← Chapters

Chapter 45

Vol. 4 Ch. 45

Chapter 45

Vol. 4 Ch. 45

ချင်းကွေ့ဟွားမှာ သွားမကောင်းသည့်အတွက် ကြက်စွပ်ပြုတ်ကိုသာ ဖြည်းဖြည်းချင်း သောက်နေရသည်။ မြေးသုံးယောက်လုံးမှာ လူကြီးမိဘကို သိတတ်ကြကာ သူမအား အရိုးမပါသည့် ကြက်သားများကို ထည့်ပေးကြသည်။ ထို့အပြင် သူမကလည်း ကြက်လည်ချောင်းအချို့ကို ယူကာ အရိုးကိုက်လိုက်သေး၏။ ဤထမင်းဝိုင်း၌ သူမက အသား အများဆုံး စားရသူ ဖြစ်ပေသည်။ အဘွားအိုကြီး၏ နှလုံးသားမှာ ပျားရည်တစ်ခွက် သောက်လိုက်ရသည့်သဖွယ် ချိုမြလာတော့၏။

တစ်အိမ်ကျော်ရှိ ကျောက်မိသားစု၏ လေထုမှာမူ သဟဇာတ ဖြစ်မနေပေ။ လျှိုပေါင်ကျူးသည် အသားကို ငရုတ်သီးထည့်ကာ ချက်ပြုတ်ရင်း အစပ်ခိုးတို့ဖြင့် မွှန်ထူနေတော့သည်။ ကျောက်ချင်းစုန့်က ရဲဘော်လေးအား အသား ယူလာပေးရန် ပြောထားရာ သူမတို့အဖို့ ရှားရှားပါးပါး စားသောက်ရမည့် အခွင့်အလမ်း ဖြစ်သည့်အတွက် ကျောက်ချင်းစုန့်၏ စိတ်ကြိုက် အရသာအတိုင်း တစ်ထပ်တည်း ရရှိရန် အသေအချာ ပြင်ဆင်နေလိုက်သည်။ ဟိုင်ယန်နှင့် ဟိုင်ယန်းတို့မှာလည်း အိမ်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နှာမွှန်ကာ အသက်ရှူကြပ်လာကြတော့၏။

“ဒေါ်ဒေါ်ပေါင်ကျူး ဘာတွေလုပ်နေတာလဲ ...”

“ဝက်သားအစပ်ကြော်လေ ...”

လျှိုပေါင်ကျူးက အသီးအရွက်များကို ပန်းကန်ထဲထည့်ရင်း ပြောလိုက်သည်။. ထို့နောက် ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည့်အခါ မနက်ခင်း အစောပိုင်းက သူမ ဝတ်ပေးလိုက်သည့် အဝတ်အစားအသစ်လေးများအားလုံး ပေကျံနေကာ လူရုပ်သူရုပ်ပင် မထွက်တော့ကြောင်း မြင်လိုက်ရသည့်အတွက် အလွန် ဒေါသဖြစ်သွားရတော့သည်။

“နင်တို့တွေ အပြင်မှာ ရွှံ့အိုင်ထဲများ လူးလာကြလား .. ဟင် ငါ့ကို နေ့တိုင်းနေ့တိုင်း ဒုက္ခတွေပဲ ပေးနေကြတာ ...”

မောင်နှမနှစ်ဦးကလည်း သူမ မမြင်အောင် မျက်နှာကို ရှုံ့မဲ့လိုက်ကြသည်။

“နင်တို့အဝတ်တွေကို လျှော်ဖို့၊ နင်တို့မျက်နှာတွေကို သစ်ဖို့အတွက် ရေမလိုဘူးများ ထင်နေလား။ နေ့ရှိသရွေ့ ဆော့ဖို့ပဲ သိတယ် အိမ်အလုပ်တော့ ကူလုပ်မယ် မရှိဘူး ပြဿနာပဲ ပေးနေကြတာ ဂြိုဟ်ဆိုးကောင်တွေ ...”

သူမတို့ ရောက်နေသည့်ဒေသမှာ ရေရှားပါးလှသည်။ နေ့စဉ် သုံးရေအတွက်ပင်လျှင် နှစ်မိုင်ခန့်အကွာရှိ မြစ်သို့သွားကာ ရေခပ်ရသည့်အတွက် မျက်နှာသစ်ရန် ရေအပိုတစ်ခွက် ထပ်သုံးရမည်ကိုပင် တွန့်ဆုတ်နေခဲ့ရသည်။

အဝတ်လျှော်ရန်အတွက်လည်း အဝတ်တစ်ဇလုံကြီးကို ပိုက်ကာ မြစ်ကမ်းအထိ သွားလျှော်ရသည်မှာ သူမကဲ့သို့ မိန်းကလေးတစ်ဦးအဖို့ လွယ်ကူသည့်အလုပ် ဟုတ်မနေချေ။ ပုံမှန်အားဖြင့် သူတို့ မည်မျှပင် ပေရေနေအောင် ဆော့ထားပါစေ၊ ညစ်ပတ်သည့်အတိုင်း ထားကာ အင်္ကျိီအသစ် လဲပေးလိမ့်မည် မဟုတ်ပေ။ သို့သော် ယနေ့တွင် ကျောက်ချင်းစုန့်က အိမ်ပြန်ကာ ညစာစားမည်ဟု ပြောထားသည့်အတွက် နည်းမျိုးစုံ ကျိန်ဆဲကာသာ အင်္ကျိီအသစ် လဲပေးလိုက်ရတော့၏။

အဝတ်လဲပေးပြီးသည်နှင့် ကွက်တိပင်၊ ကျောက်ချင်းစုန့်က အိမ်ထဲသို့ ရောက်လာသည်။

“ကလေးတွေက ဆိုးနေပြန်ပြီလား ...”

“မဟုတ်ပါဘူး ဟိုင်ယန်နဲ့ ဟိုင်ယန်းက လိမ္မာကြပါတယ် ...”

ကျောက်ချင်းစုန့်က အောက်တွင် ကျနေသည့် အဝတ်ညစ်များကို စိုက်ကြည့်ကာ စကားတစ်ခွန်းမှ မဆို၊ အင်္ကျီများကိုပင် ပြန်ကောက်မပေးဘဲ ကွေ့ပတ်သွားကာ ကုတင်ပေါ် တက်၍ ဖိနပ်ကို ကန်ကျောက်ချွတ်ပြီး လှဲနေလိုက်သည်။

လျှိုပေါင်ကျူးက သည်းမခံနိုင်တော့ဟန်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။ အဝတ်များကို ကိုယ်ကိုယ်တိုင် ကုန်းကောက်ကာသာ တံခါးဝရှိ အဝတ်ဇလုံထဲ ထည့်လိုက်ရတော့၏။ ယနေ့ သူမတွင် အဝတ်လျှော်ချိန် မရှိတော့သည့်အတွက် မနက်ဖြန်မှသာ လျှော်ရပေတော့မည်။ ဆီး၊ တံတွေး၊ နှာရည်တို့ဖြင့် ပေကျံနေသည့် ထိုအဝတ်များအား တစ်ညသိမ်းထားပြီးမှ လျှော်ရသည့်အခါ ပိုပြီး လျှော်ရခက်လာရုံသာမက အနံ့မှာလည်း မခံနိုင်လောက်အောင် ဆိုးရွားလာတော့မည် ဖြစ်သည်။ ထိုအနံ့ဆိုးအဝတ်များအား လျှော်ရမည့်အရေး တစ်မျှော်တစ်ခေါ် သွားရဦးမည်ဟု တွေးမိသည့်အခါ ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။

မည်သည့်နေရာက လွဲမှားနေသည် မသိပေ။ ဤသည်မှာ သူမ လိုချင်တောင့်တခဲ့ရသည့် ဘဝမျိုး မဟုတ်သည်ကိုတော့ တပ်အပ် သိပေသည်။

ထို့အပြင် ပတ်ဝန်းကျင်ကို အကဲခတ်တတ်သည့် စွမ်းရည်ပိုင်ရှင် ကျောက်ချင်းစုန့်ကလည်း သူမ စိတ်ကြည်မနေကြောင်း သိပေသည်။ သို့သော် သူကလည်း တစ်နေကုန် အလုပ်လုပ်ကာ ပင်ပန်းနေရသည့်အတွက် အိမ်အလုပ်ကို ကူလုပ်ပေးချိန် မရှိ။ ပိုပြီး ရယ်စရာကောင်းသည်မှာ ဤဝန်ထမ်းအိမ်ယာ တစ်ဝန်းလုံးတွင် မည်သည့်ယောကျ်ားကမှ ကလေးအဝတ်ကို ကူလျှော်ပေးကြခြင်း မရှိပေ။

စစ်တပ်ထဲ လိုက်နေတဲ့ မိသားစုဝင်တွေမှာ ကလေးကို စောင့်ရှောက်ပေးတာကလွဲရင် ဘာအလုပ် ရှိသေးလို့လဲ ...

ဟဲလျန်ရှန်းအကြောင်း ပြောရပါလျှင် .. သူ အလုပ်ဆင်းပြီး အိမ်ပြန်မည် ပြုစဉ် မစ္စတာကျန်း ရောက်လာကာ စက္ကူဘူးအသေးလေးတစ်ခု ပေးခဲ့သည်။

“ယူထားလိုက် .. မင်း လိုအပ်မှန်း ငါသိနေတယ် ...”

ဟဲလျန်ရှန်းက ကြောင်အသွား၏။ ဘူးပေါ်ရှိ စာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

“ငါ့လိုမျိုး ကလေး အစောကြီး မယူနဲ့ အခြေတကျ ဖြစ်တဲ့အထိ ၂ နှစ်လောက် စောင့်ဦး ...”

သူက လျှို့ဝှက်တပ်ဖွဲ့ဝင်များ သတင်းပေးနေသကဲ့သို့ လေသံ တိုးတိုးလေးဖြင့် ပြောလိုက်သည်။

“ဒါက နိုင်ငံခြားပစ္စည်းနော် ဆိုဗီယက်ကနေ လာတာ အပြင်မှာ ဝယ်ချင်တိုင်းဝယ်လို့ မရဘူး ... ပုဇဉ်းတောင်ပံအတိုင်း ပါးပါးလေးတဲ့ ...”

ဟဲလျန်ရှန်းသာ နားမပါးပါလျှင် နောက်ဆုံးစကားလေးခွန်းကို ကြားနိုင်လိမ့်မည် မဟုတ်ချေ။

အရွယ်ရောက်ပြီးသူ အမျိုးသားနှစ်ဦးမှာ ထိုစကားကြောင့် ရှက်ရွံ့မိရကာ ငှက်ပေါက်လေးများ တောင်ပံကြားထဲ မျက်နှာထည့်ဖွက်ထားသည့်အတိုင်း ခပ်သုတ်သုတ် လူချင်းခွဲလိုက်ကြတော့သည်။

လတ်တလော၌ ရှောင်ဟဲကလည်း ထိုပစ္စည်းမျိုးကို အမှန်တကယ်ပင် လိုက်လံရှာဖွေနေခဲ့သည်။ သူတို့က ကလေးမယူသေးရန် ဆုံးဖြတ်ထားပေရာ ကောင်းမွန်သည့် ပစ္စည်းကိရိယာအကူအညီကို ကျိန်းသေ ယူရပေလိမ့်မည်။ တစ်ခါတစ်ရံ သူ့စိတ်ထဲတွင် အလောတကြီး ဖြစ်နေရသည့်တိုင် ပစ္စည်း မရှိမချင်း ထိန်းချုပ်ထားတတ်ပေသည်။

ညရောက်သည့်အခါ လူငယ်စုံတွဲသည် အနွေးကုတင်ပေါ်တွင် လှဲလျောင်းနေကြ၏။ ချင်းရှန်းက သူ့ဗိုက်ပေါ် ခေါင်းအုံးကာ “ခန္ဓာဗေဒ” စာအုပ်ကို ဖတ်နေသည်။ ရှောင်ဟဲကလည်း ထိုစာအုပ်ကို စိတ်ဝင်စားလာဟန်ပင်၊ သူမနှင့်အတူ လိုက်ဖတ်ရန် ခေါင်းကို စောင်းလိုက်၏။

ဖျတ်ခနဲ ကြည့်လိုက်မိသည့် တစ်ခဏ၌ပင် မျက်နှာတစ်ခုလုံး ပူပြင်းလာတော့သည်။ သူမက မျိုးပွားအင်္ဂါ အဖွဲ့အစည်းအကြောင်း ဖတ်နေခြင်း ဖြစ်သည်။

သူ၏ ဂဏှာမငြိမ်ဖြစ်မှုကို အစောကြီးကတည်းက သတိပြုမိနေသည့် ချင်းရှန်းက တမင်တကာ မေးလိုက်သည်။

“စာနဲ့ ပုံတွေပဲ ရှိနေတာ နှမြောစရာပဲ အကောင်အထည်ရှိတဲ့ နမူနာမျိုးနဲ့ သင်လိုက်ရရင် ဒီ့ထက် အများကြီး လေ့လာနိုင်ရမယ့်ဟာကို ...”

“ကိုယ် မင်းအတွက် နမူနာရုပ်ပြ လုပ်ပေးမယ် ...”

သူက အက်ကွဲနေသည့် အသံဖြင့် ရုတ်တရက် ထပြောလိုက်သည်။

နွေဦး၏ ညပိုင်းလေမှာ အေးမြလှသည်။ သို့သော် သူတို့၏ အိမ်ထဲသို့မူ မည်သည့်လေများ တိုက်ခတ်သည် မသိ၊ ပူပြင်းလွန်းလှသဖြင့် နှစ်ဦလုံးမှာ အဝတ်တစ်စပင် မကပ်နိုင်ကြတော့ချေ။

လူသားနှစ်ဦးက အနီရောင်တောက်တောက် မြေသားကုတင်ပေါ်တွင် အိပ်ပျော်သွားကြသည်။ အဖြူရောင်နှင်းစက်နှစ်ပွင့် လေရူး၏ အလွင့်တွင် နေရာအနှံ့ ပျံ့လွင့်သကဲ့သို့ ကုတင်၏ နေရာအနှံ့ လူးလှိမ့်ပျော်ပါးကာ .. ချင်းရှန်းထံတွင် နာကျင်မှုကို ခံစားလာရသည်အထိ သာယာကြည်နူးဖွယ် ညတစ်ညကို ပိုင်ဆိုင်ခဲ့ကြရသည်။

အတိတ်ဘဝတွင် ဤအပြစ်ကင်းစင်သူ မိန်းမပျိုသည် ငြီးငွေ့ချိန်တိုင်း ဝတ္ထုဖတ်ရခြင်းကို အလွန် နှစ်ခြိုက်ခဲ့သည်။ သို့သော် အချိန်အကြာကြီး ဖုန်းကြည့်ရန်အတွက်လည်း သူမ၏ အဝေးမှုန်မျက်စိက အဆင်မပြေသည့်အတွက် လက်မှုပစ္စည်းများ လုပ်နေရင်း အသံဇာတ်လမ်းများကိုသာ နှစ်နှစ်သက်သက် နားထောင်ခဲ့သည်။ တစ်ခါက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အိပ်ယာပေါ်မှ အခန်းကို နားထောင်မိလိုက်၏။ ထိုအချိန်က လူငယ်လေးများသည် ဤသို့သော အခန်းမျိုးကို “ကားမောင်းသည်” ဟု သုံးနှုန်းကြပေသည်။

ဇာတ်လိုက်မောင်နှံက ပထမဆုံးအခေါက်တွင်ပင် စက်မရပ်ခင်အထိ လေးငါးနာရီဆက်တိုက် ကားမောင်းကြသည်ဟု ကြားလိုက်ရသည့်တိုင် သူမစိတ်တွင် ရှက်ရွံ့မသွား။ ထိုအစား စာရေးသူ၏ အရေးအသားကိုသာ ဝေဖန်ပြစ်တင်လိုက်သည်။ ထိုအရေးအသားအရ စာရေးသူမှာ တစ်ကြိမ်တစ်ခါမှ ကားမမောင်းဖူးသူ သို့မဟုတ် ကားမောင်းနိုင်စွမ်း မရှိသူ ဖြစ်ပေလိမ့်မည်။ သူ ရေးသည့် ကားမောင်းပုံမှာ လူသား မဆန်လှချေ။

သူမဘဝ၌ ကြားခဲ့ရသမျှအနက် အလွန်ကျူးဆုံး၊ အချဲ့ကားဆုံးစကားမှာ မနားမနေ ကားမောင်းသည်ကပင် ၄၅ မိနစ်သာကြာသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ထို့နောက်တွင် နှစ်ဖက်လုံး အသက်မရှူနိုင်လောက်သည်အထိ မောပန်းသွားကာ ချက်ခြင်း အိပ်မောကျသွားတော့၏။

ဝတ္ထုတွေထဲမှာဆို ဆေးကြောသန့်ရှင်းဖို့တောင် ကူညီပေးကြသေးတယ် မဟုတ်လား အဲဒါမှ ဇာတ်လိုက်မရဲ့ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ အသေးအဖွဲ လှုပ်ရှားမှုလေး တစ်ခုကအစ ဇာတ်လိုက်ကို နောက်တစ်ခေါက် ပြန်ပြီး စိတ်ကြွလာစေမှာလေ ...

ထိုစဉ် ဟဲလျန်ရှန်းက အခန်းတံခါးကို သော့ဖွင့်ကာ ဝင်လာသည်။ တံခါးဝတွင် ရပ်ကာ သူ မည်မျှကြာကြာ နားထောင်နေကြောင်းကိုမူ မည်သူမှ သိလိမ့်မည် မဟုတ်ချေ။ သူက သာမန်ကာလျှံကာဖြင့် မေးလိုက်သည်။

“၄၅ မိနစ်က တိုလွန်းတယ် ဟုတ်လား ...”

ဤတစ်ကြိမ်တွင်မူ သူမက အော်ရယ်မိတော့မတတ်ပင်။

ဒီလူအိုကြီးကတော့လေ .. အခုထိကို လူပျိုပေါက်လေးလို စကားတွေ ပြောနေတုန်းပဲ ...

"ဘာတွေ ရယ်နေတာလဲ ..."

သူက အနည်းငယ် မကျေနပ်ဟန်ဖြင့် မေးလိုက်သည်။

ထိုသူမှာ အတိတ်ဘဝက အလွန် ရိုးသားသူတစ်ဦး ဖြစ်ခဲ့ကြောင်း ချင်းရှန်းအနေဖြင့် တပ်အပ်ပြောနိုင်ပေသည်။

"မပြောပြဘူး ..."

ဟဲလျန်ရှန်းက ဘာဖြစ်နေမှန်း မသိတော့။ သူမ၏ ရင်းရင်းနှီးနှီး ပြောဆိုပုံကို အလွန် သဘောကျမိနေပေသည်။ သူမသည် နူးညံ့သည့်တိုင် စပ်သည့် အရသာကိုလည်း ခံစားရသည့် ငရုတ်ကောင်းစေ့လေးအလားပင်။

မြင်နေရရုံဖြင့်ပင် ဦးနှောက်က သွားရည်ယိုမိအောင် အလိုလို လှုံ့ဆော်လာသည့်အလားပင်။ တစ်ကိုက် ကိုက်ကြည့်လျှင်ပင် အလွန် ပူစပ်နေမည်ဖြစ်ကြောင်း သိနေသော်ငြား .. သူ့နှလုံးသားလေး နာကျင်ရသော်လည်း ... လုပ်လိုက်မိဆဲပင်။

ထိုသို့ဖြင့် နောက်ထပ် တစ်နာရီခွဲ အကြာတွင် ချင်းရှန်းသည် ၄၅ မိနစ်ဟူသော ကြာချိန်က ဘာကြောင့် တိုတောင်းကြောင်းနှင့် လောင်ဟဲထုန်၏ စကားမှာ ‌ပေါက်ကရ ပြောနေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။

ဒီလူကတော့ တကယ်ကို စက်ကုန်ဖွင့်ထားတဲ့ ထွန်စက်အတိုင်း အင်အားအပြည့်ပဲ .. သူ့စကားကို အပြည့်အဝ သက်သေပြနေလိုက်တာများ ...

တစ်ချိန်တည်းမှာပင် "ဒီ မြေသားအနွေးကုတင်က တော်တော်လေးကို အရည်အသွေး ကောင်းကောင်းသားပဲ" ဟု တွေးမိနေလိုက်၏။ သူမထံမှ ထိန်းချုပ်၍ မရနိုင်စွာ ထွက်လာသော အသံများမှအပ တကျွိကျွိ မြည်သံကို လုံးဝ မကြားရချေ။

မည်သည့်အချိန်က အိပ်ပျော်မိသွားမှန်းပင် မသိတော့ပေ။ နောက်တစ်ကြိမ် ပြန်နိုးလာသည့်အခါ မိုးစင်စင်လင်းနေပြီ ဖြစ်သည်။ သူမတစ်ကိုယ်လုံး ထွန်စက်ဖြင့် တက်ကြိတ်ခံထားရသကဲ့သို့ နာကျင်နေကာ ကိုယ်ပေါ်တွင် သူမနှင့် မသက်ဆိုင်သည့် တစ်စုံတစ်ခုက ဖုံးလွှမ်းထားသည်။

ဟဲလျန်ရှန်းသည် အလွန် နာခံမှု ရှိလှ၏။ အစောကြီးကတည်းက ရေနွေးအိုး တည်ကာ အခန်းထဲသို့ ယူလာပေးပြီး ပဝါစနှင့် ဆပ်ပြာတို့ကိုပါ သူမ လက်လှမ်းမီလောက်သည့် နေရာတွင် ပြင်ဆင်ပေးထားသည်။ ထို့နောက် သူမ ထွက်လာသည့်အခါ တံခါးကိုပါ ပြန်ပိတ်ပေးသွားလိုက်၏။

သန့်ရှင်းဆေးကြောပြီးနောက် ချင်းရှန်းလည်း မိတ်ဆက်စာ၊ အလုပ်ပြောင်းရွှေ့စာတို့ကို ကိုင်ကာ ကျန်းမာရေးဌာနသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

စက်ရုံအမှတ် ၄၁၂ ၏ ကျန်းမာရေးဌာနမှာ ဝန်ထမ်းအိမ်ယာနှင့် အနည်းငယ် ဝေးကာ ခြေလျင်သွားမည်ဆိုလျှင် ၇ မိနစ် ၈ မိနစ်ခန့် ကြာမြင့်ပေသည်။ သို့သော် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ထနောင်းပင်များ စိုက်ပျိုးထားသည့်အတွက် အရိပ်ရနေသောကြောင့် များစွာ မပူလှပေ။

ဆေးပေးခန်းမှာ စက်ရုံရုံးခန်း၊ စီမံရေးနှင့် လုံခြုံရေးဌာနများ ရှိရာ အဆောက်အဦးတွင်ပင် ရှိနေကာ ပထမဆုံးထပ်တွင် ရှိနေသည့်အတွက် သွားလာရန် အလွန် အဆင်ပြေလှပေသည်။ သူမက ဒါရိုက်တာ၏ ရုံးခန်းသို့ သွားကာ တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ပါ ..."

ဒါရိုက်တာ၏ နာမည်မှာ ချန်းဖုရှန်းဖြစ်ကာ အသက်ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ စစ်တပ်သုံးဆံပင်ကေနှင့် အနက်ရောင်ဘောင်ကွပ်ထားသော မျက်မှန်ကို တပ်ဆင်ထားသည့် ထိုသူ၏ ပုံစံမှာ အလွန် တည်ကြည်သည့်ဟန်ပင်။

"ကြိုဆိုပါတယ် ရဲဘော်ရှောင်ချင်း .. စီရင်စုခရိုင်ကနေ ဒီလိုမျိုး အရည်အချင်းရှိတဲ့သူကို ပို့ပေးလိုက်တော့ ငါတို့စက်ရုံက ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် စိတ်အေးရပြီပေါ့ ..."

ချင်းရှန်းက ထိုစကားများမှာ လောကဝတ်စကားများသာဖြစ်ကြောင်း သိပေသည်။ သူမက ဒါရိုက်တာချန်းမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိထား၏။ အတိတ်ဘဝကလည်း သူနှင့် နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ဖူးကာ သူမကို များစွာ ကူညီပေးခဲ့ဖူးသည်။

"ဒါရိုက်တာချန်း ယဉ်ကျေးလွန်းနေပါပြီ ကျွန်မက အခုမှ ကျောင်းဆင်းလာကာစ လက်တွေ့ကုသတဲ့ အတွေ့အကြုံလည်း မရှိသေးတော့ ဒါရိုက်တာချန်းစီကပဲ ပြန်လေ့လာသင်ယူရဦးမှာပါ အနာဂတ်မှာ အကြံဉာဏ်တွေ တောင်းဖို့အတွက် အခုကတည်းက တစ်ခါတည်း ခွင့်တောင်းထားပါရစေ ..."

ချန်းဖုရှန်းက အားရပါးရ ရယ်မောလိုက်သည်။

"ကောင်းတယ် .. ကောင်းတယ် ..."

ရဲဘော်ရှောက်ချင်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှ၏။ ထောင်လွှားမောက်မာခြင်းလည်း အလျဉ်းမရှိ။ မူလက စီရင်စုခရိုင်ကပင် စေလွှတ်ခြင်း ခံရသူ ဖြစ်သည့်အတွက် အလွန် မောက်မာလိမ့်မည်ဟု ထင်ထားမိခဲ့သော်ငြား မထင်မှတ်ထားလောက်အောင်ပင် ရိုရိုကျိုးကျိုး ရှိလှသည်။

ခေါင်းဆောင်တို့မည်သည် ရာထူးကြီးကြီးငယ်ငယ် ရိုသေကျိုးနွံတတ်သည့် နောက်လိုက်ကိုသာ ဦးဆောင်လိုသူများ ဖြစ်ကြပေသည်။

“အခု သီအိုရီပိုင်းဆိုင်ရာ စစ်ဆေးချက်တွေလည်း ပြီးသွားပြီဆိုတော့ တစ်ဦးချင်း စမ်းသပ်စစ်ဆေးချက် လုပ်တော့မယ်လို့ စဉ်းစားထားတာ .. ရဲဘော်ရှောင်ချင်းက ဘယ်နယ်ပယ်ကို အထူးပြု ယူမလဲ မသိဘူးနော် ... အချိန်မီ စီစဉ်ပေးလို့ ရအောင်လို့လေ ...”

ရှောင်ချင်းအပါအဝင် ဆရာဝန်သုံးယောက်နှင့် သူနာပြုသုံးယောက်၊ ထို့အပြင် ဒါရိုက်တာ ချန်းဖုရှန်းကိုပါ ထည့်တွက်လိုက်ပါလျှင် စုစုပေါင်း ဝန်ထမ်း ၇ ဦး ရှိပေသည်။ ခွဲစိတ်ဆရာဝန်တစ်ဦး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးအထူးပြုဆရာဝန်တစ်ဦးဟူ၍ အလုပ်တာဝန် အတည်တကျ ခွဲဝေထားသည်။ သူနာပြုနှစ်ဦးမှာလည်း ထိုနည်းလည်းကောင်းပင်။ နှစ်ဦးက ထိုဆရာဝန်နှစ်ဦး၏ လက်ထောက်များအဖြစ် ဆောင်ရွက်ကာ ကျန်တစ်ဦးက ဘဏ္ဍာရေးနှင့် သက်ဆိုင်သည့် အလုပ်များ၊ ဆေးဝါးများ ထိန်းသိမ်းရေးသိုလှောင်ရေး အစရှိသည့် အလုပ်များကို တာဝန်ယူရသည်။

ချင်းရှန်းက ဌာနသို့ စစရောက်လာခြင်း အချိန်တွင် မည်သူ့ကိုမှ အပြစ်မပြုမိစေရန်နှင့် ဌာန၏ လိုက်လျောညီထွေ ရှိနေမှုကို မနှောင့်ယှက်မိအောင် နေမည်ဟု ဆုံးဖြတ်ထားသည်။

“ကျွန်မက တိုင်းရင်းဆေးကို အထူးပြု လေ့လာထားတာဆိုတော့ တကယ်လို့ ဒီနယ်ပယ်အတွက် ဆရာဝန် မရှိသေးရင် ကျွန်မ တာဝန်ယူလိုက်လို့ ရမလား ...”

ချန်းဖုရှန်းက မျက်မှောင်ကြုတ်မိသွားသည်။

ဒါ ... တိုင်းရင်းဆေးသမားတော်က ဘာတွေ လုပ်တာလဲ ...

သူသည် အနောက်တိုင်းဆေးပညာအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူ ဖြစ်ကာ သူကိုယ်တိုင်လည်း အနောက်တိုင်းဆေးပညာကိုသာ ယုံကြည်စွာ သင်ကြားခဲ့သူ ဖြစ်သည်။ သူ့စိတ်ထဲတွင် တိုင်းရင်းဆေးပညာကို အကြောပြင်ပညာမျှသာဟု မှတ်ယူထား၏။ သို့သော် အကြောပြင်ပညာသည်ပင် ခွန်အားများစွာ စိုက်ထုတ်ရမည့်ပညာ ဖြစ်ပေရာ ချင်းရှန်းကဲ့သို့ မိန်းကလေးအနေဖြင့် လုပ်နိုင်ရန် မလွယ်လှချေ။

“ကျွန်မက တိုင်းရင်းဆေးပညာကို ဆရာဖြစ်သူနဲ့အတူ လေ့လာခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး ဒီဒေသရဲ့ အခြေအနေ ပြီးတော့ ခွဲတမ်းရတဲ့ အနောက်တိုင်းဆေးဝါးအရေအတွက်က အကန့်အသတ် ရှိနေတယ်လေ တကယ်လို့သာ ပြတ်လပ်နေတဲ့ တစ်ခဏမှာ တိုင်းရင်းဆေးနဲ့ ထိန်းထားလို့ ရနိုင်မယ်ဆိုရင် ကျွန်မရဲ့ဆရာ သင်ပေးထားတာတွေ အလဟဿ မဖြစ်တော့တာပေါ့ ...”

“ဟုတ်တယ် ရဲဘော်ရှောင်ချင်းက တကယ်ကို တွေးပေးတတ်တာပဲ ..စက်ရုံကို စွန့်ပစ်မြေတွေက ဝနန်းရံထားပေမယ့် အနီးအနားမှာ စစ်တပ်ရဲ့ လယ်ယာမြေဖော်ဆောင်ရေးဌာနက စိုက်ခင်းတွေ ရှိတယ်လေ တောင်ကုန်းဘက်မှာဆိုလည်း သိုးတွေဆိတ်တွေ ရှိနေတာပဲဆိုတော့ ဒေသထွက်ပစ္စည်းတွေကို လက်တွေ့ အသုံးချလို့ ရသားပဲ ...”

“တိုင်းရင်းဆေးရဲ့ အဆင်ပြေတဲ့တစ်ချက်က ဘာလဲဆို အနောက်တိုင်းဆေးလိုမျိုး ပါဝင်ပစ္စည်းတွေကို ပြန်ပြီး ထုတ်လုပ်နေစရာ မလိုဘဲ ဒေသထွက် ဆေးဖက်ဝင်ပစ္စည်းတွေကို အသုံးပြုလို့ ရတာပဲ ငါတို့ရဲ့နေရာက ဆေးဝါးစက်ရုံနဲ့ တော်တော်လေး ဝေးတော့ နှစ်လမှ တစ်ခါပဲ ဆေးထုတ်လို့ ရတာလေ အခုဆို ဆေးတော်တော်များများ မရှိတော့ဘူး ...”

“အင်း ...”

ချန်းဖုရှန်းက သူ့မေးစေ့ကို ပွတ်လိုက်သည်။ သူ့ပုံစံမှာ နောက်ဆုံးတစ်သုတ် ကျန်ရှိသည့် ပိုးသတ်ဆေးများ ကုန်သွားသည့်အပေါ် အတော်လေး သောကရောက်နေရဟန်ပင်။

ပဋိဇီဝဆေးများလည်း ပြတ်လပ်နေ၏။ ထိုဆေးများအား ဦးစားပေး ရရှိရန် အလို့ငှာ သူ့အနေဖြင့် ဆေးဝါးစက်ရုံ၏ ဒါရိုက်တာလီကို ထမင်းတစ်နပ် ဧည့်ခံကျွေးမွေးရပေလိမ့်ဦးမည်။

ချင်းရှန်းကလည်း သူ၏ စိုးရိမ်ပူပန်မှုကို သိနေခဲ့ဟန်ပင်။ သို့သော် သူမအနေဖြင့် လုပ်ပေးနိုင်သည့်အရာ မရှိ။ ဤအစွန်အဖျားဒေသများသည် ရှစ်လန်ခရိုင်၏ ဆေးဝါးခွဲတမ်းပမာဏနှင့် ယှဉ်နိုင်ဖွယ်ရာ မရှိပေ။ ဆေးပြတ်လပ်မှုအပေါ် သူမအနေဖြင့် လုပ်ပေးနိုင်သည့်အရာ မရှိ။ တိုင်းပြည်တစ်ခုလုံး၏ သိပ္ပံနှင့်နည်းပညာဌာနအပေါ်သာ မျှော်လင့်ချက် ထားရပေလိမ့်မည်။

နောက်ဆုံးမှ ရောက်လာသူ ဖြစ်သည့်အတွက် သူမ၏ အခန်းမှာ အတွင်းဘက်အကျဆုံးတွင် ရှိနေသည်။ ရုံးခန်းမှာ ငါးမီတာ ခြောက်မီတာခန့်သာ ကျယ်ဝန်းပြီး သစ်သားစားပွဲအဟောင်းတစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် ခုံတန်းရှည်တစ်ခုသာ ရှိပေသည်။

ကံကောင်းစွာဖြင့် .. သူမ ထွက်မလာမီ အဒေါ်ချွေ့က သွေးကြောစမ်းရာ၌ လက်တင်ရန် အသုံးပြုသည့် ခေါင်းအုံးအသေးလေးတစ်လုံးကို ကိုယ်တိုင် အပ်ချုပ်ကာ လက်ဆောင်ပေးခဲ့သည်။ အထဲတွင် လဲမှို့များ သွပ်ထားကာ လေးထောင့်ကျကျ ချုပ်ထားသည့် လက်တင်ခေါင်းအုံးလေးမှာ အလွန် နူးညံ့အိစက်လှ၏။ စားပွဲပေါ် တင်လိုက်သည့်အခါ နှစ်ပိုင်းကွဲသွားသယောင်ပင် ထင်ရသည်။

တစ်မနက်ခင်းလုံး သန့်ရှင်းရေးလုပ်အပြီးတွင် အိမ်သို့ တက်ကြွစွာ ပြန်လာခဲ့သည်။ သူမ ပြန်လာချိန်တွင် အဘွားက ထမင်းဟင်း ချက်ပြုတ်ပြီးနှင့်နေပြီ ဖြစ်ကာ ယမန်နေ့က ကျန်သည့် ကြက်သားနှပ်နှင့် တွဲဖက်စားရန် ပေါက်စီပူပူလေးများကိုပါ ပြင်ဆင်ပေးထားသည်။

လုပ်ငန်းခွင်အသစ်၏ ပထမဆုံးနေ့၊ သာယာလှပသော နေ့လေးတစ်နေ့ပါပင်။

All Chapters