← Chapters

Chapter 53

Vol. 5 Ch. 53

Chapter 53

Vol. 5 Ch. 53

အားလုံး၏ အကူအညီကြောင့် နောက်ဆက်လုပ်ရမည့် အလုပ်များ ချောမွေ့သွားတော့သည်။ ယခင်က ကြိုတင်ပြင်ဆင်ထားသည့် အုပ်စုပလန်ကို မလိုအပ်တော့ပေ။

အလုပ်လုပ်မည့်လူမှာ ၁၀ ဦးသာ ရှိကာ မြေဧကမှာမူ ၃၀ ဧကတောင် ရှိသည့်အတွက် တစ်ဦးလျှင် ၃ ဧကစီ တာဝန်ယူရန် ခွဲဝေလိုက်ကြသည်။ လိုင်းတစ်ခုစီ တားကာ ခွဲဝေထားပုံမှာ ၁၀ မီတာ တာဝေးအပြေးပြိုင်ပွဲအလားပင်။

သို့သော် ထို ခွဲခြမ်းမှု ပမာဏမှာ ပျမ်းမျှသာပင်။ အလုပ် ပိုလုပ်သူ၊ ပမာဏ နည်းနည်းသာလုပ်သူ၊ အလုပ်ကို အလေးအနက်ထားသူ၊ ပေါ့ပေါ့လျော့လျော့သာလုပ်သူ အစရှိသဖြင့် အမျိုးမျိုး ကွဲပြားရာ ချင်းရှန်းသည် ဆုံးဖြတ်ချက် ချမှတ်ရာ၌ ဒီမိုကရေစီနည်းလမ်းကို အသုံးပြုကာ နေ့စဉ်နေ့တိုင်း မှတ်တမ်းတင်ရန်အတွက် သီးသန့် ဝန်ထမ်းတစ်ဦး စီမံထားသည်။

လူတစ်ဦး၏ အလုပ်လုပ်ပုံမှာ မကောင်းမွန်၊ အလုပ်ကို ဂရုတစိုက် မလုပ်ဟု စုစုပေါင်းဦးရေ၏ တစ်ဝက်ကျော်ခန့်က ယူဆပါလျှင် ချင်းရှန်းသည် ထိုသူ တာဝန်ယူထားသည့် မြေများကို အခြားသူများထံ လွှဲပေးမည်ဖြစ်သည်။ ထိုအခါ အပြီးသတ် ရရှိမည့် ကိုယ်ပိုင်မြေပမာဏမှာလည်း လျော့နည်းသွားမည်ဖြစ်၏။

လူတိုင်းက မြေများများ လိုချင်ကြသည်သာ ဖြစ်ရာ အလုပ်ကို ကြိုးစားပြီး လုပ်ကြတော့သည်မှာ အဆန်း မဟုတ်လှချေ။

ထို့အပြင် ချင်းရှန်းက မြေ၏ မည်သည့်အစိတ်အပိုင်းအား ပုဂ္ဂလိကပိုင်အဖြစ် ခွဲဝေပေးမည်ဟု မပြော၊ အားလုံး ပြီးစီးကာမှ မဲခွဲဆုံးဖြတ်မည်ဟု ပြောခဲ့သည်။ အားလုံးက သူတို့ သာမန်ကာလျှံကာ လုပ်ခဲ့သည့် မြေကွက်များကို ပြန်ပြီး မဲပေါက်သွားပါလျှင် နောက်ဆုံး၌ အခက်ကြုံရမည့်သူမှာ သူတို့ကိုယ်တိုင်သာဖြစ်ကြောင်း သဘောပေါက်သွားကြသည့်အတွက် မြေကွက်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ကြိုးကြိုးစားစား ရှင်းလင်းလိုက်ကြတော့သည်။

မနက်ခင်းတိုင်းတွင် အိမ်အလုပ်များ အပြီးသတ်ပြီးသည်နှင့်တစ်ပြိုင်နက် အားလုံးသည် ရေဘူးနှင့် ရိက္ခာခြောက်များ ကိုယ်စီပြင်ဆင်ကာ တူရွင်းနှင့် ပေါက်ပြားတို့ကို ကိုင်၍ မြေယာရှင်းလင်းရန် ချီတက်လာကြသည်။ နေ့ခင်းဘက်တွင် ပူပြင်းလွန်းလှသည့်အတွက် အိမ်သို့ ပြန်ကာသာ စားသောက်ကြ၏။ မြန်နိုင်သမျှ အမြန်ဆုံး အပြီးသတ်လိုကြသူများပင်လျှင် ပူပြင်းလွန်းသည့် နေပူရှိန်ကြောင့် အပူလျှပ်မည်ကို စိုးရိမ်ရသည့်အတွက် အိမ်သို့သာ ပြန်ခဲ့ကြရသည်။ မနက်ပိုင်းနှင့် ညနေပိုင်း အချိန်ခွဲကာ အလုပ်လုပ်လိုက်ပါလျှင် တစ်နေ့လုံးကို အကျိုးရှိရှိ အသုံးချလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

ထိုအချက်အား အဆိုပြုခဲ့သူမှာ ချင်းကွေ့ဟွား ဖြစ်သည်။ ချင်းရှန်း၏ နေ့စဉ် စစ်တမ်းကောက်ယူမှုအရ သူမတို့၏ တစ်နေ့တာ ရှင်းလင်းနိုင်နှုန်းမှာ တစ်ရက်လျှင် တစ်ပုံနှုန်းမျှသာ ဖြစ်သည်။ ၎င်းမှာ စစ်တပ်၏ လယ်ယာမြေ ပြန်လည်ဖော်ဆောင်ရေးဌာနမှ တပ်သားများ၏ ရှင်းလင်းနိုင်မှုနှုန်းနှင့် နှိုင်းယှဉ်ပါလျှင် အလွန် နည်းပါးသေး၏။ သို့သော် ထိုသူများမှာ စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ နေခဲ့ကြသူများ ဖြစ်ပြီး သူမတို့က အိုမင်းမစွမ်းသည့် သက်ကြီးရွယ်အိုနှင့် ကလေးများသာ ဖြစ်ကြပေသည်။

ဤဒေသရှိ မြေဆီလွှာမှာ သူမတို့ မွေးရပ်မြေရှိ မြေကြီးနှင့် များစွာ ကွာခြားလှသည်။ မြေအနေအထား ကြမ်းတမ်းရုံမျှသာမက တူးရမည့် မြေအနက်မှာလည်း ပိုပြီး များပြားသည့်အပြင် ကျောက်စရစ်ခဲများလည်း ပေါများနေသေးသည်။ အောက်ခြေတွင် ပေါင်းပင်ခြုံပင်တို့ကလည်း ခိုင်မာစွာ အမြစ်တွယ်နေသေး၏။ ၎င်းတို့ကို တူးထုတ်ရုံတင်မက နေရောင်တွင် ခြောက်သွေ့သည်အထိ လှန်းရသေးသည်။ ပေါင်းပင်များအား အမြစ်ပြတ် ရှင်းလင်းကာ အပင် ကြီးထွားမှုအား အဟန့်အတား ဖြစ်စေသည့် ကျောက်စရစ်ခဲများကိုပါ ဖယ်ရှားရသည့်အတွက် တစ်နေ့လျှင် တစ်ပုံနှုန်း ရှင်းနိုင်သည်ကပင် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။

ထို့ကြောင့် ရှင်းလင်းရေး စတင်အပြီး ရက်ပိုင်းအကြာတွင်ပင် အားလုံး၏ လက်ဖဝါးများ အရည်ကြည်ဖု ထလာတော့သည်။ တစ်ဖန် ထိုအရည်ကြည်ဖုများ ပေါက်သွားကာ ခြောက်သွေ့သော ရာသီဥတုဒဏ်ကိုပါ ခံစားရသည့်အတွက် လက်ဖဝါးတစ်ပြင်လုံး အက်ကွဲခြောက်သွေ့လာကြတော့၏။ ထို့ကြောင့် ရှင်းလင်းခြင်းတွင် ဆက်ပြီး မပါဝင်တော့ဘဲ အိမ်တွင်သာ အေးအေးသက်သာ အနားယူရန် တိုက်တွန်းသူများ တစ်စတစ်စ ပိုပြီး များပြားလာတော့သည်။

သို့သော် အဘွားအိုများအတွက်မူ ထိုစကားများမှာ မမှီသည့် စပျစ်သီး ချဉ်နေခြင်းသာပင်။ သူမတို့၏ အောင်မြင်မှုကို မျက်ဝါးထင်ထင် မြင်ရပါလျှင် ယခု ကန့်ကွက်စကားဆိုနေသူများ ကျိန်းသေ နောင်တရသွားပေလိမ့်မည်။

“အဒေါ်ကျန်း၊ အဒေါ်ချင်း ဘာတွေလုပ်ဖို့ ကြိုးစားနေကြတာလဲ ဒီလောက် ဆိုးဝါးတဲ့ မြေမျိုးမှာ ဂျုံပင်တောင် စိုက်လို့ရမှာ မဟုတ်ဘူး ...”

“စိုက်လို့မရဘူးလို့ ဘယ်သူပြောလဲ ဟိုဘက်က စစ်တပ်လယ်ယာမြေဖော်ဆောင်ရေးအဖွဲ့ကို ကြည့်ပါလား သူတို့ဆို အရည်အသွေးမြင့် ဂျုံမျိုးစေ့တွေတောင် စိုက်လို့ ရနေပြီ ကြားတာတော့ အထွက်နှုန်းကလည်း ငါတို့တွေ ဒီမှာ ရှိတာထက်ကို ပိုများတဲ့အပြင် သစ်ပျော့ဖတ်တွေကလည်း တော်တော်ကောင်းတယ်တဲ့ ...”

အချို့က ထိုအဘွားအိုများမှာ ရူးမိုက်လွန်းသည်ဟု လှောင်ရယ်ကြသည်။

ဒီနေရာက တကယ်ကောင်းရင် .. ဒီ တပ်စုအခွဲမှာ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေသာ ရှိရင် ခေါင်းဆောင်ပိုင်းက လူတွေရယ် ပြီးတော့ စက်ရုံအကြီးအကဲနဲ့ နယ်မြေခေါင်းဆောင်တွေရဲ့ မိန်းမတွေ ပါတီအမှုထမ်းတွေရဲ့ မိန်းမတွေက ဘာလို့ မလာကြတာလဲ ပြောရရင် ဒီ လောကကြီးကို မကြုံဘူးတဲ့ အဘွားတွေပဲ လျှောက်ပတ်ပြေးနေတာလေ ...

ကန့်ကွက်သူများ ရှိသည် ဆိုသော်ငြား ထောက်ခံအားပေးသူများလည်း မနည်းမနောပင်။ လူငယ်အများစုက နှစ်ကြိမ်သုံးကြိမ် စဉ်းစားလိုကြသေးသည် ဆိုသော်ငြား ထိုအဘွားအိုများ၏ လုပ်ရပ်ကိုလည်း မချီးကျူးဘဲ မနေနိုင်။

“ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြိမ်သာ ထပ်ရှိခဲ့ရင် ကျွန်တော်တို့လည်း ကူညီဖို့ လာခဲ့မယ် ...”

ထိုစကား ကြားသည့်အခါ အဘွားအိုများမှာ ချက်ခြင်း မပျော်မရွှင် ဖြစ်သွားကြတော့သည်။

“ဟေး လူငယ်လေးတွေ မင်းတို့က ဘယ်သူ့ကို လာပြီးတော့ အထင်သေးနေတာလဲ .. အရင်ကဆို ငါက ထုတ်လုပ်ရေးအဖွဲ့က မြည်းအိုကြီးတွေထက်တောင် ပိုပြီး အလုပ်လုပ်နိုင်ခဲ့တာနော် ...”

ရှောင်ကျန်းက လက်ကို အမြန် ယမ်းပြလိုက်သည်။

“မဟုတ်ပါဘူး အရမ်းကြီး အပင်ပန်း ခံမနေဘဲ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော်တို့ကို အကူအညီ တောင်းလို့ရတယ်လို့ ပြောချင်တာပါ ...”

ထုတ်လုပ်ရေးအဖွဲ့၏ တာဝန်များမှာ အလွန် များပြားလေးလံလှကြောင်း အားလုံး အသိပင်။ ရှောင်ကျန်း၏ စကားကို အခွင့်ကောင်းယူရန် မပြောနှင့်၊ သူမတို့၏ သားအရင်းများကိုပင် မခိုင်းရက်ကြချေ။ ထို့ကြောင့် အားလုံးက လက်ကို ပြိုင်တူ ယမ်းကာသာ ပြောလိုက်တော့သည်။

“သွားပါ ကိုယ့်အလုပ်ကိုသာ ကောင်းကောင်းလုပ် .. တို့လို လူအိုကြီးတွေက မဟုတ်လည်း အားနေတာပဲကို ...”

မြေယာဖော်ဆောင်ရေး အရှိန်အဟုန် မြင့်တက်လာချိန်တွင် ချင်းရှန်း၏ ကိုယ်ဝန်သည်လည်း အခြေအနေ တည်ငြိမ်လာပြီဖြစ်သည်။ ကိုယ်ဝန်ကာလ လေးလ ကုန်ဆုံးသည်အထိ သူမ ကိုယ်ဝန်ရှိနေကြောင်းကို မည်သူမှ မသိခဲ့ကြချေ။

ဗိုက်ထဲမှ ကလေးက သန္ဓေကောင်း၍သာ တော်သေးသည်။ တစ်နေကုန် မည်မျှ အလုပ်များပါစေ၊ ကလေးက ငြိမ်ငြိမ်လေး နေနေတတ်၏။ တစ်ခါတစ်ခါ ရင်ဘက်ထဲမှ တင်းကြပ်လာတတ်၍သာ သူမတွင် ကိုယ်ဝန်ရှိကြောင်း သတိရမိခြင်း ဖြစ်သည်။

သို့သော် ချင်းကွေ့ဟွားကမူ သူမအား ဟိုဟာ မစားရ၊ ဒီဟာမစားရ လိုက်လံတားမြစ်ရသည့်အတွက် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အလား ခံစားနေရတော့၏။

ဆောင်းရာသီတွင် အစားအစာ ပိုမိုရှားပါးသည့်အတွက် ချင်းကွေ့ဟွားသည် ဤကမ္ဘာ၌ စားစရာပင် များများစားစား မကျန်ရှိတော့ဟု ခံစားမိလာတော့၏။

သိုးသားစားလျှင် ဝက်ရူးပြန်မည်။ အမဲသားစားလျှင် နွားရောဂါ ကူးစက်ခံရမည်။ ယုန်သားစားလျှင် နှုတ်ခမ်းပဲ့လေး မွေးလာတတ်သည်။

ထိုစကားများကြောင့် ချင်းရှန်းက အလေးအနက် မေးလိုက်မိတော့သည်။

“ဒါဆို ကြည့်ရတာ သမီးသာ ကလေးလေး လိုချင်ရင် ကလေးသားပဲ စားရတော့မယ့်ပုံပဲနော် ဝဝတုတ်တုတ်နဲ့ အသားဖြူတဲ့ ကလေးလေးပဲ စားရမှာပေါ့ ...”

အားလုံး - “...”

ချင်းကွေ့ဟွား - “...”

ငါတော့ ဒင်းနဲ့တင် အသက်တိုတော့မှာပဲ ...

အမျိုးစုံ ငြင်းခုန်ရန်သတ်ပြီးချိန်တွင်မူ သူမသည် သိုးသားဖက်ထုပ် အနည်းဆုံး နှစ်ခုနှင့် ယုန်သားအစပ်ကြော် အနည်းဆုံးတစ်ဇွန်း စားခွင့်ရသွားတော့သည်။ ဤသည်ကို အသေးစား ဆုလာဘ်လေးဟုပင် မှတ်ယူနိုင်ပေသည်။

ဤတစ်ကြိမ်တွင်မူ အဘွား၏ စည်းကမ်းများက ယခင်ထက်ပင် ပိုမို တင်းကြပ်လာတော့၏။ သူမ၏ မွေးရပ်မြေတွင် ကိုယ်ဝန် မြဲစေရန်အတွက် ကိုယ်ဝန်သုံးလသို့ မရောက်မချင်း ကိုယ်ဝန်ရှိနေကြောင်းကို သိစေ၍ မရဟူသောအယူ ရှိပေသည်။ ထို့ကြောင့် ၁၉၇၅ ခုနှစ်၊ နွေဦးပိုင်းသို့ မရောက်ခင်အထိ ချင်းရှန်းတွင် ကိုယ်ဝန်ရှိနေကြောင်း မိသားစုဝင်များမှအပ မည်သူမှ မသိကြချေ။

မတ်လသို့ ချဉ်းနင်းဝင်ရောက်လာသည့်အခါ ရာသီဥတုမှာ ပိုပြီး ပူနွေးလာသည်။ လန်ဟဲမြို့သားများသည် ထူထဲလေးလံလှသည့် ဂွမ်းကပ်အင်္ကျီများကို ချွတ်ကာ ပါးလျသည့် အနွေးထည်များကို ပြောင်းလဲဝတ်ဆင်လာကြတော့၏။ ကြံ့ခိုင်ကျန်းမာသည့် လူငယ်လေးများကမူ ရှပ်အင်္ကျီလက်ရှည်ကိုသာ ဝတ်ဆင်ကြတော့သည်။ ထို့ကြောင့် ချင်းရှန်း၏ ဝမ်းဗိုက်မှာလည်း ထပ်ပြီး ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ချေ။

“ဟေး .. ရှောင်ချင်း ကိုယ်ဝန်ရှိနေပြီဆို ...”

လီယွီဟွားက သူမ၏ ပုခုံးကို ပုတ်ကာ တောက်တောက်ပပပြုံးရင်း မေးလိုက်သည်။

“ဟုတ်တယ် ...”

“ဘယ်နှလရှိပြီလဲ ...”

“ခြောက်လကျော်ပြီ ...”

“ဟယ် .. မထင်ရဘူးနော် နောက်ကကြည့်ရင် အရင်အတိုင်းပဲ ...”

ချင်းရှန်းက ပြုံးရုံသာ ပြုံးနေလိုက်သည်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက အမှန်တကယ်ပင် အကျိုးထူးလှ၏။ လက်ရှိ သူမ၏ ခန္ဓာကိုယ်မှာ ကြွက်သားများဖြင့် တောင့်တင်းနေကာ ကိုယ်အလေးချိန်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။ သူမကိုယ်သူမ ပေါင် ၁၀၀ ပင် မရှိလောက်ဟု ထင်ထားသော်လည်း အမှန်တကယ်မှာ ပေါင် ၁၃၀ နီးပါးပင် ရှိနေပြီ ဖြစ်၏။ အထူးသဖြင့် သူမ၏ ခါးနှင့် ရင်ဝမ်းခြားကြွက်သားတို့ကလည်း သိသိသာသာ သန်မာလာသည်။ ၎င်းက နောင်တစ်ချိန်တွင် အကြောပြတ်သည့် ဝေဒနာကို လျော့နည်းစေလိမ့်မည်လားတော့ မပြောတတ်ချေ။

တစ်ခါတစ်ရံတွင် စိတ်စွမ်းအင်ကလည်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို မခုခံနိုင်ကြောင်းကိုမူ ယခုအချိန်အထိ သူမ မသိသေးချေ။

“မနက်ပိုင်းမှာ မအီမသာ ဖြစ်တာမျိုးရော ဖြစ်သေးလား ...”

ချင်းရှန်းက ခေါင်းယမ်းပြလိုက်သည်။ ကလေးမှာ ယောကျ်ားလေးလား၊ မိန်းကလေးလား မသိရသေး။ သို့သော် ၎င်းက သူမကို များစွာ အနှောင့်အယှက် မပေးလှချေ။ အစပိုင်း တစ်ရက်နှစ်ရက်တွင် ရင်ပြည့်ခဲ့ဖူးသည်မှအပ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် အစားအသောက် ပျက်ခြင်း မရှိ။ တစ်နပ်လျှင် ထမင်း သုံးပန်းကန် ကုန်သည်အထိပင် စားနိုင်ခဲ့သေးသည်။

“ချဉ်တာတို့ စပ်တာတို့ရော ကြိုက်လား ...”

“အကုန်ကြိုက်တယ် ...”

ခါးသည့် အရသာမှလွဲ၍ သူမ၏ ပါးစပ်ထဲတွင် အားလုံး အရသာရှိနေပေသည်။

ထိုသို့ ပြောနေစဉ်မှာပင် လျှိုပေါင်ကျူးက ချိုင်းအောက်တွင် သားရေအိတ်တစ်လုံးကို ညှပ်လျက် အိမ်ထဲမှ ထွက်လာသည်။ ပြီးခဲ့သည့်နှစ်က ကျောက်ချင်းစုန့်သည် သူမအတွက် အလုပ်နေရာတစ်ခု စီစဉ်ပေးခဲ့သည်။ မြို့၏ ထောက်ပံ့ရေးနှင့် ဖြန့်ချီရေးလုပ်ငန်းစု၌ အရောင်းဝန်ထမ်းအဖြစ် လုပ်ရမည်ဖြစ်ကာ ဤသည်မှာ လူရိုသေ ရှင်ရိုသေဖြစ်သည့် အလုပ်တစ်ခုဟုလည်း ဆိုရပေလိမ့်မည်။

“လိုင်တိမှာ ကိုယ်ဝန်ရှိနေပြီလို့ ကြားတယ် .. ဂုဏ်ပြုပါတယ်နော် ...”

လီယွီဟွားသည် ချင်းရှန်းကို သဘောကျသူ ဖြစ်သည့်အတွက် သူမ၏ ကျန်းမာရေး ကောင်းမွန်မှုကို အထူးတလည် အမွှန်းတင်တော့သည်။ ကိုယ်ဝန်ဆောင်ထားသည်မှာ ခြောက်လကျော်နေပြီ ဖြစ်သည့်တိုင် သူမကမူ နေ့တိုင်းနေ့တိုင်း ဆေးစိုက်ခင်းရှိရာသို့ တိမ်ပေါ် လမ်းလျှောက်ရသည့်အလား တလွှားလွှား သွားနေဆဲဖြစ်သည်။

လျှိုပေါင်ကျူး၏ မျက်နှာမှာ မိတ်ကပ်အလှပြင်ပစ္စည်းပေါ် မှောက်ကျထားသည့်အလား လှပနေ၏။ စင်စစ်အားဖြင့် သူမလည်း ချင်းရှန်း၏ ကိုယ်ဝန်သတင်းကို မနေ့ညကမှ သိရခြင်း ဖြစ်သည်။ ကျောက်ချင်းစုန့်က အိပ်ယာပေါ် လှဲနေရင်း ရှောင်ဟဲသည် လျှို့ဝှက်ချက် ထားရာ၌ ပိုပိုပြီး တော်လာပြီဟု မကျေမနပ် ပြောရာမှ သိလိုက်ရခြင်း ဖြစ်သည်။

သူမ၏ မိသားစုဝင်များက ကိုယ်ဝန်ရှိကြောင်း လူသိရှင်ကြား ကြေငြာရန် အချိန်များစွာ ယူခဲ့ကြဟန်ပင်။

လျှိုပေါင်ကျူးက သူမတွင်လည်း ကိုယ်ဝန်ရလာလျှင် ကောင်းမည်ဟု တွေးမိလိုက်သည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း သူမသည် ဆရာဝန်များစွာထံ တိတ်တဆိတ် သွားရောက်ပြသခဲ့ဖူးသည့်အပြင် တိုင်းရင်းဆေးသာမက အနောက်တိုင်းဆေး မျိုးစုံကိုပါ သောက်သုံးခဲ့သော်ငြား အကြောင်းထူးမလာသည့်အတွက် အမှန်တကယ်ပင် စိတ်ဓာတ်ကျလာတော့၏။

ချင်းရှန်း၏ အိမ်ထောင်ကျသည့်အချိန်မှာ သူမထက်ပင် တစ်နှစ် နောက်ကျသေး၏။ ထိုသို့သော သူကပင် ကလေးရနေပြီ ဖြစ်သည်။ သူမတို့နှစ်ဦးမှာ သက်တူရွယ်တူ၊ ရာသီလာသည့်အချိန် တူရုံသာမက ရာသီလာသည့် ရက်ပင်လျှင် အတူတူ ဖြစ်ကြသည်။ တစ်မြေတည်း ဖြစ်လျက် တစ်နေရာက ပန်းပွင့်ကာ အခြားနေရာက မြက်တောပဲ ရှိနေခြင်းမှာ ယုတ္တိတော့ မရှိလှချေ။

ထိုသို့ဖြင့် သူမ၏ စိတ်ထဲတွင် သံသယတစ်ခု ဝိုးတဝါး ထွက်ပေါ်လာတော့၏။

မဟုတ်မှလွဲရော .. ရေလောင်းပေးတဲ့ ရေကရားက ချို့ယွင်းနေလို့များလား ...

ချင်းရှန်းက သူမ၏ အတွေးများကို မသိခဲ့။ အကယ်၍ သိခဲ့ပါလျှင် ထိုသို့ သံသယဝင်သည့်အပေါ် လက်မထောင်ကာပင် ချီးကျူးမိမည် ဖြစ်သည်။ မျက်မှောက်ခေတ်၌ ထိုကဲ့သို့ တွေးရဲသူဟူ၍ များများစားစား မရှိ။ သူမ ကိုယ်တိုင်သည်ပင်လျှင် ထိုအကြောင်းအရင်းကို တစ်ကိုယ်တည်းကြိတ်ကာ နှစ်ရှည်လများ စဉ်းစားခဲ့ဖူးသေးသည်။

လျှိုပေါင်ကျူးက ကျောက်ချင်းစုန့်၏ နောက်ကွယ်တွင် သူမ၏ ခန္ဓာကိုယ်ကို နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ဖူးသည်။ သူမ၏ ခန္ဓာကိုယ်တွင် မည်သည့်ပြဿနာကိုမှ မတွေ့ရ။ ဆရာဝန်က ကလေးယူခြင်းမှာ ဖြစ်နိုင်ချေများသည့်ကိစ္စ ဖြစ်ကာ သူမ၏ ခင်ပွန်းတွင် ပြဿနာ မရှိပါလျှင် တစ်နှစ်၊ နှစ်နှစ်အတွင် ကျိန်းသေ ရလာလိမ့်မည်ဟု ပြောခဲ့ဖူးသည်။

သို့သော် အချိန်မှာ ယခုပဲ ၂ နှစ် ရှိနေပြီ ဖြစ်သည်။

“ချင်းစုန့် ရှင် အခုတလော ချောင်း တအားဆိုးနေသလိုပဲနော် အဆုတ်မှာ တစ်ခုခု ဖြစ်နေသလား မသိဘူး ကောင်တီဆေးရုံကို သွားပြီး ဆေးစစ်ကြည့်ပါလား ...”

သူမက အသေအချာ ဆုံးဖြတ်ကာ ပြောလိုက်သည်။

ကျောက်ချင်းစုန့်က သတင်းစာ ဖတ်နေရာမှ ခေါင်းပင် မော့မလာဘဲ ပြန်ပြောလိုက်သည်။

“မလိုဘူး ...”

“ဒါပေမယ့် ရှင် ချောင်းဆိုးတာကို မြင်နေရတာ ကျွန်မစိတ်ထဲ မကောင်းဘူး .. စက်ရုံကိုသွားပြီး ရှင့်အတွက် ထောက်ခံချက် ရေးခိုင်းလိုက်လေ။ အဲဒါဆို ဆေးရုံပြပြီး ပြန်လာရင် ဆေးစရိတ်တွေ ပြန်တောင်းလို့ရတယ် ...”

ကျောက်ချင်းစုန့်က "လုံးဝဥဿုံ ငွေပြန်အမ်းသည်" ဟု ကြားလိုက်ရသည့်အခါ ၎င်းမှာ စက်ရုံမှ ပေးသည့် အကျိုးအမြတ်တစ်ခု ဖြစ်ကြောင်း အမှတ်ရသွားသည်။ ၎င်းမှာ အမှန်တကယ် မလိုအပ်လှချေ။

"မနက်ဖြန်ကျ မွေးရပ်မြေကို ဆက်သွယ်ပြီး ငါ့မိဘတွေကို လာစစ်ဆေးရအောင် ခေါ်လိုက်မယ်။ စက်ရုံက အဖေနဲ့ အမေ့အတွက် ငွေပြန်ပေးမှာပဲ မဟုတ်လား ..."

လျှိုပေါင်ကျူးက နှုတ်ခမ်းကို တင်းတင်းဖိကိုက်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

'နင် မသွားချင်ရင် အဲဒီ့အခွင့်အရေး ငါ့ကိုပေးလေ။ ငါလည်း နင့်မိသားစုဝင်ပဲ မဟုတ်ဘူးလား။ အားနေ မိဘ မိဘပဲ တွေးနေ နေနိုင်ရင် နင့်မိဘနဲ့ပဲ သွားနေလေ သွား ... '

'သူ့မိဘတွေကို ကျန်းမာရေး စစ်ဆေးခိုင်းလိုက်သင့်လားတောင် မသိဘူး ပြောရရင် သူ့ကိုပါ ပြဿနာ ရှိနေလား စစ်ဆေးခိုင်းချက်တာ။ ဒါပေမယ့် ကျောက်ချင်းစုန့်လို မျက်နှာ တအားလိုချင်တဲ့ တဇောက်ကန်းက ငါသာ သူ့ကို ကျန်းမာရေး မကောင်းဘူးလို့ သံသယရှိပါတယ်ဆိုပြီး သွားပြောကြည့်ပါလား အဲဒီ့နားမှာတင် နောက်တစ်ခါ ထပ်ပြီး အကြီးအကျယ် ရန်သတ်ရတော့မှာပဲ ... '

ကျောက်ချင်းစုန့်မှာလည်း လတ်တလောတွင် ပြဿနာများနှင့် ကြုံနေရသည့်အတွက် သူမ၏ မပျော်ရွှင်မှုကို သတိမပြုမိခဲ့။ ဖေဖော်ဝါရီလထဲသို့ ရောက်လာသည့်အခါ ရာသီဥတု ပိုမို နွေးထွေးလာပြီ ဖြစ်သည်။

ထို့ပြင် ဟဲလျန်ရှန်း၏ အဆင့်မြှင့်ထားသော အဖြူအမည်း ရုပ်ထွက်ပုံးကို စတင် ထုတ်လုပ်နေပြီ ဖြစ်ကာ ၎င်းက TV များတွင် ဖြစ်‌လေ့ဖြစ်ထရှိသော ပြဿနာကို ဖြေရှင်းနိုင်သည့်အတွက် ဈေးကွက်တစ်ခုလုံးကိုပင် ဂယက်ရိုက်သွားကြောင်း သိလိုက်ရသည်။

ထို့ကြောင့် စက်ရုံတစ်ဝန်းလုံး စိတ်အားထက်သန်မှုတို့ဖြင့် သက်ဝင်လှုပ်ရှားလာတော့သည်။ စက်ရုံသို့ အပြေးအလွှား ရောက်လာကာ အော်ဒါတင်ကြသည့် တီဗီစက်ရုံပိုင်ရှင်များ အများအပြား ရှိနေပြီ ဖြစ်ကြောင်းပါ ကြားသိလိုက်ရသေးသည်။

ထို အဆင့်မြှင့်တင်မှုက စက်ရုံ၏ ဝင်ငွေကို ယွမ်တစ်သိန်းကျော် မြင့်တက်သွားစေခဲ့သည်။ ထို့ကြောင့် အထက်အရာရှိများကပါ အထူးတလည် အရေးစိုက်လာကာ စီမံရေးအဖွဲ့ကလည်း သူ့ကို လက်ထောက်အင်ဂျင်နီယာရာထူး တိုးပေးရန် စီမံနေကြပြီး ဖြစ်သည်။ လစာ တိုးမလာသော်ငြား အနာဂတ်မှာမူ အတိုင်းအဆ မရှိတော့ချေ။

ရှောင်ကျန်းသည် သူ့ကိုယ်သူ လုံခြုံရေးဌာန၌ တစ်ဘဝလုံး အလုပ်လုပ်နိုင်မည် မဟုတ်၊ တစ်ချိန်ချိန်တွင် ထိုနေရာကို လက်လွှတ်ရမည်ဖြစ်ကြောင်း အမြဲ သိထားခဲ့ပေသည်။ သို့သော် ထိုနေ့ရက်မျိုး ရောက်လာပါလျှင် ... အခြားစွမ်းရည်မရှိ၊ အဆက်အသွယ်မရှိသည့် သူ့အနေဖြင့် ဘဝကို မည်ကဲ့သိူ့ ရှေ့ဆက်ရမည်မှန်း မတွေးတတ်တော့ချေ။

ရှောင်ဟဲကမူ ငယ်စဉ်ကတည်းက မြောက်များစွာသော အရည်‌အသွေးများဖြင့် ပြည့်စုံအောင် လေ့လာကာ ဌာန ပြောင်းရွှေ့လိုက်သည့်အတွက် အရွယ်ရလာလေ ပိုပြီး အောင်မြင်ကျော်ကြားလာတော့မည် ဖြစ်သည်။

"ဘာ ... ရှင်လည်း နည်းပညာလောကထဲ ဝင်ချင်လို့ ဟုတ်လား ..."

"အသံကို တိုးတိုးပြောပါ .. အခုမှ စဉ်းစားနေတုန်းပဲ ရှိသေးတယ် ..."

ကျောက်ချင်းစုန့်က သူမအား မျက်လုံးလှန်ပြကာ အနွေးကုတင်ပေါ် လှဲလိုက်သည်။ အနာဂတ်အကြောင်း တွေးမိသောကြောင့်သာ မဟုတ်၊ စင်စစ်အားဖြင့် သူ့စိတ်ထဲမှ ပြိုင်ဆိုင်‌လိုသော ဆန္ဒကြောင့်လည်း ဖြစ်ပေသည်။

ရှောင်ဟဲတောင် လုပ်နိုင်ရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ ....

လျှိုပေါင်ကျူး၏ အတွေးမှာမူ မတူပေ။

"ဒါပေမယ့် ကျွန်မတို့က အတန်းပညာ မတတ်ဘူးလေ အစကနေ စနေရမှာ ...."

"ဒါဆို သူကရော မျိုးရိုးစဉ်ဆက် သင်လာတဲ့သူလား ..."

လျှိုပေါင်ကျူးက နှုတ်ခမ်းဆူလိုက်၏။

"ကြားတာတော့ ရှောင်ဟဲက အလယ်တန်းကျောင်းသားဘဝကတည်းက နိုင်ငံ့ကိုယ်စားပြု ပြိုင်ပွဲတွေမှာ ပါဖူးတယ်တဲ့ သူ့ကိုဆို ဉာဏ်ကြီးရှင်လို့တောင် ခေါ်ကြတာတဲ့နော် ..."

"အဓိကက နိုင်ငံခြားသားတွေ ပြောတာကိုပါ နားလည်သေးတယ်တဲ့ ..."

ဇနီးဖြစ်သူ၏ စကားကြောင့် ကျောက်ချင်းစုန့်မှာ မေးရိုးများ တင်းသည်အထိ ဒေါသထွက်လာသော်ငြား သူမ၏ စကားများမှာ အမှန်တရားများ ဖြစ်နေရာ စိတ်ဆိုးမာန်ဆိုးဖြင့် ကျောပေးထားရုံသာ ရှိတော့သည်။

ထိုသို့ဖြင့် စစ်အေးတိုက်ပွဲ နောက်တစ်ကြိမ် စတင်လာတော့စ။

လျှိုပေါင်ကျူးကလည်း သူ့ကို အာရုံစိုက်ရန် ပျင်းရိလွန်းသည့်အတွက် ပြားချပ်နေသည့် ဗိုက်ကို ပုတ်ကာသာ တောင်တွေးမြောက်တွေး တွေးနေလိုက်သည်။ ထိုအချိန်တွင် ချင်းရှန်းသည်လည်း ဟဲလျန်ရှန်း ရာထူးတိုးသည့် အကြောင်းကို လီယွီဟွားထံမှတစ်ဆင့် ကြားလိုက်ရသည်။

"ယွမ်တစ်သိန်းဆိုတာ ကနဦး အမှာစာတွေအတွက်ပဲ ရှိသေးတယ် ရှောင်ဟဲရဲ့ နည်းပညာကို ဝယ်သူတွေဘက်ကနေ အသိအမှတ်ပြုလိုက်ပြီ ဆိုတာနဲ့ ဒီပမာဏထက် ပိုများလာမှာ ကျိန်းသေပဲ အဲဒီ့အချိန်ဆို တို့စက်ရုံလည်း အမှာစာတွေ နှင်းကျသလိုကို ရလာတော့မှာ ..."

"နင့်ယောကျာ်း ရှောင်ဟဲက ဒီလောက်ကိစ္စကြီး လုပ်တာတောင် အသံတစ်သံမှ ထွက်မလာဘူးနော် ..."

လီယွီဟွားက သက်ပြင်းချလိုက်သည်။

"အိမ်က လောင်လျှိုကတောင် ပြောနေတာ လုံခြုံရေးတပ်သားချင်း အတူတူတောင် ရှောင်ဟဲက ကျောက်ချင်းစုန့်ထက် ပိုတော်တယ်။ သူ့အရည်အချင်းကို တော်ရုံတန်ရုံ ဘယ်သူမှ အမှီမလိုက်နိုင်ဘူးတဲ့။ ဒါပေမယ့် ဒီလိုလူ တစ်ယောက်ပဲ ရှိနေတာ နှမြောစရာ ကောင်းလိုက်တာ သူ့ကို ဌာနနှစ်ခုခွဲပြီး အလုပ်ခန့်လို့ရရင် ကောင်းမှာပဲနော် ..."

ချင်းရှန်းက အားရဝမ်းသာ အော်ရယ်လိုက်သည်။ ပြောင်မြောက်လှသည့် စစ်ရေးစွမ်းရည်၊ ထူးချွန်လှသည့် စာပေစွမ်းရည်တို့ဖြင့် ပြည့်စုံလှသည့် လောင်ဟဲထုန်သည် နောင်တစ်ချိန်တွင် ချောမောကာ ဟာသဓာတ်ခံ ကြွယ်ဝသည့် လူအိုကြီး ဖြစ်လာပေလိမ့်မည်။

All Chapters