← Chapters

Chapter 48

Vol. 4 Ch. 48

Chapter 48

Vol. 4 Ch. 48

"သူ့ရဲ့ အသုံးဝင်တဲ့ အာနိသင်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက အမျိုးမျိုး သက်သေပြခဲ့ကြပြီးသားပါ ..."

ဒါရိုက်တာချန်းက မျက်မှောင်ကြုတ်လိုက်သော်ငြား ဘာတစ်ခွန်းမှ ထပ်ပြောမလာပေ။

ချင်းရှန်းကလည်း သက်သေပြရန် အလျင်မလို။ တိုင်းရင်းဆေးအား အယုံအကြည် မရှိသူများ အများအပြား ရှိကြရာ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ တရုတ်တိုင်းရင်းဆေးကို အမြဲ ပြစ်တင်ရှုံ့ချနေတတ်သည့် ဆရာဝန်များနှင့် နှိုင်းယှဉ်ပါလျှင် ‌ဒါရိုက်တာချန်းသည် အရည်အချင်း ပြည့်ဝကာ တစ်ဖက်စောင်းနင်း မဖြစ်သည့် သဘောထားကို လက်ကိုင်ထားသူဟု ဆိုရပေမည်။

အကြောင်းမှာ သူက မယုံကြည်သည့်တိုင် တစ်ဖက်လူ၏ ယုံကြည်မှုကို ရိုက်ချိုးခြင်း မပြု။ တိုင်းရင်းဆေးနှင့် ပတ်သက်၍ လိုအပ်သည့်အရာတစ်ခုခု ရှိပါလျှင်လည်း သူ တတ်နိုင်သည့် ဘောင်အတွင်းမှ ဖြစ်ပါလျှင် ‌နည်းလမ်းရှာကာ ထောက်ပံ့ပေးမည် ဖြစ်သည်။

အစပိုင်းက သူမထံတွင် လူနာ မရှိခဲ့၍ အများ၏ ယုံကြည်အားကိုးမှုကို မဖန်တီးနိုင်ခဲ့ချေ။

"တကယ်တမ်းတော့ အနောက်တိုင်းဆေးဝါးပဲဖြစ်ဖြစ် တိုင်းရင်းဆေးပဲဖြစ်ဖြစ် သန်ချဆေးတွေရဲ့ အလုပ်လုပ်တဲ့ ပုံစံက အတူတူပါပဲ ဆေးချိုချဉ်က အပေါ်ယံအမြင်အရ သကြားလုံးနဲ့တူတယ် ဆိုပေမယ့် ဒါကို ကလေးတွေ လိုလိုချင်ချင် သောက်ချင်လာအောင် အရသာရှ်ိလာဖို့ဆိုပြီး ဆေးသကြားတွေ အများကြီး ထည့်ထားတယ်လေ သူ့ရဲ့ သိပ္ပံနာမည်က piperazine phosphate တဲ့ ..."

ထိုအကြောင်းကို သိသူဟူ၍ များများစားစား မသိ။ အများစုက ဆေးချိုချဉ်ကို ချိုချဉ်အမျိုးအစားတစ်ခုဟုသာ သိထားကြသည်။ သို့သော် ချန်းဖုရှန်းသည် ဆေးဘက်ဆိုင်ရာကောလိပ်၏ မန်နေဂျာချုပ်တစ်ဦး ဖြစ်ရာ ထိုအကြောင်းကို မသိနိုင်ဖွယ် မရှိချေ။ သို့သော် ချင်းရှန်းကလည်း သိနေလိမ့်မည်ဟုတော့ လုံးဝ တွေးမထားမိခဲ့ပေ။

သူ့စိတ်ထဲတွင် ချင်းရှန်းသည် ဆရာဖြစ်သူထံမှ တိုင်းရင်းဆေးအခြေခံကို သင်ယူကာ ရှေးခေတ်ဆေးကျမ်းအချို့ကို လက်တန်းရွတ်ပြတတ်သူတစ်ဦးဟုသာ ခံယူထားသည်။ သူမ၏ ကုသမှု ကောင်းမွန်ပါလျှင် အသိအမှတ်ပြုကာ ညံ့ဖျင်းပါလျှင် ရမ်းကုဟုသာ သတ်မှတ်မည်ဟု တွေးထား၏။ သို့သော် ထင်မှတ်မထားစွာပင် သူမက အနောက်တိုင်းဆေးများ၏ နာမည်ကိုပါ သိနေပေသည်။

ချင်းရှန်းက အနောက်တိုင်းဆေးများ၏ နာမည်ကိုသာ သိထားခြင်း မဟုတ်။ ဆေးဝါးဗေဒကိုပါ သိထားသည်။

"ဆေးချိုချဉ်မှာ piperazine phosphate အဓိက ပါပြီး ဒါက သန်ကောင်တွေကို ချိနဲ့အားနည်းသွားအောင် လုပ်ပေးနိုင်တယ် အဲဒါမှ အူထဲမှာ တွယ်ကပ်မနေနိုင်တော့ဘဲ အညစ်အကြေးစွန့်ထုတ်တာကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို ဖယ်ထုတ်နိုင်တာ .. တိုင်းရင်းဆေးမှာလည်း ဒီသဘောထားက အတူတူပဲ ခန္ဓာကိုယ်ရဲ့ ရောဂါပိုးမွှားတိုက်ထုတ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အသုံးချပြီး သန်ကောင်တွေ အားနည်းသွားအောင် လုပ်လိုက်တာ ..."

ချန်းဖုရှန်းက မျက်ခုံးကို ပင့်လိုက်သည်။ အကယ်၍ သူမက စာအုပ်ကြီးကို ထုတ်လာကာ ယင်ယန်နှင့် ဒြပ်စင်ငါးမျိုးအကြောင်း ပြောလာပါလျှင် သူ့စိတ်ထဲတွင် ယုတ္တိမရှိဟုဟာ ခံယူမိမည် ဖြစ်သည်။ သို့သော် ယခုမူ သူမ ပြောသွားသမျှအားလုံးကို သူ ကိုယ်တိုင်လည်း နားလည်နေခဲ့၏။

ချင်းရှန်း၏ နောက်စကားတစ်ခွန်းက သူ့ကို ပို၍ပင် အံ့အားသင့်မိသွားစေတော့သည်။

"ဒါပေမယ့် သန်ချဆေးခြင်း အတူတူဆို ကျွန်မတို့ တိုင်းရင်းဆေးက ပိုပြီး အာနိသင်ရှိတယ် ဘာလို့လဲဆို သန်ပြားကောင်၊ သံလုံးကောင်၊ တုပ်ကောင် စတဲ့ သန်ကောင်အမျိုးအစားပေါ် မူတည်ပြီး အသုံးပြုတဲ့ဆေးနည်း မတူလို့လေ ပြီးတော့ အူလမ်းကြောင်း ချောမွေ့စေပြီး ဝမ်းချုပ်တာကို ဟန့်တားပေးတဲ့ ဆေးနဲ့သာ တွဲဖက်လိုက်မယ်ဆိုရင် ရလဒ်က နှစ်‌ဆတောင် ပိုပြီး ကောင်းမွန်လာလိမ့်မယ် ..."

"တကယ်လား ..."

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ အနာဂတ်တွင် အမိမြေမှ တိုင်းရင်းဆေးပညာ၏ နက်နဲသိမ်မွေ့လှပုံကို အားလုံး မျက်ဝါးထင်ထင် ကိုယ်တိုင် ကြုံတွေ့ရသည်အထိ သက်သေပြသခွင့် ရလာပေလိမ့်မည်။ ယခုလက်ရှိ သူမ ပြောလိုသည့် အချက်မှာမူ ထိုအကြောင်းအရာများ မဟုတ်သေး။

"ဒါဆို ငါတို့ရဲ့ တိုင်းရင်းဆေးတွေကလည်း ဆေးချိုချဉ်နဲ့ အာနိသင် အတူတူပဲ ပြီးတော့ အပင်ကနေလည်း ထုတ်ဖော်လို့ရတယ်လို့ ပြောချင်တာလား ဟုတ်လား ..."

ချန်းဖုရှန်း၏ အာရုံအလုံးစုံက သူမ ပြောသွားသည့် တိုင်းရင်းဆေး၏ အမျိုးမျိုးသော သန်ကောင်များအား ရှင်းလင်းဖယ်ရှားနိုင်ပုံအပေါ် ရှိနေဆဲပင်။ သူမက မေးလာသည်အထိ ကြောင်အနေကာ ပြန်လှန်မေးခွန်းထုတ်လိုက်သည်။

"ဒါကို ဘယ်လို ပြောလဲ ..."

"သန်ချဆေး ထုတ်ဖို့အတွက်ဆို မြောက်ဝင်ရိုးစွန်းမှာ ပေါက်တဲ့ artemisia ဆိုတဲ့ အပင်ကို သုံးရပါမယ် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော််အထိ ကျွန်မတို့နိုင်ငံမှာ ဒီအပင်ကို စိုက်ပျိုးနိုင်ဖို့ နည်းပညာ မရှိခဲ့ဘူး နောက်ပိုင်းကျမှ မြောက်ဘက်မှာရှိတဲ့ စုနိုင်ငံနဲ့ ပူးပေါင်းရာကနေ ဒီအပင်ကို အပင်ပျိုးတဲ့ နည်းလမ်းကို မိတ်ဆက်ပေးနိုင်ခဲ့တယ် ပြီးတော့ ဘယ်လို သန့်စင်ရမယ် ဆိုတာကိုလည်း တစ်ဖြည်းဖြည်း လေ့လာနိုင်ခဲ့တယ် ..."

ချန်းဖုရှန်းက သူမ၏ များပြားလှသော အသိပညာအပေါ် အံ့ဩခြင်း မရှိတော့။ ခေါင်းငြိမ့်ပြကာသာ ဆက်ပြောစေလိုက်သည်။

“ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စုဘက်ကနေ ကျွမ်းကျင်သူနဲ့ ပစ္စည်းကိရိယာအကူအညီတွေ ပြန်ရုတ်သိမ်းသွားတဲ့အတွက် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး နည်းပညာတွေကို ထိန်းသိမ်းမထားနိုင်ခဲ့ဘူး အဲဒါကြောင့် ကျေးလက်ဒေသတွေမှာ တော်တော်လေး လူကြိုက်များတဲ့ ဆေးချိုချဉ် ထုတ်လုပ်မှုကလည်း ကြီးကြီးမားမားကို ကျဆင်းသွားတယ်လေ ဒါက ကျွန်မတို့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ် ဒါပေမယ့် ဒါရိုက်တာကြီး .. စောင့်ကြည့်လို့ ရပါတယ် အနောက်တိုင်း ဆေးဝါးတွေ မရှိရင်တောင် တိုင်းရင်းဆေးက သူ့ရဲ့အပိုင်းကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်နေတုန်းပါပဲ ...”

သူမက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ဒါရိုက်တာချန်းက သံသယဖြစ်မိဆဲပင်။ နှစ်နိုင်ငံ ပူးပေါင်းကာ ထုတ်လုပ်သည့် နာမည်ကြီးဆေးဝါးနှင့် ဒေသမျိုးရင်း တမာပင် ... မည်သည့်အရာက အမှန်တကယ် အကျိုးအာနိသင် ရှိသလဲဆိုသည်ကို သိလိုမိနေတော့သည်။

“ဒါရိုက်တာကြီး .. ကျန်းကျန်ဟွားရဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆို တမာပင်ရဲ့ အခေါက်ကို အသုံးပြုတာက နောက်ဆုံးလက်နက်ပါ။ သူက နည်းနည်းလေး အဆိပ်ရှိတယ်ဆိုပေမယ့် ပမာဏနည်းနည်းကို ရေတိုပဲ အသုံးပြုမယ်ဆို ဘာမှ ဆိုးကျိုးတွေ သက်ရောက်မှာ မဟုတ်ပါဘူး ...”

လူတိုင်းအား "တရုတ်တိုင်းရင်းဆေး” ၏ ကောင်းကြောင်းကို လိုက်ပြောနေမည့်အစား ကိုယ်တိုင်သာ ရှာတွေ့စေလိုက်မည်။ တိုင်းရင်းဆေးက အဆိပ်ရှိသည်၊ အလိမ်အညာဟု ဆိုကြပါလျှင် အမှန်တကယ် အဆိပ်ရှိသည့် ဆေးဝါးက မည်သည့်အရာဆိုတာကို ရှင်းရှင်းလင်းလင်း သိစေလိုက်မည်။

ဒါရိုက်တာချန်းကလည်း ဤသည်မှာ ရပ်တန့်ရန် အရိပ်အယောင်ပြနေခြင်းဖြစ်ကြောင်း သိပေသည်။

“ပမာဏအချိုးအစားကို မသိဘဲ အဆိပ်ရှိကြောင်း ပြောတာကတော့ လူပြိန်းတွေပဲ ဖြစ်မှာပေါ့ ...”

“ဒါနဲ့ တမာခေါက်ကို သုံးတာက နောက်ဆုံးလက်နက်ဆို ဒီထက်ပိုပြီး ကောင်းတဲ့ ရွေးချယ်စရာ ရှိသေးလား ...”

“ဘိုးဘေးတွေ လက်ထက်ကတည်းက အစဉ်အဆက် လက်ဆင့်ကမ်းလာကြတဲ့ ပိုးသတ်ဆေးတွေကတော့ အများကြီး ရှိပါတယ် တမာခေါက်အပြင် ကွမ်းသီးတို့၊ သင်္ဘောစေ့တို့ ပြီးတော့ ကွမ်ကျုံးတို့ .. ပထမသုံးမျိုးက အဆိပ်မရှိဘူး ကျွင့်ကျီဖြစ်အောင်လုပ်ဖို့က အဓိကပဲ အရသာကလည်း တော်တော်လေး ချိုပြီး လှော်လိုက်တဲ့အခါမှာ စားရတာလည်း အရသာရှိတယ် ဒါပေမယ့် နှမြောစရာက ...”

“ဒီမှာ တစ်ခုမှ မရှိတာပဲ ...”

ဒါရိုက်တာချန်းက သက်ပြင်းချလိုက်သည်။

ဒီတိုင်းရင်းဆေးတွေက တကယ်သာ အာနိသင်ရှိရင် ဘယ်သူက အနောက်နိုင်ငံက ထုတ်တဲ့ ဆေးတွေကို သုံးနေတော့မှာလဲ ...

သန်ချဆေးလို အမျိုးအစားလေးကအစ ပြတ်တောက်နေသည့်အခါ သူ့စိတ်ထဲတွင် ဒေါသဖြစ်လာရတော့သည်။ ဆေးဝါးစက်ရုံသို့ ဆေးထုတ်ရန် သွားရလေတိုင်း ထိုစက်ရုံမှ ဝန်ထမ်းများကို ညစာဖိတ်ကျွေးကာ ဘိုးဘေးလေးများသဖွယ် ပြုစုရသည်။ ထိုသို့ ပြုစုသည့်တိုင် သူတို့က ရက်လွန်ကာနီး ဆေးအကြွင်းအကျန်များကိုသာ ပေးတတ်ကြ၏။ စင်စစ်အားဖြင့် ဆေးမရှိကြောင်း သူ မသိသည်တော့ မဟုတ်ပေ။ ထိုနေရာသို့ သူ သွားလေတိုင်း မရနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ စက်ရုံဝန်ထမ်းများက ဆေး အရေအတွက် နည်းပါးနေပြီဖြစ်ကြောင်း သိရသည်နှင့်တစ်ပြိုင်နက် သူတို့နှင့် လက်သင့်ရာ တပ်ဖွဲ့ခွဲများကို အရင်ဆုံး ခွဲထားပေးတတ်သည်။ ထို့ကြောင့် ခေါင်းဆောင်ပိုင်းများ အကြားတွင်ပင် ဈေးကြီးပေးကာ ဝယ်ရခြင်းတို့ ရှိနေပေရာ သူကဲ့သို့ တစ်ဆင့် ပြန်ဝယ်ရသူအနေဖြင့် လုပ်နိုင်သည့်အရာ မရှိတော့ချေ။ မတန်တဆ ဈေးတင်ထားသည့် ဆေးများကို မှောင်ခိုဈေးတွင်လည်း သွားမဝယ်နိုင်ပေ။

ချင်းရှန်းကလည်း လက်ရှိ ဆေးဝါးပြတ်လပ်နေမှုများမှာ ရောင်းချသူတို့အတွက် ဈေးကွက်ကြီးတစ်ခု ဖြစ်နေကာ ဆေးကုမ္ပဏီများက လိုချင်သလောက် ထုတ်ပေးနိုင်ကြောင်း သိထားသည်။ နောက်ပိုင်းမျိုးဆက်များနှင့် မတူ၊ ရပ်ရွာဆေးပေးခန်း အပါအဝင် ပြည်သူပိုင်ဆေးရုံများအားလုံးသည် အစိုးရဝယ်ယူခွင့်ကို အသုံးပြုကာ လုံလောက်သည့် ဆေးဝါးပမာဏ ရရှိနိုင်ကြသည်။

“ဒါရိုက်တာကြီး .. ကျွန်မတို့ဘာသာ ဆေးထုတ်ကြရင်ရော ...”

သူမက ကောက်ကာငင်ကာ ပြောလိုက်သည်။

ဒါရိုက်တာချန်းက ကြောင်အသွား၏။

“ဘယ်လိုလုပ် ကိုယ်တိုင်ထုတ်လို့ ရမှာလဲ ငါတို့မှာ နည်းပညာရော ပစ္စည်းကိရိယာရောမှ မရှိတာ ...”

“အနောက်တိုင်းဆေးကို ထုတ်လို့ မရပေမယ့် ကျွန်မတို့တွေ တိုင်းရင်းဆေးကို စဉ်းစားကြည့်လို့ ရတယ်လေ ...”

ဒါရိုက်တာချန်းက နေရခက်စွာဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။ သူသည် တိုင်းရင်းဆေး၏ အကျိုးအာနိသင် သက်ရောက်မှု ရှိပုံကို ယခုအထိ မျက်မြင် မကြုံဖူးသေးချေ။

“ဒါဆိုလည်း ကျွန်မတို့တွေ လောင်းကြေးတစ်ခု ထပ်ကြည့်ကြရအောင်လေ ... တကယ်လို့ တမာခေါက်က ဒီကလေးရဲ့ သန်ကောင်တွေကို ရှင်းပေးနိုင်ရင် ကိုယ်ပိုင် တိုင်းရင်းဆေး ထုတ်ပြီး ဆေးပစ္စည်းတွေ လုံလောက်အောင် ထားကြမယ် တကယ်လို့ မကုနိုင်ခဲ့ရင်တော့ ကျွန်မ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ် လုံးဝ မပြောတော့ဘူး ဘယ်လိုလဲ .. အရာရှိလျှိုရဲ့ ကလေးလေးဆို ဆေးယူဖို့အရေး တပ်မဟာမြို့တော်အထိ သွားရတယ်ဆို ...”

စက်ရုံအမှတ် ၄၁၂ ၌ ကိုယ်ပိုင်ကားရှိသည့် မိသားစုဟူ၍ များများစားစား မရှိ။ လန်ဟဲမြို့တွင် နေထိုင်သူ အများစုမှာလည်း သာမန်လူတန်းစားများသာ ဖြစ်ပေသည်။ အကယ်၍ နာမကျန်း ဖြစ်လာပါလျှင်ပင် တပ်မဟာမြို့တော်အထိ အချိန်မီ သွားနိုင်ကြလိမ့်မည် မဟုတ်ချေ။

သူမက ချန်းဖုရှန်းကို တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ချန်းဖုရှန်းသည် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပေသည်။ သူ့တစ်ကိုယ်တည်းအမြင်အရ တိုင်းရင်းဆေးအပေါ် အယုံအကြည် မရှိသေးသည့်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်ကောင်းတစ်ဦး အနေဖြင့် ပြည်သူများအပေါ် အကျိုးရှိသည့် အရာမှန်သမျှကို ကျိန်းသေ ကြိုးစားလုပ်ဆောင်မည် ဖြစ်သည်။

သူမ တွက်ဆထားသည့်အတိုင်းပင် ချန်းဖုရှန်းက သဘောတူလိုက်သည်။

“ကောင်းပြီလေ ဒါဆို မင်းအတွက် မြေနည်းနည်းလောက် ခွဲဝေပေးဖို့ လယ်ယာမြေဌာနခွဲကို အကြောင်းကြားပေးမယ် ...”

အနီးအနားတွင် မြေနေရာအလွတ်များ များစွာ ရှိနေရာ အဆင်သင့် ပြုပြင်ထားပြီးသား မြေနေရာတစ်ချို့ ရခဲ့ပါလျှင် ဆေးရုံအတွက် ဆေးဝါး အလုံအလောက် ဖြည့်တင်းထားရန် မခက်ခဲနိုင်တော့ဟု ယုံကြည်ထားသည်။

ချင်းရှန်းက ဤသို့ သဘောတူလိုက်လိမ့်မည်ဟု ထင်မှတ်မထား။

“ကောင်းလိုက်တာ ...”

ပြီးခဲ့သည့် ၁၀ နှစ်ကျော်ခန့်က ဤဒေသတစ်ခုလုံးသည် လွင်တီးခေါင်ပြင် ဖြစ်ခဲ့ရသည်။ ထိုသို့ ဖြစ်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာ သီးနှံ မဖြစ်ထွန်းသည့် ဆားပေါက်သောမြေ ဖြစ်နေ၍ မဟုတ်။ မြေမျက်နှာသွင်ပြင် အနေအထားအရ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာသူများဖြင့်သာ ပြည့်နှက်နေကာ အမွေဆက်ခံကာ မြေယာလုပ်ကိုင်မည့်သူ မရှိ၍ ဖြစ်သည်။

တော်လှန်ရေးအပြီးတွင် ပြည်သူ့တပ်သားများသည် တစ်ဖက်က သေနတ်ကို လွယ်ကာ တူရွင်းနှင့် ပေါက်ပြားများကို ကျန်တစ်ဖက်က ကိုင်ဆောင်လျက် လွင်တီးခေါင်ပြင်၏ တစ်လက်မချင်းစီတိုင်းကို တူးဆွကာ မြေပြန်ပြင်ခဲ့ကြသည်။ ဂျုံနှင့် စိမ်းစိမ်းစိုစို မြက်ပင်များ ပြန်ပြီး စိုက်ပျိုးရှင်သန်နိုင်လာသည်မှာ နှစ်အနည်းငယ်သာ ရှိပေသေးသည်။

ကောက်ပဲသီးနှံမှာ အဓိက အစားအစာဖြစ်ကာ ဒေသတွင်းပြည်သူများကိုသာ ထောက်ပံ့ပေးနိုင်သည် မဟုတ်၊ ငတ်မွတ်မှုဘေးကို ခံစားနေရသည့် အခြားဒေသများသို့သာ ဝေငှပေးနိုင်သည်။ စိမ်းစိုသည့် မြက်ပင်များမှာ ကျွဲနွားသိုးဆိတ်တို့အတွက် အစာဖြစ်သည်။ စိမ်းစိုသည့် မြက်များ လုံလုံလောက်လောက် ရှိပါလျှင် ကျွဲနွားသိုးဆိတ်တို့ကို မွေးမြူကာ ၎င်းတို့မှတစ်ဆင့် မွှေးပျံ့ကာ အာဟာရပြည့်ဝသည့် နို့များကို ရရှိနိုင်သည်။ နွေဦးပေါက်လေတိုင်း အမြင့်တစ်နေရာမှ ရပ်ကာ ကြည့်လိုက်ပါလျှင် အဆုံးမရှိသည့် မြက်ခင်းစိမ်းများကို မြင်ရပေလိမ့်မည်။

ထို့အပြင် စည်းကမ်းလိုက်နာသည့် စစ်သားများသည် သူတို့ မည်သည့်နေရာသွားသွား အကြိုဆိုခံကြရမည် ဖြစ်သည်။ ဤသို့သော ခက်ခဲပင်ပန်းမှုကို သူတို့သာလျှင် ခံနိုင်ကြ၏။ ချင်းရှန်းသည် သူတို့ကို နှလုံးသား အောက်ခြေမှပင် လေးစားမိတော့သည်။

စကားတစ်ခွန်းနှစ်ခွန်း ပြောပြီးနောက် သူမသည် ဝန်ထမ်းအိမ်ယာသို့ ပြန်ကာ ထိုသားအမိအား တမာခေါက်ကို ညအိပ်ယာမဝင်မီ သို့မဟုတ် မနက် ထမင်းမစားမီ သောက်ရန်နှင့် ထိုသို့ သောက်မှသာ သန်ကောင်များအား ဖယ်ရှားပေးသည့်နှုန်းမှာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု မှာလိုက်သည်။

ရလဒ်အနေဖြင့် သူမ၏ အိမ်တံခါးဝသို့ ပြန်အရောက်တွင် အဘွားဖြစ်သူ၏ အားရဝမ်းသာ ရယ်နေသံများကို ကြားလိုက်ရသည်။

ရှောင်ဟဲ ပြန်ရောက်နေသည့်ဟန်ပင်။

ရှောင်ဟဲကို မတွေ့ရသည်မှာ ရက် ၂၀ နီးပါး ရှိနေပြီ ဖြစ်သော်ငြား သူက ပြောင်းလဲသွားဟန် မတူ။ အလုပ်ခရီး သွားရသည်မှာလည်း နယ်စွန်နယ်ဖျားတွင် မဟုတ်၊ ဟိုင်ချန်မြို့ကဲ့သို့ မြို့ကြီးသို့ သွားရခြင်း ဖြစ်ပေရာ အသားလည်း မည်းမသွား။ ဝိတ်လည်း ကျမသွားပေ။ အိမ်က ထွက်သွားစဉ်က ပုံစံအတိုင်း ကောင်းကောင်းမွန်မွန်ဖြင့် ပြန်ရောက်လာခဲ့သည်။

လူငယ်စုံတွဲက စကားတစ်ခွန်းမှမဆို၊ တစ်ဦးကိုတစ်ဦး နင့်နင့်သည်းသည်း စိုက်ကြည့်ကာသာ ဖွဖွလေး ပြုံးပြလိုက်ကြသည်။

အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားသည့် ယုန်ကို ပွေ့ထားသော ရှောင်ဖန်က တတိယအစ်မနှင့် ခဲအိုကို ဘယ်ပြန်ညာပြန် စိုက်ကြည့်လိုက်သည်။

ဘာလို့ တတိယအစ်မတို့ စုံတွဲက ပိုပိုပြီး နီးကပ်လာပြီလို့ ခံစားမိနေတာပါလိမ့် .. သူတို့က အခုမှ တစ်အိမ်တည်း အတူတူ နေကြတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ တစ်ယောက်ရဲ့အတွေးကို နောက်တစ်ယောက်က အလိုလို နားလည်နေကြတာလဲ ...

ချင်းဖန်က ခံစားချက်များနှင့် ပတ်သက်၍ အထိအရှလွယ်သူဟု ပြောရပေလိမ့်မည်။ အကြောင်းမှာ ဤသို့သော အပြောင်းအလဲကို ချင်းကွေ့ဟွားက လုံးဝ သတိမပြုမိခဲ့၍ ဖြစ်သည်။

ဟဲလျန်ရှန်း ပြန်ရောက်လာသည့် အထိမ်းအမှတ်ဖြင့် အဘွားအိုသည် ညစာအတွက် ဖက်ထုပ်များကို ပြင်ဆင်လိုက်သည်။ ရှားရှားပါးပါးပင် ဖက်ထုပ်ထဲသို့ အရွက်စိမ်းများကို ထည့်ထားခြင်း မပြုဘဲ အဆီတစ်ဝက် အသားတစ်ဝက် ရောနေသည့် သိုးသားကိုသာ ဂေါ်ဖီထုပ်နှင့် နုပ်နုပ်စဉ်း၍ အစာသွပ်လိုက်သည်။ နူးညံ့ပါးလွှာသည့် ဖက်ရွက်ထဲသို့ အစာပလာများ ပြည့်ဖောင်းနေအောင် ထည့်ထားကာ တစ်ကိုက် ကိုက်လိုက်ရုံမျှဖြင့်ပင် အသား၏ အဆီအနှစ် ပြည့်ဝမှုကို ခံစားရပေမည်။ မည်မျှ အရသာရှိမှန်း ထုတ်ပြောနေရန်ပင် လိုအပ်မည်မထင်။

မစ္စတာချန်းအတွက် စက်ရုံ၏ ခေါင်းဆောင်များမှ ထမင်းစားဆောင်တွင် အထူးညစာစားပွဲတစ်ရပ် ကျင်းပပေရာာ အိုက်လန်သည်လည်း အိမ်ပြန်ကာ ညစာစားခွင့် ရသွားခဲ့သည်။ မိသားစုဝင်အားလုံး ဝိုင်းဖွဲ့ထိုင်ကာ အရသာရှိကြောင်း တဖွဖွပြောရင်း စားသုံးလိုက်ကြသည်။

ချင်းကွေ့ဟွား၏ ပုံစံမှာ အလွန် ဘဝင်မြှောက်နေဟန်ပင်။ သူမတို့ချင်းမိသားစု၏ ဘိုးဘေးတစ်ဦးမှာ ကျောက်တုန်မှ စားဖိုမှူးတစ်ဦး ဖြစ်သည်။ စစ်ပွဲအပြီးတွင် သူမ၏ အချက်အပြုတ်စွမ်းရည်များ ကျဆင်းသွားခဲ့ရ သော်ငြား စားဖိုမှူးမျိုးရိုးမှာ သူမ၏ သွေးကြောထဲတွင် စီးဆင်းနေဆဲပင်။

“အရင်က ငါတို့မှာ ဒီလိုမျိုး ကောင်းမွန်တဲ့ အခြေအနေတွေ မရှိခဲ့ပေမယ့် အနာဂတ်မှာ တစ်ဖြည်းဖြည်း ပိုပြီး ကောင်းလာတော့မှာဆိုတော့ .. မင်းတို့ စားဖို့အတွက် ဒီလိုဖက်ထုပ်မျိုးတွေ မကြာခဏ လုပ်ပေးပါ့မယ် ...”

သိုးသားဖက်ထုပ်ကို အချိန်တိုင်း စားနိုင်တော့မည်ဟု သိလိုက်ရသည့်အတွက် အားလုံး ပျော်မြူးသွားကြတော့သည်။

သာယာတဲ့ နေ့လေးတစ်နေ့ပါပဲလား ...

ထမင်းစားပြီးနောက် ချင်းဖန်က ပန်းကန်ကို သူ ဆေးပေးမည်ဟု အဆိုပြုလိုက်သည်။ ချင်းရှန်းမှာလည်း တစ်နေကုန် အလုပ်ဆင်းထားရ၍ ပင်ပန်းနေသည့်အပြင် တစ်စုံတစ်ယောက်နှင့်ပါ ရန်ဖြစ်ထားရ၍ အားအင်ကုန်ခမ်းနေသောကြောင့် ပြန်အနားယူရန် လိုအပ်နေသည့်အတွက် ပန်းကန်ဆေးရမည့် အခွင့်အရေးကို စတုတ္ထလေးထံသို့သာ လွှဲအပ်လိုက်တော့သည်။

ချင်းကွေ့ဟွားက အိုက်လန်ကို အနွေးကုတင်ပေါ် ခေါ်သွားကာ တီးတိုး ပြောလိုက်သည်။ သူမထံတွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိကာ လှပပြီး အိမ်ထောင်မရှိသည့် မြေးမတစ်ဦး ရှိနေသေးကြောင်း သိလိုက်ရသည့် အဘွားကြီးများက အမျိုးမျိုးအဖုံဖုံ လာရောက်စပ်ဟပ်ကြတော့သည်။ ထို့ကြောင့် သူမက အိုက်လန်၏ အမြင်ကို မေးရခြင်း ဖြစ်သည်။

လူငယ်စုံတွဲကလည်း တစ်ခုခု ဝင်ပြောမည် ပြုလိုက်သည်။ ထိုစဉ် ဘေးအိမ်မှ ကျောက်ဟိုင်ယန်၏ ဝက်တစ်ကောင်လို စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။ “ရေခဲချောင်းစားချင်တယ်” နှင့် “ကောကောက သမီး ရေခဲချောင်းကို ခိုးသွားတယ်” ဟူသည့် စကားနှစ်ခွန်းကိုသာ လှည့်ပတ် အော်ဟစ်နေ၏။

.. မသိလိုက်မသိဘာသာဖြင့် ချင်းရှန်းကလည်း ဟဲလျန်ရှန်းကို လှမ်းကြည့်လိုက်သည်။ သူ၏ အာရုံနောက်နေဟန် မျက်နှာထားကို မြင်လိုက်ရသည့်အခါ တိတ်တိတ်လေး ဝမ်းသာသွားတော့၏။

“ကလေးမွေးရတာ တော်တော် ပြဿနာ များတာပဲ ...”

ရို့ .. ကလေးတွေကို ဒီလောက်အထိတောင် မုန်းတယ်ပေါ့ .... ပြီးခဲ့တဲ့ဘဝက ဒီလိုမျိုး မဟုတ်ဘူးလားလို့နော် ...

All Chapters