Chapter 54
Vol. 5 Ch. 54
ညနေပိုင်း ရောက်၍ အိမ်ပြန်လာသည့် ရှောင်ဟဲမှာ ဇနီးသည်၏ အကြည့်များကြောင့် တစ်မျိုးတစ်ဖုံ ထူးဆန်းသွားတော့သည်။ သူမ၏ အကြည့်များမှာ သူ့ကို ချစ်ကျွမ်းဝင်နေသည့်အလားပင်။
"ဘာ .. ဘာဖြစ်လို့လဲ ..."
"ရှင် R&D ဌာနကို ပြောင်းလိုက်ရပြီဆို ..."
"အင်း ..."
"ဒါဆို ရှင့်ရုံးခန်းက အခုကနေစပြီး မစ္စတာချန်းတို့ ရုံးခန်းရဲ့ အောက်ထပ်ကို ရောက်သွားပြီပေါ့ ..."
"အင်း ..."
ချင်းရှန်းက သူမ၏ ဗိုက်ကို ပွတ်သပ်ကာ အနာဂတ်အကြောင်း တွေးရင်း အားရဝမ်းသာ ပြောလိုက်သည်။
"ကလေးလေး .. မင်း မွေးလာတဲ့အခါ မင်းမှာ အင်ဂျင်နီယာဖေဖေတစ်ယောက် ရှိလာတော့မှာ ..."
မိုးအထိ မြင့်မားသော အဆင့်အတန်းမျိုး မဟုတ်သေးသည့်တိုင် သူမတို့ အနေဖြင့် စက်ရုံအမှတ် ၄၁၂ တွင်မူ စကားတစ်ခွန်းနှစ်ခွန်း ပြောနိုင်သည့် လူတန်းစားထဲ၌ ပါဝင်လာပြီ ဖြစ်သည်။ နောင်တစ်ချိန် သူမတို့ ကျိုက်ကျိုက်လေးအား အနိုင်ကျင့်ချင်သူများ ရှိလာပါလျှင်လည်း အနိုင်မကျင့်မီ နောက်တစ်ကြိမ် ပြန်စဉ်းစားရပေလိမ့်မည်။
အရေးအကြီးဆုံး အချက်အနေဖြင့် လောင်ဟဲသည် သူ့ဆရာနှင့် ခြေတစ်လှမ်း ပိုနီးလာပြီဖြစ်၏။ နှစ်ဦးလုံးမှာ အရွယ်အားဖြင့်လည်း ငယ်ရွယ်ကြသေးရာ အကန့်အသတ်မဲ့ ကောင်းမွန်သော အနာဂတ်များစွာ ရှိနေကြပေသည်။
ဤကဲ့သို့သော ရာထူးအပေါ် ဝံ့ကြွားသည့်ပုံစံမှာ ကျောက်ချင်းစုန့်နှင့် တစ်ထပ်တည်းပင်။ သို့သော် ရှောင်ဟဲသည် မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သူမ၏ပုံစံကို သဘောကျနေမိခဲ့သည်။
ဒီခံစားချက်က .. နည်းနည်းတော့ စွဲလမ်းစရာ ကောင်းသားပဲ ...
ချင်းရှန်းက တစ်ခဏမျှ ဆက်ပြီး စကားပြောနေသေး၏။ တစ်ဖက်လူက အသံတိတ်နေကြောင်း တွေ့လိုက်ရသည့်အခါ သူ့ကို ခပ်ဖွဖွ တွန်းလိုက်သည်။
"ဘာလဲ ရှင့်မိန်းမက ရှင့်အတွက် ဂုဏ်ယူပေးနေတာကို မလိုချင်ဘူးလား ..."
"လိုချင်ပါတယ် ..."
သူ့မိန်းမက သူ့အား ဂုဏ်ယူသည်ကို လိုချင်သည်သာမက သူကလည်း သူ့မိန်းမအတွက် ဂုဏ်ယူလိုပေသည်။
"ထားပါ အိပ်ရအောင် ..."
ရှောင်ဟဲက သူ့လက်ကို သူမ၏ ခါးပေါ်သို့ တင်မိလိုက်သည်နှင့်တစ်ပြိုင်နက် အေးခဲသွားတော့သည်။
ဤလသို့ပင် ရောက်လာပြီ ဖြစ်သော်ငြား သူမအပေါ် မည်သည့်အတွေးမှ မရှိသေးပေ။ သို့သော် သူ့ခန္ဓာကိုယ်ကမူ သူ့အတွေးများ၏ ထိန်းချုပ်မှုအောက်မှ လွတ်သည့်ဟန်ပင်။ သူမနှင့် လက်တစ်ကမ်း အကွာတွင် ရှိနေသည့်တိုင် ထိကပ်နေလိုနေတော့၏။
ဆောင်းရာသီ ဖြစ်သည့်အတွက် ပြန်လည်ဖော်ဆောင်မည့် မြေကွက်ရှိ အပင်အားလုံး ခြောက်သွေ့ညှိုးနွမ်းနေတော့သည်။ ၎င်းတို့ကို ဘေးသို့ ဖယ်ထုတ်ကာ မြက်ပင်ပေါင်းပင်များကလည်း နေလောင်ဒဏ်၊ အေးခဲဒဏ်ကြောင့် သေဆုံးသွားကြပြီ ဖြစ်သည့်အတွက် စိုက်ပျိုးရန် အဆင်သင့် ဖြစ်နေသည့် မြေအလွတ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် သူမလည်း ထိုကိစ္စနှင့် ပတ်သက်၍ ပိုပြီး အာရုံစိုက်လာရတော့၏။
မြေက အဆင်သင့် ဖြစ်နေပြီ သို့သော် မျိုးစေ့နှင့် စိုက်ပျိုးရေး နည်းစနစ်တို့ ပြတ်လပ်နေသေး၏။
လောင်ချန်းက မကြာခဏ အပြင်သွားကာ ခေါင်းဆောင်ပိုင်း၏ မိတ်ဆက်စာနှင့်အတူ ကုမ္ပဏီအကြီးကြီးများထံ သွားရောက်၍ နွေဦးပေါက်လျှင် စိုက်ပျိုးရန် မျိုးစေ့များ ဝယ်ယူခဲ့သည်။ သို့သော် သင့်တော်သည့် မျိုးစေ့ကို ရှာမတွေ့သဖြင့် အကြိမ်ပေါင်းများစွာ လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။
ချင်းရှန်းက ကူညီပေးချင်သော်ငြား ပူဖောင်းလှသည့် သူမ၏ ဗိုက်ကြောင့် အပြင်ထွက်ရန် အရဲမစွန့်ရဲပေ။ မီးဖွားမည့် အချိန်ကိုသာ စိတ်ရှည်ရှည်ထား၍ စောင့်ဆိုင်းနေရတော့သည်။
လရင့်လာလေလေ ဝိတ်တက်မြန်လာလေဖြစ်ကာ ယခုလက်ရှိ၌ သူမ၏ အလေးချိန်သည် နှစ်ရက်လျှင် တစ်ပေါင်နှုန်းပင် တက်နေတော့သည်။ ဗိုက်တစ်ခုတည်းကသာ ပေါက်ထွက်တောမည့် ပူဖောင်းအလား ဖောင်းကားလာသည် မဟုတ်၊ ပါးနှင့် လက်ဆစ်ခြေဆစ်များကအစ ပေါက်စီလုံးများသဖွယ် ပြည့်ဖောင်းလာကာ ဝိတ်တက်သည့်နှုန်းမှာ ထိန်းချုပ်၍ပင် မရတော့ချေ။
မူလက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ပေါင် ၂၀ ထက်ပိုပြီး တက်မလာစေရန် စီစဉ်ထားခဲ့သည်။ သန္ဓေသားအရွယ်အစား အဆမတန် မကြီးလွန်းခြင်းက မိခင်အတွက်လည်း ကောင်းမွန်သည့်အပြင် မွေးဖွားရာ၌လည်း အဆင်ပြေသည့်အပြင် မီးဖွားပြီးနောက်ကာလများ၌လည်း ပြန်လည်ထူထောင်ရန် ပိုပြီး အဆင်ပြေပေသည်။
သို့သော် ပြဿနာမှာ ... ကိုယ်ဝန် တတိယလသို့ ရောက်သည့်အခါ သူမ၏ အစားစားချင်စိတ်ကို ထိန်းချုပ်၍ မရတော့။ သွားရည်စာအပြင် တစ်နေ့လျှင် ထမင်းငါးနပ် စားသည်အထိ ဖြစ်လာတော့သည်။
သူမက ထို အစားစားချင်စိတ်ကို ဆက်တိုက် ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သေး၏။ သို့သော် ဆာလောင်မှုဝေဒနာမှာ သူမ၏ ဆန္ဒအလျောက် ချုပ်တည်း၍ ရသည့်အရာ မဟုတ်ချေ။ ဗိုက်ဆာလာသည်နှင့်တစ်ပြိုင်နက် တစ်ခုခု မစားမိပါလျှင် နှလုံးခုန်၊ ရင်တုန်ကာ အသက်ရှုမဝဘဲ နုံးချိလာတော့သည်။
သူမက အမှန်တကယ်ပင် ကြိုးစားပမ်းစား ထိန်းချုပ်ခဲ့ပါသေး၏။
ရှောင်ဟဲက သူမကိုကြည့်ကာ စိတ်မကောင်း ဖြစ်ရသည့်အတွက် အစာပြေစားရန် မနက်တိုင်း ကြက်ဥနှစ်လုံး ပြုတ်ပေးခဲ့သည်။ နေ့ခင်းပိုင်း အားလပ်ချိန်တိုင်းလည်း ပန်းသီး၊ သစ်တော်သီးတို့ အမြဲလိုလို လာပို့ပေးတတ်သော်ငြား ချင်းရှန်းအတွက်မူ ထိုပမာဏက တင်းတိမ်ရောင့်ရဲနိုင်ရန် မလုံလောက်လှချေ။
သူမ၏ ဗိုက် အဆမတန် ဖောင်းကားလာပြီဟု သတိပြုမိချိန်တွင် ကိုယ်ဝန်ဆောင်ကာလ ကိုးလသို့ပင် ရောက်ရှိနှင့်နေပြီဖြစ်သည်။
ချင်းကွေ့ဟွားကလည်း စိုးရိမ်ပူပန်လာတော့၏။ ပါးစပ်က ဝဝတုတ်တုတ် မြေးယောကျာ်းလေးတစ်ယောက် လိုချင်သည်ဟု တဖွဖွ ပြောခဲ့ပါသော်ငြား တစ်ခါမှ မတွေ့ရသေးသည့် ကလေးနှင့် နှိုင်းယှဉ်ပါလျှင် သူမ၏ လက်ရှိ မြေးမကသာ အရေးအကြီးဆုံးပင်။ ရွာထဲတွင် မီးဖွားရင်း အသက်ဆုံးသူများစွာကို မြင်တွေ့ထားခဲ့ဖူးသူ ဖြစ်သည့်အတွက် မီးဖွားချိန် နီးလာလေ စိုးရိမ်စိတ်တို့ ဖိစီးလာလေပင်ဖြစ်သည်။
ထို့ကြောင့် မြင်မြင်သမျှကို အာရုံနောက်နေကာ ချင်းရှန်းကိုလည်း လေ့ကျင့်ခန်း မပျက်မကွက်လုပ်ရန် ဆက်တိုက် တွန်းအားပေးတော့၏။
ချင်းရှန်းက ပုခုံးသာ တွန့်ပြလိုက်သည်။
သမီးလည်း လေ့ကျင့်ခန်း မလုပ်ချင်ဘူးလို့ ပြောလို့လား .. တစ်နေ့ကို ခြေလှမ်းတစ်သောင်းတောင် မကဘူး လမ်းလျှောက်နေတာပဲလေ ...
ချင်းကွေ့ဟွားကလည်း ထိုအကြောင်းကို စဉ်းစားမိသည်။ ကိုယ်ဝန်ဆောင်ကာလ၏ တတိယအပိုင်းအခြားသို့ ရောက်လာသည့်အခါ သူမ လုပ်နိုင်သည့် လေ့ကျင့်ခန်းဟူ၍ များများစားစား မရှိတော့။ မြေးမလေးကို အိတ်အကြီးကြီး သယ်ခိုင်း၍လည်း မဖြစ်။ ထို့ကြောင့် အနှီးစနှင့် အင်္ကျီလေးများကိုသာ ခေါက်ပေးနေလိုက်တော့သည်။
ပြီးခဲ့သည့်လက ရှောင်ဟဲသည် ချင်းရှန်း၏ ကိုယ်ဝန်အကြောင်း သူ့မိဘများထံ စာရေးကာ အကြောင်းကြားခဲ့သည်။ သူနှင့် မိဘများ၏ ဆက်ဆံရေးမှာ များစွာ မရင်းနှီးလှ။ သို့သော် သူ့အကြောင်းကြားစာကို ရသည့်အခါ တစ်ဖက်ဇနီးမောင်နှံမှာလည်း ထပ်တူ ဝမ်းသာကြကာ ချက်ခြင်းဆိုသလို ကလေးအတွက် လိုအပ်သည်များကို ပို့ပေးလိုက်ကြတော့သည်။
လောလောလတ်လတ် ချုပ်ထားကာစ အနှီးများအပြင် အခြားလူထံမှ ဝယ်ထားသည်များကိုပါ ထည့်ပေးလိုက်၏။ အားလုံးမှာ နူးညံ့အိစက်နေကာ မွေးကင်းစ ကလေးအတွက် အထူး သင့်လျော်လှသည်။
အဘွားအိုက ပို့လာသမျှကို ပြောင်စင်အောင် လျှော်ဖွပ်ကာ နေနှစ်ကြိမ်လှမ်းခဲ့သည့်အတွက် နေလှမ်းထားသည့် အနံ့များ စွဲကပ်နေတော့သည်။
"အနံ့ခံမနေပါနဲ့တော့ ရှောင်ဟဲ လုပ်ပေးတဲ့ အိပ်ယာနဲ့ တွန်းလှည်းလေး ယူလာပေးပါဦး ... ဒါတွေကိုပဲ လျှော်လိုက် အခြောက်ခံလိုက် လုပ်နေတာ နှစ်လသုံးလ မကတော့ဘူး အခိုးခံရရင် ထိုင်တောင် ငိုမလားပဲ ..."
"တစ်နေ့ဆယ်ကြိမ်လောက် မြင်နေရတဲ့ ဒီစရိုက်နဲ့ ... ဘယ်သူကများ ခိုးရဲတော့မှာလဲ ..."
ထိုသို့ ပြောနေစဉ်မှာပင် ချင်းဖန်က အိမ်အပြင်ဘက်မှ သစ်သားကုတင် သေးသေးလေးကို အိမ်ထဲသို့ ပြန်သယ်လာသည်။ ချင်းရှန်းသည် ကလေးတွန်းလှည်းများစွာကို မြင်ဖူးထားသူ ဖြစ်သည့်အတွက် နှုတ်ဖြင့် ညွှန်ကြားချက် ပေးကာ ရှောင်ဟဲက သူမ ပြောသည့်အတိုင်း တစ်ပုံစံတည်း တူသည်ကို လဝက်အတွင်း အပြီး လုပ်ပေးခဲ့သည်။
၎င်းသည် ၁၉၇၀ ခုနှစ်များက ခေတ်စားသည့် ကလေးတွန်းလှည်းစတိုင်ဖြစ်ကာ အပေါ်တွင် အလွယ်တကူ တပ်၍ဖြုတ်၍ရသည့် အမိုးလေးတစ်ခု ပါရှိသည်။ အမိုးကို ဆွဲချလိုက်ပါလျှင် အပြင်ဘက်ရှိ နေရောင်နှင့် ဆူညံသံများကို ပိတ်ဆို့ထားနိုင်၏။
လန်ဟဲမြို့မှာ လေဒဏ်၊ သဲမုန်တိုင်းဒဏ် ပြင်းထန်သည့်အပြင် ခရမ်းလွန်ရောင်ခြည် အားကောင်းလှသည်။ သူမသည် လပိုင်းအတွင်း နေလောင်ခံခဲ့ရသည့် လျှိုကျားဝေ့နှင့် မတူပေ။
ထိုမျှသာမက ၃၆၀ ဒီဂရီ လှည့်လို့ရသည့် ဘီးလုံးများလည်း ပါသေးသည်။ နေရာအနှံ့ စိတ်ကြိုက် ရွှေ့သွားနိုင်ကာ တွန်းသွားရင်း ပင်ပန်းလာ၍ တစ်နေရာတွင် ရပ်ထားလိုလျှင်လည်း ရပ်ထားနိုင်သည့် ဘရိတ်လည်း ပါရှိပေသည်။
ချင်းရှန်းက တား၍သာ မဟုတ်ပါလျှင် လောင်ဟဲသည် ထိုထက်ပင် ဆန်းပြားအောင် တီထွင်ဦးမည် ဖြစ်သည်။ သို့သော် ချင်းရှန်းက လက်တွေ့ အသုံးချရမည့် ပစ္စည်းသည် အရိုးရှင်းဆုံး တီထွင်မှုသာ လိုအပ်ကာ ဆန်းပြားမှု များလေလေ ပျက်စီးရန် ပိုလွယ်လေဟု ခံယူထားသည်။
ပိုပြီး အံ့ဩစရာ ကောင်းသည်မှာ .. သခွားသီးလောက်ပင် မတုတ်ခိုင်သည့် လက်မောင်းပိုင်ရှင် ချင်းဖန်သည်ပင် ထိုတွန်းလှည်းကို တစ်ကိုယ်တည်း သယ်နိုင်ခြင်းဖြစ်သည်။ ရှောင်ဟဲက မည်သို့သော အံ့ဩဖွယ် နည်းလမ်းမျိုး သုံးထားမှန်းတော့ မသိပေ။
"အနံ့က ဟိုးအရင်ကတည်းက ပျောက်ပါပြီ .. မနက်ဖြန်ကျ ဖျာကို လျှော်ပြီး သုံးရမယ့်ပုံးထဲ ထည့်လိုက်မယ် ..."
ချင်းကွေ့ဟွားမှာ ဆေးသုတ်ထားသည့် သစ်သားတွန်းလှည်းလေးကို လက်ထဲမှ မချစတမ်း ကိုင်ကြည့်နေခဲ့သည်။
"ကြည့်လို့ကောင်းတယ် မဟုတ်လား ..."
ချင်းဖန်က တတိယအစ်မကို မေးလိုက်သည်။
ချင်းရှန်းက လှည့်ကြည့်လိုက်ပြီးနောက် အော်ရယ်မိလုမတတ် ဖြစ်သွားတော့သည်။ ချင်းဖန်က တွန်းလှည်းကို ပစ္စည်းပိစိလေးများဖြင့် အလှဆင်ထား၏။ သူမ ငယ်ငယ်က အဘွားကို ချုပ်ခိုင်းသည့် ခွေးရုပ်၊ ကြောင်ရုပ်၊ ယုန်ရုပ် အစရှိသည့် အရုပ်ပေါက်စလေးများအပြင် ပုရစ်၊ ပိုးဟပ်နှင့် နှံကောင် အစရှိသည်တို့ကိုပါ ထည့်ထား၏။
"ဒါက ကလေးတွန်းလှည်းနော် တိရိစ္ဆာန်ရုံ မဟုတ်ဘူး ..."
တိရိစ္ဆာန်ရုံဟုလည်း ပြော၍မရ၊ ၎င်းမှာ အင်းဆက်ပိုးကောင်မျိုးစုံကို ခင်းကျင်းပြသထားသည့်အလားပင်။
ချင်းဖန်က နှုတ်ခမ်းကို ကိုက်ကာ အရှက်ပြေ ပြုံးပြလိုက်သည်။
"တူလေးက ဒါမျိုး ကြိုက်ချင် ကြိုက်မှာပေါ့ ..."
မိသားစုထဲ၌ သူမနှင့် တတိယခဲအိုတို့ကသာလျှင် မိန်းကလေးမွေးမည်ဟု အခိုင်အမာ ယုံကြည်ထားကြသူများ ဖြစ်သည်။ သို့သော် အဘွားဖြစ်သူ၏ သဘောထားကြောင့် သူမ၏ အမြင်ကို ပြောင်းလဲလိုက်ရတော့၏။
ချင်းရှန်း၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားသည်။
"..."
'ပိုးဟပ်ကို သဘောကျဖို့ဆိုတာကြီးကတော့ မဖြစ်နိုင်ဘူးလားလို့နော် ... ဘယ်လိုလူကမှ ဒါကြီး မကြိုက်လောက်ဘူး ထင်တာပဲ ... '
"တတိယအစ်မ .. နည်းနည်းလေး စောင့်ပေဦး မနက်ဖြန်ကျ ပိုးတောင်မာနဲ့ ခူကောင်ရယ် မောဝ်လာတင်းရယ် ဟုတ်သားပဲ မြွေစိမ်းလေးရယ်ပါ ပြင်ပေးထားမယ်လေ .. အစစ်နဲ့ တစ်ပုံစံတည်း တူစေရမယ်လို့ အာမခံတယ် ..."
ချင်းရှန်း - "..."
အစစ်အတိုင်း တူတာတော့ ဟုတ်ပါပြီ .. ငါ့သားက ဒါတွေကို ကြိုက်လိမ့်မယ်လို့တော့ မထင်ဘူးနော် ...
"အိုက်ယား ချီလီထွင်မှာဆို ခူကောင်တို့ မြွေစိမ်းခေါင်းတို့ ပိုးဟပ်တို့ အများကြီးမှ အများကြီး ဒီရောက်မှ တစ်ကောင်မှကို မတွေ့ရသေးဘူး တူလေးအနေနဲ့ သမီးတို့ မြင်ခဲ့တွေ့ခဲ့ရတာကို မြင်ဖူးဖို့ လိုတယ်လေ ..."
ချင်းရှန်း၏ နှလုံးသား ရုတ်ချည်းဆိုသလို နွေးထွေးသွားတော့သည်။
ကလေးလေးက အဒေါ်ကောင်းတစ်ယောက် ရှိနေတာပဲ ...
ချင်းရှန်း၏ ကလေးလေးက အင်းဆက်ပိုးကောင်အရုပ်များကို ကြိုက်မကြိုက် မသိနိုင်သေး။ သို့သော် ချင်းဖန်၏ ယုန်ကမူ ထိုအကောင်များကို များစွာ သဘောကျနေပေသည်။ တွန်းလှည်းကို နေရောင်ပြချိန်တိုင်း ၎င်းက မြေကြီးပေါ်တွင် ဝပ်ကာ စိတ်ဝင်တစား စိုက်ကြည့်နေတတ်၏။ တစ်ခါတစ်ရံ လက်နှင့် လှမ်းပုတ်ကာ စိတ်လှုပ်ရှားသည့် အသံများပင် ထွက်လာတတ်သေးသည်။
"ဒီယုန်က တော်တော်လေး လိမ္မာတယ်နော် တွေ့ကရတွေ လိုက်မဖမ်းရမှန်းလည်း သိတယ် လူအတိုင်းပဲ ..."
ချင်းရှန်းက သဘောမတူပေ။
"ငါ့သမီး မွေးလာရင် သူ့ကို အသိုက်ထဲပဲ ထားနော် ကလေးကို အန္တရာယ်မပြုတာ သေချာမှ အပြင်ကို လွှတ်ပေး ..."
"ဟုတ်တယ် မလိမ္မာရင် ပိတ်ထားမှာ ..."
ချင်းဖန်ကပါ ယုန်လေးကို သတိပေးလိုက်သည်။ သူမအတွက် တူမလေးကသာ အရေးအကြီးဆုံး ဖြစ်သည်။
ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးလသို့ ရောက်သည့်အခါ ချင်းရှန်းမှအပ ကျန်မိသားစုဝင်အားလုံး ပူပန်လာကြတော့၏။ သို့သော် သူမ၏ စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိမသွားစေရန်အတွက် စိတ်ပူနေရကြောင်းကိုလည်း ထုတ်မပြရဲကြချေ။
"ဟေး ရှောင်ဟဲ .. ဘာတွေ တွေးနေတာလဲ ..."
"ဘာမှ မတွေးပါဘူး ဒါရိုက်တာ ဒီနေ့ ကျွန်တော် အချိန်ပို မဆင်းလို့ ရလား ..."
ရေဒီယိုဌာနမှ ဒါရိုက်တာ၏ နှုတ်ခမ်းများ တွ့န်ရှုံ့သွားသည်။ မစ္စတာချန်းက သူ့အား ရှောင်ဟဲသည် အလုပ်ကို ချစ်ကာ လုပ်ငန်းခွင်ကို အိမ်အဖြစ် သတ်မှတ်ထားသည့် အလုပ်ကြမ်းပိုးတစ်ယောက်ဟု ထပ်တလဲလဲ ထောက်ခံပေးခဲ့ဖူးသည်။ သို့သော် ယခုလတွင်မူ ထိုလူငယ်သည် နေ့တိုင်း အချိန်မှန် အလုပ်ဆင်းတတ်လာခဲ့၏။
"မရတာတော့ မဟုတ်ပါဘူး ဒီတိုင်း ..."
သူ့စကားပင် မဆုံးသေး။ ပြတင်းပေါက်မှတစ်ဆင့် ရှောင်ကျန်းကို တွေ့လိုက်ရသည့်အတွက် စကားကို ဖြတ်ပြောလိုက်တော့၏။
"ဒါရိုက်တာ ကျွန်တော် ခဏလောက် အပြင်သွားလိုက်ဦးမယ် .. ချက်ခြင်း ပြန်လာခဲ့မယ်နော် ..."
ဒါရိုက်တာ - "..."
တံခါးအပြင်ဘက်တွင် ကားတန်းမှ ပြန်လာသည့် ရှောင်ကျန်း ရှိနေ၏။
"ရှောင်ဟဲ .. အားလုံး ပြီးသွားပြီ ပြီးရင် ကားကို မင်းအတွက် ချန်ထားပေးမယ် ဘယ်အချိန် သုံးမလဲ ..."
ဟဲလျန်ရှန်းက နောက်စေ့ကို ကုတ်ကာ ပြောလိုက်သည်။
"ဘာမှ မဖြစ်ခဲ့ရင်တော့ ရှေ့တစ်ပတ်ပေါ့ ..."
ရှောင်ကျန်းက ခပ်ဟဟ ရယ်လိုက်သည်။
"ငါတို့စက်ရုံမှာ မိန်းမကို ဂရုစိုက်တတ်တဲ့သူတွေထဲမှာတော့ မင်းက နံပါတ်တစ်ပဲ ..."
လွန်ခဲ့သော နှစ်လကျော်ကတည်းက ရှောင်ဟဲသည် ခေါင်းဆောင်ထံ ကားအသုံးပြုခွင့် လျှောက်လွှာတင်ခဲ့သည်။ ခေါင်းဆောင်က ခွင့်ပြုလိုက်သည့်အတွက် သူ သုံးမည့်အချိန်တွင် ကား အဆင်သင့် ရှိနေရန်အတွက် ချန်ထားရန် လာမေးရခြင်း ဖြစ်သည်။
"ငါကြားတာတော့ ကောင်တီဆေးရုံမှာ ကလေးမွေးရင် မီးဖွားစရိတ် ပြန်မရဘူးဆို ဆေးရုံကြီးတွေဆို ဆေးရုံခကတင် နည်းမှာ မဟုတ်ဘူး ဒီခရီးက မင်း တအားကို အကုန်အကျ များမှာ ..."
ရှောင်ဟဲက ပြန်မဖြေပေ။
"ညီအစ်ကိုရဲ့ ငါပြောပြမယ် ...လန်ဟဲမှာလည်း အရမ်းကို ဝါရင့်တဲ့ လက်သည် ရှိပါတယ်။ ငါတို့စက်ရုံမှာကို သူ မွေးပေးတဲ့ ကလေးတွေ နည်းတာ မဟုတ်ဘူး။ ငါ့ဆွေမျိုးတွေတောင် အိမ်အလည်လာရင်း ညသန်းခေါင်ကြီး ကလေးမွေးချင်လာရင် သူနဲ့ပဲ မွေးကြတာ ..."
ရှောင်ဟဲက ခေါင်းယမ်းပြလိုက်သည်။
"ကျေးဇူးပဲ မင်း အခု ပြန်ချင်ပြန်နှင့်လေ။ လိုအပ်တာရှိရင် မင်းကို လာရှာမယ်လေ ..."
ညနေပိုင်း ရောက်သည့်အခါ ... သူမကို မီးဖွားရန်အတွက် ကောင်တီဆေးရုံအထိ ပို့ပေးမည်ဟူသော သတင်းကို ကြားလိုက်ရသည့် ချင်းရှန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။
"ဘာလို့ အဝေးကြီးအထိ သွားနေမှာလဲ ကျွန်မတို့ ဆေးရုံမှာလည်း လောင်လျှိုနဲ့ လောင်ဝမ် ရှိနေတာပဲကို ကူဖို့ လက်သည်တွေပါ ခေါ်ထားသေးတယ်လေ ..."
"မရဘူး ..."
ထိုအငြင်းစကားမှာ ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ဝယ်လာတတ်သည့် လောင်ဟဲထုန်၏ ခေါင်းမာမှုနှင့် တစ်ထပ်တည်းပင်။
သူ့ဆံပင်များ မဖြူသေး၊ ခါးမကိုင်းသေးသော်ငြား အတိတ်ဘဝက လောင်ဟဲထုန်နှင့် ယခုလက်ရှိ လောင်ဟဲတို့၏ ပုံရိပ်နှစ်ခုမှာ အချိန်ကာလစည်းကြောင်းကို ဖြတ်ကာ ထပ်တူကျသွားသည့်အလားပင်။
"ဟုတ်ပြီလေ ဒါဆို မနက်ဖြန်ကျ အလုပ်တွေ လွှဲပေးလိုက်တော့မယ် ..."
သူက အံ့ဩတကြီး မျက်ခုံးပင့်ကြည့်လိုက်သည်။ ရှောင်ချင်းက ဤမျှအထိ ပြောရလွယ်နေလိမ့်မည်ဟု ထင်မှတ်မထားမိသည့်ဟန်ပင်။
"ဘာလဲ ကျွန်မက ကောင်းကျိုးဆိုးကျိုးကိုတောင် ကောင်းကောင်း မချိန်ဆတတ်ဘဲ အရဲစွန့်လိမ့်မယ်လို့ ထင်နေတာလား ..."
ရှောင်ဟဲက နှုတ်ခမ်းကိုသာ တင်းတင်း ကိုက်ထားလိုက်၏။ ဤတစ်ကြိမ်တွင် သူ စကားတစ်ခွန်းမှ မပြောသင့်ကြောင်း သဘောပေါက်ပေသည်။ အဘွားချင် တိတ်တိတ်လေး သင်ပေးထားသည့် "အသက်ကယ်နည်းလမ်း" များအနက် တစ်ခုမှာ ရဲဘော်ရှောင်ချင်းကို မေးခွန်း ပြန်ထုတ်ခြင်းအား အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ သူမ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးရန် ဖြစ်သည်။
နောက်တစ်နေ့တွင် ချင်းရှန်းက မီးဖွားရန် ပြင်ဆင်နေပြီဟု ပြောလိုက်ကာ အားလုံးကလည်း သူမကို အားတက်သရော ဂုဏ်ပြုစကား ပြောကြသည်။ လောင်ချန်းက ကောင်တီဆေးရုံရှိ သူ့မိတ်ဆွေဟောင်းများကို ဆက်သွယ်ပေးခဲ့သည့်အတွက် မီးဖွားရန် ကုတင်တစ်လုံးပင် အဆင်သင့် စီစဉ်ပြီးသား ဖြစ်သွားတော့သည်။
လောင်ဝမ်နှင့် လောင်လျှိုကလည်း လူနာများနှင့် သက်ဆိုင်သည့် ကိစ္စများအား သူတို့ထံ စိတ်ချလက်ချ လွှဲအပ်ကာ စိတ်အေးသက်သာစွာဖြင့် မီးဖွားရန်၊ အလုပ်ကိစ္စကို စိတ်မဖြောင့်၍ အလောတကြီး ပြန်လာခြင်းမျိုး မပြုရန် မှာကြားကြသည်။ မီးဖွားလူနာအနေဖြင့် ဆေးရုံတွင် ဆယ်ရက်မှ လဝက်အထိ နေကြရမည် ဖြစ်သည်။
အလုပ်များကို လွှဲပေးပြီးနောက် သူမက ရုံးခန်းသော့အား လောင်ချန်း၏ လက်ထဲသို့ ထည့်လိုက်သည်။ ၁၉၇၅ ခုနှစ် ဇွန်လလယ်ခန့်တွင် ချင်းရှန်းသည် ကြိုတင်ပြင်ဆင်ထားသော အထုပ်အပိုးများကို ထည့်ကာ လောင်ဟဲမောင်းသည့် ကားနှင့် ကောင်တီဆေးရုံသို့ ချီတက်လိုက်တော့သည်။
လမ်းများမှာ နှစ်ဦးပိုင်းကမှ ပြန်လည်ပြုပြင်ထားခြင်း ဖြစ်သည့်အတွက် ချိုင့်ခွက်ဟူ၍ မရှိပေ။ လမ်းကြမ်းသေးသည် ဆိုသည့်တိုင် ကားခုန်ခြင်း မရှိတော့သည့်အတွက် ချင်းကွေ့ဟွားပင်လျှင် ကားမူးသည့် ဝေဒနာကို မခံစားခဲ့ရချေ။
ကားကို ဖြေးဖြေးလေးသာ မောင်းလာသည့်အတွက် ကောင်တီဆေးရုံသို့ ရောက်ချိန်တွင် နေ့လယ် သုံးနာရီ ကျော်နေပြီဖြစ်သည်။ သားဖွားမီးယပ်ဌာနမှ ဆရာဝန်က သူမ၏ အနေအထားကို စမ်းသပ်ကာ မွေးမည့် အရိပ်အယောင် မရှိသေးကြောင်း ပြောလာ၏။ ဆေးရုံတွင် လူနာများ ပြည့်ကြပ်နေသည့်အတွက် မမွေးခင်အထိ သူမအနေဖြင့် ဧည့်ရိပ်သာတွင်သာ နေရမည်ဖြစ်ကာ မီးဖွားကာနီးမှ ပြန်လာရန် ပြောလိုက်သည်။
ရှောင်ဟဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"မရဘူး ..."
ချင်းကျန်းက သူ့ကို ဖြောင်းဖျလိုက်သည်။
"ကလေးတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ရက်မစေ့ဘဲ မွေးကြတာပါ။ ကျွန်မအတွက် ဆေးရုံမှာ မနေရလည်း ပြဿနာ မရှိပါဘူး။ မွေးရမယ့်ရက်ကလည်း တစ်ပတ်တောင် လိုသေးတယ်လေ ..."
အဓိကအချက်မှာ သူက သဘာဝအတိုင်း မွေးလို၍ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အခြေအနေကလည်း ရိုးရိုးမွေးရန် အဆင်ပြေသည့်အပြင် မီးဖွားပြီးနောက် အမြန်ဆုံး ထူထူထောင်ထောင် ဖြစ်လာရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်မူ ရှောင်ဟဲလည်း သူမ၏ သဘောကိုသာ လက်ခံလိုက်ရတော့၏။ ဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိ ဧည့်ရိပ်သာတွင် အခန်းနှစ်ခန်းငှားလိုက်သည်။
ထို့နောက်တွင် အားလုံး မထင်မှတ်ထားသည်များ ဖြစ်လာတော့သည်။ ထိုည၌ ချင်းရှန်း၏ ဗိုက်သည် အရိပ်အယောင် တစ်စုံတစ်ရာ မပြသဘဲ နာကျင်လာတော့သည်။