အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း(၂၅၃) သားရဲယဥ်ပါးဆေး
ချူးယွင်ဖန်းသည် ရုတ်တရက် ကျောက်တုံးများအောက်တွင် တီကောင်တစ်ကောင်ကဲ့သို့ခွေနေသောအရာတစ်ခုကိုတွေ့လိုက်ရသည်။ အနီးကပ်စစ်ဆေးကြည့်ပြီးနောက် သူ့မျက်နှာထက်တွင် ကျေနပ်မှုတစ်ခုပေါ်လာ၏။
ဤတီကောင်နှင့်တူသောအရာသည် တကယ်တမ်းတွင်တီကောင်မဟုတ်ပေ။ စိတ်နှလုံးအောင်နိုင်တီဟု ခေါ်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ရာ ဤအပင်အကြောင်းလူအနည်းငယ်သာသိကြသည်။ ၎င်းသည် သားရဲယဥ်ပါးဆေးဖော်စပ်ရာတွင် အသုံးပြုသည့် အဓိကပါဝင်ပစ္စည်းဖြစ်သည်။
လုပ်ငန်းတိုင်းတွင် သားရဲများကိုထိန်းကျောင်းသည့် ကိုယ်ပိုင်နည်းလမ်းများရှိကြသည်။ ဆေးပညာရှင်မားအတွက် သားရဲယဥ်ပါးဆေးသည် အဓိကနည်းလမ်းဖြစ်သည်။ ဤဆေးများကို မှီခိုအားကိုးခြင်းဖြင့်ဆေးပညာရှင်တစ်ဦးသည် သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
စိတ်နှလုံးအောင်နိုင်တီ၏ သက်တမ်းအရ ပြုလုပ်မည့် သားရဲယဥ်ပါးဆေး၏ အကျိုးအားနိသင်များသည် ကွဲပြားသည်။ အဆင့်အမျိုးမျိုးရှိသည့် သားရဲများကို ထိန်းချုပ်နိုင်စေရန် အမျိုးမျိုးသော မတူညီကွဲပြားသောဆေးများကို အသုံးပြုရမည်ဖြစ်သည်။
ဤစိတ်နှလုံးအောင်နိုင်တီသည် အသက်သုံးဆယ်ခန့်သာရှိသေးသည်။ ၎င်းသည် သက်တမ်းကြီးမြင့်ကာစရှိသဖြင့် အဆင့်မြင့်သားရဲယဥ်ပါးဆေးကို ဖော်စပ်နိုင်လိမ့်မည်မဟုတ်ပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲရှိ အချက်အလက်များအရ ၎င်းသည် မွေးဖွားခြင်းနယ်မြေ အဆင့် သားရဲတစ်ကောင်ကိုပင် ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။ အများဆုံးအနေဖြင့် သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်ကိုသာ ထိန်းချူပ်နိုင်မည်ဖြစ်သည်။
မှန်သည်။ ဆေးဧကရာဇ်အတွက်မူ မွေးဖွားခြင်းနယ်မြေ အဆင့်သားရဲသည် ဘာမှမဖြစ်ပေ။ သို့သော် ချူးဘွင်ဖန်းအတွက်မူ မွေးဖွားခြင်းနယ်မြေ အဆင့်သားရဲသည် အလွန်ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုဖြစ်ရာ၊ သန့်စင်ခြင်းအဆင့်သားရဲပင်လျှင် အလွန် အစွမ်းထက်နေပြီဖြစ်သည်။
နတ်ဆိုးဂိုဏ်း၏ အမဲလိုက်ခြင်းကိုခံရခြင်းကြောင့် ချူးယွင်ဖန်းည် အလွန်ကြီးစွာသော အန္တရာယ်ကို ခံစားနေရသည်။ အကယ်၍ သူသည် သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်ကို ထိန်းချုပ်ထားနိုင်ပါက အသေချာအပင် အကျိုးအမြတ်များစွာရှိမည်ဖြစ်သည်။ စျေးကွက်တွင် ယဥ်ပါးသော သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်၏ စျေးနှုန်းသည် ကောင်းကင်တမျှ မြင့်မားသည်။
အချိန်တိုအတွင်းတွင် ချူးယွင်ဖန်း၏စွမ်းအင်များ ခုန်ပျံကျော်လွှား၍ မတက်လှမ်းနိုင်သောအခြေအနေမျိုးတွင် ၎င်းသည် သူ၏ တိုက်ပွဲစွမ်းအင်ကို မြှင့်တင်နိုင်မည့် အမြန်ဆုံးနည်းလမ်းဖြစ်သည်။
ချူးယွင်ဖန်းသည် ရုတ်တရက် သူ့အခြေအနေတိုးတက်နေပြီဟု ခံစားလိုက်ရသည်။ စိတ်နှလုံးအောင်နိုင်တီ၏ ကောင်းကျိုးများကို မည်သူမျှမသိသောကြောင့် လိုချင်လျှင်ပင် စျေးကွက်တွင် ဝယ်ယူရန် မဖြစ်နိုင်ပေ။ ယခုမူ တောရိုင်းထဲတွင် တစ်ပင်တွေ့လိုက်ရပြီဖြစ်၏။
ချူးယွင်ဖန်းသည် ဂိုဏ်းမှ သူလျှိုများအကြောင်း ရွှယ်ပိုင်လုံထံသို့ ချက်ချင်းပြန်သွားပြောချင်သော်လည်း ယခုမူ စိတ်ပြောင်းသွားပြီဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှကို စာဖြင့်ပို့ပြီးနောက် သူသည် စိတ်နှလုံးအောင်နိုင်တီကို တောင်မြစ်ပန်းချီကားထဲသို့ ရွေ့ပြောင်းစိုက်ပျိူးခဲ့သည်။
သို့သော် စိတ်နှလုံးအောင်နိုင်တီကို အသုံးပြုရန် လိုအပ်သော ပါဝင်ပစ္စည်းများသည် ဤကဲ့သို့ အကန့်အသတ်မရှိပေ။ အဓိကပါဝင်ပစ္စည်းဖြစ်သော စိတ်နှလုံးအောင်နိုင်တီအပြင် အခြားပါဝင်ပစ္စည်းများစွာကိုလည်းလိုအပ်သည်။
ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးနယ်မြေနှင့် မဝေးကွာသော တောအုပ်ထဲတွင် မှောင်ခိုစျေးကွက်များရှိကြောင်း ပြောထားသည့် အင်တာနက်မှအချက်အလက်တချို့ကို သူပြန်လည်သတိရသွားသည်။ ဤမှောင်ခိုစျေးကွက်များတွင် ဥပဒေနှင့် စည်းမျဥ်များမရှိပေ။ ဤနေရာတွင် တောတွင်းထဲမှ ပစ္စည်းများကို ဝယ်ယူရောင်းချခြင်း နှင့် မုဆိုး၊ ကြေးစား အများအပြားသာရှိတတ်သည်။
ချူးဘါင်ဖန်းသည် ယခုအချိန်တွင် မည်သည့်နေရာဟူ၍မသိသော နေရာတစ်ခုတွင်ရှိနေ၏။ မြို့သို့ ပြန်ရန် အချိန်မည်မျှ ကြာလိမ့်မည်ကို သိမသိပေ။ ထို့အပြင် မကြာမီတွင် ပြန်နိုင်ရန်လည်း မျှော်လင့်ချက်မရှိပေ။ သူလုပ်နိုင်သည်မှာ ဤမှောင်ခိုစျေးကွက်များကိုရှာဖွေကာ သားရဲယဥ်ပါးဆေးကိုတီထွင်ရန် အခြားပါဝင်ပစ္စည်းများကို ရယူရမည်သာဖြစ်သည်။
သို့သော် သူသည် ဤနေရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှမသိပေ။ တရားဝင်မြေပုံများတွင် ဤမှောင်ခိုစျေးကွက်များမရှိသောကြောင့် ထိုနေရာများကို မည်သို့ရှာဖွေရမည်ကို သူမသိပေ။ ထို့နောက်
မေးမြန်း၍ရနိုင်မည့် တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရမိကာ နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။
“ဟားဟား ရှားရှားပါးပါးပါလား။ မိတ်ဆွေလေး ချူး၊ မင်းငါ့ကို ဘာလို့ခေါ်တာလဲ” ချူးယွင်ဖန်းရှေ့တွင် လူတစ်ယောက်ပေါ်လာကာ ရယ်သံများပျံ့လွင့်လာသည်။ ၎င်းသည်ကာ ဆေးပညာရှင် ပိုင်ဟုန်ဖြစ်သည်။
ပြီးပြည့်စုံသော စွမ်းအင်သန့်စင်ဆေးများကို မကြာသေးမီခန့်က စတင်ရောင်းချခဲ့မှုကြောင့် ပိုင်ဟုန်၏ ထိန်းကွပ်မှုအောက်တွင် ကုမ္ပဏီ၏ စတော့စျေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ၊ အမြတ်မည်မျှရကြောင်းကိုပင် မတွက်ချက်နိုင်တော့ပေ။ မြင်းနောက်မှလိုက်စီးနေရသကဲ့သို့ အလွန်လျင်မြန်လျက်ရှိသည်။
“အယ်၊ မင်းက အခုတောထဲမှာလား” ပိုင်ဟုန်သည် ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော် တောထဲမှာ”
“ကောင်းပြီ။ တစ်ခုခုဆုတောင်းစရာမရှိဘဲနဲ့ ဘယ်သူမှ ဘုရားကျောင်းကို လာလည်မှာမဟုတ်ဘူး။ မင်းလိုအပ်သမျှကို လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်”
ချူးယွင်ဖန်းက ခဏရပ်ကာ၊
“တည်ငြိမ်သမုဒ္ဒရာမြို့တစ်ဝိုက်က မှောင်ခိုစျေးတွေရဲ့လိပ်စာတွေ ခင်ဗျားမှာရှိလားလို့ မေးချင်လို့ပါ။ ကျေးဇူးပြုပြီး မိတ္တူတစ်စောင်ပို့ပေးပါ”
ဤမှောင်ခိုစျေးကွက်များ၏ လိပ်စာများကို အင်တာနက်တွင်မရှာဖွေနိုင်သော်လည်း ၎င်းတို့အကြောင်း မည်သူမျှ မသိဟု မဆိုလိုပါ။ ပိုင်ဟုန်၏ အာဏာဖြင့် ၎င်းတို့ကို ရှာဖွေရန် ခက်လိမ့်မည်မဟုတ်ပေ။
“အေးဆေးပါ။ ငါ တစ်ယောက်ယောက်ကို မင်းဆီလာပို့ခိုင်းလိုက်မယ်ကွာ၊ မှောင်ခိုစျေးကွက်က ဘာဝယ်ချင်လို့လဲ၊ ငါ့အကူအညီလိုလား”
“မလိုပါဘူး၊ လိပ်စာပဲပို့ပေးပါ”
“ကောင်းပြီ။ ငါ့မှာ သတင်းကောင်းရှိတယ်။ ကိုယ်ခန္ဓာသန့်စင်ဆေးတွေက အရမ်းရောင်းကောင်းနေတယ်။ အမြတ်ဝေစုရရင် မင်းအရမ်းအံ့သြသွားလိမ့်မယ်” ပိုင်ဟုန်က အလွန် စိတ်ဓာတ်တက်ကြွကာ ရယ်မော၍ပြောလိုက်သည်။
“ကြားရတာ အရမ်းကောင်းတယ်”
ဖုန်းချပြီးနောက် ပိုင်ဟုန်သည် မိနစ်ပိုင်းအတွင်း တည်ငြိမ်သမုဒ္ဒရာမြို့တစ်ဝိုက်ရှိ မှောင်ခိုစျေးကွက်များ၏ လိပ်စာများနှင့် ကိုသြဒိနိတ်များကို ပေးပို့ခဲ့သည်။ မြို့ပတ်လည်တွင် မှောင်ခိုစျေးကွက် တစ်ဒါဇင်ကျော်ရှိသည်။ ဤသည်မှာ သာမန်လူများလက်လှမ်းမှီနိုင်သောအရာများမဟုတ်ပေ။ အကောင်ကြီးသော ပုဂ္ဂိုလ်များသာ လွယ်လွယ်ကူကူသိရှိနိုင်သော အရာတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် အနီးစပ်ဆုံးတွင် တည်ရှိသော မှောင်ခိုစျေးထံသို့ အမြန်ပြေးသွားရာ၊ မိနစ်နှစ်ဆယ်ကျော်အတွင်းတွင် သူရောက်သွားသည်။ မှောင်ခိုစျေးသည် ကြီးမားသော စစ်ခံတပ်တစ်ခုကဲ့သို့ပင်ဖြစ်ရာ၊ ချူးယွင်ဖန်းစိတ်ကူးထားသကဲ့ ပျက်စီးကာဖရိုဖရဲဖြစ်မနေပေ။
ဤသို့တွေးပြီးနောက်တွင် ဤကိစ္စသည် ပို၍အဓိပ္ပါယ်ရှိလာသည်။ ဤမှောင်ခိုစျေးကွက်သည် တောရိုင်းထဲတွင်တည်ဆောက်ထားခြင်းဖြစ်သဖြင့် စစ်ခံတပ်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်မထားလျှင် သားရဲအစုအဝေးများ၏ တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိလိမ့်မည်နည်း။
ယင်းကြောင့် မှောင်ခိုစျေးကွက်များကို သူ့အလိုလိုဖွဲ့စည်းထားသည်ဟူသော အင်တာနက်ပေါ်ရှိအချက်အလက်များကို ချူးယွင်ဖန်း သံသယဝင်မိသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤသို့သောအရောင်အဝါထွက်ရန် များစွာသတ်ဖြတ်ထားနှင့်သည်မှာသိသာ၏။
ကျောင်းသားတစ်ယောက်ပုံပေါက်သော ချူးယွင်ဖန်းသည် ထိုနေရာရှိ လူများကြားတွင် အလွန်ထူးဆန်းနေပုံရသည်။ မှောင်ခိုစျေးကွက်ထဲသို့ ဝင်ရောက်ပြီးချက်ချင်းပင်၊ လူများစွာ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ဤအကြည့်များကို သူလျစ်လျူရှိကာ ဂိုထောင်တစ်လုံးကို ဦးစွာငှား၍ တောင်မြစ်ပန်းချီကားထဲတွင် စုပုံထားသော မွန်းစတားအသေကောင်များကို ထည့်လိုက်သည်။ ထို့နောက် မွန်းစတားအသေကောင်များကို အထူးပြုဝယ်ရောင်းသည့် ကုန်သည်တစ်ဦးကိုတွေ့ကာ၊ အလောင်းများအားလုံးကို ထိုသူထံသို့ရောင်းလိုက်သည်။
ထိုကုန်သည်သည် အနည်းငယ် သံသယမျှပင် သံသယမဝင်ပေ။ ချူးယွင်ဖန်းသည် ဤမွန်းစတားများကို ကိုင်တွယ်ဖြေရှင်းနေသည့် ကြေးစားအဖွဲ့တစ်ဖွဲ့နှင့်ဆက်နွယ်နေသည်ဟုသာ ထင်ခဲ့သည်။ တကယ်တမ်းတွင် ဤမျှများပြားသော သားရဲများကို လူတစ်ဦးတည်းမှ သတ်နိုင်မည့်ပုံမပေါ်ပေ။
နောက်ဆုံးတွင် မွန်းစတားအသေကောင်များကို သုံးသန်းဖြင့်ရောင်းချခဲ့သည်။ အမြှီးသုံးချောင်းငွေမြေခွေး၏ နောက်ဆုံးစျေးနှင့်ကွာခြားလှသော်လည်း ဤသည်မှာ သားရဲများ၏ စျေးနှုန်းပင်ဖြစ်သည်။ မွန်းစတားအဆင့်မြင့်လေ စျေးနှုန်းပိုမြင့်လေဖြစ်ကာ၊ အရေအတွက်သည် အရေအသွေးနှင့်မယှဥ်နိုင်ပေ။
ငွေလက်ခံရရှိပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သားရဲယဥ်ပါးဆေးကို ဖော်စပ်ရာတွင် အလိုအပ်သော ပါဝင်ပစ္စည်းများကိုဝယ်ယူရန် ဆေးဖက်ဝင်အပင်များဆိုင်သို့သွားခဲ့သည်။
အခန်း(၂၅၄) သားရဲယဥ်ပါးဆေး ပြီးဆုံး
ချူးယွင်ဖန်းသည် ဆေးဖက်ဝင်အပင်ဆိုင်သို့ဝင်လာသည်။ နေရာသည်သိပ်မကြီးသည့်အပြင် သာမန်ကုန်စုံပစ္စည်းများသာရှိသည်။ ဆေးဖက်ဝင်အပင်များနှင့် အခြားပစ္စည်းများအားလုံးကိုမူ ဆိုင်အနောက်ထဲတွင် ထည့်ထား၏။ ဤသည်မှာ ဆိုင်၏ ရှေ့မျက်နှာစာတစ်ခုမျှသာဖြစ်သည်။
ဆေးပင်ဆိုင်ပိုင်ရှင်မှာ လူလတ်ပိုင်းတစ်ဦးဖြစ်ကာ အလယ်အလတ်ပိုင်းကိုယ်ခန္ဓာအချိုးအစားရှိသည်။ သူ၏ မျက်ခုံးများသည် အနည်းငယ် ညို့ကာ အေးစက်သော ခံစားချက်မျိုးပေးစွမ်းနေ၏။
ချူးယွင်ဖန်းမြင်လာသည်ကိုမြင်သောအခါ သူ့မျက်လုံးများတောက်ပလာသည်။
“မောင်ရင်၊ မင်း ဘာဆေးဖက်ဝင်အပင်တွေတယ်ချင်လဲငါမသိပေမယ့် ငါ့မှာအကုန်ရှိတယ်။ အခုမရှိသေးရင်တောင် ချက်ချင်းပို့ပေးနိုင်မယ့်လူကို ငါရှာတွေ့နိုင်တယ်။”
“ခင်ဗျားမှာ စာရင်းရှိလား”
“ရှိတယ် ဒီမှာ” ပိုင်ရှင်က တက်ပလက်တစ်လုံးပေးသည်။
ချူးယွင်ဖန်းသည် စာရင်းတစ်လျှောက်ရှာကြည့်ကာ၊ ခဏအကြာတွင် သူကမျက်မှောင်ကြုတ်ကာပြော၏။
“ဘာလို့ အကုန်လုံးက ဒီလောက်စျေးကြီးနေတာလဲ။ မြို့ထဲမှာထက် ငါးဆယ်ရာခိုင်နှုန်းလောက် ပိုစျေးကြီးတယ်”
ဆေးဆိုင်ပိုင်ရှင်က ရယ်မောလိုက်သည်။
“ဒါကသတ်မှတ်ပြီးသားပဲ။ ငါလည်း အသက်မွေးဖို့လိုသေးတယ်မလား။အဲ့တာတွေက မင်း မြို့ထဲမှာရှာလို့ရတာထက် စျေးကြီးတယ်။ ဒါပေမယ့် မင်းသာမြို့ကို ပြန်ပြီး အဲ့တာတွေဝယ်လို့ရရင် ငါ့ဆိုင်ကို လာရှာမှာမဟုတ်ဘူးမလား”
ချူးယွင်ဖန်းသည် ပိုင်ရှင်၏ အမူအရာကို နားလည်ကာ အလိုအလျောက်ပင် ညှိနှိုင်း၍မရနိုင်ကြောင်းသိလိုက်သည်။ ဤသည်မှာ မှောင်ခိုစျေးကွက်၏ သဘောသဘာဝပင်ဖြစ်သည်။ အနိမ့်စျေးဖြင့် ဝယ်ကာ၊ အမြင့်စျေးဖြင့်ရောင်းသည်။ သူရောင်းချခဲ့သည့် သားရဲအသေကောင်များကို ပုံမှန်အတိုင်းရောင်းပါက အနည်းဆုံး လေးသန်းမှ ငါးသန်းအထိရောင်းချနိုင်မည်ဖြစ်သည်။ သို့သော် မှောင်ခိုစျေးတွင်မူ သုံးသန်းသာရနိုင်သည်။
“ဒီမှာ ကျုပ်ကို ဒါတွေယူပေးပါ။ ဆေးဖိုလည်းလိုတာကြောင့် တစ်ခုပြင်ဆင်ပေးပါ”
“ပြဿနာမရှိပါဘူး။ ဆေးဖိုသုံးခအပါအဝင် တစ်သန်းကျပါတယ်” ပိုင်ရှင်က ပြုံးလျက်ပြောလိုက်သည်။
ချူးယွင်ဖန်းသည် စျေးကြီးသည်ဟု ခံစားမိသော်လည်း တွန့်ဆုတ်ခြင်းမရှိ ပေးချေခဲ့သည်။ နောက်ဆုံးရိတ်သိမ်းချိန်နှင့်ယှဥ်လျှင် ဤပမာဏသည် မည်သည့်အဓိပ္ပါယ်မျှမရှိပေ။
“မင်းက ဆေးပညာရှင်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး မောင်ရင်။ ဆောရီးပါ။” ဆိုင်ပိုင်ရှင်က မျက်စိတလက်လက်ဖြင့် ပြုံးရယ်ကာပြောလိုက်သည်။
“လမ်းပြပါ” ဆိုင်ပိုင်ရှင်၏ မှတ်ချက်ကိုဘေးဖယ်ထားကာ ချူးယွင်ဖန်းကပြောလိုက်သည်။
ဆိုင်ပိုင်ရှင်၏ လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် နောက်ဘေးလမ်းကြားသို့ရောက်လာကာ၊ ဆေးဖိုတစ်ခုကိုတွေ့လိုက်ရသည်။ ဆေးဖော်စပ်ခန်းထဲ၌ ခဏတာစောင့်ပြီးနောက်တွင် သူတောင်းထားသော ပါဝင်ပစ္စည်းများကို တစ်စုံတစ်ယောက်က ယူဆောင်လာပေး၏။
ဆိုင်ပိုင်ရှင်ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် ချက်ချင်းပင် အလေးအနက်ထားလာသည်။ အမှောင်ခိုစျေးကွက်သည် အန္တရာယ်အငွေ့အသက်များပြည့်နှက်နေသည်။ ယခင်က သူရောက်ခဲ့ဖူးသော တည်ငြိမ်သမုဒ္ဒရာမြို့နှင့် သုန်ဟွာမြို့ကြားရှိ မှောင်ခိုစျေးကွက်နှင့်ကွဲပြားသည်။ ထိုနေရာတွင် အခြေခံစည်းမျဥ်းဥပဒေများရှိနေသေးသော်လည်း ယခုဤနေရာသည်မူ ၎င်းတို့ ကင်းမဲ့လျက်ရှိရာ၊ ဤနေရာရှိလူတိုင်းသည် အလွန်အန္တရာယ်များသော အသွင်အပြင်ရှိကြသည်။
ဆေးဖော်ခန်းသို့ သွားရာလမ်းတွင် ချူးယွင်ဖန်းသည် မွန်းစတားမုဆိုးများအကြားရှိ ရန်ပွဲများစွာကို တွေ့လိုက်ကြရသည်။ မည်သူမျှ မျက်တောင်မခတ်ကြပေ။ ဒဏ်ရာရသောသူများသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိကြသည်။
‘သားရဲယဥ်ပါးဆေးကို ဖော်စပ်ပြီးတာနဲ့ ငါဒီကချက်ချင်းထွက်သွားမယ်’
ဆိုင်ပိုင်ရှင်သည် ၎င်းကိုဖုံးကွယ်ရန်ကြိုးစားခဲ့သော်လည်း မကောင်းသောရည်ရွယ်ချက်များကို ဖုံးကွယ်ထားကြောင်း ချူးယွင်ဖန်း ပြောနိုင်၏။ ဆိုင်ပိုင်ရှင်က သူသည် ဆေးပညာရှင်ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် အမူအရာချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူကောင်းကောင်း ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖန်းသည် သတိထားမိခဲ့၏။
‘ဒီအပိုင်းတွေမှာ ငါပိုသတိထားရမယ်’ ချူးယွင်ဖန်းက တွေးသည်။
သို့သော် သူသိပ်စိတ်မပူခဲ့ပေ။ တောင်မြစ်ပန်းချီကား ဖြင့် သူသည် အချိန်မရွေး ၎င်းကို ဝှက်ထားနိုင်သောကြောင့် စိတ်ပူရန်မလိုအပ်ပေ။ ချူးယွင်ဖန်းသည် အချိန်ဖြုန်းမနေတော့ဘဲ၊ သားရဲယဥ်ပါးဆေးကို စတင်ဖော်စပ်သည်။ ဆိုင်ရှင်က မည်သို့ပင်တွေးနေပါစေ၊ ဆေးလုံးဖော်စပ်ရမည်ဖြစ်သည်။
သုံးနာရီကြာပြီးနောက်တွင် သားရဲယဥ်ပါးဆေးဖော်စပ်ခြင်း ပြီးဆီးသွားခဲ့သည်။ ဆေးရနံ့သည် သူ့နှာခေါင်းကို လွှမ်းသွားသည်။ ချူးယွင်ဖန်းသည် ဓာတ်မီးဖိုကို ဖွင့်ကာဆေးလုံးကို ထုတ်ယူကာ ဆေးဖော်စပ်ခန်းထဲတွင် ထားထားသော ကြေပုလင်းထဲသို့ ဂရုတစိုက်ထည့်လိုက်၏။
‘ဒီသားရဲယဥ်ပါးဆေးက သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်ကို ယဥ်ပါးအောင်လုပ်ဖို့ လုံလောက်တယ်။ အဲ့တာက သန့်စင်ခြင်းအဆင့်အဆင့် အကူတစ်ယောက်ရှိသလိုပဲ။ အံ့သြစရာပဲ” ချူးယွင်ဖန်းက ကိုယ့်ဘာသာတွေးနေမိသည်။
ထို့အပြင် ဤသားရဲယဥ်ပါးဆေးသည် သားရဲ၏ ဉာဏ်ရည်ကို ဆုံးရှုံးစေလိမ့်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသားရဲသည် ပို၍ပင် ဉာဏ်ကောင်းလာမည်ဖြစ်ကာ၊ တစ်နည်းအားဖြင့်ဆို၇လျှင် ယဥ်ပါးသောသားရဲ၏ အလားအလာသည် ပို၍မြင့်မားသောအဆင့်တစ်ခုသို့ တိုးတက်လာမည်ဖြစ်သည်။ ၎င်းသည် ပို၍တိုးတက်ကာ မွေးဖွားခြင်းနယ်မြေ အဆင့်သားရဲတစ်ကောင်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်၏။
သားရဲယဥ်ပါးသည့် နည်းလမ်းများစွာသည် နောက်ဆုံးတွင် ထိုမွန်းစတားကို ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ယဥ်ပါးလာသော သားရဲသည် မကြာခဏဒဏ်ရာရကာ အဆင့်တက်နိုင်မည်မဟုတမပေ။ အချို့သော နည်းလမ်းများသည် အမှားအယွင်းချို့ယွင်းချက်များကြောင့် ဖြစ်သော်လည်း အချို့သည်မူ အဆင့်တက်ကာ ၎င်း၏ သခင်အား ပုန်ကန်ခြင်းမှတားဆီးရန်ဖြစ်သည်။ သို့သော် သားရဲယဥ်ပါးဆေးကို အသုံးပြုခံထားရသော သားရဲများသည်မူ လုံးဝကွဲပြား၏။
‘သန့်စင်ခြင်းအဆင့်သားရဲကို ထိန်းချုပ်ပြီးရင် အခြေစိုက်စခန်းကို ပြန်သွားမယ်။ ကျန်းယုရှန်ဖြစ်ဖြစ် တပ်သားသူလျှိုနှစ်ယောက်ပဲဖြစ်ဖြစ် ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး” ချူးယွင်ဖန်းက ဤသို့တွေးကာ သူ့မျက်လုံးများထဲတွင် ပြင်းပျသောအလင်းရောင်တစ်ခု ဖျတ်ခနဲလတ်သွား၏။ မည်သူကိုမျှ ထိခိုက်လိုစိတ်မရှိသော်လည်း အတင်းအကြပ်ဖိအားပေးခံရပြီးနောက်၊ သူ့တွင် ရွေးချယ်စရာမရှိပေ။
ထိုအခိုက်အတန့်တွင် ဆေးဖော်စပ်ခန်း၏ လှေကားထစ်များဆီမှလာသော ခြေသံများကိုကြားလိုက်ရသည်။
“လိ မင်းသေချာလို့လား။ ဆေးပညာရှင်တစ်ယောက်က ဒီမှောင်ခိုစျေးကို တကယ်လာတာလား” စူးဝါးဝါးအသံဖြင့်မေးလိုက်သည်။
“မဟုတ်ရင် ငါပြောမလား။ သူကငယ်ငယ်လေးပဲ” ဆိုင်ပိုင်ရှင်၏ အသံထွက်လာသည်။
“သူငယ်သေးတာ အရေးမကြီးဘူး။ ငါတို့ သွေးဝံ့ပုလွေခေါင်းဆောင်က အစေခံအဖြစ် ဆေးပညာရှင်တစ်ယောက်ကို လေ့ကျင့်ပေးချင်နေတာ။ ကံမကောင်းလို့ ဒီလိုမလုပ်နိုင်ခဲ့ဘူး။ အခု တစ်ယောက်ကိုဖမ်းလိုက်ရင် အချိန်ကုန်သက်သာမှာပဲ” ထိုစူးဝါးဝါးအသံက ထပ်မံပေါ်ထွက်လာသည်။
“ဆရာ၊ အဲ့ကောင်က မပူးပေါင်းရင်ရော”
“ဒါဆို သူ့နံရိုးတွေချိုး၊ မျက်လုံးကိုဖောက်ပြီးနှိပ်စက်မှာပေါ့။ သေရမှာကို မကြောက်တဲ့လူတွေရှိတယ်လို့ ငါမထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်မီနည်းပညာနဲ့ သူမသေသေသရွေ့တော့ အကုန်ပြန်ကုလို့ရမှာပဲလေ”
ချူးယွင်ဖန်းသည် တံခါးဝမှနေ၍ အရာအားလုံးကို ရှင်းလင်းစွာကြားလိုက်ရသည်။ ဆိုင်ပိုင်ရှင်သည် သူ့ကိုဖမ်းရန် လူအချို့လွှတ်လိုက်ခြင်းဖြစ်သည်။ ဤမှောင်ခိုစျေးသည် အမှန်တကယ်ပင် ဥပဒေမဲ့နေသည်။ သွေးဝံပုလွေဂိုဏ်းသည်လည်း စည်းမဲ့ကမ်းမဲ့ဖြစ်သည်မှာ ထင်ရှား၏။ ဤသို့တွေးကာ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ဆေးဖော်စပ်ခန်း၏ အပြင်ဘက်သို့ ရှုပ်ထွေးနေသော ခြေသံများရောက်လာသည်။ တံခါးကိုဖွင့်ကာ လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ဝင်လာခဲ့သည်။ ဦးဆောင်သူသည် ဆိုင်ပိုင်ရှင်မှလွဲအခြားသူမဟုတ်ပေ။ သူ့ဘေးတွင် အရပ်ရှည်ရှည် မုတ်ဆိတ်ကောက်ကောက်ဖြင့် သိုင်းဝတ်စုံဝတ်ထားသော ယောက်ျားကြီးတစ်ဦးရှိသည်။
ထိုလူနှစ်ယောက်၏ နောက်တွင် အလားတူ အရပ်ရှည်သန်မာသော လူငါးယောက်ရှိရာ၊ ထိုသူအားလုံးသည် ကြောက်မက်ဖွယ်ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလျက်ရှိသည်။
အခန်း(၂၅၅) သူတို့အားလုံးကိုသတ်ခဲ့တယ်
“လီ မင်းပြောခဲ့တဲ့လူက ဘယ်မှာလဲ” မုတ်ဆိတ်ကောက်ကောက်ရှိသော လူကြီးက ဆေးဆိုင်ပိုင်ရှင်ကို လက်ညှိုးထိုးကာမေးသည်။ “သူဘယ်မှာလဲ”
“မဖြစ်နိုင်ဘူး။ ဒီနေရာကနေထွက်ပြေးဖို့လမ်းမရှိဘူး။ ဝင်ပေါက်မှာ ကင်မရာတွေတပ်ထားတယ်။ ငါသူ့ကို ကြည်နေတာ။ သူရှောင်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဆိုင်ပိုင်ရှင်က ထူးခြားသောအသံဖြင့်ပြောသည်။
ထို့နောက် ချက်ချင်းပင်ဆို၏။
“မီးဖိုက အခုထိပူနေတုန်းပဲ။ သူအဝေးကြီးကို မရောက်လောက်သေးဘူး။ အခုလေးတင်ထွက်သွားတာဖြစ်ရမယ်”
ဆေးဖိုသည် ပူနေသေးသည်။ တစ်နည်းဆိုရလျှင် ချူးယွင်ဖန်းသည် မကြာသေးမီကအထိ ဆေးဖော်စပ်ခန်းတွင်ရှိနေဆဲဖြစ်ကာ အဝေးသို့မရောက်နိုင်သေးပေ။
“သူ့ကိုရှာ၊ ဘယ်ကိုထွက်ပြေးပြေး ဒီဆေးပညာရှင်ကို အလွတ်မပေးလိုက်နိုင်ဘူး။” မုတ်ဆိတ်ကောက်ကောက်ရှိသော သူက အော်ပြောသည်။ မြို့တော်အတွင်းတွင် ပြန်ပေးဆွဲခြင်းသည် ကြီးမားသော ကိစ္စတစ်ခုဖြစ်မည်မှာ သေချာသည်။ သို့သော် ဤတောရိုင်းမှောင်ခိုစျေးကွက်တွင် ၎င်းသည် အလွန်ဖြစ်လေ့ဖြစ်ထရှိသော အမှုတစ်ခုသာဖြစ်သည်။
မုတ်ဆိတ်မွှေးကောက်ကောက်ဖြင့် ယောက်ျား၏ စကားအဆုံးတွင် အနက်ရောင်ဓားအလင်းတန်းတစ်ခု လေထုထဲတွင်ပေါ်ထွက်လာကာ ထိုသူ့အား ထိမှန်သွားသည်။
မုတ်ဆိတ်မွှေးကောက်ကောက်ရှိသောအမျိုးသားသည် ဤအရာကိုမမျှော်လင့်ထားသဖြင့် လုံးလုံးပြင်ဆင်ထားခြင်းမရှိပေ။ သူ၏ ကျင့်ကြံရေးအဆင့်သည် ချီးကျူးဖွယ်ကောင်းလှသော်လည်း ထိုကဲ့သို့ ရုတ်တရက် ခိုးဝင်တိုက်ခိုက်ခံရသောအခါတွင်မူ အဆင်သင့်မဖြစ်နေပေ။
သူ့ခေါင်းအား အဖြတ်ခံလိုက်ရပြီးနောက် ချက်ချင်းပင်သေဆုံးသွားခဲ့သည်။
လတ်ဆတ်သော သွေးများသည် နေရာအနှံ့သို့ ပြန့်ကျဲကုန်၏။
ဤလျပ်တပြတ်တိုက်ခိုက်မှုကြောင့် အခြားသူများလည်း ထိတ်လန့်ကုန်သည်။ ဤနေရာတွင် တိုက်ခိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လေဟာနယ်ပစ္စည်းများ သည် အဆင့်မြင့်သော ပစ္စည်းတစ်မျိုးဖြစ်သဖြင့် သာမန်လူများ လက်လှမ်းမီသော အရာတစ်ခုမဟုတ်ပေ။ ထို့အပြင် ထိုကိရိယာများသည် သက်ရှိအရာများကို ဖုံးကွယ်မထားနိုင်ကြပေ။ ဤသို့သော စွမ်းရည်မျိုးသည် ထိုကိရိယာများအကြားတွင် ဒဏ္ဍာရီတစ်ခုမျှသာဖြစ်ခဲ့သည်။ ထို့ကြောင့် သွေးဝံပုလွေဂိုဏ်းသားများအားလုံး သတိလက်လွတ်ဖြစ်နေကြခြင်းဖြစ်၏။
“ဘယ်ကောင်လဲ” ဆိုင်ပိုင်ရှင်လိက အော်ဟစ်လိုက်သည်။ ထို့နောက် အနက်ရောင်ဓားအလင်း ထပ်မံပေါ်ထွက်လာကာ သူ့မျက်နှာအား ဖြတ်တောက်ပစ်လိုက်သည်။ သူသည်လည်း သတိလက်လွတ်ဖြစ်လျက် ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားရ၏။ လူ့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် နတ်လက်နက်များကို တွန်းလှန်နိုင်စွမ်းမရှိပေ။
ဒုတိယအကြိမ်တွင် အခြားသော သွေးဝံပုလွေဂိုဏ်းသားများသည် အလွန်သတိရှိနေကြပြီဖြစ်သည်။ ၎င်းတို့သည် ရာနှင့်ချီသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရကာ တောတွင်းမှောင်ခိုစျေးထဲ၌ အသက်ရှင်သန်ကျန်ရစ်နိုင်သူများဖြစ်ကြသည်။ ဟုတ်သည်။ သူတို့တွင် စစ်ပွဲအတွေ့အကြုံမရှိကြပေ။ မည်သည့်နေရာမှ ထွက်ပေါ်လာသည်မှန်းမသိသော ဤတိုက်ခိုက်မှုများကို ရပ်တန့်ချင်ကြသည့်အတွက် သူတို့အားလုံးသည် လက်နက်များကို ထုတ်ကာ လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်း ခုတ်သင်ပစ်ကြသည်။
သို့သော် သူတို့ မည်သို့ခုခံနိုင်ကြလိမ့်မည်နည်း။ အများစု၏ စွမ်းအားများသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မကြာသေးမီကမှ ဝင်ရောက်လာခဲ့ကြကာ၊ ကြေးစားများအကြားတွင် လက်ရွေးစင်များဟု ယူဆနိုင်သော်လည်း ဤတစ်ချိန်သည် ချူးယွင်ဖန်း ချူးကျိေကာနှင့်ရင်ဆိုင်ခဲ့ရသည့်အချိန်နှင့် လုံးလုံးကွာခြားသည်။ ယခု ချူးယွင်ဖန်းသည်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သဖြင့် ဤလူများကို ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။
တောင်မြစ်ပန်းချီကား ၏ အကူအညီဖြင့် ချူးယွင်ဖန်းသည် ထွက်လာလိုက်၊ ပြန်ဝင်သွားလိုက်ဖြင့် တိုက်ခိုက်လျက်ရှိရာ၊ သူတစ်ကြိမ်ထွက်လာသည့်အခါတိုင်းတွင် ဂိုဏ်းသားတစ်ယောက်ကို ဇီဝိန်ချုပ်ပစ်လိုက်သည်။ တစ်ခဏအတွင်းတွင်ပင် ဤလူများအားလုံးကို သတ်ပစ်နိုင်ခဲ့သည်။
ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍ ထိုသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက၊ ရင်ဆိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ မုတ်ဆိတ်ကောက်ကောက်အမျိုးသား တစ်ဦးတည်းကပင် ကျန်းယုရှန်ထက် အဆင့်မနိမ့်ပေ။ ပို၍ပင် သန်မာနိုင်၏။ ကျန်လူများသည် စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်တွင်ရှိကြရာ၊ ဤကျဥ်းမြောင်းသောနေရာတွင်သာ အဝိုင်းခံရလျှင် ချူးယွင်ဖန်း သေရမည်မှာ အသေအချာပင်ဖြစ်သည်။
သူ့အားသတ်ချင်သော သူများကို သတ်ပြီးသည့်နောက် ချူးယွင်ဖန်းသည် ဤနေရာတွင် ခပ်ကြာကြာမနေသင့်ကြောင်း သဘောပေါက်လိုက်သည်။ မှောင်ခိုစျေးသည် ဥပဒေမဲ့သော နေရာဖြစ်သဖြင့် အခြေအမြစ်မရှိသော လူတစ်ယောက်အဖြစ်လျှောက်သွားနေခြင်းသည် အလွန်အန္တရာယ်များလှသည်။ သွေးဝံပုလွေဂိုဏ်းသည် အသေအချာပင် ဤလူအနည်းငယ်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ အခြားဂိုဏ်းသားများလည်း ရှိနေဦးမည်ဖြစ်သည်။
သူထွက်သွားတော့မည်ဖြစ်သဖြင့် အခြားသူတစ်ယောက်ကို အကျိုးခံစားခွင့်မပေးနိုင်တော့ပေ။ ချူးယွင်ဖန်းသည် သိုလှောင်ခန်းရှိ ဆေးဖက်ဝင်အပင်များ၊ ဆေးဖော်စပ်ခန်းရှိ ဆေးဖိုနှင့် မီးမွှေးရာတွင် အသုံးပြုရမည့် ထင်းများကို တစ်ပါတည်းသယ်ဆောင်လာခဲ့ကာ တောင်မြစ်ပန်းချီကားထဲတွင် ဆေးဖိုကို ပြန်လည်နေရာချလိုက်သည်။
ခေတ်မီ ဆေးဖော်စပ်ခန်းများသည် ရှေးခေတ်ကဖိုများနှင့် မတူညီပေ။ အထူးသဖြင့် ဆေးဖော်စပ်ရန်အသုံးပြုသည့် မီးများသည် နှစ်မျိုးနှစ်စားဖြစ်သည်။ တစ်မျိုးသည် နည်းပညာကို အသုံးပြု၍ မီးပေးခြင်းဖြစ်ကာ၊ တစ်မျိုးမှာမူ ထင်းဖြင့်ထွန်းခြင်းဖြစ်သည်။ ၎င်းသည်လည်း သစ်သားတိုင်းကို အသုံးပြု၍မရပေ။ အနည်းဆုံးအနေနှင့် စံနှုန်းပြည့်မီရန် သက်တမ်းတစ်ရာကျော်ရှိသော သစ်သားဖြစ်ရမည်ဖြစ်ကာ၊ သက်တမ်းနုသော သစ်သားဖြင့် ပြုလုပ်ထားသည့်ဆေးများသည် အရည်အသွေးမြင့်လိမ့်မည်မဟုတ်ပေ။ ဆေးပိုပြင်းလေ၊ မီးအပူချိန်မြင့်ရန် ပိုမိုလိုအပ်လေဖြစ်သဖြင့် အာနိသင်အရှိဆုံးဆေးများကို ဝိဉာဥ်စွမ်းအင်ဖြည့်ထားသော ဝိဉာဥ်သစ်သားများဖြင့်သာ ဖော်စပ်နိုင်မည်ဖြစ်သည်။
လက်ရှိ ကမ္ဘာပေါ်ရှိ သစ်ပင်များစွာသည် ဝိဉာဥ်စွမ်းအင်ကို စုပ်ယူထား၍ ကြီးမြင့်ကာ ကြီးထွားလာကြသော်လည်း ၎င်းတို့သည် ဝိဉာဥ်သစ်သားအဖြစ်ကြီးထွားလာလိမ့်မည်မဟုတ်ပေ။ ဤသစ်ပင်အမျိုးအစားများကို ခွန်းလွန်နယ်မြေအတွင်း၌သာ တွေ့ရှိနိုင်သည်။ ထို့ကြောင့် ဝိဉာဥ်သစ်သားသည် အလွန်စျေးမြင့်၏။
သို့သော် ဤဆေးဆိုင်သည် သေးငယ်သော ဆေးဆိုင်တစ်ခုဖြစ်သည့်အလျောက် ဝိဉာဥ်သစ်သားမရှိပေ။ ချူးယွင်ဖန်းအတွက် နှမျောစရာပင်ဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတိုင်းနီးပါး ငွေလွှဲကြသဖြင့် လူနည်းစုတွင်သာ ငွေသားကိုင်ဆောင်ထားကြသည်။ ထို့ကြောင့် အချို့သော ဆေးဖက်ဝင်အပင်များမှလွဲ၍ သူသတ်လိုက်သော လူများထံမှ အခြားမည်သည့်အရာမျှမရခဲ့ပေ။ သို့သော် ဤဆေးဖက်ဝင်အပင်များသည် စျေးမပေါပေ။ ၎င်းတို့သည် အနည်းဆုံး ဒေါ်လာသန်းဆယ်ဂဏန်းနှင့် ညီမျှပေလိမ့်မည်။ ထိုပမာဏသည် ဂိုဒေါင်ရှိ ဆေးဖက်ဝင်အပင်များသာဖြစ်သဖြင့် ဤဆိုင်ပိုင်ရှင် မည်မျှ ချမ်းသာလိမ့်မည်ကို တွေးကြည့်နိုင်၏။ အနည်းဆုံး ဒေါ်လာသန်းဆယ်ဂဏန်းခန့်ချမ်းသာပေလိမ့်မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် ဤဆိုင်ပိုင်ရှင်၏နောက်တွင် တစ်စုံတစ်ယောက်ရှိနိုင်သည်ကို သဘောပေါက်လိုက်သည်။ မဟုတ်လျှင် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရှိသော ထိုသူသည် ဤဒေါ်လာသန်းပေါင်းများစွာတန်သော ကြွယ်ဝမှုအပေါ်တွင် ထိုင်နေမည်မဟုတ်ပေ။ ဤမှောင်ခိုစျေးကွက်ကဲ့သို့နေရာမျိုးတွင် ဤသို့ပြုမူခြင်းသည် သေရန်တောင့်တနေခြင်းသာဖြစ်ပေလိမ့်မည်။ မှောင်ခိုစျေးသည် မြို့နှင့်မတူပေ။ မြို့ထဲတွင် ပြင်းထန်သော ဥပဒေကန့်သတ်ချက်များရှိသည်။ မှောင်ခိုစျေးကွက်တွင်မူ အရာအားလုံးသည် လက်သီးအရွယ်အစားပေါ်တွင် မူတည်၏။ ဤမျှကြီးမားသော ကံကြမ္မာရှိသည့် စွမ်းအင်သန့်စင်ခြင်းအဆင့်ပုဂ္ဂိုလ်သည် အမှန်စင်စစ်ပင် သေခြင်းတရားကို တောင့်တနေခြင်းဖြစ်သည်။
ယင်းက ချူးယွင်ဖန်း၏ ခန့်မှန်းချက်ကို ထပ်လောင်းအတည်ပြုခဲ့သည်။ ဤမှောင်ခိုဈေးကွက်များသည် မရိုးရှင်းပေ။ သူတို့၏နောက်ကွယ်တွင် ကျောထောက်နောက်ခံများ ရှိကောင်းရှိနိုင်သည်။ ဥပမာအားဖြင့်၊ ဆေးပညာရှင် ပိုင်ဟုန်သည် ထိုမှောင်ခိုဈေးကွက်များ၏အချက်အလက်များကို မိနစ်ပိုင်းအတွင်းတွင် ရယူနိုင်ခဲ့သည်။
သို့သော် ထိုသူတို့သည် သူ့အားသတ်ချင်ခဲ့ခြင်းဖြစ်သဖြင့် ဤလူများကို သတ်ဖြတ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ချူးယွင်ဖန်းသည် စိတ်မသက်မသာဖြစ်ခြင်းမရှိပေ။ သူ အညံ့ခံခဲ့သင့်သလား။
ပါဝင်ပစ္စည်းများကို စုဆောင်းပြီးနောက် ချူးယွင်ဖန်းသည် ဆေးတစ်မျိုးကို ပြန်လည်သတိရသွားသည်။ ၎င်းကို ဆေးအစင်းေကြာင်းတခု ခရမ်းရွှေဆေးဟုခေါ်သည်။ ဤဆေးသည် ထိုအချိန်က ဆေးဧကရာဇ်ရရှိခဲ့သော မပြည့်စုံသေးသည့် ဆေးဖော်မြူလာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးခေတ် အနန္တစွမ်းအားရှင်တစ်ဦးမှ ၎င်းကို ဖော်စပ်ခဲ့ခြင်းဖြစ်ကာ၊ မူလက ဆေးအစင်းေကြာင်းကိုးခု ခရမ်းရွှေဆေးဟုခေါ်သည်။ ဤဆေးကို သောက်သုံးပြီးနောက်၊ လူတစ်ဦး၏ ခွန်အားသည် ညတွင်းချင်း ခုန်တက်သွားမည်ဖြစ်သည့်အပြင် နောက်နေ့၌ပင် ဆက်လက် တိုးမြင့်လာမည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
သို့သော်လည်း ဤဆေးဖော်မြူလာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သဖြင့် ယခုအခါ ဒဏ္ဍာရီများ၌သာ ကျန်ရှိလျက်ရှိသည်။ ဆေးဧကရာဇ်သည် အစိတ်စိတ်အမွှာမွှာ ကွဲသွားသော မူရင်းကို အခြေခံ၍ ဆေးဖော်မြူလာသုံးခု ဖော်ထုတ်ခဲ့ရာ၊ အစင်းတစ်စင်း၊ အစင်းသုံးစင်းနှင့် အစင်းခြောက်စင်းဟူ၍ သုံးမျိုး ခွဲခြားထားသည်။
အစင်းတစ်ခု ခရမ်းရောင်-ရွှေဆေးလုံးသည် စွမ်းအင်နည်းပါးသော စစ်သည်များအတွက် သင့်လျော်သည်။ သောက်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် စွမ်းအင်ကို အဆင့်တစ်ဆင့် မြှင့်တင်ပေးမည့်အပြင် ဆေး၏အာနိသင်သည် အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားမည်မဟုတ်ပေ။
လူတစ်ဦး၏ စွမ်းအားအပေါ်သို့သက်ရောက်မည့် ဆေးအာနိသင်သည် အတော်အတန်ကြီးမားပေလိမ့်မည်။