Chapter 50
Vol. 5 Ch. 50
ဤကာလများ၌ စွန့်ပစ်မြေဆိုတိုင်း စိတ်တိုင်းကျ စိုက်ပျိုး၍ မရ။ စိုက်ပျိုးရေးဌာန၏ ခွင့်ပြုချက်ကို ရယူရဦးမည် ဖြစ်သည်။ တည်နေရာ ဆန်းစစ်ခြင်းနှင့် ခြုံငုံလေ့လာခြင်းတို့ ပြုလုပ်ပြီးနောက် စိုက်ပျိုးရေး လုပ်သင့်သည်ဟု အတည်ပြုချက် ထွက်လာသည့် မြေများတွင်သာ စိုက်ပျိုးရေး လုပ်ကြရသည်။ အထူးသဖြင့် စက်ရုံအမှတ် ၄၁၂ ၏ ထူးခြားသော သဘောသဘာဝအရ မြေအောက်အလုပ်ရုံများလည်း ရှ်ိနေရာ မစူးစမ်းမဆင်ခြင်ဘဲ မြေတွင်းတူးခြင်းများ ပြုလုပ်၍ လျှို့ဝှက်ချက်များ ပေါက်ကြားသွားခဲ့ပါလျှင် ကျိန်းသေ အပြစ်ပေးခံရမည် ဖြစ်သည်။
ချင်းရှန်းက ဝမ်းသာသွားသည်။
"တကယ်လား..."
"တကယ်ပေါ့ ငါ ဒီမနက်ကကို အဲဒီ့ မြေကွက်ကို သွားကြည့်ခဲ့သေးတယ် .. ကျယ်လည်းကျယ်တယ် မြေကလည်း ပြန့်ပြန့်ပြူးပြူးလေး .. တစ်ခုပဲ မြက်တော့ နည်းနည်းရှိတယ် ..."
"ပြီးတော့ မင်းတို့လို လူငယ်လေးတွေကတော့ ဒီ စွန့်ပစ်မြေတွေကို စိုက်ပျိုးနိုင်တဲ့အဆင့်အထိရောက်အောင် လုပ်ရတာ ဘယ်လောက် ပင်ပန်းကြမ်းတမ်းလဲဆိုတာ သိမှာ မဟုတ်ဘူး ဟိုးအရင်က ငါတို့ခရိုင်မှာရှိတဲ့ စိုက်ပျိုးရေးတပ်သားတွေဆို သီးပင်စားပင်တွေ စိုက်ပျိုးတဲ့အဆင့် ရောက်မလာခင် အခက်အခဲတွေ မျိုးစုံကို ကြုံရတာ ဒါတောင် အများစုက တိုက်ရည်ခိုက်ရည် အပြည့်ရှိတဲ့ သန်သန်မာမာ စစ်သားကြီးတွေနော် ငါတို့မှာက ဆရာဝန်တွေပဲ ရှိတာဆိုတော့ .. လုပ်နိုင်ကြပါ့မလား စိုးရိမ်မိတယ် ..."
အမှန်အတိုင်း ပြောရပါလျှင် သူတို့ဌာနရှိ မည်သူကမှ ထိုသို့ လုပ်နိုင်မည့်စွမ်းရည် မရှိကြပေ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီး မကြာမီတပ်သားအများအပြားကို ပြန်လည်နေရာချထားပေးရန်နှင့် နိုင်ငံလုံးဆိုင်ရာ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ဗဟိုအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနအပြင် စိုက်ပျိုးရေးနှင့် လယ်ယာမြေ ပြန်လည်ဖော်ဆောင်ရေးဌာနကိုပါ ထပ်မံ တည်ထောင်ခဲ့သည်။ မူလက ရှိနှင့်ပြီးသား တိုင်းဒေသကြီး ၃၀ ကို တည်ဆောက်ရေး ဒေသများအဖြစ် ပြောင်းလဲကာ သေနတ်နှင့် အိုးခွက်များကို ကိုင်ဆောင်ခဲ့ကြသည်။ နိုင်ငံအနှံ့အပြားတွင် ပြည်နယ်ပိုင် လယ်ကွင်းနှင့် ဆီအုန်းစိုက်ခင်းများ အများအပြား ပေါ်ထွက်လာကာ ချန်းဖုရှန်း၏ ဒေသမှာလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
သူကိုယ်တိုင်ပင်လျှင် ကျောပိုးအိတ်ကို လွယ်ရင်း မြေယာတူးဆွရသည့် စစ်သားတစ်ဦး ဖြစ်ခဲ့သည့်အတွက် ကျက်တီးမြေအား ပြန်လည်ကာ ဖော်ဆောင်ရခြင်းမှာ မည်မျှ ခက်ခဲလှကြောင်း ကောင်းစွာ သိပေသည်။
"ငါတို့ရုံးမှာ လူက ခုနစ်ယောက်ရှစ်ယောက်ပဲ ရှိတာ လူအင်အား လိုပေမယ့် လူမရှိ ငွေလိုပေမယ့် ငွေ မရှိနဲ့ ... ပြီးတော့ စက်ရုံရဲ့ ထုတ်လုပ်မှုအပိုင်း တာဝန်တွေကလည်း အရမ်းကို များပြားတာဆိုတော့ ငါတို့ကို ကူညီပေးမယ့် လုပ်အား ရနိုင်ဖို့တာ မဖြစ်နိုင်လောက်ဘူး ..."
ချင်းရှန်းကလည်း နားလည်ပေသည်။
"ဒါပေါ့ ကျွန်မတို့ဌာနက လူတွေကို လယ်ယာမြေ ထွန်ယက်ခိုင်းလို့ မရနိုင်ဘူးလေ ..."
သူမက နယ်ပယ်တစ်ခု၏ ကျွမ်းကျင်ပညာရှင်များသည် ထိုနယ်ပယ်နှင့် သက်ဆိုင်သည့် အလုပ်ကိုသာ လုပ်သင့်သည်ဟု ခံယူထားသူ ဖြစ်သည်။ မျက်မှောက်ခေတ် ဆေးဝန်ထမ်းများ၏ ဝတ္တရားမှာ မပေါ့ပါးလှ။ မူလကတည်းက အလုပ်များလှသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ကျက်တီးမြေများကိုပါ ပြန်လည်ထွန်ယက်ရဦးမည် ဆိုပါလျှင် နေမကောင်းဖြစ်နေသည့် လူနာများအား ကုသပေးမည့်သူ ရှိတော့မည် မဟုတ်ချေ။ ကုသပေးမည့်သူ မရှိဘဲ ရောဂါပျောက်ကင်းသွားသူဟူ၍လည်း ရှိနိုင်အံ့ မထင်ပေ။
ပြီးတော့ အရေးပေါ် အကူအညီ လိုအပ်လာရင်ရော ဘယ်လိုလုပ်မလဲ ... ယုတ္တိမရှိလိုက်တာ ...
နှစ်ဦးသား ခေါင်းချင်းဆိုင်ကာ အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသည့်တိုင် အဖြေထွက်မလာ။ ထို့ကြောင့် ချင်းရှန်းလည်း ထိုကိစ္စကို ဘေးဖယ်ကာ အိမ်သို့သာ ပြန်လာခဲ့လိုက်တော့သည်။
ညစာကို ချင်းဖန်က ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ချင်းရှန်းက ပြီးခဲ့သည့်ရက် အနည်းငယ်ကတည်းက သူမ၏ ကျောင်းအပ်ရန် လိုအပ်သော စာရွက်စာတမ်းများကို အပြည့်အစုံ ပြင်ဆင်ကာ ကျောင်းအပ်ပေးထားပြီး ဖြစ်သည်။
ဤဒေသရှိ ကျောင်းများ၏ ကောင်းသည့်အချက် တစ်ချက်မှာ စိုက်ပျိုးရေးနှင့် ကာယအချိန်များမှာ စိတ်ကြိုက်ဘာသာရပ်များ ဖြစ်သည်။ အကယ်၍ ကျောင်းသားက ထိုအချိန်များကို မတက်လိုပါလျှင် ကျောင်းနှင့် ဆရာမက အတင်း တိုက်တွန်းလိမ့်မည် မဟုတ်။ လုပ်စရာတစ်ခုခု ရှိနေပါလျှင် သူငယ်ချင်းများမှတစ်ဆင့် ခွင့်တိုင်ကာ အတန်းမတက်၍လည်း ရသည်။ ချင်းဖန်က ထိုအကြောင်းကို သိသည်နှင့်တစ်ပြိုင်နက် ထိုအတန်းချိန်များကို မတက်လိုတော့။ သူမက အိမ်တွင် နေကာသာ အဘွားကို ကူညီပေးလိုခဲ့သည်။
ချင်းရှန်းကလည်း သူမကို အတင်း ဖိအားမပေးချေ။ သို့သော် သင်ခန်းစာများအား လျစ်လျူရှုထားခွင့်လည်း မပေးခဲ့ပေ။ ကျောင်းမသွားသည့် နေ့များတွင်လည်း အိမ်တွင်နေရင်း စာဖတ်ခိုင်းခြင်း၊ အိမ်စာလုပ်ခြင်းတို့ကို အဆက်မပြတ် ဆောင်ရွက်စေခဲ့သည်။ သူမက သိပ္ပံဘာသာရပ်များတွင် လွန်စွာ ပါရမီ ရှိနေရာ ချင်းရှန်းက သူမဖတ်ရန် ဂျူနီယာအထက်တန်းအဆင့် ရူပဗေဒနှင့် ဓာတုဗေဒစာအုပ်များအား ငှားပေးရန် လောင်ဟဲကို အကူအညီ တောင်းခဲ့သည်။
သူမတို့အရွယ် ကောင်မလေးများ အားလုံးနီးပါးသည် ကဗျာနှင့် စိတ်ကူးယဉ် ဝတ္ထုများ ဖတ်ရခြင်းကိုသာ အားသန်ကြသည်။ သို့သော် ချင်းဖန်မှာ ခြွင်းချက်ပင်။ ဝိဇ္ဇာဘာသာရပ်များကို ဖတ်ခိုင်းလေတိုင်း သုံးမိနစ်ပင် မကြာ၊ ချက်ခြင်း ငိုက်မျည်းလာတတ်၏။ ရူပဗေဒ၊ ဓာတုဗေဒ အစရှိသည့် သိပ္ပံဘာသာရပ်နှင့် သက်ဆိုင်သည့် စာအုပ်များ ဖြစ်ပါလျှင်မူ နာရီများစွာ မထစတမ်း ဖတ်နေတတ်သည်။ တစ်ရေးနိုး ထလာသည့် အဘွားက သူမအား မီးပိတ်ကာ အတင်း အိပ်ခိုင်းသည့်တိုင် ညလုံးပေါက် စာဖတ်နေတတ်၏။
"ဒီနေ့ ဘာစားရမှာလဲ ..."
"ပီယကျစ်စေ့နဲ့ ပေါင်းထားတဲ့ ပြောင်းဖူးဘိန်းမုန့် ..."
ပီယကျစ်ဆိုသည်မှာ ကြက်သွန်နီအား တောင်ပိုင်းဒေသ၏ အခေါ်အဝေါ် ဖြစ်သည်။ ဤဒေသရှိ ကြက်သွန်များမှာ အသားထူကာ နူးညံ့အိစက်ပြီး အရည်ရွှမ်းလှသည်။ ရှာလကာရည်နှင့် ငရုတ်သီးလေး အနည်းငယ် ထပ်ထည့်လိုက်ရုံဖြင့်ပင် ပူပြင်းသည့် နွေရာသီနှင့် အလွန်လိုက်ဖက်သော ချဉ်ငန်စပ်ဟင်းလျာတစ်ပွဲကို ရရှ်ိနိုင်ပေသည်။
ဆင်းရဲသားကလေးများမှာ အစောကြီးကတည်းက ရောက်နှင့်နေကြသည်။ ကိုးနှစ်အရွယ် မိန်းကလေးက ပေါက်စီများကို ပေါင်းနေသည်။ ကြီးမားဝိုင်းစက်သည့် ပေါက်စီကြီးများမှာ မြင်ရုံဖြင့်ပင် သွားရည်ကျဖွယ်ရာပင်။
ညီအစ်မနှစ်ဦးသား စားသောက်ကာ ပန်းကန်များ ဆေးကြောပြီးချိန်တွင် အသစ်စက်စက် အစိမ်းရောင်တဘက်ကို ခေါင်းပေါင်းထားသည့် ချင်းကွေ့ဟွားက ချွေးများ စိုရွှဲလျက်ဖြင့် ပြန်ရောက်လာ၏။
"ဖန်တိရေ ရေအေးတာလေး တစ်ခွက်လောက် မြန်မြန်လေး ခပ်လာခဲ့စမ်းပါ အမလေး ရာသီဥတုကလည်း ပူလိုက်တာမှ သေတော့မယ့်အတိုင်းပဲ ..."
"ဘွားဘွား .. ဟင်းရွက်တွေ သွားခူးလာပြန်ပြီလား ရာသီဥတု ပူတဲ့ရက်တွေမှာ အေးအေးဆေးဆေးပဲ နေပါဆိုနေ .. အပူလျှပ်သွားလိမ့်မယ် ..."
ချင်းရှန်းက ရေအေးကရားတစ်အိုး၊ ရေနွေးကရားတစ်အိုး ယူလာလိုက်သည်။ ၄၀ ဒီကရီအထိ မြင့်တက်လာသည့် အပူချိန်ကြောင့် ရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရမှသာ လန်းဆန်းကာ သက်တောင့်သက်သာ ဖြစ်သွားရသည်။
ချင်းကွေ့ဟွားက ရေကို မနားစတမ်း သောက်ကာ ပါးစပ်ကို လက်ဖြင့် သုပ်လိုက်သည်။
"ဒီရာသီဥတုကတော့ အကျိုးနည်းပဲဟေ့ လူကို ပူခြစ်နေတာပဲ ..."
များမကြာမီ ချင်းဖန်က သီးသန့် ချန်ထားသည့် ပေါက်စီနှင့် အသားများကို ယူလာပေးလိုက်သည်။ ပြင်ဆင်ပေးသည့် စားစရာများအား အငမ်းမရ စားသောက်နေသူကို ကြည့်ရင်း ချင်းရှန်း၏ စိတ်ထဲတွင် ကြည်နူးမိလာတော့၏။
အဘွားအိုသည် ရွာထဲတွင် အထီးအကျန်ဆုံးသူတစ်ဦး ဖြစ်ခဲ့ရဖူးသည်။ ဤသည်မှာ သူမက အများနှင့် တင့်သင့်လျောက်ပတ်အောင် မနေတတ်သောကြောင့် မဟုတ်။ ကလေးဘဝကတည်းက တောရိုင်းဒေသမှ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည့်အတွက် ထိုဖြစ်ရပ်ကို အခြေခံကာ အားလုံး၏ အထင်သေးခြင်းကို ခံခဲ့ရသည်။ မည်သူကမှ သူမအပေါ် နွေးနွေးထွေးထွေး မဆက်ဆံပေးခဲ့ကြ။ နောက်ပိုင်းတွင် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ကာ သားဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရသည့်အတွက် သူမထံတွင် မည်သည့်ခံစားချက်မှ မရှိတော့ချေ။
စိတ်စေတနာကောင်းသူ ဖြစ်သည့်အလျောက် လူတိုင်းအပေါ် လိုက်ပြီး စိုးရိမ်ပေးတတ်ကာ စားသောက်၍ ရနိုင်သမျှ အားလုံးကိုလည်း သိမ်းဆည်းထားတတ်သေး၏။
သို့သော် ယခုမူ အခြေအနေတို့က မတူတော့ချေ။ သူမထံတွင် မိသားစုဝင်များ ရှိနေပြီ ဖြစ်ကာ အလေးအမြတ် ဂရုတစိုက် စောင့်ရှောက်ခံရသည့် အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။ အနီးဝန်းကျင်ရှိ အဘွားအိုများမှာလည်း သားဖြစ်သူနှင့် အတူ လိုက်နေကြသူများ ဖြစ်သည့်အတွက် သူမတို့အကြားတွင် ကွာခြားမှု မရှိ၊ မည်သူက ပိုပြီး မြင့်မြတ်သည်ဆိုသည့် ခံယူချက်များ မရှိကြတော့သည့်အတွက် ပစ္စည်းကောင်းကို မောင်ပိုင်စီးလိုသည့် လောဘစိတ်များလည်း မရှိကြတော့ချေ။
ထိုသို့ဖြင့် လပိုင်းအတွင်းမှာပင် အစ်မကြီးများစွာနှင့် မိတ်ဆွေဖြစ်သွားကာ အသီးအရွက် အတူ သွားခူးရန် ခေါ်ကြသည့် အပေါင်းအသင်းများပင် ဖြစ်သွားကြတော့သည်။
အပေါင်းအသင်း ရှိသည်မှာ ကောင်းသည့်ကိစ္စပင် ဖြစ်သည်။ ချင်းရှန်းကလည်း ထိုပြောင်းလဲမှုကို အလွန် ကျေနပ်သည့်အတွက် တားမြစ်ခြင်း မရှိ၊ အန္တရာယ်ရှိသည့် နေရာများအား မသွားမိစေရန်သာ သတိပေးခဲ့သည်။
ချင်းရှန်းက သူမ ငှားလာသည့် တိုင်းရင်းဆေးပင် စိုက်ပျိုးနည်း စာအုပ်ကို ဖွင့်ကာ လန်ဟဲမြို့၏ အခြေအနေနှင့် စိုက်ပျိုးရန် သင့်လျော်မည့် အပင်များကို ရွေးလိုက်သည်။ ဂိုဂျီဘယ်ရီ, ဂျူဂျူဘယ်, skullcap, salvia and Magnolia officinalis တို့မှာ စိုက်ပျိုးရန် အထူးသင့်လျော်ကာ ကီလိုမီတာများစွာ ကွာဝေးသည့် တောင်ပေါ်ဒေသများအထိပင် စိုက်ပျိုးနိုင်ပေသည်။
မြေလွတ်မြေရိုင်း ရှာဖွေခြင်း၏ တစ်ခုတည်းသော ဆိုးကျိုးကို ပြောပါဆိုလျှင် နေရာပမာဏ အလွန်နည်းပါးခြင်းဟုသာ ဆိုရပေလိမ့်မည်။ စိုက်ပျိုး၍ မရနိုင်မည့် ဆေးအမည်များအတွက်မူ .. ဆေးကုမ္မဏီသို့ သွားဝယ်ကာသာ ဆေးညွှန်းရေးပေးရပေလိမ့်မည်။
ထိုအကြောင်း တွေးနေစဉ်မှာပင် စားသောက်၍ ပြီးသွားသည့် ချင်းကွေ့ဟွားက အစိမ်းရောင် ခေါင်းပေါင်းစကို ချွတ်လိုက်၏။
“အမလေး .. ငါတော့ ရက်ပိုင်းလောက်လေးပဲ လှုပ်လှုပ်ရှားရှား လုပ်လိုက်မိတာနဲ့ကို ပင်ပန်းနေပြီ .. ဒီ ဘွားကြီးအိုကြီးရဲ့ ခါးကတော့လေ ...”
ချင်းရှန်းက လက်ထဲမှ စာအုပ်ကို အမြန် ချထားလိုက်သည်။
“ဒီနားလာပြီး လှဲလိုက် ဘွားဘွားကို နှိပ်ပေးမယ် ...”
သူမ၏ နည်းစနစ်မှာ အလွန် ထူးခြားလှသည်။ အကြောဆုံမှတ်နေရာများ အထူးသဖြင့် နောက်ကျောအောက်ပိုင်း နာကျင်သည့် နေရာကို အဓိကထားကာ ထုံကျင်ကိုက်ခဲမှုအား ပြေလျော့ရေးကို ဦးစားပေးခဲ့သည်။
ခွန်အားကိုလည်း ထိုက်သင့်စွာ ထိန်းချုပ်ထားသည့်အတွက် သူမ၏ နှိပ်နယ်မှုကို ခံလိုက်ရလေတိုင်း အစပိုင်းတွင် ကြွက်သားများ နာကျင်ကိုက်ခဲသွားတတ်သော်ငြား လက်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း သက်တောင့်သက်သာ ဖြစ်သွားကာ ထုံကျင်ကိုက်ခဲနေမှုအားလုံး ပျောက်ကွယ်သွားတော့သည်။
“လိုင်တိရှိတာ ကောင်းလိုက်တာ သူ နှိပ်ပေးတာ တကယ်ကို ဝါရင့်တစ်ယောက်အတိုင်းပဲ ...”
ချင်းကွေ့ဟွားက မျက်လုံးမှိတ်လျက် ဇိမ်ခံရင်း ပြောလိုက်သည်။
“မျက်စိရှေ့မှာတင်ကို ချက်ခြင်းကြီး အရွယ်ရောက်လာကြသလိုပဲနော် အလုပ်အကိုင် အတည်တကျနဲ့ မိသားစုလည်း ရှိနေပြီ လိုတာဆိုလို့ ဝဝတုတ်တုတ် ကလေးလေးတစ်ယောက်ပဲ လိုတော့တယ် ...”
“ရှောင်ဟဲက ထျန်းအာကို အလုပ်မှာ တွေ့တိုင်း ထွက်ပြေးနေတာတော့ နှမြောစရာပဲ ဒါနဲ့ ကြားမိသေးလား မနေ့က အလုပ်မှာ ဘာပစ္စည်းဆိုလားပဲ ပျောက်လို့ဆို .. ကျောက်ချင်းစုန့်က သူ့ကို အကူအညီ လာတောင်းနေတာတဲ့ ...”
ချင်းရှန်းကလည်း ထိုအကြောင်းကို သိထားပေသည်။ သူမ၏ ကျောက်ချင်းစုန့်အပေါ် နားလည်မှုအရ ထိုသူသည် သူ့အတွက် ကောင်းကျိုးများစွာ ရကာ အလွယ်တကူ ဖြေရှင်းနိုင်မည့် ကိစ္စမျိုးဆိုလျှင် အခြားသူအား အခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။ အမှန်တကယ် ခက်ခဲသည့် ကိစ္စဖြစ်၍သာ ရှောင်ဟဲကို အကူအညီ တောင်းလာခြင်း ဖြစ်ပေလိမ့်မည်။
အဘွားအို၏ စကားများက အကြောင်းအရာမျိုးစုံသို့ ပြောင်းလဲသွားသည့်တိုင် “မြေးဝတုတ်လေး မွေးပေးရန်” ဆိုသည့် အကြောင်းကို မျိုးစုံ ဦးတည်နေဆဲပင်။ ချင်းရှန်းသည် ယခုမှ ၁၉ နှစ်သာ ရှိသေး၏။ အိမ်ထောင်ကျပြီးပြီ ဖြစ်သည့်တိုင် စောစောစီးစီး ကလေးမယူလိုသေးသည့်အတွက် တစ်ခြား အကြောင်းအရာသို့သာ ပြောင်းလဲလိုက်သည်။
“ဘွားဘွား ဒီနေ့ ဘယ်အထိ သွားခဲ့လို့ ဒီလောက်အထိ ပင်ပန်းနေရတာလဲ ...”
“ဘာဖြစ်ရမလဲ နင်တို့ အဒေါ်ကျန်းပေါ့ ကန္တာရရဲ့ ဟိုဘက်မှာ တောင်ကုန်းတွေ ရှိတယ်ဆိုပြီး အကုန်လုံးကို အဲဒီ့ဘက်အထိ ခေါ်သွားတာလေ ...”
ချင်းကွေ့ဟွားက အခန်း အပြင်ဘက်ရှိ အနီရောင်ခြင်းတောင်းကို လက်ညှိုး လှမ်းထိုးပြကာ ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
“ဒီအဘွားကြီးက သူများတွေထက် ပြေးတာမြန်တော့ ချီကိုရီတွေ အများကြီးကို ခူးလာနိုင်တာ အပေါ်ယံကြည့်ရင်တော့ ရင့်နေပြီဆိုပေမယ့် ရေထဲစိမ်ပြီး စားကြည့်လိုက် နူးညံ့အိစက်နေတာပဲ ... “
ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ အလေ့ကျ ပေါက်သည့် အသီးအရွက်များအား စားသောက်ခြင်းမှာလည်း ကောင်းမွန်ပေသည်။ အမြဲလိုလို အာလူးကိုသာ စားနေရသည့်အတွက် အစာမကြေမှုများ ခံစားလာရကာ ဝမ်းဗိုက်ပင် ဖောင်းပွလာသယောင်။
ချီကိုရီသီးများကို ကြော်ချက်၍ သို့မဟုတ် ပြုတ်၍သာ စားနိုင်သည် မဟုတ်၊ အချဉ်တည်ရာ၌လည်း အသုံးပြုနိုင်ကာ ခေါက်ဆွဲတစ်ပန်းကန်နှင့် တွဲဖက်လိုက်ပါလျှင် ချိုချိုချဉ်ချဉ်နှင့် နှုတ်မြိန်ဖွယ်ရာပင်။ ကြွပ်ရွသည့် အပေါ်ခွံနှင့် နူးညံ့သည့် အတွင်းသားတို့ကြောင့် မြို့ပေါ်တွင် နေထိုင်ကြသူများက အထူးနှစ်သက်ကြကာ နောက်ပိုင်းမျိုးဆက်များတွင် ရှားပါး လူသုံးကုန်ပစ္စည်းအဖြစ်သို့ပင် ရောက်ရှိသွားခဲ့သေးသည်။
မြောက်များစွာသော ကျေးလက်နေသူတို့က လုပ်စရာ မရှိတော့လေတိုင်း ၎င်းတို့ကို ခူးကာ ရောင်းချကြသည်။ တစ်ခါတစ်ရံတွင် မြို့ပြနှင့် ကျေးလက်အကြား လမ်းတစ်လျှောက်တွင် အလွယ်တကူ တွေ့ရတတ်သည်။
“အရသာတော့ ရှိပေမယ့် ဒါကို ခူးးဖို့က အန္တရာယ်များလွန်းတယ် သဲကန္တာရကိုပါ ဖြတ်သွားရတာ မဟုတ်လား .. ရှေ့လျှောက် ဖြစ်နိုင်ရင် အဲဒီ့ဘက်ကို မသွားဘဲ နေကြပါ ...”
ချင်းကွေ့ဟွားက မကြားဟန်ဆောင်နေခဲ့၏။ ကြီးပြင်းလာသည့် ကာလတစ်လျှောက် စားစရာ ရှားပါးခဲ့သည့်အတွက် စားစရာသာ ရပါမည်ဆိုလျှင် သူမသည် ကျားပါးစပ်ထဲတွင် လက်နှိုက်ယူမည့်သူမျိုး ဖြစ်ပေသည်။
ချင်းရှန်းကလည်း တစ်ဖက်သူက သူမ၏ စကားများကို များစွာ အလေးမထားကြောင်း သိပေသည်။
ဟင်းသီးဟင်းရွက်ခူးရန် လာခေါ်သည့် အဒေါ်ကျန်းမှာလည်း တောင်ပိုင်းဇာတိ ဖြစ်ကာ သားနှင့် ချွေးမတို့နှင့်အတူ လာရောက်နေထိုင်ခြင်း ဖြစ်သည်။ တောင်ပိုင်းဒေသတွင်လည်း အသီးအရွက်များကို လိုက်လံခူးဆွတ်လေ့ရှိခဲ့သူ ဖြစ်သည့်အလျောက် မြောက်ပိုင်းဒေသ၏ ခက်ထန်ကြမ်းတမ်းသော ရာသီဥတု အခြေအနေကို သတိမပြုမိသေးချေ။
အမြဲလိုလို အပြင်ထွက်နေတတ်ကာ လုပ်စရာအလုပ် မရှိလေတိုင်း ဟိုဟိုဒီဒီ လှည့်ပတ်သွားနေတတ်သူ ဖြစ်သည်။ သူမ၏ နေရာအနှံ့ လှည့်ပတ်သွားလာတတ်မှုကြောင့် စားသောက်စရာ အသီးအနှံအချို့ ရခဲ့ဖူးသည်ဆိုသည့် အချက်မှာမူ ငြင်းနိုင်ဖွယ်ရာ မရှိပေ။ သို့သော် အတိတ်ဘဝက ထို အဒေါ်ကျန်း၏ ဦးဆောင်မှုကြောင့် မြောက်များစွာသော သက်ကြီးပိုင်း အမျိုးသမီးများစွာ ပျောက်ဆုံးခဲ့ကြောင်းကိုလည်း သူမက မှတ်မိနေဆဲပင်။
သဲမုန်တိုင်းနှင့် တိုးကာ ကန္တာရ၏ အောက်တွင် မြှုပ်နှံခံလိုက်ရလေသလား သို့မဟုတ် ကျားသစ်စာ မိသွားလေသလားတော့ မသိ၊ အသီးအရွက်ခူးရန် ထွက်သွားသည့် အမျိုးသမီးကြီး လေးဦးလုံး ပြန်ရောက်မလာကြတော့ချေ။ စက်ရုံအတွင်း ဖွဲ့စည်းထားသည့် ရဲသား၊ စစ်သားများနှင့် ဝန်ထမ်းများအပြင် စိုက်ပျိုးရေးဌာန၏ အကြီးအကဲများနှင့် ဒေသခံအစိုးရပါ လိုက်လံရှာဖွေခဲ့ပြီး လဝက်ခန့် အကြာတွင်မှ ခြင်းတောင်းအချို့နှင့် ဖိနပ်များကိုသာ ပြန်တွေ့ခဲ့ကြသည်။ ထို့ကြောင့် စက်ရုံတစ်ခုလုံး အထိတ်ထိတ်အပျာပျာ ဖြစ်သွားကြတော့၏။ သဲကန္တာရက လူစားသည်ဆိုသည့် သတင်းများပင် ပေါ်ထွက်လာကာ ကလေးများသာမက လူကြီးများပင်လျှင် ထိုအနားသို့ မသွားရဲကြတော့ချေ။
ထို ပျောက်ဆုံးသွားသည့် မိန်းမအိုကြီးများမှာ လောဘကြီးကာ တစ်ခါတစ်ရံတွင် အတင်းအဖျင်း ပြောတတ်သူများ ဖြစ်ကြသည် ဆိုသော်ငြား သူမတို့၏ ကနဦး စိတ်ရင်းမှာ မိသားစု၏ ဝန်ထုပ်ဝန်ပိုးများအား တတ်နိုင်သည့်ဘက်မှ လျှော့ချပေးနိုင်ရန် ဖြစ်ပေသည်။ သူမတို့သည်လည်း တစ်စုံတစ်ဦး၏ ဇနီးများ၊ မိခင်များနှင့် အဘွားများ ဖြစ်ကြသည်။
ချင်းရှန်းက ထိုဖြစ်ရပ်ဆိုးကြီး ဖြစ်မလာစေရန် ကာကွယ်လိုသည်။ ထို့နောက် ရုတ်ချည်းပင် လယ်ယာမြေ ပြန်လည်ဖော်ဆောင်ရေး ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းနည်းကို စဉ်းစားမိသွားတော့သည်။
သူမက ချက်ခြင်း ထရပ်လိုက်သည်။
“ဘွားဘွား .. အပြင်ခဏသွားလိုက်ဦးမယ်နော် မမှောင်ခင် ပြန်လာခဲ့မယ် ...”
ပါတီအရာရှိလျှို၏ မိသားစုဝင်များသည်လည်း ဝန်ထမ်းအိမ်ယာတွင်သာ နေထိုင်ကြသည်။ သို့သော် လျှိုယွီဟွားသည် ရှေးရိုးဆန်ကာ သပ်သပ်ရပ်ရပ် နေရသည်ကို သဘောကျသူ ဖြစ်သည့်အလျောက် လျှိုမိသားစုအိမ်မှာ အမြဲတစေ သန့်ရှင်းသပ်ရပ်နေပေသည်။
“ဒေါက်တာရှောင်ချင်း ထိုင်ပါ .. ညစာရော စားပြီးခဲ့ပြီလား ...”
“စားပြီးမှ ထွက်လာတာ ယောက်မ .. ကျွန်မမှာ သရက်ရွက်ကို အားကောင်းပြီး သလိပ်ပျောက်စေတဲ့ ဆေးဖက်ဝင်လက်ဖက်ခြောက်ထုပ် နှစ်ထုပ် ကျန်သေးတာကို သတိရတာနဲ့လေ ... ရေနွေးနဲ့ စိမ်ပြီး ဟုန်ချီကို တစ်နေ့သုံးကြိမ် သောက်ခိုင်းလိုက်ပါ ...”
လျှိုဟုန်ချီမှာ ချောင်းဆိုးဝေဒနာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသူ ဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းက ချင်းရှန်း သူ့အတွက် ပြင်ဆင်ပေးသည့် ဆေးသုံးဖုံကို သောက်ပြီးနောက် သက်သာသွားခဲ့သည်။
လီယွီဟွားက မျက်စိနှစ်ဖက်လုံး မှေးကျဉ်းသွားသည်အထိ သဘောတကျရယ်မောလိုက်၏။
“ရဲဘော်လေးရယ် ဘာလို့ အခုအချိန်အထိ သူစိမ်းလိုကြီး ပြောနေရတာလဲ ရင်းရင်းနှီးနှီး ဆက်ဆံပါ ...”
“ဟုန်ချီရေ မင်းရဲ့ ဒေါ်ဒေါ်ရှောင်ချင်းကို လာပြီး ကျေးဇူးတင်စကား ပြောလိုက်ဦး ...”
လျှိုဟုန်ချီ၏ အသွေးအရောင်မှာ ယခင်ကထက် များစွာ ကောင်းမွန်လာပြီ ဖြစ်သည်။ ယခင်က ဖြစ်ခဲ့သည့် အမာရွတ်နှင့် နီမြန်းယောင်ယမ်းနေမှုအားလုံး သက်သာကာ အကြည့်များကအစ ဝင်းလက်တောက်ပလာတော့သည်။
“ဒေါ်ဒေါ်ချင်းကို ကျေးဇူးတင်ပါတယ် ...”