Chapter 39
Vol. 4 Ch. 39
ဝန်ထမ်းအိမ်ယာဟု ခေါ်သည့်တိုင် ထိုနေရာ၏ အသွင်အပြင်မှာ အလွန် ရိုးစင်းလှသည်။ ရွှံ့အိမ်ခုံးလေးများအား အတန်းလိုက် သပ်သပ်ရပ်ရပ် စီတန်းကာ ဆောက်လုပ်ထားပြီး သီးသန့်ခြံဝင်းဟူ၍ မရှိပေ။
အားလုံးက ကိုယ်အိမ်ရှေ့ရှိ ရွှံ့ဝါမြေကိုသာ ခြံဝင်းအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် သူ စစ်တန်းလျား၌ နေထိုင်စဉ်ကကဲ့သို့ ခြံစည်းရိုးသီးသန့်ခတ်ခြင်းကိုမူ ခွင့်ပြုမထားပေ။
စစ်တန်းလျားထဲရှိ အိမ်ယာအစုလေးများနှင့်မူ များစွာ ကွဲပြားလှသည်။ တည်နေရာ ကွဲပြားသည်မှအပ ပုံစံသွင်ပြင်မှာ အားလုံး အတူတူပင်၊ ရွှံ့ဖြင့် ဆောက်လုပ်ထားသည့် အမိုးခုံး အိမ်လေးများသာ ဖြစ်ကြသည်။
ဤစက်ရုံသို့ လူသစ်အဖြစ် ရောက်လာသည့် သူ့အိမ်ကပင်လျှင် ထိုနေရာသို့ ရောက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည့် ကျောက်ချင်းစုန့်၏ အိမ်နှင့် တစ်ပုံစံတည်းပင်။
အိမ်တိုင်းတွင် ဧည့်သည်လာသည့်အခါ လက်ခံစကားပြောရန်နှင့် စားသောက်ရန်အတွက် ၁၂/၁၃ စတုရန်းမီတာ ကျယ်ဝန်းသည့် ဧည့်ခန်းတစ်ခန်းနှင့် ၁၀ စတုရန်းမီတာသာ ကျယ်သည့် အိပ်ခန်းတစ်ခန်းဟူ၍ အခန်းနှစ်ခန်းသာ ပါရှိသည်။
မီးဖိုချောင်မှာ အိမ်၏ ထောင့်စွန်းတွင် ရွှံ့နံရံဖြင့် ပိုင်းကာထားသည့် အကန့်ငယ်လေး တစ်ခုမျှသာ ဖြစ်ပေသည်။ စက်ရုံ၏ သတ်မှတ်ချက်အရ မီးဖိုချောင်ဧရိယာမှာ ၆ စတုရန်းမီတာထက် ပိုလွန်၍ မရပေရာ မှတ်ဉာဏ်မကောင်းသူသာဆိုလျှင် အခြားလူ၏ အိမ်ထဲသို့ မှားဝင်မိနိုင်သည်အထိ အိမ်များမှာ တစ်ခုနှင့်တစ်ခု ဆင်တူလှပေသည်။
သူတို့ ရောက်သွားချိန်တွင် မီးဖိုချောင်လေးများမှ ခပ်ဖျော့ဖျော့အလင်းရောင်များ လင်းလာကာ အိမ်တစ်ခုချင်းစီတိုင်းမှ စားသောက်ဖွယ်ဟင်းလျာ၏ မွှေးပျံ့သော ရနံ့များ ပျံ့လွင့်လာခဲ့သည်။ ဟဲလျန်ရှန်းက အမိုးခုံးအိမ်သေးသေးလေးများကို ကြည့်ရင်း စိတ်ထဲတွင် နူးညံ့မှုတစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။
သူက ရဲဘော်ရှောင်ချင်း၏ အကြီးမားဆုံးသော ရည်မှန်းချက်ကို မှတ်မိနေဆဲပင်။ သူမက ဤနှစ်များအတွင်း သူမ၏ အဘွားနှင့် ညီအစ်မများ လယ်အလုပ် လုပ်နေစရာ မလိုတော့ဘဲ သူမနှင့်အတူ ခေါ်ထားနိုင်မည့် ကိုယ်ပိုင်အိမ်တစ်လုံး လိုချင်ကြောင်းနှင့် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ သူမ၏ ကိုယ်ပိုင်အိမ် ဖြစ်နေသရွေ့ အဆင်ပြေသည်ဟု ပြောခဲ့ဖူးသည်။
“ရှောင်ဟဲလား ...”
ထိုစဉ် သူ့အနားသို့ အမျိုးသားတစ်ဦး ရုတ်တရက် ရောက်လာသည်။ ထိုသူမှာ ကျောက်ချင်းစုန့်ပင် ဖြစ်သည်။
ဤစက်ရုံတွင် တပ်ရင်းအဆင့် ကေဒါများ အများအပြား မရှိသေးသည့်အတွက် တပ်ရင်းအဆင့်ကေဒါအတွက် ဆောက်လုပ်ထားသော အိမ်အများစုမှာ အလွတ်ဖြစ်နေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လျှိုပေါင်ကျူးက သူ့ကို ဘေးအိမ်တစ်လုံးအား ပြင်ဆင်နေရာချထားနေကြသည်ဟု ပြောခဲ့သော်လည်း သူက မည်သူ့အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မစုံစမ်းမိခဲ့။ သို့သော် ဟဲလျန်ရှန်းအတွက် ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့မိချေ။
ငါ့ရဲ့ “ညီအစ်ကိုကောင်း”က ပိုပိုပြီးကို ချောမွေ့လာတာပါလား ...
ရှောင်ဟဲက စာပေပိုင်းမှာရော ကိုယ်ခံပညာပိုင်းမှာရော ထူးချွန်တဲ့အပြင် ရုပ်ရည်ကလည်း ကြည့်ကောင်းသေးတယ် ပြီးတော့ မစ္စတာချန်းလို နောက်ခံကောင်းလည်း ရှိတယ် ... ဒါဆို ကျောက်ချင်းစုန့်ဆိုတဲ့ ငါကရော ... ရာထူးတိုးထားသမျှတိုင်းက အကုန် ငါ့ခွန်ငါ့အားနဲ့ ရထားတာတွေချည်းပဲလေ ...
သူနှင့် ရှောင်ဟဲအကြား ကွာခြားချက်မှာ တစ်ဖြည်းဖြည်း ပိုပိုပြီး ကြီးထွားလာပြီဟုပင် ခံစားမိလာတော့သည်။
“အစ်ကိုချင်းစုန့် ...”
မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်တွေ့လိုက်ရသည့်အတွက် ကျောက်ချင်းစုန့်သည်လည်း အနည်းငယ် ပျော်ရွှင်မိသွားတော့သည်။
“လာလေ အိမ်ထဲ ဝင်ထိုင် ဒီညတော့ ငါ့အိမ်မှာပဲ နေလိုက်လေ မနက်ဖြန်မှ မင်းအိမ်ကို ပြင်ဖို့ဆင်ဖို့တွေ အကုန် လိုက်လုပ်ပေးမယ် ...”
ကျောက်ချင်းစုန့်က သူ့ပုခုံးကို ဖက်ကာ ပြောလိုက်သည်။
“ပေါင်ကျူးရေ မြေပဲဆံ တစ်ပန်းကန်လောက် ကြော်လိုက်စမ်းပါဦး ရှောင်ဟဲနဲ့ တစ်ခွက်တစ်ဖလား သောက်ကြရအောင် ...”
ထို့နောက် သူက အိမ်ထဲမှ နှစ်ယွမ်ကို ထုတ်ကာ ပြောလိုက်သည်။
“ဟိုင်ယန်းရေ စားသောက်ဆိုင်ကို သွားပြီး အဖေ့အတွက် လောင်ပိုင်ကန်း နှစ်ပုလင်း ဝယ်လာခဲ့ ...”
ဟဲလျန်ရှန်းဘက်မှ သေသေချာချာ မမြင်လိုက်ရခင်မှာပင် အသက် ၅ နှစ် ၆ ရွယ် ကောင်လေးတစ်ဦး ထွက်လာကာ ပိုက်ဆံကိုယူ၍ လှစ်ခနဲ ပြေးထွက်သွားသည်။ ထို့ကြောင့် သူ့အကြည့်တို့ကို အိမ်ထဲသို့သာ ပို့လိုက်တော့၏။
ဧည့်ခန်း၏ အကျယ်အဝန်းမှာ သူ ရထားသည့်အိမ်နှင့် အတူတူပင်။ မသေမျိုးရှစ်ပါးစားပွဲနှင့် ထိုင်ခုံအချို့ကို ခင်းကျင်းထားကာ ပြတင်းပေါက်များတွင် အဝါရောင်ပွင့်ရိုက် လိုက်ကာစများ တပ်ဆင်ထားသည်။ အိမ်ထောင်ပရိဘောဂ အများအပြား မရှိသည့်တိုင် သန့်ရှင်းကာ နွေးထွေးနေပေသည်။
“မတ်တပ်ပဲ ရပ်မနေနဲ့လေ ထိုင်ပါ ဒီက ရာသီဥတုက တော်တော်လေးကို ကြမ်းတမ်းတော့ နောက်ထပ် နှစ်နည်းနည်းလောက်တော့ ဒီလိုပဲ ဖြစ်သလို နေရဦးမှာပဲ။ အထက်က ခေါင်းဆောင်တွေကတော့ အခြေအနေတွေ ပိုကောင်းလာရင် ငါတို့ကို ကိုယ်ပိုင် ခြံဝင်းနဲ့ တိုက်အိမ်လေးတွေ ဆောက်ပေးမယ်လို့ ကတိပေးထားတာပဲ .. အနာဂတ်မှာတော့ ပိုကောင်းလာမှာပါ ...”
ဟဲလျန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစဉ် အေပရွန်တစ်ထည် ဝတ်ထားသည့် လျှိုပေါင်ကျူးက မြေပဲဆံယူရန် အိမ်ထဲသို့ ဝင်လာသည်။
“အိုး .. ရှောင်ဟဲရောက်လာတာ ကောင်းလိုက်တာ နောက်ဆို တို့တွေက အိမ်နီးချင်း ဖြစ်တော့မှာဆိုတော့ ချင်းစုန့်လည်း သောက်ဖော်သောက်ဖက် ရှိသွားတာပေါ့ ...”
ဟဲလျန်ရှန်းက သူမကို “မရီး” ဟု နှုတ်ဆက်လိုက်သည်။ ထို့နောက် ဘာာဆက်ပြောရမှန်း မသိတော့။
ကျောက်ချင်းစုန့်က သူ့ရှေ့တွင် ဖိနပ်ချွတ်ကာ ကွန်ကရစ် ခင်းထားသည့် ကြမ်းပေါ်သို့ ခြေဗလာဖြင့် တက်လိုက်သည်။
“ဒီဘက်မှာ နေ့နဲ့ညရဲ့ အပူချိန်က တော်တော်လေးကို ကွာခြားတယ် နေ့ဘက်ဆို မီးလှုံနေရတဲ့အတိုင်းပဲ ညဆိုလည်း ချမ်းလိုက်တာမှ လွန်ရောပဲ ...”
သူ၏ မိတ်ဆက်စကားများကြောင့် ဟဲလျန်ရှန်းသည် ထို"လန်ဟဲ"မြို့ဟု ခေါ်သည့်နေရာမှာ ကောင်တီအစွန်အဖျားလောက်သာ ရှိသည့် အလွန် သေးငယ်သော နယ်မြေတစ်ခု ဖြစ်ခဲ့ကြောင်း သိလိုက်ရသည်။ ဤမြို့ကို တရုတ်ပြည်သူသမ္မတနိုင်ငံခေတ်က အိမ်ခြေ ၇၀၊ ၈၀ နီးပါးခန့်ဖြင့် စတင်တည်ထောင်ခဲ့သည်။
နောက်ပိုင်းတွင် ကျောက်တုန်း၊ ဟဲနန်၊ တောင်ပိုင်းအန်းဟွေနှင့် မြောက်ပိုင်းအန်းဟွေတို့မှ လူများ ပြောင်းရွှေ့အခြေချလာသဖြင့် လူဦးရေ တိုးပွားလာပြီး အလယ်အလတ်အဆင့် မြို့တစ်မြို့အဖြစ်သို့ တစ်ဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
လွတ်လပ်ပြီးနောက်ပိုင်းတွင် ပြောင်းရွှေ့အခြေချသူ ပေါများလာမှုနှင့် မြေယာ ချဲ့ထွင်ရှင်းလင်းမှုများ တိုးပွားလာသောကြောင့် စစ်ဘက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံနှင့် လယ်ကွင်းများကို နေရာချထားပေးရာမှ တစ်ဖြည်းဖြည်း တိုးတက်ကျယ်ပြန့်လာခဲ့သည်။
“မြို့လို့ နာမည်တပ်ထားပေမယ့် အကျယ်အဝန်းကကျ ငါတို့မွေးရပ်မြေ ဟုန်ရှင်းကောင်တီထက် မနည်းဘူးနော် ...”
ကျောက်ချင်းစုန့်က အလွန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ဝန်ထမ်းအိမ်ယာက မြို့လယ်ခေါင်မှာ မဟုတ်ဘူးဆိုပေမယ့် မြို့ထဲသွားဖို့ အရမ်းကို လွယ်တာနော် ငါတို့လို စစ်သားတွေအတွက်ဆို ဆယ်မိနစ်လောက်ပဲ ကြာတယ် ...”
အပြင်သို့ ထွက်ရန်မှာ မခဲယဉ်းလှ။ သို့သော် အပြင်မှလူများ အိမ်ယာအတွင်းသို့ ဝင်လာရန်မှာမူ မလွယ်ကူလှချေ။ အမျိုးမျိုးသော စစ်ဆေးအကဲဖြတ်မှုများကို ကျော်ဖြတ်ရဦးမည် ဖြစ်သည့်အပြင် ခိုင်လုံသည့် အထောက်အထား မပြနိုင်သည့်သူ မည်သူ့ကိုမှ ဝင်ခွင့်မပြုခဲ့ပေ။
ထိုသို့ ပြောနေရင်း သူ့အကြည့်တို့က ဟဲလျန်ရှန်း၏ ဘယ်ဘက်ခြေထောက်ထံ ရောက်သွားကာ တမင် ရည်ရွယ်လေသလား မတော်တဆ လေလားတော့ မသိ၊ သက်ပြင်းဖွဖွ ချခဲ့သည်။
လန်ဟဲမြို့သို့ ပြောင်းလာကာစ ဟဲလျန်ရှန်း၏ ဘဝမှာ ဤသို့ဤပုံ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချင်းမိသားစုကလည်း ပြောင်းရွှေ့ရန် အားတက်သရော ပြင်ဆင်နေခဲ့ကြသည်။
“လိုင်တိ ...”
လူငယ်တစ်ဦးက ချင်းအိမ်၏ တံခါးဝသို့ ရောက်လာခဲ့သည်။
“အစ်ကိုလျောင်လား .. အထဲ ဝင်ထိုင်လေ ...”
သူက အိမ်ထဲသို့ ဝင်လာကာ တည်ငြိမ်စွာဖြင့် ဘယ်အချိန် ပြန်လာမည်လဲဟု မေးလိုက်သည်။ သို့သော် သူ့အကြည့်တို့ကမူ တည်ငြိမ်နေသည့် ဟန်ပန်ကို သစ္စာဖောက်ကာ လူတစ်ဦးကို လိုက်ရှာနေခဲ့သည်။
ချင်းရှန်းကလည်း သူ့ပုံစံကြောင့် ရယ်မိမတတ် ဖြစ်သွားတော့သည်။ သို့သော် တစ်ခွန်းမှ ထုတ်မပြောခဲ့ပေ။
“အစ်မကြီးက သွားပြီလေ ရက်နည်းနည်းလောက်နေမှ ပြန်လာမှာ...”
လျောင်ကျီရှန်းက တုန့်ဆိုင်းသွားသည်။
“မင်းရဲ့ အစ်မကြီး .. ငါ ကြားတာတော့ .. ဟုတ်မဟုတ်တော့ မသိဘူးနော် သူမက ...”
“ဘာကြားလာခဲ့လို့လဲ ...”
လျောင်ကျီရှင်းက မော့ကြည့်ကာ ပြောလိုက်သည်။
“မြို့ပေါ်မှာ အိမ်အကူ သွားလုပ်မလို့ဆို အဲဒါ တကယ်လား ...”
“ဟုတ်တယ် အိမ်မှာက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တော်တော်လေး အခက်တွေ့နေတာလေ။ စတုတ္ထလေးရော ကျွန်မရောက ကျောင်းတက်နေတာဆိုတော့ ဘွားဘွားရဲ့ ဝင်ငွေတစ်ခုတည်းကိုပဲ မှီခိုနေလို့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါနဲ့ အစ်မကြီးပါ အလုပ်လုပ်ဖို့ ဖြစ်လာတော့တာ ...”
လျောင်ကျီရှန်းက အလွန် စိတ်ပျက်သွားဟန်ပင်။
“အိမ်အကူ လုပ်ချင်တယ်ဆို ငါ့မိဘတွေကို အကူအညီတောင်းပြီး ကောင်းကောင်း ရင်းနှီးတဲ့အိမ်တွေ ရှာပေးမှာပေါ့ ဒါဆို အဘွားချင်းလည်း အဝေးကြီး လွှတ်ရလို့ဆိုပြီး စိတ်ပူနေစရာ မလိုတော့ဘူးလေ ...”
“အခုလည်း အစ်မကြီးက တပ်မဟာမြို့တော်ကိုပဲ သွားတာပါ ဟိုင်ချန်ကနေဆို ဘယ်လောက်မှ မဝေးပါဘူး ...”
လျောင်ကျီရှန်းက အလောတကြီး ရှင်းပြလိုက်သည်။
“မဟုတ်ဘူး ငါ ဆိုလိုချင်တာ အဲဒီ့လို မဟုတ်ဘူးလေ ...”
ချင်းရှန်းမှာ အကျယ်ကြီး အော်ရယ်မိလုမတတ်ပင် ဖြစ်သွားတော့သည်။ ပြီးခဲ့သည့် လများအတွင်း သူ့နှုတ်မှ စကားတစ်ခွန်းမှ ထုတ်မပြောခဲ့သည့်တိုင် နှစ်ရက်တစ်ခါ ချင်းအိမ်၏ ရေစည်များကို လာဖြည့်ပေးကာ ထင်းခုတ်ပေးသည့်အပြင် လေးလံညစ်ပေသည့် အလုပ်မှန်သမျှကိုလည်း သိမ်းကြုံးကာ လုပ်သွားပေးတတ်သည်။ သူ့ပုံစံမှာ ချင်းမိသားစုထဲမှ မိန်းကလေးတစ်ဦးဦးကို ချစ်မိသွားသည့်ဟန်ပင်။ ချင်းရှန်းက သူမကိုယ်သူမ ဤမျှ ဆွဲဆောင်အားကောင်းသူဟု ခံယူမထား၊ စတုတ္ထလေးမှာလည်း အလွန် ငယ်ရွယ်သေးရာ .. အကြီးဆုံးအစ်မကို မျက်စိကျနေခြင်း ဖြစ်ပေလိမ့်မည်။
“ရှောင်လျောင် မင်းလို ပညာတတ်လူငယ်လေးမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိမှာပါ။ အဲဒါကြောင့် ငါတို့အနေနဲ့လည်း မင်းကို ငါတို့မိသားစုရဲ့ ကိစ္စတွေအတွက် အနှောင့်အယှက် မပေးချင်ဘူး ...”
ချင်းကွေ့ဟွားကလည်း သူ့သဘောထားကို သဘောပေါက်သည့်အတွက် အလုပ်တစ်ခု ပြီးသွားလေတိုင်း သူမလို ကပ်စေးနှဲသူတစ်ဦးက သူ့ကို စားစရာတစ်ခုခု ချန်ပေးသွားတတ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ စကားမပြောလိုသည့်အတွက် ဖရဲသီးနှင့် ပဲစေ့ကဲ့သို့သော စားစရာများကိုသာ အိုးပြည့်ခွက်ပြည့် ပေးခဲ့လိုက်သည်။
လျောင်ကျီရှန်း ထွက်သွားကာမှ ချင်းရှန်းက သူမအား သဘောမတူရသည့် အကြောင်းအရင်းကို မေးလိုက်သည်။
“သူက တကယ်ကို လူကောင်းတစ်ယောက်ပါ ရုပ်ရည်ကလည်း ကြည့်ကောင်းတယ် ပညာလည်း တတ်တယ် ဒါပေမယ့် အလုပ်ကကျ အတည်တကျ မရှိဘူးလေ ...”
“ထုတ်လုပ်ရေးအဖွဲ့မှာ လယ်စိုက်တာလည်း ဆိုးတော့ မဆိုးပါဘူး .. တို့မိသားစုလည်း လယ်စိုက်နေတာပဲဟာ ...”
ချင်းကွေ့ဟွားက ပြန်မဖြေ။ သူမက အကြီးဆုံးမြေးမအား စားဝတ်နေရေး ထောက်ပံ့ပေးနိုင်သူ တစ်ဦးဦးနှင့် အိမ်ထောင်ပြုရန် မျှော်လင့်မိနေဆဲပင်။ သို့သော် သူမ၏ အကြံက အိုက်လန်အား နောက်တစ်ကြိမ် ထိခိုက်စေမည်ကိုလည်း စိုးရိမ်မိသည်။ အိုက်လန်နှင့် လျှိုကျားဝေ့ တွေ့ကြစဉ်က သူမသည် ထိုသူ့ထံ၌ အလုပ်တစ်ခု ရှိသည်ကိုသာ မြင်ခဲ့မိသည်။ ဝန်ထမ်းမိသားစုထဲ ဝင်ရောက်ခြင်း၏ ရလဒ်အနေဖြင့် ပထမဇနီးကြီးချင်း ဖြစ်သွားခြင်းမှာ တိုက်ဆိုင်ချက်တစ်ခုမျှသာ မဟုတ်ချေ။
“အခုတလော အစ်ကိုလျောင်က ဖရဲပင်စိုက်နည်း လေ့လာနေတာကို တွေ့မိသလားလို့ တစ်ချိန်ချိန်မှာ နာမည်ကြီးလာမလားတောင် မပြောတတ်ဘူး ...”
မျက်လုံးများ သက်သာသွားချိန်မှစကာ သူ၏ အလုပ်လုပ်ရာ၌ တက်ကြွမှုသည် ပိုမိုများပြားလာတော့သည်။ ညစ်ပတ်ပေရေသည့် အလုပ်များကိုပင်လျှင် အားတက်သရော လုပ်ဆောင်သည့်အပြင် ကောင်တီ၏ စိုက်ပျိုးရေးသိပ္ပဌာနသို့ မကြာခဏ သွားရောက်ကာ သီးနှံများအား မည်ကဲ့သို့ စိုက်ပျိုးရမည်ကို လေ့လာခဲ့သည်။ အခြားအဖွဲ့ဝင်များက ခရမ်းချဉ်သီးနှင့် သခွားသီး စိုက်ပျိုးခြင်းအား ရွေးချယ်လေ့လာခဲ့သော်လည်း သူကမူ ဖရဲသီး စိုက်ပျိုးနည်းကို ရွေးချယ်ခဲ့သည်။
လေ့ကျင့်ရေးသင်တန်းမှ ပြန်လာပြီးသည့်နောက်တွင်လည်း သူတို့သည် ရာသီဥတု ပြင်းထန်သည်ကိုပင် အမှုမထားဘဲ နေ့တိုင်း လက်တွေ့ ကွင်းဆင်းကာ လုပ်ကိုင်ခဲ့သည်။ ဝမ်လီဖန်းတို့ စုံတွဲမှာ ပွင့်လင်းရိုးသားသူများ ဖြစ်သည့်အတွက် မည်သို့မှ မဆို။ သို့သော် ရွာသားများကမူ သူတို့၏ နောက်ကွယ်တွင် လှောင်ပြောင်ခဲ့ကြသည်။
မြို့သားတွေကတော့ တကယ်ကို မြို့သား ပီသပါပေတယ် ဒီ အသုံးမဝင်တဲ့ အရာတွေနဲ့ပဲ တစ်နေကုန် အချိန်ဖြုန်းနေတယ် ...
“ဖရဲသီး စိုက်တဲ့အကြောင်းကတော့ မေ့ထားလိုက်စမ်းပါ။ အဲဒီ့ ဖရဲသီးက စားဝတ်နေရေးအတွက် လုံလောက်မှာတဲ့လား အဲဒီ့အကြောင်းကို စိတ်ဝင်စားတဲ့လူဆိုလို့ နင်တို့အဒေါ်လီဖန်းပဲ ရှိတယ်။ အဲဒါကြောင့်လည်း သူ့အတွက် အစမ်းစိုက်ဖို့ဆိုပြီး မြေတစ်ကွက် ဖယ်ထားပေးတာပေါ့ ... လီဖန်းနေရာမှာ တစ်ခြားလူသာဆို သူ့အလုပ်အမှတ်တွေ အလျှော့ခံရတာ ကြာလောက်ပြီ ...”
“တောကလူတွေ မစားနိုင်တာနဲ့ပဲ မြို့ပေါ်က လူတွေကလည်း ဒါကို ဝယ်မစားနိုင်ဘူးလို့ တွေးလိုက်လို့ မရဘူးလေ။ သေချာ ဖြစ်ထွန်းအောင်သာ စိုက်နိုင်ရင် မြို့ပေါ်တက်ပြီး ရောင်းလို့ရတယ်။ ဒါဆို ပုံမှန်ဝင်ငွေတစ်ခု ဖြစ်လာတော့မှာလေ ...”
ချင်းကွေ့ဟွား၏ နှုတ်ခမ်းတို့ လှုပ်ရှားသွား၏။ သို့သော် သူမက ချင်းရှန်းကို ပြန်လည်ချေပခြင်း မပြုခဲ့။
“သူနဲ့ အစ်မကြီးကြားက ကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါ။ တားမြစ်တာတွေ လုပ်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အခု အဝေးကြီးမှာ နေကြရမှာလေ တွေ့ချင်တယ်ဆိုရင်တောင် တွေ့နိုင်ဖို့က တော်တော်ခက်မှာပဲ ...”
အစ်ကိုလျောင်က နောက်သုံးနှစ်အတွင်း သေချာပေါက်ကို ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်မှာပဲ။ အဲဒီ့အချိန်ကျ သူ အစ်မကြီးနဲ့ အတူရှိချင်တယ် ရေစက်ပါတယ်ဆို တောင်တရုတ်ပင်လယ်နဲ့ မြောက်ပိုင်းတရုတ်ပြည်ကြီး ခြားနေရင်တောင် တွေ့ကြရမှာပဲ .. မဆုံနိုင်ခဲ့ဘူးဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာပဲလို့ နှလုံးသွင်းရုံပေါ့ ...
ချင်းကွေ့ဟွားကလည်း အနည်းငယ် ပိုပြီး နေလို့ကောင်းသွားသည်။
“ဒီလောကကြီးမှာ ယောက်ျားကောင်းတွေမှ အများကြီးပါ။ ဒါပေမယ့် နင့်အစ်မကြီးရဲ့ ကံကောင်းခြင်းတွေက အခုမှ ရောက်လာမလို့ပဲ ရှိသေးတယ်လေ ...”
အိုက်လန်ကသာ ထိုပညာတတ်ကောင်လေးလျောင်နှင့် ချစ်ကျွမ်းဝင်ရန် စိတ်ကို ဆုံးဖြတ်ထားပါလျှင် သူမအနေဖြင့်လည်း မည်သို့မှ တတ်နိုင်မည် မဟုတ်။ သူမကိုယ်တိုင် အစအဆုံး မြင်တွေ့ခဲ့ပြီးဖြစ်ကာ အနမ်းတစ်ခုပင် ဖြစ်လျင့်ကစား မြေးမဖြစ်သူ၏ သဘောဆန္ဒ မပါဘဲ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
အကြံကောင်းဉာဏ်ကောင်းများ ပိုင်ဆိုင်ထားကာ သူမ၏ ခင်ပွန်းဖြစ်သူကို ကိုယ်တိုင် ရွေးချယ်ခဲ့သည့် လိုင်တိကဲ့သို့ပင် အိုက်လန်၏ ဘဝသည်လည်း တစ်ဖြည်းဖြည်း ပိုကောင်းမွန်လာလိမ့်မည်။ ...
ထိုသို့ ပြောနေစဉ်မှာပင် ဘေးဘက်အိမ်ထဲမှ “ဖူး” ခနဲ လှောင်ရယ်သံကို ကြားလိုက်ရကာ အုတ်တံတိုင်းပေါ်မှ ခေါင်းတစ်လုံးကိုပါ တွေ့လိုက်ရသည်။
မျက်စိလျင်ရုံမက လက်လည်းမြန်သည့် ချင်းရှန်းက ကျောက်ခဲအသေးလေးတစ်ခဲကို ကောက်ယူကာ ချောင်းကြည့်နေသူ၏ နားရွက်ကို တန်းတန်းမတ်မတ် ပစ်ပေါက်လိုက်သည်။
“အား .. ဒီကလေးမ ... .နင်ရော နင်တို့တစ်မိသားစုလုံးရော အကုန်လုံးကို မုဆိုးမ ဖြစ်မယ့်ဟာတွေ .. နင့်အစ်မကြီးကလည်း အစေခံ ဖြစ်တော့မှာလေ ... ဒါတောင် ထောင်လွှားမောက်မာနေလိုက်ကြတာများ ...”
“လျှိုတာ့ဟူ .. နောက်တစ်ခွန်းလောက် ထပ်ပြောရဲ ပြောကြည့် နင့်လက်မောင်းကို “အခုချက်ခြင်း ပြန်သက်သာလာအောင်” လုပ်ပေးလိုက်မယ် ...”
လျှိုတာ့ဟူက သူ၏ အဆစ်လွဲနေသော လက်ကို ကြည့်ကာ ဆက်ပြီး မပြောရဲတော့ပေ။ လွန်ခဲ့သော နှစ်ဝက်ခန့် ဟဲလျန်ရှန့် သူ့လက်ကို လိမ်ချိုးလိုက်ချိန်မှစကာ အမြဲတမ်း နာကျင်ကိုက်ခဲနေခဲ့ရသည်။ လိမ်ချိုးခံလိုက်ရကာစက လက်မောင်းကို အသုံးပြု၍ပင် မရတော့သည့်အတွက် အိမ်ထဲ၌ နေကာသာ ဆေးကုခဲ့ရသေးသည်။
သို့သော် နောက်ပိုင်း၌ ... ဒဏ်ရာ သက်သာအောင် အားပြန်မွေးနေရသည်ဆိုသည့် အကြောင်းပြချက်မှာ အချောင်ခိုရန် ကောင်းလွန်းလှကာ နေပူလေပူဒဏ်ကို ခံပြီး အလုပ်လုပ်နေစရာလည်း မလိုသည့်အတွက် လက်ကို တွဲလောင်းချကာသာ မသက်သာသေးဟန် ဆောင်နေခဲ့လိုက်သည်။
မုဆိုးမလျှိုက သူမ၏ အကြီးဆုံးမြေးအတွက် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ရသည့်အတွက် ချင်းရှန်းအား သူ့ကို ဆေးကုပေးရန် မျက်နှာပြောင်တိုက်ကာ လာတောင်းပန်ခဲ့သေးသည်။
ချင်းရှန်းကလည်း နေမကောင်းဖြစ်ဟန်ဆောင်ကာ အိမ်တွင်ထိုင်၍ ကြက်ဘဲများအား ခိုးယူနေသူကို မုန်းတီးသည့်အတွက် သူမ မွေးထားသည့် ယုန်များ အခိုးခံရမည့်ဘေးမှ ကာကွယ်ရန် အလို့ငှာ မုန်းတီးစိတ်ကို ထိန်းချုပ်လျက် ကုသပေးခဲ့သည်။ သို့သော် ဆေးကုသစရိတ်ကို နှစ်ဆတောင်းကာ ဆေးပစ္စည်းများကိုလည်း ဈေးကြီးသည့် ပစ္စည်းများသာ ပေးခဲ့၏။