်း နယ်မြေ(၂)သို့ ဝင်ရောက်လာသည့်တစ်လျှောက်တွင် လူတိုင်းကို ချေမှုန်းပစ်ခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရပြီးဖြစ်သ်ည။ သူတို့နှင့် အင်အားချင်းတူညီသည့် လက်ရွေးစင်ကျောင်းသားအယောက် နှစ်ဆယ်သည်ပင် အလွယ်တကူရှုံးနိမ့်ခဲ့ရသည်။ ချူးယွင်ဖန်းထံမှ သိုင်းကွက်အနည်းငယ်ထက်ပို၍ မည်သူမျှ မခုခံနိုင်ကြပေ။ သူတို့အားလုံး လွင့်ထွက်ကာ လုံးလုံးရှုံးနိမ့်ခဲ့ကြသည်။

ယင်းကြောင့် သူတို့သုံးဦးသည် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ခဲ့ဖူးသည့်အချိန်ကို ပြန်လည် အမှတ်ရလျက်ရှိသည်။ ထိုအချိန်က ချုးယွင်ဖန်းသည် သူတို့အားလုံးထက်သန်မာသော်လည်း ထိုမျှမသန်မာကြောင်း သူတို့သေချာသိကြသည်။

အချိန်အတော်ကြာပြီးနောက်တွင် သူတို့ကိုယ်သူတို့ သိသာထင်ရှားစွာတိုးတက်လာပြီဟုထင်ကြကာ ချူးယွင်ဖန်းထက်ပင် လျင်မြန်စွာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် သူ့ထံ၌ ရှုံးနိမ့်ခြင်း၏ အရိပ်မှလွတ်မြောက်နိုင်ပြီဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ကိုယ်သူတို့ တိုးတက်နေပြီဟု ထင်နေကြချိန်တွင် ချူးယွင်ဖန်းသည် ပို၍ ကြောက်မက်ဖွယ်ကောင်းစွာ တိုးတက်လာနေသည်ကို သိလိုက်ရသည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ လက်ရွေးစင်များစွာကို ပေါ့ပေါ့ပါးပါးအနိုင်ယူနိုင်ခဲ့၏။

ထို့ကြောင့် သူတို့သုံးဦးသည် ချူးယွင်ဖန်းကို တိုက်ခိုက်ခြင်းမပြုရန် ဆုံးဖြတ်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ရှုံးနိမ့်မှုကို တောင့်တခြင်းသာဖြစ်ရာ၊ သူတို့ သုံးဦးပေါင်း၍တိုက်ခိုက်လျှင်ပင် ထူးခြားမည်မဟုတ်ပေ။

အခြားသူများသည် ချူးယွင်ဖန်းနှင့် မတိုက်ခိုက်ဖူးကြသဖြင့် သူမည်မျှ သန်မာသည်ကို မယုံကြည်နိုင်ကြပေ။ သူတို့သုံးဦးသည်မူ ပေါက်ကွဲတော့မည့်မီးတောင်နှင့်တူသော ချူးယွင်ဖန်းကို ရန်စလောက်သည်အထိ မတုံးအကြပေ။

“ဒါဆို မင်းတို့ ဘာလို့ငါ့ရှေ့မှာလာပိတ်နေကြတာလဲ” ချူးယွင်ဖန်းက မေးလိုက်သည်။

“ငါတို့အားလုံးက ယွင်နင်ခရိုင်ကပါ။ အပြင်လူတွေ နင့်ကို တိုက်ခိုက်နေတာကို ငါတို့ ဘာလို့ကူညီရမှာလဲ။ ဒါ့အပြင် ကျန်းယုရှန်က စည်းကျော်သွားပြီ။ ငါတို့ခရိုင်ရဲ့ တန်စီယုကို သူကက ဒီတိုင်းခေါ်သွားတယ်။ ငါတို့က သူနဲ့ယှဥ်ဖို့မဖြစ်နိုင်တာကြောင့် နင့်ကိုပဲအားကိုးရတော့မယ်”

“မင်း တခြားလမ်းကနေသွားသင့်တယ်လို့ ပြောဖို့ ငါတို့ဒီကိုလာခဲ့တာ။ ရှေ့မှာရှိတဲ့လူတွေက မင်းရှောင်လို့မရလောက်တဲ့ ကွန်ရက်တစ်ခုထောင်ထားကြပြီ။ မင်း သူတိုဆီလာမှာကိုစောင့်နေကြတယ်” ရန်ကျွင်းက ဝင်ပြောသည်။

ချူးယွင်ဖန်းသည် သူ့လက်ထဲမှ အရိပ်မဲ့ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ကာ

“မလိုပါဘူး။ သူတို့မှာ ငါ့လမ်းကို ပိတ်ရဲတဲ့ သတ္တိရှိနေမှတော့ သူတို့ မကြောက်မချင်း ငါအနိုင်ယူပြမယ်”

“ဒီလိုပြောပြတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်။ မင်းတို့ပေါ် အကြွေးတင်သွားပြီ။ ဒါပေမယ့် အခု ငါ့မှာ စကားပြောဖို့ အချိန်မရှိဘူး။ နောင်ကျရင် မင်းတို့ကို ပြန်ဆပ်ပါမယ်”

စကားပြောပြီးသည်နှင့် ချူးယွင်ဖန်းသည် ခပ်လှမ်းလှမ်းသို့ ပျောက်ကွယ်သွားသည်။ သူသည် နတ်ဘုရားကိုးသွယ် အသွင်ပြောင်းခြင်းကို အသုံးပြုကာ အလွန်လျင်မြန်စွာရွေ့လျားနေပုံမပေါ်သော်လည်း ပေါ့ပေါ့ပါးပါး လျှောက်လှမ်းရင်းပင် အဝေးသို့ပျောက်ကွယ်သွား၏။

“အရမ်းကောင်းတဲ့ လှုပ်ရှားမှုသိုင်းပဲ။ ချူးယွင်ဖန်းမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ။ ဘယ်လိုပဲကြည့်ကြည့် သာမန်လူတစ်ယောက်လို့မထင်ရဘူး”

ရန်ကျွင်းက ချူးယွင်ဖန်းပျောက်ကွယ်သွားသည်ကိုကြည့်ကာ သံသယစိတ်ဖြင့်ပြောလိုက်သည်။

“သူက တကယ်ထက်မြက်တယ်။ သူ့ရဲ့လှုပ်ရှားမှုသိုင်းက ငါတွေ့ဖူးတဲ့ မွေးဖွားခြင်းနယ်မြေအဆင့် ဆရာကြီးတွေထက် အများကြီးသာတယ်ကွ” ယုရှင်းယွမ်သည်လည်း အလွန်အံ့သြသွားသည်။

သူတို့၏ ကျင့်ကြံရေးသည် မမြင့်များသော်လည်း ယွင်နင်ခရိုင်၏ ထိပ်တန်းသုံးယောက်အနေဖြင့် အရာများစွာကို သိကြသည်။ သတင်းအချက်အလက်များ ရေကဲ့သို့ စီးဆင်းနေသော ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အရာများစွာကို သိရှိနိုင်သည်။ စူးစမ်းလေ့လာနေသရွေ့တော့ အချက်အလက်အားလုံးနီးပါးကို အင်တာနက်ပေါ်တွင် ရှာဖွေတွေ့ရှိနိုင်၏။ သူတို့၏ ဗဟုသုတပင်လယ်သည် မသေးငယ်လှပေ။

“သူက ယုံချင်စရာမကောင်းလောက်အောင် သန်မာတာပဲ။ သူ့အငွေ့အသက်ကို ငါခံစားမိတယ်။ ငါတို့ သုံးယောက် အတူတူတိုက်ခိုက်ရင်တောင် သူ့သိုင်းကွက်ဆယ်ခုလောက်ကို ခံနိုင်မှာမဟုတ်ဘူး။ သူ နယ်မြေ(၂)ကို ဝင်ရမှာ ကြောက်တယ်လို့ပြောတဲ့သူတွေရှိခဲ့ဖူးတယ်။ အခုစဥ်းစားကြည့်ရင် ဟာသပါပဲ။ သူက မဝင်ရဲလို့မဝင်တာမဟုတ်ဘဲ ပျင်းလို့မဝင်တာဖြစ်နေတယ်” တုံရှင်းရန်သည် အမြဲတိတ်ဆိတ်နေခဲ့ရမှ လှမ်းပြောလိုက်သည်။

“သူအခု ဘယ်အဆင့်ရောက်နေပြီလဲ။ စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကိုရောက်နေပြီလား။ မဟုတ်လောက်ဘူး။ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်မှာ ဒီလိုကြောက်စရာစွမ်းအားမျိုး မရှိလောက်ဘူး” ယုရှင်းရန်ကပြောလိုက်သည်။

“ဒါပေမယ့် သူရင်ဆိုင်ရမယ့်သူက ကျန်းယုရှန်ဆိုတော့ ဒီတစ်ခါ သူအောင်မြင်ပါ့မလားဆိုတာ ပြောဖို့တော့ ခက်တယ်”

အခန်း(၂၃၉) နယ်မြေ(၂)ကို ပြောင်းပြန်လှန်ခြင်း(၃)

ချူးယွင်ဖန်းကြောင့်ဖြစ်ပေါ်လာသော အဓိကရုန်းသည် အနည်ထိုင်သွားခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းသည် လှိုင်းလုံးကြီးများသဖွယ် ဆက်လက်ရိုက်ခတ်လာသည်။

နယ်မြေ(၂)၏ လက်ရွေးစင်ကျောင်းသားများသည် ချူးယွင်ဖန်း၏လက်အောက်တွင် တစ်ယောက်ပြီးတစ်ယောက်ရှုံးနိမ့်သွားခဲ့သည်။ တစ်ကြိမ်တွင် လူနည်းစုကိုသာအနိုင်ယူခဲ့ခြင်းဖြစ်သော်လည်း ချူးယွင်ဖန်း၏ အောင်မြင်မှုသည် တဖြည်းဖြည်းနှင့် မြင့်တက်လာသည်။

နယ်မြေ(၂)အတွက် ချူးယွင်ဖန်း၏စိန်ခေါ်မှုသည် အကောင်အထည်ပေါ်လာခဲ့၏။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဝင်လာခဲ့သည်ဖြစ်စေ၊ ချူးယွင်ဖန်းသည် နယ်မြေ(၂)၏ တစ်ဝက်ကျော်ခန့်ကို ချေမှုန်းခဲ့ပြီးဖြစ်သည်။

လက်ရွေးစင်ကျောင်းသား သုံးဆယ်ကျော်ပါသော အဖွဲ့တစ်ဖွဲ့သည် ချူးယွင်ဖန်း၏ လမ်းကို တားဆီးထား၏။ သူတို့အသီးသီးသည် စွမ်းအားပြင်းသော အရောင်အဝါများကို သယ်ဆောင်ထားလျက်ရှိကြကာ လက်ရွေးစင်ကျောင်းသားများထဲမှ အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။

လူသုံးဆယ်ကျော်ခန့်သည် ချူးယွင်ဖန်း၏ လမ်းကို တားဆီးထား၏။

အဖွဲ့ခေါင်းဆောင်သည် အနီရောင်တောက်တောက် သံချပ်ကာကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကို နောက်ကျောဘက်တွင် ယှက်ထားသည်။ သူသည် အရပ်ရှည်ကာ အေးစက်မာကြောသော ဟန်ပန်ရှိသည်။ အခြားသူများနှင့်ယှဥ်လျှင် သူ၏အရောင်အဝါသည် အလွန်ပြင်းထန်လျက်ရှိသည်။

“ချူးယွင်ဖန်း ငါတို့ ဘယ်သူလဲဆိုတာသိတယ်မလား”

“နည်းနည်းလေးတောင် မှန်းမရဘူး”

ချူးယွင်ဖန်းသည် သူ့ရှေ့မှ လူအယောက်သုံးဆယ်ကို သိပ်ဂရုမစိုက်ပေ။ သူတို့အားလုံးသည် လက်ရွေးစင်၊ ပါရမီရှင်များဖြစ်ကြသော်လည်း သူအနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိပေ။ ချူးယွင်ဖန်းသည် ရှေ့သို့ဆက်တိုးကာ ပြောလိုက်သည်။

“အမှန်အတိုင်းပြောရရင် ငါတို့လည်း မင်းကို မသိဘူး။ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှုမရှိဘူး” လူငယ်ကပြောသည်။

“အဲ့တာဆိုရင် ဘေးဖယ်နေပေးပါ။ မင်းတို့နဲ့ပတ်သက်ပြီး ဖြုန်းဖို့အချိန်မရှိဘူး”

“မင်းက ကောလဟာလတွေကလိုပဲ စောက်ရမ်းစိတ်ကြီးဝင်နေတာပဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိပေမယ့် နယ်မြေ(၂)ကို မင်းက မြေလှန်ပစ်မယ်လို့ ပြောထားပြီးတော့ ငါတို့က ဒီတိုင်းလွှတ်ပေးမယ်လို့ မျှော်လင့်နေတာလား”

“ငါနယ်မြေ(၂)ကို စိန်ခေါ်ဖို့ ဘယ်တုန်းကမှရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒါပေမယ့် ငါ့စကားက မင်းတို့အတွက် အဓိပ္ပါယ်ရှိမယ်မထင်ဘူး” ချူးယွင်ဖန်းပြောလိုက်သည်။

“မှန်တယ်။ မင်းရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ဖြစ် မလုပ်တာဖြစ်ဖြစ်၊ အခြေအနေက ဒီအထိရောက်နေပြီ။ ဒါ့ကြောင့် ငါတို့က မင်းကို မလွှတ်ပေးနိုင်ဘူး။ မဟုတ်ရင် တည်ငြိမ်သမုဒ္ဒရာမြို့က ရယ်စရာဖြစ်လာလိမ့်မယ်။” အနီရောင်ဝတ်ထားသော လူငယ်ကပြောလိုက်သည်။

“ဒီနေ့ မင်းရဲ့ ခရီးက ဒီမှာ အဆုံးသတ်ပြီ”

အနီရောင်ဝတ်ထားသော လူငယ်ကို ကြည့်ကာ ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်အယောင်တစ်ခုတောက်သွားသည်။

“ငါနယ်မြေ(၂)ကို ဘာလို့လာခဲ့တယ်ဆိုတာ မင်းတို့အားလုံး သိမှာ သေချာပါတယ်။ ငါတစ်ယောက်ယောက်ကို ကယ်ဖို့လောနေတယ်။ ဒါတောင် မင်းတို့ရဲ့ စောက်ရေးမပါတဲ့မာနကြောင့် ငါ့လမ်းကို ပိတ်ချင်သေးကြတာလား။ ဒီအတိုင်းဆိုရင် ငါကိုယ်တိုင်အဲ့တာကို ဖျက်စီးပေးမယ်။ မင်းတို့ရဲ့ မာနဆိုတာ ငါ့မျက်လုံးထဲမှာ ဘာတန်ဖိုးမှမရှိဘူးကွ”

ချူးယွင်ဖန်း၏ အရောင်အဝါသည် ပို၍တောက်ပလာသည်။ ဤကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သူသိသည်။ အနီရောင်ဝတ်ထားသော လူငယ်ပြောခဲ့သည့်အတိုင်းပင်၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ရှိနေသည်ဖြစ်စေ၊ နယ်မြေ(၂)ကို ပြောင်းပြန်လှန်ခြင်းသည် လက်တွေ့ဖြစ်လာခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်းတွင် အခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် ချူးယွင်ဖန်း ရှုံးနိမ့်လျှင်နိမ့်၊ မရှုံးလျှင် နယ်မြေ(၂)ကို အနိုင်ယူရန်သာရှိတယ်။

ဤဖြစ်နိုင်ချေရလဒ်နှစ်ခုသာရှိ၏။

ချူးယွင်ဖန်း၏ အမူအရာသည် နက်နဲသော ရေများကဲ့သို့ နက်မှောင်လျက်ရှိကာ ခဏအကြာတွင် ပြန်လည်ကောင်းမွန်လာ၏။ ဤတိုက်ပွဲသည်ရှောင်လွှဲ၍ မရနိုင်သည့်အတွက် ကောင်းစွာအသုံးချရမည်ဖြစ်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် သူပြန်လည်အားဖြည့်ခြင်းနည်းလမ်းတစ်မျိုးကို ရှာဖွေတွေ့ရှိထားသည်။ ယင်းကို ‘ဝူဟောက်ရန် ပြန်လည်ထူထောင်ရေးသိုင်း’ ဟုခေါ်ကာ အလွန်ကြမ်းတမ်းသော အခြေအနေများတွင်သာအသုံးပြုနိုင်သည်။ သိုင်းပညာရှင်များကို ဆက်တိုက်အနိုင်ယူခြင်းဖြင့် ချူးယွင်ဖန်း၏ အရောင်အဝါသည် တဖြည်းဖြည်းမြင့်တက်လာသည်။ ထိုသို့ မြင့်တက်လာသည်နှင့် အမျှ ချူးယွင်ဖန်းသည် သူ၏ ပုံမှန်စွမ်းအင်ထက် အဆပေါင်းများစွာ ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် ပေါက်ကွဲထွက်လာ၏။

တစ်နည်းဆိုရလျှင် ယခင် ကျင့်ကြံရေးနည်းလမ်းအားလုံးသည် ဤနောက်ဆုံးတိုက်ခိုက်မှုကိုအပြီးသတ်ရန်သာဖြစ်သည်။ လူများစွာကို အနိုင်ယူနိုင်ခဲ့လေလေ၊ ဤနောက်ဆုံးတိုက်ခိုက်မှု၏ စွမ်းအားသည် ပို၍ တုန်လှုပ်ဖွယ်ကောင်းလေလေဖြစ်၏။ ဤစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးနှင့် ထပ်တူကျသည်။ တကယ်တမ်းတွင် စွမ်းအားကြီးရန်သူများကို အနိုင်ယူရန် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို ချေးငှားယူထားသကဲ့သို့ပင်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားယူနိုင်ရန် ချူးယွင်ဖန်းသည် အနည်းဆုံး Innate Stage သို့ရောက်ရှိနေရန်လိုအပ်သည်။ သူ၏ လက်ရှိအဆင့်ဖြင့် ဤစွမ်းအင်ကို အသုံးပြုရန် မဖြစ်နိုင်သော်လည်း သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိသောကြောင့်သာ ဤသို့အသုံးပြုနိုင်ခြင်းဖြစ်သည်။ မှန်သည်၊ သူထုတ်သုံးနိုင်သော စွမ်းအင်သည် မှတ်ဉာဏ်များထဲမှ စွမ်းအင်ထက် များစွာနိမ့်ကျနေသေး၏။

ဤသိုင်းကွက်အတွက် လိုအပ်ချက်သည် ပြင်းထန်မှုဖြစ်သည်။ သာမန်လူများကို အနိုင်ယူရန် အသုံးချခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူနှင့် အဆင့်တူညီသည့် ပညာရှင်များကို အနိုင်ယူနိုင်မှသာ အနိုင်မခံအရှုံးမပေးသော ယုံကြည်မှုမျိုးကို မွေးမြူတည်ဆောက်နိုင်မည်ဖြစ်သည်။ အင်အားနိမ့်လွန်းသော ပြိုင်ဘက်မည်မျှကို အနိုင်ယူနိုင်ပါစေ၊ ထိုသို့ ကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။

ဤကြမ်းတမ်းသော အခြေအနေများကို ဆေးဧကရာဇ်သည် အကြိမ်အနည်းငယ်မျှသာ အသုံးပြုခဲ့ဖူးသည်။ အရေးအကြီးဆုံးမှာ ဤပေါက်ကွဲအားသည် အသုံးပြုသူအား ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်သည်။ ကမ္ဘာနှစ်ခုလုံးတွင် အကောင်းဆုံးဟူသောအရာမရှိပေ။ သူ့တွင်ရှိသည်ထက် သာလွန်သော ခွန်အားကို ရရှိရန် ချူးယွင်ဖန်းသည် ကြီးမားသော အဖိုးအခကို ပေးဆောင်ရန်လိုအပ်၏။

သို့သော် ချူးယွင်ဖန်းသည် ယခုအချိန်တွင် ရွေးချယ်စရာမရှိပေ။ သူဤအခြေအနေထိရောက်နေပြီဖြစ်သဖြင့် နောက်မဆုတ်နိုင်တော့ပေ။ ကောလဟာလများအရ သူသည် တည်ငြိမ်သမုဒ္ဒရာမြို့တွင်ရှိသော အထက်တန်းကျောင်းသားများအားလုံးကို အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုဖြစ်လာခဲ့သည်။

ချူးယွင်ဖန်းသည် လက်ရှိ သူ့ရှေ့တွင်ရပ်နေသော ရန်သူများ၌ မည်သို့သော စွမ်းအားမျိုးရှိသည်ကို မသိပေ။ သူတို့ကို အမြန်ဆုံးဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ရာ၊ သူ၏ နောက်ဆုံး သိုင်းကွက်ကို အသုံးပြုမည်ဖြစ်သည်။

ရှေ့တွင်ရပ်နေသော ကျောင်းသားများသည် သူ့စကားကြောင့် ဒေါသဖြစ်လျက်ရှိကြသည်။ သူသည် ၎င်းတို့၏ မာနကို နင်းချေပစ်လိုက်ခြင်းပင်ဖြစ်သည်။

“သွားကြ၊ သူ့ကို ခြေတွေလက်တွေချိုးပစ်စမ်း” အနီရောင်တောက်တောက်ဝတ်ထားသော လူငယ်က အော်ပြောလိုက်သည်။

“မှတ်ထား ချူးယွင်ဖန်း၊ မင်းကိုတိုက်ခိုက်နေတဲ့သူက ကျန်းဟွေ့ခရိုင်က လန်ဟွမ်ယုပဲ”

အနီရောင်တောက်တောက်ဝတ်ထားသော လူငယ်သည် သူ၏ပြင်းထန်သော အရောင်အဝါကို ထုတ်လွှတ်လိုက်ရာ ၎င်းသည် လူတိုင်း၏ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ကို ကျော်လွန်လျက်ရှိသည်။ သူသည် သိသိသာသာပင် အခြားသူများထက် အဆပေါင်းများစွာသန်မာ၏။

အခြားသူများထက် တစ်ဆင့်မြင့်သော်လည်း ဤနေရာသည် ၎င်းတို့၏ သက်ဆိုင်ရာအထက်တန်းကျောင်းများမှ လက်ရွေးစင်များတင်မဟုတ်ပေ။ သူတို့၏ခရိုင်များမှလက်ရွေးစင်များပင်ဖြစ်နိုင်၏။ လန်ဟွာယုသည် ၎င်းတို့အားလုံးထက် သာလွန်နေသည်မှာ ကြောက်စရာကောင်းသည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန်ပင် ခက်ခဲလိမ့်မည်မဟုတ်ပေ။ သည်သည် ပြည်ထောင်စုတက္ကသိုလ်မှ လက်ရွေးစင်ကျောင်းသားများကိုပင် စိန်ခေါ်နိုင်လောက်၏။

ချူးယွင်ဖန်းအား ကျောင်းသားသုံးဆယ်ကျော်ဝိုင်းရံထားသော်လည်း သူသည် မလောက်လေးမလောက်စားလုပ်၍ရသူမဟုတ်ပေ။ နတ်ဘုရားကိုးသွယ် အသွင်ပြောင်းခြင်းကိုအသုံးပြုကာ သူသည် လူအုပ်ထဲသို့တည့်တည့် ချီတက်လာ၏။ သူတို့အားလုံးသည်လည်း တွန့်ဆုတ်နေခြင်းမရှိဘဲ ဝမ်းသာနေကြသည်။ ချူးယွင်ဖန်းသည် သေခြင်းတရားဆီသို့ တည့်တည့်တိုးဝင်လာသည်ဟု ခံစားမိကြ၏။

သို့သော် သူတို့မှားကြောင်း လျင်မြန်စွာသဘောပေါက်သွားကြသည်။ ချူးယွင်ဖန်း စတင်တိုက်ခိုက်သောအခါတွင် သူ၏ ကြောက်မက်ဖွယ်ပြင်းထန်သော ရောင်ဝါကို ခံစားလိုက်ရသည်။ သူသည်

အနည်းငယ်မျှ အလျှော့ပေးထားခြင်းမရှိသဖြင့် သူ၏တိုက်ခိုက်မှုကို မခံနိုင်ကြတော့ပေ။

ဘမ်း

လက်ရွေးစင်ကျောင်းသားတစ်ဦးသည် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ အနက်ရောင်အရိပ်တစ်ခု သူ့ဆီသို့ နီးကပ်လာသည်ကိုသာ ခံစားမိလိုက်ကာ၊ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး လေထဲသို့ နာကျင်စွာလွင့်ထွက်သွား၏။

အခန်း(၂၄၀) တစ်ယောက်တောင် မရပ်တည်နိုင်ခဲ့ဘူး

အဝေးမှကြည့်လျှင် ချူးယွင်ဖန်းသည် ရက်စက်ကြမ်းကြုတ်သော ဒိုင်နိုဆောတစ်ကောင်နှင့် တူသည်။ သူသွားသောနေရာတိုင်းရှိ လက်ရွေးစင်ကျောင်းသားများသည် အကုန်ချေမှုန်းခံလိုက်ရ၏။

သူ့အား မည်သူမျှ တားဆီးနိုင်ခြင်းမရှိတော့ပေ။

နောက်ဆုံးတွင် ထိုကျောင်းသားများသည် လက်ရွေးစင်ကျောင်းသားအယောက်နှစ်ဆယ်ကျော်ကို ချူးယွင်ဖန်း မည်ကဲ့သို့ သုတ်သင်ခဲ့သည်ကို နားလည်သဘောပေါက်သွားကြသည်။

ချူးယွင်ဖန်း၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသည်ဖြစ်ရာ ယင်းနှင့်ထိပ်တိုက်တွေ့သည်နှင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရနိုင်၏။ ၎င်းတို့သည် ကျင့်ကြံရေးတွင် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည့်အပြင် သံချပ်ကာများဝတ်ဆင်ထားကြသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိနေကြဆဲဖြစ်သည်။ သူတို့ဝတ်ဆင်ထားသော သံချပ်ကာများသည် သာမန်ပေါ့ပါးသော သံချပ်ကာများသာဖြစ်ကာ အလွန်အစွမ်းထက်သော အရာများမဟုတ်ပေ။

စက္ကန့်ပိုင်းအတွင်းတွင် ကျောင်းသားထက်ဝက်ကျော်ခန့် ကျရှုံးသွားခဲ့သည်။

‘မြန်ဆန်မှု’

‘တိကျမှု’

‘ရက်စက်မှု’

ချူးယွင်ဖန်း၏ လက်ထဲတွင် ဤစကားလုံးသုံးလုံးကို ထင်ရှားစွာ ပြသလျက်ရှိသည်။

သို့သော် မည်သည့် လက်ရွေးစင်ကျောင်းသားတစ်ဦးတစ်ယောက်မျှ လက်လျှော့နောက်ဆုတ်သွားခြင်းမရှိပေ။ ချူးယွင်ဖန်းသာ နယ်မြေ(၂)ကို အမှန်တကယ်ပြောင်းပြန်လှန်ပစ်မည်ဆိုပါက သူတို့ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အားလုံး စုပေါင်းကာ သူ့အားတိုက်ခိုက်လျက်ရှိကြရာ၊ လန်ဟွာယုသည် နောက်ဆုံးတွင် ချူးယွင်ဖန်းဆီသို့ ချီတက်လာ၏။ ချူးယွင်ဖန်းသည် အလွန်စည်းကျော်နေပြီဖြစ်ကာ သူမည်သို့ ဝင်မပါဘဲဆက်လက်သည်းခံနိုင်လိမ့်မည်နည်း။

လန်ဟွာယုသည် ခုန်ကျော်ကာ ချူးယွင်ဖန်းအားတိုက်ခိုက်လိုက်သည်။ အခြားသူများနှင့် ယှဥ်လျှင် သူသည် ပို၍ မြန်ဆန်ကာ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပိုမို ကြောက်မက်ဖွယ်ကောင်း၏။ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်သည် ပထမအဆင့်ထက်သိသိသာသာ ပို၍အစွမ်းထက်သည်။ မည်သူမျှသတိမပြုမိခင်တွင် သူ့လက်ထဲ၌ ဓားတစ်ချောင်းပေါ်လာကာ လျှပ်စီးလတ်သကဲ့သို့ တိုက်ခိုက်လိုက်သည်။

သားကောင်ကို ခုန်အုပ်နေသည့်လင်းယုန်ငှက်ကဲ့သို့ ချီတက်လာသောလူကိုကြည့်ကာ ချူးယွင်ဖန်းသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ သူ့လက်ထဲမှဓားဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

ချလန်

ဓားသွားနှစ်စင်းသည် လျှပ်စီးလတ်သကဲ့သို့ တိုက်မိသွားကြသည်။ ဓားများအပေါ်ရှိ ချီစွမ်းအင်၏ပတ်ပတ်လည်တွင် ကြီးမားသော စွမ်းအင်တစ်ခုက ရစ်ပတ်သွားသည်။

ထိုထိတိုက်မှုသည် တစ်စက္ကန့်မျှသာကြာ၏။

သစ်ပင်ဟောင်းတစ်ပင် မြေကြီးထဲသို့ အမြစ်တွယ်နေသကဲ့သို့ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှပင်မလှုပ်ပေ။ သို့သော် လန်ဟွမ်ယုသည် လျှပ်စီးတစ်စင်းဖြင့်တိုက်မိသကဲ့သို့ ခံစားလိုက်ရကာ အနောက်သို့ လွင့်ထွက်သွား၏။ သူ့တွင် လျှပ်စီး၏ စွမ်းအင်ရှိကာ ချူးယွင်ဖန်းထံသို့ ကြီးမြတ်သော ခွန်အားဖြင့်တိုက်ခိုက်ခဲ့သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ သူသည်သာ ချူးယွင်ဖန်း၏ ခွန်အားကြောင့်သာ သူလွင့်ထွက်သွားခဲ့ရ၏။

သူသည် လေထဲတွင် အကြိမ်ပေါင်းများစွာ လှည့်နေပြီးမှ ထိုကြီးမားလှသောစွမ်းအားကို ဖယ်ထုတ်နိုင်ခဲ့သည်။ သူမြေပြင်ပေါ်သို့ ဆင်းလာသည်နှင့် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအားကို မတုံ့ပြန်နိုင်ခင်တွင်ပင် သူ့ရှေ့၌လူတစ်ယောက်ပေါ်လာ၏။

ယင်းသည် ချူးယွင်ဖန်းမှလွဲ၍အခြားသူမဟုတ်ပေ။

လန်ဟွမ်ယုသည် တုန်လှုပ်ခြောက်ခြားကာ ဒေါသဖြစ်လျက်ရှိသည်။ ချူးယွင်ဖန်းသည် သူ့နောက်သို့လိုက်ခဲ့ကာ ညှာတာထောက်ထားမှု လုံးဝပြသခြင်းမရှိခဲ့ပေ။ လန်ဟွမ်ယုသည် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းကာ ဟန်ချက်ညီအောင်မထိန်းနိုင်ခင်တွင်ပင် ချူးယွင်ဖန်းသည် သူ့ထံသို့ ဓားဖြင့် ဝှေ့ယမ်းနှင့်ပြီးဖြစ်၏။ အနက်ရောင်အလင်းတန်းတစ်ခုသည် လျှပ်စီးကြောင်းကဲ့သို့ ပေါ်ထွက်လာကာ သူ့ရှေ့ရှိ စွမ်းအားကြီးရန်သူများအားလုံးကို အလွယ်တကူ ခုတ်ဖြတ်လိုက်သည်။

ဘွန်း

ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် လန်ဟွာယု၏ အနီရောင် သံချပ်ကို ဖြတ်လိုက်၏။ ၎င်းသည် အတွင်းထိ မခုတ်ဖြတ်နိုင်သော်လည်း ဓားချက်တစ်ခုသည် သံချပ်ကာပေါ်၌ပေါ်လာ၏။ ထို့ထက်ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်း၏ စွမ်းအားသည် လန်ဟွာယု့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထိရောက်သွားခြင်းဖြစ်သည်။

ဘွန်း ဘွန်း ဘွန်း

လန်ဟွာယုသည် မြေပြင်ပေါ်တွင် မတ်မတ်မရပ်နိုင်တော့ဘဲ ခြေလှမ်းများစွာနောက်သို့ဆုတ်ပြီးမှ ဟန်ချက်ကို ပြန်ထိန်းနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများ ခါယမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဆိုးဝါးသော စွမ်းအင်တစ်ခု သူ့ရင်ဘက်တွင် ကပ်ညိနေသကဲ့သို့ မခွာနိုင်တော့ပေ။

ချူးယွင်ဖန်းသည် ဤအခွင့်အရေးကို လက်လွှတ်ခံခြင်းမရှိပေ။ သူသည် ဆက်လက်၍ လန်ဟွာယုနောက်သို့လိုက်နေဆဲဖြစ်သည်။ အခြားကျောင်းသားများသည် တစ်စုံတစ်ရာမှားယွင်နေကြောင်းသတိထားမိသဖြင့် ချက်ချင်းပင် လန်ဟွာယုကို ကာကွယ်လိူက်ကြသည်။ သူတို့၏ခွန်အားသည် ချူးယွင်ဖန်း သို့မဟုတ် လန်ဟွာယုလောက် မကောင်းမွန်ကြသော်လည်း ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ရှိ လက်ရွေးစင်များဖြစ်နေကြဆဲဖြစ်သည်။ သူတို့၏ ခွန်အားက နိမ့်ကျသော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံသည်မူ မနည်းပါးပေ။

ကျောင်းသားနှစ်ယောက်သည် ချူးယွင်ဖန်း၏ ဘေးနှစ်ဖက်သို့ကပ်ကာ သူ၏လမ်းကို တားဆီးလိုက်သည်။ ချူးယွင်ဖန်းသည်မူ ကြောက်ရွံ့ခြင်းအလျင်းမရှိ၊ နတ်ဘုရားကိုးသွယ် အသွင်ပြောင်းခြင်းကို အသုံးပြုကာ လေးနက်သော ခြေလှမ်းများဖြင့် ကျောင်းသားနှစ်ယောက်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ဓားဖြင့် ဝှေ့ယမ်းလိုက်၏။

“ကောင်းကင်မိုးကြိုး”

ဓားသည် ကောင်းကင်ကို နှစ်ခြမ်းခွဲနိုင်လောက်သည့် အရှိန်ဖြင့် လူနှစ်ဦးထံသို့ ကျရောက်သွားသည်။

ဤသို့သော အရာမျိုးမဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။ ဤမျှကြောက်မက်ဖွယ်မြင်ကွင်းမှာ ချူးယွင်ဖန်း၏ အလွန်လျင်မြန်သော အရှိန်ကြောင့်သာဖြစ်သည်။

ချလန်

ချလန်

ကျယ်လောင်သော ဓားသံများ ပေါ်ထွက်လာသည်။

သံချပ်ကာဝတ်ဆင်ထားသော ကျောင်းသားနှစ်ယောက်သည် ဓားဖြင့် ထိမှန်ကာ နောက်သို့လွင့်ထွက်သွားကြသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် သူတို့နှစ်ဦး ပြန်လည်မထနိုင်ခဲ့ပေ။ ဒေါသအိုး ဆူပွက်နေသည့် ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်စွမ်းအင်ကို အသုံးပြုလျက်ရှိသည်။ ဤအရာများအားလုံးကိုဖော်ပြရန် အချိန်အတော်ကြာမည်ဖြစ်သော်လည်း လက်တွေ့တွင် အောင်နိုင်သူကို စက္ကန့်ပိုင်းအတွင်းတွင် ဆုံးဖြတ်နိုင်၏။

လန်ဟွာယုသည် ချူးယွင်ဖန်း၏လမ်းမှာရှင်းသွားရုံသာမက သူ့အပေါ်၌ပင်ရှိနေကြောင်းသတိထားမိလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ တစ်ဟုန်ထိုး တိုးမြင့်လာကာ ကိုယ်တွင်းအင်္ဂါများ ခါယမ်းနေသော်လည်း ချူးယွင်ဖန်းသည် ဆက်လက်တိုက်ခိုက်နေသဖြင့် သူ့တွင်ရွေးချယ်စရာမရှိပေ။ ဝင်လာသော တိုက်ခိုက်မှုကို တားဆီးရန် သူ၏ဓားကိုမြှောက်လိုက်သည်။

ချလန်

ဓားသွားနှစ်စင်းသည် တစ်ခုနှင့်တစ်ခုတိုက်မိကာ မီးပွားများ နေရာအနှံ့သို့ လွင့်စင်ကုန်သည်။

လန်ဟွာယုသည် တိုက်ခိုက်မှုကို မခံနိုင်သဖြင့် နောက်သို့ဆုတ်သွားပြန်သည်။ သူ့လက်တစ်ခုလုံးထုံကျင်ကာ ယောင်ယမ်းနေသကဲ့သို့ ခံစားရသည်။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် အမူအယာအနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ ရှေ့သို့သာ ဆက်လက်ချီတက်လာ၏။

“အကုန်ထုတ်သုံးလိုက်” လန်ဟွာယုက အော်ဟစ်ပစ်လိုက်သည်။

သူသည် ချူးယွင်ဖန်းကို ထိပ်တိုက်ရင်ဆိုင်ရန် ဓားကို သူ့လက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့လုပ်ရပ်များအတွက် နောင်တရနေမိသည်။ သူဤအရှုပ်အထွေးတွင်ပါဝင်ခဲ့မိသည့်အတွက် နောင်တရလျက်ရှိသည်။ ချူးယွင်ဖန်းသည် သူထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်း၏။

သူ၏စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့် ကျင့်ကြံအားဖြင့် ချူးယွင်ဖန်းကို ဖြုတ်ချရန် လွယ်ကူလိမ့်မည်ဟု သူထင်ခဲ့သည်။ ထိုအချိန်တွင် သူနာမည်ကောင်းရလာလိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ထိုသို့မဖြစ်ခဲ့ပေ။ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်တွင်ရှိသောသူသည် ပထမအဆင့်တွင်သာရှိသေးသော ချူးယွင်ဖန်းထံတွင် အကြိမ်ကြိမ်အနိုင်ယူခံနေရလျက်ရှိသည်။ သူ့တွင် ပြန်လည်ခုခံနိုင်စွမ်းမရှိပေ။

ချူးယွင်ဖန်းသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။ ဓားကို လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ လက်နှစ်ဖက်ဖြင့်ဓားကိုင်ထားသော လန်ဟွာယုကို နှိမ်နှင်းခဲ့သည်။ ထို့အပြင်၊ သူ့အား တားဆီးရန် ပြေးဝင်လာသော အခြားလက်ရွေးစင်ကျောင်းသားများကို ဖယ်ရှားပစ်ရန်ပင် အချိန်ရှိသေး၏။

ချူးယွင်ဖန်း ဤလက်ရွေးစင်ကျောင်းသားများကို တိုက်ထုတ်ချိန်တွင်သာ သူ အသက်ရှုရန်အချိန်ရ၏။

သို့သော် ချက်ချင်းပင် ချူးယွင်ဖန်း၏ တိုက်ခိုက်ခြင်းကို ခံရပြန်၏။

ချူးယွင်ဖန်းသည် လုံးဝကြီးစိုးလျက်ရှိသည်။ စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ရှိ လက်ရွေးစင်ကျောင်းသားများသည် ဒေါသအလွန်ထွက်နေသည့် ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်ကိုပင် မခံနိုင်ကြဘဲ တစ်ယောက်ပြီးတစ်ယောက်လွင့်ထွက်သွားကြသည်။

တစ်ယောက်လာပါက တစ်ယောက်လွင့်ထွက်သွားကာ၊ နှစ်ယောက်လာလျှင် နှစ်ယောက်လွင့်ထွက်သွားမည်ဖြစ်သည်။

နောက်ဆုံး ဓားနှစ်ချောင်းတိုက်မိသောအခါတွင် လန်ဟွာယု၏ လက်ထဲမှ ဓားသည် ချက်ချင်းလွင့်ထွက်သွားသည်။ ချူးယွင်ဖန်းသည် အရှိန်လုံးဝမလျှော့ဘဲ လန်ဟွာယုအား ခုတ်ပစ်လိုက်၏။

လန်ဟွာယုသည် ရင်ဘက်ကို အခုတ်ခံလိုက်ရသဖြင့် အာခေါင်ခြစ်အော်လိုက်မိသည်။ သံချပ်ကာဖြင့်ကာကွယ်ထားသော်လည်း အဝေးသို့လွင့်ထွက်သွားရသည်။ ထို့နောက် ဘေးဘက်ရှိ နံရံတစ်ခုဆီသို့ အရှိန်ပြင်းပြင်းတိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ့ဓားကိုပြန်သိမ်းလိုက်သည်။

သူ့ဘေးတွင် မည်သူမျှ ရပ်မနေကြတော့ပေ။

All Chapters