← Chapters

Chapter 51

Vol. 5 Ch. 51

Chapter 51

Vol. 5 Ch. 51

ချင်းရှန်းက သူ့လက်ကောက်ဝတ်သွေးကြောကို စမ်းကာ အခြေအနေကို မေးမြန်းလိုက်သည်။ လီယွီဟွား၏ မျှော်လင့်တကြီး မျက်ဝန်းများအောက်တွင် သူက ချောင်းဆိုးသည့် ရောဂါမှာမူ သက်သာသွားပြီဟု ပြန်ဖြေလိုက်၏။ အနာဂတ်တွင်လည်း ကျန်းမာရေးကို ဂရုစိုက်ကာ ကိုယ်ခံအား ကောင်းမွန်နေသရွေ့ နောက်တစ်ကြိမ် ချောင်းဆိုးတော့မည် မဟုတ်ချေ။

လီယွီဟွားက ဝမ်းသာအားရ ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။

“ကောင်းလိုက်တာ ... အရမ်းကို ကောင်းတာပဲ ရှောင်ချင်းရေ မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲကို မသိတော့ပါဘူး ဒီနေ့ကနေစပြီး အစ်မကို မင်းရဲ့ အစ်မအရင်းတစ်ယောက်လို သဘောထားနော် တစ်ခုခု အကူအညီ လိုတာရှိရင်လည်း အစ်မနဲ့ နင့်အစ်ကိုကို အားနာမနေဘဲ လာသာပြော ဟုတ်ပြီလား ..”

ချင်းရှန်းက ပြုံးကာ သဘောတူလိုက်သည်။ သို့သော် သူမသည် ကျင့်ဝတ်ကို သိတတ်သူတစ်ဦး ဖြစ်သည့်အတွက် သူမ၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် ထိုအခွင့်အရေးကို အသုံးချလိမ့်မည် မဟုတ်ချေ။ ဤသည်က ဆရာဝန်ကျင့်ဝတ်နှင့်လည်း မညီညွတ်လှ။ သို့သော် ယခု သူမလာသည့် အကြောင်းအရင်းမှာ အများအကျိုးနှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်ကာ အကောင်အထည် ဖော်နိုင်လိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းအတွက် အကျိုးအမြတ်တစ်ခု ရနိုင်မည် ဖြစ်ပေရာ ထိန်းချုပ်သိုဝှက်မနေဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်တော့သည်။

“ဒီနေ့ အစ်မကို အကူအညီတောင်းစရာလေးရှိလို့ ထွက်လာလိုက်တာ အစ်မလည်း သိပါတယ် ကျွန်မတို့ ကျန်းမာရေးဌာနမှာ ဆေးနဲ့ ဆေးပစ္စည်းတွေ ပြတ်လပ်နေတယ်ဆိုတာကိုလေ အခု ဒါရိုက်တာချန်းက တောင်းဆိုလိုက်တော့ အထက်ကနေပြီးတော့ စက်ရုံရဲ့ အနောက်ဘက်ခြမ်းက စွန့်ပစ်မြေတစ်ပိုင်းကို ချပေးလာတယ် ကျွန်မက အဲဒီ့မြေပေါ်မှာ ဒီဒေသရဲ့ မြေအနေအထားနဲ့ သင့်လျော်တဲ့ အပင်မျိုး စိုက်ဖို့အတွက် စီစဉ်ထားတာ တိုင်းရင်းဆေးပင်တွေသာ စိုက်ပျိုးနိုင်သွားရင် အနာဂတ်မှာ တကယ်လို့ ကျွန်မတို့ ဆေးရုံက ဝန်ထမ်းတွေ နေမကောင်းဖြစ်ခဲ့ရင်တောင် ကောင်တီဆေးရုံအထိ သွားပြီး ဆေးထုတ်နေစရာ မလိုတော့ဘူးပေါ့ အစ်မရော ဒီကိစ္စက အဆင်ပြေလောက်မယ်လို့ ထင်လားဟင် ...”

“ဒါ ကောင်းတဲ့ကိစ္စပဲဟာ ...”

လီယွီဟွားက လက်ဖက်ရည်ခွက်များကို ထပ်ဖြည့်ပေးလိုက်သည်။

“ဒီလိုပြောရတာ နည်းနည်းတော့ အားနာဖို့ကောင်းမလား မသိပေမယ့်လေ မင်းညွှန်းလိုက်တဲ့ ဆေးတွေက လန်ဟဲမြို့မှာ တစ်ခုမှ မရှိလို့ ငါနဲ့ လောင်လျှိုမှာ နေရာမျိုးစုံကို သွားပြီးကို လိုက်ရှာလိုက်ရတာ ကောင်တီကို ရောက်တော့လည်း ဘယ်သူကမှ ဒီဆေးညွှန်းကို ထုတ်မပေးချင်ကြလို့ အသိအကျွမ်းကို ရှာပြီး နာရီတွေ အများကြီး စောင့်နေခဲ့ရသေးတယ် လောင်လျှိုလို တစ်သက်လုံး နောက်ဖေးတံခါး မသုံးခဲ့တဲ့သူက ဆေးရဖို့အတွက် အဲဒီ့လူရဲ့ ဘိုးဘေးတွေအထိပါ တောင်းဆိုခဲ့ရတာ ဒါပေမယ့် တကယ့်ကို ...”

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူမ ညွှန်းထားသည့် ဆေးအမယ်အားလုံးမှာ မလိုအပ်သည့် အရာဟူ၍ မရှိ၊ အထိရောက်ဆုံးသော ဆေးအမယ်များသာ ပါဝင်ပေသည်။ ထို့ကြောင့် ဆေးအမယ် ကိုးခုစလုံး ပြည့်စုံစွာ ရရှိနိုင်ရန် နေရာများစွာသို့ သွားရောက်ကာ ရှာဖွေရပေလိမ့်မည်။ ဆေးညွှန်းအကြီးကြီးများအား ရေးတတ်သည့် ဆရာဝန်တစ်ဦးနှင့်သာ တွေ့ပါလျှင် လူနာရှင်မိသားစုသည် ထိုဆေးအမယ်များအား လိုက်ရှာရင်းပင် ရူးချင်စိတ် ပေါက်သွားကြပေလိမ့်မည်။

နောင်တစ်ချိန် မျိုးဆက်များအတွက်မူ ဤကိစ္စများမှာ အလွန်လွယ်ကူအဆင်ပြေသည့် ကိစ္စများ ဖြစ်လာပေလိမ့်မည်။ အစိုးရဆေးရုံများက ဆေးဝါးအထောက်အပံ့ လုံလောက်စွာ မရှိဟု ယူဆပါလျှင် ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများအား သွားရောက် ပြသနိုင်သည်။ ထိုသို့ အပြင်ထွက်ရမည်ကိုပင် ပျင်းရိပါလျှင်လည်း အွန်လိုင်းမှတစ်ဆင့် ဆေးဝါးသာမက ချက်ပြုတ်ပြီးသား အစားအသောက်များကိုပါ အိမ်တိုင်ရာရောက် မှာယူနိုင်သေး၏။ ယခုလက်ရှိအချိန်၌မူ လန်ဟဲမြို့သားများသည် ကဏ္ဍပေါင်းစုံကို ကိုယ်တိုင် ဆောင်ရွက်နေကြရသည်။

လီယွီဟွားသည် အလွန် ထက်မြက်လှ၏။ အရိပ်အမြွက် ပြောလိုက်ရုံဖြင့်ပင် အကြောင်းအရာ တစ်ခုလုံးကို သဘောပေါက်သွားတော့သည်။

“ဆိုလိုချင်တာက စွန့်ပစ်မြေတစ်ခုကို ပြန်ပြီး မြေယာဖော်ဆောင်ဖို့ လုပ်နေတယ် ဒါပေမယ့် လုပ်ပေးမယ့်သူ မရှိဘူးလို့ ပြောချင်တာ မဟုတ်လား ...”

“ဟုတ်တယ် ... စက်ရုံရဲ့ အလုပ်တာဝန်တွေကိုက အများကြီးဆိုတော့ ကျွန်မတို့တွေက ဝန်ထမ်းတွေကို သွားပြီး အကူအညီ တောင်းလိုက်လို့လည်း မရဘူးလေ ပြီးတော့ တပ်သားတွေကို လက်နက်တွေ ဘေးဖယ်ပြီး လယ်မြေကို ကူရှင်းပေးပါလို့လည်း ပြောလိုက်လို့ မရဘူး မဟုတ်လား အဲဒါကြောင့် ကျွန်မတို့တွေ ကိုယ့်အားကိုယ်ကိုးပြီး မိသားစုဝင်တွေနဲ့ပဲ အလုပ်လုပ်ကြရင် ဘယ်လိုနေမလဲ စဉ်းစားမိလိုက်လို့ ..."

သူမဘက်မှ လောင်လျှိုအား စစ်သားများကို ကူညီပြီး မြေရှင်းခိုင်းပေးရန် တောင်းဆိုသည့် စကားမျိုး ထွက်လာလေမလားဟူသော စိုးရိမ်စိတ်ဖြင့် လီယွီဟွားမှာ စကားကိုပင် ဖြောင့်ဖြောင့် နားမထောင်နိုင်ခဲ့။ ထိုသို့ တောင်းဆိုလာပါလျှင် သူမအနေဖြင့် လောင်လျှိုကို မည်သည့်နည်းနှင့်မျှ ပြောပေးနိုင်မည် မဟုတ်ချေ။ စက်ရုံကို စောင့်ကြပ်နေသည့် စစ်သားများမှာ ၂၄ နာရီလုံး မျက်တောင်တစ်ချက် မခတ်ဘဲ စောင့်ကြပ်နိုင်သည်ဆိုသည့် တပ်မှူးအဆင့်များ ဖြစ်ကြရာ လက်နက်ကို တစ်ချိန်လုံး မလွတ်စတမ်း ကိုင်ထားရင်း ရေဒီယိုစက်ရုံကို ကာကွယ်စောင့်ကြပ်နေကြရသူများ ဖြစ်သည်။

သူမက မိသားစုဝင်များအား ရွှေ့ပြောင်းအသုံးပြုလိမ့်မည်ဟု ထင်မထားချေ။

“ဒါက လွယ်ပါတယ် လောင်လျှိုက ဘာလုပ်ပေးရမှာလဲ ဘယ်လို တွေးတွေး နိုင်ငံရေးရှုထောင့်ဘက်ကနေပဲ ကြည့်ကြည့် စွန့်ပစ်မြေကို ပြန်ဖော်ဆောင်ပြီး ဆေးပင်စိုက်တဲ့နေရာမှာ လူတိုင်း တက်တက်ကြွကြွ ပါဝင်ဖို့ဆိုတာ ကောင်းတဲ့ကိစ္စပဲလေ ပါတီအတွက်ရော ပြည်သူအတွက်ပါ အကျိုးဖြစ်မယ့် ကိစ္စပဲဟာ သူ သဘောတူမှာပါ ...”

ချင်းရှန်းလည်း ထိုအခါမှ စိတ်အေးသွားရကာ အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။

သူမက လူဦးရေပမာဏကို စိတ်တွက်ဖြင့် အမြန် တွက်ချက်လိုက်သည်။ ဝန်ထမ်းအိမ်ယာတွင် အမျိုးသမီးဦးရေ ၃၀ ထက်မနည်း ရှိနေကာ အဘွားအိုများပါ ပေါင်းထည့်လိုက်ပါလျှင် ၅၀ နီးပါးခန့် ရှိ၏။ ကလေးငယ် မွေးထားကာ ရင်အုပ်မကွာ ကြည့်ရှုရဦးမည့် သူများကို ဖယ်ထုတ်လိုက်ပါလျှင်ပင် အနည်းဆုံး တစ်နေ့လျှင် ၂ ယောက်မှ ၁၀ ယောက်ခန့်အထိ ရနိုင်မည် ဖြစ်သည်။

“အဓိက အချက်က ဘာလဲဆို ကျွန်မတို့တွေ ဘယ်သူ့ကိုမှ အခမဲ့ လုပ်ပေးပါလို့ တောင်းဆိုလို့ မဖြစ်တာပဲ အဲဒါကြောင့် ဒီ လယ်ယာပြန်လည်ဖော်ဆောင်ရေးမှာ ပါဝင်တဲ့ မိသားစုဝင်တွေကို မြေ အချိုးကျ ခွဲဝေပေးရင်ရော ဘယ်လိုလဲဟင် ဒီလိုဆို လူတိုင်းလည်း အလုပ်လုပ်ရတာ စိတ်အား တက်ကြွလာမယ် ပြီးတော့ ကိုယ်ပိုင်မြေလေး ရမယ်ဆို အဲဒီ့မှာ အသီးအနှံလေးတွေ စိုက်နိုင်တော့ အိမ်စရိတ်လည်း ချွေတာနိုင်မယ့်အပြင် သဲကန္တာရဘက်အထိ သွားပြီး အသီးအနှံ ခူးကြတဲ့ အဒေါ်တွေအတွက်ပါ အလုပ်တစ်ခု ရပြီးသား ဖြစ်သွားတာပေါ့ ...ပြီးတော့ အဒေါ်ကျန်းတို့ အသီးအရွက်အရိုင်းတွေ သွားသွားခူးနေကြတဲ့ အကြောင်းရော အစ်မ သိထားပြီးပြီလား ...”

လီယွီဟွားက သက်ပြင်းချလိုက်သည်။ အကြီးအကဲများက သဲကန္တာရဘက် မသွားရန် ထပ်ကာထပ်ကာ သတိပေးထားသော်ငြား ထိုအဘွားအိုများက နားမထောင်ကြ။ လောင်လျှိုမှာ ထိုကိစ္စနှင့် စပ်လျဉ်း၍ တာဝန်ယူထားရသူ ဖြစ်ရာ အကယ်၍ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါလျှင် ကျိန်းသေ အပြစ်ပေးခံရမည် ဖြစ်သည်။

ချင်းရှန်း၏ အကြံပေးချက်များက သူမကို အမှန်တကယ်ပင် စိတ်သက်သာရာ ရစေခဲ့သည်။

“ညီမလေးရဲ့ အကြံက တကယ်ကို ကောင်းတာပဲ အစ်မအထင်တော့ သေချာပေါက် အလုပ်ဖြစ်မယ် ထင်ပါတယ် တို့တွေလည်း “အလုပ်များများ လုပ်လေလေ ရလဒ် ပိုများလေ” ဆိုတဲ့ အဆိုကို လိုက်နာဖို့ လိုတယ်လေ အလုပ်မှာ ပိုပြီး တက်ကြွလေ မြေယာအစု ပိုရလေ ပျင်းလေလေ ပိုပြီး ဆုံးရှုံးလေပေါ့နော် ...”

အပေါ်ယံ လုပ်ပြသူများက အကျိုးအမြတ် ရရှိမှု ပိုနည်းမည် ဖြစ်ကာ လုံးဝ ပါဝင်ခြင်း မရှိသူများအနေဖြင့် အကျိုးအမြတ် တစ်ခုတစ်လေမှပင် ရရှိမည် မဟုတ်ချေ။ ထို့အပြင် တစ်ဦးတစ်ယောက်တည်းမှ လက်ဝါးကြီးအုပ် အပိုင်စီးခြင်းမျိုး မဖြစ်လာစေရန် အလို့ငှာ အကျိုးအမြတ် ခွဲတမ်းရမှတ်များကိုလည်း ပမာဏတစ်ခု သတ်မှတ်ရဦးမည် ဖြစ်သည်။

လီယွီဟွားသည် ပါတီအရာရှိ၏ ဇနီးတစ်ဦး ဖြစ်ထိုက်သူဟုဆိုလျှင် မှားနိုင်အံ့မထင်။ ချင်းရှန်းက သဘောတရားမျှ ပြောလိုက်သည့် အကြောင်းအရာများကိုပင် သူမက စနစ်တကျ အစီအစဉ် ချပြနိုင်ခဲ့သည်။ ချင်းရှန်းက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်သည်။

“ကောင်းပြီ .. ဒါဆို ကျွန်မ အရင်ဆုံး ပြန်လိုက်ဦးမယ် အစ်မစီက သတင်းကောင်း စောင့်နေမယ်နော် ...”

ညနေပိုင်း ရောက်နေပြီ ဖြစ်သည့်အတွက် ပါတီအရာရှိလျှိုကလည်း အလုပ်မှဆင်းကာ အိမ်ပြန်လာ၏။ တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ဖက်ခြောက်နှင့် ရောနေသော တိုင်းရင်းဆေးနံ့ကို ခပ်ဖျော့ဖျော့ ရလိုက်သည့်အတွက် နှလုံးခုန်သံများ မြန်ဆန်သွားရတော့သည်။

“ဟုန်ချီက ထပ်ပြီး နေမကောင်း ဖြစ်ပြန်ပြီလား ...”

လီယွီဟွားက သူ့ကို ပြုံးကာ ရိုက်လိုက်သည်။

“ရှင်က ဘယ်လို အဖေလဲ ... ကိုယ့်သားကို နေပြန်ကောင်းလာဖို့ မမျှော်လင့်တာလား ...”

သူမက ချင်းရှန်း လက်ဆောင်ပေးသည့် လက်ဖက်ခြောက်အကြောင်း တွေးမိကာ နောက်တစ်ကြိမ် ပြုံးလိုက်မိပြန်သည်။

“ရှင်ပြောကြည့် .. ဒီရဲဘော်လေးက တော်တော်လေး တွေးပေးတတ်တယ်လို့ မထင်ဘူးလား ...”

“တော်တော်လေး တွေးပေးတတ်တယ် ...”

အရာရှိလျှိုက ယူနီဖောင်းကို ချွတ်ရင်း ပြောလိုက်သည်။ သူ့ရာထူးမှာ မကြီးသော်ငြား သေးငယ်သည်ဟုလည်း မဆိုသာ။ ဤနှစ်များအတွင်း သူသည် တစ်စုံတစ်ဦးထံမှ နွေးထွေးမှု တစ်ခုခုကို ခံစားရလေတိုင်း လက်ထောက်ရဲဘော်များနှင့် ရှေ့တန်းသို့ ရောက်နေသည့် တပ်သားများအကြောင်း တွေးနေမိခဲ့သည်။ တပ်မဟာညွှန်ကြားရေးမှူးနှင့် သူ့အထက်ရှိ ဒေသတာဝန်ခံတို့က သူ့အား မည်သို့မည်ပုံ ဆက်ဆံကြောင်း ကောင်းစွာ သိနေပြီ ဖြစ်သည်။

သူက ဝတ်စုံကို သပ်ရပ်စွာ ချိတ်ဆွဲကာ တွန့်နေသည့် နေရာများကိုပါ ပြန်ဖြန့်လိုက်သည်။

“သူမနဲ့ ပတ်သက်ပြီး အခက်တွေ့စရာတစ်ခုခု ရှိနေလို့လား ...”.

လီယွီဟွားက တမင်တကာ ပြောလိုက်သည်။

“ဟုတ်တယ် ရှင် ကူညီပေးနိုင်လောက်လား ...”

အရာရှိလျှိုက မျက်မှောင်ကျုံ့သွား။

“စည်းမျဉ်းစည်းကမ်းကို မဖောက်ဖျက်ဘူး ပြီးတော့ ကိုယ်ကျိုးအတွက် တောင်းဆိုတာမျိုး မဟုတ်သရွေ့တော့ ...”

“တော်ပါ တော်ပါ ကျွန်မက ရှင့်တပ်သား မဟုတ်ဘူးနော် စည်းကမ်းစာအုပ်ကြီးအတိုင်း ရွတ်ပြမနေနဲ့တော့ သူ ရောက်လာတာကလည်း ကိုယ်ရေးကိုယ်တာအတွက် မဟုတ်ဘူး ပြောရရင် လန်ဟဲမြို့သားတွေရဲ့ အနာဂတ်အတွက် အကြီးအကျယ်ကို အကျိုးရှိနိုင်မယ့် ကိစ္စမျိုးလို့တောင် ပြောလို့ရတယ် ...”

အိမ်ထောင်သက်တမ်း ရှည်ကြာနေပြီဖြစ်သည့် စုံတွဲများ ဖြစ်ကြသည့်အလျောက် တစ်ဖက်လူက မည်သို့သော စကားမျိုး ကြားလိုကြောင်း ကောင်းကောင်း သဘောပေါက်ထားကြပြီး ဖြစ်သည်။ လီယွီဟွားက ထိုကိစ္စ၏ ကောင်းကျိုးများကို ဦးတည်၍ ပြောလိုက်ရာ အရာရှိလျှို၏ မျက်ခုံးကြောများ တစ်ဖြည်းဖြည်း ပြေလျော့လာပြီး နောက်ဆုံးတွင် သဘောတကျ ရယ်မောသံများပင် ထွက်ပေါ်လာတော့သည်။

“လုပ်အားနဲ့မြေ ဖလှယ်မယ် .. ဒီရဲဘော်လေးက ဉာဏ်ကတော့ တော်တော်ကောင်းတာပဲ ...”

လီယွီဟွားက သူ့အမူအယာကို အကဲခတ်လိုက်သည်။

“ဒါဆို ရှင် ... သဘောတူလား ...”

“သဘောမတူစရာအကြောင်းမှ မရှိတာ ပထမဆုံး စက်ရုံရဲ့ ထုတ်လုပ်ရေးကဏ္ဍကို အနှောင့်အယှက် မဖြစ်ဘူး ပြီးတော့ စက်ရုံဘက်ကနေ တစ်ပြားတစ်ချပ်မှလည်း အကုန်ခံစရာ မလိုဘူး တတိယတစ်ချက်အနေနဲ့ လူတိုင်းအတွက် အကျိုးရှိတယ် .. ဒါမျိုးမှ သဘောမတူရရင်လည်း ... ငါတို့တွေ ဆေးရဖို့အတွက် ဘယ်လောက်တောင် အခက်ကြုံခဲ့ရလဲဆိုတာ မင်း မေ့သွားပြီလား ...”

တော်သေးတာပေါ့ ဆေးက ရသွားလို့ မဟုတ်ရင် ဒီကလေး ဘယ်လိုလုပ်ပြီး အခုလိုမျိုး ကောင်းကောင်းစားသောက်ပြီး ခုန်ပေါက်ကစားနေနိုင်မှာတဲ့လဲ ...

ဖခင်တစ်ဦးအနေဖြင့် ဤသည်မှာ သူ၏ အပျော်ရွှင်ရဆုံး ဖြစ်ရပ်ပင်။

“ဒီကမ္ဘာပေါ်က ရှိရှိသမျှ ကလေးတိုင်းလည်း ငါတို့ရဲ့ ဟုန်ချီလိုပဲ ဆေးကို အချိန်မီ သောက်နိုင်၊ ဆရာဝန်ကောင်းနဲ့ တွေ့နိုင်ဖို့ မျှော်လင့်မိတယ် ..."

လီယွီဟွား၏ မျက်လုံးများလည်း နီရဲလာတော့သည်။ သူမ၏ အမျိုးသားအပေါ် ထင်မြင်ယုံကြည်ချက်များမှာ မှန်ကန်သည်ဟု ဆိုရပေမည်။ အကယ်၍ သသာ သဘောမတူခဲ့ပါလျှင် ငိုယိုကာ ပြဿနာ ရှာလိုက်မည်ဟုပင် တွေးထားခဲ့ပြီး ဖြစ်သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် မည်သို့မှ တိုက်ပွဲဝင်နေစရာ မလိုဘဲ အောင်မြင်သွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် ချင်းရှန်းသည် လီယွီဟွားထံမှတစ်ဆင့် ခွင့်ပြုချက်ကို ရရှိခဲ့၏။ ထို့နောက် အလုပ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာချန်းကို သူမ၏ အစီအစဉ်အကြောင်း ရှင်းပြလိုက်သည်။ ချန်းဖုရှန်းကလည်း ထိုအစီအစဉ်ကို သဘောတူကာ ချက်ခြင်းဆိုသလို စက်ရုံခေါင်းဆောင်များထံ တင်ပြလိုက်၏။ မြေကို သူတို့အတွက် ချထားပေးပြီး ဖြစ်ကာ ထိုမြေပေါ်တွင် စိတ်တိုင်းကျ စိုက်ပျိုးခွင့် ရရှိထားပြီး ဖြစ်သည့်တိုင် သူက မည်သည့်ကိစ္စကိုမဆို စက်ရုံခေါင်းဆောင်များထံမှ ခွင့်ပြုချက် တောင်းပြီးမှသာ ဆောင်ရွက်သည်။ အထူးသဖြင့် ကိုယ်ပိုင်မြေ ခွဲခြမ်းရေးကိစ္စတွင် ထိုသို့ ဆောင်ရွက်ရန် ပို၍ပင် လိုအပ်လှသည်။

ထိုနေ့ညတွင်ပင် ဝန်ထမ်းအိမ်ယာတွင် ဝန်ထမ်းများအားလုံးသာမက မိသားစုဝင်များပါ တက်ရောက်ရသည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြသည်။ ချင်းရှန်းက ရုံးခန်းတွင် ဒါရိုက်တာချန်းနှင့် မြေယာအသုံးပြုခြင်း အစီအစဉ်များ ရေးဆွဲနေသည့်အတွက် ထိုအစည်းအဝေးကို မတက်ဖြစ်ခဲ့။ အစည်းအဝေး တက်ခဲ့ကြသည့် အဘွားနှင့် ချင်းဖန်တို့၏ ပြောပြချက်များအရ ထိုညက အလွန် စည်ကားသက်ဝင်ခဲ့သည်ဟု ပြန်ကြားခဲ့ရသည်။

“ငါတို့လို လယ်သမားတွေက သေချာပေါက်ကို လယ်စိုက်သင့်ပါတယ်လို့ ပြောသားပဲ တို့တွေအားလုံး အိမ်ထဲမှာ အပျင်းထူနေကြရတာ ကြာလှပြီ အခုက အကြောဆန့်ရတော့မယ့် အချိန်ပဲ ...”

စက်ရုံဘက်မှ အကြီးအကဲများသာမက ဝန်ထမ်းအိမ်ယာတွင် နေထိုင်ကြသူများပင်လျှင် သဘောတူခဲ့ကြပြီး ဖြစ်သည့်တိုင်း ချင်းရှန်းသည် မြေပမာဏ မည်မျှနှင့် လုပ်အားပမာဏကို ဖလှယ်မည်ဖြစ်ကြောင်း တိတိကျကျ မသိသေးချေ။

“မြေဘယ်လောက်အတွက် လုပ်သားဘယ်နှယောက်လို့ ပြောလိုက်သေးလဲ ...”

“ပြောတာတော့ ရှင်းရမယ့် မြေအကျယ်အပေါ် အခြေခံမှာတဲ့ အလုပ်ရမှတ်ကို ထည့်မတွက်ဘဲ ရှင်းထားတဲ့ မြေတွေက အကဲဖြတ်မှုကို ကျော်ဖြတ်ပြီး ဘက်ပေါင်းစုံ ပြည့်စုံတာနဲ့ တစ်ပြိုင်နက် စိုက်ပျိုးမြေ ခြောက်ပုံတိုင်းအတွက် ကိုယ်ပိုင်မြေ တစ်ပုံရမယ်တဲ့ ...”

မူလက ဖလှယ်နှုန်းမှာ ဤမျှအထိ မမြင့်လှ။ သို့သော် ချင်းရှန်းက ဂရုတစိုက် တွေးကြည့်ပြီးနောက် ဧက သုံးဆယ်လုံးကို ဆေးပင်များ စိုက်ပျိုးလိုက်ပါလျှင် သူမအနေဖြင့် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဟု သဘောပေါက်သွားခဲ့သည်။ ဆေးပင်များအား စိုက်ပျိုးခြင်း ဆိုသည်၌ စိုက်ပျိုးရုံသပ်သပ်သာမဟုတ်၊ ပုံမှန် ရေလောင်းပေါင်းသင်ကာ မြေဩဇာကျွေးခြင်း၊ ပိုးသတ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ကိုင်းဖြတ်ကိုင်းဆက်ခြင်း စသည် လုပ်ငန်းစဉ်များပါ ပါဝင်ပေသည်။ အခြားသော နေ့စဉ်ဓူဝကိစ္စများကိုပါ ထပ်ပေါင်းလိုက်ပါလျှင် စိုက်ပျိုးရေးနှင့် အလုပ်ရှုပ်နေ၍ ဆေးကုချိန်ပင် ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဆေးပင်စိုက်ရန် ၂၅ ဧကသာ ယူထားကာ ကျန် ၅ ဧကကို လုပ်သားများအတွက် ခွဲပေးရန် ဆုံးဖြတ်လိုက်တော့သည်။

အရာရှိလျှိုကိုယ်တိုင် သဘောတူထားပြီး ဖြစ်သည့်အတွက် ၎င်းသည် ပေါ်လစီနှင့် ကိုက်ညီသည်ဟုလည်း ဆိုရပေမည်။ သူမ၏ အဘွားနှင့် ညီအစ်မများသည် ရွာ၌ ကိုယ်ပိုင်မြေ၏ သုံးပုံတစ်ပုံကိုသာ ပိုင်ဆိုင်ခွင့် ရခဲ့ကာ ဦးလေးချွေ့ဝူတို့ မိသားစုနှင့် မုဆိုးမလျှိုတို့ မိသားစုဆိုလျှင် သူတို့ပိုင်မြေ၏ သုံးပုံတစ်ပုံကိုပင် လူများစွာနှင့် ခွဲဝေအသုံးပြုခဲ့ကြရသည်။

“တတိယအစ်မ .. အစ်မ မသိလို့နော် အဘွားက သမီးတို့အတွက် ကိုယ်ပိုင်မြေ အများကြီး လိုချင်တာတဲ့ ...”

ချင်းဖန်က တောက်ပနေသည့် မျက်လုံးများဖြင့် သရုပ်ပြလိုက်သည်။ အရာရှိလျှိုက စာသင်ကြားရေးကို အနှောင့်အယှက် မဖြစ်သရွေ့ ကလေးများလည်း ပါဝင်ခွင့် ရှိကြောင်း ပြောလာရာ လယ်ယာမြေများ ဝေခြမ်းပေးချိန် ရောက်ပါလျှင် သူမသည်လည်း အသီးအရွက်များ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။

ထို့နောက်တွင် ကိုယ်ပိုင် စိုက်ခင်းမှ အသီးအနှံများ ထွက်လာမည်ဖြစ်၏။ တတိယအစ်မသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗိုက်မကောင်းကြောင်း သတိပြုမိနေခဲ့သည်။

ထို့ပြင် သူမ၏ ယုန်လေးများသည်လည်း ခြံထွက် ဂေါ်ဖီထုပ်နှင့် မုန်လာဥနီများကို စားနိုင်တော့မည် ဖြစ်ရာ သူမနှင့် ကစားရန် ယုန်ပေါက်သေးသေးလေးများ အများကြီး မွေးပေးလာနိုင်ပေလိမ့်မည်။

“ဟေး အဖေအတွက်တော့ ကိုယ့်ဘာသာကိုယ်ရှာဖို့ မမေ့နဲ့နော် အဲဒီ့အချိန်ကျ ထုတ်လုပ်ရေးအသင်းရဲ့ မြည်းတွေကတောင် ငါ့ထက်ပိုပြီး စွမ်းဆောင်နိုင်နေမှာ ...”

ချင်းရှန်းရော ချင်းဖန်ပါ ရယ်မောလိုက်ကြသည်။

ထိုစဉ် ချင်းကွေ့ဟွားက တစ်ခုခုကို တွေးမိဟန်ဖြင့် မျက်နှာပျက်သွားခဲ့သည်။ ချင်းရှန်းကို လှမ်းကြည့်လာသည့် သူမ၏ ပုံစံမှာ တစ်ခုခုအား ထုတ်ပြောရမည်ကို အခက်တွေ့နေသည့်ဟန်ပင်။

“ဘာပြောချင်လို့လဲ ...”

“ဒီရက်ပိုင်း နေမကောင်းဘူးလား ...”

All Chapters