အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
အခန်း(၂၅၉) တစ်စက္ကန့်အတွင်း တစ်ယောက်သတ်ခြင်း
မိုးကြိုးတောင်ပံသားရဲသည် သွေးဝံပုလွေဂိုဏ်း၏ ဒုခေါင်းဆောင်ကို သတ်လိုက်ပြီးနောက် ချူးယွင်ဖန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့မှသာ သူ့လက်ပေါ်ရှိ ဒဏ်ရာကို ကုသရန် အချိန်ရပြီဖြစ်၏။
ချူးယွင်ဖန်းသည် အခြားသူများ၏ လက်ဖဝါးများကိုသာ စုတ်ပြဲသွားစေရန် အမြဲပြုလုပ်ခဲ့သူဖြစ်ကာ၊ ယခုမူ သူ့အလှည့်ကျပြီဖြစ်၏။ သူနှင့် ဒုခေါင်းဆောင်အကြားရှိ ကွာဟချက်သည် အလွန်ကြီးမား၏။ သူ၏ ကိုယ်ခံအားသည် အဆင့်တူသူတစ်ဦးထက် အဆပေါင်းများစွာသာလွန်သော်လည်း သူတို့ကြားရှိကွာခြားချက်သည် အလွန်ကြီးမားလှသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူမည်သို့မျှမလုပ်နိုင်ခဲ့ပေ။ ယခုအချိန်၌ ၎င်းတို့သည် သိုင်းကွက်နှစ်ဆယ်ခန့်သာ တိုက်ခိုက်ခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် ငရဲတံခါးဝမှ ဖြတ်သန်းသွားရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုဖိအားသည် မိနစ်တိုင်း စက္ကန့်တိုင်းတွင် အကောင်းဆုံး လုပ်ဆောင်စေရန် တွန်းအားပေးလျက်ရှိ၏။ မဟုတ်ပါက သူဇီဝိန်ချုပ်သွားနိုင်သသည်ဖြစ်ရာ၊ သေခြင်းတရားကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီးသည့်နောက်တွင် အလွန်ကျေနပ်အားရလျက်ရှိသည်။
“ဟား ဟား ဟား ကောင်းလိုက်တာ၊ ကျေနပ်စရာပဲ”
ချူးယွင်ဖန်းက ကျယ်လောင်စွာရယ်လိုက်သည်။ ဤသို့သော တိုက်ပွဲမျိုးကို သူ၏ စိတ်ရင်းနှင့် တောင့်တခဲ့ဖူးသည်။ ဤသည်ကား ယောက်ျားတစ်ယောက်အတွက် ကြည်နူးဖွယ်ရာပင်ဖြစ်၏။
မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်း၏ ဘေးတွင် ငြိမ်သက်စွာရပ်နေကာ၊ သူ့အား အထိခိုက်မခံပေ။
“သွားကြရအောင်”
ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲ၏ နောက်ကျောပေါ်သို့ အလျင်အမြန်တက်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်။ မကြာမီတွင် သူသည် မြို့ပျက်ကြီးဆီမှ ထွက်ကာ၊ မိုးကြိုးတောင်သားရဲကိုစီး၍ တောတွင်းရှင်သန်ရေးလေ့ကျင့်ကွင်းဆီသို့ ပြန်သွားခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် အချိန်ကို အလဟဿမဖြစ်စေခဲ့ပေ။ ခရီးတစ်လျှောက် သူသည် တောင်မြစ်ပန်းချီကားထဲတွင် အစင်းတစ်စင်း ခရမ်းရောင်ရွှေဆေးလုံးကို အလျင်အမြန်ဖော်စပ်ခဲ့သည်။ ဤသည်ကာ သူ၏ ဝှက်ဖဲအစစ်အမှန်ပင်ဖြစ်၏။
မိုးကြိုးတောင်ပံသားရဲသည် သက်ကြီးကောင်အဆင့်တွင်သာရှိသေးသော်လည်း ၎င်းသည် သဘာဝရန်သူမရှိသော သန့်စင်ခြင်းအဆင့်သားရဲတစ်ကောင်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ အဆင့် မွန်းစတားဘုရင်ကို မကြုံတွေ့ရသရွေ့ မည်သည့်ပြဿနာမျှရှိလာလိမ့်မည်မဟုတ်ပေ။ မိုးကြိုးတောင်ပံသားရဲ၏ အရှိန်အဝါကို အာရုံခံနိုင်ကြသော အခြားသာမန်မွန်းစတားများသည် သူတို့မမြင်ခင်တွင်ပင် ကွေ့ပတ်ရှောင်ကြဥ်သွားကြကာ၊ ဤသို့သော စွမ်းအားကြီးသတ္တဝါကို မချဥ်းကပ်ဝံ့ကြပေ။
တောင်မြစ်ပန်းချီကား ထဲတွင် ချူးယွင်ဖန်းသည် ဆေးဖိုအား စိုက်ကြည့်လျက်ရှိသည်။ နာရီပေါင်းများစွာကြာခဲ့ပြီဖြစ်ရာ၊ သူလုပ်ရန်ရှိသမျှကို အကုန်လုပ်ခဲ့ပြီးနောက် ဆေးဖိုထဲမှ ဆေးလုံးများထွက်လာသည်ကိုသာ စောင့်ဆိုင်းရန်ကျန်တော့၏။
အငွေ့ထွက်သံနှင့်အတူ ဆေးဖိုသည် အလိုအလျောက်ပွင့်လာကာ သင်းပျံ့သောရနံ့တစ်ခုပေါ်ထွက်လာ၏။ ချူးယွင်ဖန်းသည် အနံ့ကို တစ်ချက်ရှုမိရုံဖြင့်ပင် ပျံသန်းသွားသကဲံသို့ ခံစားလိုက်ရသည်။ အစင်းတစ်စင်း ခရမ်းရောင် ရွှေဆေးလုံးသည် အမှန်တကယ်ပင် အံ့ဖွယ်ကောင်း၏။ အနံ့ကိုရှုသွင်းလိုက်ရုံဖြင့်ပင် ပြန်လည်မွေးဖွားလာသည့်ခံစားချက်မျိုးကို သူခံစားလိုက်ရသည်။ အစင်းကိုးစင်း ခရမ်းရောင် ရွှေဆေးလုံးသာဖြစ်မည်ဆိုပါက အကျိုးသက်ရောက်မှုသည် မည်မျှအံ့ဖွယ်ကောင်းလိမ့်မည်နည်း။
ဆေးလုံးတစ်လုံးလုံးသည် ခရမ်းရောင်နှင့် ရွှေရောင်ရောယှက်လျက်ရှိကာ အတွင်းထဲတွင် ရှင်းပြ၍မရနိုင်သော အလင်းတစ်ခု စီးဝင်လျက်ရှိသည်။
ချူးယွင်ဖန်းသည် ဆေးကို ထုတ်ကာ ပုလင်းတစ်ခုထဲထည့်ပြီးနောက် နေရာမှ ထွက်ခွာလာခဲ့သည်။ ယခုမူ မိုးကြိုးတောင်ပံသားရဲသည် ခရီးတစ်ဝက်ခန့်ကို ခရီးနှင်ခဲ့ပြီဖြစ်ရာ၊ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲကို တောင်မြစ်ပန်းချီကားထဲသို့ ပို့ထားလိုက်၏။ သူတို့သည် တောတွင်းရှင်သန်ရေးလေ့ကျင့်ကွင်းနှင့် နီးကပ်လာပြီဖြစ်သဖြင့် မိုးကြိုးတောင်ပံသားရဲကို ထုတ်ဖော်ပြသခြင်းမှရှောင်ကြဥ်ရန် တောင်မြစ်ပန်းချီကားထဲတွင် ဖုံးကွယ်ထားလိုက်ခြင်းဖြစ်သည်။
ထို့နောက် လေ့ကျင့်ရေးကွင်းထဲသို့ အပြေးအလွှားသွားကာ၊ သူနီးကပ်လာချိန်တွင်မူ အဝေးမှ မွန်းစတားအုပ်တစ်ခုသည် တစ်စုံတစ်ခုမှ ထိန်းချုပ်ခြင်းခံရကာ၊ လေ့ကျင့်ရေးကွင်းထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။
“မွန်းစတားအုပ်ကြီး” ချူးယွင်ဖန်းက ချက်ချင်းသိလိုက်သည်။ ဤကဲ့သို့ ကြီးမားသော မွန်းစတားများစွာ၏ တိုက်ခိုက်ခြင်းအတွက် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ၎င်းမှာ မွန်းစတားအစုအဝေးတခုဖြစ်သဖြင့် နောက်ကွယ်တွင် မည်သူမည်ဝါရှိနေကြောင်း ခန့်မှန်းရန် ခက်ခဲမည်မဟုတ်ပေ။
‘မကောင်းတော့ဘူး။ နတ်ဆိုးဂိုဏ်းက စပြီးလှုပ်ရှားနေပြီ’ ချူးယွင်ဖန်းက မိမိဘာသာတွေးလိုက်သည်။
ထိုဂိုဏ်းသားများသည် လူ့ဘောင်အတွင်းသို့ မည်မျှပင် နက်နက်နဲနဲရောက်ရှိနေစေကာမူ အရေအတွက်ပိုင်းတွင် တပ်မတော်နှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ချေ။ တိုက်ခိုက်ရန် စစ်တပ်တစ်ခုဖွဲ့စည်းခြင်းသည်လည်း ၎င်းတို့အတွက် လက်တွေ့ မကျပေ။ သို့သော် ဂိုဏ်းတွင် မွန်းစတားများကို ယာယီထိန်းချုပ်နိုင်မည့် ထူးခြားသော လျှို့ဝှက်နည်းလမ်းတစ်ခုရှိရာ၊ လူသားတပ်မတော်ကို တိုက်ခိုက်ရန် မွန်းစတားအုပ်များ ပေါ်ပေါက်လာစေနိုင်၏။
ဤမွန်းစတားများသည် လူသားမျိုးနွယ်အပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီနှင့် တန်စီယုတို့၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် လေ့ကျင့်ရေးကွင်းဆီသို့ အလျင်အမြန်ပြေးသွားလိုက်သည်။
“မျှော်လင့်ထားသလိုပဲ။ ငါမင်းကို စောင့်နေတာကြာပြီ” အေးစက်သော အသံတစ်ခု ရုတ်တရက်ပေါ်ထွက်လာာကာ ချူးယွင်ဖန်း၏ ရှေ့တွင် လူနှစ်ယောက်ပေါ်လာ၏။ ၎င်းတို့သည် ယခင်က ချူးယွင်ဖန်းကို လိုက်ဖမ်းခဲ့သည့် သူလျှိုနှစ်ဦးပင်ဖြစ်သည်။
တစ်ယောက်သည် ခပ်ဝဝယောက်ျားတစ်ယောက်ဖြစ်ကာ လက်ထဲတွင် အလွန်ကြီးမားသော တူတစ်ချောင်းကို ကိုင်ထား၍ အံ့အားသင့်ဖွယ် နတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ အခြားတစ်ယောက်သည်မူ ချူးယွင်ဖန်းကို စူးရဲစွာစိုက်ကြည့်ကာ လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသော ကြွက်သားတောင့်တင်းသည့် အမျိုးသားတစ်ဦးပင်ဖြစ်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့။ ဒါကကျောင်းသားတစ်ယောက်အတွက် ကန့်သတ်ချက်ပဲလေ” ခပ်ဝဝယောက်ျားက ချူးယွင်ဖန်း၏ အာရုံကိုအရယူရန် လှောင်ပြောင်ပြောဆိုလိုက်သည်။
ကျန်တစ်ယောက်သည်မူ ချူးယွင်ဖန်း၏ အနောက်သို့ တိတ်တဆိတ် ရောက်ရှိလာရာ၊ သူ့အား ကြားတွင် ညှပ်ထားရန် စီစဥ်ထားကြခြင်းဖြစ်သည်။
ဤလူနှစ်ယောက်လုံးသည် တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ဖူးကာ၊ အတွေ့အကြုံရှိသူများဖြစ်သဖြင့် အချင်းချင်း ခပ်များများပြောဆိုဆက်သွယ်နေရန်မလိုပေ။ အကြည့်တစ်ချက်နှင့်ပင် တစ်ယောက်နှင့် တစ်ယောက် နားလည်ကြ၏။
“ဒါဆို ခင်ဗျားတို့နှစ်ယောက်ပေါ့။ ခင်ဗျားတို့နှစ်ယောက်လုံး ဒီမှာ အဆုံးသတ်ရတော့မယ်” ချူးယွင်ဖန်းကပြောသည်။ ယခင်က သူထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း ယခုမူ သူလက်စားချေရမည့်အချိန်သို့ ကျရောက်လာပြီဖြစ်သည်။
ချူးယွင်ဖန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ခန္ဓာကိုယ်သည် အမြောက်ကျည်တစ်စင်းကဲ့သို့ ဖြောင့်တန်းစွာ ပျံထွက်သွားသည်။ သူ၏ ပစ်မှတ်မှာ သံတူကြီးကို ကိုင်ဆောင်ထားသည့် ခပ်ဝဝယောက်ျားပင်ဖြစ်သည်။
“မင်းငါ့ကို ကျော်ဖို့ကြိုးစားနေတာလား။ ငါက ဝနေလို့ နှေးမယ်ထင်နေတာလား။ အမှားကြီးပဲ” အလတ်အလတ်ဆိုဒ် ဖက်တီးက အော်ဟစ်လိုက်သည်။ သူ့လက်ထဲမှ တူသည် လျှပ်စီးကဲ့သို့ ထွက်လာရာ၊ လေထုတစ်ခုလုံး နှစ်ခြမ်းကွဲသွားသကဲ့သို့ ကြီးမားစွာ ပေါက်ကွဲထွက်သွားသည်။
ခပ်ဝဝလူသည် အလွန်ကြီးပုံပေါ်ကာ၊ အမြန်အဆန်လှုပ်ရှားနိုင်ပုံမပေါ်သော်လည်း တကယ်တမ်းတွင် လျှပ်စီးတမျှ မြန်ဆန်၏။ သူ့လက်ထဲတွင်မူ ထိုကြီးမားသော တူကြီးသည် လေးပုံမပေါ်ပေ။
အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ချူးယွင်ဖန်းသည် ခြေစုန်ကန်၍ ခုန်ကာ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း၏ စတုတ္ထမြောက်အသွင်ပြောင်းခြင်းကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ချူးယွင်ဖန်းသည် ရုတ်တရက် ရပ်တန့်သွား၏။ ထိုကြီးမားသောတူကြီးသည် သူ့ရှေ့တည့်တည့်သို့ ခုတ်ကျကာ၊ မြေပြင်ပေါ်သို့ သက်ဆင်းသွားသည်။
ဘွန်း
ကျယ်လောင်သော အသံကြီးတစ်ခုပေါ်ထွက်လာကာ ကမ္ဘာမြေကြီးသည် ကွဲအက်သွား၏။ ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသကဲ့သို့ပင်ထင်ရသည်။ အကယ်၍ ချူးယွင်ဖန်းသာ အနည်းငယ် နှောင့်နှေးနေခဲ့လျှင် အသားပြားအဖြစ်သို့ အထုခံလိုက်ရမည်မှာ အသေအချာပင်ဖြစ်၏။ ဤခွန်အားသည် အစောပိုင်းက သူတိုက်ခိုက်ခဲ့သည့် သွေးဝံပုလွေဂိုဏ်းခေါင်းဆောင်ထက် များစွာသာလွန်လျက်ရှိရာ သန့်စင်ခြင်းအဆင့်သိုင်းသမားတစ်ဦးနှင့်ပင် နှိုင်းယှဥ်၍ရနိုင်၏။
သို့သော် ဤခပ်ဝဝလူသည် ဝမ်းသာပီတိဖြစ်ရန် အချိန်မရလိုက်ပေ။ အပြာရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အပြာရောင်ပုံရိပ်တစ်ခု တဟုန်ထိုးပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ဤခပ်ဝဝလူသည် မြန်သော်လည်း ထိုပုံရိပ်သည် ပို၍လျင်မြန်၏။ လျှပ်စီး၏ အလျင်ဖြင့် ၎င်းသည် လက်သည်းဖြင့် ကုတ်ပစ်လိုက်ရာ၊ ထိုခပ်ဝဝလူသည် လွင့်ထွက်သွား၏။
သို့သော် အပြာရောင်လျှပ်စီးသည်ရပ်တန့်သွားခြင်းမရှိဘဲ၊ လေထဲသို့လွင့်ထွက်သွားသော ထိုခပ်ဝဝယောက်ျားအား လိုက်ဖမ်းလျက်ရှိသည်။ထို့နောက် ၎င်း၏ ခြေဖဝါးထဲ၌ ဝှက်ထားသော ခြေသည်းများ ရုတ်တရက်ထွက်ပေါ်လာကာ ထိုလူအား ဓားတစ်ချောင်းပမာ ခုတ်ပစ်လိုက်သည်။
ခပ်ဝဝယောက်ျား၏ ဦးခေါင်း ပြတ်ထွက်သွား၏။
ဤအရာများအားလုံးသည် တစ်စက္ကန့်အတွင်းတွင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။
အခန်း(၂၆၀) ကျန်းယုရှန်ကို သတ်ခြင်း(၁)
မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံးဖြစ်ပျက်ပြီးဆီးသွားသည်။ မိုးကြိုးတောင်ပံသားရဲသည် ရုတ်တရက်ထွက်လာကာ စက္ကန့်ပိုင်းမျှပင်ရပ်နားခြင်းမရှိ၊ လူတစ်ယောက်ကို သတ်ပစ်လိုက်သည်။
လူသားများ၏ ကိုယ်ခံအားသည် မွန်းစတားများနှင့်အလွန်ကွာခြား၏။
“မိုးကြိုးတောင်ပံသားရဲ”
အခြား မွန်းစတားဂိုဏ်း သူလျှိုက ထိုစကားလုံးများကို ထိတ်လန့်စွာအော်ဟစ်လိုက်သည်။ မိုးကြိးတောင်ပံသားရဲ မည်သို့ပေါ်လာကြောင်းနှင့် မည်သည့်နေရာမှပေါ်လာကြောင်းကို သူမသိပေ။
တပ်မတော်မှ ဤမွန်းစတားအကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးသဖြင့် ကြွက်သားတောင့်ခိုင်သော သူလျှိုသည် မိုးကြိုးတောင်ပံသားရဲများ မည်မျှအန္တရာယ်ကြီးသည်ကို သိရှိသည်။ အရွယ်ရောက်ပြီးသော မိုးကြိုးတောင်ပံသားရဲသည် မွန်းစတားအုပ်တိုက်ခိုက်မှုအတွင်းတွင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိ၏။ ၎င်းသည် ခံတပ်တစ်ခုကိုပင် အလွယ်တကူ ဖြိုချနိုင်၏။ ဤမိုးကြိုးတောင်ပံသားရဲသည် အသက်မပြည့်သေးသော်လည်း သူ့အတွက်တော့ ကြောက်မက်ဖွယ်ကောင်းဆဲပင်ဖြစ်၏။
ချက်ချင်းပင် ကြွက်သားတောင့်တင်းသော သူလျှိုသည် လှည့်ပြေးရန်ဆုံးဖြတ်ကာ နောက်သို့ပြန်လှည့်ကြည့်ရန်ပင်သတ္တိမရှိတော့ပေ။ သူလှည့်ကြည့်ပါက သေရန်တောင့်တနေခြင်းသာဖြစ်ပေလိမ့်မည်ဖြစ်သည်။
“သူ့ကို ရအော င်လိုက်” ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်နှင့် မိုးကြိုးတောင်ပံသားရဲသည် လျှပ်စီးမိုးကြိုးတစ်ခုအဖြစ်ပြောင်းလဲကာ သူလျှို၏နောက်သို့လိုက်သွား၏။
ကြွက်သားတောင့်ခိုင်သော သူလျှိုသည် အလွန်လျင်မြန်သော်လည်း သူမည်မျှပင် လျင်မြန်စေကာမူ မိုးကြိုးတောင်ပံသားရဲထက်မမြန်ပေ။ စက္ကန့်အနည်းငယ်အတွင်းတွင် ထိုသားရဲသည် သူ့အားအမီလိုက်နိုင်ခဲ့၏။
ဂိုဏ်းသူလျိုသည် မိမိကြမ်းကြုတ်မှုကို လျစ်ဟပြသကာ မိုးကြိုးတောင်ပံသားရဲအား တိုက်ခိုက်ရန် လှည့်ကြည့်လိုက်သည်။ သို့သော် သူ၏ စွမ်းအားသည် သားရဲထက် မျာစစွာနိမ့်ကျသဖြင့် ၎င်းကို အနည်းငယ်မျှပင် လှုပ်ခါသွားစေရန် မလုပ်နိုင်ခဲ့ပေ။
မိုးကြိုးတောင်ပံသားရဲ၏ အသန်မာဆုံးအစိတ်အပိုင်းသည် သိသာစွာပင် အရိးချပ်ကာဖြင့် ဖုံးအုပ်ထားသော အပိုင်းများဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်ရှိ အလွန်နူးညံ့သော အပြာရောင်အမွှေးများသည်လည်း အလွန်မာကျော၏။ ယင်းကြောင့် မည်သည့်ဓားမျှ ၎င်းကို မထိခိုက်စေနိုင်ပေ။
ခဏအကြာတွက် မိုးကြိုးတောင်ပံသားရဲ၏ လက်သည်းသည် ဂိုဏ်းသား သူလျှို၏ လည်ပင်းကိုဖြတ်တောက်ပစ်လိုက်ကာ ခေါင်းတစ်လုံး လွင့်ထွက်သွား၏။
သန့်စင်ခြင်းအဆင့်နှင့် စွမ်းအင်သန့်စင်ခြင်းအဆင့်အကြားရှိကွာခြားချက်သည် သိသာထင်ရှားစွာပင် ထင်ဟပ်လျက်ရှိ၏။
တစ်ချိန်က ကျို့ဝမ်ဘင်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ချူးယွင်ဖန်း ရုတ်တရက် ခံစားလိုက်မိသည်။ ကျို့ဝမ်ဘင်သည် ထိုအချိန်က သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ၊ သူသည်မူ ချီပင်လယ်အဆင့်၌သာရှိသေး၏။
ချူးယွင်ဖန်းသည် အလောင်းများကို ရှင်းလင်းရန်အချိန်မရှိသဖြင့် ဓာတ်ပုံအချို့ရိုက်ကာ ရွှယ်ပိုင်လုံအား လွှဲပြောင်းပေးအပ်ရန် အဝေးတစ်နေရာတွင် ထားလိုက်သည်။ ဤမျှအတိုင်းအတာအထိ စိတ်ဓာတ်ပျက်ပြားသော သူများသည် သူတို့နှစ်ဦးတည်းမဖြစ်နိုင်ပေ။ ဤလူနှစ်ဦး သေသွားကြသော်လည်း ရွှယ်ပိုင်လုံသည် သူလျှိုနှစ်ဦးရှိခဲ့သည့် တပ်ရင်းများကို ခြေရာခံကာ အခြား အကျင့်ပျက်တပ်သားများကိုလည်း ရှာဖွေနိုင်၏။
ချူးယွင်ဖန်းသည် နတ်ဆိုးဂိုဏ်း၏ ပစ်မှတ်ထားခံနေရပြီဖြစ်ကြောင်း သိလိုက်ရစဥ်တည်းက ကံကောင်းစေရန် မျှော်လင့်ချက်ထား၍မဖြစ်နိုင်တော့ပေ။ သူသေဆုံးခြင်း သို့မဟုတ် ဂိုဏ်းမပျက်စီးပါက နှစ်ဖက်လုံးသက်သာရာရနိုင်မည့် နည်းလမ်းမရှိပေ။ ဤဂိုဏ်းကို တိုက်ခိုက်ခြင်းသည် သူ့အားပိုမို သန်မာလာစေရန် အချိန်အလုံအလောက်ရစေမည်ဖြစ်သည်။
‘သိပ်မကြာခင် ငါ နတ်ဆိုး အဖွဲ့အစည်းကို အပြီးရှင်းပစ်မယ်’ ချူးယွင်ဖန်းက သူပြောခဲ့ဖူးသည့် ယုံကြည်နိုင်စရာမကောင်းသော ကျိန်ဆိုမှုကို မှတ်မိနေသေး၏။
မကြာခင်တွင်ပင် ချူးယွင်ဖန်းသည် လေ့ကျင့်ရေးကွင်းဆီသို့ ခရီးဆက်ခဲ့သည်။ လေ့ကျင့်ရေးကွင်းနှင့် အခြေစိုက်စခန်း (၁၅)သို့ ပိုနီးလာလေလေ မွန်းစတားများစွာရှိလေလေဖြစ်၏။ တိုက်ပွဲကြီးများစွာသည် နေရာအနှံ့တွင်ရှိနေရာ၊ ဒုံးများ အမြောက်များဖြင့် ပစ်ခတ်မှုများမရပ်မနားဖြစ်ပျက်လျက်ရှိသည်။
ခေတ်သစ်လူ့အဖွဲ့အစည်း၏ လူသားစစ်သည်တော်များသည် အလွန်အစွမ်းထက်သော်လည်း စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ စစ်သည်တော်များကိုသာ ခေတ်မီအမြောက်များဖြင့် သတ်ပစ်နိုင်၏။ ၎င်းတို့ မည်မျှပင် အစွမ်းထက်စေကာမူ ချက်ချင်း ဇီဝိန်ချုပ်ကြရမည်ဖြစ်သည်။ အခြားဖြစ်နိုင်ချေ တစ်ခုတစ်လေမျှမရှိပေ။
ရလဒ်သည် သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများအတွက်ပင် အတူတူပင်ဖြစ်ရာ၊ စွမ်းအင်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များဖြစ်လျှင် ကိုယ်ခန္ဓာအကြွင်းအကျန်များပင်ကျန်လိမ့်မည်မဟုတ်ပေ။ သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများသာ အကြွင်းအကျန်တချို့ ချန်ထားခဲ့နိုင်လောက်မည်ဖြစ်သည်။
ဤသို့သော အန္တရာယ်များသော နေရာမျိုးတွင် လူသားများ၏ အသက်သည် ကိန်းဂဏန်းတစ်ခုမျှသာဖြစ်သည်။ တစ်ရှိန်ထိုး ချီတက်လာကြသည့် မွန်းစတားများ၏ အစားခံရခြင်းဖြစ်စေ၊ အမြောက်ထိမှန်၍ အစိတ်စိတ်အမွှာမွှာဖြစ်သွားခြင်းဖြစ်စေ၊ ရလဒ်သည် အလားတူပင်ဖြစ်၏။
‘ဒီလိုမျိုး တိုက်ပွဲက ကြီးလာပြီဆိုတော့ ကျောင်းသားတွေ အခြေစိုက် စခန်း(၁၅) ကနေဆုတ်ခွာသွားကြလောက်ပြီ။ ငါလည်း စခန်းကို ပြန်ရတော့မယ်ထင်တယ်”
ထို့နောက် ရုတ်တရက် စာတစ်စောင်ရရှိခဲ့သည်။ ၎င်းည် ဂေါင်ဟုန်ချီ၏ဖုန်းထဲမှလာခြင်းဖြစ်သော်လည်း ကျန်းယုရှန်ထံမှပင် ဖြစ်သည်။
“Fuck”
ချူးယွင်ဖန်းက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ ကျန်းယုရှန်သည် ဂေါင်ဟုန်ချီအား ဖမ်းဆီးကာ ချူးယွင်ဖန်းကို မိမိကိုယ်တိုင် ရှေ့ထွက်လာစေချင်ခြင်းဖြစ်သည်။ မဟုတ်လျှင် ဂေါင်ဟုန်ချီအား မွန်းစတားအုပ်ထဲသို့ပစ်ချမည်ဖြစ်သဖြင့် ထိုအခြေအနေထိရောက်ပါက ဂေါင်ဟုန်ချီသေရမည်မှာ အသေအချာပင်ဖြစ်သည်။
ဂိုဏ်း၏ အမဲလိုက်ခြင်းခံရချိန်တွင် လေ့ကျင့်ရေးကွင်းထဲမှ ထွက်သွားခဲ့ရကြောင်း ကျန်းယုရှန်မသိလိုက်သဖြင့် အတော်ကံကောင်းသွားသည်။ အကယ်၍ သူသာ ပြန်မလာနိုင်ခဲ့လျှင် ဂေါင်ဟုန်ချီအား ကယ်ယူရန် အချိန်နှောင်းသွားပေလိမ့်မည်ဖြစ်၏။
ကျန်းယုရှန်သည် တန်စီယုအား ယခင်က ဖမ်းဆီးခဲ့သော်လည်း အဆုံးသတ်တွင် သူမအား ထိခိုက်စေခြင်းမရှိဘဲ နှစ်ဦးကြားတွင် နာကြည်းမှုကိုသာဖြစ်ပေါ်စေခဲ့သည့်တိုင် ကျန်းယုရှန်သည် စည်းကျော်ခဲ့၏။ မူလက သူသည် ကျန်းမိသားစုမှလာသော ကျန်းယုရှန်အား ဆန့်ကျင်လိုစိတ်အလျင်းမရှိသော်လည်း ရွေးချယ်ရန်မရှိတော့ပေ။
“ကျန်းယုရှန် မင်းက သေချင်နေမှတော့ ငါမင်းကို သတ်ရတော့မှာပေါ့” ချူးယွင်ဖန်းက ဒေါသဖြစ်စွာဆိုသည်။
ကျန်းယုရှန်သည် မည်သည့် စည်းကိုမဆို ကျော်ရန် ဆန္ဒရှိကာ၊ ကိစ္စများကို ဤအတိုင်းအတာအထိ ကြီးမားစေခဲ့သည်။ ထိုသို့သော လူကို အသတ်ရှင်ခွင့်ပေးခြင်းသည် အဆုံးမဲ့သော ပြဿနာများကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် အရာမှန်သမျှသည် အလွန် ရှုပ်ထွေးလာပြီဖြစ်သည်။ မွန်းစတားနှင့် လူသားစစ်တပ်အကြားတိုက်ပွဲသည် ကြီးမားလာပြီဖြစ်ရာ၊ နေရာတိုင်းတွင် တိုက်ပွဲများစွာရှိနေ၏။ ဤသို့သော နေရာမျိုးတွင် ကျန်းမိသားဟုမှ မျိုးဆက်ဖြစ်လျှင်ပင်၊ တစ်စုံတစ်ယောက် အသတ်ခံရခြင်းသည် ပုံမှန်ပင်ဖြစ်သည်။
အခင်းကိစ္စပြီးနောက် ကျန်းမိသားစုမှ မည်မျှပင် ဒေါသထွက်စေကာမူ သူတို့ မည်သို့လုပ်ဆောင်နိုင်ကြလိမ့်မည်နည်း။
ထို့အပြင် ချူးယွင်ဖန်းတွင် အခြားရွေးချယ်ရန် လမ်းမရှိပေ။ ကျန်းယုရှန်သည် သူ့အား အစွန်အဖျားအထိ တွန်းပို့ခဲ့ပြဖြစ်၏။
ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို အသုံးပြုကာ ကျန်းယုရှန်ပေးထားသည့် တည်နေရာသို့ နတ်ဘုရားတစ်ပါးကဲ့သို့ လျင်မြန်စွာပျံသန်းသွားသည်။ ချူးယွင်ဖန်းသည် တောအုပ်အတွင်းပိုင်းနေရာမျိုးသို့ ဝင်ရောက်လာလေလေ၊ အခြေစိုက်စခန်း(၁၅)ဆီသို့ ချီတက်လာသော မွန်းစတားများကို မြင်နိုင်လေလေဖြစ်နေ၏။ အချိန်အများစုတွင် မိုးကြိုးတောင်ပံသားရဲကို အသုံးပြုကာာ မွန်းစတားများကို ခြောက်လှန့်ပစ်လိုက်သည်။ မဟုတ်လျှင် အခြားတိုက်ပွဲများစွာကို မလွဲမသေရင်ဆိုင်ရလိမ့်မည်ဖြစ်၏။
နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ထူထပ်သော တောအုပ်ထဲသို့ အပြေးအလွှားသွားလျက်ရှိသည်။ နေရာတိုင်းတွင် ရှေးကျသော သစ်ပင်ကြီးများရှိ၍ သေးငယ်သောအလင်းတန်းများမှ အလင်းရောင်အနည်းငယ်၏ အောက်ရှိ လင်းလတ်နေသော အလင်းအိုင်ငယ်များကို မြင်နိုင်၏။ ဤသို့သော နေရာကို နည်းပညာမြင့်ဂြိုလ်ထုများဖြင့်ပင် ဗီဒီယိုမရိုက်နိုင်သေးပေ။ ထို့ကြောင့် ဤနေရာသည် လူသတ်ရန်နှင့် လုယက်ရန် အကောင်းမွန်ဆုံးနေရာတစ်ခုပင်ဖြစ်သည်။ ကျန်းယုရှန် အဘယ်ကြောင့် ဤနေရာကို ရွေးချယ်ခဲ့ရသည့်အကြောင်းအရင်းကို ချူးယွင်ဖန်း ချက်ချင်းနားလည်သွား၏။
ထိုအချိန်တွင် ကျန်းယုရှန်သည် ချူးယွင်ဖန်း၏ ရှေ့တွင်ပေါ်လာသည်။ သူသည် ချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်ထားကာ အလွန်ဟိတ်ဟန်ကြီးလှ၏။ သူ၏ ခြေထောက်အောက်တွင်မူ လူတစ်ယောက်ရှိနေသည်။
ထိုသူမှာ ဂေါင်ဟုန်ချီမှတပါး မည်သူဖြစ်လိမ့်မည်နည်း။
ဂေါင်ဟုန်ချီသည် သူ၏ သံချပ်ကာတစ်ခုလုံးပျက်စီးကာ အလွန်အမင်း ဒဏ်ရာရ၍ အားနည်းနေပုံပေါ်သည်။ ကျန်းယုရှန်၏ ဘေးတွင် လူခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ရှိကာ ၎င်းတို့အားလုံးသည် ကောင်းစွာလေ့ကျင့်ထားပုံပေါက်၍ အရောင်အဝါများသည် အလွန်စွမ်းအားကြီးပုံပေါက်၏။ ၎င်းတို့ထဲမှ အဆင့်အနိမ့်ဆုံးသည်ပင် လေးနက်သော စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိပုံပေါ်၏။
အဖွဲ့ခေါင်းဆောင်သည် အသက်ကြီးကြီးလူတစ်ယောက်ဖြစ်ကာ ခြောက်ဆယ်၊ ခုနှစ်ဆယ်ဝန်းကျင်ခန့်ရှိမည်ထင်ရ၏။ သံချပ်ကာဝတ်ထားသော လူများအနက်၊ ထိုသူသည် သိုင်းဝတ်စုံသာဝတ်ဆင်ထားကာ အလွန်အမင်းထင်ပေါ်နေ၏။
သို့သော် ချက်ချင်းပင် ချူးယွင်ဖန်းသည် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရ၏။
သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူ။
အခန်း(၂၆၁) ကျန်းယုရှန်ကို သတ်ခြင်း(၂)
ဤလူသည် ချပ်ဝတ်တန်ဆာမဝတ်ဆင်ထားသော်လည်း ထိုလူများထဲတွင် သြဇာအကြီးဆုံးလူဖြစ်ကြောင်း သိသာထင်ရှား၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါတစ်ခုတည်းသည်ပင် ကျန်သူများအားလုံးကို ချိုးနှိမ်ပစ်ရန် လုံလောက်သည်။
ချပ်ဝတ်တန်ဆာပေါ်၌ဖြစ်စေ၊ ဤလူများ၏ အဝတ်အစားများပေါ်၌ဖြစ်စေ၊ ၎င်းတို့၏ ရင်ဘက်ပေါ်တွင် တံဆိပ်ရိုက်ထားသော တံဆိပ်တစ်ခုရှိသည်။
ဤလူများအားလုံးသည် ကျန်းမိသားစုမှလူများဖြစ်ကြ၏။
တန်ဒါအဖွဲ့အတွက် ဤသို့သော ထိုကဲ့သို့သော ကျွမ်းကျင်သူအဖွဲ့ကိုရှာဖွေရန်အစွမ်းကုန်ကြိုးစားခဲ့ရသော်လည်း ကျန်းမိသားစုအတွက်မူ မခက်ခဲပေ။
“မင်းလာရဲလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်းက တကယ့်ကောင်ပဲ၊ မင်းသတ္တိကိုတော့ လေးစားတယ်။” ကျန်းယုရှန်သည် ချူးယွင်ဖန်း ရောက်လာသည်ကို မြင်သောအခါ လက်ခုပ်တီးလိုက်သည်။
သူတို့သည် ရန်သူများပင်ဖြစ်သော်ငြား ချူးယွင်ဖန်း၏ သတ္တိကိုတော့ မချီးကျူး၍မရပေ။ အကယ်၍ သူသာဆိုလျှင် လာလိမ့်မည်မဟုတ်ပေ။ အခြားတစ်ဖက်မှ ထေင်ချောက်တစ်ခုထောင်ထားလိမ့်မည်မှန်း သေချာသဖြင့် ဤသည်မှာ အဆုံးစွန်ဆုံးအထိဖြစ်နိုင်ကြောင်း သူသိသည်။ လူတိုင်းတွင် သတ္တမရှိကြပေ။ မိမိတို့ကိုယ်မိမိတို့ စွန့်လွှတ်အနစ်နာခံနိုင်သည်ဟု ပြောသောသူများကို သန်းနှင့်ချီ၍ ရှာတွေ့နိုင်သော်လည်း တကယ်လုပ်မည့်သူမည်မျှရှိလိမ့်မည်နည်း။
“ဒါပေမယ့် မင်းတကယ်ကို ပိန်းတယ်လို့ပြောရမယ်။ မင်းသေတော့မယ်ဆိုတာ သိတာတောင် မင်းကရောက်လာသေးတာပဲ” ကျန်းယုရှန်က လှောင်ရယ်လိုက်သည်။
သူက ရုတ်တရက် ဂေါင်ဟုန်ချီကို ကန်ထုတ်လိုက်ကာ အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။ ကြီးမားသော ခန္ဓာကိုယ်တစ်ခုသည် သစ်ပင်၏ ပင်စည်သို့ ဝင်တိုက်ကာ အောက်သို့ လျှောကျသွား၏။ အော်ဟစ်ရန်ခွန်အားပင်မရှိတော့ပေ။ ယခုအချိန်မတိုင်ခင်အတွင် သူအလွန်အမင်းဒုက္ခရောက်ခဲ့ကြောင်း သိသာ၏။
ချူးယွင်ဖန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် ပြင်းထန်သော အလင်းတစ်ခု သူ၏ မျက်လုံးများထဲတွင် လတ်ခနဲဖြစ်သွားကာ၊ သတ်ဖြတ်လိုစိတ်များ ပိုမို သိသာထင်ရှားလာ၏။
“မင်းငါ့ကို သတ်ဖို့ ဒီလောက်လူတွေတကယ်ခေါ်လာတာပဲ” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။
“မင်းဘယ်လိုထင်လဲ။ ငါ့မိသားစုနဲ့ မင်းကြားက ကွာခြားချက်ကို မြင်လား။ ဒီလိုအဖွဲ့မျိုးက ကျန်းမိသားစုအတွက် ဘာမှမဟုတ်ပေမယ့် မင်းကို ဆယ်ကြိမ်လောက်သတ်ဖို့တော့ လုံလောက်တယ်ကွ” ကျန်းယုရှန်သည် သူ၏လက်နှစ်ဖက်လုံးကို မြှောက်ကာပြောလိုက်သည်။
“မင်းက မင်းမိသားစုရဲ့ အာဏာကို အားကိုးနေတာပဲ” ချူးယွင်ဖန်းကပြောသည်။
ကျန်းယုရှန်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဘာလဲ။ ဒီလိုကြားရင် ရှက်သွားမယ်ထင်လို့လား။ မရူးစမ်းပါနဲ့ကွာ၊ လူ့လောကသဘာဝပဲလေ။ ငါက မြင့်မြင့်မြတ်မြတ်မွေးလာပြီး မင်းက သာမန်လူပဲလေ”
ကျန်းယုရှန်က ဤသို့ ပြောကာ မျက်လုံးများသည် အလွန်အန္တရာယ်ရှိသော အလင်းရောင်များ တောက်ပလာ၏။
“မင်းကိုယ်မင်းဘာထင်နေလို့ ငါ့ကို ရန်လာစတာလဲကွ။ ငါငယ်ငယ်တည်းက ဒီလောက် အရှက်မကွဲရဖူးဘူး။ အဲ့တာကို ဆေးကြောပစ်ဖို့ မင်းရဲ့ သွေးကို သုံးရတော့မယ်” ကျန်းယုရှန်က အံကြိတ်ကာ
“တပ်ကို အရန်အနေနဲ့ ခေါ်တာလည်း အသုံးမဝင်ဘူးနော်။ အခု မွန်းစတားအုပ်က ထိုးဖောက်ဝင်ရောက်လာလို့ စစ်တပ်က အလုပ်ရှုပ်နေတယ်။ မင်းကို ဂရုစိုက်ဖို့အချိန်ရမှာမဟုတ်ဘူး။ ရွှယ်ပိုင်လုံနဲ့ ဆက်ဆံရေးကောင်းရင်တောင် သူမင်းကို အခုကယ်နိုင်မှာမဟုတ်ဘူး”
“အကုန်လုံးကို အစီစဥ်ချထားပြီးသားပဲမလား။ ခိုင်လုံတဲ့သက်သေမတွေ့ရင် လူတိုင်းက မင်းငါ့ကို သတ်လိုက်မှန်းသိရင်တောင် သူတို့ မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ကျန်းမိသားစုက အကယ့်ကို သြဇာအာဏာကြီးမားတဲ့လူတွေပဲဆိုတော့ သူတို့ သေချာပေါက် မင်းကို ကာကွယ်ပေးမှာပဲ” ချူးယွင်ဖန်းက ပြုံးလျက်ပြောလိုက်သည်။
ဤသို့ပြောပြီးနောက် ပတ်ဝန်းကျင်ရှိ တောကြီးမျက်မည်းအား တစ်ချက်ကြည့်၍
“ဒီနေရာက လူသတ်လုယက်ဖို့ နေရာကောင်းပဲ။ ငါတို့နှစ်ယောက်လုံး အတွေးတူပုံပဲ”
“အချို့ကိစ္စတွေက မင်းရော ငါရောအတွက် အကျိုးမရှိဘူး။ ငါ တပ်ကို အကြောင်းကြားမယ်လို့မင်းထင်နေတာလား။ ဘာလို့အကြောင်းကြားရမှာလဲ။ မင်းဒီမှာ အကြောင်းအရင်းမရှိ သေသွားရင် ကျန်းမိသားစုတောင် ဘယ်သူလုပ်လဲဆိုတာ ရှာနိုင်မှာမဟုတ်ဘူး။”
“မင်းက ငါ့ကို သတ်မယ်ဟုတ်လား ဟားဟားဟား”
ကျန်းယုရှန်က သူ့မျက်နှာသူ လက်ဖြင့်အုပ်၍ မတ်တပ်ပင်ကောင်းစွာမရပ်နိုင်လောက်တော့သည်အထိ ရယ်မောလျက်ရှိသည်။
“ရယ်လိုက်ရတာ။ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ”
ကျန်းယုရှန်စကားမဆုံးခင်တွင် အနက်ရောင်ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာကာ၊ အရိပ်မဲ့ဓားသည် အနက်ရောင်လျှပ်စီးတစ်စင်းကဲ့သို့ သူ့ဆီသို့ ထိုးဆင်းသွားသည်။
“ဟမ် မင်းက ငါ့ရှေ့မှာ တစ်ယောက်ယောက်ကို ဒဏ်ရာရအောင်လုပ်ချင်နေတာလား”
အေးစက်သော လေသံတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။
ချက်ချင်းပင် လေးလံသော ဓားတစ်ချောင်းသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ကျန်းယုရှန်၏ ရှေ့တွင်ပေါ်လာကာ၊ ချူးယွင်ဖန်း၏ လျှပ်စီးတမျှ လျင်မြန်သော ဓားကို တားဆီးလိုက်သည်။
“မင်းက နုံအလွန်းလာသည်။
ချူးယွင်ဖန်း ခေါင်းမော့လိုက်သောအခါ တိုက်ခိုက်သူမှာ အဘိုးကြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။ အဘိုးကြီးသည် သန်မာပုံမပေါ်လှသော်လည်း လူတစ်ယောက်မျှကြီးမားသော၊ လေးသံသည်ဟုထင်ရသည့် ဓားကြီးကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားသည်။ ထိုဓားကြီးနှင့် ချူးယွင်ဖန်း၏ ဓားရှည်တို့ ထိပ်တိုက်တွေ့ကြ၏။
ချူးယွင်ဖန်းသည် လျင်မြန်သော်လည်း သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သည့် အဘိုးကြီး၏ မျက်လုံးများထဲတွင်မူ အလျင်းမျှ ထိပ်လန့်ဖွယ်မကောင်းပေ။ သူသည် ချူးယွင်ဖန်းအား မည်သည့်အချိန်တွင်မျှ သတိလက်လွတ်မထားခဲ့ပေ။ ချူးယွင်ဖန်းထံမှလာသော အန္တရာယ်ရှိသည့် အရိပ်အယောင်ကို သူခံစားမိနိုင်၏. အကြောင်းအရင်းကို မသိသော်လည်း ဤသည်ကြောင့် အနည်းငယ်မျှပင် စိတ်ချလက်ချမနေနိုင်ခဲ့ပေ။
ကျန်းယုရှန်က ကျယ်လောင်စွာအော်ရယ်၍ ပြောလိုက်သည်။
“မင်းတစ်ယောက်တည်း လှည့်ကွက်တွေသုံးပြီး အနိုင်ယူတတ်တယ်လို့ မင်းထင်နေတာလား။ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ယှဥ်ရင် မင်းက အဆင့်အရမ်းနိမ့်နေသေးတယ်”
“ဟုတ်လား။” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ အတွေးတစ်ခုဖြင့် အပြာရောင် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ထွက်လာသည်။ တစ်ခဏအတွင်းတွင်ပင် ၎င်းသည် သန့်စင်ခြင်းအဆင့် လူကြီးထံသို့ ခုန်အုပ်လိုက်၏။
သန့်စင်ခြင်းအဆင့်လူသည် သူ့ရှေ့တည့်တည့်တွင် သူ့အားစတင်တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ခဲ့သည့်အတွက် လုံးလုံးကြိုတင်ပြင်ဆင်ထားခြင်းမရှိပေ။
ချွန်ထက်သော လက်သည်းတစ်ခုလျှပ်စီးကဲ့သို့ ထွက်လာကာ၊ ထိုလူ၏ ရင်ဘက်ကို ကုတ်ခြစ်ပစ်လိုက်သည်။
ချက်ချင်းပင် အဘိုးကြီး၏ ချီစွမ်းအင်များထွက်လာ၏။ ၎င်းသည် သန့်စင်ခြင်းအဆင့်တွင် ဖြစ်ပေါ်လာသော အကာအကွယ်ပင်ဖြစ်သည်။ သန့်စင်ခြင်းအဆင့်သို့ရောက်ပြီးနောက် ကျင့်ကြံသူ၏ မိမိကိုယ်မိမိကာကွယ်အားသည် ပိုမို အစွမ်းထက်လာမည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် မိုးကြိုးတောင်ပံသားရဲ၏ ချွန်ထက်သော ခြေသည်းများနှင့်တွေ့သောအခါ အကာအကွယ်သည် အသုံးမဝင်တော့ပေ။ ခြေသည်းများသည် ၎င်းမှတစ်ဆင့် အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွား၏။
လတ်ဆတ်သောသွေးများ ဖြန်းခနဲထွက်လာသည်။ အဘိုးအိုသည် သေဘေးမှရှောင်တိမ်းနိုင်ခဲ့သည်။ အနောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ကာ ရပ်လိုက်၏။
ပြာမှုန်သော အကောင်ကြီးတစ်ကောင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။
ထိုလူကြီးနှင့် သားရဲတို့သည် မျက်နှာချင်းဆိုင်လျက်ရှိနေကြသည်။
ဤအရာများအားလုံးသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။
အပြာရောင်ပုံရိပ်သည် မိုးကြိုးတောင်ပံသားရဲမှလွဲ၍အခြားမဟုတ်ပေ။ ၎င်းသည် အထူးအထွေ မမြင့်မားသော်လည်း သားရဲကြီးပေါ်လာသည့်အခိုက်အတန့်တွင် လူတိုင်းတအံ့တသြဖြစ်သွားကြရ၏။
အဘိုးကြီးသည် မိုးကြိုးတောင်ပံသားရဲ၏ မျက်နှာချင်းဆိုင်တွင် ချောင်းဆိုးကာသွေးများအဆက်မပြတ်အန်နေ၏။ သူ၏ခန္ဓာကိုယ်အားကာကွယ်ရန် သံချပ်ကာမရှိသဖြင့် သူသည် သာမန်လူထက် အနည်းငယ်မျှသာ သန်မာလျက်ရှိသည်။
မိုးကြိုးတောင်ပံသားရဲ၏ လက်သည်းများသည် လူတစ်ယောက်၏ အကာအကွယ်ကို အလွယ်တကူပင် ဆုတ်ဖြဲပစ်နိုင်သည်။ အဘိုးကြီး၏ ရင်ဘက်တစ်ခုလုံး ကြီးမားစွာ ကွဲထွက်သွားရာ သွေးရဲရဲနီလျက် အရိုးများကိုပင် မြင်နေရ၏။ ခုန်နေသောနှလုံး၏ ထောင့်တစ်ထောင့်ကိုပင် မြင်နိုင်နေပြီဖြစ်ရာ၊ အကယ်၍ သူ၏ လျင်မြန်သော တုန့်ပြန်မှုကြောင့်သာမဟုတ်လျှင် ဤအဘိုးကြီး၏ နှလုံးပင် ဆုတ်ဖြဲသွားမည်ဖြစ်၏။ ထိုသို့ဖြစ်ပါက၊ သူသေဆုံးရမည်မှာ အသေအချာပင်ဖြစ်သည်။
အဘိုးကြီး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ ဤသို့ အနီးကပ်အနေအထားမှ ခြုံခိုတိုက်ခိုက်ခံရခြင်းသည် စိတ်ကူးပင်မယဥ်နိုင်လောက်သည့် အံ့ဖွယ်ဖြစ်၏။
သူ့ရှေ့တွင်ရပ်နေသော အပြာရောင်သားရဲကို ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် သူ၏အမူအရာသည် ချက်ချင်းလေးနက်သွား၏။
“လျှပ်စီးတောင်ပံသားရဲ။ မဟုတ်ဘူး။ ဒါ အရွယ်မရောက်သေးတဲ့ လျှပ်စီးတောင်ပံသားရဲပဲ”