Chapter 43
Vol. 4 Ch. 43
ချင်းရှန်းက သူမ စက်ရုံထဲတွင် ပေါ်မလာခင်ကတည်းက သူမကို တွေ့လိုသူများ ရှိနေပြီ ဖြစ်ကြောင်းကို မသိသေးချေ။ အထုပ်အပိုးများ ဖြည်ကာ ဟဲလျန်ရှန်း၏ အိမ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြီး နေရာ ချနေစဉ် စက်ရုံ၏ လူ့စွမ်းအားအရင်းအမြစ် ထိန်းသိမ်းရေးဌာနမှ စာရေးတစ်ဦးက သူမကို လာရှာခဲ့သည်။
“ရဲဘော်ချင်းရှန်းလား မသိဘူး ...”
“ဟုတ်ပါတယ် ...”
ချင်းရှန်းက ပိုင်ယင်းထုတ်လုပ်ရေးအဖွဲ့မှ ထုတ်ပေးခဲ့သည့် မိတ်ဆက်စာနှင့် အလုပ်ပြောင်းရွှေ့ရေးစာကို ထုတ်ပေးလိုက်သည်။ တစ်ဖက်လူက စာနှစ်စောင်ကို ဂရုတစိုက် စစ်ဆေးပြီးနောက် သူမအား စီမံရေးရာဌာနသို့ အိမ်ထောင်စုစာရင်းစာအုပ် ယူပြီး လိုက်လာရန် ပြောလိုက်သည်။
ချင်းရှန်းသည် စက်ရုံ၏ အမျိုးမျိုးသော ဌာနများနှင့် ရင်းနှီးကျွမ်းဝင်နေပြီး ဖြစ်သည်။ အတိတ်ဘဝက ဤစက်ရုံတွင် ကာလရှည်ကြာ အလုပ် မလုပ်ခဲ့ရသည့်တိုင် ကျောက်ချင်းစုန့် အိမ်တွင် မရှိသည့် အချိန်တိုင်း သူ့ကိုယ်စား ဌာနပေါင်းစုံသို့ သွားရောက်ခဲ့ရသည်။
“ဒါက ရှင့်အတွက် နေရာချထားပေးတဲ့အိမ်ပါ။ သော့က ဒီမှာနော် .. အိမ်ကို ပြောင်းလာပြီးတဲ့အခါကျ သော့ကို ကိုယ့်စိတ်ကြိုက် ပြန်ပြောင်းချင်လည်း ရပါတယ် အလှဆင်တာနဲ့ ပတ်သက်ပြီးလည်း စိတ်တိုင်းကျ လုပ်လို့ ရတယ်။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ်တော့ အဆောက်အဦးအသစ်တွေ ဆောက်လို့ မရဘူး ကြက်၊ဘဲ၊ဝက်၊သိုး၊ဆိတ် တွေလည်း မွေးလို့ မရဘူး ...”
ချင်းရှန်းက အမြန် ချရေးထားကာ ကျန်းမာရေးစင်တာသို့ နောက်တစ်ကြိမ် အစီရင်ခံလိုက်သည်။
လုပ်ထုံးလုပ်နည်း အာားလုံးကို ဆောင်ရွက်ပြီးနောက် သူမတွင် အခန်းနံပါတ်များ ရေးထားသည့် မှတ်စုစာရွက်ကို လှန်ကြည့်ရန် အချိန် ရလာတော့သည်။ ၎င်းမှာ ဟဲလျန်ရှန်း၏ ဘေးချင်းကပ်လျက် ဖြစ်သည်။ အိမ်မှာ အလယ်ခေါင်တည့်တည့်တွင် ရှိနေကာ ရှေ့နှင့် နောက်တွင်လည်း ပုံစံတူ အိမ်များစွာ ရှိနေသေးသည့်အတွက် လေပြင်းဒဏ် ခံရမှုမှာလည်း သိသိသာသာ နည်းပါးသက်သာပေသည်။
အိုက်လန်က ချက်ပြုတ်ရဦးမည် ဖြစ်သည့်အတွက် ကြာကြာ မနေနိုင်၊ ချင်းရှန်းတို့အိမ် မည်သည့်နေရာ၌ ရှိကြောင်း သိလိုက်ရပြီးသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ပြန်သွားတော့သည်။ ချင်းကွေ့ဟွားက သံတံခါးကို ဖွင့်ကာ အိမ်ထဲရှိ အဝါရောင် နေလှန်းရွှံ့ကို ကြည့်ပြီး အောက်မချထားနိုင်တော့ချေ။
“ဒီပြတင်းပေါက်က တော်တော်လေး ကြီးသားပဲနော် အခုကနေစပြီး တို့အိမ်က စတုတ္ထလေး အိမ်စာလုပ်တဲ့အခါ မီးထွန်းနေစရာ မလိုတော့ဘူး ...”
ဝူလီထွင်ရှိ သူမတို့အိမ်မှာ အလွန်သေးငယ်သည့်အပြင် တစ်ခြားအိမ်၏ နံရံနှင့်လည်း ကပ်နေသည့်အတွက် ပြတင်းပေါက် ဖွင့်ရန် မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် တစ်အိမ်လုံး မှောင်မည်းနေခဲ့သည်။ နေ့အချိန်တွင်ပင် နေရောင်ကို မမြင်ရ။ ချင်းဖန် မျက်စိမှုန်ရခြင်း၏ အကြောင်းအရင်းများထဲတွင် အမှောင်ထဲ၌ စာလုပ်ရခြင်းသည်လည်း တစ်ချက်အပါအဝင် ဖြစ်သည်။ အဘွားက မီးဖွင့်သည်ကို မနှစ်သက်၊ လျှပ်စစ်ကို ဖြုန်းတီးသည်ဟု ခံယူထားသူ ဖြစ်သည်။
“ဒီအိမ်က ငါတို့အိမ်ထက် ပိုမြင့်တယ်နော် ...”
ကြမ်းခြင်းမှ အမိုးအထိ လေးမီတာကျော် မြင့်မားရာ အိမ်၏ အကျယ်အဝန်းမှာ များစွာ မကြီးမားသည့်တိုင် အလွန် ကျယ်ဝန်းသယောင် ထင်ရပေသည်။
“ပြီးတော့ နံရံကလည်း အဖြူတွေ .. တို့ရွာမှာဆို ရွာခေါင်းဆောင်ရဲ့ အိမ်ကတောင် အဖြူရောင် မသုတ်နိုင်ဘူး ...”
ချင်းဖန်ကပါ ဝင်ပြောလိုက်သည်။
“အပေါ်ပိုင်းက အဖြူ အောက်ပိုင်းက အစိမ်းဆိုတော့ ဆေးသုတ်ထားတာ ထင်တယ်နော် .. တတိယအစ်မ ...”
ချင်းရှန်းက သူမတို့၏ ဝင်းလက်တောက်ပနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ ပြောမပြတတ်လောက်အောင် ပျော်ရွှင်မိလာတော့သည်။ ဤသို့သော ဆေးသုတ်သည့် စတိုင်မျိုးမှာ နောက်မျိုးဆက်များအတွက် အလွန် ခေတ်နောက်ကျသည်ဟု ဆိုနိုင်သော်လည်း ယခုလက်ရှိ၌မူ များစွာ ရေပန်းစားနေပေသည်။ သူမသာ အဆောက်အဦးတစ်ခုတွင် ထပ်နေခွင့် ရပါလျှင် အနီရောင် အောက်ခံပေါ်၌ နှင်းပွင့်များ ကျနေသည့် ပုံစံမျိုး ဆေးသုတ်ထားမည် ဖြစ်သည်။ ကြမ်းခင်းကပင်လျှင် နှစ်ပေါင်းများစွာ ထုတ်ကြွားရန် ထိုက်တန်သည်အထိ ဝန်ထမ်းအိမ်ယာအကြားတွင် အဆင့်မြင့် အလှပြင်ဆင်မှုတစ်ခု ဖြစ်ခဲ့ပေသည်။
သုံးဦးသား အိမ်တွင်းအိမ်ပြင်အနှံ့ အလျင်အမြန် ရှင်းလင်းလိုက်ကြသည်။ နေ့လည်ပိုင်းတွင် ဟဲလျန်ရှန်း ရောက်လာကာ သူမတို့အား ဈေးဝယ်ထွက်လိုလားဟု မေးလာခဲ့၏။ သူကလည်း မြို့ပေါ်သို့ သွားကာ ပစ္စည်းကိရိယာအချို့ ဝယ်ရမည် ဖြစ်ပေရာ ချင်းရှန်းက ချက်ခြင်းပင် သူနှင့်အတူ လိုက်လာခဲ့လိုက်သည်။
ဝန်ထမ်းအိမ်ယာမှ လန်ဟဲမြို့သို့ ခြေလျင်သွားပါလျှင် မိနစ် ၂၀ ခန့် အချိန်ပေးရမည် ဖြစ်သော်ငြား ကားဖြင့် သွားသည့်အခါ ငါးမိနစ်ခြောက်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
“ဌာနပိုင် အရောင်းဆိုင် မသွားဘဲ မှောင်ခိုဈေးကွက်ကို သွားရအောင်လေ ...”
“မှောင်ခိုဈေးကွက်က ဘယ်နားမှာလဲဆိုတာ သိလား ...”
ဟဲလျန်ရှန်းက တည်ငြိမ်စွာဖြင့် ကားမောင်းရင်း မေးလိုက်သည်။ သူ့မျက်လုံးတို့ကမူ နောက်ကြည့်မှန်မှတစ်ဆင့် တိတ်တဆိတ် အကဲခတ်နေ၏။
ချင်းရှန်းသည် အတိတ်ဘဝက မှောင်ခိုဈေးကွက်သို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ခဲ့ဖူးသူ ဖြစ်ပေရာ မျက်စိမှိတ်ထားလျက်ဖြင့်ပင် လမ်းညွှန်နိုင်ပေသည်။
“ကျွန်မရဲ့ အစ်မစီကနေ ကြားခဲ့တာ သူမ ပြောတာတော့ အဲဒီ့မှာက နည်းနည်း ဈေးပိုကြီးပေမယ့် လက်မှတ် မလိုဘူးတဲ့ ကျွန်မတို့မှာလည်း လက်မှတ်က အများကြီး ရှိမနေတော့လေ ...”
ထိုစဉ် ကား၏ အရှိန်က ရုတ်တရပ် နှေးသွားကာ ဟဲလျန်ရှန်းက ရှေ့တွင် တင်ထားသည့် အထုပ်တစ်ထုပ်ကို လှမ်းပေးလိုက်သည်။
“ဒါက ဘာလဲ ...”
“အခုလောလောဆယ်တော့ ရှိသလောက်နဲ့ပဲ အဆင်ပြေအောင် လုပ်ထားလိုက်ပါ။ တကယ်လို့ မလောက်ရင် အိမ်ပြန်ရောက်ကာမှ အဆင်ပြေအောင် လုပ်ပေးမယ် ...”
ချင်းရှန်းက ထိုအထုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ အသစ်စက်စက် ငွေလက်မှတ် နှစ်ရွက်နှင့် စားစရာ တံဆိပ်ခေါင်းအချို့၊ အသားတံဆိပ်ခေါင်းအချို့ကို တွေ့လိုက်ရသည်။ သူမ၏ လစာကို ယခုထိ မရရှိသေးရာ ထိုလက်မှတ်များကို ရနိုင်ရန်အကြောင်း မရှိပေ။ ချက်ခြင်းဆိုသလို ပြုံးပြကာ ပြောလိုက်၏။
“ကောင်းပါပြီ အရင်ဆုံး ရှင့်အတွက် သိမ်းထားပေးမယ် ...”
ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းက အိမ်ထောင်စရိတ်ကို ထောက်ပံ့ပေးဖို့ပဲ။
“လန်ဟဲ” ဟူသော အမည်မှာ အေးစက်လှသည့် ရေခဲမြစ်ကို အစွဲပြု၍ မှည့်တွင်ခြင်းဖြစ်သည်။ ၎င်းသည် ၎င်းသည် ဂိုဘီသဲကန္တာရနှင့် ကျယ်ပြောလှသော ရေခဲတောင်လွင်ပြင်တို့ ဆုံရာတွင် တည်ရှိသည်။ ပါးစပ်ပြော ရာဇဝင်အရ ချင်မင်းခေတ် နှောင်းပိုင်းခေတ်တွင် စစ်ဘေးသင့် မိသားစုတစ်စုသည် သဲကန္တာရထဲ၌ ဆယ်ရက်ထက်မနည်း တဝဲလည်လည် ဖြစ်နေစဉ် စားနပ်ရိက္ခာ ပြတ်လပ်တော့မည့်အချိန်၌ အိုအေစစ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည့်အတွက် မျက်စိမှောက်လေသလားဟုပင် ထင်ခဲ့မိကြသည်။ အနီးသို့ ကပ်ကြည့်လိုက်သည့်အခါ စိမ်းလန်းသည့် သစ်ပင်များ၊ ငှက်တို့၏ ဆိုညဉ်းသံနှင့် ပန်းမာန်တို့၏ မွှေးရနံ့တို့ကိုသာမက ပြာလဲ့အေးစက်နေသော မြစ်တစ်စင်းကိုပါ တွေ့လိုက်ကြရသည်။ မြစ်ညာပိုင်းကို ဆန်တက်လိုက်ကြသည့်အခါ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသည့်နေရာ၌ နှင်းတို့ ဖုံးလွှမ်းနေသော တောင်တန်း၏ တစ်စွန်းတစ်စကို မြင်တွေ့ခဲ့ကြသည်ဟု ဆိုကြ၏။
ထိုမိသားစုက ထိုဒေသတွင် အခြေချကာ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ထွက်ပြေးလာကြသည့် မိသားစုများကိုပါ ခေါ်ဆောင်လိုက်ကြသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာကာ ထိုအုပ်စုထဲမှ လူပျိုလူလွတ်အချင်းချင်း ချစ်ကြိုက်အိမ်ထောင်ပြုကြရာမှ လူဦးရေ တစ်ဖြည်းဖြည်း တိုးပွားလာပြီး လန်ဟဲမြို့၏ မူလအစ ဖြစ်တည်လာတော့သည်။ နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ် ကာလတွင် အငတ်ဘေးကြောင့် ထွက်ပြေးလာရသည့် လူဦးရေ ပိုမို တိုးပွားလာသည့်အတွက် မြို့၏ အကျယ်အဝန်းမှာလည်း ဆက်တိုက် ကျယ်ပြန့်လာတော့သည်။ လွတ်မြောက်ရေးကာလအပြီး ဟုန်ကျွင်း မြေယာပြန်လည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကြောင့် လန်ဟဲမြို့မှာ ပိုမိုကာ သက်ဝင်လှုပ်ရှားလာခဲ့သည်။
ဝန်းကျင်တစ်ခုလုံး မြေလွတ်မြေရိုင်းများဖြင့် ပြည့်နှက်နေကာ မြို့မြေနှင့် အေးစက်သည့် မြစ်ကြောင်းကို စိမ်းမြမြ သစ်ပင်တန်းများက ပိုင်းခြားထားသည့်အတွက် .. ချင်းရှန်းသည် သဘာဝတရား၏ ထူးခြားလှသော ဖန်တီးမှုကို ကြည့်ကာ သက်ပြင်းချမိလာတော့သည်။
ထိုစဉ် မြစ်ကမ်းဘေးရှိ မိုးမခပင်ကြီး၏ အောက်တွင် .. ပူပြင်းလှသည့် ရာသီဥတုတွင်ပင် ထူထဲလှသော အနွေးဂွမ်းကပ်အင်္ကျီနှင့် လက်ရှည်အင်္ကျီအပွကြီးများ ဝတ်ဆင်ထားသော ပျံကျဈေးသည်တစ်စုကို တွေ့လိုက်ရသည်။ ရှည်လျားကြီးမားသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် သူတို့၏ ပုံစံမှာ အထဲတွင် တစ်ခုခုကို ထည့်ဖွက်ထားကြောင်း အလွန် သိသာလှပေသည်။ သူမတို့ နှစ်ဦး ဝင်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေလိုက်ကြကာ ဟဲလျန်ရှန်းကို စူးစူးစိုက်စိုက် အကဲခတ်၍ အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြသည်။
ဒီတစ်ယောက်က စစ်သားတစ်ယောက် ဖြစ်လောက်တယ် ...
စစ်သားများသည်လည်း အသက်မွေးဝမ်းကျောင်းတစ်ခု ပြုလုပ်ရန် လိုအပ်ကာ သူတို့ မဝယ်နိုင်သည့် ပစ္စည်းများအား ဈေးသည်များထံမှ ဝယ်ယူကြရသည့်အတွက် အားလုံးက သူတို့နှစ်ဦး ရောက်လာသည့်အပေါ် မငြင်းဆန်။ တစ်ခဏမျှ အကဲခတ်ပြီးနောက် ထိုသူက အိုင်ဒီကတ်ကို ထုတ်မပြ၊ ခရာမှုတ်ခြင်းလည်း မရှိပေရာ .. လက်ပတ်နီ အဖွဲ့ဝင် မဟုတ်ဟု သဘောပေါက်သွားသည့်အတွက် သူ့အနားသို့ ချဉ်းကပ်လာကာ တစ်ယောက်တစ်ပေါက် မေးမြန်းလိုက်ကြတော့သည်။
“ဟေး .. ညီအစ်ကို .. ဝယ်မှာလား ပစ္စည်း ဖလှယ်မှာလား ...”
လာရာလမ်းတစ်လျှောက် ရဲဘော်ရှောင်ချင်းက သူမ ဝယ်ချင်သည်များကို ပြောလာခဲ့သည့်အတွက် ဟဲလျန်ရှန်းက ကွေ့ဝိုက်မနေတော့ချေ။
“သစ်သားပြား၊ စတီးပြား၊ ဝက်အူနဲ့ သံတွေ ...”
သူ့အား မေးခွန်း မေးသူ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
“အိုး .. ညီအစ်ကို မင်းကတော့ တကယ်ကို တည့်တိုးသမားပါ့လား .. ကျစ် .. ကျစ် .. ကိုင်တွယ်ဖို့ ခက်ခဲလိုက်တာ ...”
ဟဲလျန်ရှန်းက မျက်မှောင်ကြုံ့လာသည့်အတွက် အမြန် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် မင်း ငါ့ကို လာရှာတာ မှန်သွားတယ် ငါ့မှာ သစ်သားအကောင်းစားတွေ ရှိတယ်လေ တောင်ပိုင်းက လာတာ ပရိဘောဂလုပ်မယ်ဆို ဒီသစ်သားက အလှဆုံးနဲ့ အခိုင်ခံ့ဆုံးပဲ ..."
ကြည့်ရတာ ဒီကောင်လေးက လက်ထပ်ထားကာစလား လက်ထပ်တော့မလို့လား တစ်ခုခုပဲ .. လူငယ်စုံတွဲတွေဆိုတော့ ပရိဘောဂအတွက်ဆို သေချာပေါက် သစ်သားပဲ ဝယ်ကြမှာ။
ချင်းရှန်းက ထိုသူပြောသည့် “တောင်ပိုင်း” မှာ ရှစ်လန်ခရိုင်၏ တောင်ဘက်ပိုင်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိပေသည်။ ထိုဒေသတွင် သက်တမ်းကြီးရင့်သည့် သစ်ပင်သစ်တောကြီးများ အများအပြား ရှိကာ မြေဆီလွှာမှာလည်း အထူးကောင်းမွန်သည်။ ထိုဒေသမှ ထွက်ရှိသည့် သစ်သားများ၏ အရည်အသွေးမှာလည်း အလွန် ပြောင်မြောက်သည်ဟု ဆိုနိုင်၏။
ချင်းရှန်းက စိတ်တိုင်းကျကြောင်း အကဲခတ်မိလိုက်သည်နှင့်တစ်ပြိုင်နက် ဟဲလျန်ရှန်းသည် သူ လိုချင်သည့် အရည်အသွေး၊ ပမာဏတို့ကို ပြောကာ ဈေးနှုန်းကိုပါ တစ်ပါတည်း မေးလိုက်သည်။
ရောင်းသူက မေးကို ပွတ်ကာ ပြောလိုက်၏။.
“အနည်းဆုံး ဒီလောက်ပဲ ...”
သူက လက်မနှင့် လက်ညှိုးကို ဆန့်ပြလိုက်၏။
ဟဲလျန်ရှန်းက မျက်မှောင်ကြုံ့လိုက်ပြန်၏။
“ရှစ်ဆယ်က ဈေးကြီးလွန်းတယ် .. အလွန်ဆုံးမှ ခြောက်ဆယ်ပဲ ပေးနိုင်မယ် ...”
ချင်းရှန်း၏ မျက်ခုံးတို့ ပင့်တက်သွား၏။ သူ့ကို ဈေးဆစ်တတ်လိမ့်မည်ဟု ထင်မထားချေ။
အတိတ်တွင် သူဝယ်သမျှ အသားငါးတို့မှာ ယခုလက်ရှိ သစ်သားထက် ပိုပြီး ဈေးကြီးခဲ့ပေသည်။ သူမကလည်း သူ့ကို ဈေးကြီးသည့် ပစ္စည်းများ ဝယ်သည့်အတွက် မကြာခဏ ဆူပူခဲ့ဖူး၏။ ထိုအချိန်တိုင်း သူက သူမသည် တစ်နေကုန် လက်မှုပစ္စည်းများ ဖန်တီးရင်း ပင်ပန်းရသည့်အတွက် မနက်ပိုင်းတွင် ကောင်းကောင်း အိပ်သင့်သည်ဟု ပြောခဲ့သည်။ သူ အလုပ်သွားသည့်အချိန်မှ အသီးအရွက်ဈေးတွင် ဝင်ဝယ်၍ ရကာ ၎င်းက ဈေးမကြီးဟုလည်း ပြောခဲ့ဖူး၏။ သို့သော် ယခုလက်ရှိ သူ့ပုံစံမှာ ...
ဈေးဆစ်တဲ့နေရာမှာ တော်တော်လေးကို ကျွမ်းကျင်နေသလိုပဲ။
ရောင်းချသူ၏ နှုတ်ခမ်းများလည်း တဆတ်ဆတ် တုန်ရီလာတော့သည်။ စိတ်ထဲတွင်လည်း “ဒီစစ်သားက အချဉ်ဖမ်းဖို့ မလွယ်” ဟု တွေးနေမိ၏။
“ခင်ဗျားက သစ်သားတွေလည်း အများကြီး လိုချင်တယ် စတီးပြားတွေ၊ ဝက်အူတွေ၊ သံမှိုတွေရောဆိုတော့ အစ်ကိုကြီးရယ် ခြောက်ဆယ်ကတော့ ဘယ်လိုမှ မရလို့ပါ ... လူတိုင်း အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေကြရတာ လွယ်မှမလွယ်တာ ...”
ခါးသီးနေသည့် ထိုသူ၏ ပုံစံကြောင့် ချင်းရှန်းမှာ သဘောတူမိတော့မတတ်ပင်။ ယွမ် ၈၀ မှာ များပြားသည်ဟု ဆိုရနိုင်သော်ငြား ပြီးခဲ့သည့်နှစ်က သူမသည် ဆေးပစ္စည်းများ ရောင်းချခြင်းဖြင့် ယွမ်နှစ်ရာကျော် ရထားခဲ့သည့်အပြင် အလုပ်သင်ဆင်းသည့်အချိန်က အိမ်ငှားနေရန် မလိုသည့်အတွက် ငွေကို များများစားစား မသုံးခဲ့ရသေးချေ။ ထို့အပြင် သူမသည် ပရိဘောဂအတွက် ကောင်းကောင်း ငွေသုံးရမည်ဟူသော သဘောထားကို လက်ခံထားသူလည်း ဖြစ်သည်။ အိမ်ဟူသည်မှာ သက်တောင့်သက်သာ ဖြစ်ရမည့် နေရာတစ်ခု ဖြစ်ပေသည်။
သို့သော် ဟဲလျန်ရှန်းကမူ အနည်းငယ်မျှ လှုပ်ရှားမသွား။ ရောင်းသူအနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ ထိုအခါ ဆိုင်ရှင်၏ အမူအယာများ တစ်မဟုတ်ချင်း ပြောင်းလဲသွားတော့၏။
“ကောင်းပြီလေ ခြောက်ဆယ်ဆိုလည်း ခြောက်ဆယ်ပေါ့ မနက်ဖြန်မနက် ၈ နာရီ ဒီမှာ လာယူလှည့် ...”
ထိုသူ ခပ်ဝေးဝေးသို့ ရောက်သွားကာမှ ချင်းရှန်းက သိလိုစိတ် ပြင်းစွာဖြင့် မေးလိုက်သည်။
“ဟေး သူ့ကို ဘာပြောလိုက်တာလဲ ...”
လောင်ဟဲက နည်းနည်းလေး ကြောက်စရာကောင်းတယ်လို့ ဘာလို့ တွေးမိနေတာပါလိမ့်။
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး .. ဘာမှ ထပ်မဝယ်တော့ဘူးလား ...”
နောက်တစ်ကြိမ် သွားကြည့်လိုက်ပြန်သည်။ သူမက ခန်းစီးချုပ်ရန် ပွင့်ရိုက်ပိတ်စ နှစ်မီတာခန့် လိုချင်သော်လည်း ဤဒေသ၏ ပို့ဆောင်ဆက်သွယ်ရေးမှာ အဆင်မပြေသည့်အပြင် ခေတ်နောက်ပြန်ဆြွနေသည့်အတွက် အပြင်ဘက်တွင် ခေတ်စားနေသော အရောင်များကို မရနိုင်။ တစ်ပတ်ပတ်ကာ လိုက်ရှာသည့်တိုင် သူမ စိတ်တိုင်းကျသည့် ပိတ်စကို မတွေ့သေးချေ။
“အိုး .. ဒါနဲ့ ယူနစ်အတွက် ကုန်ကြမ်းတွေ ဝယ်ဖို့လိုသေးတယ် မဟုတ်လား ရှင် မြန်မြန် သွားဝယ်လေ ...”
ချင်းရှန်းက သူ့ကို အမြန် သတိပေးလိုက်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ အနောက်မှ ထပ်ကြပ်မကွာ လိုက်လာသူကြောင့် သူ့ကိုပင် မေ့လျော့နေမိခဲ့သည်။
“ကောင်းပြီ ဒါဆို ကားရပ်ထားတဲ့ နေရာကပဲ စောင့်နေနော် ... နာရီဝက်ကြာရင် မင်းကို လာခေါ်မယ် ...”
ချင်းရှနန်းသည် ဤဒေသနှင့် အလွန် အကျွမ်းတဝင် ရှိနေကာ မြက်တစ်ပင်၊ ကျောက်တုံးတစ်တုံးကအစ မည်သည့်နေရာတွင်ရှိကြောင်း တပ်အပ် ပြောနိုင်ပေသည်။ ဝန်ထမ်းအိမ်ယာ၏ ကုန်ကြမ်းပစ္စည်း ထောက်ပံ့ပေးမှဒမှာ အလွန် တင်းကြပ်ကာ အပြင်ဘက်မှ ယေဘုယျ တင်းကြပ်မှုနှင့် မတူပေ။ အဝတ်အစား၊ ကောက်ပဲသီးနှံ၊ ဆီနှင့် စည်သွပ်ဘူး အစရှိသည်တို့အား ဝယ်ယူခွင့်မှာ အလွန် တင်းကြပ်လှသည်။ နှစ်စဉ် နှစ်သစ်ကူးချိန်မှသာ ရရှီနိုင်၏။ ယူနစ်၏ ထူးခြားသော သဘောသဘာဝကြောင့် ထောက်ပံ့ရေးပစ္စည်းများမှာ ယုံကြည်စိတ်ချ၍ ရပေသည်။ ငွေစုသည့် နည်းလမ်းအား သိရှိသူများဆိုလျှင် မွေးရပ်မြေသို့ ငွေပြန်ပို့နိုင်ကြပေသည်။ သို့သော် စိမ်းစိုလက်ဆတ်သည့် အသီးအရွက်နှင့် သစ်သီးဝလံ၊ သစ်သားတို့မှာမူ ပြတ်လပ်နေပေသည်။
လက်ရှိ၌ လန်ဟဲမြို့တွင် သီးနှံစိုက်ပျိုးခြင်းနှင့် ကျက်တီးမြေ ပပျောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည် မဖော်ရသေးရာ မြို့ထဲ၌ စိုက်ပျိုး၍ ရနိုင်သည့် ဟင်းသီးဟင်းရွက် ပမာဏမှာ အလွန် နည်းပါးလှသည်။ ထိုပစ္စည်းနှစ်မျိုးမှာ ခရီးဝေး သယ်ဆောင်ရန်လည်း အဆင်မပြေ၊ တာရှည်လည်း မခံသည့်အတွက် ဈေးမကြီးသည့်တိုင် ဝယ်ယူနိုင်ရန်လည်း အလွန် ခက်ခဲလှသည်။
သူမက အသီးအရွက် ရောင်းချသည့် နေရာကို လှည့်ပတ်ကြည့်လိုက်သည်။ စိမ်းစိမ်းစိုစို အသီးအရွက်တို့မှာ ညှိုးလျော်ခြောက်သွေ့ကာ ဂေါ်ဖီထုပ်မှာလည်း မဲနက်ရိရွဲနေ၏။ သခွားသီးမှာ ပျော့ဖတ်နေကာ ဈေးမှာလည်း ကြောက်စရာပင်။ အသီးအရွက် ဝယ်ယူမည့် အကြံကို လက်လျော့လိုက်မိတော့သည်။ ဟုန်ရှင်းကောင်တီတွင် ရောင်းချသည့် အသီးအရွက်များ၏ အရည်အသွေးနှင့် နှိုင်းယှဉ်ပါလျှင် ဤနေရာရှိ အသီးအရွက်တို့သည် ချက်ခြင်း ဆိုင်ပေါ်မှ ဆွဲဖယ်ခံရနိုင်သည်အထိ ကွာခြားလှသည်။
သို့သော် မြေအစိုဓာတ် များစွာ မလိုအပ်သည့် အာလူး၊ ကြက်သွန်နှင့် ခါကြက်ဉကဲ့သို့သော သီးနှံများမှာမူ အလွန် ဈေးချိုလှသည်။ ကြေးပြားအနည်းငယ် ပေးလိုက်ရုံဖြင့်ပင် တစ်အိတ်ကြီး ရရှိနိုင်၏။
ချင်းရှန်းက တစ်မျိုးလျှင် အိတ်အကြီးကြီးတစ်လုံးစီ ဝယ်ယူလိုက်သည်။ သူမသည် မကြာခဏ လေ့ကျင့်ခန်းလုပ်သူ ဖြစ်သည့်အတွက် သာမန်မိန်းကလေးများထက် ပိုပြီး ကြံ့ခိုင်ကာ ခါးကို ကိုင်းလျက် ဆိုင်ရှင်အား သူမ ဝယ်ထားသည့် အိတ်များကို ကျောပေါ် တင်ပေးရန် ပြောကာ ကိုယ်တိုင် သယ်၍ ထွက်သွားလိုက်သည်။
ထို့နောက် ပရိဘောဂ အဟောင်းများ ရောင်းသည့်နေရာသို့ ရောက်သည့်အခါ မတတ်နိုင်ဘဲ ရပ်ကြည့်မိသွားတော့သည်။
အတိတ်ဘဝက သူမသည် တစ်ပတ်ရစ်ပစ္စည်း အရောင်းဈေးအား သွားရခြင်းကို အလွန် နှစ်သက်ခဲ့သည်။ သို့သော် ကျောက်ချင်းစုန့်က တစ်ပတ်နွမ်း ပစ္စည်းများ၊ အထူးသဖြင့် ဆေးရောင်ကျွတ်ကာ အစွန်းများ ပွန်းပဲ့နေသည့် တစ်ပတ်ရစ် ပရိဘောဂများအား ဝယ်ယူခြင်းမှာ ရှက်စရာ ကောင်းလှသည်ဟု ခံယူထားသည့်အတွက် ၎င်းတို့ကို မဝယ်ယူခဲ့ရချေ။ ထိုအချိန်က သူသည် သူ့ပုံရိပ်ကို အလွန် ဂရုစိုက်ခဲ့ရသည်။ ယခုမူ ချင်းရှန်းသည် မည်သူ့မျက်နှာကိုမှ ကြည့်နေရန် မလို၊ ခင်ပွန်းဖြစ်သူ ပေးထားသည့် အိမ်စရိတ်ကို လက်ထဲကိုင်ကာ ဝယ်လိုသမျှကို စိတ်ကြိုက် ဝယ်ယူခွင့် ရနေပြီ ဖြစ်သည်။
“မိန်းကလေး ဒီ အနွေးစားပွဲကို သဘောကျလို့လား .. ဒါက ၈၀ ရာခိုင်နှုန်း အကောင်းအတိုင်းနော် ဆေးလေးပဲ နည်းနည်း ကွာနေတာ ...”
သူမ၏ အကြည့်တို့က အနီနှင့်အနက် ရောနေသည့် အပူပေးစားပွဲပေါ် ရောက်နေကြောင်း သတိပြုမိလိုက်သည့် အရောင်းဝန်ထမ်းက စကားစလိုက်သည်။
လက်ရှိ လဟာပြင် တစ်ပတ်ရစ်ဈေးမှာ အချို့ဒေသများရှိ ပြည်နယ်ပိုင် အပေါင်ဆိုင်များကဲ့သို့ပင် ယုံကြည်စွာ ဝယ်ယူ၍ ရနိုင်ပေသည်။ သို့သော် ၎င်းတို့မှာ နောက်ပိုင်းမျိုးဆက်၏ အပေါင်ဆိုင်များနှင့် မတူ။ ဤနေရာတွင် ပစ္စည်းရောင်းချရန်အတွက် အလုပ်ယူနစ် သို့မဟုတ် နေထိုင်ရာ အိမ်ယာမှ ထုတ်ပေးသည့် မိတ်ဆက်စာတစ်စောင် လိုအပ်သည့်အပြင် ရောင်းချသည့် ပစ္စည်းနှင့် ပတ်သက်သည့် အကြောင်းခြင်းရာတို့ကိုလည်း ရှင်းရှင်းလင်းလင်း စာရင်းသွင်းပေးရမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ပစ္စည်းတစ်ခုသည် သဘောတူထားသည့် ကာလအတွင်း ပြန်မရွေးနိုင်ခဲ့ပါလျှင် ရောင်းဝယ်မှု အထမြောက်သည်ဟု သတ်မှတ်မည်ဖြစ်ကာ အတိုးနှုန်းလည်း မရှိတော့ချေ။
“ဒီစားပွဲပိုင်ရှင်က ပြန်ရွေးဖို့ လာတော့မှာ မဟုတ်ဘူး လိုချင်ရင် လေးယွမ်နဲ့ ယူလေ ...”