အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အမှတ်(၂၃၅) အသက်ဆယ်ကြိမ်ရှုစာအတွင်း လူဆယ်ယောက် ရှုံးသွားတယ်
အမှတ်(၁) အထက်တန်းကျောင်းမှ လူအယောက်(၂၀)သည် လေ့ကျင့်ရေးစခန်းသို့ တက်ရောက်ခဲ့ကြသည်။ စခန်းသို့လာရန် အရည်အချင်းပြည့်မီသူအရေအတွက်သည် အယောက်နှစ်ဆယ်မကသော်လည်း စည်းမျဥ်းများအရ အယောက်နှစ်ဆယ်သာ ရောက်ရှိခြင်းဖြစ်သည်။
ဤလူနှစ်ဆယ်အတွင်း ဆယ်ယောက်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့ကာ နယ်မြေ(၂)သို့ ဝင်ရောက်ခဲ့ကြသည်။ ကျန်ဆယ်ဦးမှာ ချီပင်လယ်အထွတ်အထိပ်တွင်ဖြစ်ကြသည်။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းရန် အချိန်တစ်ခုသာလိုတော့၏။ ဤဆယ်ယောက်ကို အခြားကျောင်းတွင်ထားပါက သူတို့သည် အကောင်းတကာ့အကောင်းဆုံးများဖြစ်လာကြမည်မှာ သေချာ၏။ အမှတ်(၁၃)အထက်တန်းကျောင်းကိုကြီးစိုးခဲ့သော အို့ယန်သည်ပင် ထိုလူများထက် အနည်းငယ်အဆင့်နိမ့်သည်။ တစ်ဒါဇင်ထက်ပိုသော ဤကဲ့သို့ကျောင်းသားများကို အမှတ်(၁)အထက်တန်းကျောင်းတွင် တွေ့နိုင်၏။ အမှတ်(၁)အထက်တန်းကျောင်း၏ မြင့်မားသော အခြေခံအုတ်မြစ်နှင့် ခွန်အားသည် စိတ်ကူးစိတ်သန်းများကို ကျော်လွန်သွားပြီဖြစ်သည်။
ဤကျောင်း၏စွမ်းအားသည် ခရိုင်တစ်ခုထက်ပင် ပို၍ အင်အားကောင်းလုနီးနီးဖြစ်သည်။ ထိုကဲ့သို့သော ယုံကြည်မှုဖြင့် အမှတ်(၁) အထက်တန်းကျောင်းသားများသည် အမြဲမောက်မာတတ်ကြကာ အခြားခရိုင်များကို အထင်သေးကြသည်။
ယခုမူ သူတို့၏လမ်းကို လူတစ်ဦးကတားဆီးပိတ်ဆို့ထား၏။
“ချူးယွင်ဖန်း မင်းဘာလုပ်နေတာလဲ။ ငါတို့သွားရမယ့်လမ်းကို ပိတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုမင်းသိလား။ အမှတ်(၁၃) အထက်တန်းကျောင်းက အမှတ်(၁) အထက်တန်းကျောင်းကို စိန်ခေါ်တော့မှာလား” အမှတ်(၁)အထက်တန်းကျောင်းသားတစ်ဦးသည် ဆိုးယုတ်သောအမူအယာဖြင့်ပြောလိုက်သည်။
“အမှတ်(၁၃)အထက်တန်းကျောင်းကို ကိုယ်စားပြုဖို့ ငါအစွမ်းထက်ပြနေတာမဟုတ်ဘူး။ ငါ့အတွက်ငါ ကြိုးစားနေတာပဲ။ ငါဒီကိုရောက်နေတာ ကိစ္စနှစ်ခုရှိတယ်။ ပထမအနေနဲ့ နယ်မြေ(၂)မျာ ကျန်းယုရှန်ဘယ်မှာနေလဲသိချင်တယ်။ ဒုတိယတစ်ခုက မင်းတို့တွေထဲမှာ ကျန်းယုရှန်ရဲ့ အပေါင်းအပါတစ်ယောက်ယောက်ရှိလား။ တကယ်လို့ မင်းတို့မဟုတ်ဘူးဆိုရင် ငါ ကိစ္စတွေကို ခက်အောင်လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မင်းတို့ပါဝင်ပတ်သက်နေတယ်ဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့”
ကျန်းယုရှန်ကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက်သည်ပင် အမှတ်(၁)အထက်တန်းကျောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။ သူတို့သည် အဖွဲ့လိုက်လှုပ်ရှားကြခြင်းဖြစ်မည်မှာသေချာသဖြင့် ကျောင်းမှ ကျောင်းသားအားလုံးကို စော်ကားရန်မရည်ရွယ်ပေ။
“ချူးယွင်ဖန်း အဲ့တာ အဓိပ္ပါယ်မရှိတဲ့မေးခွန်းပဲ။ အမှတ်(၁)အထက်တန်းကျောင်းကို ဘာလို့ထင်နေတာလဲ။ ငါတို့ကြားထဲမှာ ပဋိပက္ခတွေရှိရင်တောင် မင်းကို ပြောပြမှာမဟုတ်ဘူးကွ”
ဤကျောင်းသားဆယ်ယောက်၏ မျက်နှာထက်တွင် ဒေါသဖြစ်သော အမူအယာများထင်ဟပ်လျက်ရှိသည်။ သူတို့အတွက်မူ အမှတ်(၁)အထက်တန်းကျောင်းသည် ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်သည်။ ယခုမူ ဤမာနကို ချူးယွင်ဖန်းသည် လေးစားမှုအနည်းငယ်ပင်မပြဘဲ၊ ခြေဖြင့်နင်းချေလိုက်ခြင်းဖြစ်၏။
“မင်းတို့အားလုံး ကျန်းယုရှန်နဲ့ တစ်ဖက်တည်းရပ်တည်ဖို့ စဥ်းစားထားကြပုံပဲ” ချူးယွင်ဖန်းသည် ကျောင်းသားဆယ်ယောက်ကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
“မှန်တယ်။ ငါတို့ကျောင်းရဲ့ဂုဏ်သိက္ခာကို ဘယ်ကောင့်ကိုမှ အပုပ်ချခွင့်ပေးမှာမဟုတ်ဘူး”
“မင်းတို့အားလုံးကို ရန်သူတွေလို့ငါသဘောမထားချင်ဘူး။ ဒါပေမယ့္ မင်းတို့က အကောင်းအဆိုးကို မခွဲတတ်ဘူးဆိုမှတော့ ရိုင်းမိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့” ချူးယွင်ဖန်း၏ အမူအရာသည်ပို၍ အေးစက်လာသည်။
“ငါသိချင်တာကို ဘယ်ကောင်မှမပြောဘူးဆိုတော့ မင်းတို့ပြောတဲ့အထိ ငါတိုက်ခိုက်မယ်”
“ဘယ်လောက်တောင် စိတ်ကြီးဝင်နေတာလဲ။ မင်းက ငါတို့ဆယ်ယောက်ကို တစ်ယောက်တည်းတိုက်ချင်တာလား။ မင်းရဲ့အဆင့်က ငါတို့ထက်နည်းနည်းလေးသန်မာနေတာနဲ့ လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား။” ဆယ်ယောက်ထဲမှတစ်ယောက်က ဒေါသဖြစ်စွာပြောလိုက်သည်။
သတင်းရရှိသော အခြားကျောင်းသားများသည် ပြေးလာကြသည်။ အမှတ်(၁)အထက်တန်းကျောင်းသားဆယ်ယောက်ကို တစ်ယောက်တည်းအားဖြင့်တားဆီးနေသည့် ချူးယွင်ဖန်း၏ ပွဲကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် အမှတ်(၁)အထက်တန်းကျောင်းအပေါ် လေးစားမှုအနည်းငယ်လေးပင်မရှိပေ၊ သို့မဟုတ် ၎င်းတို့သည် လေးစားမှုနှင့်မထိုက်တန်ပေ။
“သွား၊ သူ့ခြေလက်လေးချောင်းလုံးကို ရိုက်ချိုးပစ်လိုက်။ အမှတ်(၁)အထက်တန်းကျောင်းရဲ့ဂုဏ်ဆိုတာ သူနင်းချင်တိုင်း ချနင်းလို့ရတဲ့ အရာတစ်ခုမဟုတ်ဘူးဆိုတာ အသိပေးလိုက်စမ်း” အမှတ်(၁)အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်ကပြောလိုက်သည်။
မကြာမီတွင် အမှတ်(၁)အထက်တန်းကျောင်းမှ ကျောင်းသားဆယ်ယောက်သည် ချူးယွင်ဖန်းအား တစ်ပြိုင်နက်တိုက်ခိုက်ကြရာ များသောအားဖြင့် အဖွဲ့လိုက်တိုက်ခို်ကကြလေ့မရှိသော်လည်း သူတို့တွင် လေ့ကျင့်မှု၏ရလဒ်ကြောင့် အခြေခံအသိတော့ရှိနေဆဲဖြစ်သည်။
သူတို့ဆယ်ယောက်သည် ချူးယွင်ဖန်းထံသို့ ပြေးဝင်လာကြကာ စနစ်တကျတိုက်ခိုက်ကြသည်။
“အမှတ်(၁)အထက်တန်းကျောင်းသားတွေက ထင်ထားတဲ့အတိုင်းပဲ၊ ကြိုမတိုင်ပင်ထားပေမယ့် သူတို့ပူးပေါင်းတိုက်ခိုက်တဲ့ပုံစံက ချောမွတ်ပြီး စနစ်ကျတယ်” ကျောင်းသားတစ်ဦးကပြောလိုက်သည်။
“ဟုတ်တယ် သူတို့က မတူဘူး။ အမှတ်(၁)အထက်တန်းကျောင်းက ဆေးပညာနဲ့ ခင်းကျင်းပြသပွဲတွေနဲ့ သင်တန်းတွေတောင် လုပ်ပေးနိုင်တယ်လို့ကြားတယ်။ သူတို့ပူးပေါင်းတိုက်ခိုက်တဲ့ပုံစံက လိုက်ရောညီထွေရှိတယ်။ ဘယ်လိုတိုက်ရမလဲဆိုတာ တစ်ယော်ကနဲ့တစ်ယောက် ပြောဖို့မလိုဘူး။ အဲ့တာ သူတို့အတန်းထဲမှာ သင်ထားတဲ့ပုံစံပဲ” ကျောင်းသားတစ်ဦးက မနာလိုစွာပြောလိုက်သည်။
အမှတ်(၁)အထက်တန်းကျောင်းဆရာများသည် အခြားဆရာနှင့် အဆင့်မတူညီပေ။ ဆေးပညာနှင့် တိုက်ခိုက်ရေးပုံစံများကို သင်ကြားပေးနိုင်သူများကို ရှာတွေ့ရန် မလွယ်ကူလှပေ။
“ချူးယွင်ဖန်းက စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်ရင်တောင်မှ ချီပင်လယ်အဆင့် ကျွမ်းကျင်သူတွေပေါင်းတိုက်နေကြတာဆိုတော့ အနိုင်ယူဖို့အရမ်းခက်လိမ့်မယ်”
“ဟုတ်တယ်။ သူတို့က အတူတူတိုက်နေကြတာဆိုတော့ ချူးယွင်ဖန်းရှုံးမှာစိုးရတယ်။”
ချူးယွင်ဖန်းသည် ထိုသူများ၏ ဝန်းရံခြင်းခံထားရသော်လည်း ကြောက်ရွံ့သည့်အရိပ်အမြွက်အနည်းငယ်လေးပင် မပြပေ။
ချလန်
တစ်ခဏချင်းတွင်ပင် ချူးယွင်ဖန်းသည် သူ့နောက်ကျောတွင် ချည်ထားသည့် အရိပ်မဲ့ဓားကို ဆွဲထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်းသည် အပြင်းအထန်တိုက်ခိုက်၏။ ကျောင်းသားတ်စယောက်သည် ချူးယွင်ဖန်းအား ဖမ်းဆီးနိုင်မည်ဟုမျှော်လင့်ကာ နောက်ကျောဘက်မှုတိုက်ခိုက်လိုက်သည်။ ကံမကောင်းစွာဖြင့် အနက်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာသက်ဆင်းလာသည်ကို မြင်လိုက်ရ၏။
ဓား၏အလင်းသည် သူ၏ ချပ်ဝတ်တန်ဆာကို ထိမှန်ကာ ကျယ်လောင်သောအသံကြီးထွက်ပေါ်လာပြီးနောက် နောက်သို့လွင့်ထွက်သွားသည်။ ချူးယွင်ဖန်းသည် တစ်စက္ကန့်လေးပင် ရပ်နားခြင်းမရှိဘဲ သူ၏ရှေ့တွင်ရပ်နေသောသူကို လျှပ်စီးတစ်စင်းကဲ့သို့ ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ထိုသူသည် မမတုံ့ပြန်နိုင်ခင်တွင်ပင်လွင့်ထွက်သွားပြန်၏။ ထို့နောက် ချူးယွင်ဖန်းသည် သူ၏ ဘယ်နှင့်ညာရှိလူများကိုရင်ဆိုင်လိုက်သည်။
ဘမ်း
ဘမ်း
ဘမ်း
ဘမ်း
လူလေးယောက်လွင့်ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် အသံလေးသံပေါ်ထွက်လာကာ ၎င်းတို့ထဲမှ နှစ်ဦးသည် နံရံကိုထိမှန်၍ နှစ်ဦးသည်မူ လူအုပ်၏ခေါင်းပေါ်မှ ဖြတ်၍ လွင့်သွားကြသည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုနှုန်းကို မတားဆီးနိုင်ကြဘဲ၊ သူတို့အားလုံး လေထဲသို့လွင့်ပျံကုန်ကြ၏။
လူတိုင်းသည် ဤမြင်ကွင်းကိုကြည့်ကာ ကြက်သေသေလျက်ရှိကြသည်။ တစ်ခဏအတွင်းတွင် ဆယ်ယောက်ထဲမှ ခြောက်ယောက်ကို အပြီးသတ်လိုက်သည်။ သူတို့သည် မိမိတို့ခန္ဓာကိုယ်ပေါ်ရှိ အရိုးများ ကြေမွသွားသကဲ့သို့ ခံစားနေရသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။
ချူးယွင်ဖန်းသည် ဤမျှထိလုပ်ရန် အတင်းအကြပ်ဖိအားပေးခံရသဖြင့် ဒေါသစိတ်ဖြင့်တောက်လောင်နေခဲ့သည်။ သူ့မျက်နှာသည် တည်ငြိမ်နေသော်လည်း နှလုံးသားသည်မူ ဒေါသများဖြင့်ပြည့်နေ၏။ ထို့ကြောင့် သူသည် ခွန်အားကို ထိန်းချုပ်ထားခြင်းမရှိပေ။ ချီပင်လယ်အဆင့်ကျောင်းသားများကိုမဆိုနှင့် ကျန်းဟုန်ကျဲကဲ့သို့သော စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးပင် သူ၏တိုက်ခိုက်မှုကို မတောင့်ခံနိုင်ခဲ့ပေ။
တစ်ခဏအတွင်းတွင်ပင် ဆယ်ယောက်၏ထက်ဝက်ကျော်ခန့် ကျရှုံးသွားခဲ့ရာ ကျန်လေးဦးသည်တုန်လှုပ်လျက်ရှိကြသည်။ ဆက်လက်တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့်သည်ကို သူတို့မစဥ်းစားနိုင်ကြတော့ပေ။
သို့သော် သူတို့၏ တုံ့ဆိုင်းမှုသည် ချူးယွင်ဖန်း၏ ကြင်နာမှုကို မရရရှိခဲ့ကြပေ။ ချူးယွင်ဖန်းသည် သူတို့ထံသို့ တစ်ဟုန်ထိုးပြေးကာ အသက်အနည်းငယ်ရှုချိန်အတွင်းတွင် လေးဦးသားသည် ကျရှုံးသွားသော အပေါင်းအပါများကဲ့သို့ လွင့်ထွက်သွားကြသည်။ ထို့နောက်မြေပြင်ပေါ်သို့ ကျကာ မဆက်မပြတ်လူးလိမ့်အော်ဟစ်နေကြ၏။
ဤဖြစ်စဥ်တစ်ခုလုံးသည် အသက်ဆယ်ကြိမ်ရှုစာမျှပင် မကြာခဲ့ပေ။
အခန်း(၂၃၆) နယ်မြေ(၂)ကို ပြောင်းပြန်လှန်ခြင်း (၁)
ချူးယွင်ဖန်း၏ သိုင်းကွက်များသည် လျှပ်စီးတစ်စင်းကဲ့သို့ လျင်မြန်ဖြတ်လတ်သဖြင့် တစ်ခဏအတွင်းတွင်ပင် အမှတ်(၁) အထက်တန်းကျောင်းသား ဆယ်ယောက်အား အနိုင်ယူခဲ့သည်။
အခြားကျောင်းများမှ လက်ရွေးစင်ကျောင်းသားများသည်မူ အနက်ရောင်လျှပ်စီးသဖွယ် ဓားချက်များကိုသာ မြင်ခဲ့ရသည်။ ထို့နောက် အမှတ်(၁) အထက်တန်းကျောင်းသားများသည် ပြန်လည်တိုက်ခိုက်ခွင့်ပင် မရရှိဘဲ ရှုံးနိမ့်သွားခဲ့ကြသည်။
“အရမ်းမြန်လွန်းတယ်။ ချူးယွင်ဖန်းမြန်တယ်လို့ ကောလဟာလတွေထွက်ပေမယ့် ကြားရတာထက် မြင်ရတာက ပိုကောင်းသလိုပဲ။ အခု ငါကိုယ်တိုင်မြင်လိုက်ရတော့ ချူးယွင်ဖန်းက ငါထင်ထားတာထက်တောင် ပိုမြန်နေတယ်ကွ”
“ငါ ဒီသိုင်းကို မြင်ဖူးတယ်။ အဲ့တာ ကောင်းကင်မိုးကြိုးဓားသိုင်းမလား။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရဲ့ ရှားရှားပါးပါးဓားသိုင်းဆိုတော့ အရမ်းအစွမ်းထက်တယ်”
“နယ်မြေ(၂)မှာ ဒီလောက်သန်မာတဲ့သူသိပ်မရှိဘူး”
ကျောင်းသားများသည် တက်ကြွစွာ ဆွေးနွေးလျက်ရှိကြသည်။ ဤကိစ္စသည် အလွယ်တကူ ဖြေရှင်း၍ရမည်မဟုတ်ကြောင်း အများစုသည် သဘောပေါက်နားလည်ကြသည်။ ချူးယွင်ဖန်းသည် အမှတ်(၁) အထက်တန်းကျောင်းသားများ၏ လမ်းကို ပိတ်ကာ ဒဏ်ရာအပြင်းအထန်ပင်ရစေခဲ့သည်။
အမှတ်(၁) အထက်တန်းကျောင်းသားများသည် အမြဲတစေ ပြဿနာရှာကာ သူတစ်ပါးကို အရှက်ရစေခဲ့ကြသည်။ တစ်စုံတစ်ယောက်မှ သူတို့၏လမ်းကိုပိတ်ကာ အပြင်းထန်စော်ကားခြင်းသည် ဤသည်ကား ပထမဆုံးအကြိမ်ဖြစ်၏။ ချူးယွင်ဖန်းသည် နယ်မြေ(၁)ရှိ အမှတ်(၁)အထက်တန်းကျောင်းသားများကိုသာမက နယ်မြေ(၂)မှကျောင်းသားများကိုပါ ရင်ဆိုင်ရန်စီစဥ်ထားခြင်းဖြစ်သည်။ နယ်မြေ(၂)တွင် ကျန်းယုရှန်ဆိုသည့် တည်ရှိမှုမှာ လူတိုင်း၏ခေါင်းပေါ်၌ တွဲလောင်းကျနေသော အရိပ်တစ်ခုဖြစ်ကြောင်း သေချာ၏။ သူ၏ဖြစ်တည်မှုကို မည်သူမျှ လျစ်လျူရှု့ထား၍မရပေ။
“ချူးယွင်ဖန်းက ပျားအုံကို ကန်လိုက်တာပဲ”
“သူလုပ်တာ အဲ့ထက်ပိုတယ်။ နယ်မြေ(၂)မှာ အမှတ်(၁)အထက်တန်းကျောင်းက စွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ရှိတယ်။ ဒီလိုလုပ်တာက သူသေဖို့တောင်းဆိုနေတာနဲ့အတူတူပဲ”
“အဲ့တာသာ ခုဏကဆိုရင် ချူးယွင်ဖန်းက သေချင်လို့ ဒီလိုလုပ်နေတာလို့ ငါထင်မိမှာပဲ။ ဒါပေမယ့် ဒီလိုစွမ်းအားမျိုးကို မြင်လိုက်ရတော့ ငါ ဒီလိုမထင်တော့ဘူး။ ဒီပွဲက ကြည့်လို့ကောင်းဦးတော့မှာပဲ”
လူတိုင်းဆွေးနွေးတိုင်ပင်နေကြစဥ်တွင် ချူးယွင်ဖန်းသည် မြေပြင်ပေါ်၌လဲကျနေသော အမှတ်(၁) အထက်တန်းကျောင်းသားများကို မကြည့်ဘဲပြောလိုက်သည်။
“နယ်မြေ(၂)ရဲ့ ဘယ်နေရာမှာ အမှတ်(၁)အထက်တန်းကျောင်းသားတွေရှိလဲဆိုတာ ဘယ်သူပြောနိုင်လဲ။ လျော်ကြေးအနေနဲ့ ယွမ်ငါးသောင်းပေးမယ်။ လူအများကြီးရှေ့မှာပြောစရာမလိုဘူး သီးသန့်မက်ဆေ့ပို့ပေးရုံနဲ့ရပြီ။ ပိုက်ဆံလိုချင်တဲ့လူက မြန်မြန်တော့ပို့ပေးရမယ်။ ငါ ပထမဆုံးပို့တဲ့သူကိုပဲပေးနိုင်မယ်”
ချူးယွင်ဖန်း၏ စကားများကြောင့် ကျောင်းသားများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ယွမ်ငါးသောင်းဟူသည် ဤသို့သော ရိုးရှင်းသော ကိစ္စမျိုးအတွက် သေးငယ်သည့် ငွေပမာဏမဟုတ်ပေ။ ချူးယွင်ဖန်းနှင့် စကားပြောရမည်ဆိုလျှင် အမှတ်(၁)အထက်တန်းကျောင်းကို ဆန့်ကျင်သည်ဟူသော အဓိပ္ပါယ်သက်ရောက်မည်ဖြစ်သော်လည်း ယခု ချူးယွင်ဖန်းသည် သူ့ထံသို့ သီးသန့်မက်ဆေ့ပေးပို့ရန်သာလိုအပ်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူတို့ထဲမှ မည်သူမျှ ပေါ်ပေါ်တင်တင်ပြောရန်မလိုပေ။
ချူးယွင်ဖန်းသည် နယ်မြေ(၂)သို့သွားနေသည့် လမ်းတစ်လျှောက်တွင် အမှတ်(၁)အထက်တန်းကျောင်းသားများ၏ တည်နေရာကိုပြောပြသော ရာနှင့်ချီသည့် စာတိုများကို လက်ခံရရှိခဲ့သည်။ သူက သက်ပြင်းချလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ငွေသည် ကမ္ဘာကြီးကို လည်ပတ်စေနိုင်သည်။ ဤသို့သော ငွေမျိုးကို မည်သူမျဆိုလိုချင်ကြသည်။ သူသည် ပထမဆုံးမက်ဆေ့ပေးပို့သူထံသို့ ယွမ်ငါးသောင်းကို ချက်ချင်းလွှဲပေးလိုက်သည်။
ခဏအကြာတွင် နယ်မြေ(၁)နှင့် နယ်မြေ(၂)နယ်နိမိတ်သို့ ရောက်ရှိလာ၏။ သတင်းရရှိထားသော နယ်မြေ(၁)မှကျောင်းသားအများအပြားသည် ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။ သူတို့သည် တိုက်ပွဲကို အဝေးမှသာ ကြည့်ချင်ကြသဖြင့် အနီးအနားသို့ တိုးကပ်လာခြင်းမပြုကြပေ။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ဂရုမစိုက်ပေ။ စမ်းသပ်ချက်ကိုအောင်မြင်ပြီးသည်နှင့် တစ်ပြိုင်နက် နယ်မြေ(၂)သို့ ဦးတည်လိုက်သည်။
“တိုက်ပွဲတစ်ခုတော့ဖြစ်လာတော့မယ်”
“ချူးယွင်ဖန်းတော့ သေတော့မှာပဲ။ သူတကယ်ပဲ ကျန်းယုရှန်ကို အနိုင်ယူနိုင်မှာမို့လို့လား”
“မင်းနဲ့ငါ လောင်းမလား။ ဒီကိစ္စမှာ စစ်တပ်ကဝင်ရောက်စွက်ဖက်မယ်လို့ မင်းထင်လား”
ဆွေးနွေးမှုများစွာသည် နေရာအနှံ့ ပျံ့လွင့်လျက်ရှိသည်။
ချူးယွင်ဖန်းသည် နယ်မြေ(၂)သို့ ဝင်ရောက်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တွင် လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေကြောင်း သိလိုက်ရသည်။ သူတို့သည် ခပ်လှမ်းလှမ်းရှိ အမိုးပေါ်တွင် နိုးကြားစွာ မတ်တပ်ရပ်လျက်၊ ချူးယွင်ဖန်း၏လမ်းကို ပိတ်ဆို့တားဆီးထားသယောင်ထင်ရသည်။ ဤလူများအားလုံးတွင် နယ်မြေ(၁)ရှိကျောင်းသားများထက် အဆပေါင်းများစွာ ပြင်းထန်သော အရောင်အဝါမျိုးရှိကြသည်။
တစ်ဦးစီတိုင်းသည် ပြင်းထန်သောကိုယ်ရောင်ကိုယ်ဝါတောက်ပလျက်ရှိကာ ယုံကြည်ချက်ပြင်းပျကြပုံပေါ်၏။
စွမ်းအင်သန့်စင်ခြင်းအဆင့်
ဤလူများသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိကြသည်။
အထက်တန်းကျောင်းသားများစွာထဲတွင် ထိုသို့သော သူတစ်ဦးကိုပင်တွေ့ရန် ခဲယဥ်းသော်လည်း ယခုမူ တစ်နေရာထဲတွင် လူတစ်ဒါဇင်ကျော်ခန့်ရှိ၏။
“ချူးယွင်ဖန်း၊ မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့”
ချူးယွင်ဖန်း၏ရှေ့ရှိ အစိမ်းရောင် သံချပ်ကာဝတ်ထားသောသူက ပြောလိုက်သည်။ အသက်ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ် ဝန်းကျင် လူငယ်တစ်ဦးဖြစ်ကာ အကြည့်များသည် စူးရဲလျက်ရှိသည်။ ချူးယွင်ဖန်းကိုကြည့်နေသော သူ့မျက်လုံးများထဲတွင် ရှင်းပြ၍မရလောက်သော နာကြည်းမှုများ ကိန်းအောင်းနေ၏။
“မင်း မလာရဲဘူးထင်နေတာ”
“နောက်ဆုံးတော့ မင်းလာပြီပေါ့ သူရဲဘောကြောင်တဲ့ကောင်၊ မင်းက အာဏာရှင်ဖြစ်ချင်လို့ အဲ့နယ်မြေ(၁)မှာ နေချင်နေတာမဟုတ်လား”
“မင်း အဲ့လောက်လည်း အစွမ်းထက်ပုံမပေါ်ပါဘူး”
ဤစကားများသည် ချူးယွင်ဖန်း၏ဝန်းကျင်ရှိလူများအားလုံး၏ ပါးစပ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အချို့သည် မထီမဲ့မြင်ပြုကြကာ အချို့သည် လှောင်ပြောင်ကြ၍ အချို့မှာမူ ဒေါသနှင့်ပင် ပြည့်နှက်လျက်ရှိကြသည်။
ချူးယွင်ဖန်းသည် လမ်းလျှောက်လာရင်းဖြင့် ပြောလိုက်သည်။
“မင်းတို့ရဲ့ အစီအစဥ်တွေကို ငါဂရုမစိုက်ဘူး။ ဒီကိစ္စကို ငါအမြန်အပြီးသတ်မယ်။ မင်းတို့နဲ့ အရေးမပါတဲ့စကားတွေပြောဖို့ ငါ့မှာ အချိန်မရှိဘူး။ ငါလုပ်စရာရှိသေးတယ်။ ဒီနေ့ကိစ္စတွေပြီးသွားရင်တော့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်”
“ချူးယွင်ဖန်း၊ မင်း ဘာဖြစ်နေလဲ ငါတို့မသိဘူးလို့ မင်းထင်နေတာလား။ ဟိုခွေးမ တန်စီယုကြောင့် မင်းလာခဲ့တာမလား။ ငါတို့ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမယ်လို့ မင်းထင်နေလား” အစိမ်းရောင်သံချပ်ကာဝတ်ထားသောသူက ပြောလိုက်သည်။
“မင်းဘာပြောလိုက်တယ်” ချူးယွင်ဖန်းက အေးစက်စွာပြော၏။
“မကြားလိုက်ဘူးလား။ ငါထပ်ပြောပြမယ်။ အဲ့ခွေးမ တန်စီယု။ မင်း နောက်ကျသွားပြီ။ သူအဖမ်းခံထားရတာ အချိန်အတော်ကြာနေပြီကွ။ တစ်ခုခုဖြစ်မယ်ဆိုရင် ဖြစ်တာကြာရောပေါ့။ ဟားဟားဟားဟား” သံချပ်ကာအစိမ်းရောင်ဝတ်ထားသော လူငယ်သည် ကျေနပ်တကြီးပြုံးကာ ကျယ်လောင်စွာအော်ရယ်လိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ” ချူးယွင်ဖန်းက ဂရုမစိုက်ဘဲပြောလိုက်သည်။
သူနှင့် ရင်းနှီးသူတစ်ယောက်သည်သာ ချူးယွင်ဖန်း မည်မျှဒေါသတောက်လောင်နေသည်ကို သိလိမ့်မည်ဖြစ်သည်။
“ငါ့နာမည်က သွမ့်ရုံချန်။ မင်းငါ့အကြောင်း ကြားဖူးမှာ သေချာပါတယ်” ထိုသူက ဂုဏ်ယူစွာပြောလိုက်၏။
“ဆိုတော့ မင်းက သူ့ဆီမှာရှုံးဖူးတဲ့သူတွေထဲက တစ်ယောက်ပေါ့”
ချူးယွင်ဖန်းသည် ဤသူမှာ တန်စီယုလက်ထဲတွင် ရှုံးနိမ့်ခဲ့သည့် နယ်မြေ(၂)မှ ပညာရှင်တစ်ဦးဖြစ်ကြောင်း ချက်ချင်းပင်သိလိုက်သည်။ မောက်မာသောစကားလုံးများစွာပြောကာ ချူးယွင်ဖန်းကို အများဆုံးစော်ကားခဲ့သူမှာ ဤသူသာဖြစ်သည်။ ဤအကြောင်း သူသိပ်မသိသော်လည်း သွမ့်ရုံချန်၏ စကားလုံးအချို့ကို ကြားသောအခါ ချက်ချင်း သတိထားမိသွား၏။
သွမ့်ရုံချန်၏ မျက်နှာသည် ချက်ချင်းပင် မှေးမှိန်သွားသည်။ တန်စီယုထံတွင်ရှုံးနိမ့်ခဲ့ခြင်းသည် သူ့ဘဝ၏ အကြီးမားဆုံး အရှက်ကွဲမှုပင်ဖြစ်သည်။ ယခု ဤကိစ္စကို ချူးယွင်ဖန်း ပြန်ဖော်လိုက်သောအခါတွင် ဒဏ်ရာဟောင်းကို ဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“မင်းက နယ်မြေ(၂)ကိုတောင် မဝင်ရဲတဲ့ သူရဲဘောကြောင်တဲ့ကောင်ပဲကွ။ မင်းဘယ်ရောက်နေတယ်ထင်နေတာလဲ။ ဘယ်လိုလုပ်ဒီလောက် စိတ်ကြီးဝင်နေနိုင်သေးတာလဲ” သွမ့်ရုံချန်က ကျယ်လောင်စွာပြောလိုက်သည်။
“ငါဘယ်ရောက်နေတယ်လို့ ထင်ရမှာလဲ မသိဘူး။ လူတိုင်းက ဒီမှာ ဒီလိုသာဆိုရင် ငါနယ်မြေ(၂)ကို ပြောင်းပြန်လှန်ပစ်လိုက်ရင်ရော ဘယ်လိုလဲ” ချူးယွင်ဖန်းသည် နက်ရှိုင်းသော အသံဖြင့်ပြောလိုက်သည်။
ချူးယွင်ဖန်း၏စကားများသည် ပျားအုံကို ထိုးဖောက်လိုက်သကဲ့သို့ မူလက ၎င်းတို့၏မျက်နှာထက်မှ မထီမဲ့မြင်အကြည့်များသည် ယခုမူ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာ၏။
အခန်း(၂၃၇) နယ်မြေ(၂)ကို ပြောင်းပြန်လှန်ခြင်း (၂)
‘နယ်မြေ(၂)ကို ပြောင်းပြန်လှန်မယ်။’
ချူးယွင်ဖန်း၏ စကားများသည် ပျားအုံကို ထိုးမွှေလိုက်သည့်နှယ်ပင်ဖြစ်သည်။ ကျောင်းဖြစ်စေ၊ကျောင်းသားဖြစ်စေ၊ ဂိုဏ်းတစ်ခုဖြစ်လျှင်ပင် သူတို့၏ စိတ်ဝင်စားမှုများ တူညီကြလိမ့်မည်မဟုတ်သော်လည်း၊ ၎င်းတို့၏ ပြဿနာများ တူညီခြင်းမရှိလျှင်ပင် သူတို့တွင် တူညီသော အရာတစ်ခုရှိ၏။ ဤလူငယ်များသည် မိမိတို့၏ မာနကို လက်မလွှတ်နိုင်ကြပေ။
လေ့ကျင့်ရေးစခန်းသို့တက်ရောက်နိုင်သူများသည် တည်ငြိမ်သမုဒ္ဒ၇ာမြို့တော်ရှိ သောင်းနှင့်ချီသော ကျောင်းသားများထဲမှ အကောင်းတကာ့အကောင်းဆုံးကျောင်းသားများဖြစ်ကြသည်။ နယ်မြေ(၂)သို့ ဝင်ရောက်နိုင်သူများသည် အကောင်းဆုံးများထဲမှ အကောင်းဆုံးများဖြစ်ကြရာ၊ သူတို့ထုတ်ဖော်ပြောပြခြင်းမရှိကြသော်လည်း နယ်မြေ(၂)သို့ဝင်ခွင့်ရခြင်းသည် ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။ အများစုသည် နယ်မြေ(၂)သို့ဝင်ရောက်ခွင့်မရှိကြသော်လည်း သူတို့သည်မူ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ကြသည်။ ဤသည်ကာ သူတို့၏ခွန်အားဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
နယ်မြေ(၂)ကို ပြောင်းပြန်လှန်မည်ဟုပြောခြင်းသည် ၎င်းတို့၏မာနနှင့် ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းသာဖြစ်သည်။
“ဒီလောက်တောင် စိတ်ကြီးဝင်နေတာ သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။ တုန်ဖန်းဟောက်လား။ သူကနယ်မြေ(၂)ကို ပြောင်းပြန်လှန်နိုင်မယ်လို့ထင်နေတာလား”
“ဟုတ်တယ်။ သူ့ကို စမ်းကြည့်ပါစေဦး၊ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်”
“သူမသိခင် သေသွားလိမ့်မယ်”
ချက်ချင်းပင် ဤလက်ရွေးစင်ကျောင်းသားများ၏ မျက်နှာထက်တွင် ဒေါသများဖြင့် ပြည့်နှက်လျက်ရှိသည်။
“သူက နယ်မြေ(၂)ကို ပြောင်းပြန်လှန်ချင်တာမလား။ ဘာလို့ သူနဲ့ဆက်ပြီးငြင်းခုံနေကြတာလဲ။ အတူတူတိုက်ပြီး သင်ခန်းစာကောင်းကောင်းပေးလိုက်ကြရအောင်။ သူဘယ်လောက် စိတ်ကူးယဥ်ဆန်နေလဲဆိုတာ သူ့ဘာသာသိပါစေ” သွမ့်ရုံချန်က အော်လိုက်သည်။
ဤကျောင်းသားများသည် ချူးယွင်ဖန်း၏အနီးနားသို့ကပ်လာကြ၏။
အမှတ်(၁)အထက်တန်းကျောင်းသားဆယ်ယောက်နှင့် ယှဥ်လျှင် သူတို့၏လှုပ်ရှားမှုများသည် ဖရိုဖရဲဖြစ်လျက်ရှိကြသည်။ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော်လည်း ထိုဆယ်ယောက်ထက်တော့ ပိုမိုသန်မာ၏။
အဦးဆုံးချီတက်လာသူမှာ သွမ့်ရုံချန်ဖြစ်သည်။ သူသည်လှံကိုထုတ်ကာ နဂါးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းပစ်လိုက်သည်။ ချူးယွင်ဖန်းကို အဆက်မပြတ်ဆဲရေးနေသော်လည်း အလွန်စွမ်းအားကြီး၏။ သူ့နည်းတူ လှံသုံးသော ဂေါင်ဟုန်ချီနှင့်ယှဥ်လျှင် သူ၏ အမြန်နှုန်း၊ သိုင်းပညာနှင့် ခွန်အားသည် ဂေါင်ဟုန်ချီထက်အဆမတန်သာလွန်၏။
ချူးယွင်ဖန်းသည် ချီတက်လာသော သွမ့်ဟုန်ချန်ကို ကြည့်ကာ တွန့်ဆုတ်ခြင်းအလျင်းမရှိဘဲ ဓားဖြင့် လျှပ်စီးကဲ့သို့ တိုက်ခိုက်လိုက်သည်။
ချလန်
ဓား၏ အလင်းသည် ဝင်လာသော လှံရှည်ကို လျင်မြန်တိကျစွာ တားဆီးလိုက်သည်။
သွမ့်ရုံချန်သည် ချက်ချင်းဆိုသလိုပင် သူ့ပေါ်သို့ သက်ရောက်လာသော ကြီးမားသည့်စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် လှံမှတစ်ဆင့်ဖြတ်ကာ သူ့လက်ဝါးထဲသို့ စီးဝင်သွား၏။ ဤကြောက်မက်ဖွယ်စွမ်းအင်ကြောင့် လှံရှည်သည် လက်ထဲမှလွတ်ကျလုမတက်ဖြစ်သွားသည်။ ဤကြီးမားသော စွမ်းအင်ကို ခုခံရန် သူ၏ချီစွမ်းအင်ကို အလျင်အမြန်ဖြန့်ကျက်လိုက်ရာ ခက်ခက်ခဲ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။
ထို့နောက် ချူးယွင်ဖန်းသည် သူ၏ခံစစ်ကို ကျော်ဖြတ်ကာ သူ့ရှေ့သို့ ရောက်လာကြောင်း သိလိုက်ရသည်။ သွမ့်ရုံချန်၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူလျော့ဖျော့တော့သွား၏။ ချူးယွင်ဖန်းသည် သူ့အား မြန်ဆန်စွာတိုက်ခိုက်လျက်ရှိသည်။
“ဘာလို့ီုလောက်တောင် မြန်နေတာလဲ”
သွမ့်ရုံချန်သည် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီးဖြစ်လျက်ရှိရာ လှံကိုပင် အလွန်အားစိုက်ကာ ထိန်းကိုင်နေရ၏။ ချူးယွင်ဖန်း၏ နတ်ဘုရားဆန်သော စွမ်းအင်ကြောင့်ဟု အော်ချိန်ပင်မရလိုက်ဘဲ ချူးယွင်ဖန်းသည် အသာစီးရနေပြီဖြစ်သည်။
ချူးယွင်ဖန်းသည် အလွန်လျင်မြန်လွန်းသောကြောင့် မည်သို့သော သိုင်းကွက်မျိုးအသုံးပြုလျက်ရှိသည်ကိုပင် မပြောနိုင်တော့ပေ။
ဘမ်း
ချူးယွင်ဖန်း၏ ခြေထောက်သည် လျှပ်စီး၏ အလျင်ဖြင့် လေထဲတွင်ဖြတ်ကာ သွမ့်ရုံချန်အား ကြာပွတ်တစ်စင်းဖြင့် ရက်စက်စွာ ရိုက်လိုက်သကဲ့သို့ ကန်လိုက်သည်။
သွမ့်ရုံချန်သည် နာကျင်စွာအော်ဟစ်ပြီးနောက် နောက်ပြန်လွင့်ထွက်သွားသည်။ သူကန်ထုတ်ခံလိုက်ရသည်ကိုပင် မယုံကြည်နိုင်လျက်ရှိနေ၏။ အမြန်နှုန်းနှင့် ခွန်အား နှစ်မျိုးလုံးတွင် ချူးယွင်ဖန်းသည် သူ့ထက် အဆပေါင်းများစွာပိုသန်မာသည်။ တစ်နည်းအားဖြင့် ချူးယွင်ဖန်း၏ ခုခံအားနှင့် စွမ်းအင်သည် သူ့ထက် အဆပေါင်းများစွာပိုသန်မာ၏။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
‘ချူးယွင်ဖန်းက အခုမှ စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ကိုရောက်တာမဟုတ်ဘူးလား’
သွမ့်ရုံချန်သည်လည်း စွမ်းအင်သန့်စင်ခြင်းပထမအဆင့်တွင်ရောက်ရှိလျက်ရှိရာ တူညီသောအဆင့်တွင်ရှိကြခြင်းဖြစ်သဖြင့် ဤမျှသော ကွာခြားချက်ရှိနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ သူသည် ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် လွင့်ပျံသွားခဲ့ရပြီးဖြစ်၏။
သွမ့်ရုံချန်သည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာပြုတ်ကျသွားသည်။ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော်လည်း သူ့တစ်ကိုယ်လုံး ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် မနာကျင်သော နေရာဟူ၍ တစ်နေရာမှမရှိပေ။
သွမ့်ရုံချန်သည် ရုန်းကန်၍ ထပြီးနောက် အခြားသူတစ်ယောက် လေထဲသို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရပြန်၏။ ၎င်းသည်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ အခြား လက်ရွေးစင်ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။ သူသည်လည်း ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် လွင့်ထွက်ကာ နောက်ဆုံးတွင် သွမ့်ရန်ချန်၏အပေါ်သို့ ပြုတ်ကျလာ၏။
သွမ့်ရုန်ချန်၏ အမြင်အာရုံများ မှောင်ပိန်းကာ သတိလစ်သွားသည်။
ဤလူအရေအတွက်သည် ချူးယွင်ဖန်းထက်များသော်လည်း ချူးယွင်ဖန်းအား တစ်ချိန်တွင် လူတစ်ယောက်သို့မဟုတ် နှစ်ယောက်သာတိုက်ခိုက်နိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် စွမ်းအားကြီးလွန်း၏။ သူ၏ ကိုယ်ခံအားသည် အဆင့်တူသူများထက် အဆပေါင်းများစွာ သာလွန်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရည်သည် ၎င်းတို့အားလုံးထက် အဆပေါင်းများစွာသာရုံတင်မက စွမ်းအားသည်လည်း အဆပေါင်းများစွာပို၏။
တစ်ဦးချင်းတိုက်ပွဲတွင် ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့်အားသာချက်ကို အပြည့်အဝထုတ်သုံးနိုင်သည်။ ချူးယွင်ဖန်းကဲ့သို့ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ဤကျောင်းသားများသည် သူ၏ သိုင်းကွက်အနည်းငယ်ကိုမျှ မခံနိုင်ကြပေ။ သူ၏ သိုင်းကွက်များသည် သူတို့တစ်ကိုယ်လုံးပေါ်သို့ သက်ရောက်နိုင်စွမ်းရှိရာ၊ သူအင်အားကုန်သုံး၍တိုက်ခိုက်လိုက်သောအခါတွင် ထိုသူများ လွင့်ထွက်သွားရ၏။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်သန်မာသောကြောင့် သိုင်းကွက်နှစ်ခုခန့်အတွင်းတွင်ပင် သူတို့အားလုံးလွင့်ထွက်သွားရသည်။ မည်သူမျှ သူ့အနားသို့ မတိုးကပ်နိုင်ကြပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် တစ်ချိန်တွင် လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို အမြဲရင်ဆိုင်ရသော်လည်း ထိုသူတို့သည် လူအရေအတွက် အားသာချက်ကို မထုတ်ပြနိုင်ကြပေ။
ချူးယွင်ဖန်း၏ ခွန်အား အားသာချက်ကိုမူ အပြည့်အဝထုတ်ပြလျက်ရှိသည်။
ဤသို့သော အရာများသည် ပြောရသည်သာလွယ်ကူသော်လည်း ချူးယွင်ဖန်းသည် အမှန်စင်စစ်စွမ်းဆောင်နိုင်၏။
အသက်ဆယ်ကြိမ်ရှုစာခန့်အတွင်းတွင် ချီတက်လာသော ကျောင်းသား၊ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်သည် လွင့်ပျံထွက်၍ မြေပြင်ပေါ်ပြန်ပြုတ်ကျကာ လူးလိမ့်အော်ဟစ်လျက်ရှိကြသည်။ အများစုသည် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသော်လည်း သူတို့၏ အရိုးများသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ကျိုးကြေကုန်ကြပြီဖြစ်သည်။
သူတို့ မည်သို့ ချူးယွင်ဖန်း၏လမ်းကို ဆက်လက် ပိတ်ပင်ရဲကြလိမ့်မည်နည်း။ ဤသို့သာလုပ်လျှင် သေခြင်းတရားကို တောင့်တနေသကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။ တူညီသော အဆင့်တွင် ရှိကြသော်လည်း အဘယ်ကြောင့် မိမိတို့ထက် များစွာသန်မာနေသည်ကို သူတို့နားမလည်နိုင်ကြပေ။
ကျောင်းသား ခုနှစ်ယောက်၊ ရှစ်ယောက်ကို အနိုင်ယူပြီးနောက် ချူးယွင်ဖန်းသည် ရပ်တန့်မသွားပေ။ သူသည် ချက်ချင်းပင် နယ်မြေ(၂)ရှိ အမှတ်(၁)အထက်တန်းကျောင်းသားများရှိရာဆီသို့ ပြေးသွားခဲ့သည်။
သို့သော် ခပ်ဝေးဝေးမရောက်ခင်တွင်ပင် နောက်ထပ်ကျောင်းသားသုံးဦးမှ တားဆီးခြင်းကို ခံရပြန်၏။
“မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါ့လမ်းကနေမဖယ်ရင် တစ်ခုခုဖြစ်မှ ငါ့အဆိုးမဆိုနဲ့” ချူးယွင်ဖန်းက ရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။
သူ တစ်ချက်ကလေးမျှပင် ရပ်တန့်မသွားပေ။
“မင်းက နယ်မြေ(၂)ကို ပြောင်းပြန်လှန်ချင်တယ်ဆိုတဲ့ကောင်လား” ဦးဆောင်သူကျောင်းသားက ချူးယွင်ဖန်းကို ကြည့်၍ အေးစက်စွာပြောလိုက်သည်။
ချူးယွ၍်ဖန်းသည် သွမ့်ရုန်ချန်နှင့် အခြားသူများ သတင်းဖြန့်လိုက်ခြင်းဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
ယခုအချိန်တွင် သူ့ရှေ့မှ သုံးဦးသည် မည်သည့်ရှင်းလင်းချက်ကိုမျှ နားထောင်မည့်ပုံမပေါ်သဖြင့် ရှင်းပြခြင်းသည် အကျိုးမရှိပေ။ ဤသုံးယောက်သည် အကျိုးအကြောင်းပြောလို့ရမည့်ပုံများမဟုတ်သဖြင့် တိုက်ခိုက်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
“ဟုတ်တယ်။ ငါအဲ့လိုပြောခဲ့တယ်”
“ဒီကိစ္စက ဒီလိုဆိုတော့ ငါတို့အမှားမရှိဘူး။ သွားကြ”