Chapter 55
Vol. 5 Ch. 55
ယေဘုယျကျကျ ပြောရပါလျှင် ထိုသို့ ဗိုက်နာလာခြင်းမှာ ရုတ်ချည်း ဖြစ်လာခြင်းတော့ မဟုတ်ပေ။
လောဘကြီးကာ ညစာကို ပဲပုတ်စေ့များ အတင်း စားခဲ့သည့် ချင်းရှန်း၏ အမှားကြောင့်လည်း ပါပေ၏။ သူမက အကြီးဆုံးအစ်မ ကြော်ကျွေးဖူးသည့် ပဲပုတ်ကြော်၏ အရသာကို လွမ်းမိသည်ဟု ဆိုကာ ပဲပုတ်ရောင်းသည့်ဆိုင်ကိုပါ တိုက်တိုက်ဆိုင်ဆိုင် တွေ့လာသည့်အတွက် နှစ်ထုပ် ဝယ်လာခဲ့လိုက်၏။
ချင်းကွေ့ဟွားက သူမ၏ အသက်အရွယ်ကြောင့် အစာကြေရန် မလွယ်သည်များကို ရှောင်ကြဉ်ကာ ရှောင်ဟဲကလည်း ပဲပုတ်စေ့၏ အရသာကို မကြိုက်သည့်အတွက် အားလုံးမှာ ချင်းရှန်း၏ ဗိုက်ထဲသို့သာ ရောက်သွားကြတော့သည်။
ညစာစားချိန်မှ အိပ်ယာဝင်သည်အထိ လေးနာရီဆက်တိုက် ချိုးခနဲချွတ်ခနဲ ကိုက်ဝါးရင်း ပဲပုတ်လှော် နှစ်ထုပ်မှာ မသိလိုက်မသိဘာသာဖြင့် ကုန်သွားတော့သည်။
စားနေချိန်က အရသာ ကောင်းသော်ငြား နောက်ဆက်တွဲ အကျိုးဆက်မှာမူ မခံသာဖွယ်ရာပင်။ လှဲလိုက်သည်နှင့်တစ်ပြိုင်နက် ဗိုက်ထဲတွင် နေမထိထိုင်မသာ ဖြစ်လာကာ လေပွမှုနှင့် နာကျင်ဝေဒနာကို ပူးတွဲ ခံစားလိုက်ရတော့၏။ လေလည်လိုစိတ်လည်း အပြင်းအထန် ဖြစ်ပေါ်လာတော့သည်။
ထိုသို့ဖြင့် တရစပ် လေလည်သံနှင့်အတူ ဗိုက်ထဲမှ ပေါက်စလေးကလည်း အဆက်မပြတ် ကန်ကျောက်လာတော့သည်။ သိထားရန် တစ်ချက်မှာ .. ကိုယ်ဝန်ဆောင်ကာလ၏ တတိယအပိုင်းအခြားသို့ အရောက်တွင် ကျိုက်ကျိုက်သည် လှုပ်လှုပ်ရှားရှား လုပ်မလာတော့ပေ။ သူမ နှစ်သက်သည့် အသံများ ကြားရချိန်မှအပ လှုပ်ရှားကန်ကျောက်သည်ဟူ၍ မရှိသလောက် နည်းလာတော့သည်။
"ရှောင်ဟဲ ... အိမ်သာသွားချင်တယ် ..."
ရှောင်ဟဲသည်လည်း အိပ်မပျော်သေးပေ။ ကိုယ်ဝန်ဆောင်ကာလ၏ တတိယအပိုင်းအခြားသို့ ချဉ်းနင်းလာချိန်မှစကာ သူသည် ယခင်ထက်ပိုပြီး အိပ်ရေးဆတ်လာတော့၏။ ချက်ခြင်းဆိုသလို အိပ်ယာမှ ထထိုင်လိုက်သည်။
"ကိုယ် ထူပေးမယ် ..."
ချင်းရှန်းမှာ အိပ်ယာမှထ၍ ခြေနှစ်လှမ်း လှမ်းပြီးစတွင်ပင် တစ်ကိုယ်လုံး ပူနွေးသွားတော့သည်။ ဆီးကို မထိန်းနိုင်၍ ထွက်ကျလာသည် မဟုတ်ပေ။
"ဆေး .. ဆေးရုံကို ပို့ပေးပါ မြန်မြန်လေး ... ကျွန်မ မွေးတော့မယ်ထင်တယ် ..."
ရှောင်ဟဲမှာ ထိတ်လန့်စိတ်ကြောင့် ချော်လဲသွားလုမတတ်ပင်။ နံရံကို အမြန် ထိန်းကိုင်လိုက်မိ၍သာ တော်သေးသည်။ ထို့နောက် ချက်ခြင်း အခန်းထဲမှ ထွက်ကာ အဘွားချင်း၏ အခန်းတံခါးကို သွားခေါက်လိုက်သည်။
ချင်းရှန်းကလည်း ပဲပုတ်နှစ်ထုပ်ဟူသော မပြောပလောက်သည့် ပမာဏလေးက ဤမျှ အစွမ်းထက်လိမ့်မည်ဟု တွေးပင် တွေးမထားမိချေ။ ဆေးရုံ၏ အရေးပေါ်ဌာနသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ဝမ်းဗိုက်နာကျင်မှုမှာ ခပ်စိတ်စိတ် ဖြစ်ပေါ်လာတော့သည်။
ကံကောင်းသည်မှာ .. လောင်ချန်း မိတ်ဆက်ပေးထားသည့် လက်ထောက်ဒါရိုက်တာသည်လည်း ထိုညက ညပိုင်းတာဝန် ကျနေခဲ့သည်။ သူမတို့ ရောက်သည်နှင့်တစ်ပြိုင်နက် လက်ထောက်ဒါရိုက်တာက တာဝန်ကျအခန်းမှ ထွက်လာကာ မေးလိုက်သည်။
"ရက်ပိုင်းလောက် လိုသေးတယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်သွားရတာလဲ ..."
ချင်းရှန်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
“ဒီ လောဘအိုးက ပဲပုတ်ကြော်နှစ်ထုပ်လုံးကို တစ်ယောက်တည်း ကုန်အောင် ထိုင်စားပစ်တယ်လေ ပြီးတော့ အီးတွေ တဖွတ်ဖွတ်နဲ့ ပေါက်လာတော့တာပဲ ...”
ချင်းကွေ့ဟွား၏ အချုပ်အထိန်းမရှိသော စကားများကြောင့် ချင်းရှန်းမှာ မြေကြီးထဲ တွင်းတူးကာ ဝင်ပုန်းချင်စိတ်များပင် ဖြစ်ပေါ်လာတော့သည်။
လွန်ခဲ့သော ၂ လခန့်က ချင်းရှန်းသည် သန္ဓေသား ကြီးထွားမှုနှုန်း အဆမတန် များပြားနေပါလျှင် မွေးဖွားရာ၌ အဆင်မပြေမည်ကို စိုးရိမ်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းချုပ်ရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့သည်။
သို့သော် ထိုသို့ ထိန်းချုပ်ရန် ကြိုးစားလေတိုင်း ဆာလောင်မှုက သူမ၏ အသိစိတ်တစ်ခုလုံးကို သိမ်းပိုက်သွားသည့်အတွက် မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် မီးဖွားကာနီး အချိန်မှာပင် ပဲပုတ်စေ့နှစ်ထုပ် .. အသားငါး မဟုတ်သည့် ပဲပုတ်စေ့နှစ်ထုပ်ကိုပါ အလွတ်မပေးဘဲ စားသောက်သည့် အခြေအနေသို့ ရောက်ရှိလာတော့သည်။
လက်ထောက်ဒါရိုက်တာက ပြုံးကာ ပြောလိုက်၏။
“ဒီကောင်လေးက စိတ်မရှည်တတ်ဘူးပဲ ...”
“ကျွန်မရဲ့ မြေးမလည်း အတူတူပါပဲရှင်။ ဘယ်သူမှ သူ့ကို အပြစ်မပြုရဲဘူးလေ။ ဒီလိုပုံစံမျိုး နောက်တစ်ယောက်သာ ထပ်မွေးလာရင် .. ကျန်တဲ့သူတွေအတွက်တော့ အမလေး မတွေးရဲစရာပဲ .. ဟုတ်သားပဲ လိုင်တိ ဘယ်နားက နာတာလဲ ဆရာ့ကို မြန်မြန် ပြောလိုက်လေ ...”
ချင်းရှန်းမှာ ဟန်ဆောင်နေခြင်း မဟုတ်၊ အမှန်တကယ် နာကျင်နေခြင်း ဖြစ်ပေသည်။ လက်ထောက်ဒါရိုက်တာက စိတ်ရှည်တတ်သူ ဖြစ်၍သာ တော်သေးသည်။ သူမအား ကလေးမွေးချိန်အတွက် အားချန်ထားရန် ပြောကာ သူမ၏ ကိုယ်ပိုင် မီးဖွားခြင်း အတွေ့အကြုံကို ပြောပြလိုက်သည်။ ယခုအချိန်တွင် သူမ၏ ကလေးနှစ်ဦးစလုံးမှာ အရပ်ရှည်ကာ ကြံ့ခိုင်ကြပြီး ဖခင်ဖြစ်သူထက်ပင် ပိုပြီး စားသောက်နိုင်နေကြပြီ ဖြစ်၏။ အခြားသူ၏ အတွေ့အကြုံကို နားထောင်ပြီးနောက်တွင် ချင်းရှန်းလည်း တစ်ဖြည်းဖြည်း စိတ်အေးလာတော့သည်။
“မိသားစုဝင်ထဲက တစ်ယောက်လောက် မွေးလူနာအတွက် စားစရာလေး သွားဝယ်ပေးလိုက်ကြပါဦး ...”
ရှောင်ဟဲက အမြန် ထွက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးကာမှ တစ်ဖန် ပြန်လှည့်လာကာ မည်သည့်ပစ္စည်းများ ဝယ်ရမည်ဖြစ်ကြောင်း ပြန်မေးလာ၏။ စကားပြောသည့်အခါ မသိမသာ အသံတုန်ယင်နေသော်ငြား မျက်နှာမှာမူ ဟန်မပျက် တည်ကြည်နေဆဲပင်။
“ရှင့်အမျိုးသားက တစ်ခြားမိသားစုဝင်တွေနဲ့စာရင် တော်တော်လေး တည်တည်ငြိမ်ငြိမ် ရှိသားပဲနော် ... ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုပြီး အားကောင်းလို့ ထင်တယ်နော် ...”
ချင်းရှန်းကလည်း ထိုသို့ပင် တွေးမိလိုက်၏။
ဟုတ်မယ်ထင်တာပဲ သူက အမြဲတမ်း ခွေးအိုကြီးတစ်ကောင်လိုကို တည်ငြိမ်နေတတ်တာလေ ...
စားသောက်ပြီးနောက် ချင်းရှန်းသည် နောက်တစ်ကြိမ် သန့်စင်ခန်း သွားချင်လာပြန်၏။ ထို့နောက် တစ်ဖန် ရေသောက်ချင်လာပြန်သည်။ ရေသောက်ပြီးနောက်တွင်မူ အိပ်ငိုက်လာပြန်၏။ .. ထိုသို့ အမျိုးမျိုးသော ချဉ်ခြင်းတပ်မှုများ အကြားတွင်လည်း နာကျင်မှုက မရပ်စတမ်း ခပ်စိတ်စိတ် ဖြစ်ပေါ်နေဆဲပင်။ ထို နာကျင်မှုများကို မိုးလင်းသည်အထိ သည်းခံနေရ၏။
မိုးလင်းသည့်အခါ ဆေးရုံလူနာဆောင်တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။
မွေးကင်းစ ကလေးများ၏ ငိုယိုသံ၊ မိခင်များ၏ စကားပြောသံ၊ မိသားစုဝင်များ ဟိုဟိုဒီဒီ သွားလာနေကြသည့် အသံနှင့် သူနာပြုများ၏ ဆေးတွန်းလှည်း တွန်းလာသည့် အသံများ၊ ဆေးပုလင်းကို လှုပ်သည့်အသံ .. အစရှိသဖြင့် အမျိုးမျိုးသော အသံများ မဆုံးနိုင်လောက်အောင် ထွက်ပေါ်လာတော့သည်။ ချင်းရှန်းကလည်း သူမ၏ ဝမ်းဗိုက် နာကျင်သည့် ဝေဒနာမှာ ပိုပြီး အကြိမ်ရေ စိပ်လာသည်ဟု ခံစားမိလာတော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ ဆေးရုံတက်သည့် နေ့တွင်မှ ဆေးတက္ကသိုလ်မှ အလုပ်သင် လာဆင်းသည့် ကျောင်းသားကျောင်းသူ တစ်ဒါဇင်ခန့်နှင့် တွေ့လိုက်ရသည်။ လက်ထောက်ဒါရိုက်တာ၏ ခွင့်ပြုချက်ကြောင့် အားလုံး မီးဖွားခန်းထဲသို့ ဝင်ခွင့်ရသွားကြ၏။
ချင်းရှန်းကိုယ်၌မှာလည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပေသည်။ အစောပိုင်း၌ အနည်းငယ် ရှက်ရွံ့မိသေးသော်လည်း တစ်ဖြည်းဖြည်း နာကျင်မှု ပြင်းထန်လာသည့်အခါ ဘေးဘီကို ဂရုမစိုက်အားတော့။ ထိုအချိန်တွင် သူမ ဖြစ်ချင်သည်ကို သိရှိသွားတော့၏။ သူမက ဆရာဝန် ဖြစ်ချင်သော်ငြား သားဖွားမီးယပ်ဌာနသို့မူ ခြေတစ်လှမ်းပင် ချတော့မည် မဟုတ်ချေ။
ဆေးပညာလောကတွင် တစ်စုံတစ်ယောက်သည် စွန့်လွှတ်အနစ်နာခံရမည်ဖြစ်သည်။
ထို့အပြင် သူမက လူ များများ ရှိနေလေ ဗိုက်က ပိုနာလေဖြစ်ကြောင်း သတိပြုမိသွားသည်။ လက်ထောက်ဒါရိုက်တာက နောက်တစ်ကြိမ် စစ်ဆေးပြီးနောက်တွင် မွေးလမ်းကြောင်း ရှစ်လက်မခန့် ပွင့်လာပြီ ဖြစ်ပြီး သန္ဓေသား၏ အခြေအနေလည်း ကောင်းမွန်သည့်အတွက် မွေးဖွားရန် ကြိုတင်ပြင်ဆင်ထားနိုင်ပြီဟု ပြောလိုက်သည်။
“ဒီကလေး .. သူက စိတ်လှုပ်ရှားစရာ ကောင်းတာကိုတော့ တော်တော်ကြိုက်တာပဲ ...”
ချင်းရှန်းက နာကျင်မှုကို အံတုကာ ချွေးစေးများကို သုတ်လိုက်သည်။
“အသံတွေ နားထောင်ရတာကိုလည်း ကြိုက်တယ် ဘယ်လိုအသံမျိုးကို မဆိုပဲ ..."
“နားကလည်း တော်တော်ကို ကောင်းတာ .. အနာဂတ်မှာ ဂီတပညာရှင်တောင် ဖြစ်လာနိုင်လောက်တယ် ကျွန်မက သီချင်း ကောင်းကောင်းဆိုတတ်တယ်လို့တောင် ပြောလို့ရတယ်လေ .. အကြားအာရုံကလည်း တော်တော် ကောင်းတယ် .. ကျွန်မရဲ့ နားရွက် အရှည်ကအစ တစ်ခြားလူတွေနဲ့ မတူဘူးလေ ...”
စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာမျိုးစုံကို ပြောကာ သူမအား တမင်တကာ အာရုံလွှဲပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ချင်းရှန်းသည် အားလုံးကို ကျေးဇူးတင်မိသွားတော့သည်။ နာကျင်နေသည့် ဝမ်းဗိုက်ကို ထိကိုင်ကာ တီးတိုး ရေရွတ်လိုက်၏။
ကျိုက်ကျိုက်လေး .. မားမားနဲ့အတူ ကြိုးစားကြရအောင်နော် ...
တံခါးအပြင်ဘက်ရှိ ရှောင်ဟဲမှာလည်း အချိန်ကုန် နှေးလွန်းလှသည်ဟု ခံစားမိနေခဲ့သည်။ ဝေးဝေးလံလံကိုလည်း ထမသွားရဲပေ။ တံခါးဝတွင် ရပ်ကာသာ တင်းကြပ်စွာ ပိတ်ထားသည့် သားဖွားခန်းတံခါးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေခဲ့သည်။
သူနာပြုတစ်ဦး ထွက်လာတိုင်း ကုတင်နံပါတ် ၅ မှ မိခင်၏ အခြေအနေကို မေးတတ်သည်။ သို့သော် ထိုသို့ မေးလေတိုင်း “မမွေးသေး” ဟူသည့် အဖြေကိုသာ ပြန်ရခဲ့၏။ သူ့အဖို့မူ ထိုခံစားချက်မှာ ထူးဆန်းဖွယ်ရာပင်။
သူက ကလေးများကို သဘောကျတတ်သူ မဟုတ်၊ မုန်းသည်ဟုပင် ဆိုနိုင်သူ ဖြစ်သည်။ သို့သော် စောင့်ဆိုင်းနေရသည့်ကာလ ဆယ်လအတွင်း ဇနီးဖြစ်သူ၏ ဝမ်းဗိုက် တစ်ရက်ထက်တစ်ရက် ပိုပိုပြီး ကြီးထွားလာသည်ကို မျက်မြင် တွေ့ခဲ့ရသည်။
ထိုခံစားချက်မှာ အံ့ဩဖွယ်ရာပင်။ ဘဝ၏ ဆန်းကြယ်မှုတစ်ရပ်ဟုပင် ခံစားလာရ၏။ ထို့အပြင် သူသည်ပင်လျှင် ကလေးလေး ထွက်လာမည့်အချိန်ကို စောင့်မျှော်နေမိတော့သည်။ အံ့ဩစရာ အသက်သေးသေးလေးကို တွေ့ရတော့မည်ဟု တွေးလိုက်မိလျှင်ပင် ရင်တစ်ခုလုံး နွေးထွေးသွားတော့၏။
မည်မျှကြာကြာ စောင့်ဆိုင်းလိုက်ရသည် မသိ၊ သူ့ခြေထောက်များ ထုံကျင်လာသည့် အချိန်မှာပင် သားဖွားခန်းတံခါး ဝုန်းခနဲ ပွင့်သွားကာ သူနာပြုလေးတစ်ဦးက သတင်းကောင်းပြောရန် ထွက်လာခဲ့သည်။
“ကုတင်နံပါတ် ၅ ရဲ့ လူနာရှင် ... ကုတင်နံပါတ် ၅ က အောင်အောင်မြင်မြင် မီးဖွားလို့ ပြီးသွားပါပြီ ကလေးကတော့ ဗိုက်ထဲက ထွက်လာကတည်းကကို လက်ထောက်ဒါရိုက်တာရဲ့ မျက်မှန်ကို လှမ်းကန်ရင်း ထွက်လာတာ တအားကို သန်တာပဲ ချက်ကြိုးတော့ မဖြတ်ရသေးပါဘူး ...”
“မိခင်ရော ဘယ်လိုနေသေးလဲ ...”
“လိုင်တိရဲ့ အခြေအနေရော .. အဆင်ပြေရဲ့လား ...”
လူကြီးရော လူငယ်ပါ တစ်ညီတစ်ညာတည်း မေးလိုက်ကြသည်။ မည်သူကမှ မွေးကင်းစ ကလေးအကြောင်းကို စိတ်မဝင်စားကြပေ။
“မိခင်ရော ကလေးရော အားလုံး အဆင်ပြေပါတယ် လူကြီးကတော့ ပင်ပန်းသွားလို့ နောက်ထပ် နှစ်နာရီလောက် အနားယူဖို့ လိုပါဦးမယ် ...”
ချင်းကွေ့ဟွားက လက်နှစ်ဖက်ကို စုကိုင်ကာ ပြောလိုက်သည်။
“အော်မိထောဖု .. ဗုဒ္ဓဘုရားရှင်ရဲ့ မေတ္တာတော် အနန္တကြောင့် လိုင်တိလေး ဘေးကင်းကင်းနဲ့ မီးဖွားလို့ ပြီးသွားပါပြီ အိမ်ပြန်ရောက်တာနဲ့ တပည့်တော်မ နှစ်လတိတိ သက်သက်လွတ်စားပြီး ဥပုသ်သီလ ဆောက်တည်မယ်လို့ အဓိဌာန်ပြုပါတယ် ...”
သူနာပြုလေးက သဘောတကျ ဝင်ပြောလိုက်သည်။
“ကလေးအကြောင်းရော မမေးကြတော့ဘူးလား ...”
ချင်းကွေ့ဟွား၏ မျက်လုံးများ ဝင်းလက်သွားသည်။
“သားလေး မွေးတာလား .. ဗိုက်ထဲက ထွက်လာကတည်းက တအားသန်တာဆိုတော့ သေချာပေါက်ကို သားလေး မွေးတာနေမှာ။ သူ့ဗိုက်ကို မြင်ကတည်းကလည်း သားလေး မွေးမှာလို့ ထင်တော့ ထင်ပြီးသားပါ ရှစ်ပေါင်တောင် ရှိတဲ့ ဝဝတုတ်တုတ် သားယောကျ်ားလေး ဖြစ်မယ်ထင်တယ်။ အမလေး ငါတို့ ချင်းမိသားစုမှာ သားလေးတစ်ယောက် ပါလာပြီဆိုတော့ .. ဒါ ၂ နှစ်ဆက်တိုက် သက်သက်လွတ်စားရမယ်ဆိုရင်တောင် ထိုက်တန်တာထက် ပိုနေပါပြီ ...”
သူနာပြုလေးက အနည်းငယ် နေရခက်သွား၏။ သူမက မွေးမိခင်၏ အမျိုးသားကို ကြည့်ကာ တီးတိုး ပြောလိုက်သည်။
“ကလေးက .. မိန်းကလေးပါ ၇ ပေါင်နဲ့ ၂ အောင်စ ရှိပါတယ် ...”
ချင်းကွေ့ဟွား၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးကျသွားသည်။
ဟဲလျန်ရှန်း၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာ၏။
“ကျေးဇူးတင်ပါတယ် ...”
သူနာပြုလေးက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ယောကျ်ားကတော့ မဆိုးပါဘူး ဒါပေမယ့် “ယောက္ခမ” က မကျေနပ်မှန်း မျက်နှာမှာ သိသိသာသာကြီးကို ပေါ်နေတာ .. အဲဒါကြောင့် ပြောကြတာရှိတာ ယောကျ်ားယူရင် အသိဉာဏ်ရှိတဲ့သူကိုပဲ ယူဆိုတာ ...
“ဆရာမလေး .. ခဏလောက် စောင့်ပါဦး ကုတင်နံပါတ် ၅ က လူနာရဲ့ နာမည်က ချင်းရှန်း ဟုတ်ပါတယ်နော် .. သူမက တကယ်ကြီး မိန်းကလေး မွေးတာလား တစ်ခုခု အမှတ်မှားနေတာတော့ မဟုတ်ပါဘူးနော် ...”
“မှန်ပါတယ် မိခင်ရဲ့ နာမည်က ချင်းရှန်းပါ ...”
“ဒါပေမယ့် ကျွန်မ တစ်ယောက်ကို စစ်ဆေးကြည့်ဖို့ မေးခဲ့သေးတယ် သေချာပေါက်ကို သားပဲ ဖြစ်ရမှာလေ ဘယ်လိုလုပ် ညတွင်းချင်း မိန်းကလေး ဖြစ်သွားတာလဲ ...”
သူနာပြုက သူမကို ဗလာမျက်ဝန်းဖြင့် စိုက်ကြည့်ကာ ထွက်သွားတော့သည်။
ဟဲလျန်ရှန်း၏ ခံစားချက်များလည်း ထပ်တူ ရှုပ်ထွေးနေ၏။
အင်အားကြီးသည့် ရန်သူနှင့် ရင်ဆိုင်ရသည့်အလား စိတ်ဖိစီးနေခဲ့သည်။ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် သူသည် ရဲဘော်ရှောင်ချင်း၏ အတတ်နိုင်ဆုံး အိမ်သို့ စောစောပြန်လာရန်၊ ဆေးရုံသို့ သွားရောက်ပြသရချိန်တိုင်း သူမနှင့်အတူ မပျက်မကွက် အဖော်ပြုပေးရန်၊ သူမ တောင်းဆိုသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန်နှင့် မိဘနှင့်ကလေး ပညာပေး ကနဦး အစီအစဉ်များတွင် တတ်နိုင်သမျှ ပါဝင်ပေးရန် ဟူသော စည်းကမ်းချက် သုံးရပ်ကို တိတိကျကျ ဖြည့်ဆည်းလိုက်နာပေးခဲ့သည်။
သွေးခဲဘဝသာ ရှိသေးသည့် ထိုမျိုးဉလေးက သူတို့ ပြောနေသည့် စကားများကို နားလည်နိုင်ခြင်း ရှိမရှိ သူ ကောင်းကောင်း မသိသည့်တိုင် စောဒက မတက်ဘဲ အားလုံး ဆောင်ရွက်ပေးခဲ့၏။
သို့သော် ထိုအချိန်က သူ့တွင် ကလေးနှင့် ပတ်သက်သည့် မျှော်လင့်ချက် မရှိခဲ့ပေ။ မွေးဖွားပြီးနောက် သူမနှင့် မည်သို့ မျက်နှာချင်းဆိုင်ရမည်ကိုလည်း မတွေးခဲ့ဖူးချေ။ ယခုမူ ထို မျိုးဥသွေးခဲလေးက လူသားသေးသေးလေး ဘဝသို့ ပြောင်းလဲလာပြီ ဖြစ်သည်။ ထိုအခါ သူ့ကိုယ်သူ အရည်အချင်း ပြည့်မီသည့် ဖခင်တစ်ဦးဖြစ်လာနိုင်ရန် ယုံကြည်ချက် မရှိတော့ပေ။
ကောင်းကင်ကြီး ပြိုကျလုမတတ် ဖြစ်နေသည့် ချင်းကွေ့ဟွားက ရှောင်ဟဲ၏ အမူအယာမှာ သူမထက်ပင် ပိုပြီး ထူးဆန်းနေကြောင်း တွေ့လိုက်ရသည့်အတွက် အံ့ဩတကြီး မေးလိုက်၏။
“ရှောင်ဟဲ ဘာဖြစ်လို့လဲ မကြောက်ပါနဲ့ လာ .. မင်းရဲ့ သမီးလေးကို လာချီကြည့်လှည့် .. ဝတုတ်နေတာပဲ ကြည့်လိုက်ပါဦး ...”
ကလေးကို အဆင်သင့် ချီပိုးနိုင်စေရန် အလို့ငှာ သန့်ရှင်းဆေးကြောကာ အနှီးဖြင့် ထုပ်ပေးထားသည်။
သွေးသားဆက်နွယ်ချက်မှာ အလွန် ထူးဆန်းလှ၏။ ထိုခေတ်အချိန်က အယ်လ်ထရာဆောင်း ရိုက်ကူးရေးစက်ဟူ၍ မရှိခဲ့ပေ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသား၏ ပုံသဏ္ဌာန် မည်သို့မည်ပုံရှိကြောင်း မသိကြရ။ သို့သော် ကလေးကို မြင်လိုက်သည့်အခါ မြင်မြင်ချင်းပင် သူ့သွေးသားဖြစ်ကြောင်း ချက်ခြင်း သိရှိသွားခဲ့သည်။ ချက်ကြိုးများ ရစ်ပတ်ထားဆဲ ဖြစ်သည့် တွန့်ရှုံ့နီရဲနေသော မျက်နှာပိုင်ရှင် ထိုပေါက်စလေးမှာ ချင်းရှန်း၏ ကလေး ပင် ဖြစ်သည်။
သူမ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှာ အခြားကလေးများနှင့် တစ်ပုံစံတည်းပင်။ ထူးခြားကွဲပြားနေသည်ဟူ၍ မရှိ။ သို့သော် သွေးသားဆက်နွယ်မှုကြောင့် တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် ချက်ခြင်း သိရှိသွားသည်။
“လာ .. ကလေးအဖေလည်း ချီကြည့်လိုက်ပါဦး ..."
နီရဲတွန့်ရှုံ့နေသည့် အသားလုံးတစ်လုံးမျှသာ ဖြစ်နေရာ ဟဲလျန်ရှန်းသည် လက်ဖြင့်ပင် ထိမကြည့်ရဲချေ။
သူနာပြုက သူ့ကို အားပေးလိုက်သည်။
“ကိစ္စမရှိဘူး မွေးကင်းစ ကလေးတွေက အရမ်းကြီး အထိမခံ ဖြစ်နေတာမျိုး မဟုတ်တဲ့အတွက် ခဏလောက် ချီလို့ အဆင်ပြေပါတယ် ...”
ကလေးကို သူ့လက်ထဲ လွှဲပေးလိုက်သည့်အတွက် ဟဲလျန်ရှန်းကလည်း တုန်ရီနေသည့် လက်အစုံဖြင့် ကလေးကို လွှဲယူရန် ကြိုးစားလိုက်သည်။ သို့သော် လက်အစုံမှာ သံကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရသည့်အလား ရှေ့သို့ ရောက်မလာနိုင်တော့ချေ။
ချင်းကွေ့ဟွားက အကြောက်အလန့် မရှိသည့် ခြင်္သေ့မတစ်ကောင်အလား လှမ်းယူလိုက်သည်။
“တူလိုက်တာ .. တကယ်ကို တူလိုက်တာ ...”
သူမက ဝမ်းသာမျက်ရည်များ ကျကာ ပြောလိုက်သည်။
သူနာပြုလေးမှာ ကြောင်အနေဟန်ပင်။
ဒီအမျိုးသမီးက ဘာဖြစ်နေတာလဲ စောစောကကျ သမီးလေး မွေးတယ်ဆိုတော့ ကောင်းကင်ကြီးပဲ ပြိုကျတော့မယ့်အတိုင်း ဖြစ်ပျက်နေတာကို အခုကျ ဘာလို့ ရယ်နေရပြန်တာလဲ ...
များမကြာမီ ကလေးကို ပြန်ခေါ်သွားလိုက်ကြတော့သည်။ ဟဲလျန်ရှန်းက မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်သည်။
“အဘွား ဒီမှာ ရှောင်ချင်းကို စောင့်နေပေးလိုက်ပါဦး ကျွန်တော် စားစရာ သွားယူလိုက်မယ် ...”
“သွားသွား .. ရှောင်ချင်းက ဆိတ်သား စားရတာ ကြိုက်တယ် ဒီမှာ ဆိတ်စွပ်ပြုတ်တွေ ရောင်းတာရှိလား ကြည့်ခဲ့လိုက်ဦး ကြက်သွန်မြိတ် မထည့်နဲ့နော် ...”
ကိုယ်ဝန်ဆောင်ကာလအတွင်း သူမအား ဟိုဟာမစားရ၊ ဒီဟာ မစားရ တားမြစ်ခဲ့သော်လည်း ယခုမူ မီးဖွားပြီးပြီ ဖြစ်၍ ရှေးထုံးတမ်းများကို လိုက်နာနေရန် မလိုတော့ချေ။ လိုင်တိ၏ ပြောစကားအရ အားလုံးမှာ ပရိုတိန်းဓာတ် ကြွယ်ဝသည်များ ဖြစ်ကာ အာဟာရဓာတ် ပြည့်ဝရန် အထူးလိုအပ်သည့်အချိန်လည်း ဖြစ်ပေသည်။
လုံလောက်သည့် အာဟာရဓာတ် ရှိမှသာ မိခင်နို့ကို ဝလင်စွာ တိုက်ကျွေးနိုင်မည် ဖြစ်သည်။ နီရဲရဲ ပေါက်စလေးမှာ အစားကြီးသူ ဖြစ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် သိသာပေသည်။
မီးဖွားခန်းထဲတွင် အနားယူနေဆဲ ဒေါက်တာရှောင်ချင်းမှာမူ သူမ၏ ကလေးလေးအား အဘွားဖြစ်သူက ရှောင်ပိသို့ကျစ်ဟု အမည်ပေးလိုက်ပြီဖြစ်ကြောင်း မသိသေးချေ။
ဆေးရုံတွင် လူနာများ များပြားကာ ကုတင်အရေအတွက် နည်းပါးလှသည်။ ချင်းရှန်း၏ အခြေအနေမှာလည်း ကောင်းမွန်သည့်အတွက် နှစ်ရက်ခန့် အားပြန်ဖြည့်အပြီးတွင် သူမ၏ စိတ်ဆန္ဒအရ ဆေးရုံမှ ဆင်းလာလိုက်တော့သည်။
အဓိကအချက်မှာ ကျိုက်ကျိုက်သည် အင်မတန် နားပါးပြီး အသံလေးတစ်ချက် ကြားလိုက်ရုံမျှဖြင့်ပင် နိုးလာတတ်၍ ဖြစ်သည်။ စကားပြောသံဖြစ်စေ၊ ရေထည့်သည့်အသံဖြစ်စေ၊ ခြေဆေးသည့်အသံဖြစ်စေ အသံတစ်သံ ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း မျက်လုံးကို ဖွင့်ကာ လှည့်ပတ်ပြီး ကြည့်နေတတ်၏။
သူမကိုယ်တိုင် မွေးထားခဲ့၍သာ မဟုတ်ပါလျှင် ဤကလေးသည် အချိန်ခရီးသွားကာ ရောက်လာသည့် ကလေးလားဟုပင် ထင်မိမည် ဖြစ်သည်။
အသံများကို တုန့်ပြန်လွယ်ခြင်း၏ ဆိုးကျိုးမှာ သူမသည် လုံးဝဥဿုံ အအိပ်မက်သူကို မွေးထားမိခြင်း ဖြစ်သည်။ အခြားသူများ၏ မွေးကင်းစ ကလေးများသည် စားသောက်ခြင်းနှင့် အိပ်စက်ခြင်းမှအပ မည်သည်ကိုမှ မလိုအပ်။ အသံတစ်သံ ကြားလိုက်ရလျှင်လည်း မျက်လုံးကိုဖွင့်၍ ဟိုဟိုဒီဒီ လှည့်ကြည့်ပြီးပါလျှင် ချက်ခြင်း မျက်လုံး ပြန်မှိတ်သွားတတ်ကြသည်။ ခေါင်းထောင်ကြည့်ရန် ကြိုးစားရင်းပင် အိပ်ပျော်သွားတတ်ကြသေး၏။ တစ်ဖန် အသံတစ်ခုကို ထပ်ကြားလိုက်ပါလျှင် မျက်တောင်များ တဖျတ်ဖျတ် ခတ်လာပြန်၏။ ထိုသို့ဖြင့် နေ့ရောညပါ အိပ်စက်ချိန်ကို စိတ်တိုင်းကျ စီမံခန့်ခွဲတော့သည်။