← Chapters

Chapter 42

Vol. 4 Ch. 42

Chapter 42

Vol. 4 Ch. 42

သူမ အလွန်အမင်း အရှက်ရသွားသော်ငြား ဟဲလျန်ရှန်းကမူ သူမကို ဖျတ်ခနဲ ကြည့်ရုံဖြင့်ပင် မှတ်မိနေဆဲပင်။ သူ့လက်မောင်းကို အားတက်သရော ဝှေ့ယမ်းကာ လူအုပ်ကြားမှ အတင်း တိုးဝှေ့ပြီး ဖြတ်လာသည်။

"ရဲဘော်ရှောင်ချင်း ...ဒီဘက် ..."

များမကြာမီ သူက လူ့ခန္ဓာကိုယ်ထက်ပင် ပိုလေးသည့် သံအိုးကြီးတစ်လုံးကို သယ်လာသည်။ ချင်းရှန်းလည်း နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်သွားတော့၏။

"ဘယ်လိုလုပ်ပြီး ဒီ ရောက်နေတာလဲ ..."

ဟဲလျန်ရှန်းက သူမ၏ စကားကို ကောင်းကောင်း မကြားလိုက်ရပေ။ သို့သော် နှုတ်ခမ်းလှုပ်သည်ကို လိုက်ပြီး အဓိပ္ပါယ်ကောက်နိုင်သူ ဖြစ်နေပေရာ ...

"ပြန်ရောက်မှ ပြောရအောင် ..."

သူက ဖိနပ်ပျောက်သွားသည်အထိ စိတ်လှုပ်ရှားနေသော မိန်းကလေး၏ လက်ထဲမှ ကြက်အိုကြီးကို ယူကာ ခေါင်းတစ်ခုလုံး စောင်းနေအောင် လူတိုးသည့်ဒဏ်ကို ခံထားရသည့် အဘွားအို၏ လက်ထဲမှ အိပ်ယာလိပ်ကို သယ်ပေးလိုက်သည်။ ထိုအခါမှ မြေးအဘွား သုံးဦးစလုံးမှာ ပြန်လည်ရှင်သန်လာပြီဟု ခံစားလိုက်ရတော့သည်။

ဟဲလျန်ရှန်းက ပစ္စည်းပေါင်း မြောက်များစွာကို သယ်ထားရသည့်တိုင် လေးလံခြင်း အလျဉ်းမရှိသည့်ဟန်ပင်။ ရှေ့မှ ဦးဆောင်ပြီး သွားကာ ‌ချင်းကွေ့ဟွားတို့ကလည်း အနောက်မှ လိုက်လာရင်း တစ်လမ်းလုံး သူ့ကို ချီးကျူးလာခဲ့သည်။

"ရှောင်ဟဲ ကောင်လေး ငါတို့အတွက် စိတ်မပူပါနဲ့ ဒါက ခရီးဝေးရုံလေးပဲ ရှိတာပါ။ ဟိုးအရင်ကဆို ကျောက်တုန်ကနေ ရှစ်လန်အထိတောင် ထွက်ပြေးလာခဲ့ရတာ။ ဒီလောက်ကတော့ စာမဖွဲ့လောက်တော့ပါဘူး ..."

ချင်းရှန်းကမူ တစ်ခွန်းမှ မှတ်ချက်မပြုပေ။

"ဟမ့် သူ ဘာပြောနေလဲဆိုတာ သိမယ်ထင်တာပဲ ..."

"တတိယခဲအိုက အရမ်းကို မိုက်တာပဲ ..."

"ကြည့်ပါဦး အားလုံးက သူ့ကိုပဲ လိုက်ကြည့်နေကြတာ ..."

သူက အခြားလူများ အာရုံစိုက်လာ‌အောင် ကျယ်ကျယ်လောင်လောင် စကားပြောခြင်းလည်း မပြု၊ ယူနီဖောင်း ဝတ်ထားခြင်းလည်း မရှိသည့်တိုင် အရပ်ထောင်ထောင်မောင်းမောင်း၊ သန်မာသည့် အရှိန်အဝါတို့ကြောင့် ဖြတ်သွားသမျှလူတိုင်းမှာ တစ်ခုခုကို ခံစားမိလေဟန်ဖြင့် သူ့ကို မသိမသာ စောင်းငဲ့ကြည့်မိလိုက်ကြသည်။

ထိုကဲ့သို့သော ကြုံ‌တွေ့ရမှုကြောင့် သူမတို့သည် စစ်တပ်သုံး အသစ်နီးပါး ကောင်းနေသေးသည့် ဂျစ်ကားတစ်စီး ရပ်ထားရာ ဘူတာအရှေ့သို့ အလျင်အမြန် ရောက်ရှိသွားတော့သည်။

ဟဲလျန်ရှန်းက ပစ္စည်းများကို ကားထဲ ထည့်ကာ လက်မှ ဖုန်မှုန့်များကို ခါချရင်း ပြောလိုက်သည်။

"ဗိုက်ဆာနေကြတော့မယ်ထင်တယ် အရင်ဆုံး တစ်ခုခု စားလိုက်ရအောင်လေ ..."

ချင်းရှန်းကလည်း သူ့နောက်မှ ကပ်လိုက်သွားသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် အဘွားနှင့် ချင်းဖန်တို့ ပါမလာကြောင်း သိလိုက်ရသည့်အတွက် လှမ်းပြောလိုက်၏။

"အဘွားနဲ့ စတုတ္ထလေးလည်း လာလေ ..."

ချင်းဖန်က ဟဲလျန်ရှန်းအား အလွန် ရှက်ရွံ့အားနာနေသည့် အမူအယာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

သူမ၏ လက်ညှိုးညွှန်ရာတစ်လျှောက် လိုက်ကြည့်ပြီးနောက် ချင်းရှန်းသည် ထိုသူ၏ ဖွေးဆွတ်နေသော ရှပ်အင်္ကျီတစ်ထည်လုံး အိုးမဲများဖြင့် ပေကျံနေကြောင်း တွေ့လိုက်ရသည်။

"မနက်ဖြန်ကျ ရှင့်အင်္ကျီတွေ ယူခဲ့လေ ကျွန်မ လျှော်ပေးထားမယ် ..."

ဟဲလျန်ရှန်း၏ နားရွက်တို့ နီမြန်းကုန်၏။

လက်တွဲဖော်တစ်ယောက်ရှိတာ ကောင်းလိုက်တာ .. အင်္ကျီတောင် ကူလျှော်ပေးဦးမှာတဲ့ အရင့်အရင်က စီနီယာကြီးတွေ ပြောတာ မှန်သားပဲ ...

"ရ .. ရပါတယ် ကိုယ့်ဘာသာကိုယ်ပဲ ..."

"ကဲပါ .. ယူခဲ့ပါဆို ရှင် ယဉ်ကျေးနေရင် ကျွန်မတော့ နောင်တ‌ရ‌မိတော့မယ် ထင်တယ်နော် ..."

ချင်းရှန်းက တမင်တကာ ခက်ထန်စွာ ပြောလိုက်သည်။

အနေရခက်စွာဖြင့် နှာခေါင်းကို ပွတ်လိုက်မိပြန်သော မစ္စတာဟဲမှာ မျက်နှာတွင်ပါ အိုးမဲများ ပေကျံသွားပြန်တော့သည်။ ချင်းရှန်းက ဟန်မဆောင်နိုင်အောင်ပင် ရယ်မိသွားတော့၏။

ချင်းကွေ့ဟွားက သူမအား မျက်ရိပ်ပြလိုက်သည်။ စိတ်ထဲတွင်လည်း စေတနာထားကာ လာကြိုပေးသည့် ရဲဘော်ဟဲကို ဘာလို့ လှောင်နေရတာလဲဟု တိတ်တိတ်လေး တွေးလိုက်မိ၏။

ဒါက အသစ်စက်စက် လက်ထပ်ထားကာစ စုံတွဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း စုံလိုက်မိရင်ကို ရှက်နေကြရမှာလေ ဘာလို့ ညီအစ်ကိုတွေလို ပြောဆိုနေကြတာလဲ။

မကောင်းဘူး .. လုံးဝကို မကောင်းဘူး ဒီနှုန်းအတိုင်းသာဆို ပျားရည်ကနေ ဆီဖြစ်ဖို့ကို အများကြီး စောင့်ရတော့မှာပဲ။

ထိုသို့ဖြင့် အဘွားအိုသည် ပူပူနွေးနွေး ဇနီးမောင်နှံအကြား ဆက်ဆံရေး ခိုင်မြဲစေရန် အတတ်နိုင်ဆုံး ကူညီရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

နေပါဦး .. ဆက်ဆံရေးတစ်ခု ပျိုးထောင်ရတာ လယ်လိုလုပ် မလွယ်ကူဘဲ နေမှာလဲ။

ဟဲလျန်ရှန်းက ဝေးဝေးလံလံ မသွား။ ဘူတာရုံအနီးရှိ ပြည်နယ်ပိုင် စားသောက်ဆိုင်တစ်ခုသို့သာ ခေါ်သွားလိုက်သည်။ အလျင်လိုနေကြသည့်အတွက် ဖက်ထုပ်တစ်ပန်းကန်စီ မှာကာသာ ဟာနေသည့် ဗိုက်ကို ဖြည့်လိုက်ကြသည်။ အရသာမှာ .. နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက် ချင်းရှန်းလည်း ကောင်းကောင်း မမှတ်မိနိုင်တော့ပေ။ သိသိသာသာ ချိုလွန်းသည်ဟုသာ တွေးလိုက်မိသည်။

သူမတို့ လန်ဟဲမြို့သို့ ရောက်သည့်အခါ ည ၁၀ နာရီခွဲနေပြီ ဖြစ်သည်။ တစ်နေကုန် သက်ဝင်လှုပ်ရှားနေသည့် ဝန်ထမ်းအိမ်ယာတစ်ခုလုံးလည်း အိပ်မောကျနေကြ၏။ ကားစက်သံကြောင့် ခွေးအချို့က ထလာကာ ဟောင်လိုက်ကြသော်ငြား ပိုင်ရှင်များ၏ ဆူပူသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ပြန်လှဲချကာ အိပ်ပျော်သွားကြပြန်တော့သည်။

သူမတို့မှာလည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မနေအား။ အိပ်ချင်လွန်း၍ မျက်တောင်များပင် စင်းကျနေကြပြီ ဖြစ်သည်။ ပစ္စည်းများကို အိမ်ထဲရွှေ့ကာ ခြေလက်ဆေးကြောပြီးသည်နှင့် တစ်ပြိုင်နက် မြေးအဘွားသုံးဦးသား အနွေးကုတင်တစ်ခုတည်းပေါ်၌ တိုးဝှေ့ပူးကပ်ကာ အိပ်လိုက်ကြတော့သည်။

နောက်တစ်နေ့မနက်တွင် ချင်းရှန်းသည် ကြက်အိုကြီး၏ တွန်သံကြောင့် အိပ်ယာမှ လန့်နိုးလာခဲ့ရတော့၏။ မနေ့ညက တစ်ညလုံး ကြားနေရသည့် ထိုအသံကို ကြွက်အော်သံဟုသာ ထင်ထားခဲ့ကာ အိပ်ချင်စိတ်က ကြီးစိုးနေပြီး အိပ်ယာထကာ အထုပ်ရှင်းရန် အင်အားလည်း မရှိသည့်အတွက် နောက်တစ်နေ့မနက် မိုးလင်းကာမှသာ ကြည့်တော့မည်ဟု တွေးခဲ့လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသည့် အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ထို စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံကို ရင်းနှီးနေသယောင်ပင်။

ဟုတ်သားပဲ... ရင်းနှီးနေမှာပေါ့ ...

သူမက ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖိနပ်ကို အတင်းကောက်စွပ်ပြီး အခန်းထဲမှ ပြေးထွက်သွားလိုက်သည်။ အခန်း၏ အပြင်ဘက်သို့ ရောက်သည့်အခါ သူမ ယူလာသည့် မျက်ဆန်နီ ယုန်လေးများက ခြေထောက်စိမ်သည့် ဇလုံထဲ၌ အိပ်နေသည်ကို တွေ့လိုက်ရသည်။

“ချင်းဖန် ...”

ချင်းဖန်ကလည်း မျက်လုံးကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည်။

“တတိယအစ်မ မစိုးရိမ်ပါနဲ့ သမီး ဒီယုန်တွေ အပြင်ထွက်ပြီး ဘာပြဿနာမှ မရှာနိုင်အောင် မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်နေပေးပါ့မယ် ဘယ်သူမှ မသိအောင် တိတ်တိတ်လေး မွေးထားရအောင်လေ ...”

ထိုယုန်မကြီးမှာ ပြီးခဲ့သည့်နှစ်က သူမ ဝယ်လာခဲ့သည့် ယုန်မကြီး ဖြစ်သည်။ ချင်းရှန်းက ထိုယုန်ကို ချက်စားရန် အမြဲ ကြံစည်နေခဲ့သော်ငြား အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ယုန်သားပေါက်လေးများစွာ မွေးပေးထားသူ ဖြစ်သည့်အတွက် မမြင်ချင်ယောင်သာ ဆောင်ထားလိုက်ရတော့သည်။

“ဘယ်လိုလုပ် ဒါကို သယ်လာတာလဲ ...”

ဒီကောင်မလေးရဲ့ လက်ထဲမှာ ပစ္စည်းတွေ အပုံလိုက်ကြီး ရှိနေတာ မဟုတ်လား ဒီယုန်ကိုပါ ဘယ်လိုလုပ် သယ်လာတာလဲ။

ချင်းဖန်က ပြုံးရုံသာ ပြုံးပြလိုက်ကာ ထိုယုန်မကြီးအား သူမ၏ သူငယ်ချင်းကောင်းတစ်ဦးအလား ပွေ့ဖက်ထားလိုက်သည်။

ပြီးခဲ့သည့် ဘဝတွင် ထိုတတိယလေးသည် အမြဲ အထီးကျန်ကာ ကူကယ်ရာမဲ့သည့် ဘဝမျိုးဖြင့် နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ချင်းရှန်းလည်း ဘာမှ ဆက်ပြောမနေတော့။

ကောင်းပြီလေ .. မွေးဆိုလည်း မွေးပေါ့ လူကို တင်ကျွေးထားရမယ်ဆို ကျွေးနိုင်ပေမယ့် မြက်စားတဲ့ အကောင်ကျ ဘယ်လို ကျွေးမှာလဲ။

တံခါးအပြင်ဘက်ရှိ ကြက်အိုကြီးများမှာလည်း ဝါးခြင်းတောင်း၏ အောက်တွင် ပုန်းကွယ်ကာ အကြာကြီး လိုက်လာရသည့်အပေါ် အလွန် မကျေမနပ် ဖြစ်နေကြဟန်ပင်။ ပိုင်ရှင်များ နိုးလာသည်ဟု သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ပိုပြီး ဆူညံစွာပင် အော်ဟစ်လိုက်ကြတော့သည်။

“ဘွားဘွား .. ဒီနေ့ ကြက်စွပ်ပြုတ် လုပ်သောက်ကြရအောင်လေ ... ”

တစ်နေကုန် သွားလာလှုပ်ရှားနေရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အားဖြည့်ရန် လိုအပ်ပေသည်။

ချင်းကွေ့ဟွားကလည်း စောင်ပုံထဲမှ ထွက်ကာ စိတ်ဖိစီးစွာဖြင့် နှုတ်ခမ်းကို ကိုက်ရင်း ထထိုင်လိုက်သည်။ ထိုကြက်မကြီးနှစ်ကောင်မှာ ရွာတွင် ရှိနေစဉ်ကတည်းက မွေးထားခဲ့ခြင်း ဖြစ်ပေရာ အချိန်အကြာကြီး စဉ်းစားသည့်တိုင် ရက်စက်သည်ဟု ခံစားမိဆဲပင်။ သူမ အံတင်းတင်းကြိတ်ထားပြီး ပြောလိုက်၏။

“ကောင်းပြီလေ..တစ်ကောင်သတ်လိုက်ပါ.. နင့်ကောင်လေးကို ခေါ်ပြီး သတ်ခိုင်းလိုက် ...”

ချင်းမိသားစု၏ ပါးစပ်ဖျားမှ “နင့်ကောင်လေး”ဟူသော စကားလုံးကို သဘာဝကျကျ ထွက်လာပြီ ဖြစ်သည်။ လောင်ဟဲက ကြက်သားနှပ်ကို အလွန် သဘောကျလှကြောင်း သူမ မှတ်မိနေဆဲပင်။ နူးညံ့သည့် ခါကြက်ဉလေးများကိုပါ ထပ်ထည့်လိုက်ပါလျှင် ထမင်းပန်းကန် သုံးပန်းကန်လောက်အထိ စားနိုင်၏။

မြေးအဘွားသုံးဦးစလုံး အနွေးကုတင်ပေါ်မှ ထကာ ရေစည်ထဲမှ ရေဖြင့် မျက်နှာသစ်ဆေးကြောပြီးကာမှ အိမ်ကို လှည့်ပတ်ကြည့်ရှုလိုက်တော့သည်။ သူမတို့၏ အိမ်မှာ ဘေးအိမ်ရှိ ကျောက်မိသားစုနှင့် အတူတူ ဖြစ်သည်။ ပြီးခဲ့သည့်ဘဝက ချင်းရှန်းသည် သံသယဝင်မှုများကို ရှောင်ရှားရန်အတွက် ဤနေရာသို့ မကြာခဏ မရောက်ခဲ့ပေ။ သို့သော် မိသားစုနှစ်ခုမှာ နံရံတစ်ခုသာ ခြားပေရာ တံခါးဝကို လှမ်းကြည့်ရုံဖြင့်ပင် အထဲတွင် မည်သည့်အရာများ ရှိနေမှန်း သိနိုင်ပေသည်။

ဟဲလျန်ရှန်းက မနေ့ညက သူမတို့ကို အိမ်ထဲသို့ လိုက်ပို့ပေးပြီးနောက် အချိန်ပိုဆင်းရမည်ဟု အကြောင်းပြကာ ထွက်သွားခဲ့သည်။ ထိုသို့ သွားခဲ့သည်မှာ သူမတို့ နေရခက်မည်ကို စိုးရိမ်သောကြောင့် တမင် ရှောင်ပေးသွားခြင်းမှန်း ချင်းကွေ့ဟွားလည်း သိပေသည်။ သို့သော် သူမတို့အနေဖြင့် တစ်ဖက်လူ၏ အသိုက်အမြုံကို တစ်သက်လုံး အပိုင်စီးထားရန် မဖြစ်နိုင်။ ထို့ကြောင့် “အိမ်တစ်လုံးလောက် စီစဉ်ပေးနိုင်မလား” ဟု မေးမြန်းလိုက်သည်။

ကြမ်းတမ်းခက်ထန်သည့် ပတ်ဝန်းကျင်ကြောင့် စစ်တပ်နှင့် စက်ရုံပိုင် ဝန်ထမ်းအိမ်ယာသို့ လိုက်လံ နေထိုင်လိုသူ များများစားစား မရှိကြောင်း ချင်းရှန်းက တပ်အပ် သိထားပေသည်။ ထို့ကြောင့် ဝန်ထမ်းအိမ်ယာတွင် အိမ်အလွတ်များစွာ ရှိနေကာ ဟဲလျန်ရှန်း ရထားသည့်အိမ်၏ ဘေးတွင်ပင် ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်း ပါရှိသည့် အိမ်အလွတ်တစ်လုံး ရှိနေသေးပေသည်။

စကားပြောနေစဉ် .. အသက် ၂၀/၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ရောက်လာ၏။ ခပ်တိုတိုဆံပင်ကို ဆံမြိတ်ချကာ ဆွတ်ဆွတ်ဖြူ ရှပ်အင်္ကျီနှင့် အလုပ်ရုံသုံး အပြာရောင်ဝတ်စုံကို ဝတ်ထားသည့် သူမ၏ ပုံစံမှာ လှပရုံသာမက စွမ်းဆောင်ရည်နှင့် ပြည့်ဝသူဖြစ်ကြောင်း သိသာပေါ်လွင်နေပေသည်။

သူတို့အားလုံး ကြောင်အနေကြသည်ကို မြင်လိုက်ရသည့်အခါ ကောင်မလေးက “ဘွားဘွား” ဟု ပြုံးကာ ခေါ်လိုက်သည်။ ထိုအခါမှ မြေးအဘွားသုံးဦးမှာလည်း ရောက်လာသူမှာ အိုက်လန်ဖြစ်ကြောင်း သိလိုက်ရတော့၏။

“အစ်မကြီး ...”

“အိုက်လန် ...”

ချင်းအိုက်လန်က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

“အစကတော့ ရှောင်ကျန်းနဲ့ ကျွန်မပါ လာကြိုမလို့ ဒါပေမယ့် ချန်းမိသားစုမှာ လုပ်စရာလေး ပေါ်လာပြီး ထွက်လာလို့ မရတော့လို့လေ ...”

“ကိစ္စမရှိပါဘူး .. လူအိုကြီးကို စောင့်ရှောက်ပေးရမှာ နင့်အလုပ်ပဲဟာ။ တန်ရာတန်ကြေး ယူထားပြီးရင် သေချာပေါက် အလုပ်လုပ်ပေးရမှာပေါ့။ သေရေးရှင်ရေးနဲ့ ကြုံရင်တောင် နှောင့်နှေးစေလို့ မရဘူးလေ ...”

စကားအနည်းငယ် ဖလှယ်ပြီးနောက် နှစ်ဖက်လုံး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဆင်ပြေနေကြကြောင်း သိလိုက်ရသည့်အခါ မိသားစုတစ်ခုလုံး အပျော်လွန်သွားကြတော့သည်။ သူမတို့ မိသားစုအနေဖြင့် နောက်တစ်ကြိမ် ထပ်မံခွဲခွာရန် မလိုအပ်တော့ပေ။ သို့သော် သူမတို့အား လာကြိုပေးသူမှာ ရှောင်ကျန်း မဟုတ်ဘဲ ဟဲလျန်ရှန်း ဖြစ်သည်ဟု သိလိုက်ရသည့်အခါ အိုက်လန်ပင် အံ့ဩသွားရတော့သည်။

သူမသာ အမှတ်မမှားဘူးဆိုရင် ဒီ .. တတိယမတ်လေးက အလုပ်ခရီးကနေ ပြန်ရောက်လာကာစ မဟုတ်ဘူးလား။ ရထားပေါ်မှာ နာရီလေးဆယ်ထက်မနည်း ထိုင်လာရပြီး အေးအေးဆေးဆေးတောင် မနားရသေးခင်မှာတင် တစ်ခြားလူကို သွားကြိုလိုက်သေးတယ်ပေါ့။ နာရီတွေ အများကြီး ပင်ပန်းတဲ့ဒဏ်ကို ဘယ်လိုတောင် ခံနိုင်ရည် ရှိနေရတာလဲ။

တစ်ခြားတစ်ဖက်ရှိ အလုပ်ရုံတွင် .. ယာဉ်မောင်း ရှောင်ကျန်းက ဟဲလျန်ရှန်း၏ ရင်ဘက်ကို ခပ်ဖွဖွ ထိုးကာ ပြောလိုက်သည်။

“ဘယ်လိုလဲ ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေပြီလား ...”

ဟဲလျန်ရှန်းက တစ်စုံတစ်ယောက်ကို သွားကြိုသည်ဟု သိလိုက်ရသည့်အတွက် အလုပ်ရုံတွင် ရှိနေသူအားလုံး သူ့အနားသို့ ဝိုင်းအုံလာကာ တစ်ယောက်တစ်ပေါက် မေးလိုက်ကြတော့သည်။

“ရှောင်ဟဲက ဘယ်သူ့ကို သွားကြိုတာလဲ ...”

“ကောင်မလေးတစ်ယောက်လေ ...”

ရှောင်ကျန်းသည် ထိုကောင်မလေးတို့ မိသားစုအား သွားကြိုပေးရန် တာဝန်ယူထားရသူ ဖြစ်သည်။

“မင်းမိသားစုကို အလည်လာတဲ့သူ ရှိလို့လား ...”

“အင်း ...”

“ဟေး ဘယ်သူလဲ .. ငါတို့ အလုပ်ရုံထဲမှာ မင်းက ရုပ်အဖြောင့်ဆုံးနော်။ တကယ်လို့ မင်းမှာ အစ်မတို့ ညီမတို့ ရှိခဲ့ရင် ငါတို့ထဲမှာ ဘယ်သူက မင်းရဲ့ယောက်ဖ ဖြစ်လာနိုင်လောက်လဲ ...”

အပေါ်ဝတ်ဗလာနှင့် အမျိုးသားတစ်စုက ဝိုင်းအုံကာ မေးလိုက်ကြသည်။

အားလုံးက ဟဲလျန်ရှန်းထံ လာလည်သူမှာ သူ့ဆွေမျိုးသားချင်းတစ်ဦးဦး ဖြစ်လိမ့်မည်ဟုသာ ထင်ထားကြ၏။

အားလုံး၏ စိတ်ကူးယဉ်အိပ်မက်များအားလုံး စက္ကန့်ပိုင်းအတွင်းမှာပင် အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားတော့သည်။

“ငါ့ချစ်သူပါ ...”

“ဘာ ...”

“ငါ့ဇနီးကို သွားကြိုတာ ရှောင်ချင်းတဲ့ .. နောက်ကျ မင်းတို့ သိပါလိမ့်မယ် ...”

သူ့လေသံမှာ ပေါ့ပေါ့ပါးပါးသာ ဖြစ်သော်ငြား တစ်ကိုယ်တော်ခွေးတစ်အုပ်မှာမူ အသားလွတ် အကြွားခံလိုက်ရသည်ဟုသာ ခံစားမိလိုက်ကြသည်။

“ဟေး .. ရဲဘော် မနောက်နဲ့နော် မင်း ဘယ်တုန်းက လက်ထပ်လိုက်တာလဲ ...”

အလုပ်ကို အချိန်မှန် လာတတ်သည့် ဟဲလျန်ရှန်း၏ ဝတ်ပုံစားပုံမှာ သူတို့ထက်ပင် လူပျိုလေးနှင့် တူသေးကာ မိန်းကလေးများအကြောင်း ပြောသည့် စကားဝိုင်းတွင်လည်း မပါဝင်ခဲ့။ အများဆုံးမှ တိတ်တိတ်လေး နားထောင်ရုံသာ လုပ်ခဲ့သည်။ သူ့ပုံစံမှာ အိမ်ထောင်သည်နှင့် လားလားမျှပင် မတူပေ။

သိလား .. ယောကျ်ားတစ်ယောက်ကလေ မိန်းမရလိုက်တာနဲ့ ချက်ခြင်းကို ငကြောက်လို့ အခေါ်ခံရတော့တာလေ။ အချိန်ပြည့် ရင်ဘက်ထဲမှာ ထည့်ထားတဲ့ အဖြူအမည်း ဓာတ်ပုံကို ထုတ်ကြည့်တယ် တစ်ခါတစ်လေကျ သူ့မိန်းမ ဘယ်လောက်လှကြောင်း ကြွားမယ်။ တစ်ခါတစ်လေကျလည်း သူ့မိန်းမက ဘယ်လိုဟင်းတွေ ချက်ကျွေးတာလဲ ပြောမယ်။ နောက်ပိုင်းကျ ဖိနပ်ကလည်း မိန်းမ ဝယ်ပေးထားတာ ဆွယ်တာကလည်း မိန်းမ သိုးမွှေးထားတာနဲ့ .. ပါးစပ်ဟလိုက်တာနဲ့ ထွက်လာသမျှ စကားလုံးတိုင်းက တစ်ကိုယ်တည်းခွေးတွေကို သွေးအန်အောင် လုပ်တော့မှာ ...

ဟဲလျန်ရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“မနှစ်က လက်ထပ်ထားတာ ...”

“အိုး .. မဖြစ်နိုင်တာ ..မင်းသာ တကယ်ကြီး ချစ်ရတဲ့သူ ရှိနေရင် မနေ့က ဘာလို့ ကွန်ပျူတာအခန်းမှာ လာအိပ်တာလဲ။ မဟုတ်မှလွဲရော လက်ထပ်ပွဲထက် .. နှုတ်ဆက်ပွဲအသေးလေး မဟုတ်လား ...”

တစ်ယောက်က မျက်လုံးတစ်ဖက် မှိတ်ပြကာ ပြောလိုက်သည်။

အစောပိုင်းက ရှင်းပြခဲ့သည်များမှာ လုံလောက်နေပြီ ဖြစ်သည့်အတွက် ဟဲလျန်ရှန်းက ထပ်ပြီး မပြောတော့ပေ။ သူက ပီအိုနီပန်း ဆေးလိပ်တစ်စည်းကို ထုတ်ကာ လေထဲသို့ ပစ်ပေးလိုက်သည်။ ရှောင်ကျန်းက ခြေမြန်လက်သွက်စွာဖြင့် ဖမ်းလိုက်သည်။

“ကျေးဇူးပဲနော် ညီအစ်ကို .. နောက်တစ်ခေါက်မှ မင်းကို ပြန်ပြီး ပြုစုပေးမယ် ...”

ထို ဆေးလိပ်တစ်စည်းမှာ တစ်စုံတစ်ယောက် သူ့ကို ဂျူတီလဲပေးရန် တောင်းဆိုသည့် လာဘ်ထိုးပစ္စည်း ဖြစ်သည်။ သူက အလုပ်လုပ်စရာ မလိုအပ်ဘဲ ကြည့်ကောင်းသည့် ဆေးလိပ်တစ်စည်း နေ့တိုင်း ရရန် မျှော်လင့်မိသည့်အတွက် အကျယ်ကြီး အော်မေးလိုက်သည်။

“ရဲဘော်တို့ .. နားထောင်ဦး နားထောင်ကြဦးလို့ .. အခုကနေစပြီး မင်းတို့ရဲ့ ဇနီးတို့ ဇနီးဘက်က ဆွေမျိုးတွေတို့ ဘယ်သူပဲ အလည်လာလာ။ သူတို့ကို သွားကြိုဖို့ ဂျူတီ လဲချင်ရင် ရှောင်ဟဲရဲ့ နည်းလမ်းအတိုင်းပဲ လိုက်လုပ်ကြနော် ဟုတ်ပြီလား ...”

အားလုံးက သူ့အနားကို စုရုံးကာ တမင်တကာ ဈေးတင်လိုက်သူအား ဝိုင်းရိုက်လိုက်ကြသည်။ ဟဲလျန်ရှန်း၏ နှုတ်ခမ်းထောင့်စွန်းတို့မှာလည်း ကော့တက်လာတော့၏။

မည်သူကမှ သူတို့ကို အာရုံ မစိုက်တော့ကြောင်း သေချာသွားကာမှ ရှောင်ကျန်းက အနားသို့ တိတ်တိတ်လေး ရောက်လာကာ တီးတိုး အတည်ပြုလိုက်သည်။

“အိမ်မှာ လူကြီးလည်း ရှိနေတော့ အဆင်မပြေဘူး မဟုတ်လား ...”

ဟဲလျန်ရှန်းက နားမလည်ပေ။

ရှောင်ကျန်းက ဟဲလျန်ရှန်း၏ အရေးကို သူ့အရေးဟု ခံယူထားကာ အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် ပေးသင့်ပေးထိုက်သည့် အကြံဉာဏ်များ ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်သားပဲ ငါ စီမံရေးဌာနက ဒါရိုက်တာကျောက်နဲ့ ရင်းနှီးတယ် မင်း ဒီနေ့ သွားနေလို့ရအောင် ဧည့်ရိပ်သာလက်မှတ် နှစ်စောင် ပေးမယ်လေ ...”

“ညအထိ စောင့်နေစရာ မလိုတော့တာပေါ့ နေ့ဘက်က ပိုပြီးလည်း ဈေးချိုတယ်လေ မင်းရဲ့ ဂျူတီချိန်ကို ငါ အစားဝင်ပေးထားမယ် ...”

ထိုအခါမှ ဟဲလျန်ရှန်းသည် သူ့စကား၏ အဓိပ္ပါယ်ကို သဘောပေါက်သွားတော့သည်။ သူက ရှောင်ကျန်းအား အမြန် ဟန့်တားလိုက်သည်။

“ကျေးဇူးပဲ ဒါပေမယ့် မလိုသေးပါဘူး ...”

ရှောင်ကျန်းက သူ့ကို "ငါနားလည်ပါတယ်" ဟူသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ စက်ရုံအမှတ် ၄၁၂ မှာ မူလကတည်းက အမျိုးသားဦးရေ ပိုမိုများပြားလှသည့်အပြင် ဤနေရာ၌ နေထိုင်လိုသည့် မိသားစုဝင်ဟူ၍လည်း များများစားစား မရှိပေ။ အမျိုးသမီးဝန်ထမ်းအများစုကို ထုပ်ပိုးရေးဌာနတွင်သာ တွေ့နိုင်ကာ တပ်ဆင်ရေးဌာန၌မူ အမျိုးသားများကိုသာ မြင်တွေ့ရသည်။ ထို့ကြောင့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရလျှင်ပင် သူတို့၏ စိတ်ထဲတွင် လှပသည်ဟု အလိုလို ခံစားမိလာတော့သည်။

“ညီအစ်ကို စိတ်မပူပါနဲ့ ငါ နားလည်ပါတယ် ငါ့မိသားစု အလည်လာတုန်းကလည်း ဒီလို ဖြစ်ခဲ့တာပဲ သူမကို အိပ်ဆောင်ထဲ ခေါ်သွားရဲတဲ့သူ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် .. ဖြေးဖြေးတော့ လုပ်နော် မဟုတ်ရင် မနက်ဖြန်ကျ အလှောင်ခံနေရမယ် ...”

သူက ခါးထောက်ပြကာ မသိမသာ အရိပ်အမြွက် ပြလိုက်သည်။

ဟဲလျန်ရှန်း - “...”

All Chapters