Chapter 46
Vol. 4 Ch. 46
သူတို့နှစ်ဦး အတူနေချိန်မှစကာ ချင်းကွေ့ဟွားသည် ညစာ စားပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ကို ချက်ခြင်း နှင်ထုတ်တော့သည်။
သူတို့က အသစ်စက်စက် ဇနီးမောင်နှံတွေလေ ...
စကားပြောရန် ပြန်လာကြသည့် အိုက်လန်နှင့် ရှောင်ချင်းဖန်တို့လည်း တစ်ခုခုကို သဘောပေါက်သွားကြဟန်ပင်။ တစ်ခုခု ဖြစ်သွားမှန်း ခန့်မှန်းမိလိုက်သည့်အတွက် ချင်းရှန်းအား အိပ်ခန်းထဲသို့ တွန်းပို့ကာ တံခါးပါ ပိတ်ပေးလိုက်ကြ၏။
ဟဲလျန်ရှန်းကလည်း အားလုံး၏ ဆိုလိုရင်းကို သဘောပေါက်ခဲ့သည်။ မည်သည့်အကြောင်းကြောင့်ရယ် မသိ၊ ချက်ခြင်းလက်ငင်း ပူအိုက်လာသယောင်ပင်။
အခန်းထဲရှိ အနွေးကုတင်ကြီးပေါ်ရှိ ဇနီးသည်၏ "ဘာရပ်လုပ်နေတာလဲ ဝင်လာလေ" ဟူသော အော်ခေါ်သံကို ကြားလိုက်ရသည့်အခါ ပို၍ပင် ပူအိုက်လာတော့၏။
သူက ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။
"ဘာလဲ ..."
"ကုတင်ပေါ် လာလေ ..."
ဟဲလျန်ရှန်း၏မျက်နှာ နီမြန်းသွားသည်။ တရားဝင် ဇနီးမောင်နှံ ဖြစ်နေပြီ ဖြစ်သော်ငြား ... နေမဝင်၊ မှောင်ရိပ်မပျိုးသေးရာ ...
"သုံးအထိ ရေမယ် ကိုယ်တိုင် ဝင်လာမလား လာဆွဲခေါ်ရမလား ..."
ချင်းရှန်းက မြေခွေးတစ်ကောင်နှယ်ပြုံးကာ မေးလိုက်သည်။ အမှန်တကယ်တွင်မူ သူမလည်း အနည်းငယ် စိတ်တိုမိနေပြီ ဖြစ်သည်။
အကြောင်းမှာ ပြီးခဲ့သည့် နာရီဝက်လောက်က ကျောက်ချင်းစုန့်သည် သူ၏ တည်ရှိမှုကို တိုးမြှင့်ရန် နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်၍ ဖြစ်သည်။ သူက စကားတစ်ချို့ ပြောကာ လောင်ဟဲ၏ ခြေထောက်ကိုလည်း ဖျစ်ညှစ်ခဲ့၍ ဖြစ်သည်။ အဓိက အချက်မှာ ဤအရူးက "ညီအစ်ကို" ဟု တွင်တွင်ခေါ်ရင်း စူးစူးဝါးဝါး အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။
ဟဲလျန်ရှန်းက မျက်နှာပူစွာဖြင့် အခန်းထဲသို့ လိုက်ဝင်လာသည်။ တံခါးပိတ်ခဲ့ရန် ပြောလာသည့် သူမ၏ အသံချိုချိုလေးကို ကြားလိုက်ရသည့်အခါ ပို၍ပင် ပူအိုက်သွားတော့၏။
"ကုတင်ပေါ်သွားပြီး လှဲနေလိုက် ..."
ဟဲလျန်ရှန်း - "..."
ချင်းရှန်းမှာ စိတ်မရှည်တော့။ လောင်ဟဲက သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည့်အလား ရပ်နေသည့်အတွက် စိတ်ဓာတ်ကျတော့မယောင်ပင် ဖြစ်လာတော့သည်။
"အိပ်ယာပေါ်လှဲပြီး ဘောင်းဘီ ချွတ်ထား ..."
ဟဲလျန်ရှန်း - "..."
သူ့တစ်ကိုယ်လုံး မီးကင်ထားသည့် ပုစွန်သဖွယ် နီမြန်းလာတော့၏။
ဒါမျိုးကိစ္စဆို ယောကျာ်းလေးဘက်ကပဲ စရတာ မဟုတ်ဘူးလား ... ရဲဘော်ရှောင်ချင်းက တကယ်ကို ... မဟုတ်သေးဘူး ငါက တုံးလွန်းနေတာများလား ၁၉ နှစ်အရွယ် ကောင်မလေးဘက်က လက်သည်းစထုတ် ... သံလွင်ခတ် စကမ်းရတဲ့အထိကို တုံးနေလို့များလား ...
ချင်းရှန်းက မျက်နှာတစ်ခုလုံး နီမြန်းလာသူကို ကြည့်ကာ ထိုလူလောင်ဟဲသည် အတွေးလွန်နေပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူမက မျက်လုံးကို လှိမ့်ကာ ပြောလိုက်၏။
"ဘယ်ဘက်ဘောင်းဘီကို ချွတ်လိုက် ရှင့်ခြေထောက်ဒဏ်ရာကို ကြည့်ပေးမယ် ..."
ထိုအခါမှ လောင်ဟဲ၏ မျက်နှာပေါ်ရှိ နီမြန်းမှုတို့ ပပျောက်သွားတော့သည်။ ငရုတ်ကောင်းစေ့လေးက သူ့ကို လက်သီးတစ်ချက် ပစ်ခွင်းလာမည်ကို စိုးရိမ်သောကြောင့် ထပ်ပြီး တုန့်ဆိုင်းမနေရဲ၊ သူမ၏ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်လုပ်လိုက်သည်။
ဘောင်းဘီဝတ်ထားချိန်၌ သူ့ခြေထောက်များမှာ သာမန်မျှသာပင်။ ခြေတံရှည်နှစ်ချောင်းဟုသာ တွေးမိခဲ့၏။ သို့သော် မြင်သာအောင် ဖော်ထုတ်လိုက်ကာမှ ထိုခြေထောက်နှစ်ချောင်းမှာ "လှပသည်" ဟုပင် ဆိုနိုင်ကြောင်း သဘောပေါက်သွားတော့သည်။
သွယ်လျဖြောင့်စင်းနေသည်မှာ ထည့်ပြောရန်ပင် မလို။ ကြွက်သားတို့က ရှိသင့်ရှိထိုက်သည့် နေရာတိုင်းတွင် နေရာယူထားကာ တုတ်ခဲခြင်း မရှိသလို ပိန်လှီခြင်းလည်း မရှိ၊ ခွကြားရှိ ကျန်းမာသန်စွမ်းလှသည့် တတိယခြေထောက်ကိုမူ လျစ်လျူရှုထားရပေလိမ့်မည်။
ဤသည်မှာ လူ့သဘာဝ ဖြစ်သည့်အတွက် ချင်းရှန်းက အတင်း ဖိအားမပေး။ သူမ၏ အကြည့်တို့ကို အဓိပ္ပါယ် ဖော်နိုင်သွားသည့် ဟဲလျန်ရှန်းမှာ နောက်တစ်ကြိမ် ပူအိုက်လာပြန်ကာ ခြေထောက်များကို နေရခက်စွာဖြင့် ကျုံ့ထားလိုက်သည်။ ထိုစဉ် အေးစက်နူးညံ့သည့် လက်ချောင်းများ၏ အထိအတွေ့ကို ခြေထောက်မှတစ်ဆင့် ခံစားလိုက်ရ၏။
တစ်မဟုတ်ချင်းပင် ချင်းရှန်းသည် သူမ၏ လက်ဖဝါးအောက်ရှိ ကြွက်သားများ တောင့်တင်းသွားပြန်ကြောင်း ခံစားမိလိုက်သည်။
"စိတ်လျော့ထားပါ .. ဒီနားက နာလား ..."
"မနာပါဘူး ..."
"ဒီနားရော ..."
သူမက တောင်တောင်အီအီ စဉ်းစားနေခွင့် မပေး။ ခန္ဓာဗေဒနေရာပြပုံအတိုင်း တစ်လက်မမကျန် တရွေ့ရွေ့ စမ်းသပ်လိုက်သည်။
များမကြာမီ ပြဿနာ ရှိနေသည့် နေရာကို တွေ့သွား၏။
"ဒဏ်ရာ ရထားတဲ့နေရာက အခုထိ ပြန်မသက်သာသေးဘူး .. အဲဒါကြောင့် ခွန်အားသုံးရမယ့် လေ့ကျင့်ခန်းတွေ လုပ်လို့မရဘူး ဟုတ်ပြီလား ..."
"အင်း ..."
ထိုနေရာ၌ ဒဏ်ရာ မရှိသည့်အပြင် သူမကိုလည်း မည်သူကမှ ဤအကြောင်း မပြောခဲ့ဖူးပေ။ ထိုသို့ ဖြစ်သည့်တိုင် ဒဏ်ရာအရင်းအမြစ်ကို လက်ဖြင့် စမ်းသပ်ကာ ရှာတွေ့သွားသည့်အတွက် လောင်ဟဲသည် ချင်းရှန်း၏ အရည်အချင်းအပေါ် အံ့အားသင့်သွားတော့သည်။
တစ်ဖက်လူက အနည်းငယ်ပင် စိုးရိမ်နေခြင်း အလျဉ်းမရှိသည့်အတွက် ချင်းရှန်းက ဒေါသတကြီး သတိပေးလိုက်သည်။
"ရှင့်ကိုယ်ရှင် ကောင်းကောင်း ဂရုမစိုက်လို့ နောင်တစ်ချိန်မှာ တကယ် ဒုက္ခိတ ဖြစ်သွားလို့ကတော့ ရှင် ... ရှင့်ကို ကွာရှင်းပစ်မယ်ဆိုတာ မှတ်ထားလိုက် ..."
အမျိုးသားက မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး ..."
"ဖြစ်နိုင်လား မဖြစ်နိုင်လား အချိန်ကျရင် သိရမှာပေါ့ ..."
ချင်းရှန်းက စကားလုံးကြမ်းကြမ်းများကို များစွာ မပြောသင့်ကြောင်း သိသည့်အတွက် ဒဏ်ရာဟောင်း ရှိသည့်နေရာကို အသာ နှိပ်နယ်ပေးလိုက်သည်။ တစ်ခဏမျှ ကြာသည့်အခါ လောင်ဟဲ၏ မျက်ခုံးကြောတို့ ပြေလျော့ကာ ကြွက်သားများလည်း တောင့်တင်းခြင်း မရှိတော့ပေ။
"ကျွန်မ မရှိတဲ့အခါကျလည်း ဒီလိုမျိုး ကိုယ့်ဘာသာကိုယ် နှိပ်နော် ဒါက အကြောပြေပြီး အရိုးမှာ ဒဏ်ဖြစ်နေတာကိုလည်း သက်သာစေတယ် ..."
ချင်းရှန်းက မည်သည့်နေရာ၌ အားစိုက်ရမည်၊ မည်သည့်နေရာတွင် မည်သည့်နည်းကို အသုံးပြုရမည် စသည်ဖြင့် နှိပ်ပုံနှိပ်နည်းကို တစ်ဆင့်ချင်း သင်ပေးလိုက်သည်။
ဉာဏ်ကောင်းသူများသည် အချိန်တိုအတွင်း လျင်မြန်စွာ သင်ယူနိုင်ကြသူများ ဖြစ်သည့်အလျောက် လောင်ဟဲသည်လည်း နာရီဝက်အတွင်းမှာပင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတော့သည်။ ချင်းရှန်းက သူမ၏ လက်ကို ပြန်ရုတ်ကာ ပြောလိုက်သည်။
"အရင်ဆုံး ဒီနည်းကိုပဲ သုံးထားကြတာပေါ့ ကြွက်သားတွေအားလုံး ပြေလျော့သွားပြီဆိုမှ အပ်စိုက်နည်းကို သုံးမယ် အဲဒါမှ ရလဒ်က ပိုကောင်းလာမှာ ..."
"ဒါနဲ့ ကျွန်မ ဆေးညွှန်းတစ်ခု ရေးပေးဦးမယ် ရှင် အပြင်သွားရတဲ့အခါ ဆေးထုပ်ကိုပါ ယူသွား ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ် ပြီးမှ ဒဏ်ရာရထားတဲ့ နေရာကို ဆေးလိမ်းပေး ..."
ယခုလက်ရှိ သူမတို့ ရောက်နေသည့် ဒေသ၌ လူသုံးများသည့် အနောက်တိုင်းဆေးဝါးအချို့သာ ရှိကာ တိုင်းရင်းဆေးများ မရှိ။ တိုင်းရင်းဆေး လိုချင်ပါလျှင် တပ်မဟာ သို့မဟုတ် စီရင်စုဆေးရုံမှ ပို့ပေးမှသာ ရနိုင်မည် ဖြစ်သည်။
ဟဲလျန်ရှန်းက သူမ၏ အရည်အချင်းကို သိထားသည့်အတွက် သူမ၏ စကားများကို အကြွင်းမဲ့ ယုံကြည်ကာ လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် ..."
ရှင့်ကို သူခိုးတွေကြောင့် နောက်တစ်ကြိမ် ထော့ကျိုး မဖြစ်စေချင်တော့လို့ ...
လဝက်ကြာသည့်အခါ ချင်းရှန်းသည် သူမ၏ အလုပ်အသစ်နှင့် အသားကျသွားကာ ညဘက်တွင် ဟဲလျန်ရှန်း၏ ခြေထောက်ကို မပျက်မကွက် နှိပ်နယ်ပေးသည်။ သူမပဲ အမြင်မှားလေသလားတော့ မသိ။ ရက်ပိုင်းအတွင်းမှာပင် ခြေထောက်ကြွက်သားများ သိသိသာသာ ပြေလျော့လာကာ ထုံကျင်ကိုက်ခဲကာ ရောင်ယမ်းနေမှုများလည်း များစွာ လျော့နည်းလာခဲ့သည်။
အတိတ်ဘဝတွင် အချိန်များစွာ နောက်ကျပြီးမှသာ တစ်ဦး၏ ခံစားချက်ကို ကျန်တစ်ဦးက သဘောပေါက်ခဲ့ရသည်။ ထိုအချိန်က သူ၏ ဒဏ်ရာရထားသည့် ခြေထောက်ကို ကုသပေးရန် နည်းလမ်းမျိုးစုံ စဉ်းစား၊ စာအုပ်များစွာ ဖတ်ရှုခဲ့သော်ငြား ကံမကောင်းစွာပင် ဒဏ်ရာ အမြစ်တွယ်သည့် ကာလမှာ အလွန် ကြာမြင့်နေပြီဖြစ်၍ ပျောက်ကင်းအောင် မကုသနိုင်တော့။ နာကျင်မှုကိုသာ လျော့ချပေးနိုင်ခဲ့သည်။ သို့သော် မိုးရွာသည့်နေ့တိုင်း ထုံကျင်ကိုက်ခဲသည့် ဝေဒနာကို ခံစားရမြဲပင်။
သူမတို့၏ ပျော်ရွှင်ဖွယ်ဘဝနှင့် ဆန့်ကျင်စွာပင် ဘေးအိမ်ရှိ ကျောက်မိသားစုမှာ သုန်မှုန်ထိုင်းမှိုင်းသည့် လေထုထဲသို့ ရောက်ရှိနေကြသည်။
ကျောက်ဟိုင်ယန်က အခုတလော သူ့အဖေသည် သိပ်ပြီး စိတ်မကြည်ဟု ခံစားမိနေခဲ့သည်။ သူ့အဖေသည် အိမ်၌နေသည့်အချိန် ရှားသော်ငြား အိမ်တွင် ရှိနေသည့်အချိန်တိုင်း စိတ်လက်ကြည်သာနေခဲ့သည်သာပင်။ တစ်ခါတစ်လေ သူ့ကိုပင် မုန့်ဖိုး ဆယ်ပြားခန့် ပေးတတ်သေး၏။ သို့သော် ယခုမူ အခြေအနေက မတူ။ နေ့တိုင်း အိမ်ကပ်နေကာ စိတ်ကြည်သည့်တိုင် မုန့်ဖိုးမပေး၊ အချိန်အကြာကြီး လှည့်ပတ်တောင်းလျှင်ပင် တစ်ပြားနှစ်ပြားထက်ပိုပြီး မရတော့ချေ။
ထိုသို့ တွေးနေစဉ်မှာပင် သူ့ညီမကလည်း ဖခင်ဖြစ်သူ၏ နှင်ထုတ်မှုကြောင့် အခန်းထဲမှ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ပြန်ထွက်လာ၏။
"ကောကော ရေခဲချောင်း စားချင်တယ်..."
"ရေခဲချောင်းက မရှိဘူး မုန့်ဆိုင်မှာလည်း ကုန်နေတာတဲ့ ..."
"လိမ်နေတာ .. ဟုန်ချီကောကော စားနေတာ မြင်ခဲ့ပါ့ ..."
"လျှိုဟုန်ချီရဲ့ အဖေက တပ်စုတစ်ခုလုံးရဲ့ အရာရှိလေ မင်းအဖေက လက်ထောက်ကေဒါတပ်သား ဖြစ်နေတာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ .. ဘာလို့ သူများတကာနဲ့ လိုက်ယှဉ်နေတာလဲ ..."
ကျောက်ချင်းစုန့်က အနွေးကုတင်ပေါ် လှဲရင်း မကျေမနပ် ပြောလိုက်သည်။
ကလေးများအပေါ် သူ့ဒေါသစိတ်ကို ဖောက်မထုတ်သင့်ကြောင်း သိထားသည့်အတွက် ပုံမှန်အချိန်များတွင် သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့သော် ယခုမူ မည်သို့မှ မတတ်နိုင်။ အထူးသဖြင့် စက်ရုံ၏ အကြီးအကဲများက မစ္စတာချန်း၏ အလုပ်ခရီးတွင် ဟဲလျန်ရှန်းကို လိုက်ပါစေမည်ဟု ကြားလိုက်ရသည့်အခါ ပို၍ပင် စိတ်ပျက်မိသွားတော့သည်။
ကလေးများကလည်း ပါးစပ်ကို ပိတ်ကာ ယုန်ထက်ပင် မြန်သည့်အရှိန်ဖြင့် ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ၏ မျက်ဝန်းထဲမှ စိတ်ပျက်မှုကို မမြင်လိုက်ကြ။
မစ္စတာချန်း၏ အလုပ်ခရီးတွင် အတူတူ လိုက်ပါရန်အတွက် သူ့ကိုသာ ရွေးချယ်ကြလိမ့်မည်ဟု ကျောက်ချင်းစုန့်က တစ်ထစ်ချ တွက်ဆထားသည်။ အကြောင်းမှာ ယခင်က အရေးကြီးတာဝန် တစ်စုံတစ်ရာ ရှိလာလေတိုင်း သူ့ကိုသာ ဦးစားပေး ရွေးချယ်ခဲ့ကြ၍ ဖြစ်သည်။ ထို့အပြင် သူက မစ္စတာချန်းကို ခေါ်လာပေးခဲ့သူ ဖြစ်သည့်အတွက် သူ့ကိုသာ ရွေးလိမ့်မည်ဟု အပိုင်အနိုင် တွက်ဆထားခဲ့သည်။
သို့သော် ... စောင့်ရင်းစောင့်ရင်း ... မိသားစုကို ထိုအကြောင်း ရှင်းပြကာ ပေါင်ကျူးကိုပင် သူမအတွက် တစ်ခုခု ဝယ်လာပေးမည်ဟု လိမ်ညာခဲ့ပြီးကာမှ .. လူစာရင်း ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထိုသူမှာ အခြားသူမဟုတ် ဟဲလျန်ရှန်းသာ ဖြစ်ပေသည်။
တစ်ခြား ဘယ်သူ့ကိုပဲ အစားထိုးထိုး ရပေမယ့် ဘာလို့ ရှောင်ဟဲကိုလဲ ...
ရှောင်ဟဲက ဒဏ်ရာရထားတာ ကိုယ်လက်အင်္ဂါကို သုံးတဲ့နေရာမှာလည်း ငါလောက် အဆင်မပြေဘူး ပြီးတော့ ရှေ့တန်းကနေ ဝေးနေတာ နှစ်ပေါင်း မနည်းတော့ဘူးဆိုတော့ တိုက်တဲ့ခိုက်တဲ့နေရာမှာလည်း ငါ့ကို မယှဉ်နိုင်ဘူးလေ တောကြိုအုံကြားက လူတွေကို ကြိုဖို့ အလုပ်ရှုပ်နေရင်း မစ္စတာချန်းနဲ့ မတော်တဆ တွေ့မိသွားတဲ့ဟာကို ... ဘာလို့ သူ့ကို ရွေးလိုက်ကြတာလဲ ...
သူ့စိတ်ထဲတွင် "ဘာလို့လဲ" ဟူသည့် မေးခွန်းများစွာ ပေါ်ထွက်လာသော်ငြား နောက်ဆုံးတွင်မူ တစ်ခုကိုမှ ထုတ်မမေးနိုင်ခဲ့ချေ။
ကျောက်ချင်းစုန့်က စိတ်ဓာတ်ကျစွာဖြင့် လှဲနေလိုက်သည်။ ချက်ပြုတ်ရန် အိမ်ပြန်လာသည့် လျှိုပေါင်ကျူးကလည်း သူ့ကို မြင်လိုက်ရသည့်အခါ အံ့ဩသွားတော့၏။
"အလုပ်က ဒီနေ့ အစောကြီး နားတာလား ..."
"အင်း ..."
"ရှောင်ဟဲကိုတောင် မတွေ့ရတာ ကြာပြီနော် သူ့ကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးကြမလား ကျွန်မ အချိန်မီ ဝယ်ခြမ်းထားလိုက်မယ်လေ .. ဟေး ဘာလဲ ကျွန်မ ပြောလို့ မပြီးသေးဘူးလေ ..."
"မစားတော့ဘူး ..."
သူ့ကိုယ်သူလည်း ဘာကြောင့် ဒေါသထွက်မိနေမှန်း မသိ။ မည်သူကမှ သူ့ကို ရန်မစသည့်တိုင် သူ့ဒေါသကို မထိန်းနိုင်။ တည်ငြိမ်ရင့်ကျက်သည့် ယောကျာ်းကောင်းတစ်ယောက် ဖြစ်သည့်အတွက် အမှန်တကယ် ဒေါသထွက်မလာမီ အိမ်ထဲမှ ထွက်သွားရန် လိုအပ်ပေသည်။ ထို့ကြောင့် မည်သူမှ ရှိမနေမည့် နေရာတစ်ခုကို ရှာဖွေလိုက်တော့သည်။
တစ်ဖက်တွင် ချင်းရှန်းသည်လည်း ဟဲလျန်ရှန်းမှာ အလုပ်ခရီးတစ်ခု သွားရမည်ဟု သိလိုက်ရသည့်အတွက် အလွန် ပျော်ရွှင်နေခဲ့သည်။ ဤသည်မှာ သူကိုယ်တိုင် အောင်မြင်စွာ ရရှိခဲ့သည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
"ခရီးသွားတဲ့အခါကျ ငွေကို ထည့်တွက်ပြီး ကိုယ့်ကိုယ့်ကိုယ် အငတ်ခံနေတာမျိုး မလုပ်နဲ့နော် ..."
"အေးနေမလား မသိနိုင်လို့ ကုတ်အင်္ကျီပါ ထည့်သွား ..."
"ဒီခြေအိတ်တွေက ပြဲနေပြီ အသစ်နှစ်စုံ ယူသွားလိုက် ..."
"ပဝါလည်း အသစ်ပဲ ယူလေ ..."
ဟဲလျန်ရှန်းသည် သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်နိုင်သည့် သန်မာသော ယောကျာ်းတစ်ဦး ဖြစ်ကာ အမြဲတစေ အထုပ်အပိုးကို ကိုယ်တိုင် ပြင်ဆင်ထုပ်ပိုးခဲ့သူလည်း ဖြစ်သည်။ သို့သော် အခန်းထဲ ဝင်လိုက်ထွက်လိုက်ဖြင့် ပျားတစ်ကောင်နှယ် အလုပ်များနေသော ဇနီးလေးကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် နွေးထွေးသည့် ခံစားချက်တစ်ရပ် ဖြတ်သန်းသွားတော့သည်။
"အရမ်းကြီး အပင်ပန်း မခံပါနဲ့ ..."
သူမ၏ ခါးကို ပွေ့ဖက်ကာ ပုခုံးပေါ် မေးတင်လျက် ပြောလိုက်သည်။
"ကောင်းပါပြီ အပြင်ရောက်ရင် လုံခြုံရေးကို ဦးစားပေး ဂရုစိုက်ရမယ်နော် ..."
မစ္စတာချန်းနှင့်အတူ လိုက်ပါရသည်မှာ အလွန် အန္တရာယ် များလှပေသည်။ ဤနယ်ပယ်ရှိ သူ၏ ဂုဏ်သတင်းကြောင့် ရန်သူများကလည်း သူ့လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြမည် ဖြစ်သည်။
"ဒါနဲ့ ညတိုင်းညတိုင်း ခြေထောက်ကို နာရီဝက်လောက် နှိပ်ဖို့လည်း မမေ့နဲ့ဦး ..."
"ကောင်းပါပြီ ..."
အတိတ်ဘဝတွင်လည်း ဤကဲ့သို့ပင် အလုပ်ခရီး ထွက်ရသည့် အကြိမ် အနည်းငယ်ခန့် ရှိခဲ့ဖူးသည်။ ထိုစဉ်က ချင်းရှန်းမှာ ယခုထက်ပင် စကားများကာ တရစပ် နားပူနားဆာ ပြောတတ်သေးသည်။ သူက အခေါက်တိုင်း ပြုံးပြုံးကြီး နားထောင်ကာ သူမ၏ စကားများ ပြီးသွားကာမှ လက်ယမ်းပြ၍ အထုပ်အပိုးကို သယ်ကာ လှည့်ထွက်သွားတတ်သည်။ ထွက်သွားပြီးသည်နှင့် နောက်ပြန်လှည့်လာခြင်း မရှိတော့။
ရှောင်ဟဲကို လိုက်ပို့အပြီးတွင် ချင်းရှန်း၏ နေ့စဉ် လုပ်ငန်းဆောင်တာများမှာ တရားဝင် ပုံမှန် ပြန်ဖြစ်သွားတော့သည်။ သူမထံ လာရောက်ကုသသည့် လူနာများ မရှိသေးသည့်တိုင် ရုံးအလုပ်ကိစ္စများမှာ အလွန် များပြားလှသည်။ လောင်ချန်းသည် လူကြမ်းတစ်ဦးဖြစ်ကာ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ၌ မကျွမ်းကျင်လှ။ အခြားဆရာဝန်များမှာလည်း အသက်အရွယ် ကြီးရင့်ကာ အမြင်အာရုံ မကောင်းကြတော့၊ ငယ်ရွယ်သူဟူ၍ ချင်းရှန်းတစ်ဦးသာ ရှိပေရာ ထိုတာဝန်အားလုံးမှာ သူမ၏ ခေါင်းပေါ်သို့ အလိုလို ကျရောက်သွားတော့သည်။
ဌာနသို့ ရောက်လာသည့် လူသစ်တိုင်း ဤသို့ ကြုံတွေ့ရစမြဲဟုသာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတော့သည်။
အထူးသဖြင့် တပ်ဖွဲ့အဆင့် အသီးသီးမှ ပို့ပေးလာသမျှ စာရွက်စာတမ်းအားလုံးကို အပုံလိုက် ပုံထားကာ အံဆွဲနှင့် ဗီရိုများမှာလည်း ရှုပ်ယှက်ခတ်နေကြသည်။ စားပွဲအောက်ခြေ၌ ခုထားသည့် အနီရောင်ခေါင်းစည်းပါ စာရွက်များမှာလည်း မနည်းမနောပင်။
လန်ဟဲမြို့မှာ မြို့တော်နှင့် အလှမ်းဝေးကွာ၍သာ တော်သေးသည်။ သို့မဟုတ်၍ ဤဖြစ်ပုံပျက်ပုံများကို တော်လှန်ရေးကောင်စီ သိရှိသွားပါလျှင် နောက်တစ်ကြိမ် ကသောင်းကနင်း ဖြစ်သွားပေလိမ့်ဦးမည်။
သိမ်းသင့်သည်ကိုသိမ်း၊ ထုတ်သင့်သည်ကို ထုတ်၊ တူရာတူရာ မျိုးတူစုကာ ကျန်းမာရေးဌာနတစ်ခုလုံး စနစ်တကျ သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် လဝက်ထက်မနည်း အချိန်ပေးလိုက်ရပြီးကာမှ အေးအေးဆေးဆေး အနားယူနိုင်တော့သည်။
ထိုစဉ် အရွယ်မရောက်တရောက် ကောင်လေးတစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရောက်လာသည်။
"ဒေါက်တာရှောင်ချင်း ရှိပါသလား ..."
ရှောင်ချင်းက မော့ကြည့်လိုက်သည်။ ထိုအမျိုးသမီးကို တစ်နေရာရာ၌ မြင်ဖူးနေသယောင် ခံစားမိလိုက်၏။ ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူတစ်ဦး ဖြစ်သည့်ဟန်ပင်။
"ဝင်လာလေ .. အစ်မ ..."
ညိုမည်းနေသော မျက်နှာပိုင်ရှင် ထိုအမျိုးသမီးက မညီညာသော်လည်း အလွန် ဖြူဖွေးသော သွားများကို လှစ်ဟရင်း ပြုံးပြလာသည်။
"ပြောသားပဲ ဒေါက်တာချင်းက ငါ့ကို မသိလောက်ပါဘူးဆို ... ကျွန်မက ဒေါက်တာတို့အိမ် အနောက်ခြမ်း သုံးတန်းမြောက် ဘယ်ဘက်ကနေ ရေရင် တတိယမြောက် အိမ်ကပါ ..."
ချင်းရှန်းက တစ်ခဏမျှ စဉ်းစားကြည့်ပြီးနောက် သိပ်မကြာခင် အချိန်က သူမ၏ မွေးရပ်မြေတွင် ထိုအသံမျိုး ကြားခဲ့ဖူးသည်ဟု ဝိုးတဝါး မှတ်မိလိုက်သည်။
သူမ၏ မှတ်မိဟန်မရှိပုံကို သတိပြုမိသည့်အတွက် ထိုအမျိုးသမီးက ထပ်ပြီး ရှင်းပြလိုက်သည်။
"ကျွန်မအိမ်သားရဲ့ နာမည်က ကျန်းယွင်ဖန်းလေ ... တတိယတပ်ဖွဲ့ရဲ့ လယ်ယာမြေအဖွဲ့ခွဲက ထွန်စက်မောင်းတဲ့ ကျန်းယွင်ဖန်း .. တပ်ထဲမှာ အရပ်အရှည်ဆုံးနဲ့ အချောဆုံးတစ်ယောက်လေ ကျွန်မယောကျာ်းက ဟိုးအရင်ကဆို ရွာမှာ အချောဆုံးယောကျာ်းလေး ဖြစ်ခဲ့တာ ကျွန်မဖြင့် သူ့ကို ဟိုးငယ်ငယ်လေးကတည်းကကို ကြွေခဲ့ရတာလေ ..."
အရွယ်ရောက်စပြုနေပြီဖြစ်သည့် ကလေးက ထိုစကားများအပေါ် ရှက်ရွံ့သည့်ဟန်ပင်။ သူမ၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။
"အမေ .. စကားတွေ ရှည်မနေပါနဲ့တော့ ..."
အမျိုးသမီးက နောက်ပြန်လှည့်ကာ သူ့လက်ကို ရိုက်လိုက်သည်။
"ဘာတွေ ပြောနေတာလဲ ဒီကလေးကတော့ .. တအားကို ဆိုးလိုက်တာ . ဒေါက်တာရှောင်ချင်း ရှင် မှတ်မိသွားပြီလား ..."
ချင်းရှန်းက ယခုထိ မမှတ်မိသေး။ သို့သော် မမှတ်မိကြောင်းကိုလည်း ထုတ်မပြတော့ချေ။ ထို့အပြင် တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း သိခြင်း မသိခြင်းမှာ သူမ၏ ကုသမှုကို မသက်ရောက်နိုင်ချေ။
"အစ်မကြီး .. ဘာဖြစ်လို့လဲ ..."
ရံဖန်ရံခါ စကားလာပြောကာ ဆေးဘယ်လိုသောက်ရမည်၊ ဆေးဘယ်လိုထိုးရမည် စသဖြင့် မေးတတ်သူများနှင့် ယှဉ်ပါလျှင် ဤသားအမိမှာ လူနာစစ်စစ်ဟု ခေါ်နိုင်ပေသည်။ ချင်းရှန်းကလည်း သူတို့ကို အလေးအနက် မေးလိုက်ကာ သူမကိုယ်တိုင်ပင် သတိမပြုမိပါဘဲ ခါးကို မတ်ထားမိလိုက်တော့သည်။