← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း(၂၂၆) သားရဲအုပ်ကို တိုက်ခိုက်ခြင်း

အချက်ပေးသံသည် အခြေစိုက်စခန်းတစ်ခုလုံးကို တုန်ခါသွားစေသည့်အပြင် လူတိုင်း တုန်လှုပ်သွားကြသည်။ ဤအချက်ပေးသံသည် မွန်းစတားသားရဲများကိုသာ ဆိုလိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူမှာ သားရဲများသာဖြစ်ကြသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းသည် စည်းစနစ်ကျသော ခြေသံများကို ကြားလိုက်ရ၏။ တပ်သားများ ချီတက်လာခြင်းဖြစ်ကာ အခြေစိုက်စခန်း(၁၅)တွင် တပ်သားများရှိနေသေး၏။ ကျောင်းသားများနှင့် နေရာခွဲထားခြင်းသာဖြစ်ကာ နောက်ဆုံးတွင်မူ သားရဲအုပ်ကို ကျောင်းသားများ၏အင်အားဖြင့် တားဆီးရန်မဖြစ်နိုင်ပေ။

အလျင်လျင်မြန်စွာပင် သူတို့သည် အခြေစိုက်စခန်း(၁၅)မှ သတင်းကို လက်ခံရရှိခဲ့ကြသည်။ အပြင်ဘက်တွင် အမှန်တကယ်ပင် သားရဲတစ်အုပ်ရှိနေ၏။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ဤတိုက်ပွဲတွင် ပါဝင်ချင်ပါက သတ်မှတ်နေရာသို့သွားရမည်ဖြစ်ကြောင်း ကျောင်းသားများကို အသိပေးလိုက်သည်။ ကျောင်းသားများသည် သားရဲများကို တိုက်ခိုက်ရန်နှင့် သူတို့ကိုယ်သူတို့ လေ့ကျင့်ရန် ထိုနေရာတွင်သာပြုလုပ်နိုင်မည်ဖြစ်ကာ ကျန်နေရာများအားလုံးကိုမူ စစ်တပ်မှစောင့်ကြပ်ထား၏။

ချူးယွင်ဖန်းနှင့် ကျန်းဟုန်ကျဲတို့ကြားတိုက်ပွဲကို တွေးတောရန် အချိန်မရှိကြတော့ပေ။ ယခု သူတို့အားလုံး တိုက်ပွဲဝင်ရန် အလှည့်ကျလာပြီဖြစ်သည်။

၎င်းတို့ထဲမှ အများစုသည် တတိယနှစ်ကျောင်းသားများအတွက် စီစဥ်ပေးထားသော တိုက်ပွဲတွင်ပါဝင်ခဲ့ကြသော်လည်း ၎င်းသည် မကောင်းဆိုးဝါသားရဲအုပ်ကို ရင်ဆိုင်ခြင်းနှင့်တော့ နှိုင်းယှဥ်မရပေ။

လူတိုင်းသည် ဟင်းလင်းပြင်သို့ ဦးတည်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် နယ်မြေ(၁)နှင့် နီးကပ်လျက်ရှိသောကြောင့် အချိန်တိုလေးအတွင်းတွင်ပင် ထိုဟင်းလင်းပြင်၏ အုတ်တံတိုင်းများဆီသို့ရောက်ရှိသွား၏။

အခြေစိုက်စခန်း၏ အုတ်တံတိုင်းများသည် အမြင့် နှစ်ဆယ်မီတာခန့်သာရှိသည်။ ပျံသန်းနေသော သားရဲများထက် သာမန်သားရဲများသည် ဤအကွာအဝေးကို တွန်းလှန်ရန်မလွယ်ကူပေ။

နံရံများပေါ်သို့ကျော်တက်ပြီးနောက် ကျောင်းသားများသည် သားရဲများနှင့် လူသားများအကြားတိုက်ပွဲကို နောက်ဆုံးတွေ့မြင်လိုက်ရပြီဖြစ်သည်။

၎င်းတို့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ရေလှိုင်းကဲ့သို့ အဆုံးမရှိ ပျံ့နှံ့နေသော သားရဲများသည် လှည့်လည်နေကြ၏။ ဤသည်မှာ သားရဲအုပ်အသေးစားသာဖြစ်သော်လည်း ဤကြီးမားသော မြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေသည်။ ကောင်းကင်၊ မြေပြင်၊ တောင်ကုန်း၊ သစ်တော အစရှိသည့်နေရာတိုင်းတွင် ကြောက်မက်ဖွယ်သားရဲများဖြင့်ပြည့်နေ၏။

သားရဲများနှင့်ပတ်သက်၍ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ၎င်းတို့၏မျိုးပွားမှုနှုန်းဖြစ်သည်။ လူသားများနှင့် နှိုင်းယှဥ်ပါက ပို၍ပင် ကွာခြားသည်။ သားရဲများအတွက် တစ်ကြိမ်တွင် သားပေါက် တစ်ဒါဇင်ကျော်နှုန်း မွေးဖွားခြင်းမှာသာမန်ဖြစ်သော်လည်း လူသားများသည်မူ တစ်ကြိမ်တွင် ကလေးတစ်ယောက်သာ မွေးဖွားနိုင်စွမ်းရှိသည်။

သားရဲများကြီးပြင်းလာသည်နှင့် ၎င်းတို့သည် လူသားများကို သတ်နိုင်လာကာ အလွန်အစွမ်းကြီးလာကြသည်။ အကယ်၍လူသားများသည်သာ အရင်းအမြစ်များကို မရှာဖွေနိုင်၊ အသိပညာများကို လက်ဆင့်မကမ်းနိုင် သို့မဟုတ်သိုင်းပညာများကို မသင်ကြားနိုင်ပါက၊ ၎င်းတို့ အရွယ်ရောက်ပြီးသည့်တိုင် သားရဲများ၏ဒဏ်ကို ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။။ ထို့ကြောင့် လူသားများသည်နည်းပညာ၌အားသာချက်ရှိသော်လည်း တခြား အားသာချက်ကြီးကြီးမားမားမရှိခြင်းဖြစ်သည်။

ယခုအချိန်တွင် အခြေစိုက်စခန်း(၁၅)တွင် တပ်စွဲထားသော တပ်များသည် ၎င်းတို့၏အင်အားကို နောက်ဆုံးတွင် ပြသပြီဖြစ်၏။ မရေတွက်နိုင်အောင်များပြားသော သတ္ထုကျည်ဆန်များသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ အဆက်မပြတ်ပေါ်ထွက်လာလျက်ရှိသည်။ အမြှောက်များကိုလည်း အနောက်ဘက်မှ ကြမ်းကြုတ်စွာပစ်ခတ်လျက်ရှိကြသည်။ တစ်ချက်ပြီးတစ်ချက်ပစ်ခတ်လိုက်တိုင်းတွင် သားရဲစုတစ်စုထံသို့ ထိမှန်သွားမည်ဖြစ်ကာ အရိုးများပင်ကျန်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သားရဲများသည် အဘက်ဘက်မှ ဆက်တိုက်ထွက်ပေါ်လာ၍ ကွင်းပြင်တစ်ခုလုံး ပြည့်နှက်လျက်ရှိသည်။

ကောင်းကင်ယံတွင် များစွာသော သားရဲများပျံသန်းလျက် အော်ဟစ်တိုက်ခိုက်နေကြသည်။

ထူထဲသော လေဆာရောင်ခြည်များသည် ကောင်းကင်ကိုဖြတ်၍ ပျံသန်းနေသော မကောင်းဆိုးဝါးများကိုထိသောအခါ ၎င်းတို့ အပိုင်းပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။

ကျောင်းသားများသည် ဤကြီးကျယ်ခမ်းနားသော တိုက်ပွဲကိုမြင်သောအခါ တောင့်တစိတ်ကို ထိန်းမရနိုင်တော့ဘဲ လွန်စွာစိတ်လှုပ်ရှားနေကြသည်။

ထို့နောက် အသံလွှင်ချက်တစ်ခုပေါ်ထွက်လာ၏။

“ကွင်းပြင်နေရာကို စဖွင့်ပါတော့မယ်။ ကျောင်းသာများအားလုံး အဆင်သင့်ပြင်ထားကြပါ”

ထို့နောက် ‌ကျောင်းသားများမတ်တပ်ရပ်နေသော နေရာရှိနံရံများသည် တဖြည်းဖြည်း လျော့ကျလာသည်။ နံရံများအားလုံးသည် အလိုရှိသည့်အချိန်တွင် လျော့ကျစေနိုင်ကာ ပြန်လည်မြှင့်တင်နိုင်သည်။ လိုအပ်ပါက ၎င်းတို့ကို မီတာတစ်ရာကျော်အထိ မြှင့်တင်နိုင်ပြီး သားရဲအများစုကို တားဆီးနိုင်သည်။ သားရဲများနှင့် ၎င်းတို့ရင်ဆိုင်ရမည့် ကွင်းပြင်သည် ဆယ်ကီလိုမီတာခန့်ကျယ်ပြော၏။

အဝေးမှ ချီတက်လာသော သားရဲများကို လှမ်းကြည့်ကာ ကျောင်းသားအတော်များများသည် မိမိတို့၏လက်ဖဝါးတွင် ချွေးများစီးကပ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် အနာဂတ်လက်ရွေးစင်များသို့မဟုတ် လူသားမျိုးနွယ်၏ မဏ္ဍိုင်များဖြစ်လျှင်ပင် ဆိုရိုးတစ်ခုမှာတော့ မှန်နေဦးမည်ဖြစ်သည်။ အမှန်ပင် ၎င်းတို့သည် ဖန်လုံအိမ်ထဲတွင် ပျိုးထားသော ပန်းပင်များဖြစ်ကြသည်။ ၎င်းသည် စစ်မှန်သောတိုက်ပွဲတစ်ခုမဟုတ်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းနေသေး၏။

ထိုလူများအကြားတွင် အချို့သည် ကြောက်ရွံ့လျက်ရှိကာ အချို့မှာမူ တည်ငြိမ်စေရန် မိမိကိုယ်ကိုယ်အတင်းအကြပ်ဖိအားပေးထားကြသည်။ ချူးယွင်ဖန်းသာလျှင် အမှန်တကယ်တည်ငြိမ်နေခဲ့၏။

သူသည် တစ်လလုံးလုံး တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့တော်ကို ဖြတ်ကျော်လာနိုင်သည့် သားရဲအုပ်ကြီးကိုပင် ရင်ဆိုင်ခဲ့ရဖူးသည်။ ဤသို့သော အဆင့်မမြင့်သည့် သားရဲအုပ်ကိုမဆိုနှင့် ချူးယွင်ဖန်းသည် အခြေအနေမြောက်များစွာတွင် အလွန် တည်ငြိမ်နေခဲ့သည်။ ဘာကိုမှ ကြောက်စရရာမရှိပေ။

“အားလုံးပဲ၊ သတိထားကြပါ။ သားရဲတစ်ကောင်ကို ရင်ဆိုင်ရာမှာ အရေးအကြီးဆုံးအရာက ကြောက်မနေဖို့ပဲ။ ဒီအကောင်တွေက ဘာကြောက်စရာမှမရှိပါဘူး။ သူတို့က ဆောင်းရာသီတစ်ခုလုံး အစာငတ်နေခဲ့ကြတာ၊ ကြောက်မနေရင် ပြဿနာကြီးစရာမရှိပါဘူး” ချူးယွင်ဖန်းကပြောလိုက်သည်။

သူ့ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် ယွင်နင်ခရိုင်မှဖြစ်ကြကာ အမှတ်(၁၃)အထက်တန်းကျောင်းသားများပင်ပါဝင်သည်။ လူတိုင်းသည် သူ့စကားကို အသိအမှတ်ကာ လေးနက်စွာခေါင်းညိတ်လိုက်ကြသည်။

သူတို့ကို မည်သည့်စကားမှထပ်ပြောရန် အချိန်မပေး‌တော့ဘဲ သားရဲအုပ်သည် သူတို့အပေါ်သို့ ခုန်အုပ်လိုက်သည်။ စစ်တပ်မှ ၎င်းတို့အား လွှတ်ပေးလိုက်သည်နှင့် ဤသားရဲများသည် မရပ်တန့်တော့ပေ။

တစ်ခဏအတွင်း ထောင်နှင့်ချီသော သားရြများနှင့် ကျောင်းသားထောင်ပေါင်းများစွာတို့သည် ဆယ်ကီလိုမီတာခန့်အကျယ်ရှိသော ကွင်းပြင်တွင် အပြင်းအထန်တိုက်ခိုက်နေကြမှာ ရေလှိုင်းများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေသကဲ့သို့ပင်ဖြစ်သည်။

မြို့တံတိုင်းပေါ်တွင် ရွှယ်ပိုင်လုံသည် မျက်နှာမပြဘဲ မတ်တပ်ရပ်နေ၏။ သူ့ဘေးတွင်မူ ပညာရေးဗျုရိုမှ မစ္စတာလင်းရှိသည်။

“ဒီကျောင်းသားတွေက သွေးကို သိပ်မမြင်ဖူးကြဘူး။ မင်းသူတို့ကို ဂရုစိုက်ပေးရမယ့်ပုံပဲ” မစ္စတာလင်းကပြုံး၍ပြောလိုက်သည်။

“ဘယ်သူကမှ သွေးကိုမြင်ပြီးမွေးလာကြတာမဟုတ်ဘူး။ ကျုပ်လက်အောက်က တပ်သားသစ်တွေနဲ့ယှဥ်ရင် ဒီကျောင်းသားတွေအားလုံးက အရမ်းထူးချွန်ကြပါတယ်။ သူတို့ တွေးကို မြင်တာနဲ့ သူတို့ မြန်မြန်အသားကျလာကြလိမ့်မယ်။ စွမ်းအားကြီးမကောင်းဆိုးဝါးတွေကို သတ်ဖို့ ကျုပ်လူတွေကို အမိန့်ပေးထားပြီးသားပါ။ ဘာကြီးကြီးမားမား ပြဿနာမှမဖြစ်လာနိုင်ပါဘူး”

ရွှယ်ပိုင်လုံက ဤသို့ပြောပြီးနောက် မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် မစ္စတာလင်းသည် သူ့အား စိတ်မသက်မသာဖြစ်စေသည့်လူတစ်ယောက်ကဲ့သို့ အမြဲတစေခံစားရသော်လည်း မည်သည့်အကြောင်းကြောင့်မှန်း မသိပေ။ မစ္စတာလင်းသည် တည်ငြိမ်သမုဒ္ဒရာမြို့၏ ပညာရေးဗျူရိုနှင့် ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုသည်။ တပ်မတော်နှင့် အစိုးရအကြားတွင် ရှည်လျားသော ပူး‌ပေါင်းဆောင်ရွက်မှုသမိုင်းကြောင်းရှိခဲ့သဖြင့် ၎င်းကို ရွှယ်ပိုင်လုံ မဖျက်စီးဝံ့ပေ။

“ဟုတ်တယ်။ လူတစ်ယောက်စီရဲ့ ဓားတွေက သူတို့ကိုယ်တိုင်သွေးထားတာပဲ။ ငါတို့အားလုံး ဒီသဘောတရားကိုနားလည်ပါတယ်” မစ္စတာလင်းက အနည်းငယ်ပြုံးကာပြောလိုက်သည်။

သူ့အကြည့်များသည် စစ်မြေပြင်တစ်လျှောက် ဖြတ်ကျော်ကာ၊ စစ်မြေပြင်၏ အလယ်တွင် ဓားကိုင်ထားသော ပုဂ္ဂိုလ်တစ်ဦးထံသို့ ရောက်ရှိသွား၏။

အခန်း(၂၂၇) သွေးစွန်းတဲ့တိုက်ပွဲရက်

လုံးလုံးမပြင်ဆင်ထားသော ကျောင်းသားအုပ်စုသည် လာနေသော သားရဲအုပ်နှင့် ထိပ်တိုက်တွေ့သွားကြသည်။

ဤကျောင်းသားများသည် လက်တွေ့တိုက်ပွဲများတွင် အလွန်အတွေ့အကြုံရှိသော်လည်း သေခြင်းတရားတိုက်ပွဲများတွင်အတွေ့အကြုံမရှိသောသူများအတွက်မူ အနည်းငယ် စိတ်ရှုပ်ထွေးကုန်ကြသည်။ အကိုက်ခံရသူအနည်းငယ်ပင်ရှိကြသော်လည်း ကံကောင်းစွာဖြင့် အနီးနားမှအခြား‌ကျောင်းသားတစ်ဦးက ကူညီပေးခဲ့သည်။ ထို့နောက် ကုသမှုခံယူရန် အလျင်အမြန်ဆုတ်ခွာနိုင်ခဲ့ကြသည်။

အစောပိုင်း စိတ်ရှုပ်ထွေးကာ မည်သို့လုပ်ရမည်ကို မသိခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ကျောင်းသားများသည် စတင်အသားကျလာကြသည်။ ရွှယ်ပိုင်လုံပြောခဲ့သည့်အတိုင်းပင် ဤကျောင်းသားအားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။ လူတိုင်းတွင် အရည်အချင်းရှိကာ သူတို့တွင် မရှိသည့် တစ်ခုတည်းသောအရာမှာ တိုက်ပွဲအတွေ့အကြုံသာဖြစ်သည်။ ယခုလည်း သူတို့သည် ထိုအရာအတွက် ပြင်ဆင်နေကြသည်။ အသို့သော အတွေ့အကြုံများရရန် များစွာမလိုအပ်ပေ။ ရိုးရှင်းစွာပြောရလျှင် သူတို့ ထုံယဥ်လာသည်အထိ တွေ့သမျှသားရဲများကို သတ်ပစ်ရန်သာဖြစ်ကာ ဤသို့ဖြင့် အတွေ့အကြုံကို အလိုအလျှောက်ရလာလိမ့်မည်ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ဤအရာကို အဖိုးတန်သည်ဟု ယူဆလျှင် အဖိုးတန်မည်ဖြစ်ကာ တန်ဖိုးမရှိဟုယူဆပါက တန်ဖိုးရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် သူ့အပေါ်သို့ ခုန်အုပ်လာသော သားရဲကို ဓားချက်တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။ ဤသည်မှာ ကျောင်းမှစီစဥ်သည့် တိုက်ပွဲတန်းနှင့် ကွာခြားသည်။ ဤအချိန်တွင် သူ၏ စွမ်းအင်သည် တဖြည်းဖြည်း အဆအနည်းငယ်စီတိုးလာ၏။ သူ့ဘေးတွင်ရပ်နေသော တန်စီယုနှင့် ဂေါင်ဟုန်ချီသည်လည်း သူတို့ ရင်ဆိုင်နေရသော သားရဲများကို ချေမှုန်းလျက်ရှိသည်။ သူတို့အတွက်မူ ဤသို့သော တိုက်ပွဲမျိုးသည် မထူးခြားပေ။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် သားရဲ ဆယ်ကောင်မှ တစ်ဒါဇင်အထိ ရင်ဆိုင်နေရ၏။

အို့ယန်၊ ကျန်းထန်နှင့် အခြားသူများသည်လည်း အမှတ်(၁၃) အထက်တန်းကျောင်း၏ လက်ရွေးစင်များဖြစ်သည့်အတွက် အစောပိုင်းအချိန်ခဏကြာမျှ တုန်လှုပ်သွားပြီးနောက်တွင် လျင်မြန်စွာပင် တည်ငြိမ်သွားကြသည်။

ဆောင်းရာသီတွင် ငတ်ပြတ်နေခဲ့ကြသော ဤသားရဲအများစုသည် ကိုယ်ခန္ဓာအဆင့် သို့မဟုတ် ချီပင်လယ်အဆင့်တွင်သာရှိကြသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော သားရဲအမြောက်အများမရှိပေ။ ရှိလျှင်ပင် ကျောင်းသားအများ၏ပူးပေါင်းကြိုးပမ်းမှုအောက်တွင် ၎င်းတို့ကို ချေမှုန်းရန် အနည်းငယ်မျှသာလုပ်ဆောင်ရန်လိုအပ်သည်။ နောက်ဆုံးတွင်မူ ဤကျောင်းသားများအားလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် မဝေးလှသော ကျွမ်းကျင်သူများဖြစ်ကာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ပင်ရောက်နေသော ကျောင်းသားအချို့ပင်ရှိ၏။

တစ်ခဏအတွင်းမှာပင် ထောင်နှင့်ချီသော သားရဲကောင်များ၏ ထက်ဝက်ကျော်သည် အပိုင်းပိုင်းဖြတ်ခံလိုက်ရသည်။ သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်ပေ။ ထောင်ပေါင်းများစွာသော ပိုမိုအစွမ်းထက်သည့် သားရဲများ ထပ်မံပေါ်ပေါက်လာ၏။ ချူးယွင်ဖန်းသည် ဤသည်မှာ စစ်တပ်၏ ကြိုတင်စီစဥ်ထားမှုပင်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ၎င်းတို့အား မိမိတို့ကျောင်းသားများကို ဒေါသထွက်စေရန်လုံလောက်သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်ရန် မလုပ်ဆောင်နိုင်ကြချေ။ ပထမအသုတ်သားရဲများကို မရှင်းလင်းနိုင်ခဲ့သော ကျောင်းသားများသည် နောက်တစ်သုတ်သော သားရဲများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ခံစစ်ပုံစံကို မထိန်းသိမ်းနိုင်တော့ဘဲ စတင်၍ ဆုတ်ခွာလာကြသည်။

သို့သော် ချူးယွင်ဖန်းသည်မူ သူနေရာတွင်သာရှိနေ၏။ သူ၏ အနက်ရောင်ဓားအလင်းသည် အဆက်မပြတ်တောက်လောင်နေသည်။ ဓားတစ်ချက်စီတိုင်းသည် သားရဲတစ်ကောင်ကို ချေမှုန်းနိုင်၏။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည် ချူးယွင်ဖန်း၏ ဘယ်ညာတွင်ရပ်ကာ သူ၏ဘေးဘက်ကို ကာကွယ်လျက်ရှိကြသည်။ သုံးဦးသားသည် မျှားများကဲ့သို့ ဝင်လာသော သားရဲအုပ်ကို ရင်ဆိုင်လျက်ရှိကြ၏။

သို့သော် သားရဲများတိုးလာသည်နှင့်အမျှ သူတို့သုံးဦးနှင့် အခြားသူများကြားအကွာအဝေးသည် တိုးလာ၏။ ၎င်းတို့သုံးကိးသည် မုန်တိုင်းထန်နေသော ပင်လယ်ကို ရင်ဆိုင်နေရသည့် လှေငယ်တစ်စင်းကဲ့သို့ ဤအဆုံးမဲ့သားရဲအုပ်အထဲ၌ အချိန်မရွေးနစ်မြုပ်သွားနိုင်၏။

သူတို့သုံးဦး အဓိကအဖွဲ့ထဲမှ ကွဲထွက်လာပြီးနောက် နောက်ထပ် ပိုများသော သားရဲများ၏ဒေါသသည် သူတို့ပေါ်သို့ ပုံကျလာ၏။ အဆုံးမသတ်နိုင်သော သားရဲတစ်ကောင်ပြီး တစ်ကောင်သည် သူတို့ပေါ်သို့ ခုန်အုပ်လာကြသည်။ ကြီးမားသော တိုက်ပွဲတစ်ခု၏နောက်တွင် နောက်ထပ်တိုက်ပွဲကြီးတစ်ခု လိုက်ပါလာ၏။

ပထမဆုံး လက်ပန်းကျမည့်သူမှာ ဂေါင်ဟုန်ချီသာဖြစ်သည်။ အခြားနှစ်ယောက်နှင့် နှိုင်းယှဥ်ပါက သိသာသော ကွာဟချက်ရှိသည်။ သူသည် ချီပင်လယ် အဠမအဆင့်တွင်ပင်မဟုတ်သေးဘဲ ချီပင်လယ်သတ္တမအဆင့် အထွဋ်အထိပ်၌သာရှိသေး၏။ သို့သော် သူသည် ထိတ်လန့်ခြင်းမရှိပေ။ သူတို့သုံးဦးသည် အချိန်အတော်ကြာအောင် အတူတကွလက်တွဲခဲ့ကြပြီးနောက် တိုက်ပွဲများစွာကြုံတွေခဲ့ရသည်။ သူ၏ လက်ကျန်ခွန်အားတိုင်းကို အသုံးပြုကာ ချူးယွင်ဖန်းနှင့် တန်စီယုတို့၏ကြားရှိနေရာတစ်ခုစီသို့ ဆုတ်ခွာသွားလိုက်သည်။

ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် ဂေါင်ဟုန်ချီ၏ ဘယ်နှင့် ညာကို စောင့်ကြပ်လျက်ရှိသည်။ ဂေါင်ဟုန်ချီသည် ဤအချိန်ကို အခွင့်ကောင်းယူကာ သူ၏ ခွန်အားနှင့် ချီစွမ်းအင်ကို ပြန်လည်ရရှိရန် စွမ်းအင်ဖြည့်တင်းဆေးရည်ကို သောက်သုံးလိုက်သည်။

ဂေါင်ဟုန်ချီ ဤသို့ဖြစ်ပြီးနောက် တန်စီယုသည်လည်း ဆက်လက်၍ မတောင့်ခံနိုင်တော့ပေ။ ဤတစ်ကြိမ်တွင် ‌ဂေါင်ဟုန်ချီသည် တန်စီယု၏ နေရာကို လွှဲပြောင်းယူလိုက်၏။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် အမြဲတစေ ရှေ့တန်းတွင်ရှိနေ၏။ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်အမြောက်အများမကျန်တော့ဘဲ အလျင်အမြန်ကျဆင်းလျက်ရှိသည်။ သို့သော် သူနောက်ဆုတ်မသွားပေ။ သူ့မျက်လုံးများ ပို၍ပင်တောက်ပလာသည်။ ထိုသို့သော တိုက်ပွဲသည် သူ့အား မကြောက်ရွံ့စေနိုင်သည့်အပြင် သွေးများပင် ဆူပွက်စေ၏။ ဤမျှကြီးမားသော တိုက်ပွဲကသာလျှင် သူ့ကို အမြန်ဆုံးအဆင့်တက်စေနိုင်မည်ဖြစ်သည်။

‘စွမ်းအင်သန့်စင်ခြင်းအဆင့်’

‘ငါလာပြီ’

‘တိုက်ပွဲ’

‘ဘယ်တော့မှမရပ်ဘူးကွ’

‘ဘယ်တော့မှ သွေးမအေးသွားဘူး’

အဆက်မပြတ် သတ်ဖြတ်မှုသည် သူ့ကို တဖြည်းဖြည်း ထုံကျင်လာစေသည်။

နောက်ဆုံး ညဥ့်နက်သွားသည့်အခါမှ သားရဲအုပ်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ကြီးမားသော ရှာဖွေရေးမီးများသည် တောကိုဖြတ်ကာ သားရဲများကို မောင်းထုတ်လျက်ရှိ၍ ကောင်းကင်ယံထက်တွင် လှည့်လည်သွားလာနေသော သားရဲများထံမှလည်း ကာကွယ်လျက်ရှိသည်။ ကွင်းပြင်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေ၏။ သားရဲများ၏ အ‌လောင်းများသည် တောင်များကဲ့သို့ စုပုံလျက်ရှိသည်။ လတ်ဆက်သော သွေးများသည် မြေပြင်တွင် စိုစွတ်နေ၏။ အဝေးမှကြည့်လျှင် အရာအားလုံးသည် နီရဲလျက်ရှိသည်။

နတ်ဘုရားများ၏ စစ်မြေပြင်ကဲ့သို့ပင် သွေးသံတရဲရဲဖြင့် အလောင်းများသည် တောင်ကဲ့သို့ ပုံနေ၏။

စစ်မြေပြင်တစ်ခုလုံးတွင် ကျောင်းသားများ ရှုပ်ထွေးလျက်ရှိသည်။ တချို့သည် မည်မျှညစ်ပတ်သည်ကိုပင် ဂရုစိုက်ခြင်းမရှိဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေကြကာ တစ်ညတာ အိပ်ရေးဝဝအိပ်ရရန်သာ တွေးတောလျက်ရှိကြသည်။ အချို့ကျောင်းသားများသည်မူ အဆက်မပြတ် အန်ထွက်လျက်ရှိ၏။

တိုက်ပွဲအတွင်းတွင် ဤသည်ကို မခံစားခဲ့ကြရသော်လည်း မြေပြင်ပေါ်ရှိ အလောင်းများနှင့် မရေမတွက်နိုင်အောင် များပြားသော ကိုယ်တွင်းအင်္ဂါများ၊ ဦးနှောက်နှင့် အရိုးအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲလျက်ရှိသည်ကိုမြင်လိုက်ရသောအခါတွင်မူ အန်ထွက်ကုန်ကြခြင်းဖြစ်သည်။

ယနေ့တိုက်ပွဲသည် ကျောင်းသားများ၏ နားလည်မှုကို အလုံးစုံပြောင်းလဲစေခဲ့သည်။ အထူးသဖြင့် ဤကဲ့သို့သော စစ်မြေပြင်တွင် စစ်ပွဲသည် သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ရက်စက်သည်။ သားရဲများ၏ ညစာဖြစ်လာနိုင်သဖြင့် သူတို့ အရှုံးလည်း မပေးနိုင်ခဲ့ကြပေ။ တစ်ခုတည်းသော ရွေးချယ်နိုင်သည့်လမ်းမှာ သေသည်အထိတိုက်ခိုက်နေရန်သာဖြစ်သည်။ မူလက စိတ်ကူးဖြစ်ခဲ့သော အရာများစွာသည် ယခုမူ လက်တွေ့ဖြစ်လာခဲ့၏။

သွေးစွန်းသောတိုက်ပွဲတွင် ကျောင်းသားအယောက်တစ်ရာကျော် အပြင်းအထန်ဒဏ်ရာရကာ အချို့သည် ကြေကွဲဖွယ်ကောင်းစွာ သေဆုံးခဲ့ကြသည်။ ၎င်းတို့အားလုံးသည် သားရဲမျာ၏ အကိုက်ခံရကာ ဒဏ်ရာပေါင်းများစွာရရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သံချပ်ကာဝတ်ထားခြင်းကြောင့်သာ မဟုတ်လျှင် ကျောင်းသားထောင်ချီထဲမှ ရာဂဏန်းမျှသာ အသက်ရှင်ကျန်ရစ်သွားနိုင်၏။

လူအများသည် အလွန် စိတ်နှလုံးလေးလံလျက်ရှိကြသည်။ အပြင်းအထန်ဒဏ်ရာရခြင်းသည် ကြီးမားသော ဒဏ်ရာမဟုတ်ပေ။ သူတို့မသေသရွေ့ ပြန်လည်ကောင်းမွန်လာရန် ခေတ်မီနည်းပညာဖြင့်ကုသနိုင်မည်ဖြစ်သော်လည်း သေဆုံးသွားလျှင်မူ အရာအားလုံး အဆုံးသတ်သွားမည်ဖြစ်သည်။ သူတို့သည် သေခြင်းစာချုပ်ကို လက်မှတ်ရေးထိုးပြီးကြသော်လည်း ‌သေခြင်းတရားနှင့် အမှန်စင်စစ်ရင်ဆိုင်ရသောအခါတွင်မူ တုန်လှုပ်လျက်ရှိကြသည်။ သူတို့သည် ကျောင်းသားများသာဖြစ်သည့်အတွက် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏အဓိပ္ပါယ်ကို အမှန်စင်စစ်နားမလည်ကြသေးပေ။

သို့သော် တစ်ရက်တာ တိုက်ခိုက်ပြီးသည့်နောက်တွင် ကျောင်းသားအများစု၏ ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲသွားခဲ့သည်။ ယခင်၊ သူတို့ ရောက်ကာစနှင့်ကွာခြားကာ လက်ရှိသူတို့ကိုယ်ပေါ်တွင် လူသတ်ချင်စိတ်များ ကိန်းအောင်းလျက်ရှိသည်။ ချီစွမ်းအင်နှင့် ကိုယ်ခံအားများ ကုန်ခမ်းသွားပြီးနောက်တွင် တိုးတက်မှုအချို့ကို ကြုံတွေ့လာရပြီဖြစ်၏။

ကျောင်းသားများထဲတွင် ချူးယွင်ဖန်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည် အခြားသူများနှင့် ခပ်ဝေးဝေးရှိ

မြေပြင်ပေါ်တွင် မလှုပ်မယက်လဲလျောင်းနေကြသည်။ အခြားသူများနှင့် ယှဥ်လျှင် သူတို့သည် ပိုမိုများပြားသော သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း အသက်ရှင်ကျန်ကြ၏။ ၎င်းတို့၏ ခန္ဓာပေါ်မှ သံချပ်ကာသည် ကုတ်ခြစ်ရာများ ကိုက်ခဲရာများအပြည့် ဖုံးအုပ်လျက်ရှိသည်။ သံချပ်ကာသာ မပါခဲ့ပါက ဤသုံးယောက်သည် ကြောက်မက်ဖွယ်သားရဲအုပ်၏ ရုတ်တရက်တိုက်ခိုက်မှုများကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

“ပြန်ပြီး အနားယူကြတော့၊ မနက်ဖြန်ကြ ပိုများလိမ့်မယ်” ချူးယွင်ဖန်းသည် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့အားပြောလိုက်သည်။

လူပေါင်းများစွာသည် သူတို့အား ငေးကြည့်လျက်ရှိကြသည်။ သားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ကြစဥ်တွင် လူတိုင်းသည် သူတို့သုံးဦး၏ အံ့သြဖွယ်စွမ်းဆောင်ရည်သည် ကျန်သူများထက် များစွာသာလွန်သည်ကို သတိထားမိကြသည်။

တန်စီယုနှင့် ဂေါင်ဟုန်ချီသည် သဘောတူလျက်ခေါင်းညိတ်လိုက်ပြီးနောက် အခန်းကိုယ်စီသို့ ပြန်ခဲ့ကြသည်။

သိပ်မကြာမီတွင် စစ်မြေပြင်သို့ တပ်သားတစ်စုဝင်ရောက်လာကာ သန့်ရှင်းရေး စတင်လုပ်ကြ၏။

အခန်း(၂၂၈) လဝက်တိုးတက်မှု

အထိအခိုက်များသော တိုက်ပွဲများသည် နေ့စဥ်နေတိုင်း ဖြစ်ပျက်လျက်ရှိကြသည်။ ဆောင်းရာသီ နှောင်းပိုင်းနှင့် နွေဦးရာသီအစသည် သားရဲများ၏ အစာရှာထွက်ချိန်ဖြစ်ကာ ဆောင်းခိုရာမှ နိုးထလာကြသော သားရဲများစွာသည် တစ်ကောင်ပြီးတစ်ကောင် စတင်လှုပ်ရှားလာကြ၏။

အခြေစိုက်စခန်း(၁၅)သည် တောနက်အတွင်း၌ တည်ရှိကာ ဤနေရာဝန်းကျင်တွင်လည်း သားရဲအသိုက်များစွာကို နေရာတိုင်းတွင်တွေ့နိုင်၏။ လောကတွင် သားရဲများစွာရှသိဖြင့် ယခုအချိန်ထိ မည်မျှရှိသည်ဟူသည့် အရေအတွက် အတိအကျကို ရေတွက်နိုင်ခြင်းမရှိသေးပေ။ ကုန်းမြေပေါ်ရှိ သားရဲအရေအတွက်သည် ဘီလံယံ ရာနှင့်ချီ၍ ရှိသည့်အပြင် ပင်လယ်ထဲတွင် ပို၍များပြား၏။ ဤအရေအတွက်မှာ ကမ္ဘာမြေပေါ်၌သာဖြစ်ကာ ခွန်းလွန်နယ်မြေသည်မူ အလွန်ကျယ်ပြောသဖြင့် သားရဲအရေအတွက်သည်လည်း ပို၍ပင်များပြားသည်။

ယင်းတို့သည် ခွန်းလွန်ပြည်သူများရရှိခဲ့သည့် အခြေခံပညာရေးတွင် ပါဝင်သော အချက်အလက်များသာဖြစ်သည်။ သို့သော် ဤကိစ္စမတိုင်မီတွင် သားရဲမည်မျှရှိကြောင်းနှင့် မည်မျအစွမ်းထက်ကြောင်းသည် စာရွက်တစ်ရွက်ပေါ်ရှိ ယူဆချက်တစ်ခုသာဖြစ်ခဲ့သည်။

ယခုမူ သူတို့ အပြည့်အဝနားလည်ခဲ့ကြပြီဖြစ်၏။

တစ်ရက်ပြီးတစ်ရက် ဤပြင်းထန်သော အထိအခိုက်များသည့် တိုက်ပွဲများ၏ အစတွင် ဖရိုဖရဲဖြစ်ခဲ့ကြရာမှ ယခုအဆုံးတွင်မူ အသားကျလာကြပြီဖြစ်သည်။ အထူးသဖြင့် ဤလဝက်ကာလအတွင်းတွင် သားရဲအုပ် အနည်းငယ်သည် မကြာခဏဆိုသလိုပင် ရောက်ရှိလာတတ်ကြ၏။

ဤလဝက်လေ့ကျင့်မှုအပြီးတွင် ထောင်ပေါင်းများစွာသော ကျောင်းသားများသည် ပြီးပြည့်စုံစွာပြောင်းလဲခဲ့ကြသည်။ သူတို့၏အသွင်အပြင်သည် မပြောင်းလဲသော်လည်း အတွင်းအားများသည်မူ အပြည့်အဝပြောင်းလဲသွားကြပြီဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတို့သည် အတိတ်နှင့် လုံးဝကွဲပြားသော သူနှစ်ဦးဟူ၍ ထင်ကောင်းထင်နိုင်ကြ၏။

ဤအခိုက်အတန့်တွင် တိုက်ပွဲဧရိယာအတွင်း၌ လူတစ်ဦးသည် ဓားရှည်ကို ကိုင်ဆောင်ကာ သူ့ထံသို့ ချီတက်လာသော သားရဲများကို ချေမှုန်းပစ်လျက်ရှိသည်။ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်လျက် ဓားကို ကိုင်ထားသည့်သူ့ပုံစံသည် ရှေ့တန်းကို ကာကွယ်စောင့်ရှောက်နေသည့် အနက်ရောင်စစ်နတ်ဘုရားတစ်ပါးနှင့် တူ၏။

“ကောင်းကင်မိုးကြိုး”

ချူးယွင်ဖန်းသည် အဆက်မပြတ်အော်ဟစ်လျက်ရှိသည်။ သူ၏ဓားကို လွှဲလိုက်သောအခါတွင် ၎င်းသည် မိုး

ခြိမ်းသံများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ လွန်ခဲ့သည့် လဝက်နှင့် နှိုင်းယှဥ်ပါက သူ၏ စိတ်နေစိတ်ထားသည်လည်း ပြောင်းလဲသွားသည်။ သူသည် ယခင်ကထက်ပို၍ တည်ငြိမ်လာကာ စိတ်ရှုပ်ခြင်းလျော့နည်းလာသည်။ သားရဲများစွာ၏ ဝန်းရံခံထားရချိန်တွင်ပင် ချီပင်လယ်နဝမအဆင့်သာရှိသေးသည့် သူသည် တုန်လှုပ်ခြင်းလုံးဝမရှိချေ။

လွန်ခဲ့သည့် နှစ်ပါတ်အတွ၍်းတွင် သူသည် ရှေ့တန်းစစ်မျက်နှာတွင် နေ့စဥ်တိုက်ပွဲဝင်နေခဲ့သည်။ နေ့ခင်းဘက်တွင် တိုက်ခိုက်ကာ ညပိုင်းတွင် တရားထိုင်၍အနားယူသည်။ ဤသို့ဖြင့် သူ၏တိုးတက်မှုသည် အလွင် လျင်မြန်လျက်ရှိသည်။ သူသည် အလေးစီးဝတ်စုံကို ဆက်လက်ဝတ်ဆင်ထားမြဲဖြစ်ကာ အခြားသူများနှင့် နှိုင်းယှဥ်ပါက ကမ္ဘာ့ဆွဲအားနှစ်ဆဖြင့် တိုက်ခိုက်နေရခြင်းဖြစ်သည်။

ဤကာလအတွင်းတွင် သူ၏တိုးတက်မှုသည် အလွန်ကောင်းမွန်၏။ တစ်လခွဲအတွင်းတွင် သူသည် ချီပင်လယ်နဝမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ခွန်အားပိုင်းတွင်မူ စွမ်းအင်သန့်စင်ခြင်းအဆင့် မရောက်ရှိသေးသော သူများကို အနိုင်ယူနိုင်၏။ အခြားဖြစ်နိုင်ချေမရှိပေ။ အကယ်၍ ကျန်းဟုန်ကျဲကို နောက်တစ်ကြိမ်ရင်ဆိုင်ရမည်ဆိုပါက သွေးပူရန်ပင်မလိုအပ်ဘဲ သိုင်းကွက်သုံးကွက်အတွင်းတွင်ပင် အနိုင်ယူနိုင်မည်ဖြစ်သည်။ သူ၏တိုးတက်မှုသည် အလွန်သိသာထင်ရှား၏။

သူ့အနားတွင် တန်စီယုသည် အနီရောင်တောက်တောက် တိုက်ပွဲသံချပ်ကာကို ဝတ်ဆင်ထားကာ သူမ၏ ဓားသည် ကြယ်များကဲ့သို့ တောက်ပနေ၏။ တိုက်ပွဲသံချပ်ကာ သူမ၏ ရှည်လျားသွယ်လျသော ကိုယ်ခန္ဓာလေးကို ရစ်ပတ်ကာကွယ်လျက်ရှိသည်။ အဝေးမှ ကြည့်ပါက သူမသည် တောက်လောင်နေသော မီးလုံးတစ်လုံးနှင့် တူ၏။

ဤလဝက်တွင် တန်စီယုသည် အလွန်အင်မတန်တိုးတက်ခဲ့သည်။ သူမသည် ချီပင်လယ်နဝမအဆင့်တွင် တည်မြဲလျက်ရှိကာ ချူးယွင်ဖန်းကဲ့သို့ပင် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။

ဂေါင်ဟုန်ချီသည်မူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် စစ်မြေပြင်တွင် ရှိမနေခဲ့ပေ။ သိပ်မကြာခင်က သူသည် စွမ်းအားကြီးသားရဲတစ်ကောင်ကို တိုက်ခိုက်ခဲ့ရာမှ လက်တစ်ဖက် ကျိုးကြေသွားခဲ့ရသည်။ သို့သော် ဒဏ်ရာများစွာရပြီနောက်တွင် အောင်မြင်မှုများလည်းရရှိခဲ့သည်။ နောက်ဆုံးတွင် သူသည် ချီပင်လယ် သတ္တမအဆင့်ကို ကျော်ဖြတ်ကာ အဠမအဆင့်ကို ဝင်ရောက်နိုင်ခဲ့သဖြင့် ချီပင်လယ် နဝမအဆင့်သို့‌ရောက်ရှိရန် အချိန်များများစားစားလိုအပ်မည်မဟုတ်ပေ။ ဤသင်တန်းမပြီးဆုံးခင်တွင် သူသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ပင် တက်လှမ်းနိုင်လိမ့်မည်ဟု ပြော၍ရ၏။

တစ်လခွဲအတွင်းတွင်းတွင် အောင်မြင်မှုများစွာရရှိခဲ့ကြသည်။ ချီပင်လယ်အထွတ်အထိပ်ရှိ ပညာရှင်အချို့သည်မူ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသဖြင့် နယ်မြေ(၂)သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ကျန်းဟုန်ကျဲကိုအနိုင်ယူခဲ့သော ချူးယွင်ဖန်းသည် အောင်မြင်မှုမရရှိသေးသည့်အတွက် လူအတော်များများသည် အတင်းအဖျင်းများပြောဆိုလာကြပြီဖြစ်သည်။ လူများစွာ၏အမြင်တွင် လူတစ်ဦးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းသည် အလားအလာအလွန်ကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ချီပင်လယ်အဆင့်တွင် ပိတ်မိလျက်ရှိရာ နောင်ဆယ်ရက် သို့မဟုတ် တစ်လခွဲအတွင်းတွင် သူသည် အခြားသူများနှင့် ဝေးကွာသွားနိုင်၏။

ဤကောလဟာလသည် ပို၍ပို၍ ပြင်းထန်လာသည်။ နောက်ကွယ်တွင် တစ်ယောက်ယောက်ရှိသည်ကို မသိကြသော်လည်း ဤကိစ္စသည် ချူးယွင်ဖန်း၏ရှေ့မှောက်၌ ထိုအကြောင်းပြောလာကြသည်အထိ ကိစ္စကြီးလာခဲ့သည်။

ဂေါင်ဟုန်ချီသည် အခြားကျောင်းသားများနှင့် အကြိမ်ကြိမ်ဒေါသတကြီးရန်ဖြစ်ခဲ့သည်။ ပုံမှန်အားဖြင့် တန်စီယုသည် အနေအေး၍ လူသိမများသော်လည်း ဤကိစ္စနှင့်ပတ်သတ်၍ အခြားခရိုင်တစ်ခုမှ ထိပ်တန်းကျောင်းသားတစ်ယောက်ကို သင်ခန်းစာပေးခဲ့သည်။ သို့သော် သူမစတင်လှုပ်ရှားလိုက်သည်နှင့် ချီပင်လယ်အထွတ်အထိပ်ရှိ ထိုကျောင်းသားကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ တန်စီယု၏ ဂုဏ်သတင်းသည် အချိန်တစ်ခုအထိ တိုးမြင့်လာခဲ့သည်။ ထိုထောင်ပေါင်းများစွာသော လက်ရွေးစင်ကျောင်းသားများစွာထဲတွင် သူမအား ပိုးပန်းသူများစွာရှိ၏။

အခြားသူများ ဤအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဥ်တွင် ချူးယွင်ဖန်းကိုယ်တိုင်မူ စိတ်ပူခြင်းမရှိပေ။ သူသည် မိမိစွမ်းအားကို အလွန်ရှင်းလင်းစွာသိသည်။ ပြင်ပလူများ၏ စကားကြောင် သူခံစားနေစရာမလိုပေ။

အဝေးတစ်နေရာတွင် မစ္စတာလင်းသည် နံရံပေါ်ရှိ အေးစက်သော လေထုထဲ၌ မတ်တပ်ရပ်လျက်ရှိသည်။ သူသည် စစ်မြေပြင်ကို စိုက်ကြည့်ကာ ကွင်းပြင်ထဲ၌ တိုက်ပွဲဝင်နေသော ချူးယွင်ဖန်းကို သတိထားမိသည်။ ထို့နောက် အပြုံးတစ်ခုသည် သူ့မျက်နှာပေါ်၌ ဖြတ်ပြေးသွား၏။

စစ်မြေပြင်တွင် ချူးယွင်ဖန်းသည် သားရဲတစ်ကောာင်ကို အနိုင်ယူပြီးနောက် သူ၏ စွမ်းအင်ကိုပြန်လည် ဖြည့်တင်းရန် ခေတ္တအနားယူတော့မည်ဖြစ်သည်။ စစ်နတ်ဘုရားကျင့်စဥ်၏ အမြန်နှုန်းသည် အခြားသော ကျင့်ကြံရေးလမ်းစဥ်များထက် အဆပေါင်းများစွာပိုမြန်၏။ အချိန်ကြာလာသည်နှင့်အမျှ ကွာဟချက်သည် ပို၍ ထင်ရှားလာသော်လည်း အဆုံးမရှိပေ။

အနက်ရောင်အလင်းတစ်ခုသည် အဝေးမှလျပ်တစ်ပြတ်လင်းလာကာ တစ်ခဏအတွင်းမှာပင် ချူးယွင်ဖန်း၏ ရှေ့သို့ရောက်လာ၏။ သူသေချာကြည့်လိုက်သောအခါ ၎င်းသည် အလင်းတန်းမဟုတ်ဘဲ ထူးဆန်းသော သားရဲတစ်ကောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤသားရဲသည် ကြောင်နက်တစ်ကောင်နှင့်တူသော်လည်း ပို၍ကြီးမား၏။ ၎င်းသည် ချူးယွင်ဖန်း၏ ရင်ဘတ်နှင့် တစ်ပြေးညီတွင်ရှိကာ စိမ်းတောက်သော မျက်ဝန်းဝိုင်းကြီးများသည် ကြောက်မက်ဖွယ် တစ်ဖျပ်ဖျပ်တောက်ပနေ၏။ ဤထူးဆန်းသော သားရဲကြီး၏ နောက်ဘက်တွင်မူ အမြှီးရှည်နှစ်ချောင်းပါရှိသည်။

“အမြှီးနှစ်ချောင်း ကြောင်ရိုင်း”

ချူးယွင်ဖန်း၏ နှလုံးသားထဲတွင် တင်းမာသွားသည်။ ဤသားရဲကို အမြှီးနှစ်ချောင်း ကြောင်ရိုင်းဟုခေါ်ကာ မသန်မာသော်လည်း အလွန်လျင်မြန်၏။ ၎င်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သာရှိသော သားရဲတစ်ကောင်ဖြစ်သည့်တိုင် ဝဘ်ဆိုဒ်များစွာနှင့် ဖိုရမ်များရှိ ဆွေးနွေးချက်များတွင်မူ ထိပ်တန်း‌ကြောက်မက်ဖွယ်အကောင်းဆုံး သားရဲစာရင်းဝင်၏။ သာမန်သားရဲများသည် ၎င်းကို တိုက်ခိုက်နိုင်သော်လည်း လူသားများသည်မူ နုနယ်သည်။ အမြှီးနှစ်ချောင်း ကြောင်ရိုင်းထံတွင် အဖမ်းခံရသည်နှင့် အသက်ဆုံးရှုံးသွားနိုင်၏။

“မဖြစ်ဘူး ငါ စိတ်အေးအေးထားမှဖြစ်မယ်”

ချူးယွင်ဖန်းသည် ချက်ချင်းပင် သူ့စိတ်ကို ငြိမ်သက်စေလိုက်သည်။

ချလန်

ချူးယွင်ဖန်း၏ သံချပ်ကာကို အမြှီးနှစ်ချောင်း ကြောင်ရိုင်းက ကုတ်ခြစ်လိုက်သောအခါတွင် သတ္တုနှစ်ခု ပွတ်တိုက်မိသံကဲ့သို့ ကျယ်လောင်သော အသံပေါ်ထွက်လာ၏။ မူလက ၎င်းသည် ချူးယွင်ဖန်း၏ လည်ပင်းသို့ ချိန်ရွယ်ထားခြင်းဖြစ်သော်လည်း နောက်ဆုံးတစ်စက္ကန့်တွင် ရှောင်တိမ်းလိုက်နိင်သဖြင့် ကြောင်၏လက်သည်းသည် သူ့ရင်ဘတ်ပေါ်သို့ ကျရောက်သွားခြင်းဖြစ်သည်။

All Chapters