← Chapters

Chapter 40

Vol. 4 Ch. 40

Chapter 40

Vol. 4 Ch. 40

လျှိုတာ့ဟူက ဆေးကုပေးသည်ကို ကျေးဇူးမတင်။ နေမကောင်းဟန်ဆောင်နေသည့် သူ၏ ဇိမ်ကျကျနေ့ရက်များအား ဖျက်ဆီးသည်ဟု တွေးကာပင် သူမကို မုန်းတီးနေလိုက်သေးသည်။

နောက်ပိုင်းတွင် သူက လက်အဆစ်ကို တမင်တကာ လိမ်ချိုးလိုက်ပြန်၏။ ထို့နောက်တွင် မုဆိုးမလျှိုက ချင်းရှန်းအား ဆေးကုပေးရန် တောင်းပန်ပြန်သည်။ တစ်ဖန် လျှိုတာ့ဟူက နောက်တစ်ကြိမ် လိမ်ချိုးလိုက်ပြန်၏။ ... မည်သို့ပင်ဖြစ်စေ ချင်းရှန်းကလည်း ဆေးကုသခ ရနေသရွေ့ သူ့လုပ်ရပ်များကို ဖော်ထုတ်လိမ့်မည် မဟုတ်ချေ။ မုဆိုးမလျှို၏ ကမ္ဘာသည်သာလျှင် ပူလောင်နာကျင်မှုတို့ဖြင့် ပြည့်နှက်နေတော့၏။

“တတိယအစ်မ .. တကယ်ကြီး လိုက်သွားရမှာလား .. ယုန်တွေကိုရော ဘယ်လိုလုပ်မှာလဲ ...”

ရှောင်ချင်းဖန်က တတိယအစ်မနှင့်အတူ တပ်မဟာမြို့တော်သို့ လိုက်ရမည်ဟူသည့် အဆိုပြုချက်ကို အလွယ်တကူပင် လက်ခံနိုင်ခဲ့သည်။ သူမ၏ နောက်ဆုံးစာမေးပွဲမှာလည်း ဟိုးယခင်ကတည်းက ပြီးနှင့်နေပြီ ဖြစ်ရာ မည်သည့်နေရာတွင် ကျောင်းတက်ရပါစေ အတူတူသာ ဖြစ်သည်။ ... ယုန်လေးများကိုသာ မခွဲနိုင် ဖြစ်မိနေခြင်း ဖြစ်သည်။

“အဒေါ်လီဖန်းကို နည်းနည်းပါးပါး ယူပါဦးလို့ ပြောထားပြီးပြီ ... ကျန်တာတွေကိုတော့ ဒုတိယအစ်မကိုပဲ မွေးခိုင်းထားလိုက်မယ်လေ ...”

နျိုမိသားစုမှ ကလေးများသည် ယုန်သား ကြိုက်ကြကြောင်း သူမက မှတ်မိနေဆဲပင်။ ယုန်များအား သူတို့ကို ပေးလိုက်ပါလျှင် အစာ ကောင်းကောင်း စားရပါ့မလားဆိုသည့် အချက်ကိုမူ သူမလည်း မသိပေ။

“ပြောတာတော့ .. ယုန်သားချဉ်စပ်လုပ်ပြီး အစ်မကြီးကို ပို့ပေးဦးမလို့ ဆိုလားပဲ ...”

ချင်းရှန်း တံတွေးမျိုချလိုက်သည်။ ... ယုန်သားချဉ်စပ်ဆို အရမ်းကို အရသာရှိမှာပဲ ....

“ဟမ့် .. တတိယအစ်မ .. အစ်မက လူဆိုးကြီး ဘွားဘွားလိုပဲ ယုန်လေးတွေကို စားဖို့ ချောင်းနေတာ ...”

ချင်းဖန်က တုန်ရီနေသည့် ယုန်လေးများကို ဖက်ထားပေးရင်း ပြောလိုက်သည်။

ချင်းကွေ့ဟွားကလည်း ဝမ်လီဖန်းထံ ယုန်လေးများ အလကား ပေးလိုက်မည့်ကိစ္စကို မငြင်းဆန်။ အကုန်လုံးကို ပေးလိုက်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဝမ်လီဖန်းက ပြီးခဲ့သည့် ၂ နှစ်အတွင်း မုဆိုးမနှင့် မိဘမဲ့ကလေးများသာ နေထိုင်သည့် သူမတို့အိမ်ကို ကောင်းစွာ ဂရုစိုက်ပေးခဲ့သည့်အတွက် လီပန်းဖန် ကပ္ပတိန် ဖြစ်လာပြီးနောက်ပိုင်း သူမတို့ကို အနိုင်ကျင့်သူများ တစ်ဖြည်းဖြည်း နည်းပါးလာခဲ့သည်။ ဝူလီထွင်နှင့် ပတ်သက်၍ မှတ်မှတ်ရရ အောက်မေ့စရာဟု ပြောရပါလျှင် ထိုသူနှစ်ဦး၏ ကြင်နာမှုများအကြောင်း ဖြစ်ပေလိမ့်မည်။

နောက်တစ်နေ့တွင် ချင်းရှန်းက အိမ်ရှိ တိုင်းရင်းဆေးပင်များအား မျိုးတူစုကာ ထုတ်ရောင်းသင့်သည်တိုကို ရောင်း၊ ဆေးလုံး လုပ်သင့်သည်တို့ကို ဆေးလုံး လုပ်လိုက်သည်။ ရှင်သန်ကြီးထွားကာစ သစ်ခွပင်များအတွက်မူ တွေးရင်းတွေးရင်း စိတ်မကောင်း ဖြစ်လာမိတော့သည်။

“ဟေး လိုင်တိ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ ... နင်တို့တွေ ဟိုနေ့ကျ ခရီးသွားကြမှာဆို .. အပန်းဖြေခရီး ထွက်ကြမလို့လား ...”

ညစာစားရန် ပြင်နေသည့် ချွေ့မိသားစုက သူမ ရောက်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း နေရာဖယ်ပေးလိုက်သည်။

“နင်တို့ရဲ့အစ်မလိုင်တိကို ထမင်းခူးပေးလိုက်ကြဦးလေ ...”

အဒေါ်ချွေ့ကလည်း ကြက်ဥနှစ်လုံးကြော်ရန် ထထွက်သွား၏။

ချင်းရှန်းက သူတို့ကို အမြန် တားမြစ်လိုက်သည်။

“မလုပ်ပါနဲ့ ကျွန်မလည်း ထမင်းစားပြီးမှ ဒီကို ထွက်လာတာပါ ...”

ချွေ့မိသားစုက သူတို့၏ အမေကို ကယ်တင်ပေးခဲ့သည့်အတွက် ချင်းရှန်းအား အလွန် ကျေးဇူးတင်ကာ ပစ္စည်းကောင်းတစ်ခုခု ရလာလေတိုင်း သူမကို လာပေးတတ်သည်။ သို့သော် သူမက တစ်ကြိမ်တည်း လက်ခံသည်ဟူ၍ မရှိခဲ့ပေ။

“ဒီနေ့ လာတာက ဦးလေးဝူနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ ...”

မူလက သစ်ခွပင်များကို သူမကိုယ်တိုင် စိုက်ပျိုးကာ နောက်ထပ်အပင်များ ထပ်ပွားပြီးကာမှ တပ်ဖွဲ့ဌာနချုပ်ထံ သွား၍ ရာထူးတိုးပေးရန် တောင်းဆိုမည်ဟု တွေးထားခဲ့သည်။ တပ်ဖွဲ့ကပ္ပတိန်နှင့် သူ့ဇနီးတို့မှာ ရိုးသားသူများ ဖြစ်သည့်အတွက် သူမဘက်မှလည်း သူတို့ကို ကျေးဇူးတုန့်ပြန်မှုတစ်ခု ပြန်ပေးချင်ခဲ့သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် တပ်မဟာမြို့တော်သို့ ပြောင်းရွှေ့ရန် အကြောင်းဖန်လာရာ အပင်များကို စီစဉ်နေရာချထားရန် လိုအပ်လာတော့သည်။

“ဦးလေးဝူ .. ဦးလေးက စိုက်ပျိုးရေး လုပ်တဲ့နေရာမှာလည်း တော်တဲ့အပြင် သစ်ခွပင်တွေကိုလည်း ဦးလေးပဲ အရင်ဆုံး တွေ့ခဲ့တာလေ။ ကျွန်မ ခြံထဲက အပင်တွေကိုပါ ဒီကို သယ်လာပြီး စောင့်ရှောက်ပေးပါ။ တကယ်လို့ ကောင်းကောင်း ရှင်သန်ရင် နောက်နှစ်ကျ ဦးလေးရဲ့ ကိုယ်ပိုင်မြေကွက်ထဲမှာ စိုက်လို့ရတာပေါ့ ...”

ချွေ့လောင်ဝူက သဘောတူလိုက်သည်။ သို့သော် ...

“မင်းလည်း သိပါတယ် ငါတို့ကောင်တီမှာက အိမ်တိုင်းအိမ်တိုင်း .. လူဦးရေ ဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ်ပိုင်မြေရဲ့ သုံးပုံတစ်ပုံကိုပဲ သုံးလို့ရတယ်ဆိုတာကိုလေ။ ပြီးတော့ ကောက်ပဲသီးနှံနဲ့ အသီးအရွက်တွေလည်း စိုက်ရဦးမှာဆိုတော့ ...”

“သစ်ခွပင်က သေချာပေါက်ကို ရှင်မှာဆိုပေမယ့် ဒါတစ်ခုပဲ စိုက်ဖို့ကကျ ..."

ချွေ့မိသားစုက အနည်းငယ် တုန့်ဆိုင်းနေခဲ့သည်။

စားစရာအပင်ကို မစိုက်ဘဲ .. စားစရာမရှိတော့ရင် ဘယ်လိုလုပ်မလဲ .. မြေတစ်ခုလုံးကို ဆေးပင်အတွက် စိုက်လိုက်ရင် သူတို့က အငတ်နေရတော့မှာလား ...

ပိန်လှီကာ အရိုးပြိုင်းပြိုင်းကျသည်အထိ စားစရာချို့တဲ့နေသော ချွေ့မိသားစု၏ ကလေးများကို မြင်လိုက်ရသည့်အခါ ချင်းရှန်းမှာ မကြည့်ရက်တော့။

“ဒီလိုဆိုရင်ရော .. တစ်ဝက်ကို ကောက်ပဲသီးနှံတွေစိုက် ကျန်တဲ့တစ်ဝက်ကိုပဲ သစ်ခွပင်စိုက်လေ .. ရောင်းဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတဲ့အခါကျ သစ်ခွပင် ရောင်းရတဲ့ငွေကတင် ကောက်ပဲသီးနှံတွေ ၈ ဆ ၁၀ ဆ လောက် ပြန်ဝယ်လို့ ရသွားပြီ ...”

အကယ်၍ မဖြစ်ထွန်းခဲ့သည့်တိုင် စားသောက်ရန် ကောက်ပဲသီးနှံတစ်ဝက် ကျန်ရှိနေဆဲပင်။

“ရောင်းရမယ် ...”

“ဟုတ်တယ် ကျွန်မ ဝယ်မယ့်သူနဲ့လည်း ချိတ်ဆက်ပေးခဲ့မယ် .. ကျွန်မ နာမည်ကို ပြောလိုက်ရုံပဲ ..."

ဆေးရုံတွင် အလုပ်သင်ဆင်းချိန်အတွင်း သူမသည် ဆေးအရောင်းဌာနသို့ မကြာမကြာ သွားရောက်သည့်အတွက် ဆေးဝါးပညာရှင်အိုကြီးနှင့် ရင်းနှီးလာကာ ဆေးရုံတွင် သစ်ခွပင်များ လိုအပ်နေကြောင်း သိခဲ့ရသည်။ ကောင်းကောင်းမွန်မွန် ကြီးထွားသည့် မည်သည့်အပင်မဆို ဈေးကွက်ထဲရှိ အမြင့်ဆုံးပေါက်ဈေးဖြင့် ရောင်းချနိုင်မည် ဖြစ်သည်။

“ဘယ်သူ့ကိုမှတော့ မပြောပါနဲ့ဦး ၂ နှစ်လောက် ကိုယ့်ဘာသာကိုယ် စိုက်ကြည့်လိုက်ပြီး သေချာပြီဆိုမှ ကပ္ပတိန်လီနဲ့ အဒေါ်လီဖန်းတို့ကို ပြောပေါ့။ ပြီးမှ တစ်ရွာလုံး အတူတူ စိုက်ရအောင် အကြံပေးလည်း ရတာပဲ ...”

ချွေ့လောင်ဝူက ရင်ထဲ လှုပ်ရှားသွားရသည်။ သူ့ဘဝမှာ မုဆိုးတစ်ပိုင်း ဖြစ်ခဲ့ရရာ တောင်ပေါ်တွင် ရှိရှိသမျှ သစ်ပင်တိုင်းနှင့် ၎င်းတို့၏ ရှင်သန်ကြီးထွားပုံ အလေ့အထများအကြောင်းကို ကောင်းစွာ သိပေသည်။

အခြားလူများသာဆိုလျှင် ထိုအပင်ကို ရှင်သန်အောင် စိုက်ပျိုးနိုင်မည် မဟုတ်။ သို့သော် သူ့တွင်မူ သစ်ခွပင် ကောင်းစွာ ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုမဟုတ် တစ်ခု ရှိနေပေလိမ့်မည်။

ထို့အပြင် သစ်ခွပင်များကို တန်ကြေးတစ်ခု သတ်မှတ်ကာလည်း ရောင်းချနိုင်သည်။ ထိုရောင်းရငွေနှင့် စားစရာနှင့် အသား၊ အဝတ်အစားများကို ဝယ်နိုင်ရုံသာမက ကလေးများကိုပါ ကျောင်းထားနိုင်ပေလိမ့်မည်။

"ကောင်းပြီလေ စိုက်ကြတာပေါ့ .. စားစရာမရှိရင် မိဘ‌အိမ် ပြန်ပြီး ချေးလိုက်မယ်လေ ..."

အကြီးဆုံးချွေးမက ပြောလိုက်သည်။

ဒုတိယချွေးမကလည်း ထောက်ခံလိုက်၏။

"အဖေ အမေ .. ကျွန်မတို့တွေ ခက်ခဲလာကြတာ နှစ်ပေါင်းမှ မနည်းတော့တာ ဒီနှစ်ဝက်လောက်လေး ပင်ပန်းရမှာကို ဘာလို့ ကြောက်နေရမှာလဲ။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျွန်မတို့ လိုအပ်ရင်တောင် ချေးငှားလို့ ရတာပဲဟာ ..."

"ဟုတ်သားပဲ ရလဒ်ကလည်း တစ်နှစ်ခွဲလောက်ဆို သိသာပါတယ် ..."

ချွေးမနှစ်ဦးလုံးက ဤကဲ့သို့ ပြောလိုက်သည့်အခါ ချွေ့မိသားစုဝင်များမှာ စိတ်မကောင်းမှုနှင့် ရင်ထဲထိရှမှုတို့ကို ပြိုင်တူ ခံစားလိုက်ရသည်။

"ကောင်းပြီလေ ဒါဆို စမ်းကြည့်ကြတာပေါ့ ..."

နောက်တစ်နေ့ နေ့လည်ခင်းတွင် ချွေ့လောင်ဝူက ချင်းအိမ်ထဲရှိ သစ်ခွပင်များကို သူ့ကိုယ်ပိုင်အိုးများထဲသို့ ပြောင်းရွှေ့ကာ တစ်နေ့သုံးကြိမ် ဂရုတစိုက် ပျိုးထောင်လိုက်တော့သည်။

ဝမ်လီဖန်းကလည်း ယုန်ထီးတစ်ကောင်နှင့် ယုန်မနှစ်ကောင်ကို အမြန် လာယူလိုက်သည်။ နှစ်ကောင်လုံးမှာ အရွယ်ရောက်နေပြီ ဖြစ်သည့်အတွက် ချက်ခြင်း သားဖောက်၍ ရနိုင်ပေသည်။ ယခင်က သူမ မွေးထားသည့် ယုန်များကို ရောင်းချခြင်းဖြင့်လည်း ယွမ်ပေါင်းများစွာ ဝင်ငွေရခဲ့ပြီး ဖြစ်သည်။

ဆယ်ကောင်သာ ကျန်တော့သည့်အချိန်တွင် ချင်းရှန်းက မည်သူ့ကိုမှ ထပ်မရောင်းတော့။ ချင်းကွေ့ဟွားက စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသော်ငြား ဘာမှ မမေးခဲ့ပေ။

နွေလလယ်သို့ ရောက်သည့်အခါ ရေကန်ထဲသို့ ရေဆင်းကူးသူများ ပို၍ပင် များပြားလာတော့သည်။ ရွာထဲရှိ ယောကျာ်းလေးသာမက မိန်းကလေးများကပါ ငယ်စဉ်အရွယ်ကတည်းက ရေကူးတတ်ခဲ့ကြသည်။ မြို့ပေါ်မှ ကလေးများကဲ့သို့ အချိုးကျကျ မကူးတတ်သည့်တိုင် ခွေးကူး ကူးခြင်းကိုမူ အားလုံး ပိုင်နိုင်ကျွမ်းကျင်ကြသည်။

မြစ်ကမ်းဘေးသို့ အရောက်တွင် ချင်းရှန်းသည် မြစ်ထဲမှ လူရိပ်နှစ်ခုသုံးခုကို တွေ့လိုက်ရသည်။

ထိုလူရိပ်များမှာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိအောင် မနည်း ကြိုးစားလိုက်ရသည်။ ရေကူးနေသူ သုံးယောက်အနက် မည်သူက သူမ၏ တူလေး နျိုရှန်းယုန်ဖြစ်ကြောင်း ရှာလိုသော်ငြား ခေါင်းသုံးလုံးစလုံးမှာ တစ်ရွယ်တည်း ဖြစ်နေသည့်အပြင် ညှပ်ထားကာစ ဆံပင်တိုလေးများမှာ ရေကြောင့် ဦးရေပြားနှင့် ကပ်နေသည့်အတွက် ပင်လယ်ဖျံအုပ်စုနှင့်ပင် တူနေသေးသည်။

"ဟေး အဲဒါ ဘယ်သူလဲ ..."

သူမကို မြင်လိုက်သည့် ကလေးတစ်ဦးက သူ့သူငယ်ချင်းများကို မေးလိုက်သည်။

"မသိဘူး ..."

"ငါလည်း တစ်ခါမှ မမြင်ဖူးဘူး ဘယ်သူ့ဆွေမျိုးလဲ မသိဘူး ..."

"ဘယ်သူ့ဆွေမျိုးက ဒီလောက်လှလို့လဲ ..."

မြစ်ကြမ်းပြင်မှ တွေ့လာသည့် ကျောက်ခဲကို ကိုင်ထားကာ နောက်တစ်ကြိမ် ရေပြန်ငုပ်ရန် ကြံနေသည့် နျိုရှန်းယုန်က ပြောလိုက်သည်။

"ငါ့ရဲ့ တတိယအဒေါ် ..."

"မင်းရဲ့ ဒေါ်လေးသုံး ဟုတ်လား မင်းမှာ ဒီလောက်လှတဲ့ အဒေါ်မျိုး ရှိတာကို အခုမှ ပြောရလား ..."

"ငါ့ရဲ့ ဒေါ်လေးသုံးပါဆို ..."

နျိုရှန်းယုန်က ကျောက်တုံးကို ကိုင်ထားရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒေါ်လေး ၃ .. ဒေါ်လေး ၃ ..."

ချင်းရှန်းက ချွေးများကို သုတ်လိုက်သည်။ အပူဒဏ်ကြောင့် ခေါင်းမူးလာတော့၏။

"ရှန်းယုံလား ..."

ကောင်လေးက ရေထဲမှ အလောတကြီး တက်လာကာ ကိုယ်ပေါ်မှ ရေစက်များကို ခွေးပေါက်လေးတစ်ကောင်သဖွယ် ခါထုတ်လိုက်သည်။

"အဒေါ် ၃ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ .. ကြက်လှောင်ချိုင့်ကြီးလည်း သယ်လို့ ..."

ချင်းရှန်းကလည်း ထိုကြက်လှောင်အိမ်ကြီးများကို လွှင့်ပစ်ချင်နေသူ ဖြစ်သည်။ နှစ်ခုပေါင်း၏ အလေးချိန်မှာ မနည်းလှ။ လေးကီလိုနီးပါး ရှိသည့်အပြင် ထွန်စက်နှင့် မကြုံသည့်အတွက် နံပါတ် ၁၁ ဘတ်စ်ကားစီးကာ ပြန်လာခဲ့ရသောကြောင့် သေလုမတတ် ပူလောင်ပင်ပန်းနေတော့သည်။

"အမေ အမေ ဒေါ်လေး ၃ လာလို့ ..."

နျိုရှန်းယုံက အ၀တ်ဗလာဖြင့် လယ်ကွင်းများကြားမှ ပြေးသွားကာ ဝမ်းသာအားရ အော်ပြောလိုက်သည်။

ချင်းယိုတိကလည်း အချောင်ခိုရမည့် အခွင့်အရေးကို ရှာနေသူ ဖြစ်ပေရာ ထိုအသံကို ကြားသည်နှင့်တစ်ပြိုင်နက် ခပ်သုတ်သုတ် ပြေးလာကာ သူ့နားရွက်ကို ဆွဲလိုက်သည်။

"အင်္ကျီတွေကရော ဘယ်ထားခဲ့ပြန်တာလဲ ဟမ် ..."

"မေ့ .. ဝတ်ဖို့ မေ့သွားလို့ ..."

ချင်းယိုတိက ဒေါသထွက်သွားကာ သူ့တင်ပါးကို နှစ်ချက်ဆက်တိုက် ရိုက်လိုက်တော့သည်။

"မေ့တယ် ဟုတ်လား စားဖို့သောက်ဖို့ကျ ဘာလို့ မမေ့လဲ ဟမ် ..."

နျိုရှန်းယုံက ရိုက်နှက်ချက်များကို ရှောင်ရှားရင်း အသည်းအသန် အစီရင်ခံလိုက်သည်။

"တတိယအဒေါ်က ကြက်လှောင်ချိုင့်ကြီး သယ်လာတာ ကျွန်တော်တို့မိသားစုကို ကြက်ပေးမလို့လားဟင် ပြီးခဲ့တဲ့အခေါက်က အားတန်ရဲ့ အဒေါ်က သူတို့ကို ဘဲအကြီးကြီး ပေးခဲ့တာတဲ့ ..."

ချင်းယိုတိက သူမ၏ အဘွားနှင့် ညီမများသည် မည်မျှ ကပ်စေးနှဲ‌ကြကြောင်း သိထားသော်လည်း ကလေးများ၏ အရှေ့တွင် မျက်နှာမပျက်လိုသောကြောင့် လယ်ကွင်းတစ်ခုလုံး ကြားရလောက်သည့် အသံဖြင့် အော်ပြောလိုက်သည်။

"ဒါဆို မင်းက သေချာပေါက်ကို မင်းအဘွားရယ် တတိယအဒေါ်ရယ်နဲ့ ကန့်လန့်ပဲ။ သူတို့က ပျော်ပျော်နေတတ်တဲ့အပြင် သူတို့မှာ စားကောင်းတာတွေ ဘာပဲရှိရှိ အကုန် ငါတို့အတွက် ချန်ထားတတ်တာလေ။ ပြီးခဲ့တဲ့အခေါက်က စားရတဲ့ အသားတွေကို မှတ်မိသေးတယ် မဟုတ်လား ..."

ရုတ်ချည်းဆိုသလို လယ်ကွင်းဘက်စီမှ တံတွေးမျိုချသံများ ထွက်ပေါ်လာကာ နျိုယောက်မနှစ်ဦးထံမှ ချဉ်စူးနေသည့် အရိပ်အယောင်များလည်း ထွက်ပေါ်လာတော့သည်။

နျိုရှန်းယုံကလည်း တံတွေးမျိုချလိုက်၏။

"အမေ .. သားတို့ ဘယ်တုန်းက ယုန်သားစားရလို့ ... အား .. အမေ ဘာလို့ ဆိတ်ဆွဲနေတာတုန်း ..."

ချင်းယိုတိက တုံးအလှသည့် သားဖြစ်သူကို မျက်လုံးလှန်ပြကာ ဒေါသတကြီး ပြောလိုက်သည်။

"သွားသွား .. နင့်အဒေါ် ဘယ်လိုပစ္စည်းကောင်းတွေ ပါလာလဲ မြန်မြန်သွားကြည့်ချည် ..."

ချင်းရှန်းမှာလည်း ဆက်ပြီး လမ်းမလျှောက်နိုင်တော့သည့်အတွက် ရွာထိပ်တွင်သာ ထိုင်စောင့်နေလိုက်တော့သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ လာနေသည့် သားအမိနှစ်ဦးကို မြင်လိုက်ရသည့်အခါ တပ်မဟာ မြို့တော်သို့ ပြောင်းသွားပြီးလျှင် ဘယ်အချိန်မှ ပြန်တွေ့ရမည်မှန်း သိနိုင်တော့မည် မဟုတ်ဟု တွေးမိလိုက်တော့သည်။

"ဟေး ဘာတွေ ယူလာတာလဲ ..."

ယိုတိ၏ စူးရှလှသည့် အကြည့်တို့က နှင်းလို ဆွတ်ဆွတ်ဖြူနေသည့် ‌အမွှေးလုံးလေးများကို ချက်ခြင်းဆိုသလို သတိပြုမိလိုက်သည်။

"ယုန်တွေလား ..."

"အိမ်မှာ ဆက်ပြီး မွေးမထားနိုင်တော့လို့ အဲဒါနဲ့ အကုန် အစ်မကို လာပေးတာ ..."

ချင်းယိုတိ၏ မျက်ဝန်းများက ချက်ခြင်း ဝင်းလက်သွားသည်။

"ပိုက်ဆံ မလိုချင်တော့ဘူးပေါ့ နင် ဖျားနေတာတော့ မဟုတ်ပါဘူးနော် ငါ့ကို မခြောက်နဲ့နော် ..."

ချင်းရှန်းက မျက်လုံးကိုသာ လှန်ပြလိုက်ချင်တော့၏။

"ဟုတ်တယ် ယုန်တစ်ကောင်ကို သုံး‌ယွမ်ကနေ လေးယွမ်အထိ ရှိတာဆိုတော့ ယုန် ၁၀ ကောင်ဆို ယွမ် ၃၀ ... ဟုတ်တယ်မဟုတ်လား ..."

ယိုတိက နှုတ်ခမ်းစူသွားသည်။

"ဒါဆို မယူတော့ဘူး ငါ့မှာ ဝယ်စရာ ပိုက်ဆံ မရှိဘူး။ ပြီးတော့ မိသားစုထဲမှာ စားမယ့်သောက်မယ့်လူက အများကြီး .. ငါတို့က သုံးယောက်ပဲ ရှိတာ သိပ်ပြီး တွက်ခြေမကိုက်ဘူး ..."

နျိုမိသားစုသည် အိမ်ထောင်စု မခွဲရသေး။ အစ်ကိုကြီးနှစ်ဦးတွင် ကလေး သုံးလေးဦးခန့် ကိုယ်စီ ရှိထားကြသော်ငြား တတိယနျိုတွင်မူ သားသမီး တစ်ဦးသာ ရှိပေသည်။ ဤသည်မှာ တတိယမိသားစုအဖို့ အားနည်းချက် ဖြစ်သည်မှာ အသိအသာပင်။ ယိုတိနှင့် ကျန်လင်ညီအစ်မနှစ်ဦး မတည့်ရခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်ပေသည်။

သူမ၏ စိတ်ထဲတွင် သူမတို့သည် အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုတို့၏ ကိုယ်စား ကလေးများကို ထိန်းပေး‌နေရသည်ဟုသာ ခံစားမိသည့်အတွက် အမြဲ မပျော်မရွှင် ဖြစ်ခဲ့ရသည်။ သို့သော် လင်ညီအစ်မနှစ်ဦးမှာ အလွန် သန်မာကြကာ အကျိုးအမြတ် ရနိုင်မည့် ကိစ္စတိုင်းတွင်လည်း ကောင်းစွာ ပြုမူဆောင်ရွက်နိုင်ကြသည်။ သူမတို့က တတိယနျိုနှင့် ချင်းယိုတိမှာ အလွန် အပျင်းထူကြကာ သူမတို့ကသာ တတိယလေး၏ မိသားစုဝင် သုံးဦးစလုံးကို တင်ကျွေးထားရသယောင်လည်း ပြောတတ်ကြသေး၏။

ချင်းရှန်းက သူမ၏ ‌ငြီးတွားမှုများကို နားမထောင်လို။ ချင်းယိုတိသည် နျိုမိသားစု၏ အခြေအနေကို လက်မထပ်ခင်ကတည်းက သိထားသူ ဖြစ်ပေရာ သူမ ရွေးသည့်လမ်းကို ပြီးဆုံးသည်အထိ ဆက်လျှောက်ရမည် ဖြစ်သည်။

"ဟုတ်ပြီ ဟုတ်ပြီ မကျေနပ်ချက်တွေ နားထောင်ဖို့ လာတွေ့တာ မဟုတ်ဘူး။ ပြောစရာရှိလို့လာတာ အစ်မကြီးက တပ်မဟာမြို့တော်မှာ အလုပ်သွားလုပ်တော့မှာ။ အဘွားရယ် စတုတ္ထလေးရယ် ကျွန်မရယ်လည်း သိပ်မကြာခင် လိုက်သွားတော့မှာဆိုတော့ သွားရမယ့်အချိန် နီးလာရင် မပြောနိုင်လိုက်မှာ ကြောက်လို့ ..."

"ဘယ်လိုအလုပ်မျိုးလဲ .. ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ ပါမှာလား ..."

"ဟေး တတိယလေး‌ .. ငါတို့မိသားစု‌ကတော့ ဘိုးဘေးတွေရဲ့ ကောင်းချီးပေးတာကို ခံနေရပြီ ထင်တယ် နေဦး ငါ နင့်အစား ဒီအကြောင်းတွေ လူသိအောင် လုပ်ပေးမယ် ဒါမှ ဟိုလင်ညီအစ်မနှစ်ယောက်ကလည်း ငါတို့ချင်းမိသားစုကို ဘာမဟုတ်တဲ့ဟာဆိုပြီး အထင်မသေးရဲတော့မှာ။ ငါတို့ ချင်းမိသားစုက သိပ်မကြာခင် မြို့ပေါ်သွားပြီး ကောင်းကောင်း နေနိုင်တော့မှာဆိုတာ အားလုံးသိအောင် လုပ်ရမယ် ..."

ချင်းရှန်းက သူမကို မတား။ ချင်းယိုတိ ပြော၍ ပြီးကာမှ ဆက်ပြောလိုက်သည်။

"ဒီယုန်တွေနဲ့က သံယောဇဉ်လည်း တွယ်နေပြီဆိုတော့ သတ်မစားချင်လို့ အစ်မကိုပဲ ပေးလိုက်တော့မယ် ကြိုက်သလိုသာလုပ် ..."

ချင်းယိုတိက တောင်းကို ချက်ခြင်းယူကာ ဖြူလွလွ အမွှေးလုံးလေးများအား ထိကြည့်လိုက်သည်။

"ရတယ်လေ .. ငါလည်း သူတို့ကို မစားပါဘူး။ မနက်ဖြန်ကျ ကျူးပါးမိန်ရဲ့ စားသောက်ဆိုင်ကို ခေါ်သွားလိုက်မယ် ..."

All Chapters