← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း(၂၄၄) ပြောင်မြောက်တဲ့ ဓားချက်

လက်ရှိ ကျန်းယုရှန်သည် အလွန် စွမ်းအားကြီးကာ သူ့ဆီမှ ဖြာထွက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို လူတိုင်းခံစားနိုင်၏။

ချီစွမ်းအင်၏ အရှိန်အဟုန်သည် ၎င်းတို့အား ကြီးမားစွာ ဖိနှိပ်နိုင်သည့်အငွေ့အသက်များ ခံစားစေလျက်ရှိကာ ဤသည်မှာ မယုံကြည်နိုင်လောက်စရာပင်ဖြစ်၏။ သူတို့သည် သက်တူရွယ်တူများဖြစ်ကြသော်လည်း ခြားနားချက်သည် စိတ်ကူးယဥ်၍မရနိုင်လောက်အောင် ကြီးမား၏။

သာမန်လူများသာဖြစ်လျှင် ဤသည်မှာ အဆင်ပြေသော်လည်း မိမိတို့သည် ခရိုင်အသီးသီး၏ လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ အများစုမှာ လူချမ်းသားမိသားစုများကပင်ဖြစ်ကြသော်လည်း ဤသို့ကြီးမားသော ကွာဟချက်ရှိနေသေးသည်။ ဤအရာက သူတို့အား ကျန်းမိသားစုအပေါ် ပိုမိုနားလည်သဘောပေါက်စေ၏။ ပြည်ထောင်စု၏ နံပါတ်တစ်ကျောင်းသားသည် ကျန်းလင်းရှောင်ဖြစ်ကာ လွန်ခဲ့သော နှစ်နှစ်ခန့်က ပြည်ထောင်စုအစိုးရတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

‘ချမ်းသာတဲ့မိသားစုဆိုတာဘာလဲ။ ဒါ ချမ်းသာတဲ့မိသားစုပဲ’

“ကျန်းယုရှန် ငါနဲ့ နင့်ဝမ်းကွဲနဲ့ လက်ထပ်ဖို့က အခုထိအတည်မပြုရသေးဘူး။ အတည်ပြုခဲ့ရင်တောင် ငါ့ကိစ္စတွေကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး”

“ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး ဟုတ်လား တန်စီယု၊။ မင်းက တန်မိသားစုနဲ့ ကျန်းမိသားစုကို အရှက်ရစေချင်တာလား။ မင်းက မယားငယ်တစ်ယောက်ထက်ပိုဆိုးတဲ့ မယားငယ်ရဲ့သမီးပဲ။ တကယ်လို့ မင်းအစ်မသာ စစ်မြေပြင်မှာမသေခဲ့ရင် မင်းဘယ်လိုလုပ် ငါ့အစ်ကိုကို လက်ထပ်ခွင့်ရမှာလဲ။ မင်း ငါ့အစ်ကိုကို ဘာထင်နေလဲ။ မင်းတို့နှစ်ယောက်လက်ထပ်ရတာမှာ ကံကောင်းတဲ့လူက မင်းပဲကွ” ကျန်းယုရှန်က ချက်ချင်းပြောလိုက်သည်။ “တန်စီယု၊ မင်းမိသားစုကို ထားခဲ့ပြီး တ်ညငြိမ်သမုဒ္ဒရာမြို့ကို ရောက်လာတာ ငါတို့မသိဘူးထင်နေလား။ ပြည်ထောင်စုတက္ကသိုလ်ကို မင်းကြိုးစားရုံလောက်နဲ့ ရောက်မယ်ထင်လို့လား။ ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ခွင့်ရတာနဲ့ အကုန်အဆင်ပြေသွားမယ်ထင်နေလား။ ကလေးဆန်လိုက်တာ။ အရင်က မလိုလို့ မင်းကို ဘာမှမပြောခဲ့တာ။ အခု မင်းက အကောင်တစ်ကောင်နဲ့ ပေါင်းနေပြီး မင်းတို့နှစ်ယောက်ရဲ့ ကောလဟာလတွေက ကျန်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ကွ။ ဒီလောက်တောင် အရှက်မရှိဘူးလား”

ထိုမှသာ အခြားကျောင်းသားများသည် ထိုကိစ္စကို သိရှိသွားကြခြင်းဖြစ်သည်။ တန်စီယုကို ကြည့်သော သူတို့၏အကြည့်များသည် ပြောင်းလဲသွား၏။

အငယ်အနှောင်းတစ်ယောက်မှ ကလေးမွေးခြင်းဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် မျိုးမစစ်ကလေးထက်ပင် ပို၍ဆိုးသည်။ ကျွန် သို့မဟုတ် ကျွန်နှင့် တန်းတူပင်ဖြစ်၏။

လူတိုင်းသည် ညီတူညီမျှစွာမွေးဖွားလာသည်ဟု လက်ရှိ ပြည်ထောင်စုအစိုးရမှ ထောက်ခံပြောဆိုခဲ့ကြသော်လည်း အများစုသည် လူချမ်းသာများဖြစ်ကြကာ အာဏာရှိမိသားစုများမှဖြစ်ကြ၏။ သာမန်မိသားစုမှ လူတစ်ယောက်သည် ထိုသို့သောအဆင့်အတန်းသို့ရောက်ရန် မလွယ်ကူပေ။ ထို့ကြောင့် အောက်ခြေအဆင့်လူများသည် လူတိုင်းညီတူညီမျှစွာမွေးဖွားလာသည်ဆိုသော စကားသည် ဟာသတစ်ခုသာဖြစ်နေကြောင်း နားလည်ထားကြ၏။

သူတို့မိသားစုများထဲမှ အကြီးအကဲများသည် အိမ်အပြင်ဘက်တွင် အငယ်အနှောင်းများထားကြကာ၊ ထိုအငယ်အနှောင်းများမှ မွေးဖွားလားသော ကလေးများကို အငယ်အနှောင်းများထက်ပင် အဆင့်အတန်းနိမ့်သည်ဟု ယူဆကြမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် တန်စီယု၏ နောက်ကွယ်တွင် ဤမျှဝမ်းနည်းဖွယ်ကောင်းသော ဇာတ်လမ်းတစ်ခုရှိကြောင်း ယခုသိရှိခဲ့ရသည်။ သူမ အထက်တန်းဒုတိယနှစ်တွင် အမှတ်(၁၃)အထက်တန်းကျောင်းသို့ဝင်ရောက်ခဲ့ခြင်းကို အံ့သြစရာမရှိတော့ပေ။ တန်စီယု ဤမျှအလျင်လိုနေသည်မှာ မထူးဆန်းပေ။ အချိန်တိုင်းတွင် သူမ၏ အနောက်မှ တစ်စုံတစ်ယောက် လိုက်ဖမ်းနေသကဲ့သို့ဖြစ်ရာ၊ ဤအိမ်ထောင်ပြုရမည့်ကံကြမ္မာကို ဖယ်ရှားပစ်ချင်ခဲ့သည်။

တန်စီယု၏ မျက်နှာသည် ဖြူလျော့သွား၏။ လက်ဆစ်များ ဖြူလျော့လာသည်အထိ သူမ၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏လက်ချောင်းလေးများသည် ကြောက်မက်ဖွယ် ဖြူစုတ်လျက်ရှိသည်။

“ဟား ဒါက ကျန်းမိသားစုရဲ့ မာနလား။ စောက်ရေးမပါတာတွေ။ ငါ ဒီနေ့ မင်းမျက်နှာကို ရိုက်ပြမယ် ကျန်းယုရှန်”

ချူးယွင်ဖန်းသည် စကားကို တစ်လုံးချင်းပြောလိုက်သည်။ သူဤမျှထိ ဒေါသမထွက်ခဲ့ဖူးပေ။

လူတိုင်းသည် အောက်ခြေမှပုဂ္ဂိုလ်များသာဖြစ်ကြသည်။ အထက်တန်းစားများအတွက် သူတို့သည် ခြယ်လှယ်ကစားစရာ အသုံးခံ၊ လက်ကိုင်တုတ်များသာဖြစ်ကြသည်။ အိမ်ထောင်ရေးအရ မဟာမိတ်ဖွဲ့ချင်သည်ဟု ဆိုကြသော်လည်း ဤကိစ္စအများစုသည် အတင်းအကြပ်စီစဥ်ကြခြင်းဖြစ်သည်။ သင်တို့၏ ခြေထောက်များကို ဖြတ်ပစ်ကာ ကျန်ရှိသော သက်တမ်းတစ်လျှောက်ကို ဘီးတပ်ကုလားထိုင်ပေါ်တွင် ထားချင်သည်ဟူသောစကားသည် ဤသို့သော အထက်တန်းစားများ၏ ကြင်နာမှုကို ပြသပုံသာဖြစ်သည်။

“သားလေး၊ လူတိုင်းက တန်းတူလို့ထင်နေတဲ့ မင်းလိုကောင်တွေကို ငါတွေ့ဖူးတယ်။ မင်းတို့လိုကောင်တွေရဲ့ မာနနဲ့ ယုံကြည်ချက်ကို ရိုက်ချိုးရတာ ငါအကြိုက်ဆုံးပဲကွ။ တစ်ကမ္ဘာတည်းမှာနေရင်တောင် မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲဆိုတာ နားလည်စေချင်တယ်” ကျန်းယုရှန်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ချူးယွင်ဖန်းသည် အဝေးမှအခြားကျောင်းသားများကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့သည် ကျန်းမိသားစုသည် လူချမ်းသာများဖြစ်ကာ ကျန်လူများမှာ အဆင့်နိမ့်များဖြစ်သည်ဟူသော သတ်မှတ်ချက်ကို အသားကျနေကြပုံပေါ်သည်။

‘ဒါက ကမ္ဘာကြီးရဲ့ အမှန်တရားဖြစ်ရင်တောင် ငါ အဲ့ဒီ စောက်ကျိုးနည်းစနစ်ကို ပြောင်းပစ်မယ်’

ဤအတွေးသည် ပထမဆုံးအကြိမ်အဖြစ် ချူးယွင်ဖန်း၏ နှလုံးသားထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျန်းယုရှန်သည် ချူးယွင်ဖန်း မည်သို့တွေးနေသည်ကို မသိပေ။ သိလျှင်ပင် သူဂရုစိုက်မည်မစုတ်ပေ။ ချူးယွင်ဖန်းသည် ထိုသို့သော အတွေးမျိုး တွေးနေသည့် ပထမဆုံးသူမဟုတ်သည့်အပြင် နောက်ဆုံးသူလည်း ဖြစ်လိမ့်မည်မဟုတ်ပေ။ ပြည်ထောင်စုအစိုးရ၏ လူတိုင်းတန်းတူမွေးဖွားလာခဲ့သည်ဟူသော ဝါဒဖြန့်မှုသည် အရေးပါနေသေးသော်လည်း အချိန်ကြာလာလေလေ ဤကိစ္စသည် အဓိပ္ပါယ်မရှိမှန်းသိလာကြသည်။ သာမန်မိသားစုမှလာသောသူများ စိတ်ပြောင်းနိုင်ကြလျှင်ပင် ဤမျှ ကြီးမားသော အထက်တန်းစားများရှေ့တွင် သူတို့သည် အလွန်အားနည်းသဖြင့် မည်သို့မျှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ကျန်းယုရှန်သည် သူ့ရှေ့မှလူသည် ထိုသူများနှင့် မတူသည်ကို မသိပေ။

ဘွန်း

ကျန်းယုရှန်သည် စတင်ရွေ့လျားကာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုပေါ်ထွက်လာ၏။ စွမ်းအင်သန့်စင်ခြင်းပဥ္စမအဆင့်ကျင့်ကြံအားဖြင့် သူ၏ ချီစွမ်းအင်သည် စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ရှိ ချူးယွင်ဖန်းထက် အလွန်များပြားသည်။ သူသည် လက်နက်ကိုပင် ထုတ်ခြင်းမရှိဘဲ ချူးယွင်ဖန်းအား လက်ဗလာဖြင့် ဆုတ်ကိုင်လိုက်သည်။

ကျန်းယုရှန်သည် ချူးယွင်ဖန်း၏ ရှေ့တွင် ချက်ချင်းပေါ်လာ၏။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသုံးပြုကာ စက္ကန့်ပိုင်းအတွင်းတွင် ကျန်းယုရှန်၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်သည်။

“ရွေ့လျားရေးသိုင်းတွေကို မင်းသိတာလား။ ဒီအခြေအနေထိလုပ်နိုင်ခဲ့တာ အံ့သြစရာတော့မရှိပါဘူး။ ဒွပေမယ့္ ငါ့ရှေ့မှာတော့ မင်းက ဘာကောင်မှမဟုတ်ဘူးကွ” ကျန်းယုရှန်သည် ချူးယွင်ဖန်း၏ သိုင်းကို ချက်ချင်း သတိထားမိသော်လည်း အနည်းငယ်မျှပင် စိတ်ထဲမထည့်လိုက်ပေ။ သူ့အတွက်မူ ဤသည်မှာ မည်သည့်အဓိပ္ပါယ်မျှမရှိပေ။

ချူးယွင်ဖန်း၏ ရှောင်တိမ်းမှုကြောင့် သူတို့နှစ်ဦး၏ စွမ်းအင်များထိပ်တိုက်မတွေ့ခဲ့ကြပေ။ ကျန်းယုရှန်သည် ကြွက်ဖမ်းရသည်ကို နှစ်သက်သော ကြောင်တစ်ကောင်နှင့်တူကာ၊ ချူးယွင်ဖန်းသည်မူ ကြွက်တစ်ကောင်နှင့်တူ၏။

ရုန်းကန်ခြင်းသည် အဓိပ္ပါယ်မရှိပေ။ ချူးယွင်ဖန်း ရုန်းကန်လေလေ၊ ကျန်းယုရှန်တစ်ယောက် ပိုမိုပျော်ရွှင်ရလေဖြစ်နေ၏။

“သနားစရာပဲ။ မင်း ခြေထောက်ဆုံးမယ့်ကံကြမ္မာကနေ လွတ်မြောက်မှာမဟုတ်ဘူး” ကျန်းယုရှန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ သူသည် တိုက်ခိုက်ရန် လောမနေပေ။ ချူးယွင်ဖန်းထံသို့ တစ်ကြိမ်လျှင် တစ်ခါသာ တိုက်ခိုက်သည်။

သူ့ရှေ့ မှချူးယွင်ဖန်းသည် ရှောင်တိမ်းနေရာမှ ရုတ်တရက် ရှေ့သို့ လျှောက်လာ၏။

“ဟ မင်း အမြန်သေချင်နေတာလား”

သို့သော် မကြာမီတွင်ပင် တစ်စုံတစ်ခုလွဲမှားနေကြောင်း သူသတိထားမိလိုက်သည်။ ချူးယွင်ဖန်း ရှေ့သို့တစ်လှမ်းတိုးတိုင်းတွင် သူ့ကိုယ်မှအရှိန်အဝါသည် တဖြည်းဖြည်းတောက်ပလာ၏။ ခြေလှမ်းတစ်လှမ်းစီတိုင်း ချူးယွင်ဖန်းသည် ပိုမိုသန်မာလာသည်။ တဖြည်းဖြည်းနှင့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ကျန်းယုရှန်ပင်တိုက်ရိုက်မကြည့်နိုင်လောက်သည့်အထိ တောက်ပလာ၏။

“ဒါကဘာမှမဟုတ်ပါဘူး။ ဒါလေးကိုပဲ ကြိုးစားကြည့်” ချူးယွင်ဖန်းသည် ခပ်ပေါ့ပေါ့ပင် ပြောလိုက်သော်လည်း လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေသော စွမ်းအင်များထင်ဟပ်နေ၏။

အသည်မှာ ဝူဟောက်ရန်ကျဥ့်စဥ်ကြောင့် ထွက်ပေါ်လာသော ချူးယွင်ဖန်း၏ အရှိန်အဝါဖြစ်ရာ၊ ကြောက်မက်ဖွယ်ကောင်းလွန်းလျက်ရှိသည်။

“မင်းက လျှို့ဝှက်ဆန်းကြယ်ချင်နေတာလား။ မင်းဘာလှည့်ကွက်တွေ သုံးနေလဲဆိုတာ ငါစိတ်မဝင်စားဘူး” ကျန်းယုရှန်က အော်ဟစ်ကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။

ချူးယွင်ဖန်းသည်လည်း ချက်ချင်းပင် ပြင်းထန်သော ဓားချက်တစ်ခုကို ပြုလိုက်သည်။ ထိုသိုင်းကွက်၏ ခမ်းနားမှုသည် အရာအားလုံးကို တောက်ပသွားစေ၏။

အခန်း(၂၄၅) မျက်နှာအား နှစ်ချက်ရိုက်ခြင်း

ထိုသိုင်းကွက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းရာ၊ ဓားအိမ်ထဲတွင်အတော်ကြာအောင်သိမ်းထားသော အဖိုးတန်ဓားကဲ့သို့ထင်ရ၏။ ထိုအကြောင်းကို မည်သူမျှမသိသော်လည်း အလွန်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။

ဓားချက်သည် အလွန်ပြင်းထန်သဖြင့် ၎င်း၏ အရှိန်အဝါသည်ပတ်ဝန်းကျင်ရှိအရာမှန်သမျှကို လွှမ်းမိုးသွားသည်။

ကျန်းယုရှန်သည်သည် စွမ်းအင်သန့်စင်ခြင်းပဥ္စမအဆင့်သို့ရောက်ရန် အမှန်တကယ်ပင် ထိုက်တန်သူဖြစ်သည်။ ဤအချိန်တွင်ပင် သူသည် တုံ့ပြနိုင်သေးသည်။ ဤဓားချက်ကြောင့် သူ၏ စွမ်းအင်အားလုံးကို ပိတ်လှောင်

ခံလိုက်ရသကဲ့သို့ ခံစားရကာ လွတ်မြောက်ရန်နေရာမရှိပေ။ မည်သို့သော သိုင်းပညာမျိုးက ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမသိသော်လည်း သူငြိမ်ငြိမ်နေကာ သေရန်စောင့်မနေသင့်ကြောင်းကိုတော့ သူသိသည်။ သူ့ခါးတွင်ထည့်ထားသော ပျော့ပြောင်းသည့်ဓားကို အားဖြင့် ဆွဲထုတ်လိုက်သည်။ မလိုအပ်လောက်ဟု သူထင်ခဲ့သော်လည်း ယခုမူ လက်နက်ကိုထုတ်သုံးရတော့မည်ဖြစ်ကာ၊ ထိုပျော့ပြောင်းသောဓာားသည် ချူးယွင်ဖန်း၏ ဓားရှည်ဆီသို့တည့်တည့်ကျသွား၏။

“ချလန်”

ပျော့ပြောင်းသည့်ဓားသည် ချက်ချင်းပင် လွင့်ထွက်သွားသည်။ သူ့လက်မောင်းများထုံကျဥ်သွားသည်အထိ ဓားရှည်ကို ခက်ခက်ခဲခဲတားဆီးခဲ့ရသည်။ သို့သော် ဤမျှတိုတောင်းလှသော အချိန်တွင် သူသည် ဓားကိုရှောင်ခဲ့သည်။

ကျန်းယုရှန်သည် ဓားကို ရှောင်နိုင်ခဲ့သော်လည်း ဓားချက်သည် သူ့အား ထိမှန်ခဲ့သည်။

ဘမ်း

ခြောက်ခြားဖွယ်အသံတစ်ခုပေါ်ထွက်လာကာ ချီစွမ်းအင်များ အဘက်ဘက်သို့ပျံ့နှံ့သွားသည်။ ကျန့်ယုရှန်သည် ဓားဖြင့် အရှိန်ပြင်းစွာထိမှန်ခဲ့ရာ၊ အဝေးသို့လွင့်ထွက်သွား၍ အဆောက်အဦး၏ နံရံသို့တိုက်မိသွား၏။ အဆိုပါအဆောက်အဦးများသည် အမြင့်ဆုံးနည်းပညာများဖြင့်တည်ဆောက်ထားခြင်းဖြစ်ရာ မွန်းစတားများစွာ၏ဒဏ်ကို ခံနိုင်စေရန် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သို့သော် ယခုမူ ဓားချက်၏ အရှိန်ကြောင့် နံရံများ ကြေမွကုန်၏။

ထို့နောက် ကျန်းယုရှန်သည် မြေပြင်ပေါ်သို့လိမ့်ကျသွားသည်။

ကျန်းယုရှန်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာကာ သူ့ခန္ဓာကိုယ်သည် ဘောလုံးတစ်ခုကဲ့သို့ကွေးသွား၏။ ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် မြင့်မားသော စိတ်ဝိဉာဥ်များမရှိတော့ပေ။ ဤအရာများအားလုံးသည် လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်ရာ၊ ဖော်ပြရန် အချိန်ကြာသော်လည်း လက်တွေ့တွင်မူ စက္ကန့်ပိုင်းအတွင်းဖြစ်ပျက်သွားခြင်းဖြစ်သည်။ လူတိုင်းသည် အနက်ရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓား၏ အနက်ရောင်အလင်းတစ်ခုကိုသာ ခံစားမိကြ၏။

ကျောင်းသားအများစုသည် ဤသို့သော ကြောက်မက်ဖွယ်သိုင်းပညာမျိုးကို အင်တာနက်ပေါ်တွင်သာ မြင်ဖူးသည်။ ဤသည်မှာ အနှစ်သာရ၊ ဓွမ်းအင်နှင့် စိတ်ဝိဉာဥ်တို့ကို တစ်ပြိုင်နက်တည်း

ပြသနိုင်သည့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးကြခြင်းဖြစ်သည်။ သူတို့ အားလုံး ကြောင်အန်းသွားကြရာ၊ ဖြစ်ပျက်ခဲ့သည့်အရာကို သဘောပေါက်နားလည်သွားသောအချိန်တွင်မူ ဖြစ်စဥ်တစ်ခုလုံးပြီးဆုံးသွားပြီဖြစ်သည်။ ဤသည်ကား ဓားချက်တစ်ခုမျှသာဖြစ်၏။

စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့်တွင်ရှိသော ကျန်းယုရှန်သည် လွင့်ထွက်သွားခဲ့ကာ မြေပြင်ပေါ်လဲကျလျက်ရှိသည်။ ကျန်းယုရှန်ကိုကြည့်မိသောအခါ သူတို့ ရုတ်တရက် ထိတ်လန့်သွားကြသည်။ ကျန်းယုရှန်၏ ရင်ဘက်ရှိ ချပ်ဝတ်တန်ဆာသည် ဓားချက်တစ်ချက်ကြောင့် အလုံးစုံကွဲအက်သွားခဲ့သည်။ အကယ်၍ သူသာ ချပ်ဝတ်တန်ဆာမဝတ်ဆင်ထားပါက ဤဓားချက်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းကြေမွသွားစေနိုင်လောက်၏။

‘ဒါတွေအားလုံးကို ချူးယွင်ဖန်းလုပ်ခဲ့တာလား’

ချူးယွင်ဖန်းသို့ကြည့်သော အကြည့်များထဲတွင် မတွေးနိုင်လောက်‌သော အကြောက်တရားများဖြင့်ပြည့်နှက်နေ၏။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သာမန်မဟုတ်ကြောင်း သူတို့သိသော်လည်း ၎င်းသည် လှည့်စားခြင်းမဟုတ်၊ သူတကယ်ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။ အကယ်၍ ဤဓားချက်သာ သူတို့ဆီကျရောက်လာခဲ့ပါက ကျန်းယုရှန်ထက်ပင် သနားစရာကောင်းနေပေလိမ့်မည်ဖြစ်သည်။

‘ချူးယွင်ဖန်း’

ဤအမည်သည် သူတို့စိတ်၏ နက်ရှိုင်းသောနေရာများထဲထိ စွဲထင် ကျန်ရစ်လျက်ရှိသည်။ လူတစ်ယောက်သည် ဤမျှကြောက်လန့်ဖွယ်ကောင်းသော သိုင်းကွက်တစ်ခုလုပ်ခဲ့ခြင်းကို သူတို့ ဤတစ်သက်တွင် မည်သည့်အခါမျှ မေ့နိုင်ကြလိမ့်မည်မဟုတ်ပေ။

ပို၍ ရယ်စရာကောင်းသောအရာမှာ သာမန်လူတန်းစားတစ်ယောက်၏ မာနသည် အထက်တန်းစားတစ်ယောက်ကို ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူသွားသည်ကို မြင်လိုက်ရခြင်းပင်ဖြစ်သည်။ ၎င်းသည် သူတို့၏ မာနလည်းဖြစ်ခဲ့ဖူးသော်လည်း မည်သည့်အရာမျှမစွမ်းဆောင်နိုင်ခဲ့ကြပေ။ ချူးယွင်ဖန်းကြောင့် သူတို့အားလုံးကြက်သေသေကုန်ကြသည်။

“ဒီသိုင်းကွက်က အတော်လေးထိရောက်တာပဲ” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

ထို့နောက် သူ့လည်ချောင်းထဲမှ ချိုမြိန်သောအရသာကို ခံစားလိုက်ရရာ ပါးစပ်အပြည့် သွေးများအန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြွက်သားများအားလုံး ကွဲကြေသွားသကဲ့သို့ပင် ခံစားနေရသည်။ သူ၏ အရိုးအချို့ပင် ကျိုးကြေသွားသကဲ့သို့ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ အကယ်၍ လက်တစ်ဖက်ဖြင့် သူ့ဓားကိုသာ ကိုင်မထားပါက လုံးဝလဲကျသွားနိုင်၏။

လူတိုင်းသည် ဤသည်မှာ တိုက်ခိုက်မှု၏ ဆိုးကျိုးဖြစ်ကြောင်း နားလည်လိုက်ကြသော်လည်း မည်သူမျှ သူ့ကို အထင်မသေးကြပေ။ ချူးယွင်ဖန်းသည် သူတို့အားလုံးကို အနိုင်ယူနိုင်ခဲ့ကြပြီးဖြစ်ရာ ဤသည်မှာ မှန်ကန်သည့် တိုက်ပွဲရလဒ်ပင်ဖြစ်သည်။

“ယွင်ဖန်း နင်အဆင်ပြေရဲ့လား”

တန်စီယုသည် ချူးယွင်ဖန်း ဒူးထောက်ကျသွားသည်ကို မြင်ကာ ချက်ချင်းထိတ်လန့်သွားသည်။ စိုးရိမ်ပူပန်မှုကဲသော အသံဖြင့် ချူးယွင်ဖန်းဆီသို့ ပြေးသွား၏။

“ငါအဆင်ပြေပါတယ်” ချူးယွင်ဖန်းက သူ့ခေါင်းကို ခါလိုက်သည်။ တိုက်ခိုက်မှုအပြီး ချက်ချင်းတွင်ပင် ဆိုးကျိုးများကို ခံစားခဲ့ရသည်။ ဤသည်မှာ ဝူ‌ဟောက်ရန်သိုင်းကို အသုံးပြုခြင်း၏ အဖိုးအခပင်ဖြစ်သည်။

“ဟေး တိုက်ပွဲပြီးပြီလား”

လူတစ်ယောက်သည် အေးဆေးစွာလမ်းလျှောက်လာ၏။ ရွှယ်ပိုင်လုံပင်ဖြစ်သည်။

စစ်ယူနီဖောင်းဝတ်ထားသော ရွှယ်ပိုင်လုံသည် လမ်းလျှောက်လာ၏။

“ဗိုလ်ကြီးရွှယ်”

“ဗိုလ်ကြီးရွှယ်”

ကျောင်းသားများစွာက တခဲနက်ထအော်ကြသည်။

သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံ့မှအရိပ်အယောင်များ ထင်ဟပ်လျက်ရှိသည်။ ရွှယ်ပိုင်လုံသည် မည်မျှအာဏာကြီးသည်ကို သူတို့အားလုံးသိကြသည်။

ရွှယ်ပိုင်လုံက ကျန်းယုရှန်နှင့် ချူးယွင်ဖန်းတို့နံဘေးသို့လျှောက်သွားကာ ဆေးတစ်လုံးစီတိုက်လိုက်သည်။

“ဒါက ကုသဖို့ပဲ။ နနေက်ပိုင်းမှာ မင်းတို့နှစ်ယောက်လုံး ငါ့အကောင့်ထဲကို ယွမ်သုံးသိန်းစီလွှဲပေးပါ။ မွန်းစတားတွေကို သတ်ရင် နစ်နာကြေးအဖြစ်ယူဆပေမယ့် မင်းတို့ ဒဏ်ရာရရင်တော့ ကုသမှုခံယူဖို့လိုအပ်တယ်။ ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးက တိုက်ခိုက်နေကြတာဆိုတော့ ငါ ဂရုမစိုက်နိုင်တော့ဘူး” ရွှယ်ပိုင်လုံက အေးစက်စွာပြောလိုက်သည်။

ဆေးကို သောက်သုံးပြီးနောက် ကျန်းယုရှန်သည် မြေပြင်ပေါ်တွင် လူးလှိမ့်နေရာမှ ရပ်သွားသည်။ သူ့တစ်ကိုယ်လုံးမှ ဒဏ်ရာများပြန်လည်သက်သာလာကာ ထိုအချိန်တွင် ချူးယွင်ဖန်းသည်လည်း သူ့ခန္ဓာကိုယ်ရှိ ကျိုးနေသော အရိုးများနှင့် စုတ်ပြဲသွားသော ကြွက်သားများ ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပြန်ကောင်းလာရန်မဖြစ်နိုင်သော်လည်း သူတို့နှစ်ဦးလုံး အရေးကြီးသည့်အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ဤဆေးသည် တောထွက်ချိန်အသုံးပြုရသည့် ဆေးဘက်ဆိုင်ရာ ကိရိယာများထက်ပင် ပိုမိုအသုံးဝင်၏။ အလွယ်တကူသယ်ဆောင်သွားနိုင်သည်။

“ခွေးကောင်လေး အရင်ရက်တွေတုန်းက မင်းအရည်အချင်းမီရဲ့သားနဲ့ နယ်မြေ(၂)ကို ဘာလို့မလာတာလဲလို့ စဥ်းစားနေတာ။ အခု မင်းရောက်လာတော့ ဒီလောက်ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လိုက်ပြီ။ ဒီလေ့ကျင့်ရေးစခန်းက နှစ်ပေါင်းများစွာလည်ပတ်နေတာပေမယ့် နယ်မြေ(၂)ကို တစ်ယောက်တည်းက အမှောက်သိပ်လိုက်နိုင်တာ ဒါပထမဆုံးပဲ။ မင်းတော်တော် တော်တာပဲ” ရွှယ်ပိုင်လုံက အနည်းငယ်ပြုံး၍ပြောသည်။ သူ အဘယ်သို့တွေးနေကြောင်း မည်သူမျှမပြောနိုင်ပေ။

“ဗိုလ်ကြီးရွှယ်၊ ဒါ သူပဲ။ ကျုပ်တို့ကျောင်းသားတွေအများကြီးကို သူဒဏ်ရာရအောင်လုပ်ခဲ့တာ။ သူကရက်စက်ပြီး ကရုဏာကင်းတဲ့ကောင်ပဲ။ မွန်းစတားကိုးကွယ်ဂိုဏ်းရဲ့ သူလျှိုဖြစ်လိမ့်မယ်လို့ ကျုပ်သံသယရှိတယ်” ကျန်းယုရှန်သည် ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် စွပ်စွဲပြောဆိုလိုက်သည်။

သူ့စွပ်စွဲချက်အဆုံးတွင် ရွှယ်ပိုင်လုံက သူ့အား ပြင်းပြင်းထန်ထန်ပါးရိုက်လိုက်သည်ကို မြင်လိုက်ရ၏။

ကျန်းယုရှန်တစ်ယောက် ကြောင်အသွားသည်။

“မင်းက အရမ်းငယ်သေးပေမယ့် လူတွေကို မတရားပြောတဲ့နေရာမှာ ဆရာကြီးပဲ။ ကျန်းမိသားစုက သူတို့ရဲ့ မျိုးဆက်တွေကို ဒီလိုပဲသင်ပေးထားတာလား။ အကျင့်ပျက်မှာကို မကြောက်ကြဘူးလား” ရွှယ်ပိုင်လုံက ခပ်ပြုံးပြုံဂပြောလိုက်ကာ “မင်း ငါ့ရှေ့မှာ ဒီလိုကလေးကစားတဲ့အကွက်ကို သုံးရဲတာလား။ မင်းငတုံးလား ဒါမှမဟုတ် ငါ့ကို ငတုံးထင်နေလား”

“မင်း ငါ့ကို ဒီလို လိမ်ရဲတဲ့သတ္တိရှိတယ်ပေါ့။ ငါ့ကို ငတုံးထင်မနေနဲ့” ရွှယ်ပိုင်လုံက ဤသို့ပြောကာ ကျန်းယုရှန်အား နောက်တစ်ချက် ပြင်းထန်စွာရိုက်လိုက်သည်။ ကျန်းယုရှန်၏ မျက်နှာထက်တွင် ကြီးမားသော လက်ဝါးရာတစ်ခုပေါ်ထွက်လာ၏။

“မင်းက ငါ့နယ်မြေမှာ မဟုတ်တာလုပ်ရဲတယ်ပေါ့ ဟုတ်လား။ လူတစ်ယောက်ကို ပြန်ပေးဆွဲတယ်ပေါ့။ ဥပဒေတွေကို မင်းမိသားစုကရေးထားတယ်ထင်နေလား။ ငါတို့ပြည်ထောင်စုရဲ့ သမ္မတတောင် နေ့ခင်းကြောင်တောင်ကြီးပြန်ပေးဆွဲရဲမှာမဟုတ်ဘူးကွ။ မင်းကိုယ်မင်းဘာထင်နေတာလဲ။ ဒီနေ့ မင်းရဲ့ လူကြီးတွေကိုယ်စား ငါသင်ခန်းစာတစ်ခုသက်ပေးလိုက်မယ္။ ကျန်းမိသားစုဝင်ဖြစ်တာနဲ့ လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့။ မင်းမိသားစုက ကောင်းကင်ကို အုပ်စိုးနိုင်တဲ့ အာဏာရှိရင်တောင် ဥပဒေအရ ငါဒီလိုလုပ်မှာပဲ။ ဥပဒေကို မလိုက်နာတဲ့လူတွေက သေရမယ်။ နားလည်လား”

စကားဆုံးသည်နှင့် ရွှယ်ပိုင်လုံသည် နံဘေးရှိ လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကောင်တွေ အရမ်းအားနေကြလား။ ကျန်းယုရှန်၊ ချူးယွင်ဖန်း၊ စစ်စခန်းရဲ့ စည်းကမ်းကိုမလိုက်နာတာကြောင့် မင်းတို့ကို သီးသန့်ခန်းမှာတစ်ပါတ်ပိတ်ထားမယ္။ ကျန်တဲ့လူတွေက စခန်းကို ရှင်းဖို့တာဝန်ရှိတယ်။

ဤစကားကိုကြားသောအခါ ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံမှာ သူ့အစား အရှုပ်အထွေးကိုရှင်းပေးနေကြောင်းနားလည်လိုက်သည်။ ဤကိစ္စကို ဖြေရှင်းရန် ဤသို့သော နည်းကို ဖိအားပေးအသုံးပြုနေခြင်းဖြစ်သည်။

ယခုကိစ္စသည် ဤသို့ပြီးဆုံးသွားလိမ့်မည်မဟုတ်ကြောင်း သူသိသော်လည်း အနည်းဆုံးအနေဖြင့် ယခု အဆုံးသတ်သွားခဲ့သည်။

ကိစ္စကို ဖြေရှင်းပြီးဖြစ်ကာ တန်စီယုလည်း အဆင်ပြေသဖြင့် နောက်ဆုံးတွင် ချူးယွင်ဖန်း စိတ်သက်သာရာရသွားခဲ့သည်။

အခန်း(၂၄၆) လူတိုင်းမြင်ရမယ့် နေရာသို့တက်လှမ်းခြင်း

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများစွာရှိနေ၏။ သူ့အရိုးများ ကျိုးကြေကာ နေရာလွဲခြင်းများပင်ရှိခဲ့သည်။ ဤဓားချက်ကို တောနက်ထဲတွင် အသုံးပြုမိပါက သူပေးရမည့်တန်ကြေးသည် အလွန်ကြီးမားပေလိမ့်မည်ဖြစ်သည်။

တန်စီယု၏ အကူအညီဖြင့် ချူးယွင်ဖန်းသည် ဆေးကုသမှုခံယူရန် အခြေစိုက်စခန်းရှိ ရှေးဦးသူနာပြုခန်းသို့ သွားနိုင်ခဲ့သည်။ သူသည် အပေါ်ယံတွင် ကြည့်ကောင်းသော်လည်း ဆေးဘက်ဆိုင်ရာ စက်ကိရိယာများပေါ်တွင် အနီရောင် သတိပေးစာများ တောက်နေ၏။ ကနဦး ပြင်းထန်သော ဝေဒနာကို ခံနိုင်ပြီးနောက်တွင် များစွာသက်သာလာခဲ့သည်။

ချူးယွင်ဖန်း၏ လက်ရှိအခြေအနေကိုကြည့်ကာ တန်စီယုမျက်လုံးများနီရဲလာသည်။ သူမ၏ နှလုံးသားထဲမှ သံယောဇဥ်ကြိုးကို ရိုက်ခတ်သွားပုံပေါ်သည်။ ချူးယွင်ဖန်းသည် အစောပိုင်းတွင် တိုက်ခိုက်စဥ်ကကဲ့သို့ ယောက်ျားဆန်သော အမူအယာမျိုးမဟုတ်တော့ဘဲ နာကျင်လျက်ရှိသည်။ တန်စီယုသည် ဒေါသထွက်သည့်အပြင် အနည်းငယ်လည်းသဘောကျနေမိသည်။

“ကိုယ့်ကိုယ်ကိုယ် ဒီ‌လောက်ဖြစ်အောင် ဘယ်သူလုပ်ခိုင်းလို့လဲ။ အခုတော့ နာကျင်မှုရဲ့အရသာကို သိပြီမှတ်လား”

“အဲ့အချိန်တုန်းကတော့ သိပ်မစဥ်းစားမိဘူး။ နင်ပြန်ပေးဆွဲခံရတယ်လို့ထင်ပြီး ခေါင်းပူနေတော့ အရမ်းပြေးလာခဲ့တာပဲ”

ချူးယွင်ဖန်းက ရယ်လျက်ပြောသည်။

“ဒါပေမယ့် ကျန်းယုရှန်က တကယ်စွမ်းအားကြီးတာပဲ။ တကယ်တမ်းပြောရရင် ငါသေချာပေါက်နိုင်မယ်လို့ မသေချာဘူး”

“အဲ့တာဆို နင်ဘာလို့တိုက်သေးလဲ” တန်စီယုက သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။

“ငါ့မှာ ရွေးချယ်စရာမရှိဘူး။ ငါမတိုက်ရင် ငါ့ခြေထောက်တွေချိုးခံရမှာပေါ့ဟ။ ချီးပဲ။ သူကတကယ် ရက်စက်တာပဲ။ လူချမ်းသာမိသားစုက လူတိုင်းက ဒီလိုမျိုး ရက်စက်တာပဲလား”

ထိုအချိန်က သူ့တွင် ရွေးချယ်စရာဟူ၍မရှိခဲ့ပေ။ တန်စီယုကြောင့်သာမက သူ့အတွက်ပါ တွေးခဲ့ရခြင်းဖြစ်သည်။ ကျန်းယုရှန်သည် သူ၏မိသားစုဖြင့်ခြိမ်းခြောက်ခဲ့ခြင်းသည် အမှန်တကယ်ပင် ချူးယွင်ဖန်းအား စိတ်ဆိုးစေခဲ့သည်။

“လူချမ်းသာမိသားစုတိုင်းကို အတူတူပဲလို့ မထင်ပါနဲ့” တန်စီယုက အနည်းငယ်ဝမ်းနည်းဟန်ဖြင့်ပြောလိုက်သည်။

“လူချမ်းသာတိုင်းက ကျန်းယုရှန်လိုမဟုတ်ပါဘူး။ လူတော်တော်များများက သူတို့စိတ်နဲ့သူတို့ပါပဲ။ တချို့လူတွေက ပေါ်တင် မောက်မာကြပေမယ့် တချို့လူတွေကတော့ ဖုံးကွယ်ထားကြတာပဲ”

ချူးယွင်ဖန်းက ပြုံးလိုက်သည်။ တန်စီယု၏ စကားလုံးများနောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူသိသည်။ သူသည် အလွန်အားနည်းလွန်းသဖြင့် ကျန်းယုရှန်သည် သူရှေ့တွင် ဖုံးကွယ်မထားခဲ့ပေ။ သို့သော် လူတိုင်းသည် ကျန်းယုရှန်ကဲ့သို့မဟုတ်ကြချေ။ သူသည် ဦးနှောက်မရှိပုံပေါ်သော်လည်း အမှန်တကယ်တမ်းတွင် အနိုင်ရရှိရန်‌မျှော်လင့်နေခြင်းကြောင့်သာဖြစ်သည်။

မည်သူက ပုရွက်ဆိတ်တစ်ကောင်အတွက် ဟန်ဆောင်လိမ့်မည်နည်း။

ချူးယွင်ဖန်းသည် ဤရက်စက်ကြမ်းကြုတ်သော အချက်ကို စဥ်းစားနေခဲ့သည်။ သို့သော် သူပြုလုပ်ခဲ့သော နောက်ဆုံးဓားချက်အကြောင်းတွေးမိသောအခါတွင်မူ ပီတိဖြစ်သွားရ၏။ ဤသည်ကို တွေးကာ ချူးယွင်ဖန်းသည် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများပြင်းထန်စွာ ပြည့်နှက်နေသဖြင့် နာကျင်စွာရှုံ့မဲ့သွားမိ၏။

“ဒါပေမယ့် လူတိုင်းကအဲ့လိုမဟုတ်ဘူး။ မိသားစုကြီးတစ်ခုမှာ လူမျိုးစုံရှိတယ်”

“ကျန်းလင်းရှောင်ကရော ဘယ်လိုလဲ” ချူးယွင်ဖန်းက ရုတ်တရက်မေးလိုက်သည်။

“သူက အရမ်းစွမ်းအားကြီးတယ်။ သူစွမ်းအားကြီးတယ်ဆိုတာကလွဲပြီး ငါ ဘာမှမသိဘူး။ တကယ်တော့ ငါသူနဲ့ လုံးဝမတွေ့ဖူးဘူး။ ငါ့ အဖေတူအမေကွဲ ညီမသာ တိုက်ပွဲမှာ မတော်တဆမသေခဲ့ရင် ငါသူ့ကို လက်ထပ်စရာမလိုလောက်ဘူး” တန်စီယုက ဝမ်းနည်းမှုအပြည့်ဖြင့်ပြောလိုက်သည်။

“အခုလေးတင် ငါက အငယ်အနှောင်းရဲ့ကလေးလို့ ကျန်းယုရှန်ပြောတာကို နင်ကြားလိုက်ပါတယ်။ ငါတို့လို မိသားစုကြီးမှာ အငယ်အနှောင်းကမွေးတဲ့ကလေးတွေအကုန်လုံးက အတူတူပဲ။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နောက်ဆုံးကျရင် သူတို့အားလုံးကို အိမ်ထောင်ပြုဖို့ပဲသုံးကြတာ။ တန်မိသားစုက အမျိုးသမီးတွေကို အမျိုးသားတွေက လက်ထပ်ကြပြီး အမျိုးသားတွေကို အမျိုးသမီးတွေက လက်ထပ်ကြတယ်။ အမျိုးသမီးတွေက သူတို့မိတ်ဖွဲ့ချင်တဲ့ မိသားစုတွေနဲ့တောင် လက်ထပ်ခိုင်းခံရနိုင်တယ်။ ငါတို့ကို မွေးပြီးတည်းက ငါတို့ရဲ့ ကံကြမ္မာတွေက ရေးဆွဲပြီးသားပဲ”

“ဘယ်လောက်ပဲ အပေါ်ယံမှာ စွဲမက်ဖို့ကောင်းနေပါစေ၊ ငါတို့အားလုံးက ကိရိယာတွေချည်းပါပဲ” တန်စီယုက ခါးသက်စွာရယ်မောလိုက်သည်။

“ရှေးခေတ်က ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသလို ခံစားလိုက်ရတယ်။ မွေးတည်းက ကံကြမ္မာကို ရေးဆွဲထားတယ်ဆိုတာ ငါမယုံဘူး။ ကောင်းပြီ။ ရှိချင်လည်းရှိမှာပေါ့။ ဒါပေမယ့် ရှိနေရင်တော့ ငါဖျက်ပစ်မယ်။ မကြိုးစားကြည့်ဘဲနဲ့ ငါဘယ်လိုလုပ်သိမှာလဲ။ နင် တည်ငြိမ်သမုဒ္ဒရာမြို့ကို ထွက်လာပြီး အမှတ်(၁၃) အထက်တန်းကျောင်းကို တက်တာ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ဖို့မဟုတ်လား။ နင့်အစွမ်းအစနဲ့ နင် ဒီလိုကြိုးစားတာကိုက ခုခံတဲ့ပုံစံတစ်မျိုးပဲမဟုတ်ဘူးလား။ ဒါပေမယ့် အခု ကိစ္စတွေက မတူတော့ဘူး။ အနည်းဆုံး နင့်မှာ ငါတို့လိုသူငယ်ချင်းတွေရှိနေပြီ”

“တကယ်တော့ ငါ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်လို့ရရင်တောင် ကျန်းမိသားစုနဲ့ တန်မိသားစုလက်ကနေ လွတ်နိုင်မှာမဟုတ်ဘူး” တန်စီယုက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်ပြောလိုက်သည်။

“ဒါဆို ဒီ့ထက်မြင့်အောင်သွားလေ။ ကျန်းမိသားစုနဲ့ တန်မိသားစုက မင်းကို ကြည့်ရုံပဲကြည့်လိုရတော့မှာ။ အချိန်ကျရင် အဲ့သောက်ကျိုးနည်းမိသားစုတွေဆီသွားပြီး ဗိုလ်ကြီးရွှယ်လိုမျိုး သူတို့ခေါင်းတွေလည်ပြီး သေလောက်တဲ့အထိ ပါးတစ်ချက်လောက်ရိုက်လိုက်” ချူးယွင်ဖန်းက နာကျင်မှုကို ဥပက္ခာပြု၍ ဟားတိုက်ရယ်လိုက်သည်။

ကျန်းယုရှန်အား ရွှယ်ပိုင်လုံ ပါးရိုက်ခဲ့ခြင်းသည် အလွန်အင်မတန်ပင် ရယ်စရာကောင်းလှသည်။

ကျန်းယုရှန် မည်မျှပင် မောက်မာပါစေ ထိုပါးနှစ်ချက်ရိုက်ခံရခြင်းကိုတော့ မခုခံနိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏ နာကျင်မှုရောယှက်နေသော ပျော်ရွှင်နေပုံကို ကြည့်ကာ တန်စီယုသည် တစ်ချိန်တည်းတွင် စိတ်ဆိုးမြူးတူးဖြစ်မိသွာားသည်။ သူမနှလုံးသားထဲမှ အထုံးသည် ပြေလျော့သွားခဲ့ပြီဖြစ်သည်။

မှန်သည်။ ပြည်ထောင်စုတက္ကသိုလ်နှင့် မလုံလောက်လျှင် မိမိကံကြမ္မာကို မိမိဆုံးဖြတ်နိုင်သည့်အဆင့်အထိရောက်ရန် တက်လှမ်းရမည်ဖြစ်သည်။

ရုတ်တရက် ဆေးခန်းတံခါးပွင့်လာကာ ရွှယ်ပိုင်လုံဝင်ရောက်လာသည်။

“အခုသက်သာလာပြီလား”

“ကျွန်တော် ပိုကောင်းလာပါပြီ။ ခင်ဗျားရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးရွှယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။

“ဗိုလ်ကြီးရွှယ်” တန်စီယုက ကမန်းကတန်းနှုတ်ဆတ်သည်။

“ငါ့ကို မျက်နှာချိုသွေးနေလို့ အသုံးမဝင်ဘူး။ ယွမ်သုံးသိန်းလွှဲပေးရမယ်” ရွှယ်ပိုင်လုံက မျက်နှာတည်ဖြင့်ပြောလိုက်သည်။

“နားလည်ပါတယ် ဆရာ” ချူးယွင်ဖန်းသည် ရှုံးနိမ့်ခြင်းအရိပ်အယောင်များ ရောယှက်နေသော အသံဖြင့်ပြောလိုက်သည်။ ရွှယ်ပိုင်လုံသည် သူ့အားကူညီခဲ့သဖြင့် ဤအလဲအလှယ်ကို လက်ခံရမည်ဖြစ်သည်။

“မင်းတကယ် ပြဿနာရှာတာပဲ။ မင်းလိုမျိုး ပြဿနာရှာတတ်တဲ့ကောင်ကို ငါမမြင်ဖူးဘူး။ ဒါပေမယ့် မင်းတကယ် ကျန်းတွေကို စော်ကားလိုက်တာပဲ။ ကျန်းယုရှန်ကိုရိုက်နှက်ပြီး သူတို့ချွေးမကိုတောင် ခိုးသွားသေးတယ်”

“ဟေး ခင်ဗျားနော်၊ ခင်ဗျား ဘာပြောပြောရပေမယ့် အဓိပ္ပါယ်မရှိတာတွေတော့ မပြောနဲ့ဗျာ။ သူများချွေးမကို ကျွန်တော်ဘယ်တုန်းက ခိုးလို့လဲ။ ဒါ့အပြင် သူ့ကို နှစ်ချက်ရိုက်လိုက်တာ ခင်ဗျားမလား” ချူးယွင်ဖန်းက ချက်ချင်းပြောလိုက်သည်။

တန်စီယု၏ မျက်နှာတစ်ခုလုံးနီမြန်းသွားရသည်။

“ငါ့မှာအကြောင်းရှိလို့ သူ့ကို ရိုက်လို့ရပေမယ့် မင်းကတော့ ရိုက်လို့မရဘူးလေ။ ဒါတောင် မင်း ပြဿနာအကြီးကြီးထဲမှာရှိနေသေးတယ်။ မင်းကို ထပ်ရွေးချယ်ခွင့်ပေးရင် ထပ်ပြီး အလောတကြီး အရူးလိုပြေးသွားဦးမှာလား။ နောက်ဆုံး တန်စီယုက အဆင်ပြေနေတာပဲ”

“ထင်တာပဲ။ ယောက်ျားတစ်ယောက်က သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်သင့်ပါတယ်။ ကျွန်တော်က ငယ်သေးတယ်။ ဒါ့ကြောင့် လောကအကြောင်း သိပ်နားမလည်သေးဘူး။ တချို့အရာတွေကို သည်းခံလို့ရမှန်းကျွန်တော်သိပေမယ့် အရာအားလုံးကို ကျွန်တော်တို့ သည်းခံနေရင် ဘဝက ဘယ်လိုလုပ်အဓိပ္ပါယ်ရှိတော့မှာလဲ။ မဟုတ်ဘူးလား” ချူးယွင်ဖန်းက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲပြောလိုက်သည်။

“နှမျောစရာပဲ။ မင်းက စစ်တပ်ထဲဝင်သင့်တာကို” ချူးယွင်ဖန်းသည် သူ့စိတ်ဆန္ဒအတိုင်း တစ်ခုခုလုပ်လိုက်ခြင်းဖြစ်သကဲ့သို့ ရွှယ်ပိုင်လုံကပြောလိုက်သည်။ ချူးယွင်ဖန်း ရယ်ရခက်၊ ငိုရခက်ဖြစ်သွား၏။

“မင်းနေကောင်းပြီဆိုတော့ ငါ စိတ်သက်သာရာရပြီ။ ကောင်းကောင်းအနားယူသင့်တယ်။ သီးသန့်အခန်းမှာ ပိတ်ခံထားရတဲ့ ရက်တွေကို အခွင့်ကောင်းယူထားပါ။ ဒီရက်အနည်းငယ်အတွင်း တောတွင်းရှင်သန်ရေးအစီအစဥ်တစ်ခုရှိလိမ့်မယ်။ သူတို့တစ်ခုခုလုပ်မယ်ဆိုရင်အဲ့အချိန်ဖြစ်မှာပဲ” ရွှယ်ပိုင်လုံကပြောသည်။

“ကျွန်တော် နားလည်ပါပြီ” ချူးယွင်ဖန်း၏ အမူအယာသည် ချက်ချင်း လေးနက်သွားသည်။

“ဒါဆို ငါသွားတော့မယ်”

ရွှယ်ပိုင်လုံ ထွက်ခွာသွားသည်။

ကုသမှုခံယူပြီးနောက်တွင် ချူးယွင်ဖန်းသည် သီးသန့်ခန်းထဲ၌ သူ့ကိုယ်သူပိတ်ထားလိုက်၏။

All Chapters