← Chapters

Chapter 38

Vol. 4 Ch. 38

Chapter 38

Vol. 4 Ch. 38

သို့သော် ဒါရိုက်တာကျန်းက ရှင်းပြလိုဟန် မရှိသည့်အတွက် သူမကလည်း အတင်း မေးမနေချင်။ သူ ကမ်းပေးလာသည့် စာရွက်ကို ယူကာသာ ဆေးညွှန်း ရေးပေးလိုက်တော့သည်။

ချောင်းကျီရှိ ၁၂ ဂရမ်၊ ကောင်းလျန် ၁၂ ဂရမ်၊ ကွေ့ကျီ ၁၀ ဂရမ် ...

သုံးမိနစ်ခန့်ကြာပြီးနောက် ... ဒါရိုက်တာကျန်းသည် သူမ ရေးပေးလာသည့် ဆေးညွှန်းကိုကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ချေ။ မိနစ်များစွာ ကြာကာမှ မသဲမကွဲ ရေရွတ်လိုက်သည်။

“ကျန်းကျုံးကျင်းရဲ့ ချောင်ကျီရှိ အဖြူရောင်ကွေ့ကျီစွပ်ပြုတ်လား ...”

ဆေးညွှန်းရေးနည်းသင်သည့် ဆရာက ထိုဆေးညွှန်းကို တစ်ကြိမ်တစ်ခါမှ မသင်ခဲ့ဖူး။ အကြောင်းမှာ ထိုဆေးညွှန်းသည် “သောင်းပြောင်းထွေလာရောဂါပဒေသာဆေးကျမ်း” ထဲတွင် ပါဝင်သည့် ဂန္တဝင်မြောက် ဆေးညွှန်းဖြစ်ကာ ဆေးပညာအကျော်အမော် ကျန်းကျုံးကျင်းက ရေးသားခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိ သူမတို့ကို သင်ကြားပေးသည့် စနစ်မှာ အခြေခံကျသော အသုံးများသည့် ဆေးနည်းများကိုသာ အဓိကထား သင်ကြားပေးခြင်း ဖြစ်သည်။ ထို့အပြင် သူမ သုံးသွားသည့် ဆေးညွှန်းသည် ဆေးတက္ကသိုလ်များတွင်ပင် သုံးလေးနှစ် လေ့လာပြီးကာမှ အသုံးချနိုင်သည့် ဆေးညွှန်းမျိုး ဖြစ်သည်။

“မင်းဘာသာမင်း လေ့လာထားတာလား ...”

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီးကာမှ တစ်ဖန် ခေါင်းပြန်ယမ်းပြလိုက်သည်။

“ကျွန်မရဲ့ ဆရာက တော်ဝင်ဆေးညွှန်းတွေကို အရမ်း အလေးထားတာ ကျွန်မရဲ့ ပထမဆုံး သင်ခန်းစာက “သောင်းပြောင်းထွေလာ ရောဂါပဒေသာဆေးကျမ်း” ကို အလွတ်ရအောင် ကျက်ဖို့ပဲ ...”

ဒါရိုက်တာကျန်းက သူ၏ အံ့အားသင့်သည့်စိတ်ကို တိတ်တိတ်လေး ပယ်ဖျက်လိုက်သည်။ ထိတ်လန့်စိတ်ဟုပင် ပြောရပေလိမ့်မည်။ ထိုကောင်မလေးမှာ ယခုလက်ရှိ ဆေးပညာကို လိုက်စားနေသူများထံ၌ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ... ရိုးရာဆေးကုသနည်းနှင့် ပတ်သက်၍ ခိုင်မာသည့် အခြေခံတစ်ခု ရှိနေသေးပေသည်။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာကြာ ကုသသည့်တိုင် မပျောက်ကင်းနိုင်ခဲ့သည့် မစ္စတာချန်း၏ ရောဂါအတွက် ထိရောက်သော ဆေးညွှန်းတစ်ခု ပေးနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကောင်တီမှ အဆက်အသွယ် ရလာချိန်က သူသည် တစ်ဖက်လူပဲ အမှတ်မှားလေသလားဟုပင် တွေးခဲ့ဖူးသေးသည်။ သူနာပြုအကူအဆင့် သင်တန်း၌ ချင်းရှန်းအမည်ရ သင်တန်းသူတစ်ဦး ရှိသော်ငြား သူမသည် ကျန်းမာရေးဝန်ထမ်းအဆင့်ပင် မရောက်သေးချေ။

ထို့ကြောင့် အထက်လူကြီးများက သူမအကြောင်း မေးမြန်းကြသည့်အခါ သူ့စိတ်ထဲတွင် များစွာ အံ့ဩမိသွားခဲ့သည်။ သူမတွင် ကောင်းမွန်ခိုင်မာသည့် အခြေခံ ရှိထားကြောင်းနှင့် ဝင်ခွင့်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်းသာ သိထားခဲ့သည့်တိုင် ထိုရလဒ်ကပင် အလွန် ကောင်းမွန်လွန်းနေပြီ ဖြစ်သည့်အတွက် သင်တန်းကျောင်းသို့ ရောက်လာကတည်းက သူမကို အထူး အာရုံစိုက်ကာ စောင့်ကြည့်မိခဲ့သည်။

သို့သော် ထို ကျောင်းသူမှာ စာတွေ့တွင်သာ အားကောင်းသည်မဟုတ်၊ လက်တွေ့စမ်းသပ်ကုသမှုမှာ စာတွေ့ထက်ပင် ပိုပြီး အားကောင်းနေလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။

ထို့ကြောင့်လည်း ယနေ့လို ရှောင်တခင် စာမေးပွဲ စစ်ခဲ့ခြင်း ဖြစ်သည်။ သူက ချင်းရှန်းမှာ အမှန်တကယ် အရည်အချင်း ရှိလေသလား သို့မဟုတ် ပြောင်မြောက်သော စွမ်းဆောင်မှုများ၏ နောက်ကွယ်တွင် ကျွမ်းကျင်သူ တစ်ဦးဦး ရှိလေသလား သိလိုခဲ့သည်။

သူက ဖန်းကျစ်ကို စိုက်ကြည့်ကာ “ကောင်းပြီ” ဟု သုံးကြိမ်ဆက်တိုက် ပြောလိုက်သည်။

“စာသင်ခန်းထဲ ပြန်သွားလို့ ရပြီ ...”

သူမ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အမှတ်ရေးသွင်းရေးတာဝန်ခံ အရာရှိလျှိုက မေးလိုက်သည်။

“ဒါရိုက်တာကျန်း .. ဒီကျောင်းသူကို ဘယ်နှမှတ် ပေးမှာလဲ ...”

“၉၀ ...”

ဒါရိုက်တာလျှိုက အံ့ဩသွားသည်။ “လူနာဟန်ဆောင်”ကာ စာမေးပွဲ စစ်ဆေးသူများအနက် အပြုံးအရယ် ကင်းမဲ့ကာ လေးနက်တည်ကြည်သည့် မျက်နှာပိုင်ရှင် ဒါရိုက်တာကျန်းသည် စည်းကမ်းအကြီးဆုံးဖြစ်သည်။ အချို့သော ကျောင်းသူများဆိုလျှင် ကြောက်အားကြီး၍ မျက်ရည်များပင် ကျလာတတ်ကာ သူက အမှတ်ပေးရာ၌ ပို၍ပင် အညှာအတာကင်းမဲ့လှသေးသည်။

သူက ကျောင်းသားများ၏ ကုသရေးကျွမ်းကျင်မှုကိုသာ စစ်ဆေးသည် မဟုတ်၊ “လူနာ” အပေါ် ထားရှိသည့် သဘောထားကိုလည်း အရေးကြီးအချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ သူ စစ်ဆေးခဲ့သည့် ကျောင်းသားများ တစ်ဒါဇင်ထက်မနည်း ရှိသော်ငြား အများဆုံးရမှတ်ဟူ၍ ၆၀ သာရှိခဲ့သည်။ .. ချင်းရှန်းကမူ ထိုသို့သော စစ်ဆေးသူထံမှပင် အမှတ် ၉၀ ရရှိခဲ့သည်။

ချင်းရှန်းက တကယ်ကို အံ့ဩလောက်စရာပဲ .. ဒါရိုက်တာရဲ့ အသိအမှတ်ပြုတာကိုတောင် ခံလိုက်ရပြီဆိုတော့ အနာဂတ်ကျ ကောင်တီဆေးရုံမှာ အလုပ်ရချင်ရနိုင်မှာ ဒါဆို သူမနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိအောင် စောစောစီးစီး တည်ဆောက်ထားမှပဲ။ ဒါမှ ဆွေမျိုးတွေ မိတ်ဆွေတွေထဲက တစ်ယောက်ယောက် ဆေးကုသဖို့ လိုအပ်လာတဲ့အခါ ကူညီပေးမယ့်သူ ရှိမှာလေ .. ဟုတ်တယ်မဟုတ်လား...။

“အလုပ်သင်နေရာချထားရေးစာရင်းကို တစ်ချက်လောက် ကြည့်ကြည့်ရအောင် ...”

ဒါရိုက်တာလျှိုက စိတ်ထဲမှ တိတ်တိတ်လေး တွေးလိုက်သည်။

ကြည့်လေ ဒါရိုက်တာကြီးက ချင်းရှန်းကို ကောင်တီဆေးရုံမှာ လုပ်ဖို့ ရွေးတော့မှာ သေချာပေါက်ပဲ ...

စာမေးပွဲ ပြီးသည့်အခါ ကျောင်းသားများ၏ စွမ်းဆောင်ရည်နှင့် ရမှတ်ကို အခြေခံကာ အလုပ်ဆင်းရမည့် ဆေးရုံများကို စီစဉ်ထားသည်။ ၎င်းမှာ အထက်မှ ညွှန်ကြားလာသည့် ညွှန်ကြားလွှာ ဖြစ်သည်။ ကောင်တီဆေးရုံ၌ အလုပ်လုပ်ခွင့်ရကာ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါလျှင် ထိုဆေးရုံ၌ ဆက်ပြီး အလုပ်လုပ်နိုင်မည့် အလားအလာ ပိုမိုမြင့်မားကြောင်းကို အားလုံး သိထားကြပြီး ဖြစ်ပေသည်။

အာ .. နေပါဦး ဒါရိုက်တာကျန်းက ဘာလို့ ချင်းရှန်းရဲ့ နာမည်ကို ဖျက်ပစ်တာလဲ ...

“ဒါရိုက်တာကျန်း .. ဒါက ...”

သူက တီးတိုး မေးလိုက်သည်။

ဒါရိုက်တာကျန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။

“ဒီစာမေးပွဲက ခရိုင်တစ်ခုလုံးစာအတွက်လေ .. ချင်းရှန်းက ကောင်းကောင်းဖြေနိုင်တော့ ခရိုင်တစ်ခုလုံးရဲ့ ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ပါတယ် ဒီလိုလူမျိုးက ကောင်တီမှာပဲ နေနေမှာ မဟုတ်ဘူး ...”

ထိုမျှသာမက ယခုလက်ရှိ သူမ၏ အလုပ်သင်လျှောက်ထားမှုမှာ သူမအိမ်ထောင်ဖက်၏ အလုပ်နေရာ ပြောင်းရွှေ့ခြင်းကို အဖော်ပြုရန်သာဖြစ်သည်။ သူတို့၏ အသေးစား ကျန်းမာရေးဌာနလေးတွင် ငြင်းဆန်ခွင့် မရှိ။ တစ်ကိုယ်တည်းအမြင်အရ ပြောရပါလျှင် ထူးချွန်သော တိုင်းရင်းဆေးသမားတော်တစ်ဦးသည် ပိုပြီး ကောင်းမွန်သည့် ဌာနတစ်ခုခုသို့ ရောက်သွားသင့်ပေသည်။

ချင်းရှန်းက အလုပ်နေရာချထားရေး ကြေငြာချက်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေစဉ် ချန်းပိုရှန်းကလည်း ချင်းအိမ်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်သည်။

ချင်းကွေ့ဟွားမှာ မျက်နှာ မကောင်းတော့ပေ။

ဒီလူအိုကြီး ရောက်လာပြန်ပြီလား... ကောင်းလိုက်တဲ့ နှာခေါင်း ဒီနေ့ တတိယလေး ပြန်လာမှာမလို့ အရသာရှိတာလေးတွေ ချက်မယ်ဆိုတာကို ဘယ်လိုများ သိသွားပြန်လဲ မသိဘူး ...

“ဒီလိုကြီး လုပ်ပြနေစရာ မလိုပါဘူး ဆွေးနွေးစရာရှိလို့ လာခဲ့တာ .. မင်းရဲ့ အကြီးဆုံးမြေးမလေးကို ငါနဲ့အတူ ခေါ်သွားမယ် ...”

“ခေါ် ...ခေါ်သွားမယ် ဟုတ်လား...”

“သိပ်မကြာခင် ငါက တပ်မဟာမြို့တော်ကို ပြောင်းရွှေ့ရတော့မှာ .. ပြီးတော့ အိုက်လန်ကလည်း ငါနဲ့အတူ လိုက်လာရမယ် ...”

ချင်းကွေ့ဟွား၏ မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားကာ ခါးထောက်ပြီး ရန်တွေ့လိုက်သည်။

“ဘာကိစ္စလဲ ...”

“ငါက မချက်ပြုတ်တတ်လို့လေ။ ပြီးတော့ အလုပ်ကလည်း အရမ်းများတဲ့သူဆိုတော့ ငါ့ကို ဂရုစိုက်ပေးမယ့်သူတစ်ယောက်လောက် ရှိနေမှ ဖြစ်မှာ ...”

“အိုက်လန်ကလည်း ပိုပြီး ကျယ်ပြောတဲ့ လောကကြီးကို တွေ့ဖို့ လိုအပ်တယ် ...”

ချင်းကွေ့ဟွားမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။

“ဟမ့် ..ဒါ အိမ်အကူ လုပ်ခိုင်းနေတာပဲ မဟုတ်ဘူးလား .. ကောင်းလိုက်တဲ့အကြံ ငါ့အိမ်မှာ လာပြီး စားသောက်နေရုံတင် မကဘူး ငါ့မြေးမကိုပါ အိမ်အကူလုပ်ခိုင်းဖို့ သွေးဆောင်ချင်သေးတယ် .. လွန် .. လွန်လွန်းလှချည်လား ...”

“လစာပေးမယ် ...”

ချင်းကွေ့ဟွား၏ ဒေါသအရှိန်တို့က သိသိသာသာပင် ယုတ်လျော့သွားတော့သည်။

“ဘယ်လောက်လဲ ...”

“၂၅ ...”

ချင်းကွေ့ဟွားတို့မှာ မြေးအဘွားများအားလုံး အလုပ်လုပ်ကာမှ တစ်နှစ်လုံးအတွက် ယွမ် ၆၀ သာ ရကြခြင်း ဖြစ်သည်။ ယခု အိုက်လန်က တစ်လလျှင် ၂၅ ယွမ် ရမည်ဟု ကမ်းလှမ်းလာရာ ...

ဒီလောက်တောင် ကောင်းတဲ့ ကိစ္စမျိုးလည်း ရှိတာပဲလား ...

ချင်းရှန်းကလည်း အံ့ဩမိသွား၏။ အစ်မကြီးကို လှမ်းကြည့်လိုက်သည့်အခါ အိုက်လန်မှာ အံ့ဩသည့်ဟန်ပင် မပြ၊ အစောကြီးကတည်းက ထိုအကြောင်းကို သိထားနှင့်ပြီး ဖြစ်သည့်ဟန်ပင်။

သူမက အိမ်အကူ လုပ်ရမည့်အပေါ် ရှက်ရွံ့ခြင်း မရှိ။ ၁၉၈၀ ခုနှစ်များတွင် မြို့ပေါ်သို့ အလုပ်သွားလုပ်သည့်အခါ အိမ်အကူအလုပ်ကပင်လျှင် လူလေးစားခံရပေသည်။ သူမ၏ အသက်မွေးဝမ်းကျောင်းအတွက် ကိုယ့်ခွန်ကိုယ့်အားကို မှီခိုကာ ဝင်ငွေရှာခြင်း ဖြစ်ပြီး ခိုးဆိုးလုယက်မှုကို ပြုလုပ်သည်လည်း မဟုတ်။ ထို့အပြင် မစ္စတာချန်းအား စောင့်ရှောက်ပေးရမည့် အလုပ်မှာ သာမန်လူတို့ ရနိုင်သည့် အခွင့်အရေး မဟုတ်ရာ တွေးနေရန်ပင် မလိုအပ်လှချေ။

ယောကျ်ားနှင့် မိန်းမအကြား ကွာခြားချက်နှင့် ပတ်သက်၍မူ ..

မစ္စတာချန်းလို နာမည်လည်းကြီး၊ အသက်လည်း ကြီးနေတဲ့ လူအိုကြီးတစ်ယောက်ကိုမှ မဟုတ်တဲ့ အတွေးမျိုးတွေ တွေးရဲတယ်ဆိုရင်တော့ အဲဒီ့လူက လူမဟုတ်တော့ဘူး ...

ချင်းရှန်းက အဘွားဖြစ်သူကို ဘေးနားသို့ ဆွဲခေါ်ကာ ပြောလိုက်သည်။

“ဘွားဘွား .. အစ်မကြီးကို လုပ်ခွင့်ပေးလိုက်ပါ။ အလုပ်တစ်ခု ရှိတာက အိမ်မှာပဲ လယ်စိုက်ရတာထက်တော့ ကောင်းတာပဲလေ။ ပြီးတော့ ဆရာချန်းကို သာမန်လူလို့ မတွေးလိုက်နဲ့နော် ပြောမရဘူး အစ်မကြီးရဲ့ ကံကြမ္မာက တစ်ချိန်ချိန်မှာ ပြောင်းလဲချင် ပြောင်းလဲသွားနိုင်မှာ ...”

သူမက အဘွားဖြစ်သူ၏ အတွေးများကို သိထားပေသည်။

ညီအစ်မသုံးယောက်လုံးကို မစ္စတာဟဲအတွက် စားစရာသောက်စရာတွေ သွားပို့ခိုင်းတာကလည်း လက်ရှိဘဝကနေ ဖောက်ထွက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုလို့ စဉ်းစားမိလို့ပဲ မဟုတ်ဘူးလား ...

သူမ တွေးထားသည့်အတိုင်းပင် ချင်းကွေ့ဟွားက မျက်လုံးကို လှိမ့်ပြကာ ချက်ခြင်းဆိုသလိုပင် ချန်းပိုရှန်းအား ပြောသည့် လေသံကို ပြောင်းလဲလိုက်တော့သည်။

“ရှင် ကျွန်မတို့ကို တောကလူဆိုပြီး လာလိမ်နိုင်မယ် မထင်နဲ့နော်။ ကျွန်မတို့က ရှင်လောက် ဉာဏ်မကောင်းဘူး မထက်မြတ်ဘူးဆိုပေမယ့် .. ငါဆိုတဲ့ ချင်းကွေ့ဟွားကလည်း သက်သက်လွတ်သမား မဟုတ်ဘူး ...”

ချင်းပိုရှန်းမှာ ပြောစရာစကားပင် မရှိတော့။

“အခုချက်ခြင်း မိတ်ဆက်စာ သွားယူလာပေးမယ်။ အလုပ်ခန့်စာက ရောက်နှင့်နေပြီးသား .. အနီရောင်စည်းတံဆိပ်က ဘယ်လိုလုပ် အတုလုပ်လို့ ရမှာလဲ ...”

စင်စစ်အားဖြင့် အိုက်လန်အား ခေါ်သွားလိုသည့် ဆန္ဒမှာ ယာယီမဟုတ်။ သူ့တွင် သားသမီးဟူ၍ မရှိ၊ ရွာသားများ အားလုံးကလည်း သူ့အား အပြစ်ပြုမိမည်ကို ကြောက်ရွံ့ကြသူများသာ ဖြစ်နေကြပြီး နူးညံ့ညင်သာသည့် အိုက်လန် တစ်ဦးတည်းကသာ သူ့အား ဘာကူညီပေးရမလဲဟု လာမေးလေ့ ရှိခဲ့၏။ သူမ၏ ချက်ပြုတ်သည့် လက်ရာမှာလည်း သူ့အကြိုက်နှင့် တစ်ထပ်တည်းပင်။

ဤသို့သော မိန်းကလေးမျိုးသည် ကျေးရွာတွင်သာ ဆက်ပြီး နေနေပါလျှင် တစ်နှစ်၊နှစ်နှစ်အတွင်း အိမ်ထောင်ပြုရန် အတင်း ဖိအားပေးခံရမည် ဖြစ်သည်။ သူနှင့်အတူ တပ်မဟာမြို့တော်သို့ လိုက်ခဲ့ပါလျှင်မူ သူမသည် အိမ်ထောင်ပြုရန် အတင်းအကြပ် ဖိအားပေးခြင်းမျိုးကို ခံရလိမ့်မည် မဟုတ်ပေ။

ထိုကောင်မလေး၏ စိတ်ဆန္ဒများထဲတွင် လက်ထပ်ရန် မပါရှိတော့ဟုလည်း မြင်နေရ၍ ဖြစ်သည်။

အရှင်းဆုံး ပြောရပါလျှင် .. အကယ်၍ အိုက်လန်ထံ၌ လက်ထပ်လိုသည့်ဆန္ဒ ရှိလာလျှင်ပင် တပ်မဟာမြို့တော်၌ အမျိုးသားကောင်းများ အများအပြား ရှိနေပေရာ .. ရွာထဲရှိ လက်တစ်ဆုပ်ခန့် ပမာဏထဲမှ ရွေးချယ်ရခြင်းထက်တော့ ပိုမို ကောင်းမွန်ပေလိမ့်မည်။

ပြီးတော့ ရွာထဲက လူတွေက အိုက်လန်ကို ဘယ်လိုအကြံတွေ ကြံစည်နေကြလဲဆိုတာကို မမြင်ရလောက်အောင် သူက ကန်းနေတဲ့သူမှ မဟုတ်တာ ...

“ကျွန်မရဲ့ မြေးကို အငတ်တော့ မထားဘူး မဟုတ်လား။ သူမက မျက်နှာအရေပါးတဲ့သူဆိုတော့ ဗိုက်ဆာရင်တောင် ထုတ်ပြောရမှာရှက်လို့ ပြောမှာ မဟုတ်ဘူး ...”

“ပြီးတော့ သူမကို ရိုက်လည်းမရိုက်၊ ငေါက်လည်း မငေါက်ရဘူး ...”

ချန်းပိုရှန်းမှာ ဘာပြန်ပြောရမှန်းပင် မသိတော့။

“ကောင်းပြီ ကောင်းပြီ .. မင်းတို့ပြောတာ အကုန် သဘောတူတယ် ဟုတ်ပြီလား။ သွား သွား ပစ္စည်းတွေ မြန်မြန်သွားသိမ်း .. တစ်ရက်နှစ်ရက်အတွင်း ဒီက ထွက်ရမှာ ...”

“မင်းလည်း သွားတော့လေ ...”

ချင်းကွေ့ဟွားက ကြောင်အသွားသည်။

“ဒီအဘွားကြီးကရော ဘာလို့လဲ ...”

ချန်းပိုရှန်းက တစ်လျှောက်လုံး အသံတိတ်နေသည့် ချင်းရှန်းကို မေးလိုက်သည်။

“မင်း အကြောင်းကြားစာ မရသေးဘူးလား ...”

ချင်းရှန်း၏ အကြည့်တို့ ဝင်းလက်သွားကာ နေ့ခင်းပိုင်းက ဒါရိုက်တာလျှို၏ ဖုန်းခေါ်ဆိုမှုကို သတိရသွားသည်။ သူမ အလုပ်သင်ဆင်းရမည့် ဆေးရုံမှာ ဟုန်ရှင်းကောင်တီတွင် မဟုတ်၊ စက်ရုံအမှတ် ၄၁၂ ၏ ဆေးပေးခန်းတွင် ဖြစ်နေသည်။

ဆေးပေးခန်းဟူသည့် အသုံးအနှုန်းမှာ အနည်းငယ် သိမ်နုပ်သည်ဟု ခံစားရဖွယ် ရှိသော်ငြား စက်ရုံအမှတ် ၄၁၂ မှာ ဝန်ကြီးနှင့် ကော်မရှင်လူကြီးများ တိုက်ရိုက်စီမံခန့်ခွဲသည့် ပြည်နယ်ပိုင် အကြီးစားစက်ရုံတစ်ရုံ ဖြစ်သည့်အတွက် ကျေးလက်အဖွဲ့ ကျန်းမာရေးဌာနချုပ်ထက်ပင် အဆင့်မြင့်သည်ဟု ပြော၍ ရပေသည်။

ထိုနေရာမှာ သူမ ဘဝ၏ အချိန်အများစုကို ကုန်ဆုံးခဲ့ရာ နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် လောင်ဟဲက သူမကို စောင့်ဆိုင်းနေကာ ထိုနေရာတွင်ပင် ဘဝသစ်တစ်ခုကို စတင်တော့မည် ဖြစ်သည်။

ချင်းရှန်း၏ မျက်လုံးများက ထက်သန်သွား၏။

“အဘွား .. အထုပ်တွေ သိမ်းလေ သွားရအောင် ...”

ဒီ “မကောင်းတဲ့နေရာ” ကို စွန့်ခွာပြီး လန်ဟဲမြို့ကို သွားကြရအောင် ...

.....

လန်ဟဲမြို့သို့သွားရန် သဘောတူလိုက်ပြီးနောက် မစ္စတာချန်းက သူ့ကို စောင့်ဆိုင်းနေသည့် အလုပ်ကိစ္စများစွာ ရှိနေသေးသည့်အတွက် ဟဲလျန်ရှန်းနှင့် ချင်းအိုက်လန်ကို အရင်ခေါ်သွားလိုက်သည်။ ချင်းရှန်းနှင့် အခြားသူများကမူ ဝူလီထွင်ရှိ ကိစ္စအားလုံး ပြီးစီးကာမှ လန်ဟဲမြို့သို့ သွားရန် သဘောတူလိုက်ကြသည်။

မနက်ခင်း အစောပိုင်းတွင် စစ်တပ်သုံး ဂျစ်ကားတစ်စီးက ဝူလီထွင်ရွာထိပ်တွင် အချိန်မီ ရောက်လာခဲ့သည်။ ချန်းပိုရှန်းက ကားထဲသို့ပင် ရောက်နှင့်နေပြီ ဖြစ်သည်။

“ဖြည်းဖြည်းမောင်းပါ ကောင်လေးရဲ့ ...”

“ဟုတ်ကဲ့ပါ ခေါင်းဆောင် ...”

အသက် ၃၀ ပင် ပြည့်သေးဟန် မတူသည့် ကားမောင်းသူက ပြောလိုက်သည်။

“ရဲဘော်ဟဲ .... အိပ်ယာလိပ်က ဝယ်နေစရာ မလိုဘူးနော် ငါ့အိမ်မှာ အပိုတစ်ခု ရှိတယ်။ မင်း အဲဒါကိုပဲ သုံးလိုက်လို့ ရတယ် သီးသန့် လုံးချင်းအိမ်က ဝန်ထမ်းအိမ်ယာရဲ့ အကျော်လေးမှာပဲ မင်းအတွက် အိမ်တစ်လုံး ရှာပေးထားတယ် မင်းရဲ့ အစ်ကိုချင်းစုန့်နဲ့ ကပ်လျက်ဆိုတော့ ဟိုအိမ်နဲ့ဒီအိမ် ကူးသန်းသွားလာလို့လည်း အဆင်ပြေတယ်လေ ...”

ကားမောင်းသူက အားတက်သရော ပြောလိုက်သည်။

ဟဲလျန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ထံတွင် စားစရာ၊ နေစရာနှင့် ပတ်သက်၍ အထူးတလည် တောင်းဆိုလိုခြင်း မရှိ။ မတူညီသော ပတ်ဝန်းကျင် အမျိုးမျိုးတွင် နေထိုင်ကျင်လည်ခဲ့ရ၍ ဖြစ်သည်။

“အိမ်က အရမ်းကြီးတော့ မကြီးဘူး အခုလက်ရှိ အခြေအနေတွေကလည်း ကန့်သတ်ထားတယ်ဆိုတော့ အားလုံးက အတူတူပဲ ...”

တပ်ရင်းမှူးအဆင့် အရာရှိများပင်လျှင် စက်ရုံ၏ နည်းပညာရှင်နှင့် သာမန်ဝန်ထမ်းများကဲ့သို့ပင် အိမ်အသေးလေးများတွင်သာ နေကြရသည်။ နံရံများကို ရွှံဖြင့်သုတ်ကာ အမိုးမှာလည်း အုတ်ကြွပ်ပြားကို တစ်ထပ်တည်းဖြင့်သာ အသုံးပြုထားသည်။

သို့သော် ဧရိယာ ၄၁၂ သည် သစ်ပင်အနည်းငယ်သာရှိသည့် သဲကန္တာရ ဖြစ်သည့်အတွက် ထိုစက်ရုံအတွင်း အသုံးပြုရမည့် အမိုးများကအစ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသည့် နေရာမှ သယ်ယူရသည်။

ထို့ကြောင့် ဝန်ထမ်းအိမ်ယာ၏ အမိုးများမှာ အလွန် အဖိုးတန်သည်ဟုပင် ဆိုနိုင်ကာ ကျိုးတိုးကျဲတဲသာ မိုးထားနိုင်သည့်အတွက် တစ်ခါတစ်ရံ မိုးကြီးသည့်အခါ မိုးရေယိုသည့် ဒဏ်ကိုပါ ခံစားကြရသည်။

ကားက စိမ်းစိုနေသည့် ဟုန်ရှင်းကောင်တီမှ ထွက်ခွာကာ အနောက်မြောက်ဘက်သို့ ဦးတည်မောင်းနှင်သွားသည်။ စစ်ဆေးရေးဂိတ် သုံးခုကို ကျော်ဖြတ်ကာ ယာဉ်၏ အတွင်းနှင့် အပြင်ကို စစ်ဆေးရုံသာမက စာရွက်စာတမ်း အထောက်အထားများကိုပါ အစစ်ဆေးခံအပြီးတွင် ကားအပြင်မှ မြင်နေရသည့် သစ်ပင်စိမ်းစိမ်းများ၏ မြင်ကွင်းသည် တစ်စထက်တစ်စ ပိုပြီး နည်းပါးလာတော့သည်။ ထို့နောက် နောက်ဆုံးတွင် အဆုံးအစ မရှိသည့် အဝါရောင် သဲပြင်ကျယ်များကို မြင်လိုက်ရတော့၏။

ထိုနေရာမှာလည်း တပ်မဟာမြို့တော်၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသည့်တိုင် တောတောင်ရေမြေနှင့် ရာသီဥတု အခြေအနေတို့မှာ လုံးဝဥဿုံ ကွဲပြားခြားနားလှသည်။ သဲပြင်ကို ဖြတ်၍ မောင်းနှင်သည့်အခါ ကားကိုယ်ထည်တစ်ခုလုံး ခါယမ်းနေသည်ကို သိသိသာသာ ခံစားနိုင်သည်။

“ဒီဘက်က ရာသီဥတုကတော့ ဒီအတိုင်းပဲ တော်တော်လေးကို ကြမ်းတမ်းတယ်လို့ ပြောရမှာ ကျွန်တော်တောင် ဒီရာသီဥတုနဲ့ အသားကျဖို့ နှစ်လလောက် အချိန်ယူလိုက်ရတယ် ...”

မပျင်းမရိ စကားပြောနေကြသူများ အလယ်တွင် အိုက်လန်သည် ကားမှန်ကို မှီကာ အိပ်မောကျနေခဲ့၏။ မှောင်စပြုသည့် အချိန်၌ နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဟဲလျန်ရှန်းက လေထုကို အနံ့ခံကြည့်လိုက်သည်။ ထိုနေရာ၏ လေထုမှာ အစောပိုင်းက ဖြတ်ခဲ့သည့် နေရာများထက် ပိုပြီး စိုစွတ်သည့် ဟန်ပင်။ မြက်ပင်နှင့် သစ်ပင်စိမ်းစိမ်းစိုစိုလေးများ၏ လတ်ဆက်သော ရနံ့ကိုပင် ခံစားလိုက်ရသည့်အတွက် ဤနေရာမှာ စက်ရုံ၏ ဝန်ထမ်းအိမ်ယာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

All Chapters