← Chapters

Chapter 52

Vol. 5 Ch. 52

Chapter 52

Vol. 5 Ch. 52

ချင်းရှန်းက ကြောင်အစွာဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပါတယ် ...”

အဘွားအိုက တစ်ခဏမျှ တွေးလိုက်၏။ သို့သော် မည်သည့်စကားမှ ဆက်မပြောတော့ပေ။

“ဖန်တိ .. အရင် အပြင်ထွက်နှင့် ...”

စာအုပ်ဖတ်နေသည့် ဖန်တိမှာလည်း မကျေနပ်ရှာတော့။

“သမီးလည်း တတိယအစ်မကို ကိုယ်ဝန်ရှိနေပြီလားလို့ မေးချင်နေတာ။ သမီးက ကလေး မဟုတ်တော့ဘူး။ ဟိုးအစောကြီးကတည်းက သဘောပေါက်နှင့်နေပြီးသား ...”

အတိတ်တွင် အကြီးဆုံးအစ်မကြီး အိမ်ပြန်လာလေတိုင်း အဘွားက ဤသို့ မေးတတ်၏။ ထို့ကြောင့် ကြားရဖန် များသည့်အခါ သူမလည်း ထိုမေးခွန်း၏ အဓိပ္ပါယ်ကို အလိုလို သဘောပေါက်လာတော့သည်။

အဘွားအိုက သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ ထို့နောက်တစ်ဖန် ချင်းရှန်းဘက်လှည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ပြန်သည်။

“လိုင်တိ ... ဟိုဟာ မဖြစ်တော့တာ ကြာနေပြီလို့ မထင်ဘူးလား ...”

ချင်းရှန်းက နဖူးကို ရိုက်ကာ ရေရွတ်လိုက်သည်။

“ဟုတ်သားပဲ ...”

နောက်ဆုံးဖြစ်ခဲ့သည့် အခေါက်မှာ ဝူလီထွင်၌ တောင်ပေါ်တက်ကာ ဆေးပင်ခူးသည့်အချိန် ဖြစ်သည်။ ပြီးခဲ့သည့် ခြောက်လအတွင်း ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ဂရုစိုက်ခဲ့သည့်အတွက် သူမ၏ ဓမ္မတာမှာ လစဉ် အချိန်မှန်ခဲ့သည်။ ယခုလအတွက် ဓမ္မတာ မဆင်းသေးသည့်အပေါ် အနည်းငယ် စိုးရိမ်မိခဲ့သေးသော်ငြား နေရာအပြောင်းအလဲကြောင့်ဟုသာ တွေးမိခဲ့၏။

ဓမ္မတာ မမှန်သည့် အကြောင်းအရင်းများထဲ၌ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကလည်း တစ်ချက် အပါအဝင် ဖြစ်ပေရာ အလုပ်အသစ်နှင့် နေသားကျရန် ကြိုးစားနေရသည့်အပြင် စွန့်ပစ်မြေယာ ပြန်လည်ဖော်ဆောင်ရေးနှင့် အလုပ်ရှုပ်နေသည့်အတွက် ထိုအကြောင်း မေ့နေခဲ့တော့၏။

ထိုထက်ပိုပြီး အရေးကြီးသည့် အချက်မှာ သူမတို့နှစ်ဦးစလုံးသည် အမြဲတမ်း အကာအကွယ် သုံးခဲ့ကြခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ်တွင် သတိလက်လွတ် ဖြစ်ခဲ့ကြသော်ငြား နောက်ပိုင်းအခေါက်တိုင်းတွင် ခြွင်းချက်မရှိ၊ အကာအကွယ်ကို အပြည့်အဝ သုံးခဲ့ကြသည့်အတွက် ချင်းရှန်းသည် ကိုယ်ဝန်ရလာလိမ့်မည်ဟု တွေးပင် မထားမိချေ။

“အခုတလော ဗိုက်ပူလာတယ် ဗိုက်ထဲ နေလို့ မကောင်းဘူးနဲ့ ခဏခဏ ညဉ်းနေတာ မဟုတ်လား ငါလည်း နင်တို့အဖေက်ို ကိုယ်ဝန်ဆောင်ရတုန်းက အဲဒီ့လိုပဲ တစ်ခြားလူတွေဆို ကိုယ်ဝန်ရရင် ပျို့ကြအန်ကြတာလေ ငါကကျ ဗိုက်ကြီးပဲ ပူလာတာ ခံတွင်းလည်း မပျက်ခဲ့ဘူး ...”

ချင်းရှန်းက သူမ၏ဗိုက် ပူလာခြင်းမှာ အသီးအရွက်များ လုံလုံလောက်လောက် မစားရ၍ အစာမကြေသောကြောင့်ဟုသာ ထင်ထားခဲ့သည်။

ထိုအကြောင်းကို တွေးမိသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းသပ်ကြည့်လိုက်၏။ လက်ကောက်ဝတ်သွေးကြောကို ကိုင်လိုက်သည့် တစ်ခဏ၌ လုံးဝ ထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ရတော့သည်။

သူမသည် နှစ်ပေါင်းများစွာ လက်ကောက်ဝတ်သွေးကြောများစွာကို စမ်းသပ်လာသူ ဖြစ်သည့်အတွက် သွေးကြောစမ်းသပ်ရာ၌ အမှားအယွင်း မရှိနိုင်ချေ။ သို့သော် ..

တကယ်ကြီး အကာအကွယ် သုံးခဲ့တာလေ .. အကာအကွယ် မသုံးခဲ့ဘူးပဲထား ရက်ကို သေချာ တွက်ထားတာကို ဘယ်လို ဖြစ်သွားရတာလဲ ...

မျက်နှာပျက်သွားသူကြောင့် ချင်းကွေ့ဟွားမှာလည်း စိတ်ပူသွားရတော့သည်။

“ဘာလို့လဲ ...”

“ကြည့်ရတာ ကံကြမ္မာက ကျီစယ်လိုက်ပြီ ထင်တယ် ...”

ချင်းကွေ့ဟွားက အားရဝမ်းသာ မေးလိုက်၏။

“တကယ်ကြီးလား ...”

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် စိတ်ထဲတွင်မူ ပျော်မနေချေ။

“ဟုတ်လောက်ပါတယ် ...”

နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိနှင့်ထားပြီး ဖြစ်သည့်တိုင် သူမသည် သူမ၏ လက်ကောက်ဝတ်သွေးကြောကို မကြာခဏ စမ်းသပ်ကြည့်လေ့ ရှိသည့်အတွက် ပုံမှန်အခြေအနေတွင် သူမ၏ သွေးကြောများ မည်သည့်အနေအထား၌ရှိကြောင်း ကောင်းကောင်း သိပေသည်။ ထို့ကြောင့် အပြောင်းအလဲ အသေးလေးတစ်ခု ဖြစ်လာလျှင်ပင် သတိပြုမိရန် လွယ်ကူသွားတော့သည်။

“အမလေး ... ကွမ်ရင်မယ်တော်ရဲ့ ကောင်းချီးတွေပါပဲ .. ငါဆိုတဲ့ ချင်းကွေ့ဟွားလည်း နောက်ဆုံးတော့ ဝတုတ်တုတ် မြေးလေးတစ်ယောက် ချီရတော့မှာပါလားနော် ...”

“မသက်မသာ ဖြစ်နေတဲ့နေရာတွေ ဘာတွေရော ရှိလား .. ကောင်တီဆေးရုံအထိ သွားပြီး ဆေးစစ်ကြည့်လိုက်ပါလား ...”

“စားချင်တာရှိရင် ဘာမဆို ပြောနော် အဘွားကိုယ်တိုင် ချက်ပေးမယ် ...”

ချင်းရှန်းမှာ ရယ်ပင် မရယ်နိုင်၊ သူမ တစ်ကိုယ်လုံး ကြောင်အမင်သက်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

“ဘွားဘွားတို့လည်း အိပ်ယာစောစောဝင်ကြလေ ... သမီးလည်း အိပ်တော့မယ် ...”

“ဟုတ်ပြီ ဟုတ်ပြီ ကောင်းကောင်းနားလိုက် မြေရှင်းဖို့အတွက်ကို တအားကြီး ပူမနေနဲ့ ဒီတစ်နှစ် မစိုက်နိုင်လည်း နောက်တစ်နှစ်ပေါ့ တစ်နှစ်နောက်ကျသွားလည်း ဘာအရေးလဲ အဓိကက ဗိုက်ကို ဂရုစိုက်ဖို့ပဲ သေချာ ဂရုစိုက်ရမယ်နော် နင် အခုတလော တအားကို အလုပ်ရှုပ်နေတာ မဟုတ်လား ...”

ချင်းကွေ့ဟွား သက်ပြင်းချလိုက်သည်။

“အလုပ်သရဲတွေနဲ့တော့ ကလေးကို ဘယ်လိုများ ပျိုးထောင်ကြမလဲ မသိဘူး ... နင် ပြောသလိုသာ တစ်အိမ်လုံး လုပ်ချင်နေကြရင် သေချာပေါက် ကလေးကို အိမ်မှာ ချန်ထားခဲ့ရတော့မှာပဲ ...”

ချင်းရှန်းက သူမ၏ စိတ်ထဲမှ တုန်လှုပ်မှုကို အမြန် ဖုံးဖိလိုက်သည်။ သူမတို့ နှစ်ဦးစလုံး သဘောတူညီထားကြပြီး ဖြစ်သည့်အပြင် ရှောင်ဟဲကိုပါ နှစ်အနည်းငယ်လောက် ထပ်စဉ်းစားဦးမည်ဟု ပြောထားမိခဲ့သေးသည်။ သူမ၏ အသက်မှာလည်း ၂၀ သာ ရှိသေး၏။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရလာသည့်အခါ ဘာဆက်လုပ်ရမှန်း မသိတော့ချေ။

သူမက ကလေးများကို ချစ်တတ်ကာ ကိုယ်တိုင်လည်း ကလေးမွေးလိုစိတ် ရှိသော်ငြား ဖခင်ဖြစ်သူဘက်မှ အစီအစဉ် မရှိသေးချိန်တွင် ကလေးကို လူ့လောကထဲသို့ ဆွဲမသွင်းချင်ပေ။

ကိုယ်ဝန်ရခြင်းက အခြားမိသားစုများအတွက် ပျော်စရာကိစ္စ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူမတို့ မိသားစုအတွက်မူ တစ်အိမ်လုံးနှင့်ဆိုင်သည့် အခက်အခဲ ဖြစ်နေတော့သည်။

ညနေပိုင်းတွင် .... ဟန်ပျက်နေသည့် သူမ၏ ပုံစံကြောင့် အလုပ်မှ ပြန်ရောက်ကာစ ရှောင်ဟဲက မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ...”

ချင်းရှန်းက ပြန်မဖြေ။ စိတ်ထဲတွင်မူ တိတ်တခိုး တုန်လှုပ်မိနေလေသည်။ သူမက ကလေး လိုချင်၏။ ရှောင်ဟဲက ထိုကလေးအား လက်လျှော့လိုက်မည်ကိုလည်း အဖြစ်မခံလိုပေ။

“ရှင့်ကို မေးချင်တာလေး တစ်ခု ရှိတယ် ...”

ရေချိုးပြီးကာစ ရှောင်ဟဲက တဘက်တစ်ထည်ဖြင့် ခေါင်းကို သုတ်ရင်း နားထောင်လိုက်သည်။

“တကယ်လို့ ကျွန်မသာ ကိုယ်ဝန် ရလာရင် .. မထင်မှတ်ထားဘဲ ကိုယ်ဝန်ရလာခဲ့ရင် ဘယ်လိုလုပ်မလဲ ...”

“မဖြစ်နိုင်ဘူး ... ဘာ မတော်တဆမှ မဖြစ်ခဲ့ဘူး မဟုတ်လား ...”

အခေါက်တိုင်း အကာအကွယ် သုံးခဲ့ကြောင်း သူ ရှင်းရှင်းကြီး မှတ်မိနေဆဲပင်။

“တကယ်လို့ .. ရခဲ့ရင်ရော ...”

ရှောင်ဟဲက စနောက်ဟန်မတူ၊ အလေးအနက် ဖြစ်နေသည့် သူမ၏ ပုံစံကြောင့် ပြီးခဲ့သည့် နှစ်လအတွင်း ရှောင်ချန်းသည် တစ်ကြိမ်မှ ဓမ္မတာ မလာခဲ့သေးကြောင်း ရုတ်တရက် သတိရမိသွားတော့သည်။ ထိုစဉ်က ထိုအကြောင်းကို အထူးတလည် ဂရုစိုက်ခဲ့သေး၏။

အကြောင်းမှာ အသက်ငယ်ငယ်ဖြင့် သားအိမ်လမ်းကြောင်းကို အသုံးပြုရပါလျှင် ကျန်းမာရေး ထိခိုက်လာနိုင်၍ ဖြစ်သည်။ နောက်ပိုင်းတွင်လည်း သူက များစွာ ထိန်းချုပ်ခဲ့ကာ နှစ်သစ်ကူးပြီးနောက် သူမအား ကောင်တီဆေးရုံသို့ ကျန်းမာရေး စစ်ဆေးရန် ခေါ်သွားပေးမည်ဟုပင် ပြောခဲ့သေးသည်။

“မင်းက တကယ်ကို ကိုယ်ဝန်ရနေတာလား...”

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်၏။ သူမကိုယ်တိုင်ပင် သတိမထားမိပါဘဲ လက်ကို ဗိုက်ပေါ် တင်လျက်ဖြင့် ပြန်ဖြေလိုက်သည်။

“လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်သလောက်တော့ .. ဟုတ်မယ် ထင်တာပဲ ...”

ရှောင်ဟဲ၏ အမူအယာမှာ အင်အားကြီး ရန်သူတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့်အလားပင်။ သို့သော် အံ့အားသင့်သွားဟန်တော့ လုံးဝ ရှိမနေခဲ့ချေ။

ချင်းရှန်းမှာလည်း ပို၍ပင် စိတ်အခြေအနေ ဆိုးရွားလာတော့၏။ သူမက ထွက်မလာသေးသည့်ဗိုက်ကို ကိုင်ကာ ပြောလိုက်သည်။

“ကျွန်မ ကြိုပြီး ရှင်းပြထားချင်တာရှိလို့ .. ကြည့်ရတာ ရှင့်ရဲ့ ကွန်ဒုံးတွေက လုံးဝဥဿုံ ဘေးကင်းနေတာ မဟုတ်လို့ ဒီလို ဖြစ်သွားတာ ထင်တယ် .. ကျွန်မကတော့ ကိုယ်ဝန်ကို ဖျက်မချနိုင်ဘူးနော် .. ရှင့်မှာလည်း တာဝန် အပြည့်အဝ ရှိတယ် ...”

သူမ နှစ်ဘဝလုံး စောင့်ခဲ့ရသည့် ကလေးလေးကို ရှိသည်ဟု သိရချင်း လက်လွှတ်ရမည့် အဖြစ်မျိုး လုံး ဝအဖြစ်မခံလိုပေ။

ရှောင်ဟဲကလည်း တစ်ခဏမျှ အလေးအနက် တွေးလိုက်၏။

“ဖျက်မချခိုင်းပါဘူး ....”

ပြီးခဲ့သည့် ရက်ပိုင်းကမှ သူ့လုပ်ဖော်ကိုင်ဖက် ရှောင်ကျန်း၏ ဇနီးသည် ကိုယ်ဝန် ဖျက်ချခဲ့ကြောင်း ကြားခဲ့မိသေး၏။ သူတို့သည်လည်း ထိုကွန်ဒုံးကို သုံးသည့်တိုင် ကိုယ်ဝန်ရခဲ့ကြသူများ ဖြစ်ကြသည်။ သို့သော် သားသမီး သုံးဦး ရှိနှင့်နေပြီး ဖြစ်သည့်အတွက် နောက်ထပ်တစ်ယောက်ကို ထပ်ပြီး တာဝန်မယူနိုင်ကြတော့။ ထို့ကြောင့် ဖျက်ချရန် ဆေးရုံသို့ သွားခဲ့ကြရသည်။ ... ဆေးရုံမှ ဆင်းလာပြီးနောက် မစ္စစ်ကျန်း၏ အခြေအနေမှာ ... ယခင်က နွားတစ်ကောင်လို သန်မာခဲ့သည့် ပုံစံကို အရိပ်မျှပင် မတွေ့ရတော့။ မျက်နှာတစ်ခုလုံး ချောင်ကျကာ မျက်လုံးများ အရောင်မှိုင်းကျနေပြီး စိတ်နှင့်လူ မကပ်တော့သည့်အလား ချုံးချုံးကျသွားတော့သည်။

ထို တုန်လှုပ်ဖွယ် မြင်ကွင်းကို သူ့အနေဖြင့် မည်သို့မျှ မေ့နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူကိုယ်တိုင်သည်လည်း ရှောင်ကျန်း ပေးသည့် နိုင်ငံခြားမှ လာသည်ဆိုသော ကွန်ဒုံးကိုပင် သုံးခဲ့ခြင်း ဖြစ်ပေရာ ....

ထိုအကြောင်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ စာမျက်နှာများကို လှန်လှောလိုက်သည်။ ပြီးခဲ့သည့် နှစ်လကျော်လောက်ကတည်းက ထိုစာအုပ်၏ ကြားထဲတွင် ရှောင်ကျန်းပေးသည့် “ပုစဉ်းတောင်ပံအလား ပါးလွှာသည့် ကွန်ဒုံး” နှစ်ခုကို ညှပ်ပြီး သိမ်းထားခဲ့သည်။ ရှောင်ကျန်းက ၎င်းသည် နိုင်ငံခြားမှ လာသည့်ပစ္စည်း ဖြစ်သည်ဟု ပြောခဲ့သော်ငြား သူကမူ တစ်ခါမှ ထုတ်မသုံးခဲ့ချေ။ မည်သို့သော အတွေ့အကြုံမျိုးက ကောင်းသည်ဟု မသိသည့်အတွက် ထိုညကသာ တစ်ခု သုံးပြီး ကျန်အထုပ်များကို နောက်ပိုင်းတွင်မှ ဆက်သုံးရန် သိမ်းထားခဲ့သည်။ ထို့နောက်တွင်လည်း အကြိမ်အနည်းငယ်ခန့် ကုန်လွန်ပြီးသည်အထိ ၎င်းကို ထုတ်မသုံးခဲ့။ ကျန်းမာရေးဌာနမှ ပေးသည့် ပစ္စည်းများကိုသာ သုံးခဲ့သည်။ ပြည်တွင်းထုတ် ပစ္စည်းများ၏ အရည်အသွေးမှာလည်း မညံ့လှ၍ ဖြစ်သည်။

သူက အထုပ်တစ်ထုပ်ကို ဖောက်ကြည့်လိုက်သည်။ ကြက်ပေါင်စေးဖြင့် လုပ်ထားသည့် ထိုပစ္စည်းမှာ အမှန်တကယ်ပင် ပါးလွှာလှကာ အားအနည်းငယ်သုံးပြီး ဆွဲလိုက်ရုံဖြင့်ပင် အသံမြည်ပြီး ပြဲသွားတော့၏။

ထို့နောက် ဆေးရုံမှ ပေးလိုက်သည့် ပြည်တွင်းထုတ် ကွန်ဒုံးတစ်ခုကို ထုတ်ကာ တူညီသော အားဖြင့်ပင် ဆွဲဖြဲလိုက်သော်ငြား ဤတစ်ကြိမ်တွင်မူ ပြဲမသွားတော့။

“ပုစဉ်းတောင်ပံသဖွယ် ပါးလွှာသည့်ကွန်ဒုံး” က ဖြစ်သမျှအားလုံး၏ တရားခံဖြစ်ကြောင်း သိသာနေလေပြီ။

“တောင်းပန်ပါတယ် ကိုယ့်အမှားပါ ...”

ချင်းရှန်းက ကြည့်နေရန် ရည်ရွယ်ချက်မရှိ။ ယခုအချိန်၌ သူမတွင် အတွေး တစ်ခုတည်းသာ ရှိတော့သည်။

တကယ်လို့ သူမရဲ့ ကလေးလေးမှာ လူသားချင်း စာနာတဲ့စိတ်ကြောင့်သာ ကိုယ်ဝန်ကို မွေးခိုင်းတာ ကလေးကို နည်းနည်းလေးတောင် မချစ်ဘူးဆိုတဲ့ အဖေမျိုး ရှိနေရင် ဘယ်လိုလုပ်မလဲ .. ဟူသည့် အတွေးပင် ဖြစ်သည်။

“ကျွန်မတို့ရဲ့ ကလေးကို ချစ်ခြင်းမေတ္တာနဲ့ပဲ ကြီးပြင်းလာစေချင်တယ် ရှင့်အနေနဲ့ စိတ်ကို သေချာ မပြင်ဆင်ရသေးဘူး ဆိုရင်တောင် သူ့ကို မလိုလားတဲ့ အရိပ်အယောင်မျိုး မပြရဘူး သူ့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို လျစ်လျူမရှုရဘူး ပြီးတော့ သူ့ကို လောကထဲ ရောက်မလာသင့်တဲ့ အမှိုက်၊ နင့်ကို မတော်တဆ ရလာတာ ဆိုတဲ့ စကားမျိုးတွေလည်း မပြောရဘူး ...”

တစ်ခဏမျှ ကြာသည်အထိ အသံတိတ်သွား၏။ ထို့နောက် တည်ကြည်စွာဖြင့် သဘောတူလိုက်သံကို ကြားခဲ့ရသည်။

“ကောင်းပြီ ...”

“တကယ်လို့ ရှင့်ဘက်က မဖြည့်ဆည်းနိုင်ခဲ့ရင် ကျိန်းသေ ကွာရှင်းကြတာပေါ့ ...”

သူမ၏ ကလေးအတွက် သူ့ကို ချစ်မပေးနိုင်သည့် အဖေမျိုး မလိုအပ်ပေ။

အသံတိတ်နေမှုက တစ်ဖက်အမျိုးသား၏ လက်မခံနိုင်မှု ပြယုဂ်အလားပင်။

သို့သော် ချင်းရှန်းကမူ စိတ်ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ကလေး မလိုချင်သည့် ခင်ပွန်းသည်ကို ချန်ထားခဲ့ကာ မိနစ်ဝက်ခန့် လမ်းလျှောက်ရန် လိုသေးသည့်အိမ်သို့ ပြန်လာလိုက်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူမသည် ကလေးကို ခေါ်ကာ ဖခင်ကို ချန်ထားခဲ့မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသူမှာ ရှောင်ဟဲသာ ဖြစ်၏။ အတိတ်ဘဝက သူမကို တစ်လျှောက်လုံး အဖော်ပြုပေးခဲ့သော လောင်ဟဲ မဟုတ်ချေ။

နှစ်ဘဝလုံး စောင့်မျှော်ခဲ့ရသည့် အထူးဆုလာဘ်ကလေး ရောက်လာသည့်အတွက် စိတ်လှုပ်ရှားမှုကြောင့် တစ်ညလုံး အိပ်ပျော်နိုင်မည် မဟုတ်ဟု ထင်ခဲ့မိသည်။ သို့သော် ချင်းရှန်းသည် ခေါင်းအုံးနှင့် ခေါင်း ထိသည်နှင့် တစ်ပြိုင်နက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကာ ဟောက်သံတိုးတိုးလေးပင် ထွက်လာလိုက်သေးသည်။

သို့သော် သူမ၏ ဘေးတွင် မျက်လုံးများ ပိတ်ကာ လဲလျောင်းနေသည့် အမျိုးသားမှာမူ စိတ်ထဲ၌ တစ်ခုခု မှားယွင်းနေဟန်ပင်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မှောင်မည်းနေသော မျက်နှာကြက်တွင် သူ့ကို ပြုံးပြနေသည့် ကျစ်ဆံမြီးနှင့် ဝတုတ်တုတ်ကောင်မလေးတစ်ယောက်၏ ပုံကိုသာ မြင်နေခဲ့ရသည်။

လုံးဝဥဿုံ ကြောင်အမိနေခဲ့ရ၏။

ထိုညက မင်သက်အံ့ဩနေမှုများကြောင့် အိပ်မပျော်နိုင်ခဲ့။ ထို့ကြောင့် ချင်းရှန်း လူးလှိမ့်လာလေတိုင်း၊ ဟောက်သံတိုးတိုးလေး ထွက်လာလေတိုင်း အမြန် ထကြည့်မိသွားတော့သည်။

အဘွားကိုမူ ထိုအကြောင်း ပြောနေရန်ပင် မလိုခဲ့ချေ။ ဒုတိယနေ့မှစကာ ချင်းရှန်းသည် အရာရာတိုင်း၌ အလွန့်အလွန် ဂရုစိုက်နေခဲ့၏။ လေးလံသည့် မည်သည့်ပစ္စည်းကိုမှ မ,မ၊ မရွှေ့၊ ခြေဖျားထောက်ပြီးလည်း မရပ်သလို၊ ခါးကိုလည်း မကုန်းရတော့ချေ။ အရသာပြင်းလွန်းသည့် အစားအစာများကို မစားတော့သည့်အပြင် လမ်းလျှောက်သည့်နှုန်းမှာလည်း သိသိသာသာပင် နှေးကွေးသွားတော့သည်။ ကိုယ်ဝန်ရှိနေသည်ဟု မသိရခင်အထိ နာကျင်ခြင်း၊ ယားယံခြင်းတို့ စိုးစဉ်းမျှ မခံစားခဲ့ရသော်ငြား သိပြီးနောက်ပိုင်းတွင် အမြဲတစေ အားနည်းနုံးခွေလာတော့သည်။

“အားမရှိတာအပြင် တစ်ခြားရော နေထိုင်မကောင်းတာ ရှိသေးလား ...”

“အိပ်ချင်နေတာ ပြီးတော့ အမြဲတမ်း ရင်ဘက်ထဲမှာ လေခံနေသလိုပဲ ...”

“ပျို့တာတို့ အန်ချင်တာတို့ရော ရှိသေးလား ...”

အမျိုးသားက သူမကို အဝတ်ကူလျှော်ပေးနေရာမှ လှည့်မေးလိုက်သည်။ ရှောင်ကျန်း၏ ဇနီးသည်လည်း ကိုယ်ဝန်ဆောင်ချိန်က ပျို့အန်ကာ မအီမသာ ဖြစ်သည်ဟု ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူလည်း ကိုယ်ဝန်သည်များ ကောင်းကောင်း စားတတ်ကြသည့် အစားအစာများကို သွားမေးကာ ရှောင်ချင်းအတွက် ပြင်ဆင်ပေးရန် တွေးထားခဲ့သေးသည်။

“ဟင့်အင်း အခုထိတော့ စားချင်စိတ် ကောင်းကောင်းလေး ရှိနေတုန်းပါပဲ။ ဒီတိုင်း ရင်ဘက်ထဲ တစ်ဆို့ဆို့ကြီးပဲ ဖြစ်နေတာ .. တော်ပါပြီ ရှင့်ကို ပြောရင်တောင် နားလည်မှာမှ မဟုတ်တာ ...”

ချင်းရှန်းက ရှောင်ဟဲသည် ကလေးကို ချစ်၍ သူမကို ဂရုစိုက်ခြင်း ဖြစ်သည်ဟု မတွေး၊ ခင်ပွန်းတစ်ဦး၏ ဝတ္တရားအရ ဂရုစိုက်ပေးခြင်း ဖြစ်သည်ဟုသာ တွေးထားခဲ့သည်။ ထိုကဲ့သို့သော ခံစားချက်မျိုးမှာ အတူနေချစ်သူအလားပင်။ သူက သူမကို အိပ်ယာဖော်၊ စားဝတ်နေရေးအတွက် ပြင်ဆင်ပေးသူအဖြစ်သာ စိတ်ဝင်စားကာ မထင်မှတ်ဘဲ ရောက်လာသည့် ဆုလာဘ်လေးနှင့် ပတ်သက်၍မူ များများစားစား မသိထားချေ။

ကိုယ်ဝန်ရှိမှန်း သိနေသည့်တိုင် ချင်းရှန်း၏ အလုပ်များနေမှုများက ရပ်တန့်မသွားပေ။ လဝက်ခန့် ကြာပြီးနောက်တွင် စက်ရုံအမှတ် ၄၁၂ ၏ ဝန်ထမ်းအိမ်ယာ အထူးသဖြင့် ချင်းမိသားစုမှာ ထူးထူးကဲကဲ သက်ဝင်လှုပ်ရှားလာတော့သည်။

ချန်းဖုရှန်းက သူမအား စွန့်ပစ်မြေယာ ပြန်လည်ဖော်ဆောင်၍ ဆေးပင် စိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ အပြည့်အဝ တာဝန်ပေးလိုက်သည့်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာအရေအတွက်ကို စီမံကာ တာဝန်များ ခွဲဝေချထားပေးလိုက်ရတော့သည်။

စီမံကိန်း ချစဉ်က အိုင်ဒီယာများ ပေါကြွယ်ဝခဲ့သော်လည်း လက်တွေ့ လုပ်ဆောင်ရသည့်အခါ အခက်အခဲများစွာ ဖြစ်လာတော့၏။ ရက်ပေါင်းများစွာ လူစာရင်း ကောက်ယူခဲ့သည့်တိုင် မြေယာပြန်လည်ဖော်ဆောင်ရေးတွင် ပါဝင်လိုသူ အရေအတွက်မှာ ဝန်ထမ်းအိမ်ယာ တစ်ခုလုံးပေါင်း၍ ဆယ်ယောက်မပြည့်ပေ။

ဤသည်မှာ သူမ မျှော်မှန်းထားသည့် အရေအတွက်၏ ထက်ဝက်ခန့်ပင် မရှိချေ။ ထိုသို့ ဆယ်ယောက်ခန့် ရရှိခြင်းကပင်လျှင် လီယွီဟွား၏ ပြောင်မြောက်လှသော မဲဆွယ် ကျွမ်းကျင်မှုကြောင့်ဟု ပြောရပေလိမ့်မည်။ သူမ၏ အကူအညီကြောင့်သာ မဟုတ်ပါလျှင် ပမာဏမှာ ယခုထက်ပင် ပိုပြီး နည်းနေပေလိမ့်ဦးမည်။

“ဘွားဘွား ဘာလို့ လက်တွေ့လုပ်မယ်ဆိုတော့ လူတိုင်း ပါမလာကြတော့တာလဲ ...”

ချင်းရှန်းက မဲဆွယ်စည်းရုံးရေး လုပ်စဉ်က အားလုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း မှတ်မိနေဆဲပင်။ ထုံးစံအတိုင်း ကန့်လန့်တိုက်သူများလည်း ရှိသေးသည် ဆိုသော်ငြား ထိုသို့ ကန့်ကွက်သူများမှာလည်း အဘွားအိုကြီးများသာ ဖြစ်ကြကာ လူငယ်လူရွယ်ဟူ၍ တစ်ဦးမှ မပါဝင်ခဲ့ပေ။

“ဘာဖြစ်ရမှာလဲ ဒီကလေးတွေက တစ်ခါမှ အကျိုးအမြတ်ကို မျက်မြင် မတွေ့ဖူးဘူးလေ။ မြေအရည်အသွေးက ဒီစက်ရုံတစ်ဝိုက်မှာဆို အဆိုးဆုံးပဲဆိုတော့ စိုက်သမျှ အကုန် အချည်းနှီးဖြစ်မှာလို့ပဲ ပြောနေတာ ပြောသေးတယ်။ ခက်ခက်ခဲခဲ စိုက်ခဲ့ရင်တောင် တစ်ချိန်ချိန် နိုင်ငံရေး အလှည့်အပြောင်းဖြစ်လို့ ကိုယ်တိုင်စိုက်ပျိုးခွင့် မပေးတော့ဘူးဆို အကုန် အလကား ဖြစ်သွားမှာတဲ့ အဲဒီ့အစား ဘာမှ မလုပ်တာကမှ ကောင်းသေးတယ်လို့ ပြောနေကြတာ ...”

ချင်းရှန်းက ဤဒေသတွင် လွန်ခဲ့သော နှစ်အနည်းငယ်က တော်လှန်ရေး ဖြစ်ခဲ့ကာ အရာရှိနှင့် တပ်ရင်းကော်မန်ဒါများစွာ တိဝူကျစ်သို့ ပြောင်းရွှေ့ခံလိုက်ရသောကြောင့်ဟု ထင်လိုက်သည်။ ထိုကဲ့သို့သော ရာထူးကြီး ခေါင်းဆောင်များသည်ပင် အချိန်မရွေး ပြောင်းရွှေ့ထုတ်ပယ်ခံလိုက်ရရာ သာမန်စစ်သားနှင့် အလုပ်သမားများအတွက်မူ ပြောနေရန်ပင် မလိုအပ်ချေ။

သူမအနေဖြင့် အနာဂတ်တွင် အထွေထွေ အခြေအနေအားလုံး ရှင်းလင်းသွားတော့မည်ဖြစ်ကြောင်း သိထားသော်လည်း အပြင်ပိုင်းအရ တည်ငြိမ်နေသည့် အကြောင်းအရင်းမှာ အလုပ်သဘောသဘာဝကြောင့်အပြင် ခေါင်းဆောင်ပိုင်းက ကာကွယ်ထားသောကြောင့်လည်း ဖြစ်သည်ဟုမူ ထုတ်ပြော၍ မရနိုင်ချေ။

“ထားလိုက်ပါ မလုပ်ချင်တဲ့သူကို အတင်း တွန်းအားပေးနေလို့မှ မရတာ။ လူ နည်းနည်းပဲ ရတယ်ဆိုတော့လည်း အဘွားတို့ ပိုပြီး အလုပ်လုပ်ရတော့မှာပေါ့ ...”

“ဘာတွေ ကြောက်နေတာလဲ ငါတို့က တစ်ခါမှ အပင်ပန်းမခံဖူးတဲ့သူတွေမလို့လား။ တစ်သက်လုံး လယ်လုပ်လာတဲ့ သူတွေပါ။ ငါတို့ လယ်သမားတွေရဲ့ အလုပ်က အတည်ငြိမ်ဆုံးပဲ ...”

“အဒေါ်ကျန်းနဲ့ တစ်ခြားလူတွေကတော့ နင့်အလုပ်ကို ထောက်ခံတယ်တဲ့။ တို့တွေက အိုနေကြပြီ ဆိုပေမယ့် ခြေတွေလက်တွေ ကောင်းနေသေးတာပဲဟာ။ မြေလေး နည်းနည်းပဲ ရှိရင်တောင် စိုက်ချင်တဲ့ အပင်တွေ မျိုးစုံ စိုက်လို့ရတယ်လေ ...”

All Chapters