← Chapters

Chapter 47

Vol. 4 Ch. 47

Chapter 47

Vol. 4 Ch. 47

ထိုအခါမှ လူနာအမျိုးသမီးလည်း အရေးကြီးကိစ္စကို မှတ်မိသွားဟန်ပင်။

"ကြည့်ပါဦး မေ့နေလိုက်တာ ... နေမကောင်းတာက ကျွန်မ မဟုတ်ဘူး ကျွန်မရဲ့သားပါ ..."

"အမေ့ .. ကျွန်တော့်နာမည်က အားတန် မဟုတ်တော့ဘူး ‌ကျန်းကျန်ဟွားလို့ ..."

လူငယ်လေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ဘေးမှ မြင်နေရသည့် ချင်းရှန်းမှာလည်း ရယ်ချင်မိလာတော့၏။ ဤသည်မှာ အဘွားက သူမအား ချင်းဖန်တိဟု မိတ်ဆက်ပေးလေတိုင်း စတုတ္ထလေး ဖြစ်သွားတတ်သည့် ပုံစံအတိုင်းပင်။

မျက်မှောင်ကြုတ်ကာ အတင်း ငြင်းဆန်လိုက်တော့၏။

"ဟုတ်ပါပြီ ကျန်းကျန်ဟွားရေ ဘယ်နားက နေလို့ မကောင်းတာလဲ ပြောပါဦး ..."

လူငယ်လေးက မျက်နှာတစ်ပြင်လုံး နီမြန်းကာ တုန့်ဆိုင်းသွားသည်။

မိခင်ဖြစ်သူက သူ့ကို ရှေ့တွန်းပို့လိုက်၏။

"အားတန် အဒေါ်ချင်းကို သေချာပြောလိုက်လေ ဟုန်ချီရဲ့ ချောင်းဆိုးတာကိုတောင် အဒေါ်ချင်းက ပျောက်အောင် ကုပေးတာလို့ မင်းအဒေါ် ယွီဟွားက ပြောခဲ့တယ် မဟုတ်လား ..."

ချင်းရှန်းက သူမအား လူသိများလာအောင် လုပ်ပေးသူမှာ လီယွီဟွားဖြစ်ကြောင်း သဘောပေါက်သွားသည်။ လူနာအရေအတွက် ရုတ်တရက် များပြားလာခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။

လီယွီဟွားသည် အရာရှိလျှို၏ မိသားစုဖြစ်ကာ သူမတို့တွင် ချောင်းဆိုးဝေဒနာကို နှစ်ရှည်လများ ခံစားနေရသည့် သားတစ်ဦး ရှိပေသည်။ ဆေးရုံအမျိုးမျိုး ပြောင်းလဲကာ ကျွမ်းကျင်ဆရာဝန်မျိုးစုံနှင့် ပြသခဲ့သော်ငြား သက်သာလာခြင်း မရှိ။ ပြီးခဲ့သည့်လ ဤဒေသသို့ ချင်းရှန်း ရောက်လာကာစ အချိန်က သူ့ကို ကုသပေးခဲ့ဖူးသည်။ လုံးဝဥဿုံ ပျောက်ကင်းအောင် ကုသပေးနိုင်သည့်အတွက် လီယွီဟွားမှာ အလွန် ဝမ်းသာရကာ ချင်းရှန်းသည် နတ်ဆေးသမားတော်တစ်ဦး ဖြစ်သည်ဟူသည့် ဝါဒဖြန့်စကားများသည် ဝန်ထမ်းအိမ်ယာအနှံ့ ပျံ့နှံ့သွားတော့သည်။

ထိုကောင်လေးမှာ အသက် ၁၀ နှစ် ၁၁ နှစ် ဝန်းကျင်သာ ရှိသေးသည်။ နေလောင်ဒဏ်ကြောင့် ညိုမည်းနေသည့် မျက်နှာတစ်ပြင်လုံးမှာ ယခု နီမြန်းနေပေတော့၏။

"ကျွန်တော် .. ပြော .. ပြောရမှာ ရှက်လို့ ..."

သူ့အမေက သူ့နားရွက်ကို လိမ်ဆွဲကာ ပြောလိုက်သည်။

"ဘာ မပြောရဲရမှာလဲ နင် ပုံမှန်ဆိုလည်း ထုတ်ပြောနေကျပဲ မဟုတ်လား ဘာ အခုမှ ရှက်ပြနေတာလဲ ..."

ကောင်လေးက တုန့်ဆိုင်းနေဆဲပင်။ သို့သော် အမျိုးသမီးကမူ မစောင့်နိုင်တော့ဟန်ဖြင့် သူ့ကိုယ်စား ဝင်ပြောလိုက်သည်။

"ရှောင်ချင်းရေ ဒီကောင်လေးမှာ အခုတလော ရောဂါထူးထူးဆန်းဆန်း ဖြစ်နေတာလေ သူ့ကို သေချာလေး စမ်းသပ်ပေးပါဦး ..."

သူမကလည်း ထုတ်ပြောရမည်ကို အနည်းငယ် ရှက်ရွံ့နေဟန်ပင်။ ကောင်လေး၏ မျက်နှာမှာ ဝက်အသည်းနှင့် တစ်ထပ်တည်း ဖြစ်သွားတော့၏။

"အမေရယ် .. တော်ပါတော့ တစ်ခြားတစ်ယောက်ယောက် ထပ်ကြားသွားပြီး အရှက်ကွဲတာမျိုး မဖြစ်ချင်တော့ဘူး ..."

ချင်းရှန်းက ချက်ခြင်း ထရပ်ကာ ရုံးခန်းတံခါးကို ပိတ်ပေးလိုက်သည်။

"ကိစ္စမရှိပါဘူး အစ်မကြီး ကျွန်မကို ဘယ်လိုမျိုး ထူးဆန်းနေလဲဆိုတာ တိတိကျကျ ပြောပေးပါ ..."

"ဟို .. ဟိုနေရာက ရေနဲ့ ထိလိုက်ရင် ယားနေလို့ ကျွန်တော်က ကလေးပဲ ရှိသေးတာဆိုတော့ နှလုံးရောဂါ ရနေတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ် မဟုတ်လား ဘာလို့ ယားနေရတာလဲ ..."

ထိုစကားကို ကြားသည့်အခါ ချင်းရှန်းပင် ကြောင်အသွားတော့သည်။

"ဘယ်နားလဲ ..."

အမျိုးသမီးက သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းကို လက်ညှိုးထိုးပြလိုက်သည်။

"နျိုနျိုလား ..."

"မဟုတ်ဘူး မဟုတ်ဘူး ..."

ချင်းရှန်းက စဉ်းစားလိုက်သည်။

Takamaru များလား ... ဒါဆိုရင်တော့ ကိုင်တွယ်ဖို့ မလွယ်ဘူးပဲ ကလေးက သိတတ်နေပြီဆိုတော့ ပြချင်မှာ မဟုတ်ဘူး ဒါပေမယ့် ရောဂါကကျလည်း မျက်စိနဲ့ ကိုယ်တိုင် မမြင်ရရင် ဆေးကုမှားသွားနိုင်ခြေ များတယ် အထူးသဖြင့် လူနာကိုယ်တိုင်ကရော မိသားစုဝင်တွေကပါ မသဲမကွဲ ပြောကြတဲ့ အခါမျိုးမှာပေါ့ ...

"ဒါဆို လူနာကို ကြည့်ပေးဖို့ ဒေါက်တာချန်းကို အကူအညီ တောင်းပေးရမလား ..."

"အမေ .. သူမကိုပဲ မြန်မြန် ပြောလိုက်ပါတော့ ..."

ကောင်လေးက မည်သူ့ကိုမှ မော့မကြည့်ရဲတော့ချေ။

အမျိုးသမီးကလည်း စိတ်ကို ပြင်ဆင်လိုက်သည်။

"ပိယန်ဇစ် .. ပိယန်ဇစ်နေရာက ယားနေလို့တဲ့ ..."

ချင်းရှန်း - "..."

အစ်မကြီးရယ် စအိုဆိုလည်း စအိုပေါ့ ဒီတိုင်း ရိုးရိုးရှင်းရှင်း ပြောလိုက်ရင် အရေးယူခံရမှာ ကြောက်လို့လား ...

"ယားနေတာ ဘယ်လောက်ကြာပြီလဲ ဘာဆေးတွေရော လိမ်းထားခဲ့ဖူးသေးလဲ ..."

စအိုဝ ယားယံခြင်းသည် အမျိုးမျိုးသော ရောဂါတို့၏ အစပျိုး လက္ခဏာဖြစ်ကာ စအိုပြည်တည်နာ၊ ဂရင်ဂျီနာ၊ လိပ်ခေါင်း အစရှိသဖြင့် ရောဂါအမည် အမျိုးမျိုး ကွဲပြားနိုင်ပေသည်။ ယားယံသည်ဆိုသည့် အချက်တစ်ချက်တည်းအပေါ် အခြေခံကာ မည်သည့်ရောဂါဟု ကောက်ချက်ချရန် မဖြစ်နိုင်။

"လဝက်လောက်တော့ရှိပြီ ရှေ့လတုန်းက ရာသီဥတုက တအားကို ပူတာလေ တစ်ကိုယ်လုံးလည်း ယားနေတာ ရေမချိုးလို့ ဖြစ်တာလို့ပဲ စိတ်ထဲတွေးပြီး မြစ်ထဲ ရေသွားချိုးတာ .. ဒါပေမယ့် အဲဒီ့မှာ .. အား .. ရှက်ဖို့ကောင်းလိုက်တာ ..."

ချင်းရှန်းက ထိုကောင်လေးအား စမ်းသပ်ရန် မည်သူ့အား အကူအညီ တောင်းသင့်သလဲဟု စဉ်းစားနေစဉ် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများ ဝင်းလက်သွားတော့သည်။

"ရေထဲရောက်တော့ တစ်ခုခု ဆွဲထုတ်ခံလိုက်ရသလို ခံစားရတာလား ..."

ကောင်လေးက မြေကြီးကိုသာ စိုက်ကြည့်နေဆဲပင်။

"ဟုတ်ပါတယ် ..."

"အဖြူရောင် အပ်ချည်ကြိုးလိုမျိုး တစ်ခုခု ထွက်လာတာရော ရှိလား ..."

"ဘယ်လိုလုပ် သိတာလဲ ..."

ချင်းရှန်းက ပြန်မဖြေ။

"ဒီနားလာထိုင် လက်ကောက်ဝတ်သွေးကြော စမ်းကြည့်ရအောင် ..."

စမ်းသပ်ကြည့်လိုက်သည့်အခါ သူမ တွေးထားသည့်အတိုင်း တွေ့လိုက်ရသည်။

"အခုတလော ချက်နားလေးက နာတာမျိုးရော ဖြစ်လား ..."

"အာ .. ဖြစ်တယ် ဖြစ်တယ် ..."

ထို့နောက် သူမက အပေါ်မျက်ခွံနှင့်‌ အောက်မျက်ခွံကို ဆွဲလှန်ကြည့်လိုက်သည်။ ထိုနေရာတွင် အပြာရောင်များကို တွေ့လိုက်ရသည်။

မိခင်ဖြစ်သူမှာ အလွန် စိုးရိမ်မိနေပြီ ဖြစ်သည်။

"ဒေါက်တာရှောင်ချင်း ကျွန်မသားက ရောဂါအဆန်းတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော် ..."

"မဟုတ်ပါဘူး သန်ကောင်တွေ ရှိနေရုံတင် ..."

"သန်ကောင်တွေ ဟုတ်လား..."

သားအမိနှစ်ဦးက တစ်ပြိုင်တည်း အံ့ဩတကြီး အော်လိုက်ကြသည်။ သို့သော် အလျင်အမြန် သဘောပေါက်သွားကြသည်။ ဤဒေသ၌ သန်ကောင် မရှိသူဟူ၍ မရှ်ိသလောက်ပင်။ အထူးသဖြင့် ကလေးများတွင် ဖြစ်သည်။ စားသောက်ခါနီးတွင် လက်မဆေး။ အိမ်သာက အဆင်းတွင်လည်း လက်မဆေး။ တစ်ကိုယ်ရေးသန့်ရှင်းရေးကို ထိန်းသိမ်းရမည်ဟူသည့် အသိလည်း မရှိကြချေ။ ထို့အပြင် ရာသီဥတု ပူပြင်းသည့်အခါ ခြင်ယင်များကလည်း အများအပြား ပေါ်ထွက်လာကြသေး၏။ ဤသည်မှာ ရောဂါပိုးအမျိုးမျိုး အခမဲ့ ဖြန့်ချီပေးနေသည့် ပိုးမွှားများပင် ဖြစ်ပေသည်။

"မြစ်ထဲမှာ ရေချိုးတဲ့အခါ .. ရေထဲကို အလေးမစွန့်ဘူး ဆိုပေမယ့် သန်ကောင်တွေကတော့ ရေထဲမှာ မျောပါနေတာလေ ..."

ချင်းရှန်းက ပြောရင်း အနည်းငယ် မအီမသာ ဖြစ်လာသည်။ အဘွားအား ကလေးများ ရေချိုးသည့်နေရာ၌ အဝတ်မလျှော်ဘဲ မြစ်ညာဘက်အထိ သွားရန် ပြောရဦးမည်ဟုလည်း တွေးလိုက်မိ၏။

ဆေးခန်းတွင် သန်ချဆေးများ အရန်သင့် ရှိနေရာ ချင်းရှန်းက သူတို့ကို ဆေးညွှန်းရေးပေးပြီး ဆေးကောင်တာရှိ သူနာပြုထံ သွားယူရန် ပြောလိုက်သည်။ အလုပ်ချိန်လည်း ကုန်ခါနီးနေပြီ ဖြစ်သည့်အတွက် လက်ဆေးကာ အလုပ်ဆင်းရန် ပြင်လိုက်သည်။

မထင်မှတ်ထားစွာပင် .. တံခါးဝသို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် လူနာ သားအမိနှစ်ဦးကို နောက်တစ်ခေါက် တွေ့လိုက်ရပြန်သည်။ ဆေးသောက်ပုံသောက်နည်းအား လာမေးသည်ဟုသာ ထင်မိလိုက်၏။

"လာလေ .. ဆေးကိုပြ ကျွန်မ ‌ရှင်းပြမယ် ..."

သို့သော် လူနာရှင်က အလွန် ဒေါသထွက်နေ၏။

"ဆေးမရှိဘူး သူနာပြုမက ဆေးမရှိဘူးတဲ့ ..."

တာဝန်ကျ သူနာပြုက သူမတို့အား ချိုချဉ်စားလိုသည့်အတွက် ဟန်ဆောင်ကာ ဆေးခန်းလာပြသူများလားဟု မေးကာ မချေမငံ ဆက်ဆံလိုက်သည်။

သို့သော် ဆေးခန်းမှ ပေးသည့် ချိုချဉ်မှာ အမှန်တကယ်လည်း ချိုမြိန်စားကောင်းပေသည်။ အချို့သော ဆိုးသွမ်းသည့် ကလေးများက ဗိုက်နာသည်၊ သန်ကိုက်သည် အစရှိသဖြင့် လီဆယ်ကာ ဆေးခန်း လာပြတတ်ကြသော်ငြား နောက်ဆုံးတွင်မူ သန်ချဆေးကို ချိုချဉ်အဖြစ် စားကြရင်းသာ အဆုံးသတ်သွားကြသည်။

(ဒီမှာ သူ ပြောချင်တဲ့ သန်ချဆေးက ဆေးချိုချဉ်လို အတောင့်မျိုးကို ပြောချင်တာ ထင်ပါတယ်)

"သူ့ကို ဘာမှတောင် မပြောခဲ့ဘူး ဒေါက်တာရှောင်ချင်းက ဆေးညွှန်းပေးလိုက်တယ်ဆိုပြီးပဲ ပြောရသေးတယ် ကျွန်မကို ချက်ခြင်းလက်ငင်းကို အော်ငေါက်ပစ်တော့တာပဲ။ သူမက ကျွန်မတို့လို ရွာသူတွေကို မကြိုက်တာလား ဘယ်သူ့ကို လာအထင်သေးနေတာလဲ .. ကျွန်မသားက နေမကောင်းဖြစ်နေလို့သာပေါ့ မဟုတ်လို့ကတော့ တစ်ပွဲတစ်လမ်းတောင် နွှဲလိုက်ဦးမယ် ..."

ချင်းရှန်းက ဤသို့ ဖြစ်လိမ့်မည်ဟု ထင်မထား။ ထိုအမျိုးသမီး၏ စကားတစ်ခွန်းချင်းစီတိုင်းက ရန်ပွဲကို ဦးတည်နေပေရာ အမြန် ဖြန်ဖြေပေးလိုက်ရတော့သည်။

"အစ်မကြီး မပူပါနဲ့ ခဏလေးစောင့်နော် ကျွန်မ သွားကြည့်ပေးပါ့မယ် ..."

ဆေးထုတ်ပေးရန် ယနေ့ တာဝန်ကျသူမှာ အသက် လေးဆယ်ဝန်းကျင် သူနာပြုကြီးတစ်ဦး ဖြစ်သည်။ ယေဘုယျကျကျ ပြောရပါလျှင် သူမက လူနာနှင့် ရန်ဖြစ်တတ်သူ မဟုတ်။ သို့သော် ဆေးခန်းထဲသို့ ဝင်လိုက်သည့်အခါ ရှိနေသူမှာ ပုံမှန် တာဝန်ကျ သူနာပြု မဟုတ်ဘဲ မျက်နှာရှည်ရှည်၊ နှုတ်ခမ်းပါးပါးနှင့် အသက် ၃၀ ဝန်းကျင် သူနာပြုတစ်ဦး ဖြစ်နေကြောင်း သိလိုက်ရသည်။

"ကွေ့ယင်းကျဲ ဒီနေ့ အလုပ်ဆင်းတယ်လား ..."

ပြုံးနေသည့် မျက်နှာကို မရိုက်ရဟု ဆိုရိုးရှိပေသည်။ သို့သော် သူမကို မြင်လိုက်သည့်အခါ ချန်းကွေ့ယင်း၏ မြည်းမျက်နှာကြီးမှာ ပို၍ပင် ရှည်ကျလာတော့သည်။

"ဒေါက်တာချင်း ရှင်ကတော့ တကယ်ကို ကောင်းတာပဲ ဆေးချိုချဉ်က ရှေ့လအထိ အသစ်ထပ်ရောက်တော့မှာ မဟုတ်ဘူးရှင့် အား .. မသိဘူး တော်လိုက်တော့ အဲဒီ့‌ တောသူမက ကျွန်မကို တအားစိတ်တိုလာအောင်ကို လုပ်နေတာ ..."

သူမက မျက်လုံးကိုပါ လှိမ့်ပြလိုက်သည်။

ချင်းရှန်းက စိတ်မပါတပါဖြင့် ပြုံးပြလိုက်သည်။

"ဌာနမှာ ဆေးချိုချဉ်တွေ ပြတ်လပ်နေမှန်း ကျွန်မလည်း မသိလိုက်ရပါ့လား ..."

"ရှင် လိုချင်တိုင်း ရရအောင် ဆေးချိုချဉ်က ရှင့်မိသားစုက ထုတ်တဲ့ပစ္စည်းမိုလို့လား ..."

"ဒါဆို ဆေး မရှိတော့ဘူးလို့ ပြောချင်တိုင်း ပြောရအောင် ဆေးပေးခန်းကရော ရှင့်အပိုင်မိုလို့လား

..."

ချင်းရှန်း၏ အသံက သိသိသာသာ အေးစက်သွားသည်။

တစ်ချို့လူတွေက တကယ်ကို အရှက်မရှိကြဘူးပဲ ...

ချန်းကွေ့ယင်းက ဤကဲ့သို့ ပြန်အပြောခံရလိမ့်မည်ဟု ထင်မထား။ သူမသည် ကျန်းမာရေး စင်တာ၌ နှစ်ရှည်လများ အလုပ်လုပ်လာခဲ့သူဖြစ်ရာ ဆရာဝန် အသစ်လေးများ မဆိုထားနှင့်၊ ဝါရင့်ဆရာဝန်များကိုပင် တုပြိုင်ကာ ရန်ဖြစ်ရဲနေပြီ ဖြစ်သည်။

သို့သော် သူမက ထိုမေးခွန်းကို ပြန်မဖြေ၊ မျက်ဆံကိုသာ လှန်ပြလိုက်သည်။

"ဒီလောက် အသက်ကြီးနေတဲ့ ဘယ်ကလေးက သန်ကောင် ရှိဖူးလို့လဲ ရှင့်ဘာသာရှင် မှားပြီး စမ်းသပ်မိတာ နေမှာပေါ့ ..."

ချန်းကွေ့ယင်းက သူ့ကို အထက်အောက် အစုန်အဆန်ကြည့်ကာ ပြောလိုက်သည်။

အဲဒီ့ ဒေါက်တာချင်းဆိုတဲ့တစ်ယောက်က ယောကျာ်းရဲ့ အဆက်အသွယ်နဲ့ ရောက်လာတာမှန်း ဘယ်သူက မသိလို့လဲ နောက်ခံသာမရှိရင် သူ့လို ဂျူနီယာအထက်တန်းဆင့်ပဲ အောင်ထားတဲ့ဟာက ဘယ်လိုလုပ် ဆရာဝန် ဖြစ်နိုင်မှာတဲ့လဲ ...

"ဒါဆို ဘာလို့ ရှင် ဝမ်းချုပ်နေတယ်လို့ပါ မြင်နေရပါလိမ့်နော် ..."

"ပေါက်ကရတွေ ငါက ဘာလို့ ဝမ်းချုပ်ရမှာလဲ ..."

ငါက ကျန်းမာရေး ကောင်းနေမှန်း အသိသာကြီး ...

"ဒါဆို ဝမ်းမချုပ်ရင် ဘာလို့ ပါးစပ်က ဒီလောက် နံနေရတာလဲ ..."

"နင် ..."

ချန်းကွေ့ယင်းက ဒေါသစိတ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။

"ဘာလုပ်တာလဲ ဆေး‌ကုရမှာ ကျွန်မအလုပ် ကျွန်မ ညွှန်းထားတဲ့ ရောဂါလက္ခဏာတွေ ဆေးညွှန်းတွေအတိုင်း ဆေးထုတ်ပေးရမှာ ရှင်တို့အလုပ် .. ဒီအလုပ်ကို နှောင့်နှေးတယ် ငြင်းဆန်တယ်ဆိုတာ ရှင့်ရဲ့ တာဝန်ဝတ္တရားကို ပျက်ကွက်တာနဲ့ အတူတူပဲ ..."

ချင်းရှန်းက ပြောလိုက်သည်။

"ပြီးတော့ သန်ကောင်တွေက သေးသေးလေးဆိုပေမယ့် အသက်ရှင်နေတဲ့ ပိုးကောင်တွေ သူတို့ရဲ့ ထိုးဖောက်ဝင်နိုင်တဲ့ စွမ်းရည်ကလည်း တော်တော်လေးကို အားကောင်းတယ် ပြီးတော့ သူတို့က သည်းခြေအိတ်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်လာရင် အရင်ဆုံး သည်းခြေအိတ် ယောင်မယ် ဆိုးလာရင် သည်းခြေအိတ်ကိုပါ ဖြတ်ထုတ်နိုင်တဲ့အထိ ရောက်သွားမယ် ပြီးရင် သူငယ်အိမ်နဲ့ ဦးနှောက်အထိပါ ဒီသန်ကောင်တွေက ရောက်သွားနိုင်တယ် ... ရှင် ပြောကြည့်ပါဦး ဒီလိုတွေ ဖြစ်နိုင်‌တာကတောင် ဘာမဟုတ်တဲ့ အသေးအဖွဲ့လေး ဖြစ်နေတုန်းလား ..."

ဘေးတွင် ရပ်ကြည့်နေသူများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။

လက်စသတ်တော့ သန်ကောင်ဘေးက တကယ် ကြောက်ဖို့ကောင်းတာကိုး .. နည်းနည်းလေးတောင် နှောင့်နှေးလိုက်လို့ မဖြစ်ဘူးပဲ ...

ချင်းရှန်း ပြောသွားသမျှ စကားလုံးတိုင်းမှာ ကျိုးကြောင်းဆီလျော်လှရာ အများစုက သူမဘက်မှ ရပ်တည်လိုက်ကြသည်။ ချန်းကွေ့ယင်းမှာ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်နေကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ ထပ်ထွက်မလာနိုင်တော့။

ချင်းရှန်းက သရော်လိုက်သည်။

ဒါနဲ့များ ငါ့ကို လာကြောချင်နေသေးတယ် ...

သူမ အမှတ်မမှားပါလျှင် ဤအဆိပ်ပြင်းသည့် ပါးစပ်ပိုင်ရှင် ချန်းကွေ့ယင်းသည် သူမ၏ လုပ်ဖော်ကိုင်ဖက်အားလုံးကိုသာမက လူနာများနှင့် ခေါင်းဆောင်ပိုင်းများ အားလုံးကိုပါ အပြစ်ပြုဖူးသူ ဖြစ်ကာ နောက်ပိုင်းတွင် အမှားလုပ်၍ အလုပ်ထုတ်ခံခဲ့ရသည်။ သူမနှင့် ချန်းဖုရှန်းတို့မှာ မျိုးရိုးနာမည် တူကြကာ မည်သူကမှ ဂဂနန မသိကြ၍ သူမကိုယ်သူမ ဒေါက်တာချန်း၏ သွေးဝေးဆွေမျိုးဟုလည်း ပြောတတ်သေး၏။

သူမက လူတိုင်းလိုလိုကို အထင်တသေးဖြင့်သာ ဆက်ဆံတတ်သည်။ ဆရာဝန် ညွှန်းပေးသည့် ဆေးက ရှာရခက်သည့်အချိန်မျိုး သို့မဟုတ် ထိုဆရာဝန်ကို သူမ အမြင်မကြည်သည့် အချိန်မျိုးတွင် ဆေးညွှန်းကို အမျိုးမျိုး ပြဿနာ ရှာတတ်သေးသည်။ တစ်ခါက လူနာသည် လမ်းမလျှောက်နိုင်လောက်အောင် နာကျင်ခံစားနေရသော်ငြား သူမက သူ့ကို နံရံတွင် မှီပြီး ရပ်စေကာ ကျန်းမာရေးဌာနတစ်ခုလုံးမှာ သူမ၏ မိသားစုပိုင် ဖြစ်သည့်အလား မပြီးနိုင်မစီးနိုင် ဆူပူကြိမ်းမောင်းနေတတ်သေးသည်။

ချင်းရှန်းက အသံကို တမင်တကာ မြှင့်ပြောလိုက်သည်။ မျက်လုံးဖြင့် လိုက်ကြည့်နေရန်ပင် မလို၊ ဆူဆူညံညံ အသံများကြောင့် ဒါရိုက်တာချန်းပါ ရောက်လာကာ ဝင်ပြောလိုက်တော့သည်။

"ဘာတွေ ဖြစ်နေကြတာလဲ ..."

ဗီလိန် ချန်းကွေ့ယင်းက အရင် တိုင်တန်းလိုက်သည်။

"ဒါရိုက်တာကြီး ဒေါက်တာချင်းကလေ ကျွန်မက သူမကို ဆေးချိုချဉ် ကုန်သွားပါပြီလို့ ပြောထားရဲ့သားနဲ့ တမင်တကာ ဆေးညွှန်းရေးပြီး လူနာတွေ ကျွန်မကို စိတ်ဆိုးအောင် လုပ်ပါတယ် ပြီးတော့ ကျွန်မကို ဝိုင်းပြီး အပြစ်တင်ကြအောင် တစ်ခြားသူတွေကိုပါ စည်းရုံးလိုက်သေးတယ် ..."

ချင်းရှန်းက သူမကို အေးစက်စွာ စိုက်ကြည့်နေလိုက်၏။

မဟုတ်တာရော ဟုတ်တာရော အကုန်ကို ရောပစ်တော့တာပဲ ...

‌ဒါရိုက်တာချန်းမှာလည်း အရူးလုပ်ရ လွယ်သူ မဟုတ်ချေ။ သူက တစ်ဖက်တည်း၏ စကားကို နားမထောင်။ လက်ကို မြှောက်ပြကာ သူမ၏ စကားများကို ရပ်တန့်စေလိုက်သည်။

"ရှောင်ချင်း .. ဘာတွေ ဖြစ်နေတာလဲ ပြောပြပါဦး ..."

ချင်းရှန်းက ဖြစ်ကြောင်းကုန်စင် ရှင်းပြကာ ဘေးတွင် ရပ်နေလိုက်သည်။

ဒေါက်တာချန်းက နှစ်ဦးလုံး၏ အမူအယာများကို အကဲခတ်လိုက်သည်။ တစ်ဦးက တည်ငြိမ်အေးဆေးကာ ကျန်တစ်ဦးက စိတ်ဖိစီးမှုကြောင့် ဖြူရော်နေ၏။ သူ နားမလည်လိုက်သည့် အချက်များ ရှိနေသော်လည်း မည်သူ့ဘက်မှ လိုက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဆေးစာရင်းကို ကိုယ်တိုင်ယူကာ တိုက်ဆိုင်စစ်ဆေးလိုက်ပြီးနောက် လေးလံသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"တကယ်လည်း ဆေးချိုချဉ်တွေ မရှိတော့ဘူး ..."

ချန်းကွေ့ယင်းက မျက်နှာမော်ချီလာသည်ကို တွေ့လိုက်သည့်အတွက် ဆက်ပြောလိုက်သည်။

"ဒေါက်တာချင်းက ငါတို့ဌာနကို ရောက်လာကာ ဖြစ်လို့ ဒီအခြေအနေတွေကို မသိတာ ခြွင်းချက်ထားလို့ ရတယ် ဒါပေမယ့် ဆေးဝန်ထမ်းက ဆေးတွေ ကုန်နေတာမှန်း သိသိရက်နဲ့ တာဝန်ရှိသူကို အချိန်မီ အကြောင်းမကြားတာကတော့ တာဝန်ပျက်ကွက်တာပဲ ..."

"ပြီးတော့ ရဲဘော်ချန်းကွေ့ယင်းက ပြဿနာရှာတတ်တဲ့ အကျင့်စရိုက်ရှိတဲ့အပြင် ဝန်ထမ်းတွေ မိသားစုဝင်တွေနဲ့လည်း အဆင်ပြေပြေ ပြောဆိုဆက်ဆံတတ်မှု မရှိဘူး ဒါကတော့ အားလုံး သိထားတဲ့အချက် ဖြစ်မှာပါ ... မင်းကိုယ်မင်း ပြန်တွေးကြည့် မင်းနဲ့ ရန်ဖြစ်ဖူးတဲ့သူ ဘယ်နှယောက်တောင် ရှိနေပြီလဲဆိုတာ ... မင်း အလုပ်လုပ်နေတဲ့ နေရာက ကျန်းမာရေးဌာန .. ကုန်စိမ်းတန်း မဟုတ်ဘူး ..."

"ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဒီလောက်အထိ မာမာထန်ထန် ဆက်ဆံနေတာ မသိတဲ့သူတွေဆို မင်းကို ရန်သူနဲ့ စကားပြောနေတယ်လို့ပဲ ထင်ကြမှာ သေချာတယ် .. ရဲဘော် ချန်းကွေ့ယင်း မင်းရဲ့ အကျင့်စရိုက်တွေကို ဒီတစ်ခေါက်မှ မပြင်နိုင်ရင် မင်းရဲ့ အလုပ်ကို ယာယီ ဆိုင်းငံ့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခိုင်းဖို့ ဆုံးဖြတ်ရလိမ့်မယ် ..."

ချင်းရှန်းက အားလုံး၏ အမူအယာကို အကဲခတ်လိုက်ကာ မည်သူကမှ အံ့ဩခြင်း မရှိကြောင်း သိလိုက်ရသည်။ လောင်ရှန်းမှာ စည်းကမ်းတင်းကြပ်ကာ ဘက်မလိုက်တတ်သူမျိုး ဖြစ်သည့်ဟန်ပင်။ ထိုအခါမှ သူမလည်း စိတ်အေးသွားရတော့၏။

နောက်ဆုံးတွင်တော့ ချန်းကွေ့ယင်းထံမှ လေသံ တိုးတိုးလေး ထွက်ပေါ်လာတော့သည်။

"တောင်းပန်ပါတယ် ..."

"တောင်းပန်ရုံနဲ့ မလုံလောက်ဘူး မနက်ဖြန်မနက် အလုပ်မတက်ခင် ကိုယ့်ကိုယ်ကိုယ် သုံးသပ်စာတစ်စောင် ရေးပြီး လာတင်ပြလှည့် ..."

"တတိယဦးလေး ..."

ဒါရိုက်တာချန်းက မျက်နှာနီနီဖြင့် ပြောလိုက်သည်။

"အလုပ်ခွင်မှာ ငါ့ကို ဒီလို မခေါ်နဲ့ ..."

သူမနှင့်သူ ဆွေမျိုးတော်ကြောင်း အခြားလူများ သိသွားမည်ကို အလွန် စိုးရိမ်ပေသည်။

ချန်းကွေ့ဟွား၏ မျက်နှာက မဲ့ရွဲ့သွားတော့၏။ ချင်းရှန်းကမူ သူမကို လှည့်ပင် မကြည့်၊ ဆေး အလောတကြီး လိုအပ်နေသည့် လူနာသားအမိကိုသာ ပြောလိုက်သည်။

"မြင်တဲ့အတိုင်းပဲ ဆေးကတော့ မရှိသေးဘူးပေါ့နော် .. အရမ်း အလျင်လိုနေရင်တော့ တောင်ပေါ်တက်ပြီး ဆေးသွားရှာလို့ ရတယ် ..."

"ဘာလဲ ..."

သားအမိနှစ်ယောက်သာမက ဒါရိုက်တာချန်းပါ အနည်းငယ် အံ့ဩသွားတော့သည်။

"လန်ရွှေမြစ်ရဲ့ ဘေးမှာ တမာပင်တွေ အများကြီး ရှိတယ်လေ အဲဒီ့က အခေါက်နည်းနည်းခွာပြီး ပြန်လာခဲ့ အားအများကြီး မသုံးနဲ့နော် မဟုတ်ရင် အပင် သေသွားလိမ့်မယ် ခွါလာပြီးရင် ရေနွေးနဲ့ပြုတ်ပြီး အရည်ကိုသောက် တစ်ခါသောက်ရင် နည်းနည်းပဲသောက် များရင် အဆိပ်ဖြစ်သွားတတ်တယ် ..."

အဆိပ်မရှိပါလျှင်လည်း အားကောင်းလှပါသည့် သန်ကောင်များကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

"တကယ် ထိရောက်ပါ့မလား ..."

ဒါရိုက်တာချန်းက သံသယဖြစ်နေဆဲပင်။ တိုင်းရင်းဆေး၏ စွမ်းပကားကို တစ်ခါမှ ကိုယ်တိုင် မကြုံခဲ့ဖူးရာ သူ့စိတ်ထဲတွင် အမြဲလိုလို ယုံမှားသံသယ ရှိနေခဲ့သည်။

All Chapters