← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အပိုင်း (၂၄၇) စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်

သီးသန့်ခန်းသည် အဘယ်ကြောင့် ပြစ်ဒဏ်စီရင်သည့်ပုံစံဖြစ်နေရသည်ကို ချူးယွင်ဖန်း လျင်မြန်စွာသဘောပေါက်သွားသည်။ အလင်းမရှိ၊ အသံမရှိသောအခန်း၌ တစ်ရက်တာနေထိုင်ရုံဖြင့်ပင် ရူးသွပ်သွားတော့မည့်အလား ခံစားနေရ၏။

တတိယရက်တွင် ချူးယွင်ဖန်း၏ ဒဏ်ရာများ အလုံးစုံပျောက်ကင်းသွားသော်လည်း ပြစ်ဒဏ်အရ လေးရက်ဆက်နေရန်လိုသေးသည်။ ထို့ကြောင့် သေသည်အထိ ငြီးငွေ့နေရမည့်အစား အသေအချာ လေ့ကျင့်၍ရနိုင်သည်။

ထို့ကြောင့် သူသည် စွမ်းအင်သန့်စင်ခြင်း ပထမအဆင့်အထွတ်အထိပ်သို့ရောက်ရှိလျက်ရှိကာ ဒုတိယအဆင့်နှင့် ခြေတစ်လှမ်းသာကွာဝေးတော့သည်။ အကယ်၍ ကျန်းယုရှန်သာ တန်စီယုအား မဖမ်းခေါ်သွားခဲ့လျှင် သူဤမျှထိ အမြန်အဆန် ကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။ နှစ်ဦးနှစ်ဖက်လုံးအတွက် ဆုံးရှုံးမှုများစွာဖြင့် တိုက်ပွဲပြီးဆုံးခဲ့သော်လည်း ဤတိုက်ပွဲသည် သူ့အတွက် များစွာအကျိုးရှိသည်မှာလည်း အသေအချာပင်ဖြစ်သည်။ ဤသို့သော တိုက်ပွဲအတွေ့အကြုံသည် ငွေဖြင့်ပေးဝယ်၍ရသောအရာမျိုးမဟုတ်ပေ။

ဝူဟောက်ရန်ကျင့်စဥ်ကို အသုံးပြု၍ နောက်ဆုံးတိုက်ခိုက်ခဲ့သော သိုင်းကွက်သည်ထိတ်လန့်ဖွယ်အကောင်းဆုံးပင်ဖြစ်သည်။ ၎င်းသည် အချိန်အတော်ကြာသည်အထိ သူအကောင်းဆုံးစွမ်းဆောင်နိုင်သည့် ဓားချက်တစ်ခုဖြစ်နေနိုင်လောက်၏။ ဤသိုင်းကွက်အပေါ်နားလည်မှုသည် ယခု သူ့အတွက်အလွန်အရေးကြီး၏။

ချုပ်နှောင်ခြင်းပြီးဆုံးလျှင် တောတွင်းရှင်သန်ရေးအစီအစဥ်က ကြိုဆိုလျက်ရှိသည်။ ၎င်းသည် အချိန်အတိုင်းအတာကြာမြင့်မည့်အစီအစဥ်တစ်ခုဖြစ်ရာ ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့် စမ်းသပ်မှုများမှ တစ်ခုဖြစ်သဖြင့် ယခု အစီအစဥ်ကို သွေးပူလေ့ကျင့်ရေးဟုပင်ယူဆနိုင်၏။ ဤအရာကို ရှောင်လွှဲ၍ မရနိုင်ပေ။

ပြည်ထောင်စုတက္ကသိုလ်၏ စစ်ဆေးအကဲဖြတ်မှုတွင် တောတွင်းရှင်သန်ရေးအမျိုးအစားတစ်ခုလည်း ပါဝင်လိမ့်မည်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် ဖန်လုံအိမ်ထဲတွင် ပျိုးထောင်ကြီးပြင်းလာသော ပန်းများကို လက်မခံပေ။ မွန်းစတားနှင့် လူသားများကြားတိုက်ပွဲသည် အစစ်အမှန်သာဖြစ်သည်။ အကယ်၍ မွန်းစတားများကို မတိုက်ခိုက်နိုင်ခဲ့ပါက ထိုသို့သော လူတစ်ဦး ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်ရစေရန် အရင်းအမြစ်ဖြုန်းတီးခြင်းမျှသာဖြစ်ပေလိမ့်မည်။

မွန်းစတားကိုးကွယ်ဂိုဏ်းသည်လည်း ဤအစီအစဥ်ကို အခွင့်ကောင်းယူကာ ကျောင်းသားများကို တိုက်ခိုက်နိုင်သည်။ ၎င်းအတွက် တပ်မတော်မှပြင်ဆင်နေသည်မှာ ကြာခဲ့ပြီဖြစ်ရာ ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည့် တိုက်ပွဲတစ်ခု စတင်လာတော့မည်ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ ချူးယွင်ဖန်းသည် သူ၏ အတွင်းအားကို တိုးမြင့်လာစေရန် အကောင်းဆုံးကြိုးစားလျက်ရှိသည်။ ကံကောင်းစွာဖြင့် နောက်တိုက်ပွဲတွင် အထိအခိုက်ရှိကာ အသက်ဆုံးရှုံးရလိမ့်မည်မဟုတ်ပေ။ မကောာင်းဆိုးဝါးကိုးကွယ်ဂိုဏ်းသား အနည်းငယ်ကို သတ်ပစ်ရန် နည်းလမ်းများပင် ကြိုတင်စီစဥ်ထားနိုင်၏။

ဤအတွေးကိုတွေးကာ ချူးယွင်ဖန်းသည် အရူးအမူး ကျင့်ကြံလျက်ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူ့လက်ထဲတွင် ချီပြည့်ဝဆေး နှစ်လုံးကျန်ရှိနေဆဲဖြစ်သဖြင့် သူ၏ ကျင့်ကြံနှုန်းကို မြှင့်တင်နိုင်စွမ်းရှိသည်။ မျက်စိတ်စမှိတ်အတွင်းတွင်ပင် နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားသည်။ ချူးယွင်ဖန်းသည်လည်း အဓိကအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ အဆင့်ဖြတ်ကျော်ချင်လျှင် အစွမ်းကုန်သုံးရမည်ဖြစ်ကြောင်း သူခံစားမိနေ၏။

သူသည် တောင်မြစ်ပန်းချီကားရှိ ချီပြည့်ဝဆေးများကို အမြန်ထုတ်ယူကာ သောက်သုံးပစ်လိုက်သည်။ ချက်ချင်းပင် နွေးထွေးသော စွမ်းအင်များ ချီစွမ်းအင်အဖြစ်အသွင်ပြောင်းသွားသည်ကို ခံစားလိုက်ရ၍ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်၏ အတားအဆီးကို အဆက်မပြတ်တိုက်ခိုက်နေ၏။

စွမ်းအင်သန့်စင်ခြင်းအဆင့်၏ အတားအဆီးသည် တဖြည်းဖြည်း ပြိုကျသွားသည်။ အချိန်မည်မျှကုန်သွားကြောင်း မသိလိုက်ခင်တွင်ပင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်အတားအဆီးသည် နောက်ဆုံးတွင် ကျိုးပျက်သွား၏။

ဘွန်း

ချူးယွင်ဖန်း နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။

“ငါ နောက်ဆုံးတော့ စွမ်းအင်သန့်စင်ခြင်း ဒုတိယအဆင့်ကို ရောက်သွားပြီ”

ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်သို့ ဖြတ်ကျော်ပြီးနောက် ချူးယွင်ဖန်း၏ စွမ်းအားသည် နောက်တစ်ဆင့်တိုးမြင့်လာသည်။ ယခုအခါ ၎င်းသည် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်နှင့် နှိုင်းယှဥ်၍ရနေပြီဖြစ်သည်။

အကယ်၍ ပြည်ထောင်စုတက္ကသိုလ်သို့ သွားလျှင်ပင် ဝင်ခွင့်အောင်နိုင်ချေအလွန်များ၏။

ချူးယွင်ဖန်းသည် အချိန်ကို စစ်ကြည့်လိုက်ပြီးနောက် နှစ်ရက်ကျန်သေးကြောင်းသိလိုက်ရသည်။ ဤသည်ကား ကွက်တိပင်ဖြစ်သည်။ ထိုအချိန်အတွင်းတွ၍် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ကို ခိုင်မာစေကာ သူ့ကိုယ်သူ ဤအဆင့်တွင် တည်ငြိမ်စေနိုင်လိမ့်မည်ဖြစ်သည်။

နှစ်ရက်တာကြာမြင့်သည့် ခါးသီးသော ကျင့်ကြံရေးသည် အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးတွ၍် ချူးယွင်ဖန်း၏ ပြစ်ဒဏ်ခုနှစ်ရက် ကုန်ဆုံးသွားသည်။ သူအား ပိတ်လှောင်ထားသော သီးသန့်ခန်းတံခါးကိုဖွင့်လိုက်သောအခါတွင် နေရောင်ခြည်များဖြာကျလာသည်။ ချူးယွင်ဖန်းသည် အနည်းငယ် ပြိုးပြိုးပြိုက်ပြိုက်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ အချိန်ခဏအကြာတွင် ပတ်ဝန်းကျင်နှင့် အသားကျလာ၏။ သူ့မျက်လုံးများကိုဖွင့်လိုက်သောအခါတွင် အဦးဆုံးအနေဖြင့် တန်စီယုကို တွေ့လိုက်ရသည်။

“နင်အဆင်ပြေရဲ့လား” တန်စီယုက စိုးရိမ်ပူပန်စွာမေးလိုက်သည်။

“ပြေပါတယ်။ ငါက အမှောင်ကို ကျင့်သားရနေပြီမို့လို့ ရုတ်တရက်အလင်းထဲထွက်လာရတော့ နည်းနည်း အသားမကျဘူးဖြစ်သွားတာ” ချူးယွင်ဖန်းက ပြုံးလျက်ပြောသည်။

ရုတ်တရက် ကျန်းယုရှန်ဦးဆောင်သော လူတစ်အုပ် လမ်းလျှောက်လာခဲ့သည်။ သူ့နောက်တွင် အမှတ်(၁)အထက်တန်းကျောင်းမှ ကျောင်းသားတချို့ပါ၏။

စင်္ကြံတွင် ချူးယွင်ဖန်းနှင့် ကျန်းယုရှန်တို့ထိပ်တိုက်တွေ့ကြသည်။

“မင်းလုပ်ခဲ့တဲ့ ဓားချက်က တော်တော်ကောင်းပါတယ်။ ငယ်ငယ်တည်းက ငါဒီလိုမျိုး မရှုံးနိမ့်ဖူးဘူး။ အရမ်းကောင်းတယ်။ မင်းကတော့ အသေကောင်ဖြစ်ပြီ။ မင်းသေရုံတင်မကဘဲ မင်းမိသားစုလည်း ခြွင်းချက်မရှိဘူး။ သူတို့အားလုံး မင်းနဲ့ ငရဲကို အတူတူလိုက်ကြရလိမ့်မယ်” ကျန်းယုရှန်က အေးစက်စွာပြောသည်။

“ကျန်းယုရှန် နင်အခြားလူတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲသိတာလား” တန်စီယုက ပြောလိုက်သည်။

“အခြားသူတွေကို အနိုင်ကျင့်တယ်ဟုတ်လား။ အဲ့အတွက်လိုအပ်သေးလို့လား။ အဲ့တာ ငါ့ရဲ့ မွေးရာပါပဲ။ ငါမသုံးရင် အရူးဖြစ်သွားမှာပေါ့။ ချူးယွင်ဖန်းက သူ့ကိုယ်သူဘာထင်နေတာလဲ။ ငါ့ကိုတောင် ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ အကယ်၍ သူသာ ငါ့ကိုနာခံပြီး အေးအေးဆေးဆေး ခြေထောက်ဖြတ်ခွင့်ပေးခဲ့ရင် အဆင်ပြေခဲ့မှာ။ အခုတော့ ဒီကိစ္စက ပြီးသွားပြီ။ သူသေဖို့ပဲရှိတော့တယ်။”

“မင်းက ငါ့ခြေထောက်တွေကို ဖြတ်ချင်နေပြီး ငါကလိုလိုလားလားနဲ့ အဖြတ်ခံဖို့မျှော်လင့်နေတာလား။ မင်း သွေးနားထင်ရောက်နေပြီကွ။ အဲ့ဓားချက်က ဘာမှမဟုတ်ဘူး။ အဲ့နောက်မှာ ပါးနှစ်ချက်ရိုက်ခံလိုက်ရတာကမှ ကျေနပ်စရာကောင်းတာ။ ဘယ်မှာလဲ မင်းမာန။ ဘယ်ရောက်သွားတာလဲ။ မင်း ခွေးလိုအရိုက်ခံရပြီးတော့ ကာတောင်မကာရဲဘူးမလား”

ဤအကြောင်းပြောသောအခါ ကျန်းယုရှန်၏ အမူအယာသည် ချက်ချင်းပြောင်းသွားသည်။ ထိုသို့ပါးရိုက်ခံရခြင်းသည် သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အရှက်ရဖွယ်အကောင်းဆုံးကိစ္စတစ်ခုဖြစ်သည်။ ဤသို့သောနည်းဖြင့် မျက်နှာသို့အရိုက်ခံရလိမ့်မည်ဟု သူတစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ရွှယ်ပိုင်လုံသာမဟုတ်လျှင် တစ်ဖက်လူကို သတ်ပစ်နိုင်မည့်နည်းလမ်းကို စဥ်းစားနှင့်ပြီးလောက်ပြီဖြစ်သည်။

“မင်း ငါ့ကို ရန်စဖို့ကြိုးစားနေတာလား။ မင်းငါ့ကို ရန်စတိုင်း ငါ့မိသားစုက ပိုကြီးတဲ့ ပေးဆပ်မှုတွေယူလိမ့်မယ်” ကျန်းယုရှန်က အေးစက်စွာပြောလိုက်သည်။

“ရှင်သန်ရေးအစီအစဥ်က မနက်ဖြန်စတော့မှာ။ တောထဲရောက်ရင် မင်းကို ကာကွယ်ပေးမယ့်သူမရှိဘူး။ မင်းဘယ်လိုသေမယ်လို့ထင်လဲ”

“သေချာတာပေါ့။ မင်းမသွားလို့ရတယ်။ မသွားရင်တော့ မင်းအသက်ရှည်ရှည်နေနိုင်မှာပါ”

ကျန်းယုရှန်၏ အမူအယာသည် အေးစက်ကာ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်အရိပ်အယောင်များကိန်းအောင်းနေ၏။

“ဟာသပဲ။ ငါဘာလို့ မသွားရဲရမှာလဲ။ အဲ့တုန်းက ဓားချက်က မင်းကိုသတ်နိုင်လောက်တဲ့အထိ မရက်စက်နိုင်ခဲ့တာကို ငါမုန်းတယ်” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

“ဒါဆို ငါတို့ စောင့်ကြည့်ကြတာပေါ့။ ငါ့ကို စိတ်မပျက်စေနဲ့” ကျန်းယုရှန်က ထူးဆန်းစွာရယ်မော၍ ပြန်ထွက်သွားသည်။

သူ၏ ချူးယွင်ဖန်းအား သတ်ချင်စိတ်သည် အလွန်ပြင်းထန်လာသည်။ ချူးယွင်ဖန်းကြောင့်သာ လူအများအလည်တွင် ရှက်ဖွယ်ကောင်းလောက်အောင် ပါးနှစ်ချက်အရိုက်ခံခဲ့ရခြင်းဖြစ်သည်။

“နင်ဘာလို့ သူ့ကိုသွားရှုပ်နေတာလဲ။ နောင်ကျရင် သေချာပေါက် နင့်ကို ပြဿနာရှာလိမ့်မယ်။ နင်တောထဲရောက်နေရင် ဘယ်စည်းမျဥ်းကိုမှ သူဂရုစိုက်မှာမဟုတ်ဘူး” တန်စီယုက ညည်းညူဟန်ပါပါပြောသည်။

“ခဏလောက်ပုန်းလို့ရပေမယ့် တစ်သက်လုံးပုန်းနေနိုင်မှာလား” ချူးယွင်ဖန်းက ပြုံးလျက်ပြောလိုက်သည်။

“ပုန်းလို့မရဘူးဆိုမှတော့ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ရမှာပေါ့”

တန်စီယုသည် ချူးယွင်ဖန်းမည်သို့တွေးနေသည်ကို မသိဘဲ ကြည့်ရုံသာကြည့်နေလိုက်သည်။

ကျန်းယုရှန်ကိုဖြေရှင်းရန် လွယ်ကူပါသလား။

သို့သော် အခြေအနေကိုကြည့်ကာ သူမှ မည်သည့်စကားမျှထပ်မပြောတော့ပေ။

ကျန်းယုရှန်ကိုတားဆီးရန် စိတ်ကိုသာပြင်ဆင်ထားလိုက်၏။

အခန်း(၂၄၈) တောတွင်းရှင်သန်ခြင်း စတင်ပြီ

လတစ်လ ထပ်မံကုန်ဆုံးခဲ့ပြီဖြစ်သည်။ လေ့ကျင့်ရေးသို့ရောက်ရှိလာကြသော ကျောင်းသားများသည် တိုက်ပွဲများတွင် အချိန်မရွေး၊ နေရာမရွေးပါဝင်နိုင်သည့် ပတ်ဝန်းကျင်တွင်ရှိနေကြခြင်းဖြစ်သဖြင့် အကျိုးအမြတ်များစွာရရှိခဲ့ကြသည်။ ဤသည်က ကျောင်းက မထောက်ပံ့ပေးနိုင်သော အရာတစ်ခုပင်ဖြစ်သည်။

ဤတစ်လအတွင်းတွင် သူတို့အားလုံးသည် အနည်းဆုံး အဆင့်တစ်ဆင့်တိုးတက်ခဲ့ကြသည်။ အများစုသည် ချူးယွင်ဖန်းကဲ့သို့ အဆင့်နှစ်ဆင့်တက်ခဲ့ကြရာ၊ လေ့ကျင့်မှုမည်မျှထိရောက်သည်ကို တွေးကြည့်နိုင်၏။

ယခုမူပိုမိုကြီးမားသော သတင်းများသည် တောတွင်းထဲ၌ ပျံ့နှံ့သွား၏။ ထိုအရာသည် ယခင်က ကျောင်းသားများကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သော်လည်း ယခုအချိန်တွင်မူ မည်သို့မျှမနေကြပေ။ သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေသည်မှာ ကြာခဲ့ပြီဖြစ်သ်ည။ စစ်တပ်နှင့် ပညာရေးဗျူရိုတို့သည် ၎င်းတို့၏ အလားအလာကို နောက်ထပ်တစ်ကြိမ် တွန်းအားပေးရန် စီစဥ်ထားကြသည်။ ၎င်းတို့သည် ကျောင်းအသီးသီး၏ လက်ရွေးစင်များဖြစ်ကြသော်လည်း အခြားမြို့များတွင် လက်ရွေးစင် ပါရမီရှင်မည်မျှရှိသည်ကို မည်သူသိသနည်း။ လက်ရှိ ၎င်းတို့၏အဆင့်သည် မည်သို့မျှမဟုတ်ပေ။ ၎င်းတို့ တိုးတက်လာတိုင်း ပြိုင်ဘက်များစွာကို ပို၍ ချေမှုန်းနိုင်မည်ဖြစ်သည်။

သို့သော် တောတွင်းရှင်သန်ခြင်းသည် အန္တရာယ်များစွာနှင့် ပြည့်နှက်လျက်ရှိသည်။ ယင်းကြောင့် သေခြင်းတရားစာချုပ်ကို ကြိုတင်လက်မှတ်ရေးထိုးခဲ့ကြရခြင်းဖြစ်ရာ၊ တောတွင်းရှင်သန်ခြင်းနှင့် ယှဥ်လျှင် တိုက်ပွဲအတုသည် သေးငယ်သော ကိစ္စသာဖြစ်သည်။

ယခင်က နွေဦးရာသီသို့ရောက်ပြီးနောက် အရာအားလုံးပြန်လည်အသက်ဝင်လာသည်။ မွန်းစတားအုပ်များ ပို၍များပြားလာသော အချိန်ဖြစ်သဖြင့် တပ်မတော်သည် ထိုသို့သော အစီအစဥ်မျိုးကိုပင် မစီစဥ်နိုင်ခဲ့ကြပေ။ ယခုကား အချိန်ကျလာပြီဖြစ်၏။

မကြာမီတွင် လူတိုင်း စုဝေးလာကြရာ၊ အခြေစိုက်စခန်း‌ရှေ့တွင် ထောင်နှင့်ချီသောလူများ စုဝေးလျက်ရှိသည်။ အဝေးမှကြည့်လျှင် အမှန်စင်စစ်ပင် အံ့မခန်းမြင်ကွင်းဖြစ်သဖြင့် မွန်းစတားများသည် ထိုအဖွဲ့ကို တိုက်ခိုက်ဝံ့ကြလိမ့်မည်မဟုတ်ပေ။ ၎င်းသည် သေခြင်းကို တောင့်တနေခြင်းသာဖြစ်ပေလိမ့်မည်။

ထောင်နှင့်ချီသောကျောင်းသားများစွာရှိသော်လည်း အများစုသည် ချီပင်လယ်အဆင့်တွင်သာရှိကြသေးသည်။ ၎င်းတို့ထဲမှ အချို့သည်သာ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ကြခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ချေများသော ထောင်နှင့်ချီသည့်ကျောင်းသားများထဲမှ လက်ရွေးစင်များဖြစ်ကြသည်။

အနက်ရောင် သံချပ်ကာဝတ်ထားသော ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ပေါ်လာ၏။ သူပေါ်လာသည့်အခိုက်အတန့်တွင်ပင် လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၍ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ သီးသန့်ခန်းထဲပိတ်ခံထားခဲ့ရသော ဤရက်များအတွင်းတွင် သူ့အကြောင်း သတင်းများ လူတိုင်းထံသို့ ပျံ့နှံ့လျက်ရှိသည်။

သူ၏ မိန်းမလှလေးကြောင့် ဒေါသထွက်ခဲ့ကာ နယ်မြေ(၂)တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခဲ့သည်။

အတင်းအဖျင်း ပြောသူများအကြား ထိုသို့သော ဇာတ်လမ်းမျိုး ပျံ့နှံ့လျက်ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ အထူးသဖြင့် နယ်မြေ(၂)သို့ မဝင်ရောက်နိုင်သေးသော ကျောင်းသားများဖြစ်သည်။ ချူးယွင်ဖန်းသည် နယ်မြေ(၂)မှကျောင်းသားများအားလုံးကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခဲ့သည့် ထိုနေ့အဖြစ်အပျက်ကို သူတို့အားလုံးကြားသိခဲ့ရသည်။ ချွင်းချက်တစ်ခုမျှပင်မရှိနေပေ။ သူကိုယ်တိုင် မိုင်ထောင်ချီသော ခရီးကိုနှင်ခဲ့ကာ အင်အားကြီးမားသော လက်ရည်စမ်းပွဲများကို ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းအား အမှန်တကယ် နာမည်ကြီးစေခဲ့သောအရာသည် သူနောက်ဆုံး ပြုခဲ့သည့် ဓားချက်သာဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ကျောင်းသားများက ထိုဓားချက်အကြောင်း သတင်းဖြန့်ခဲ့သည်။ ထိုဓားချက်သည် ယခင်က တစ်ကြိမ်မျှမရှုံးဖူးသော ကျန်းယုရှန်ကို အနိုင်ယူခဲ့သည်။ အကယ်၍ ကျန်းယုရှန်သာ သံချပ်ကာ မဝတ်ဆင်ထားလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ပြတ်တောက်သွားနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင်၊ သူ၏ သံချပ်ကာ ကွဲကြေသွားခဲ့ရသေး၏။

သံသယကင်းစွာပင် ချူးယွင်ဖန်းသည် လူအုပ်ကြီး၏ နှလုံးသားထဲတွင် ကြောက်စရာအကောင်းဆုံး သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် ကျန်းယုရှန်တမျှ မသန်မာလျှင်ပင် အနည်းဆုံး ဒုတိယတော့ဖြစ်လောက်သည်။

ဤနေရာသို့ရောက်နေသော မည်သူကမျှ အရူးများမဟုတ်ပေ။ ချူးယွင်ဖန်း၏ သိုင်းကွက်သည် အချို့အခြေအနေများအတွက်သာ သင့်လျော်ကြောင်း သူတို့ မြင်ကြသည်။ ၎င်းနောက် သွေးအန်ကာ ဒဏ်ရာအပြင်းအထန်ရသွားပုံပေါ်သည်ကို ၎င်းတို့မြင်လိုက်ရသောအခါ ကိစ္စအတော်အများကို ကျယ်ကျယ်လောင်‌လောင် ပြောနေရန် မလိုအပ်တော့ပေ။

ထိုသို့ဖြစ်လျှင်ပင် ချူးယွင်ဖန်း၏ ဂုဏ်သိက္ခာသည် လျော့ကျခြင်းမရှိပေ။ ထို့အပြင် သူတို့သည် ချူးယွင်ဖန်းအား ရက်အနည်းငယ်ကြာမတွေ့ခဲ့ရပေ။ သူ၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် လူတိုင်းကို စိတ်လှုပ်ရှားစေ၏။

“အဲ့တာ ချူးယွင်ဖန်းလား။ မျှော်လင့်ထားသလိုပဲ သူက အရမ်းစွမ်းအားကြီးပုံပေါ်တယ်”

“နယ်မြေ(၂)ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူခဲ့တာ။ ဒီလိုမျိုး တိုက်ပွဲ ရလဒ်မျိုးကို ကြုံတောင်မကြုံဖူးဘူး”

“နယ်မြေ(၂)ကို မသွားရဲဘူးလို့ ဘယ်ကောင်ပြောတာလဲ။ မသွားချင်လို့မသွားဘူးဆိုတာ သိသာနေတာကို”

ချူးယွင်ဖန်းက ဂေါင်ဟုန်ချီရှိရာသို့လျှောက်သွားစဥ်တွင် ကောလဟာလမျိုးစုံ ဆက်လက်ပျံ့နှံံသွားသည်။ ဂေါင်ဟုန်ချီသည် ကျင့်ကြံရေး အဆင့်မြင့်သွားကြောင်း သိသာနေ၏။ သူသည် ချီပင်လယ်နဝမအဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ၊ သတ်ဖြတ်တော့မည့်အရိပ်အယောင်များ ထုတ်လွှတ်လျက်ရှိသည်။ ချီပင်လယ်အထွတ်အထိပ်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။

ဂေါင်ဟုန်ချီသည် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရျိသ်ည်။ အကယ်၍ သူသာ ဤအရှိန်အဟုန်ဖြင့် ဆက်လက်လေ့ကျင့်လျှင် ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်မီနိုင်လောက်မည်ဖြစ်သည်။ မူလက အထူးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရလိုသည့် ရည်ရွယ်ချက်ထက် များစွာသာလွန်လျက်ရှိသည်မှာ သေချာ၏။ လွန်ခဲ့သောလအနည်းငယ်အတွင်းတွင် အရာအားလုံးသည် အံ့ဖွယ်တစ်ခုကဲ့သို့ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် အလျင်အမြန်တိုးတက်လာရုံသာမက သူ၏ ကိုယ်ပိုင် ကျင့်ကြံရေးအဆင့်သည်လည်း အလျင်အမြန်တိုးတက်လာခဲ့သည်။

ခဏအကြာတွင် တန်စီယုရောက်လာ၏။ အကြည့်ပေါင်းများစွာသည် သူမအပေါ်တွင်ကျရောက်နေသော်လည်း မမြင်ချင်ယောင်ဆောင်ကာ ချူးယွင်ဖန်းအနားသို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်အပြီးတွင် သူမသည် စွမ်းအင်သန့်စင်ခြင်း အထွတ်အထိပ်သို့တက်လှမ်းခဲ့ရာ၊ ဒုတိယအဆင့်နှင့် ခြေတစ်လှမ်းသာဝေးတော့၏။ သူမ၏ လက်ရှိကျင့်ကြံရေးအရှိန်ဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့တက်ရောက်ခွင့်ရရန် အခွင့်အလမ်းမြင့်မားသည်။

တန်စီယုက မည်သည့်စကားမျှမပြောခင်တွင် လူအုပ်ထဲမှ လူတစ်ယောက်ထွက်လာကာ သူတို့သုံးဦးရှိသို့ရောက်လာ၏။

“ချူးယွင်ဖန်း၊ အရမ်းကောင်းတယ်။ မင်းတကယ်ကို သတ္တိရှိရှိပေါ်လာရဲတာပဲ”

ဤသည်ကာ ကျန်းယုရှန်ဖြစ်သည်။ ကျန်းယုရှန်သည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်လျက်ရှိသည် သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပလျက်ရှိကာ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခုရှိနေ၏။ ချူးယွင်ဖန်းသည် သူ့လက်ထဲတွင် သေဆုံးသွားသည်ကို မြင်လိုက်ရသကဲ့သို့ပင်ဖြစ်လျက်ရှိသည်။

“ငါက ဘာလို့ မလာရဲရမှာလဲ” ချူးယွင်ဖန်းက လျစ်လျူရှု့ကာပြောလိုက်သည်။

“ကောင်တယ်။ မင်းကို ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့ တွေးနေစရာမလိုတော့ဘူး။ မနက်ဖြန်ဆို မင်းနေကို မမြင်လောက်ရတော့တဲ့အတွက် မင်းရဲ့ နောက်ဆုံးအချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးပါ။ ဒီတောတွင်းရှင်သန်ခြင်းအစီအစဥ်က ဘုရားမတာပဲ” ကျန်းယုရှန် ကြမ်းကြုတ်စွာပြုံးလိုက်ကာ မိမိ၏ ခြိမ်းခြောက်မှုကို အလွန်ကျေနပ်နေမိသည်။

ထိုစကားများကိုပြောပြီးနောက် ကျန်းယုရှန်သည် ထိုသုံးဦး၏ ဒေါသအကြည့်ကို ဂရုမစိုက်တော့ဘဲ အမှတ်(၁)ကျောင်းသားများထံသို့ ပြန်လည်ထွက်ခွာသွား၏။

“ယွင်ဖန်း သတိထား။ သူ မင်းကို ပစ်မှတ်ထားနေလိမ့်မယ်”ဂေါင်ဟုန်ချီက ပြောလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ပြုံး၍ပြောသည်။

“စိတ်မပူပါနဲ့ ငါပြင်ဆင်ထားတာကြာပါပြီ။ ဆောင်းရာသီအားလပ်ရက်တုန်းက တော်ထဲမှာ လူတွေက မွန်းစတားတွေထက် ပိုအန္တရာယ်များတာကို ငါနားလည်ခဲ့ပြီးသား”

ချူးယွင်ဖန်းက ဤသို့ပြောပြီးသည်နှင့် သူမျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်အပြည့် ကိန်းအောင်းသွားသည်။

သိပ်မကြာခင်တွင် ပညာရေးဗျူရိုမှ မစ္စတာလင်းနှင့် ရွှယ်ပိုင်လုံတို့သည် ကျောင်းသားများရှေ့တွင် အတူတကွပေါ်လာကြသည်။

အခန်း(၂၄၉) ကျန်းယုရှန်၏ အားထုတ်မှု

“အားလုံးပဲ” မစ္စတာလင်းက ကျယ်လောင်သောအသံဖြင့် လူထောင်ပေါင်းများစွာရှိသော ကျယ်ပြောလှသည့် ကွင်းပြင်တစ်ခုလုံးကို ပြောလိုက်သည်။

ရွှယ်ပိုင်လုံသည် မစ္စတာလင်းကို နိုင်ငံ့ဝန်ထမ်းတစ်ဦးဟုထင်ခဲ့သည့်အတွက် ဤသို့ကြားသောအခါ အနည်းငယ်အံ့သြသွားသည်။

ယနေ့လူ့အဖွဲ့အစည်းတွင် လူတိုင်းသည် သိုင်းပညာကျင့်ကြံကြသည်။ နိုငင်ငံ့ဝန်ထမ်းများထဲတွင်ပင် အဆင့်မြင့်ကျင့်ကြံသူများစွာရှိ၏။ သို့သော် ထိုကျင့်ကြံရေးအဆင့်များသည် ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရန်သာအသုံးပြုခဲ့ကြသဖြင့် အမှန်တကယ်တိုက်ခိုက်နိုင်သူ အလွန်နည်းပါးသည်။ သူတို့ထက် ကျင့်ကြံရေးအဆင့်နိမ့်သော သူမများထံတွင် ရှုံးနိမ့်ကာ အသတ်ပင်ခံရနိုင်၏။ သို့သော် မစ္စတာလင်းသည် ထိုသို့သော ကျင့်ကြံရေးအဆင့်ရှိနေသဖြင့် ရွှယ်ပိုင်လုံက အထင်ကြီးမိသွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လောက၏ သူရဲကောင်းများကို လျှော့တွက်၍မရပေ။

“ဒီတစ်ကြိမ်၊ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်က မင်းတို့ကို မြှင့်တင်ပေးဖို့ ကြိုးစားနေကြတယ်။ ဒါမှသာ မင်းတို့က လူသားမျိုးနွယ်ရဲ့ အနာဂတ်မဏ္ဍိုင်တွေ လက်ရွေးစင်တွေဖြစ်လာကြပြီး မွန်းစတားတွေကို တိုက်ခိုက်ဖို့ အဓိကအင်အားစုဖြစ်လာမှာပဲ။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြိုင်ဆိုင်မှု ဘယ်လောက်ပြင်းလဲဆိုတာ လူတိုင်းသိပါတယ္။ အခု လူတိုင်းရဲ့ ကျင့်ကြံရေးက အဆင့်မြင့်လာကြပြီဆိုတော့ မင်းတို့ဝင်ခွင့်ရတဲ့တက္ကသိုလ်တွေကလည်း မင်းတို့အဆင့်မြင့်လာဖို့ ကူညီနိုင်မှာပါ။ ဒါကို ငါထပ်ပြီးပြောစရာလိုမယ်မထင်ဘူး။ အခု တောထဲမှာ အသက်ရှင်ကျန်ဖို့ အာရုံစိုက်သင့်တဲ့အရာတွေကို ဒုဗိုလ်ချုပ်ကြီးရွှယ်က ရှင်းပြပေးလိမ့်မယ်”

“လာမယ့် တောတွင်းရှင်သန်ခြင်းအစီအစဥ်ကို အခြေစိုက်စခန်း(၁၅) ပတ်ပတ်လည် ကီလိုမီတာ နှစ်ဆယ်အကွာအဝေးအတွင်းမှာ စီစဥ်ထားတယ်။ လူတိုင်းကို ကျပန်းလွှတ်ပေးလိုက်မှာပဲ။ အကွာအဝေးအတွင်းမှာရှိတဲ့ မွန်းစတားတွေကိုတော့ စစ်တပ်က ရှင်းလင်းထားပေးပြီးပြီ။ ဒါပေမယ့် ပိုက်ကွန်ကို ကျော်ဖြတ်လာနိုင်တဲ့ မွန်းစတားတွေ မလွဲမသေရှိနေဦးမှာပဲ။ လူတိုင်း သတိထားကြပါ။ ပြဿနာတစ်ခုခုရှိရင် ငါတို့ကို ချက်ချင်းဆက်သွယ်ပါ။ ဒါပေမယ့် မင်းတို့ရဲ့ လုံခြုံရေးကို အာမမခံပေးနိုင်ဘူး။ အခုတည်းက ကြောက်တယ်ဆိုရင် မင်းတို့ဆုတ်ခွာနိုင်တယ်”

ထောင်ပေါင်းများစွာသော ကျောင်းသားများသည် ခေတ္တတိတ်ဆိတ်သွားကြသော်လည်း မည်သူမျှ နောက်ဆုတ်ရန် မရွေးချယ်ကြပေ။ သူတို့ ဤအဆင့်ထိရောက်နေပြီဖြစ်သဖြင့် မည်သူမျှ နောက်ဆုတ်လိုစိတ်မရှိကြပေ။ အန္တရာယ်ရှိလျှင်ပင် အန္တရာယ်ကျရောက်နိုင်သည်ဟု ခံစားရသူ အလွန်နည်းပါး၏။

ရွှယ်ပိုင်လုံ၏ စကားဆုံးသည်နှင့် ကျောင်းသားများကို ပို့ဆောင်ရေးယာဥ်နှင့် တောထဲသို့ တစ်သုတ်ချင်းလိုက်ပို့ပေးသည်။ ကျောင်းသားများသည် လွတ်လပ်စွာအဖွဲ့ဖွဲ့၍သွားနိုင်သော်လည်း တစ်ဖွဲ့တွင် လူငါးယောက်သာခွင့်ပြုထားသည်။ အဖွဲ့အတစ်ဖွဲ့တွင် လူအရေအတွက်များလွန်းပါက ဤအစီအစဥ်သည် အကျိုးရှိလိမ့်မည်မဟုတ်ပေ။ အစီအစဥ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို လှုံ့ဆော်၍ သူတို့၏ အလားအလာများကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။

ကျန်းယုရှန်သည် သူ့အား အလွှတ်ပေးလိမ့်မည်မဟုတ်ကြောင်းသိသဖြင့် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် ချူးယွင်ဖန်းနှင့် အဖွဲ့ဖွဲ့လိုကြသော်လည်း ချူးယွင်ဖန်းက ခွင့်မပြုပေ။ အကယ်၍ သူတို့နှစ်ဦး သူနှင့်အတူ လိုက်ပါလာလျှင် အလွန်အန္တရာယ်များသော အခြေအနေနှင့်ကြုံတွေ့ရနိုင်သည်။ သူတစ်ဦးတည်းလှုပ်ရှားမှသာ ပိုမိုလွယ်ကူစွာပုန်းကွယ်နိုင်လိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းက သတိထားရန်နှင့် အခြေစိုက်စခန်း၏ အဝေးသို့မသွားရန် သူတို့နှစ်ဦးအား မှာကြားထားသည်။ အကယ်၍ လိုအပ်ပါက အခြေစိုက်စခန်းသို့ ချက်ချင်းပြန်သွားရမည်ဖြစ်သည်။ နတ်ဆိုးဂိုဏ်းကိစ္စမူ လျို့ဝှက်ချက်ဖြစ်သဖြင့် သူတို့အားမပြောပြနိုင်ကြပေ။ သို့သော် ကြီးမားသော ပြဿနာတစ်ခု ချဥ်းကပ်လာပြီဖြစ်ကြောင်းကိုတော့ ပြောပြခဲ့ရာ၊ ချူးယွင်ဖန်းတစ်ယောက် အလွန်လေးနက်စွာပြောနေသဖြင့် သူတို့နှစ်ဦးသည် ထိုစကားများကို သေချာမှတ်သားထားကြသည်။

နေရာတွင်းတွင် ရှေးကျသောသစ်ပစ်ကြီးများရှိသည်။ ထူထပ်သော သစ်ရွက်များနှင့် သစ်ကိုင်းများသည် ကောင်းကင်ယံနှင့်တကွ နေရောင်ကို ဖုံးကာထားသည်။ အကိုင်းအခက်များကြားရှိ ကွက်လက်နေရာငယ်အချို့မှ နေရောင်အနည်းငယ်သည်သာ မြေပြင်ပေါ်တွင် အလင်းစက်ကလေးများအဖြစ်ကျနေ၏။

တောကြီးမျက်မည်းသည် အလွန်တျတ်ဆိတ်နေသည်။ သယ်ယူပို့ဆောင်ရေးယာဥ်မှ ဆင်းသက်လာသော ချူးယွင်ဖန်းသည် ဤထူထပ်သောတောအုပ်ထဲသို့ ဝင်ရောက်လာ၏။ သူ့လက်ပတ်နာရီသည် ရှင်သန်ခြင်းအစီအစဥ်ပြုလုပ်မည့် နေရာအကွာအဝေးကို ညွှန်ပြလျက်ရှိသည်။ ဤအကွာအဝေးအတွင်းမှ မွန်းစတားများကို ရှင်းလင်းနှင့်ပြီးဖြစ်ရာ၊ အသက်အန္တရာယ်ချိန်းခြောက်နိုင်သည့် မွန်းစတားဟူ၍ မရှိတော့ပေ။ ထို့အပြင်၊ ဧရိယာ၏ အစွန်တွင် လျှပ်စစ်သံလိုက်နံရံတစ်ခုတပ်ထားသဖြင့် အပြင်ဘက်မှ မည်သည့်သတ္တဝါမျှ ဝင်ရောက်၍မရပေ။ ဤနေရာကို တင်းကြပ်စွာ ပိတ်ပင်ထား၏။

ချူးယွင်ဖန်းသည် သူ၏ အရိပ်မဲ့ဓားကို လက်ထဲတွင် တင်းကြပ်စွာဆုတ်ကိုင်ထားသည်။ အစွမ်းထက်မွန်းစတားများ မရှိသော်လည်း ပိုက်ကွန်ကို မည်သည့်သတ္တဝါမျှ မကျော်ဖြတ်နိုင်ဟု ပြော၍မရပေ။ ထို့အပြင် ၎င်းသည် သာမန်မွန်းစတားဖြစ်လျှင်ပင် အလွန်အန္တရာယ်များပေလိမ့်မည်ဖြစ်သည်။

သွေးရဲရဲတောက်နေသော ရှည်မျောသည့်သတ္တဝါတစ်ကောင်သည် ချူးယွင်ဖန်း၏ ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။ ၎င်းသည် ချူးယွင်ဖန်း၏ အကာအကွယ်မဲ့နေသော မျက်နှာကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ချူးယွင်ဖန်းက အလျင်အမြန်နောက်ဆုတ်ကာ ဤပြင်းထန်‌သောတိုက်ခိုက်မှုကို ချက်ချင်းရှောင်တိမ်းလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် ၎င်း၏ ခေါင်းကို လျှပ်စီးကဲ့သို့လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။ ဓားသံများပေါ်ထွက်လာပြီးနောက် ခေါင်းသည် နောက်သို့ ပြုတ်ကျသွား၏။ ထိုအခါမှသာ ဤသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူသိလိုက်ရသည်။

ချူးယွင်ဖန်း၏ ရှေ့တွင် ဆယ်မီတာခန့်ရှည်သော အလွန်ကြီးမားသည့် မြွေတစ်ကောင်ရှိနေ၏။ ၎င်းသည် အကိုင်းတစ်ခုအား ရစ်ပတ်လျက်ရှိရာ၊ သတိမထားမိလျှင် ဤမြွေရှိကြောင်းပင် သတိထားမိလိမ့်မည်မဟုတ်ပေ။ ၎င်းသည် သူ့အား ဆတ်ခနဲပေါက်လိုက်သည့်မြွေ၏ ဦးခေါင်းပင်ဖြစ်သည်။ မြွေကြီး၏ ကိုယ်ထည်သည်မူ ကြီးမားကာ ရောင်စုံပုံစံအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။

“သစ်ရွက်ပုံစံစပါးအုံး”

ချူးယွင်ဖန်းသည် ဤမြွေကြီးကို ချက်ချင်းပင် မည်သည့်အကောင်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ၎င်းသည် တော၏ နက်နဲသော နေရာများတွင်သာ နေထိုင်ကျက်စားသော အလွန်အန္တရာယ်ရှိသည့် မျိုးစိတ်ဖြစ်သည်။ သစ်ကိုင်းများတွင်အခြေကျကာ ၎င်း၏ ခန္ဓာကိုယ်ဖြင့် ရောယှက်နေစေသည်။ သားကောင်နီးကပ်လာသည်နှင့် လျှပ်စီး၏ အလျင်ဖြင့်တိုက်ခိုက်ကာ ပြန်လည်ခုခံရန် ခက်ခဲစေ၏။ ထို့အပြင် ၎င်းသည် သေစေနိုင်သော အဆိပ်ပြင်းတစ်မျိုးကို ပိုင်ဆိုင်ထားသဖြင့် အကိုက်ခံရသည်နှင့် ဆိုးရွားစွာ သေဆုံးသွားနိုင်သည်။

“သေစမ်း၊ ငါ သူ့ထောင်ချောက်ထဲကျတော့မလို့” ချူးယွင်ဖန်းက သူ့ကိုယ်သူပြောလိုက်သည်။

ဤသစ်ရွက်ပုံစံစပါးအုံးသည် အလွန်လျင်မြန်ကာ တစ်ခဏလေးအတွင်းတွင်ပင် ချူးယွင်ဖန်း၏ အနီးနားသို့ရောက်လာခဲ့သည်။ အဝေးမှ ပစ်လိုက်သော မြှားတစ်စင်းကဲ့သို့ပင်ဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ အဆင်သင့်ဖြစ်နေ၏။ သူသည် ၎င်း၏ ထောင်ချောက်ထဲသို့ ကျရောက်လိမ့်မည်မဟုတ်ပေ။ ရှေ့သို့လှမ်းကာ အရိပ်မဲ့ဓား၏ အစွန်းဖြင့် ရက်စက်စွာခုတ်ပစ်လိုက်သည်။

ဤဓားချက်သည်အလွန်လျင်မြန်တိကျကာ ကြမ်းတမ်းသည်။ သစ်ရွက်ပုံစပါးအုံး၏ ပါးစပ်ကို ဖြတ်ကာ ချက်ချင်း သတ်ပစ်လိုက်သည်။ သစ်ရွက်ပုံစပါးအုံး၏ အကာအကွယ်သည် အပြင်ဘက်တွင်သာရှိရာ ပါးစပ်ဖွင့်လိုက်သည်နှင့် ၎င်းမြွေသည် တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အားအပျော့ဆုံးဖြစ်သွား၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာပေါ်သို့ အဆိပ်များ ပက်ဖြန်းကာ စူးရှသော မြွေသံများဆက်တိုက်ပေါ်ထွက်လာသည်။ သူ၏ ချပ်ဝတ်တန်ဆာသာ အရည်အသွေးနိမ့်လျှင် အဆိပ်များ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေနိုင်၏။

ချူးယွင်ဖန်းသည် သစ်ရွက်ပုံစပါးအုံးကို တောင်မြစ်ပန်းချီကား ၌ချကာ ထွက်ခွာသွားသည်။

ဤတောကြီးထဲတွင် အမှားအသေးဆုံးသည်ပင် လူတစ်ယောက်၏ အသက်ကို ဖျက်ဆီးပစ်နိုင်၏။

သစ်တော၏ တစ်ဖက်တွင်မူ ယခုမှ ဆင်းသက်လာသော ကျန်းယုရှန်နှင့်အဖွဲ့သည် အတူတကွစုရုံးလျက်ရှိ၏။

“လူတိုင်းဆီကို ဒီမက်ဆေ့ပို့လိုက်။ ချူးယွင်ဖန်းရဲ့တည်နေရာကိုပြောနိုင်ရင် သူတို့ကို ယွမ်တစ်သိန်းပို့ပေးမယ်။ သူ့ကို ဖမ်းနိုင်မယ်ဆိုရင် ယွမ်ဆယ်သိန်းလည်း ကိစ္စမရှိဘူး။ ငါ့စကားကို ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး” ကျန်းယုရှန်ကပြောလိုက်သည်။

သူ့မျက်လုံးများသည် ရေခဲတမျှအေးစက်ကာ တောက်ပနေ၏။

All Chapters