Chapter 44
Vol. 4 Ch. 44
အပူပေးစားပွဲများမှာ မြောက်ဘက်ဒေသတွင် အတွေ့ရများသည့် ပစ္စည်းများ ဖြစ်ကြသည်။ ချင်းရှန်းက သူမ၏ အဘွားတွင်လည်း ထိုကဲ့သို့သော စားပွဲမျိုးတစ်လုံး ရှိခဲ့ဖူးကြောင်း မှတ်မိနေဆဲပင်။ သို့သော် တစ်နှစ်သောအခါက သူမတို့ထံတွင် စားစရာပြတ်လပ်ကာ မြေးအဘွားငါးယောက်စလုံး ငတ်ပြတ်သွားသည့်အတွက် ကောက်နှံသုံးကီလိုဖြင့် ထိုစားပွဲကို ရောင်းချခဲ့သည်။ ထိုအကြောင်းကို အဘွားက မကြာခဏ ပြောခဲ့ဖူးသော်ငြား ဤသည်မှာ သူမတို့အား ကျေးဇူးပြန်ဆပ်ရန် ခြိမ်းခြောက်သည့်အနေဖြင့် ပြောခြင်းမဟုတ်၊ သူမက ကလေးမွေးဖွားစဉ်က ခင်ပွန်းဖြစ်သူ လုပ်ပေးခဲ့သည့် သူမဘဝ၏ တစ်ခုတည်းသော ခန်းဝင်ပစ္စည်း ဖြစ်သောကြောင့်ဖြစ်ကြောင်းကို အားလုံး သိထားကြပေသည်။
ချင်းရှန်းက ဈေးဆစ်လိုက်သည်။
“သုံးယွမ် ... သုံးယွမ်ဆို ယူမယ် ...”
ရောင်းချသူက အားနာမိသွား၏။
“ကျွန်တော်တို့က ဈေးနှုန်းတွေ သတ်မှတ်ထားပြီးသားပါ တကယ်လို့ .. ဈေးလျော့ပေးလိုက်ရင် လိုတဲ့တန်ဖို့းကို ကျွန်တော်တို့တွေက ပေးရ ...”
ချင်းရှန်းက ဘီရိုအောက်ခြေရှိ ပန်းအိုးတစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါတွေကရော အနည်းဆုံး ဘယ်လောက်လဲ ...”
“ဒီပန်းအိုးကတော့ သန့်စင်တဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတာဆိုတော့ ပိုပြီး ဈေးများတယ် မင်းကို ငါးယွမ်နဲ့ ပေးလိုက်မယ်လေ နှစ်ခုပေါင်းဆို ကိုးယွမ်ပေါ့ ...”
မူလက ချင်းရှန်းသည် ထိုပန်းအိုးမှာ သွယ်လျသော လည်တိုင်၊ ပြည့်ဝိုင်းသည့် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည့် ထန်ခေတ်မိန်းမပျို ပင်းထင်းအလား လှပလှသည်ဟု ထင်ခဲ့ဖူးသည်။ ၎င်းကို အသုံးပြုကာ ပန်းအိုးထိုးလိုက်ရပါလျှင် လွန်စွာ မျက်စိပသာဒ ဖြစ်ပေလိမ့်မည်ဟုသာ ခံစားမိခဲ့သော်ငြား နာမည်ကို ကြားလိုက်ရသည့်အခါ ချက်ခြင်းဆိုသလို စိတ်ဝင်စားမိသွားတော့သည်။
“နှစ်ခုလုံး ယူမယ် ခုနစ်ယွမ်ပဲထား ...”
အရောင်းဆိုင်များ၏ စည်းမျည်းမှာ ကပ်ဈေးသည် အနိမ့်ဆုံးသော ဈေးနှုန်း ဖြစ်ပေသည်။ အတွင်းလူများက ဈေးချိုချိုဖြင့် ဝယ်ကာ အပြင်တွင် ဈေးကြီးတင်၍ ပြန်ရောင်းခြင်းအား ကာကွယ်ရန် အလို့ငှာ မန်နေဂျာသည် ဈေးနှုန်းကွာခြားချက်တစ်ခု သတ်မှတ်ထားခဲ့သည်။ အရောင်းဝန်ထမ်းများ ပြောသည့်ဈေးမှာ သတ်မှတ်ဈေးနှုန်းဖြင့် ပိုမြင့်ပေသည်။ သို့မှသာ ဝယ်သူဘက်မှ မတန်တဆ ဈေးဆစ်လျှင်ပင် အတွင်းလူများအားလုံး မုန့်ဖိုးအချို့ ခွဲဝေယူနိုင်ကြမည် ဖြစ်သည်။
“ကောင်းပါပြီ ဒါဆို ၇ ယွမ်ပေါ့နော် ...”
ဘာပဲဖြစ်ဖြစ် ဒီပန်းအိုးပိုင်ရှင်ကလည်း လာရွေးတော့မှာမှ မဟုတ်တာ ...
ချင်းရှန်းက ထိုပန်းအိုးကို ကြည့်ရင်း တစ်နေ့နေ့တွင် တောရိုင်းပန်းပွင့်များ လက်တစ်ဆုပ်ခန့် ခူးကာ ပန်းအိုးထိုး၍ အနွေးစားပွဲပေါ် တင်ထားပါလျှင် အလွန် ကြည့်ပျော်ရှုပျော် ဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။
သူမတို့ ပြန်ရောက်ချိန်တွင် နေ့ခင်း ၁၁ နာရီခွဲနေပြီ ဖြစ်သည်။ ချင်းဖန်နှင့် ချင်းကွေ့ဟွားတို့ နှစ်ဦးစလုံး အလုပ်များနေကြသည်။ တစ်ဦးက ရွှံ့ဝါများကို ကောက်ရိုးဖြင့် ရောနှယ်ကာ စတုဂံပုံ ပုံစံခွက်ထဲ လောင်းထည့်နေကြသည်။ ထို လောင်းထည့်ထားသည့် ရွှံ့များသည် နှစ်ရက်ခန့် ကြာသည့်အခါ မာကြောတောင့်တင်းလာပြီး အုတ်ခဲနှင့် ခပ်ဆင်ဆင်တူသည့် အနေအထားသို့ ရောက်လာနိုင်ပေသည်။
“ဘွားဘွား .. ဘာတွေ လုပ်နေတာလဲ ...”
“မီးဖိုချောင် ဆောက်မလို့ .. .ကြားတာတော့ မိသားစုတိုင်းက တစ်အိမ်မှာ ၆ စတုရန်းမီတာပတ်လည် မီးဖိုချောင်တစ်ခု ဆောက်လို့ရတယ်ဆို အဲဒီ့အချိန်ကျ မီးဖိုအောက်မှာ ကြက်အသိုက်လေးတစ်ခု တိတ်တိတ်လေး တူးထားလိုက်မယ် .. တို့ရဲ့ ကြက်အိုကြီးနှစ်ကောင်လည်း နေစရာ ရသွားတာပေါ့ ...”
ချင်းကွေ့ဟွားက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
“ယုန်လည်း ရှိသေးတယ်လေ ...”
ချင်းဖန်က ထောက်ပြလိုက်သည်။
“ဘွားဘွား ကြက်တွေက ဒီမှာ မွေးထားခွင့် မရှိဘူး တစ်ကောင်လေးတောင် မရဘူး ...”
ယုန်တွေကမှ အနည်းဆုံးတော့ ဘယ်နေရာမှာ အပေါ့အလေး စွန့်ရမယ်ဆိုတာ သိသေးတယ်လေ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှာ မဟုတ်ဘူး .. ကြက်မကြီးနှစ်ကောင်ကတော့ .. မေ့လိုက်ပါတော့ ...
“သိပါတယ် .. တစ်ခြားလူတွေ ပြောနေတာ ကြားသားပဲ ဒါပေမယ့် .. အတွေးမချော်သရွေ့ ဘယ်လောက် ခက်ခဲခက်ခဲ အခက်အခဲထက် ဖြေရှင်းနည်းက ပိုများတာ ထုံးစံပဲလေ ...”
ချင်းရှန်း - “...”
အဘွားရဲ့ အတွေးတွေကိုက မဟုတ်တော့တာ ...
နှစ်ဖက်လုံးရှိ အခန်းများကို ရှင်းလင်းပြီးနောက် ချင်းရှန်းသည် ဤညတွင်လည်း အဘွားနှင့်အတူ လာနေရန် ပြင်လိုက်၏။ သို့သော် ချင်းကွေ့ဟွားက သူမအား ရှောင်ဟဲထံသို့ တန်းတန်းမတ်မတ် တွန်းပို့လိုက်သည်။
ရှောင်ဟဲကိုမူ .. သူမက သူ့လက်ထဲသို့ အဖြူရောင် ပဝါတစ်ထည်ကို တစ်ခွန်းမှ ရှင်းမပြဘဲ ထည့်ပေးလိုက်သည်။
သူကလည်း ထိုပဝါ၏ ရည်ရွယ်ချက်ကို သိထားပေသည်။
“ရဲဘော်ရှောင်ချင်း .. မင်းကို အတင်း ဖိအားမပေးပါဘူး မင်း အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပေးနိုင်ပါတယ် ...”
ချင်းရှန်းကလည်း လုံးဝ ရှက်မနေပေ။ သူမနှင့် လောင်ဟဲတို့၏ ပထမဆုံးဘဝတွင် ကာလရှည်ကြာ နှောင့်နှေးခဲ့ရသည်။ ထို့ကြောင့် ယခုဘဝ၌ ပျော်ရွှင်သည့် ဘဝသစ်တစ်ခုကို ရှက်ကြောက်မနေဘဲ အတတ်နိုင်ဆုံး အမြန်ဆုံး စတင်လိုပေသည်။ ထို့အပြင် သူမတို့နှစ်ဦးသည် ယခုအချိန်၌ တရားဝင် အကြင်လင်မယားများ ဖြစ်နေကြပြီ ဖြစ်သည်။ သူမကို ကြည့်နေသည့် ရှောင်ဟဲ၏ မျက်နှာချောချောမှာ သိသိသာသာ နီမြန်းလာကာ တစ်ဦးနှင့်တစ်ဦး ခံစားချက်များ ရှိနေကြဟန် ပေါ်သည့်အတွက် စောင့်ထိန်းထားရန် မလိုအပ်တော့ချေ။
“ကျွန်မ အဆင်သင့် ဖြစ်နေပါပြီ .. ကျွန်မတို့တွေ အတူတူ ရှိသင့်ပြီလေ ...”
တကယ်ဆို အတိတ်ဘဝကတည်းက အတူတူ ရှိသင့်နေတာ ...
“ဒါပေမယ့် ကလေးယူရမလား ဆိုတာကိုတော့ မစဉ်းစားရသေးဘူး။ ဒါက ရှင့်အတွက် မတရားမှန်းတော့ သိပါတယ်။ တကယ်လို့ ရှင် ကလေးလိုချင်ရင် ကျွန်မရဲ့ စိတ်ကို အကောင်းဆုံး ပြင်ဆင်ပါ့မယ် ...”
ချင်းရှန်းက ကလေးယူရန် အလျင်မလိုသေး။ သူမ၏ အသက်မှာ ၁၉ နှစ်သာ ရှိသေးရာ ယခုမှ ဘဝသစ် စကာစ ဖြစ်သည်။
“ကောင်းပါပြီ ...”
.......
နောက်တစ်နေ့မနက် အိမ်ရှင်းစဉ် ချင်းရှန်းသည် အိပ်ခန်းထဲရှိ ပြတင်းပေါက်ဘောင်ပေါ်၌ ကြွေရည်သုတ်ဇလုံ အကြီးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ အထဲတွင်လည်း ဆီးသီးဝါများ ပါရှိနေရာ ချင်းရှန်းသည် တံတွေး မျိုမချဘဲပင် မနေနိုင်တော့ချေ။
“ဘွားဘွား ဒီဆီးသီးတွေက ဘယ်ကလဲ ...”
“အိုး .. ဒါလား .. ဘေးအိမ်က ပေါင်ကျူး ပေးတာလေ။ ငါတို့ ဒီကို ပြောင်းလာတယ်လို့ ကြားလို့ အိမ်ကူရှင်းပေးမယ်တောင် လုပ်နေတာ။ အတင်း တားထားလိုက်ရတယ် သိပ်မကြာဘူး သူ့ကလေးတွေ ဆီးသီးတစ်ပန်းကန် လာပို့တော့တာပဲ .. ဆီးသီးကလေ တအားကို ချိုနေတာပဲ စတုတ္ထလေးမှာ စားတောင် မစားရက်ဘူးနဲ့ တဖွဖွ ပြောပြီး နင်ပြန်လာတဲ့အထိ သိမ်းထားတာ ...”
ထိုအခါမှ ချင်းရှန်းလည်း ကျောက်ချင်းစုန့်နှင့် လျှိုပေါင်ကျူးတို့သည် သူမနှင့် အိမ်နီးချင်းများ ဖြစ်ကြောင်း သတိရသွားတော့သည်။
ပြောနေရင်းဖြင့်ပင် လျှိုပေါင်ကျူးက ထပ်ရောက်လာပြန်၏။ သူက သန့်ရှင်းနေသည့် နက်ပြာရောင် စက်ရုံသုံးဝတ်စုံကို ဝတ်ထားကာ နှစ်ဖက်ခွဲကျစ်သည့် ကျစ်ဆံမြီးကို ရင်ဘက်ရှေ့ ချ၍ ပန်းပွင့်ပါ အနီရောင် ခေါင်းစည်းကွင်းဖြင့် စည်းထားသည်။
“လိုင်တိ .. နင် ဒီကို ရောက်လာတယ်လို့ ကြားရတော့လေ ငါ ဘယ်လောက်တောင် ပျော်သွားရလဲ သိလား ...”
လျှိုပေါင်ကျူး၏ ရုပ်ရည်မှာ မဆိုးလှ။ အကြည့်များဖြင့် စကားပြောတတ်သယောင် ကြီးမားဝိုင်းစက်သည့် မျက်ဝန်းဝိုင်းကြီးများကို ပိုင်ဆိုင်ထားကာ သူမ၏ မျက်နှာမှာ သာမန် ကျေးလက်တောသူများထက် ပိုမိုဖြူဖွေး ဝိုင်းစက်ပေသည်။ သို့သော် လန်ဟဲမြို့မှာ လေပြင်းတိုက်ခတ်မှုနှင့် သဲမုန်တိုင်းဒဏ်ကို များစွာ ခံစားရသည့်အတွက် နှစ်ဝက်အတွင်းမှာပင် သူမ၏ ဆွတ်ဆွတ်ဖြူသော အသားအရေသည် သပိတ်ရောင် ပြောင်းသွားတော့သည်။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦး၏ အနှစ်သာရဖြစ်သော သာယာသည့် အိမ်ထောင်ရေးအား ပိုင်ဆိုင်ထားရသည့်အတွက် သိသိသာသာလည်း ပြည့်ဖြိုးလာခဲ့၏။
ချင်းရှန်းက တိတ်တိတ်လေး တွေးလိုက်သည်။
လျှိုပေါင်ကျူးက တကယ်ကို ငါ့ထက် ပိုတော်တာပဲ ဒီလောက်အထိ ရှုပ်ထွေးတဲ့ ဒုတိယအိမ်ထောင်ကိုတောင် အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ် ...
“ဘာလဲ လိုင်တိက တစ်နှစ်လောက် ဝေးနေတော့ ငါ့ကိုတောင် မမှတ်မိတော့ဘူးလား ...”
ချင်းရှန်းက တစ်ဖက်လူကို အကဲခတ်နေစဉ် လျှိုပေါင်ကျူးကလည်း သူမကို အကဲခတ်နေခဲ့သည်။ ချင်းရှန်း၏ မျက်နှာမှာ ယခင်အတိုင်း ရေသောက်လျှင်ပင် မြင်ရလောက်သည်အထိ ကြည်လင်နူးညံ့နေဆဲဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူမ၏ မသိစိတ်ထဲတွင် မနာလိုမှုတစ်ရပ် ဖြတ်သန်းသွားတော့သည်။
“အစ်မပေါင်ကျူး ...”
“နင်ကလေ မနှစ်ကကျ ဆိုးလိုက်တာမှ ကောင်လေးတစ်ယောက် မွေးထားရတဲ့ အတိုင်းပဲ ဟော ဒီနှစ်ကျပြန်တော့ ချက်ခြင်းကြီးကို တည်ငြိမ်သွားတဲ့အပြင် အိမ်အလုပ်တွေပါ ကူလုပ်ပေးလိုက်သေးတယ် နင်နဲ့ ငယ်ငယ်ကတည်းက အတူတူ ကြီးလာခဲ့လို့သာပေါ့ မဟုတ်ရင် နင့်နေရာမှာ လူစားထိုးတစ်ယောက်ယောက်များ ရောက်နေသလားလို့တောင် ထင်မိမှာ ...”
ချင်းရှန်းမှာ နှလုံးခုန်နှုန်းများပင် မမှန်ချင်တော့။ သို့သော် အပေါ်ယံ မျက်နှာကမူ တည်ငြိမ်နေဆဲပင်။ .မည်သို့ပင် ဖြစ်စေ သူမသည် လူတစ်ယောက်တည်း ဖြစ်နေဆဲဖြစ်ကာ မှတ်ဉာဏ်နှင့် ခန္ဓာကိုယ်ကလည်း တစ်ယောက်တည်း ဖြစ်နေဆဲပင်။
ဒီတစ်ယောက်က အကြားအမြင်တွေများ ရနေတာလား ...
“အစ်မပေါင်ကျူး အလုပ်များနေလား ...”
“မများပါဘူး ကလေးတွေကလည်း ကျောင်းမတက်ရသေးဘူးလေ တစ်နေကုန် အပြင်ထွက်ပြီး ကစားနေကြတာ ညစာစားချိန်တောင် မနည်း ပြန်လိုက်ခေါ်ရတယ် အိမ်သားကလည်း အပြင်မှာလည်း စားတာများတော့ နေ့တိုင်း သုံးယောက်စာပဲ ချက်ရတာ များပါတယ် ...”
သူမက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ ထို့နောက် မေးကို ထောက်ကာ ထပ်ပြောလိုက်ပြန်၏။
“ဒီက လေထန်ပြီး ဖုန်ထူတော့ နေ့တိုင်း ခရင်မ်တွေ ပိုလိမ်းမှ အဆင်ပြေတာ နင့်မှာ မရှိရင် ငါ တစ်ဘူးလောက် ချေးပေးမယ်လေ ..အိမ်ကယောကျ်ားက ငါ မလိမ်းမှာကို တအား စိတ်ပူလို့ဆိုပြီး ပြီးခဲ့တဲ့လကမှတင် အသစ်နှစ်ဘူး ထပ်ဝယ်ပေးထားတာ ...”
ချင်းရှန်းကမူ သူမ၏ ကြွားလုံးများကို မကြားလိုက်လေသည့်အလား သဘောထားကာသာ ပြန်ပြောလိုက်သည်။
ယခုလက်ရှိတွင်တော့ သူမ၏ အရည်အချင်းကြောင့် ကျောက်ချင်းစုန့်၏ နှလုံးသားကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ သို့သော် နောင်တစ်ချိန် အိမ်ယာပိုင်ဆိုင်မှု စာချုပ်၌ သူမနာမည် ပါနိုင်မပါနိုင်၊ ကျောက်ချင်းစုန့်က သူမ မသိအောင် တိတ်တိတ်လေး သားကြောဖြတ်မည် မဖြတ်မည်ကိုမူ မည်သူမှ ကြိုသိနိုင်လိမ့်မည် မဟုတ်ချေ။
လျှိုပေါင်ကျူးက ကျောက်ချင်းစုန့် သူမအား မည်သို့မည်ပုံ အသုံးစရိတ် ပေးပုံ၊ အဝတ်အစားအသစ် ဝယ်ပေးရုံသာမက တပ်မဟာမြို့တော်သို့ပါ အလည်လိုက်ပို့ပေးပုံများအား ထပ်ကြွားလိုက်ပြန်သည်။
သို့သော် ချင်းရှန်းက သူမ၏ စကားများကို စိတ်မဝင်စား၊ ယခင်ကဲ့သို့ ဒေါသပုန်ထခြင်း မရှိတော့သည့်အတွက် လျှိုပေါင်ကျူးသည် အံတင်းတင်းကြိတ်ကာ လိမ်ဖည်လိမ်ဖည်ဖြင့် ပြန်ထွက်သွားတော့သည်။
“လိုင်တိ .. အရင်က သူ့ကို သဘောကျတယ် မဟုတ်ဘူးလား ...”
ချင်းကွေ့ဟွားက အနည်းငယ် ရှုပ်ထွေးသွားသည့်ဟန်။
တတိယလေးကို အဲဒီ့ လျှိုအိမ်က ကောင်မလေးနဲ့ မပေါင်းပါနဲ့ဆိုပြီး ပြောတာမှ ပြောပေါင်းကို မနည်းဘူး နားမထောင်တဲ့အပြင် သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်လိုတောင် သဘောထားလိုက်သေးတယ် ဘာတဲ့ “လူကြီးချင်း ဖြစ်တဲ့ကိစ္စက ကလေးတွေနဲ့ မဆိုင်ဘူးလေ” ဆိုတဲ့ စကားကြောင့် ငါ့မှာ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး ...
အကြောင်းမှာ ထိုစည်းမျဉ်းသည် သူမ သင်ပေးထားသည့် အချက် ဖြစ်နေသောကြောင့် ဖြစ်သည်။
“လူတိုင်း တစ်ချိန်ချိန်မှာ လူကြီး ဖြစ်လာရမှာပဲလေ .. အရွယ်ရောက်လာတဲ့အခါ မိတ်ဆွေအသစ်ဆိုတာ ရှိလာသလို အရင် အပေါင်းအသင်းဟောင်းတွေနဲ့ တစ်ဖြည်းဖြည်း ဝေးကွာသွားတာလည်း ထုံးစံပဲလေ ...”
“သူမအကြောင်း ထပ်မပြောတော့ဘဲ နေကြရအောင် .. ပစ္စည်းတွေကို နေရာချလိုက်မယ် ချင်းဖန်က အစ်မကြီးကို ညစာ ပြန်လာစားမှာလားလို့ သွားမေးလိုက် …”
ကြက်အိုကြီးနှစ်ကောင်လည်း အိမ်ထဲတွင် ရှိနေဆဲပင်။ သို့သော် ခရီးပမ်းသည့် ဒဏ်ကြောင့် နွမ်းလျနေကြ၏။ ချင်းကွေ့ဟွားက သူတို့ကို ကောက်ကိုင်ကာ အားအနည်းဆုံးတစ်ကောင်ကို ရွေးလိုက်သည်။ အနာဂတ်၌ သူမသည် ဤသို့ လုပ်နိုင်တော့မည် မဟုတ်တော့။ ဥ ပါသည့် အပိုင်းကို အနောက်ဘက်သို့ ပို့ကာ ကြက်သွေးကို ဇလုံထဲထည့်၍ ဆားအနည်းငယ် ခပ်လိုက်သည်။ ကြက်အူ၊ ကြက်မြစ်ကြက်သည်းတို့ကို ထပ်တလဲလဲ ဆေးကြောကာ အသားကို အနေတော်တုံး၍ တစ်ဝက်ကို စွပ်ပြုတ်ချက်၊ တစ်ဝက်ကို ပြုတ်ကြော်လုပ်ထားလိုက်သည်။
မီးဖိုချောင်ဟူ၍ ကျကျနန မဆောက်ရသေးသည့်အတွက် ကျောက်တုံးသုံးလုံးကို ဖိုခနောက်ဆိုင်ကာ မီးဖိုတစ်ခု လုပ်၍ ကြက်စွပ်ပြုတ်အိုးကို အရင် တည်ထားလိုက်သည်။
ကြက်မကြီးနှစ်ကောင်မှာ အသက်အလွန်ကြီးရင့်နေကြပြီ ဖြစ်သည့်အပြင် ၂ နှစ် ၃ နှစ်နီးပါး ကောင်းကောင်း ကျွေးမွေးထားသည့်အတွက် ဖင်ဆီပူးကပင်လျှင် သုံးလေးစင်တီမီတာလောက် ရှိနေပြီ ဖြစ်သည်။
အသား၏ အရည်အသွေးမှာလည်း အလွန် ဆိုးဝါးလှသည်။ အဘွားက သွားမကောင်း။ ထို့ကြောင့် ချင်းရှန်းသည် အရင်ဆုံး ရေနွေးပွက်ပွက်ဆူအောင်တည်ကာ ဂျင်းတက်တစ်ခုကို ဓားပြားရိုက်၍ ထည့်လိုက်သည်။ ထို့နောက်တွင်မှ အသားထည့်ကာ မီးပြန်လျှော့၍ မီးအေးအေးဖြင့် နှစ်နာရီခန့် ပြုတ်ထားလိုက်သည်။
ထို့နောက် အသီးအရွက်ဆိုင်မှ ဈေးကြီးပေးကာ ဝယ်လာသည့် နံနံပင် လက်တစ်ဆုပ်ခတ်၍ အိမ်မှ သယ်လာသော ငရုတ်ချဉ်ကို ထည့်ပြီး ကြက်မြစ်ကြက်သည်း ချဉ်စပ်ကြော်လိုက်သည်။
ပဲငံပြာရည် မရှိသည့်အတွက် ကြက်သားနှပ်ကို အိမ်လုပ် ပဲငံပြာရည်ဖြင့်သာ ချက်လိုက်ရသည်။ ထို့အပြင် အာလူးနှင့် ခါကြက်ဉတို့ကိုပါ ထည့်ထားသည့်အတွက် မိနစ်ပိုင်း အကြာတွင် ဟင်း၏ မွှေးရနံ့သည် ခြံဝင်းအပြင်ဘက်အထိ လွင့်ပျံ့လာတော့သည်။
ထိုအခိုက်အတန့်၌ ရှိရှိသမျှ မိသားစုအားလုံး အခက်တွေ့သွားကြတော့သည်။ ဟင်း၏ မွှေးရနံ့ကို ရလိုက်သည့် ကလေးများက အိမ်ရှေ့သို့ ဝိုင်းအုံရောက်လာကြသော်ငြား အိမ်ထဲအထိ မဝင်။ တံခါးပေါက်ဝတွင် ရပ်ကာ လေနှင့်အတူ ပျံ့လွင့်လာသည့် ဟင်းနံ့ကို အနံ့ခံရင်း တံတွေးမျိုချလိုက်ကြသည်။
“အနံ့က ကောင်းလိုက်တာ ...”
“မီဆိုပဲနဲ့ အသားဟင်း ထင်တယ် ...”
“လာ .. လာ အနံ့ခံကြည့်ကြဦး .. အမဲသားလား သိုးသားလားပဲ ...”
“ကျောက်ဟိုင်ယန် .. မင်းတို့အိမ်က ဘာစားကောင်းတာတွေ ချက်နေတာလဲ ...”
ချွေးသံတရွှဲရွှဲဖြစ်အောင် ကစားလာကြသည့် ကလေးများမှာ အတန်းလိုက် ရှိနေသည့် အိမ်များ၏ အရှေ့သို့ အရောက်တွင် မလှုပ်ရှားနိုင်ကြတော့ချေ။
ကျောက်ဟိုင်ယန်က အနံ့ခံကြည့်လိုက်သည်။ ထိုဟင်း၏ အနံ့မှာ အဒေါ်ပေါင်ကျူး ချက်လေ့ချက်ထရှိသည်များနှင့် မတူ၊ အဒေါ်ပေါင်ကျူး အကြိုက်ဆုံးဟင်းမှာ ခပ်ရှည်ရှည် လှီးထားသည့် အာလူးများကို ငရုတ်ဆီဖြင့် ကြော်ခြင်း၊ သို့မဟုတ် တို့ဟူးကို ငရုတ်သီးဖြင့် ကြော်ခြင်း သို့မဟုတ်လျှင် ခါကြက်ဉကြော် စသည်တို့သာ ဖြစ်ပေသည်။
“ကောကော .. အသားစားချင်တယ် ...”
ဘေးနားတွင် ရှိနေသည့် သုံးလေးနှစ်အရွယ် ကောင်မလေးက ကျောက်ဟိုင်ယန်၏ အင်္ကျီလက်ကို အတင်းအကြပ် ခါယမ်းကာ ပြောလိုက်သည်။ မျက်ရည်၊ နှာရည်များဖြင့် မျက်နှာတစ်ခုလုံး ပေပွနေကာ နှစ်ဖက် ခွဲစည်းထားသည့် ဆံပင်မှာလည်း ကြက်သိုက်သဖွယ် ရှုပ်ပွနေပေသည်။
ကျောက်ဟိုင်ယန်က ပြောလိုက်သည်။
“ဟိုင်ယန်းလေး လိမ္မာနော် .. ဖေဖေပြန်လာရင် အသားစားရမှာလေ ...”
ကျောက်ချင်းစုန့်သည် သူ့လစာ၏ သုံးပုံနှစ်ပုံကို မွေးရပ်မြေသို့ ပြန်ပို့ကာ ကျန်ရှိသည့် ယွမ်တစ်ဒါဇင်ခန့်ကိုသာ အိမ်စရိတ်အဖြစ် အသုံးပြုသည့်အတွက် သူ့မိန်းမနှင့် ကလေးများ၏ ဘဝမှာ သာမန်လူတန်းစားမိသားစုများထက်ပင် ပိုပြီး သနားစရာ ကောင်းလှပေသည်။ ထို့အပြင် လျှိုပေါင်ကျူးကလည်း ငွေအများစုကို မျက်နှာလိမ်းခရင်မ်နှင့် အဝတ်အစားအသစ်များ ဝယ်ကာ သွားရည်စာအတွက်သာ အသုံးပြုလေ့ ရှိသည့်အတွက် ကလေးနှစ်ဦး အသားမစားရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။
ကျောက်ဟိုင်ယန်းက မျက်နှာကို မဲ့ချပြီး ချင်းအိမ်တံခါးသို့ ငိုယိုကာ ပြေးသွားလိုက်သည်။ ဆီပူများ တပွက်ပွက်ထနေသည့် သံအိုးကြီးကို မြင်လိုက်ရသည့်အခါ ဆက်ပြီး မရွေ့လျားနိုင်တော့။
“ဟိုင်ယန်းက လိမ္မာပါတယ် အိမ်ပြန်ရအောင်ပါနော် ...”
“မပြန်ဘူး .. အသားစားချင်တယ်လို့ ...”
ကျောက်ဟိုင်ယန်မှာ ရှက်ရွံ့နေပြီ ဖြစ်သည်။ ညီမဖြစ်သူ၏ သနားစရာကောင်းသည့် ပုံစံကို ကလေးအများစု မြင်သွားလောက်ပြီ ဖြစ်သည်ဟု သိလိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး နီရဲလာတော့၏။ သူက ပြောလိုက်သည်။
“နောက် နှစ်ရက်သုံးရက်လောက်နေရင် ကိုကိုတို့လည်း ဒီထက်ကြီးတဲ့ အိုးကြီးနဲ့အပြည့် အသားတွေ စားနိုင်တော့မှာလေ အဲဒါကြောင့် ရပ်ကြည့်မနေဘဲ အိမ်ပြန်ကြရအောင်နော် ...”
“မပြန်ဘူး ...”
ဟိုင်ယန်းက ရွှေရောင်ဝင်းကာ မွှေးပျံနေသည့် ကြက်သားတုံးကြီးများကို ငေးကြည့်ကာ တံတွေးမျိုချလိုက်သည်။
ချင်းရှန်းကလည်း ထိုမောင်နှမကို မြင်နေရပေသည်။ ထိုကလေးများမှာ ပြီးခဲ့သည့် ဘဝက သူမကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးခဲ့ရသူများ ဖြစ်သော်လည်း ယခုမူ လုံးဝ မမြင်ချင်ဟန်သာ ဆောင်ထား၏။ မျက်ကန်းဖြူဝံပုလွေ ပေါက်စလေးများအား သူမပိုင်သည့်အသား တစ်တုံးတစ်လေပင် ပေးလိမ့်မည် မဟုတ်ပေ။
ကျောက်ဟိုင်ယန်းက တစ်ခဏမျှ ငေးကြည့်နေပြီးနောက် “ဒေါ်ဒေါ်” ဟု ဖွဖွလေး ခေါ်လိုက်သည်။ ရေခဲချောင်း စားချင်သည့်အခါ အဖေ့ကို သနားစရာကောင်းသည့် အကြည့်များဖြင့် ကြည့်ပြီး ပူဆာပါလျှင် သေချာပေါက် ဝယ်ပေးလိမ့်မည်ဟု သူမ၏ မိခင်အရင်းက သင်ပေးထားသော်လည်း မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ ထိုလှည့်ကွက်က ဤအဒေါ်ကြီးထံတွင် အသုံးမဝင်တော့ချေ။
“အလုပ်နားချိန် ရောက်ပြီ အထဲမှာ အရင်ဆုံး ခဏ ဝင်ထိုင်ဦးနော် စားစရာတွေ အဆင်သင့်ဖြစ်တော့မယ် ...”
ဟဲလျန်ရှန်းက အလုပ်ဝတ်စုံဖြင့်ပင် သူ့အိမ်တံခါးသို့ လျှောက်လာလိုက်သည်။ သို့သော် အိမ်ထဲသို့ မဝင်၊ ချင်းအိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာ၏။ လက်ထဲတွင် ဆိုဒါပုလင်း လေးလုံးကို ကိုင်ထားကာ ဂျုံရောင် ရင်ဘက်ကြွက်သားတို့ကို လှစ်ဟပြထားသည်။
အချင်းချင်း ထိခတ်နေမှုကြောင့် ဆိုဒါပုလင်းများမှာ အမြှုပ်ထလာကာ ကလေးများ မဆိုထားနှင့် ချင်းကျီပင်လျှင် တံတွေး မျိုမချဘဲ မနေနိုင်တော့ချေ။
များမကြာမီ ကြက်အသည်းအမြစ်ကို ကြော်၍ ပြီးသွားကာ အိုက်လန်ကလည်း ပန်းသီးနှင့် အနီရောင် စွန်ပလွံသီးအချို့ သယ်ကာ ရောက်လာတော့သည်။
“မစ္စတာချန်းကို ထမင်းချက်ပေး၊ သူစားတာ ပြီးတဲ့အထိစောင့်၊ ဆေးကြောပြီးမှ ထွက်လာလိုက်တာ ...”
“ဒီလိုပဲ ဖြစ်သင့်တာပဲလေ အိမ်မှုကိစ္စကို ငါတို့တာဝန်သာ ထားလိုက် အားလုံး ချက်ပြုတ်ပြီးပြီဆိုမှသာ ပြန်လာစား ....”
“မစ္စတာချန်းက ဒီအသီးတွေ ယူသွားခိုင်းလိုက်လို့ .. ဒီမှာ ဝယ်ရတာ မလွယ်ဘူးလေ ...”
ထို့နောက် မိသားစုဝင် ငါးဦးစလုံး အနွေးကုတင်ပေါ်တွင် ပူးကပ်ထိုင်လိုက်ကြတော့သည်။ ဟင်းပန်းကန်များကို တစ်ပတ်ရစ်ဈေးမှ ဝယ်လာသည့် အပူပေးစားပွဲပေါ် တင်လိုက်ပြီးနောက် ပြောင်းဖူးပန်ကိတ်များနှင့်အတူ စတင်ကာ စားသောက်လိုက်ကြတော့သည်။
ဆိုဒါပုလင်းမှာ လေးလုံးသာ ရှိသည်။ ချင်းကွေ့ဟွားက တစ်ငုံ သောက်ချင်ဟန်ဆောင်ကာ လည်ချောင်းထဲတွင် ပူစပ်စပ်ဖြစ်သည်ဟု ဆိုလိုက်၏။ အိုက်လန်ကလည်း မသောက်လို။
“ရှောင်ဟဲကို တစ်ပုလင်း ပေးလိုက်လေ မင်းတို့ လူငယ်တွေက ဒါမျိုး သောက်ရတာ ကြိုက်ကြတယ် မဟုတ်လား ...”
“ချင်းရှန်းနဲ့ ချင်းဖန်က ငါ ပုံမှန်သောက်တာကို သောက်လေ ...”
ချင်းဖန်က သူမ ထိုဟာကို လက်ခံသင့်မသင့် မသိတော့သည့်အတွက် အဘွားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဟုန်ရှင်းကောင်တီတွင် နေစဉ်က သူမ တစ်ဘဝလုံး ဤမျှအထိ ကောင်းမွန်သော သောက်စရာမျိုးကို မသောက်ခဲ့ရဖူးချေ။
ချက်ပြုတ်ရင်း ချွေးတလုံးလုံးနှင့် ပူအိုက်နေခဲ့ရသည့် ချင်းရှန်းကမူ ဟန်ဆောင်မနေနိုင်တော့ပေ။ ဆိုဒါကို တစ်ငုံ သောက်ပြီး ပြောလိုက်သည်။
“သောက်လေ .. ဘာပဲဖြစ်ဖြစ် နင့်ခဲအိုက ပေးမှာပဲ ...”
အကြောင်းအရင်းကို မည်မည်ရရ မသိသော်ငြား ဟဲလျန်ရှန်းသည် သူ့ကို ကြည့်လာသည့် ရဲဘော်ရှောင်ချင်း၏ အကြည့်တို့မှာ တစ်ခုခု မှားယွင်းနေသည်ဟု အမြဲ ခံစားမိနေခဲ့သည်။ သို့သော် ကြက်သားနှပ်မှာ အလွန် အရသာ ရှိလွန်း၍ လတ်တလောတွင် မည်သည့်အရာကိုမှ စဉ်းစားမနေအားတော့ချေ။