← Chapters

Chapter 49

Vol. 5 Ch. 49

Chapter 49

Vol. 5 Ch. 49

“ဒီတစ်ခေါက်ခရီးက အဆင်ပြေခဲ့ရဲ့လား ...”

“အင်း ...”

သူက ထိုကိစ္စနှင့် ပတ်သက်၍ ပြောလိုဟန် မရှိကြောင်း မြင်လိုက်ရသည့်အခါ ချင်းရှန်းကလည်း ထိုအလုပ်ကိစ္စမှာ လျှို့ဝှက်တာဝန် ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည့်အတွက် ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်မမေးတော့ဘဲ အိမ်အကြောင်းကိုသာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဒီဘက်မှာ မီးဖိုချောင် မဆောက်တော့ဘဲ အဘွားရဲ့အိမ်မှာပဲ သွားစားကြရရင်ရော ဘယ်လိုလဲ မီးဖိုချောင် ဆောက်ရမယ့်နေရာမှာ ရေချိုးခန်း ဆောက်ကြရအောင်လေ .. အဆင်ပြေလောက်လား ...”

“အင်း ...”

“ဗီရိုကရော ဘယ်နေ့ ရမှာတဲ့လဲ ...”

“ဒီနေ့ အလျင်လိုနေလို့ မနက်ဖြန် နေ့ခင်းပိုင်း အားကာမှ သွားမေးလိုက်မယ် ...”

“ဟိုဟိုဒီဒီ သွားနေရတာနဲ့ ခြေထောက်ကို ကျကျနန မနှိပ်ခဲ့ရဘူး မဟုတ်လား...”

အမျိုးသား၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူက ကားမောင်းနိုင်၊ နိုင်ငံခြားဘာသာစကားကို နားလည်နိုင်၊ ရေဒီယိုနှင့် ပတ်သက်၍ အခြေခံသီအိုရီပိုင်းကို ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်း များစွာကို ဘာသာပြန်ဆိုနိုင်သူ ဖြစ်သည့်အတွက် အမည်ခံအားဖြင့် တပ်ဆင်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်သော်ငြား လက်တွေ့တွင်မူ ခြေနင်းတုံးတစ်ခုမျှသာပင်။ လိုအပ်သည့် နေရာတိုင်း ရွေ့လျားသွားနိုင်သည်။ ထိုအကြောင်း အတွေးလွန်နေစဉ် နူးညံ့သွယ်လျသည့် လက်တစ်စုံက သူ့ခြေထောက်၏ ဒဏ်ရာရထားသည့် နေရာသို့ ရောက်လာကာ အသာအယာ နှိပ်နယ်ပေးလိုက်သည်။

သူ့ကိုယ်သူ နှိပ်ကြည့်ဖူးသော်ငြား သာမန်မျှသာပင်။ သို့သော် သူမ၏ လက်များနှင့် ထိတွေ့လိုက်သည့်အခါ စိတ်ထဲတွင် သိသိသာသာပင် သက်တောင့်သက်သာ ဖြစ်လာတော့သည်။

နွေးထွေးလှသည့် အနွေးဓာတ်တစ်ခုက သူ၏ ဒဏ်ရာရထားသည့် နေရာမှတစ်ဆင့် မရီဒီယျန်များသို့ ဖြတ်သန်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အပြန်ပြန်အလှန်လှန် စီးဆင်းသွားသည့်အလားပင်။

သမားရိုးကျ နှိပ်နယ်မှုများမှာ ဤမျှအထိ မှော်ဆန်လှမည် မထင်။ ချင်းချန်းက လောင်ဟဲ၏ ထူးကဲသော လျှို့ဝှက်ချက်ကို အသုံးပြုကာ သူ့ခြေထောက်ဒဏ်ရာအတွက် အကျိုးရှိနိုင်မည့် မရီဒီယျန်များကို ရှာဖွေထားခြင်း ဖြစ်သည်။ ရလဒ်မှာ တစ်မဟုတ်ချင်း သိသာလှသည့်အတွက် ဟဲလျန်ရှန်းမှာ အလွန် သက်တောင့်သက်သာ ဖြစ်ရကာ ချက်ခြင်းလက်ငင်း အိပ်ပျော်သွားလုမတတ် ဖြစ်သွားတော့သည်။

ချင်းရှန်းက အလွန် ရယ်ချင်နေသည်။ မီးပိတ်ထားသည့်အတွက် သူ၏ မျက်နှာသွင်ပြင်များကို မမြင်ရသည့်တိုင် သူ့အသက်ရှူသံကို ခံစားမိရုံဖြင့်ပင် စိတ်ထဲတွင် အလွန် သက်တောင့်သက်သာ ဖြစ်သွားရသည်။ သို့သော် ဖိလိုက်ပြီးနောက် .. ရှောင်ဟဲသည် အိပ်မောကျမနေသည့်အပြင် နိုးပင် နိုးနေကြောင်း သိရှိသွားတော့သည်။

အမျိုးသား၏ ညင်သာသိမ်မွေ့သည့် အသက်ရှူသံမှာလည်း တစ်ဖြည်းဖြည်း စည်းချက်ပျက်ကာ ဒရမ် တီးနေသကဲ့သို့ လေးလံမြန်ဆန်လာတော့သည်။

ချင်းရှန်းက သူမ၏ လက်ကို အမြန်ပြန်ရုတ်လိုက်၏။ အမျိုးသမီးဂိုဏ်းစတားတစ်ဦး မဖြစ်လိုပေ။ အခန်းတစ်ခုလုံးလည်း တစ်မဟုတ်ချင်း ငြိမ်သက်သွားတော့သည်။

နောက်ဆုံးတွင် ထိုအမျိုးသားသည်လည်း သူ့ကိုယ်သူ ထိန်းမထားနိုင်တော့သည့်ဟန်ပင်။ လည်ချောင်းကို ရှင်းကာ ပြောလိုက်သည်။

“ဘူဂေးရီးယား ဘာသာစကားတော့ မပြောတတ်ဘူး ဒါပေမယ့် အင်္ဂလိပ်လိုတော့ နည်းနည်းလေး သိတယ်လေ သူတို့မှာ အင်္ဂလိပ်စကားပြန် ပါလာတော့ စက်ရုံက ကိုယ့်ကို ဘာသာပြန်ပေးဖို့ အကူအညီ တောင်းခဲ့တာ ...”

သူ၏ အလုပ်ခရီးစဉ်အကြောင်းကို ရဲဘော်ချန်းက များများစားစား ရှင်းမပြခဲ့။ သို့သော် ဘူဂေးရီးယားလူမျိုး ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံမည့် အကြောင်းမှာမူ လျှို့ဝှက်ချက် မဟုတ်ပေ။

ဘူဂေးရီးယားနိုင်ငံဿည် ၁၉၄၉ ခုနှစ်မှစကာ နဂါးပြည်ထောင်စုနှင့် သံတမန်ဆက်ဆံမှုကို စတင်ခဲ့သည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာလည်း အမြဲတစေ ကောင်းမွန်ခဲ့၏။ လက်ရှိ အသုံးပြုနေသည့် ပြည်တွင်း ရုပ်သံလိုင်းနှင့် ရေဒီယိုများသည်ပင် ဘူဂေးရီးယားနိုင်ငံမျ တင်ပို့လာခြင်း ဖြစ်ကာ ထိုလျှပ်စစ်ပစ္စည်းများသည် အစိတ်အပိုင်း အပြည့်အစုံ ပါရှိသည့် လျှပ်စီးပတ်လမ်းနှင့် ရေဒီယိုနည်းပညာကို အသုံးပြုရန် လိုအပ်သည်။

စက်ရုံအမှတ် ၄၁၂ မှ ထုတ်လုပ်သည့် ထုတ်ကုန်များမှာ ပြီးပြည့်စုံမှု မရှိသေး။ စစ်တပ်သုံးသီးသန့်အတွက်လို ဖြစ်နေကာ ပြည်သူများအကြားတွင် အသုံးပြုမှု နည်းပါးနေဆဲပင်။ အထူးသဖြင့် ပေါ်လစီကို ပြုပြင်ပြောင်းလဲ ပြီးနောက် အနာဂတ်တွင် ပြည်သူများ အသုံးပြုနိုင်သည့် ထုတ်ကုန်များကို ထုတ်လုပ်ပြီးပါလျှင် စက်ရုံဝန်ထမ်းများ၏ အကျိုးခံစားခွင့်သည်လည်း သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

ယခုအကြိမ်မှာ အဖြူအမည်း ရုပ်သံလွှင့်ကုဗတုံးများ ထုတ်လုပ်ရေးအတွက် သွားရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ရုပ်ပုံကုဗထုံးက တီဗီအတွက် အရေးကြီးတဲ့အပိုင်းတစ်ခုလေ တကယ်လို့ ရုပ်သံလွှင့်တဲ့ နည်းပညာကိုသာ တိုးတက်အောင် လုပ်နိုင်ရင် ရုပ်ပုံရဲ့ အရည်အသွေးနဲ့ ကြည့်ရှုသူအရေအတွက်လည်း သိသိသာသာ တိုးတက်လာမှာ .. ကျရှုံးမှုကို လျော့ချနှုန်းကတော့ ...”

သူ့အမူအယာကို မြင်မနေရပါသည့်တိုင် သူ့မျက်ဝန်းများမှာ များစွာ တောက်ပနေလိမ့်မည်ဟု ချင်းရှန်းက ခံစားမိခဲ့သည်။

သူမကအခြားနယ်ပယ်များကို ကောင်းကောင်း မသိပေ။ သို့သော် လောင်ဟဲသည် အဖြူအမည်း ရုပ်ပုံထုတ် ကုဗတုံးနှင့် ပတ်သက်လျှင်မူ အမှန်တကယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူက တီဗီထုတ်လုပ်သူများပင် မဖြေရှင်းနိုင်သည့် ဟာကွက်များစွာကို ရှာဖွေတွေ့ရှိကာ ဖြေရှင်းနိုင်ခဲ့သည်။ ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလများတွင် တီဗီနည်းပညာနှင့် ပတ်သက်၍ နာမည်ကြီး ကျွမ်းကျင်သူ အများအပြား ပေါ်ထွက်လာခဲ့သည်။ ထိုသို့သော ကျွမ်းကျင်သူများကပင် သူ့ကို ပညာရှင်အဖြစ် ငှားရမ်းလိုကာ တစ်နှစ်စာ လစာ ယွမ်တစ်သိန်းဖြင့်ပင် ကမ်းလှမ်းခဲ့ကြသော်ငြား သူက ငြင်းဆန်ခဲ့သည်။

၁၉၈၀ ခုနှစ်များက တစ်နှစ်စာလစာ ယွမ်တစ်သိန်းမှာ မည်သည့်ပမာဏဖြစ်ကြောင်း ချင်းရှန်းက မသိခဲ့ပေ။ သို့သော် ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းကာလများ၌ ပေကျင်းတွင် အိမ်ပါပြီးသား ခြံကျယ်တစ်ခု ဝယ်လျှင်ပင် ယွမ် သုံးသောင်းသာ ကျသင့်ကြောင်း သိပေသည်။

တစ်နစ်စာ လစာဖြင့် ထိုသို့သော အိမ်မျိုး သုံးလုံးဆက်တိုက်ပင် ဝယ်နိုင်၏။ ဤသည်မှာ မည်သူမှ မငြင်းဆန်နိုင်မည့် ကမ်းလှမ်းချက်ပင်။ သို့သော် လောင်ဟဲကမူ ငြင်းဆန်ခဲ့သည်။ အစပိုင်းက သူမသည် သူ၏ အကြောင်းပြချက်ကို သဘောမပေါက်ခဲ့ပေ။ သို့သော် နောက်ပိုင်း၌ ထိုအမျိုးသားသည် လန်ဟဲမြို့မှ ထွက်မသွားလိုသောကြောင့်ဖြစ်ကြောင်း တစ်ဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ လန်ဟဲမြို့တွင် ရှိနေသရွေ့ အိမ်နီးချင်းအဆင့်မှ တက်ခွင့်မရသည့်တိုင် သူမကို မြင်တွေ့ခွင့် ရနေဦးမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ချင်းရှန်းမှာ ဆက်ပြီး ထိန်းမထားနိုင်တော့၊ ထိုအမျိုးသား၏ လည်တိုင်ကို လှမ်းဆွဲလိုက်သည်။

တရစပ် စကားပြောနေသော တစ်စုံတစ်ဦး - “...”

ညကိုးနာရီ မထိုးခင်တောင် လုပ်လို့ ရနေပြီလား ...

သူက တစ်ဖက်လူ၏ အပူငွေ့ကိုပင် ခံစားမိနေကာ သွားတိုက်ဆေးအနံ့လေလား ဆပ်ပြာ၏ အနံ့လေလား မသဲကွဲသည့် ခပ်ဖျော့ဖျော့ အမွှေးနံ့တစ်ခုကိုလည်း ရနေခဲ့သည်။ စိတ်ကိုပင် လန်းဆန်းစေနိုင်လောက်သည့် ထိုအမွှေးနံ့မှာ မည်သည့်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်းကိုမူ တွေးပင် မတွေးရဲတော့ချေ။

မှောင်မိုက်လှသော ညအလယ်တွင် .. အမျိုးသား၏ အသက်ရှူသံတို့မှာ တစ်ဖြည်းဖြည်း ပိုမိုကာ ပြင်းထန်လှ၏။ အားကောင်းလှသော လက်မောင်းတစ်စုံက နောက်ပြန်ဆုတ်ရန် ဟန်ပြင်နေသည့် အမျိုးသမီးကို ဆွဲဖက်ထားလိုက်သည်။

“ပြဿနာ မရှာနဲ့တော့ ...”

သူ့ထံတွင် ပစ္စည်းကိရိယာအသစ် မရှိတော့ကြောင်း မှတ်မိနေဆဲပင်။

ချင်းရှန်းက အမှုမထား။ သူ့လည်စေ့ကို ငုံ့ကာကိုက်လိုက်သည်။ သူ့ကို ထိခိုက်သွားစေမည်ကိုလည်း စိုးရိမ်သောကြောင့် ခပ်ဖွဖွသာ ငုံကိုက်ထား၏။ နှစ်ကြိမ်တိုင်တိုင် ရန်စလာသည့် ခပ်ဖွဖွ ကိုက်ချက်ကြောင့် တစ်ဖက်လူ၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့ပူပြင်းလာတော့သည်။ နှာခေါင်းမှ လေပူများ ထွက်လာကာ .. ကိုယ်ကို တစ်ပတ်လှည့်၍ ကုတင်ပေါ် ဖိချလိုက်၏။ ပစ္စည်းကိရိယာများအတွက်မူ .. သေချာ ရှာကြည့်ပါလျှင် တစ်ခုတစ်လေ တွေ့ကောင်းတွေ့နိုင်ပေလိမ့်ဦးမည်။

သို့ပါသော်လည်း ... ကမ္ဘာသစ်၏ တံခါးဝကို ဖွင့်လှစ်တော့မည် ပြုစဉ်တွင် အပြင်ဘက်မှ တံခါးခေါက်သံ အစစ်အမှန်ကို ဆက်တိုက်ကြားလိုက်ရတော့သည်။

သူက တံခါးထဖွင့်မည် ပြုလိုက်သော်လည်း ချင်းရှန်းက အဖွင့်မခံ၊ တင်းကြပ်စွာသာ ပွေ့ဖက်ထားလိုက်သည်။

ထိုသို့ဖြင့် တံခါးခေါက်နေသူ အလိုလို ပြန်သွားလိမ့်မည်ဟု နှလုံးသွင်းကာ နှစ်ဦးစလုံး ရေငုံနှုတ်ပိတ်ကာ အသာလေး ငြိမ်နေလိုက်ကြသည်။

သို့သော် တံခါးခေါက်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။

“ရှောင်ဟဲ ပြန်ရောက်လာပြီလား .. ငါ ကျောက်ချင်းစုန့်ပါ ...”

ချင်းရှန်းက ထိုလူကို အသေသတ်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့၏။

စောပြီး လာရင်လာ မဟုတ်လည်း နည်းနည်းလောက် နောက်ကျပြီးမှ လာပါ့လား .. နည်းနည်းလေးမှကို လူမှုရေး မသိတတ်လိုက်တာ ...

ဟဲလျန်ရှန်းကမူ အရေးကြီးကိစ္စ တစ်ခုခု ရှိနေ၍လားဟု စိုးရိမ်သဖြင့် အသာ ချောင်းဟန့်ကာ ပြောလိုက်သည်။

“ရှိတယ် .. တစ်မိနစ်လောက် စောင့်ပါဦး ...”

ထိုသို့ဖြင့် ချင်းရှန်းသည် သူမ၏ ကမ္ဘာသစ်လေးအား ဖွင့်ပေးမည့် သော့တစ်ချောင်း ပျောက်ဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ထိုင်ကြည့်နေလိုက်ရတော့သည်။

သူ ပြန်လာတာကို စောင့်နေဖို့လား .. အိပ်မက်သာ မက်နေလိုက်တော့ ...

ရှောင်ဟဲသည် နောက်တစ်နေ့မနက် ခုနစ်နာရီထိုးမှသာ ပြန်ရောက်လာတော့သည်။ ရိတ်သင်ထားကာစ စိမ်းမြမြ မုတ်ဆိတ်မွှေးတို့မှာလည်း ပြန်လည်ကာ ထွက်ပေါ်လာ၏။ ချင်းရှန်းက သူ့တွင် အကြောင်းအရင်း တစ်ခုခု ရှိနေပြီး ညလုံးပေါက် နေခဲ့ရကြောင်း ခန့်မှန်းမိလိုက်သော်လည်း သူ့ကို မေးနေရန် အချိန်မရှိ။ နှစ်ယောက်လုံး ကိုယ်စီ အလုပ်များနေခဲ့ကြသည်။ အလုပ်တွင် ရှိနေစဉ် ညနေပိုင်း ရောက်ကာမှ ဘေးအိမ်သို့ ဆန်ပြုတ်တစ်ပန်းကန် ယူကာ သွားပြီး စုံစမ်းကြည့်ရဦးမည်ဟု စဉ်းစားလိုက်သည်။

ထင်မှတ်မထားစွာဖြင့် .. ညစာစားရန် အိမ်ပြန်သည့်အခါ သူ့ကို တွေ့လိုက်ရသည်။ သူက နောက်တစ်ကြိမ် ခရီး ထပ်သွားရမည်ဖြစ်ကြောင်းနှင့် ဤတစ်ကြိမ်တွင် အချိန်မည်မျှ ကြာမြင့်မည်မှန်း မသိသေးကြောင်း ပြောလာသောအခါ ချင်းကွေ့ဟွားမှာ သက်ပြင်းချမိသွားတော့သည်။

အိမ်ရဲ့ မြေးသမက်လေးကို ခေါင်းဆောင်ပိုင်းတွေက တအား အလေးထားကြတာ ကောင်းတဲ့ကိစ္စလားတော့ မသိပေမယ့် ဒီလိုသာ အမြဲတမ်း ခရီးသွားနေရရင် ဘယ်အချိန်မှ မြေးဝတုတ်လေး မွေးပေးနိုင်တော့မှာလဲ ...

ချင်းရှန်းမှာမူ စိတ်ပူနေရန် အချိန်မရှိ၊ သူမတွင် ထိုထက်ပိုကာ အရေးကြီးသည့် အလုပ်ကိစ္စများ ရှိနေပေသည်။

နောက်ထပ် ရက်အနည်းငယ်ကြာသည်အထိ ချင်းရှန်းသာမက ချန်းဖုရှန်းပါ စိတ်နှင့်လူနှင့် မကပ်။ လူနာကလေး၏ တုန့်ပြန်ပုံကိုသာ စောင့်ကြည့်နေခဲ့ကြသည်။

ကံကောင်းသည်မှာ ထိုကလေး၏ ခန္ဓာကိုယ်သည် အလွန် ပိန်လှီလှသည့်အတွက် သူ့ခန္ဓာကိုယ်ထဲရှိ သန်ကောင်များအဖို့ စားသောက်စရာ မရှိခဲ့။ ဆေးသောက်ပြီး တတိယမြောက်နေ့ မနက်ခင်းမှာပင် အာနိသင် ပြလာတော့သည်။ အမျိုးသမီးက ချက်ခြင်း ကျန်းမာရေးဌာနသို့ အပြေးရောက်လာကာ ပြောလိုက်၏။

“ဒါရိုက်တာချန်း ...”

“ဘာဖြစ်လို့လဲ ...”

ချန်းဖုရှန်းက ရှေ့သို့ နှစ်လှမ်းတက်ကာ သိလိုစိတ်အပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

ထိုအမျိုးသမီး၏ မျက်နှာမှာ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်အတွက် လစာ လတစ်ဝက်စာ အပိုထပ်ရလိုက်သည့်အလား ဝင်းလက်တောက်ပနေ၏။

“ဒါရိုက်တာချန်း .. ကျွန်မ သတင်းကောင်း လာပြောတာ ကြည့်လိုက်ပါဦး ...”

အုတ်ကြွပ်ပြားပေါ်တွင် အပ်ချည်မျှင်သဖွယ် အဖြူရောင် ခပ်ရှည်ရှည် ပစ္စည်းနှစ်ခု ရှိနေ၏။ ၎င်းတို့မှာ ယခုအချိန်အထိ လှုပ်ရွနေဆဲပင်။

ဟိုဟာတွေတော့ မဟုတ်လောက်ပါဘူးနော် ...

ချန်းဖုရှန်းမှာ နေရာတွင် အန်မချမိစေရန် မနည်း ထိန်းထားရသည်။ အမျိုးသမီးက သဘောတကျ ရယ်မောကာာ ပြောလိုက်၏။

“ဒါ ကျွန်မသားရဲ့ ဗိုက်ထဲကနေ ထွက်လာတာတွေလေ .. ဟဲဟဲ ခုနစ်စင်တီလောက်တော့ ရှိမယ်ထင်တယ်နော် ပိန်ပိန်ရှည်ရှည်နဲ့ ခေါက်ဆွဲမျှင်တွေလား ကျနေတာပဲ ...”

“သိပြီ သိပြီမလို့ တော်လိုက်ပါတော့ .. ဝေါ့ ... ဝေးဝေးကို မြန်မြန် ယူသွားစမ်းပါ ...”

မနက်ခင်းကမှ အဘွားဖြစ်သူ ပြင်ဆင်ပေးသည့် ခေါက်ဆွဲကို မနက်စာအဖြစ် စားထားခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးက ခြေနှစ်လှမ်း နောက်ဆုတ်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါရိုက်တာချန်း သေချာပေါက် ကတိတည်ရမယ်နော် ဒေါက်တာရှောင်ချင်းက တကယ်ကို ဆေးပညာမှာ ပါရမီရှင်ပဲ ဒီလောက်ကြီးတဲ့ ပိုးကောင်ကြီးတွေကိုတောင် တိုင်းရင်းဆေးနဲ့တင် အမြစ်ပြတ်အောင် ကုပေးနိုင်တယ် အဲဒီ့နေ့က ရှင် ကတိပေးခဲ့တဲ့ဟာကို မမေ့လိုက်နဲ့နော် ...”

“အခုကနေစပြီး ကျွန်မကတော့ ဒေါက်တာရှောင်ချင်းကို လန်ဟဲမြို့ရဲ့ ဆရာဝန်တစ်ယောက်အဖြစ် အသိအမှတ်ပြုတော့မှာ ... မမေ့နဲ့နော် ...”

သူမက တံခါးဝသို့ ရောက်သည်အထိ နောက်တစ်ကြိမ် လှည့်ကြည့်ပြီး ထပ်ပြောလိုက်ဆဲပင်။

တွန့်ရွနေသည့် သန်ကောင်နှစ်ကောင်က ချန်းဖုရှန်း၏ မျက်စိရှေ့သို့ နောက်တစ်ကြိမ် ပြန်ပေါ်လာပြန်၏။

“မြန်မြန်သွားပါ ... မမေ့ဘူးလို့ ငါ့ဘဝနဲ့ ရင်းပြီးကို အာမခံတယ် ...”

သူက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

........

"အဆင်ပြေတယ် ရှောင်ချင်း ... ငါ စိုက်ခင်းဘက်သွားပြီး ပြီးခဲ့တဲ့အခေါက်က တိုင်းရင်းဆေးတွေကို သွားတောင်းလိုက်မယ် ..."

စက်တင်ဘာလသို့ပင် မရောက်သေးသည့်အတွက် အပူချိန် မကျဆင်းမီ ဆေးပင်တစ်သုတ်ခန့် စိုက်ပျိုးရန် အချိန်ရှိနေသေးဆဲပင်။ လပိုင်းအတွင်းတွင် ပထမဆုံးအသုတ်အဖြစ် စိုက်ထားသည့် ဆေးပင်များကို အသုံးပြုနိုင်ကောင်း ပြုနိုင်ပေလိမ့်မည်။

သူမ၏ အကြောင်းအား လူသိများလာအောင် လောင်ချန်းက ကြေငြာပေးလေသလား မည်သူက ကြေငြာပေးလေသလဲတော့ မသိ၊ သန်ကောင်တွေ့သည့် ကလေးကို ကုသပေးပြီးကတည်းက သူမထံသို့ လာရောက်ပြသသည့် လူနာများ တစ်နေ့တစ်ခြား ပိုပိုပြီး များလာကာ ချင်းရှန်းမှာလည်း နေ့တိုင်းလိုလို အလုပ်များလာရတော့သည်။

ဆေးခန်း လာပြသည့် အမျိုးသမီးကြီးများက ရောဂါအကြောင်း ပြောနေရင်း ချက်ခြင်းပင် ကျန်းအိမ်နှင့် ဝမ်အိမ်မှ သမီးနှစ်ဦးအကြား ရန်ပွဲ၊ တစ်ဖန် လီအဘွားကြီးနှင့် သူမ၏ ချွေးမတို့ အပြန်အလှန် စောင်းမြောင်းကြမှုများ ထိုမှတစ်ဆင့် လျှိုမိသားစု၏ သားသမီးဝတ္တရား မကျေပွန်သော သားဖြစ်သူအကြောင်း စသည်ဖြင့် တစ်ထိုင်တည်းနှင့်ပင် ‌အဖုံဖုံသော အကြောင်းအရာမျိုးစုံသို့ ရောက်ရှိသွားကြသည်။

ချင်းရှန်းသည် ကျွမ်းကျင် ဆရာဝန်တစ်ဦး ဖြစ်ကာ သူမထံတွင် လူနာတို့၏ ပြောပြချက်နှင့် ကိုယ်တိုင် စမ်းသပ်တွေ့ရှိချက်အပေါ် အခြေခံကာ ရောဂါကို မှန်ကန်စွာ ကောက်ချက်ချနိုင်သည့် စွမ်းရည်တို့ ပိုင်ဆိုင်ထားသော်ငြား ... သူမသည်လည်း ဖရဲသီးစားလိုသူတစ်ဦး ဖြစ်နေမိဆဲပင်။

ထို့အပြင် များသောအားဖြင့် နောက်တွင် စောင့်ဆိုင်းနေသည့် လူနာဟူ၍လည်း မရှိရာ ဖရဲသီးအနည်းငယ် စားလိုက်ခြင်းက များစွာ သက်ရောက်မှု မရှိလှပေ။ ထိုသို့ဖြင့် လူတိုင်းက ဒေါက်တာရှောင်ချင်းသည် ခန္ဓာကိုယ်ကိုသာ ကုသပေးသည်မဟုတ်၊ စိတ်ပိုင်းဆိုင်ရာကိုလည်း နှစ်သိမ့်ဆွေးနွေးပေးကာ သူတို့ ရင်ဖွင့်သမျှကို ဂရုတစိုက်နှင့် နားထောင်ပေးတတ်သူဟု တဖွဖွ ပြောလာကြတော့သည်။

ဥပမာအားဖြင့် ... ချွေးမနှင့် ရန်ဖြစ်ကာ အိမ်တွင် ချန်ထားခံရသည့် အချို့သော အဘွားအိုများသည် အခြား သက်တူရွယ်တူများရှေ့တွင် ရင်မဖွင့်ရဲလောက်အောင်ပင် အလွန် ရှက်ရွံ့မိကြသည်။ သို့သော် ‌ဒေါက်တာရှောင်ချင်းကမူ သူတို့နှင့် မတူ၊ အလွန် စိတ်ရှည်လှ၏။ သူတို့ ပြောစကားကို နားထောင်ပေးရုံမျှသာမက တစ်ခါတစ်ရံတွင် မျှတသည့် စကားအချို့ကိုပါ ပြောပေးသည့်အပြင် နားချခြင်းကိုလည်း ပြုပေးသည့်အတွက် စိတ်ထဲတွင် ပိုပြီး နေရထိုင်ရကောင်းလာတော့သည်။ ရောဂါမှာလည်း မပြင်းထန်၊ တစ်ပြားတစ်ချပ်ပင် ငွေကုန်ခံစရာ မလိုဘဲ ကုသနိုင်ပေရာ ... နတ်ဆေးသမားတော်နှင့် တွေ့ရသည့်အလားပင်။

ချင်းရှန်းမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

နေ့ခင်းပိုင်းသို့ ရောက်သည့်အခါ ချန်းဖုရှန်းက အလုပ်သို့ အချိန်မီ ရောက်မလာ၊ ညနေ သုံးနာရီထိုးမှသာ ရောက်လာခဲ့သည်။ သို့သော် သူ သယ်လာသည့် သတင်းမှာ သတင်းကောင်းတော့ မဟုတ်လှချေ။

"စိုက်ပျိုးရေးဌာနခွဲက ပြောလာတယ် ငါတို့ မြေတောင်းခံလွှာ တင်တာ နောက်ကျလို့ အဲဒီ့အကွက်က တစ်ခြားအပင်တွေ စိုက်နှင့်ပြီးသား ဖြစ်နေတယ်တဲ့ ဒီနှစ်တော့ ထပ်စိုက်လို့ မရတော့ဘူး ..."

သူ စိတ်မပျက်ပါဟု ပြောလျှင် လိမ်ရာကျပေမည်။ ချင်းရှန်းကလည်း ပထမဆုံးခြေလှမ်းမှာပင် အခက်တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"ဒါပေမယ့် စိုက်ပျိုးရေးဌာနက လူတွေရယ် စက်ရုံခေါင်းဆောင်တွေရယ် ‌ဆွေးနွေးပြီးတဲ့နောက် အနောက်ဘက်မှာရှိတဲ့ စွန့်ပစ်မြေတစ်ခုမှာ တိုင်းရင်းဆေးပင်တွေ စိုက်ဖို့ ခွင့်ပြုချက် ရလာခဲ့တယ် ..."

All Chapters