Chapter 56
Vol. 5 Ch. 56
သားဖွားမီးယပ်ဌာန၏ ဒါရိုက်တာ နှစ်ဦးစလုံးကပင် သူတို့၏ ဆယ်စုနှစ်များစွာ အတွေ့အကြုံထဲ၌ပင် ဤမျှအထိ အသံကို တုန့်ပြန်လွယ်သော ကလေးမျိုး မရှိခဲ့ဖူးဟု ပြောလာကြ၏။
ကိုယ့်အိမ်ကိုယ်ပြန်ရန် သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ခုကို ရှာရန်လည်း အကြံပေးလာကြသည်။ သို့မဟုတ်ပါလျှင် အသံကို တုန့်ပြန်လွယ်ခြင်း၏ နောက်ဆက်တွဲဖြစ်သော အိပ်ရေး မဝခြင်းက မွေးကင်းစကလေး၏ ကိုယ်လက်အင်္ဂါများ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပေလိမ့်မည်။
ဧည့်ရိပ်သာတွင် နေလျှင်လည်း ဆူညံသံ အချို့အဝက် ရှိဦးမည် ဆိုသော်ငြား ဆေးရုံလောက်တော့ ဆူလိမ့်မည် မဟုတ်ချေ။ ဧည့်ရိပ်သာတွင် ချင်းရှန်း၏ ခန္ဓာကိုယ် ပြန်သက်သာသည်အထိ ရက်ပိုင်းခန့် ဆက်နေပြီးကာမှ လန်ဟဲမြို့သို့ ပြန်ကြမည် ဖြစ်သည်။
အစောပိုင်းကတည်းက ရက်ပိုင်းခန့် နေရမည်ဟု တွက်ကာ လိုအပ်သည့် ပစ္စည်းများ ကြိုတင်ဝယ်ထားမိခဲ့၍သာ တော်သေးသည်။
“အိပ်ယာကို ပိုပြီး အိနေအောင် လုပ်ရအောင် စောင် ပါးတာတွေ မသုံးနဲ့တော့ ပဲစေ့လေး အအေးမိသွားလိမ့်မယ် ...”
ချင်းရှန်း၏ မျက်နှာတစ်ခုလုံး မှောင်မည်းသွားတော့သည်။ မီးဖွားပြီး ရက်ပိုင်းအတွင်းမှာပင် ပဲစေ့လေးဟူသော နာမည်ကို အကြိမ်ပေါင်း တစ်ဒါဇင်ထက်မနည်း ကြားနေရပြီ ဖြစ်သည်။
“ငါ့ကို လာကြည့်မနေနဲ့ နင့်ကို ဘယ်သူက ပဲစေ့တွေ ဒီလောက်အများကြီး စားခိုင်းလို့လဲ အခုကျ ကြည့်လေ ပဲစေ့လေးတောင် မွေးလိုက်သေးတယ် ...”
သူမ၏ စကား မဆုံးခင်မှာပင် ပဲစေ့လေးက “ဖွတ်”ခနဲ အသံအချို့ပေးကာ အီးပါချလိုက်ပြန်၏။ သူ့အသံကို သူ ပြန်လန့်ကာ ချက်ခြင်းဆိုသလို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်တော့သည်။
အီးပေါက်သံတစ်ချက်ကပင် ကြောက်စရာ ကောင်းသည်အထိ အားပြင်းလွန်းလှနေပြီ ဖြစ်ပေရာ မွေးကတည်းက ဆရာဝန်၏ မျက်မှန်ကို ကန်ပြီး မွေးလာသည်မှာ အံ့ဩလောက်စရာ မဟုတ်တော့ချေ။
ဘေးနားတွင် ကူကယ်ရာမဲ့စွာဖြင့် ရပ်နေသည့် ဟဲလျန်ရှန်းက တိတ်ဆိတ်ငြိမ်သက်နေသည့် လေထုကို ချိုးဖောက်လိုက်သည်။
“ကောင်းပါပြီ ...”
ချင်းရှန်းက သူမ၏ ပြိုင်ဘက်ကင်းလောက်အောင် ချစ်စရာကောင်းကာ ဉာဏ်ကောင်းသည့် သမီးလေးမှာ တစ်သက်လုံး “ပဲပုတ်စေ့လေး” ဟု အခေါ်ခံရတော့မည်ဟု တွေးမိလိုက်သည့်အခါ ချက်ခြင်းဆိုသလို မပျော်မရွှင် ဖြစ်သွားတော့သည်။
“အိမ်နာမည်ကို “သို့သို့” လို့ ပေးချင်ရင်တော့ ရပါတယ် ဒါပေမယ့် “ဖုသို့ကျစ်” လို့တော့ ထပ်ပြီး မခေါ်ကြနဲ့တော့ ...”
အဘွားအိုက တီးတိုး ရေရွတ်လိုက်သည်။
“သို့သို့က အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် ပုံစံကြည့်လိုက်ရုံနဲ့တင် ကြီးလာရင် လွယ်တဲ့ကလေး မဟုတ်လောက်ဘူး ...”
မိခင်ရော ကလေးပါ အဆင်ပြေကြောင်း အတည်ပြုပြီး လန်ဟဲမြို့သို့ ပြန်လာချိန်တွင်မူ လဝက်နီးပါးခန့် ကြာမြင့်နေပြီ ဖြစ်သည်။
ရှောင်ဟဲက ကားကို ဖြည်းဖြည်းသာ မောင်းလာသည့်အပြင် လမ်းတွင်လည်း မကြာခဏ ရပ်နားခဲ့သေးသည်။ ချင်းရှန်းက တစ်ခွန်းမှ စောဒက မတက်ခဲ့သော်ငြား သူနှင့် အဘွားက တစ်ခုခုနှင့် တိုက်မိမည်ကို စိုးရိမ်ခဲ့ကြသည်။ စင်စစ်အားဖြင့် လက်ရှိကာလ ကားလမ်းများသည်လည်း မြို့ပြကားလမ်းများနှင့်တန်းတူ ဖြောင့်ဖြူးချောမွေ့နေပြီဖြစ်သည်။ ထို့ကြောင့်ချင်းရှန်းနှင့် သို့သို့တို့သည် ကားထွက်သည်နှင့်တစ်ပြိုင်နက် အိပ်ပျော်သွားကြတော့၏။
ဝန်ထမ်းအိမ်ယာ တံခါးဝသို့ ရောက်သည့်အခါ အစောကြီးကတည်းက စောင့်နေကြသည့် အိုက်လန်၊ ချင်းဖန်၊ လီယွီဟွား၊ လောင်ချန်းနှင့် အခြားသူများကို တွေ့လိုက်ရသည်။ ကားရပ်သည်နှင့် တစ်ပြိုင်နက် အားလုံးက သာကြောင်းမာကြောင်း မေးကာ ကလေးကို အလုအယက် ဝိုင်းကြည့်လိုက်ကြသည်။
အိပ်ယာနိုးလာသော ရှောင်သို့သို့က ပြူးကျယ်ဝိုင်းစက်သည့် မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်လာသည်။ သူမ၏ အမြင်အာရုံမှာ ကောင်းစွာ မရှင်းလင်းသေးသည့်တိုင် လူတိုင်းက သူမကို ဉာဏ်ကောင်းသည်ဟု အပြိုင်အဆိုင် ချီးကျူးခဲ့ကြ၏။
အဘွားအို၏ ပါးစပ်က ဤသို့ ပြောလိုက်သည်။
“မဟုတ်တာ .. ဘယ်ကနေများ မြင်ခဲ့လဲ မသိဘူး ...”
အဘွားအို၏ စိတ်ထဲ၌မူ ဤသို့ပင်။
“ဝမ်းသာအားရ လက်ခံလိုက်ပါတယ် ...”
ကလေးကို လာကြည့်သူများ ပြန်သွားပြီးနောက် အိမ်ထဲတွင် စားစရာသောက်စရာများ တောင်ပုံယာပုံ စုပုံလာတော့သည်။ ကြက်ဥ၊ သကြားညိုနှင့် နို့မှုန့်တို့အပြင် ကြက်မအိုကြီး နှစ်ကောင်သုံးကောင်ပင် ပါရှိသေး၏။ အသေအချာ ဂရုစိုက်ပြီး လိုက်ကြည့်မနေသည့်အတွက် မည်သူ ယူလာခဲ့မှန်း မသိလိုက်ချေ။
ချင်းကွေ့ဟွားက မှောင်ခိုဈေးကွက်တွင် ကြက်သား ဝယ်၍ မရမည်ကို စိုးရိမ်နေခဲ့သူ ဖြစ်ရာ ကြက်နှစ်ကောင် ပါလာသည်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း တစ်ကောင်ကို သတ်လိုက်တော့သည်။ ဆေးစိုက်ခင်းတွင် စိုက်ထားသည့် Codonopsis pilosula(ဂျင်ဆင်းအနွယ်ဝင် အပင်တစ်မျိုး) ကိုပါ ထည့်လိုက်သည့်အခါ ကြက်စွပ်ပြုတ်၏ အရသာမှာ ချိုမြသွားတော့၏။
မီးဖွားပြီးကာစ မိခင်သည် ပမာဏနည်းနည်းဖြင့် အကြိမ်ရေများများ စားရန် လိုအပ်သည်။ ချင်းရှန်းသည် ပဲပုတ်စေ့ကြောင့် သင်ခန်းစာ ရသွားပြီဖြစ်ရာ မည်မျှပင် အရသာ ရှိနေပါစေ တစ်ကြိမ်တည်းဖြင့် အများကြီး မစားရဲတော့ချေ။ စွပ်ပြုတ်အချို့ကိုလည်း သောက်ကာ စိမ်းစိမ်းစိုစို အသီးအနှံများကိုလည်း စား၏။ တစ်ဖန် ဗိုက်ဆာလာပြန်လျှင် စွပ်ပြုတ် ပန်းကန်လုံး တစ်ဝက်ခန့်နှင့် ရေနွေးကို များများ သောက်ရာ နို့မထွက်မည်ကို စိုးရိမ်နေရန် မလိုတော့ချေ။
မီးဖွားပြီးစ ကာလများမှာ အလွန် ပင်ပန်းလှသည်။ တစ်နေကုန် အိပ်ငိုက်ပြီး စားချင်စိတ်သာ ဆက်တိုက် ဖြစ်ပေါ်နေသည့်အပြင် တစ်ခါတစ်ရံ စာအုပ်ဖတ်ချင်၍ စာအုပ်ကို ကိုင်လိုက်မိလျှင်ပင် တစ်အိမ်လုံး၏ ဆုံးမခြင်းကို ခံခဲ့ရသည်။
“ကလေးတွေက အိပ်ဖို့လိုတယ်”
“စွပ်ပြုတ်တွေ မသောက်ရင် ဘယ်လိုလုပ် နို့ထွက်မှာလဲ”
“ကလေးက မညစ်ပတ်သေးရင် ရေချိုးပေးဖို့ မလိုဘူး”
“ဒါကို သောက်မှ နင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာပေါ့” အစရှိသဖြင့် တစ်နေကုန် အဘွားဖြစ်သူနှင့် တိုက်ပွဲ ဆင်နွှဲခဲ့ရသေးသည်။
နောက်ဆုံးတွင်တော့ ချင်းရှန်းသည် ဘာကြောင့် ချွေးမနှင့် ယောက္ခမများ မတည့်ကြကြောင်းကို သဘောပေါက်သွားတော့သည်။ သူမသာ မီးတွင်းထဲမှ မထွက်ရသေးပါလျှင် အဘွားအရင်းနှင့် ပြဿနာဖြစ်ကာ မခေါ်နိုင်မပြောနိုင် ဖြစ်လာတော့မည် ဖြစ်သည်။
အစားအသောက်ကို ပိတ်ပင်တားဆီးသည့် ကိစ္စကို သူမက အဆုံးအထိ သဘောမတူခဲ့ပေ။ သို့သော် ကတုံးတုံးခြင်းကဲ့သို့သော ကိစ္စမျိုးကိုမူ အငြင်းအခုန်လုပ်ရန်ပင် ပျင်းရိလွန်းသည့်အတွက် သူတို့စိတ်တိုင်းကျ လုပ်စေခဲ့သည်။ ထိုသို့ဖြင့် မီးထွက်ပြီး နောက်နေ့တွင် မူလက နက်မှောင်နေသည့် ရှောင်သို့သို့၏ ဆံပင်များ အရိတ်ခံလိုက်ရကာ သူမ၏ အဘွားလက်ချက်ဖြင့် ကတုံးဘဝသို့ ရောက်ရှိသွားတော့သည်။
“ကြည့်ပါဦး ကလေးလေးက ငိုလည်းမငို ပြဿနာလည်း မရှာဘူးနော် ...”
“အခုကနေစပြီး ပြန်ပေါက်လာမယ့် ဆံပင်တွေက သေချာပေါက်ကို နက်မှောင်တောက်ပပြီး အမေ့ထက်တောင် ပိုလှလာတော့မှာ ...”
“ဟေး .. သာသာလေး လုပ်ကြနော် ကလေးကို မထိမိစေနဲ့ဦး ...”
သူမ၏ ကြီးကြပ်မှုများကြောင့် မိခင်ရှောင်ချင်းမှာ ကတုံးတုံးရေး အခမ်းအနားကို ကြောက်ရွံ့ခက်ခဲမှုများစွာဖြင့် ပင်ပင်ပန်းပန်း ဆောင်ရွက်ခဲ့ရတော့သည်။
သူမတို့ မွေးရပ်မြေ၏ ဓလေ့ထုံးတမ်းအရဆိုလျှင် မီးတွင်းမှ ထွက်သည့်အခါ ဆွေမျိုးမိတ်ဆွေများကို ဖိတ်ကာ ဧည့်ခံပွဲတစ်ခု လုပ်ရမည် ဖြစ်သည်။ သို့သော် ယခုလက်ရှိ အခြေအနေများမှာ အကန့်အသတ် ရှိနေသည့်အပြင် စက်ရုံထဲရှိ မည်သူကမှလည်း ၎င်းကို အထူးတလည် မေးမြန်းမနေကြသည့်အတွက် ချင်းရှန်းလည်း ဆောင်ရွက်မနေတော့ဘဲ အစ်မကြီးကိုသာ အိမ်သို့ လှမ်းခေါ်ကာ ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်တော့သည်။
“ကလေးကို တစ်လပြည့် ဓာတ်ပုံရိုက်ဖို့တော့ လုပ်မနေတော့ဘူး ရက်တစ်ရာ ဒါမှမဟုတ် တစ်နှစ်ပြည့်မှပဲ စတူဒီယိုကို သွားပြီး ဓာတ်ပုံရိုက်လိုက် ပြီးမှ အဘိုးအဘွားတွေနဲ့ ဦးလေးတွေကို တစ်ပုံစီ ပို့ပေးလိုက်ပေါ့ ...”
ချင်းကွေ့ဟွားက တစ်လျှောက်လုံး အသံတိတ်နေသည့် ရှောင်ဟဲကို နှစ်သိမ့်လိုက်သည်။ သူမ၏ စိတ်ထဲတွင် သူက ဘာတစ်ခုမှ ပြောခွင့်မသာ၍ စိတ်တိုစိတ်ပျက်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။
ချင်းရှန်း၏ အကြည့်တို့ မသိမသာ လှုပ်ခတ်သွားသည်။
ထင်ထားသည့် အတိုင်းပင် ရှောင်ဟဲ၏ အမူအယာများ ပြောင်းလဲသွားသည်။
“မလိုပါဘူး ...”
“မြေးကို မလိုချင်တဲ့ အဘိုးအဘွားရယ်လို့ ရှိပါ့မလား ရိုက်တဲ့အချိန်ကျ နှစ်ပုံလောက်သာ ပိုရိုက်ခဲ့ .. နင်တို့ရဲ့ ဒုတိယအစ်မကို နှစ်ပုံ ပို့ပေးရအောင်လို့ ...”
ထို့နောက် သူမက ရှောင်ဟဲအား ကလေးကို ချီပုံချီနည်း သင်ပေးလိုက်သည်။
ထူးဆန်းသည့် အချက်မှာ ဤမြေးသမက်သည် ဘက်ပေါင်းစုံ၌ ထူးချွန်ကာ အရာရာကို လျင်မြန်စွာ သင်ယူနိုင်သော်ငြား ကလေးကိုမူ အခုအချိန်အထိ မချီရဲချေ။ ကလေးကို ချီမည် လုပ်လေတိုင်း လက်များ တုန်ရီလာတတ်၍ သူ့လက်ထဲသို့ ကလေးကို ထည့်မပေးရဲတော့။
“နို့တိုက်ပြီးတာနဲ့ သူတော့ တစ်နေကုန် အနှီးလျှော်ရင်း ပင်ပန်းတော့မှာပဲ ...”
ရှောင်ဟဲ၏ စိတ်ထဲတွင် ကလေးကို ရဲရဲဝံ့ဝံ့ မချီရဲသေးသည့်တိုင် ရှောင်သို့သို့၏ အနှီးများကိုမူ သူကိုယ်တိုင် တစ်ထည်မကျန် လျှော်ဖွတ်ပေးခဲ့သည်။ ထိုမျှသာမက အပ်ချည်ထုံးနေသည်များကိုလည်း တစ်ခုချင်း ဂရုတစိုက် ဖယ်ရှားပေးခဲ့၏။
“သိပ်မကြာခင် သူ ခရီးထွက်ရဦးမှာတဲ့ နှမြောစရာပဲ သူလည်း ပြန်လာရော ရှောင်သို့သို့က ကြီးနေလောက်ပြီ ...”
“ရှောင်ဟဲက ရက်ပိုင်းပဲ သွားမှာ မဟုတ်ဘူးလား အဲဒီ့ရက်ပိုင်းလောက်မှာ ရှောင်သို့သို့က ဘယ်လောက်အထိ ကြီးလာနိုင်မှာမလို့လဲ ...”
ရှောင်ဟဲက နောက်စေ့ကို ပွတ်ကာ ပြောလိုက်သည်။
“ဒီ တစ်လကျော်အတွင်းမှာကို ကျွန်တော့်စိတ်ထင် သူမက နေ့တိုင်း ရုပ်ပြောင်းလာသလိုပဲ ..."
မွေးကင်းစအရွယ် တွန့်ရှုံ့နေရာမှ မျက်လုံး ဖွင့်နိုင်လာ၊ တစ်ဖန် မျက်လုံးဝိုင်းကြီးများဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်သည့်အပြင် ယခုအခါ အသံမျိုးစုံပင် ထုတ်တတ်လာနေပြီ ဖြစ်၏။
“ဘယ်လို ရုပ်ပြောင်းလာတာလဲ ...”
“အစပိုင်းတုန်းက ကြောင်ပေါက်စလေး အတိုင်းပဲ .. နောက်ကျ ကြောင်အကြီးကြီးနဲ့ တူလာပြန်ရော အခုကျ ကလေးပုံစံမျိုး ဖြစ်နေပြီ ...”
ချင်းရှန်းက သူ၏ အလေးအနက် ရှင်းပြနေသော စကားကြောင့် ရယ်မိသွားတော့သည်။
“ရှင့်သမီးက ကြောင်နှစ်မှာ မွေးတာ အဟုတ်ပဲ ထင်တယ် ...”
........
ချင်းရှန်း၏ မီးဖွားခွင့်မှာ အလွန် တိုတောင်းလှသည်။ ထိုခေတ်က မီးဖွားခွင့်များမှာ သိသိသာသာ တိုတောင်းလှ၏။ ရှောင်သို့သို့ ခေါင်းထောင်တတ်သည့် အချိန်မှာပင် ချင်းရှန်းသည် အလုပ်သို့ ပြန်သွားနေရပြီ ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ပြဿနာလေလားတော့ မသိ။ သူမတွင် နို့ ပေါပေါများများ မထွက်ပေ။
အတိတ်တွင် ချင်းကွေ့ဟွားက သူမ နို့ဝဝ မသောက်ခဲ့ရကြောင်း ပြောခဲ့ဖူးသည်။ ဒုတိယအစ်မ ယိုတိကလည်း ရှန်းယုံ ငယ်စဉ်က နို့ကို များများ မသောက်ခဲ့ရကြောင်း ပြောခဲ့ဖူး၏။ ထိုစဉ်က ချင်းကွေ့ဟွားသည် ဤသည်မှာ ထိုခေတ်ကအာဟာရ ချို့တဲ့မှုကြောင့်ဟုသာ ထင်ခဲ့သည်။ သို့သော် သူမ၏ အလှည့်သို့ ရောက်သည့်အခါ များစွာ စားသောက်သည့်အတွက် အာဟာရ ပြည့်ဝကြောင်း သိလိုက်ရသည်။ ထို့ကြောင့် အလွန် ပျော်ရွှင်မိလာ၏။ နှမြောစရာ တစ်ချက်မှာ ...
မိခင်အသစ်စက်စက်တစ်ဦး အနေဖြင့် သူမ၏ သွေးကြောထဲ၌ အဆီများစွာ ကြီးထွားလာသည့်အပေါ် များစွာ အပြစ်မကင်း ဖြစ်ခဲ့ရသည်။ တိုင်းရင်းဆေးများကို သောက်ကာ နည်းလမ်းမျိုးစုံ သုံးသည့်တိုင် အလုပ်မဖြစ်။ သူမအနေဖြင့် ထိုကိစ္စမှာ ရုပ်လွန်ဒဿနိကဗေဒ ဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။
ထို့ကြောင့် သုံးလအတွင်းမှာပင် သို့သို့ကို နို့ဖြတ်လိုက်ရတော့သည်။
ကံကောင်းသည်မှာ လောင်ဟဲက ဟိုးယခင်ကတည်းက ကောင်တီမြို့သို့ သွားကာ နို့မှုန့်များ ကြိုတင် ဝယ်ယူထားခဲ့ပြီး သူမကလည်း နို့မှုန့်သောက်ရန် လိုလားသည့်အပြင် တစ်ခါသောက်လျှင် ပမာဏ အများကြီး သောက်သည့်အတွက် တစ်နေ့တစ်ခြား ပိုပြီးပင် ဝဖြိုးလာတော့သည်။ ထိုအခါမှ ချင်းရှန်းလည်း စိတ်အေးရတော့၏။
အလုပ်ပြန်ဝင်ပြီးနောက် သူမ၏ ပထမဆုံး တာဝန်မှာ ဆေးပင် စိုက်ပျိုးရန် ဖြစ်သည်။ ရှင်းလင်းပြီးသား မြေယာကို အလွတ်အတိုင်း ထားခြင်းမှာ အကြံကောင်း မဟုတ်။ နောက်ထပ်တစ်နှစ် အလဟဿ ကုန်သွားပါလျှင် ပေါင်းပင်မြက်ပင်များ နောက်တစ်ကြိမ် ကြီးထွားလာပေလိမ့်မည်။ ချင်းရှန်းက အချိန်ကို ကောင်းကောင်း အသုံးချရန် ကြံစည်ထား၏။ ညပိုင်းအချိန် ခွေးဟောင်သံပင် မကြားရဘဲ ဝန်ထမ်းအိမ်ယာတစ်ခုလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြစဉ် ... ချင်းမိသားစု နေထိုင်ရာ အိမ်တံခါးဝတွင် တံခါးခေါက်သံ ထွက်ပေါ်လာတော့သည်။
"ဘယ်သူလဲ ဒီလောက် နောက်ကျနေပြီကို .. အေးအေးဆေးဆေးလေး အိပ်ပါရစေဟဲ့ ..."
ချင်းကွေ့ဟွားမှာ အသက်ကြီးလာပြီဖြစ်၍ တစ်ဖြည်းဖြည်း အိပ်ရေးဆတ်လာတော့သည်။ ပြီးခဲ့သည့်နှစ်က မြေရှင်းရင်း ပင်ပန်းခဲ့ရသည့်အတွက် အနည်းငယ် ပိုပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့သော်လည်း လတ်တလောတွင် အိပ်မောကျနိုင်ရန် အခက်ကြုံနေရပြန်သည်။ အလွယ်တကူ လန့်နိုးလာတတ်သည့်အတွက် သူမ အိပ်နေချိန်တွင် အနှိုးခံရခြင်းကို လုံးဝ သည်းမခံနိုင်တော့ချေ။
"ရှောင်ချင်း ငါပါ ..."
"လာပြီနော် .. တစ်မိနစ်လောက် စောင့်ပေးပါဦး ..."
ချင်းရှန်းက အမှောင်ကျနေဆဲ အိပ်ယာထဲမှ ကုန်းရုန်းထကာ ကတိုက်ကရိုက် အဝတ်လဲလိုက်သည်။
"ဘာလုပ်နေတာလဲ ညသန်းခေါင်ကြီးပဲ ရှိသေးတာကို ..."
အသံများကို ကြားလိုက်ရသည့်အတွက် ချင်းကွေ့ဟွားကပါ အိပ်ယာမှ ထလာတော့သည်။
"မနေ့ကတည်းက ကောင်တီမြို့ကို သွားမယ်ဆိုပြီး စီစဉ်ထားတာ ညက ပြန်လာတာ နောက်ကျပြီး ဘွားဘွားကို မပြောလိုက်ရလို့ ..."
ချင်းကွေ့ဟွားလည်း ထိုအခါမှ စိတ်အေးသွားကာ စကား အနည်းငယ်ပြောရင်း သို့သို့ကို တင်းကြပ်စွာ ပွေ့ဖက်လျက် သူမ၏ အခန်းသို့ ခေါ်သွားသည်။ ပေါက်စလေးမှာ တစ်လျှောက်လုံး လုံးဝ နိုးမလာသည့်အပြင် အိပ်မက်ထဲ၌ နို့စို့နေရသည့်အလား ပါးစပ်ကို လှုပ်နေလိုက်သေး၏။
ချင်းရှန်းက သွားမြန်မြန်တိုက်ကာ မျက်နှာကို ရေစိုဝတ်ဖြင့် သုတ်ပြီး သို့သို့၏ ဖြူဝင်းနေသော မျက်နှာကို စိတ်မချနိုင်ဟန်ဖြင့် ထပ်တလဲလဲ ငုံ့နမ်းလိုက်သည်။ ထို့နောက်တွင်မှ အိမ်ရှေ့တွင် ရပ်ထားသည့် ဂျစ်ကားပေါ် တက်ကာ ထွက်သွားတော့၏။
"ဒါရိုက်တာ .. အစောကြီးပဲ ..."
အိမ်တွင် နှိုးစက်နာရီ မရှိသည့်အတွက် ဘယ်နှနာရီမှန်း မသိသေး။
"နေ့ချင်းပြန် ရောက်ချင်ရင် တတ်နိုင်သမျှ စောစောထွက်ဖို့ လိုတယ်လေ အခုမှ မနက် ၃ နာရီပဲ ရှိသေးတယ် ကားပေါ်မှာ အိပ်ချင်ရင် ခဏ အိပ်လိုက်ဦး ..."
လန်ဟဲမြို့မှ ကောင်တီမြို့အထိ အကွာအဝေးမှာ ၂၀၀ ကီလိုမီတာသာ ရှိသည်။ သို့သော် ပြဿနာမှာ မြို့နှစ်မြို့အကြား လမ်းခရီးသည် နှောင်းပိုင်းခေတ်များကဲ့သို့ ဖြောင့်ဖြူးချောမွေ့ခြင်း မရှိသေး။ မြေသားလမ်းများသာ ဖြစ်သည့်အပြင် သဲကန္တရနှင့် မြစ်ချောင်းတောတောင်များကိုပါ ကွေ့ပတ်မောင်းနှင်ရသည့်အတွက် ကီလိုမီတာ ၄၀၀ နီးပါး ခရီးနှင်ကြရပေသည်။ ထို့အပြင် ချိုင့်ခွက်များကလည်း များပြားသည့်အတွက် ကားကို အရှိန်တင်၍လည်း မရ၊။ ထို့ကြောင့် အမြန်ဆုံး မောင်းနှင်လျှင်ပင် ခြောက်နာရီခန့် ကြာမည်ဖြစ်သည်။
ဝေးကွာသေးသော ခရီးလမ်းအကြောင်း တွေးမိသည့်အခါ ချင်းရှန်းလည်း ယဉ်ကျေးမနေတော့၊ ချက်ခြင်း လှဲချကာ အိပ်စက်လိုက်တော့သည်။
နောက်တစ်ကြိမ် နိုးလာသည့်အခါ မိုးစင်စင်လင်းနေပြီ ဖြစ်သည်။ တောက်ပသော နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ကာ ကားထဲသို့ ကျဆင်းလာသည်။ မနက် ကိုးနာရီခွဲနေပြီ ဖြစ်၏။ ကားကို စောင့်ကြည့်နေရန် လူတစ်ယောက် အစောင့်ထားခဲ့ကာ သူမတို့နှစ်ဦးက ကောင်တီမြို့တော်၏ ဆေးဝါးစက်ရုံသို့ ထွက်လာခဲ့လိုက်ကြသည်။
ဆေးအမှာစာရင်းကို ယူ၍ အရောင်းဌာန၏ ဒါရိုက်တာနှင့် တစ်ခဏမျှ စကားစမြည် ပြောလိုက်ကြ၏။ အပြုံးမျက်နှာများကို ကိုယ်စီ ချိတ်ဆွဲရင်း အမှာစာရင်း ခွင့်ပြုချက်အား နည်းနည်းချင်း အရယူလိုက်သည်။ ထိာဘနောက် ဘဏ္ဍာရေးဌာနသို့ ထွက်လာလိုက်ကြသည်။
ကျသင့်ငွေကို ရုံးခန်းတွင် ပေးချေပြီးကာမှ ပစ္စည်းထုတ်ယူခွင့်လက်မှတ်ကို ယူကာ ဂိုဒေါင်တွင် ပစ္စည်း သွားယူရမည် ဖြစ်သည်။ အားလုံး ပြီးစီးချိန်တွင် နေ့လယ် ၁၂ နာရီပင် ကျော်နေပြီ ဖြစ်သည်။
"နေ့လည်စာအတွက် တစ်ခုခု စားကြရအောင် ငါတို့သာ ဒီမှာ နောက်ထပ် နှစ်ရက်လောက် နေရမယ်ဆိုရင် လုပ်စရာတွေ ငွေသုံးစရာ နေရာတွေ ပိုများမှာပဲ ..."
ချန်းဖုရှန်းက ဆေးပစ္စည်းများအား ချွေးတလုံးလုံးဖြင့် သယ်နေသော ကားမောင်းသူနှင့် ချင်းရှန်းကို ကြည့်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ယမန်နေ့က သူ၏ ကျောအောင့်သည့်ရောဂါ ပြန်ထလာကာ အနည်းငယ် ကွေးလိုက်လျှင်ပင် မခံမရပ်နိုင်လောက်အောင် နာကျင်နေသည့်အတွက် လူငယ်နှစ်ဦးက သူ့အား ပစ္စည်းသယ်ရန် အကူမခံခဲ့ကြ။
"ကိစ္စမရှိပါဘူး ခေါင်းဆောင်ရဲ့ စကားကိုပဲ နားထောင်မယ်လေ ..."
ကားဆရာ ရှောင်ကျန်းက နဖူးပေါ်မှ စီးကျလာသော ချွေးပေါက်များကို သုတ်ကာ ဖြူဖွေးကြီးမားသည့် သွားအားလုံး ပေါ်သည်အထိ ရယ်ပြလိုက်သည်။
ချင်းရှန်းကလည်း အပြင်စာစားရန် စိတ်အားထက်သန်နေသော်ငြား အလုပ်ခရီးထွက်ရာတွင် သူမစိတ်ကြိုက် ရွေးချယ်၍ မရကြောင်း သဘောပေါက်ပေသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ပြည်နယ်ပိုင် စားသောက်ဆိုင်သို့ ရောက်သည့်အခါ "စားချင်တာစား" ဟူသော စကားအပေါ် သူမ၏ နားလည်ပုံမှာ ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ပွဲ မှာယူခြင်း ဖြစ်ကာ ဒါရိုက်တာချန်း၏ ယူဆမှုမှာ ခေါက်ဆွဲနှစ်ပွဲနှင့် ပေါက်စီနှစ်လုံးဖြစ်ကြောင်း သိလိုက်ရတော့သည်။
ရှောင်ကျန်းနှင့် သူမသည် တစ်ယောက်လျှင် ခေါက်ဆွဲတစ်ပွဲ၊ အမဲနံကင်နှစ်ချောင်းစီ စားခဲ့ကြ၏။ ခေါက်ဆွဲသားမှာ နူးညံ့အိစက်ကာ အသားအရသာနှင့် ယှဉ်တွဲလိုက်သည့်အခါ မြင်သူတိုင်း သွားရည်ယိုဖွယ်ရာပင်။
မစ္စတာချန်းကမူ ပေါက်စီကိုသာ စားခဲ့သည်။ သူ့စိတ်ထဲတွင် ပြည်သူပိုင် ငွေကြေးအား သုံးလိုက်ရမည်ကို တုန့်ဆိုင်းနေခြင်း ဖြစ်သော်ငြား ပါးစပ်ကမူ ပေါက်စီကိုသာ စားလို၍ဟု တွင်တွင်ပြောခဲ့သည်။
ချင်းရှန်းက သူမ၏ ခေါက်ဆွဲကိုပင် ဆက်မစားနိုင်တော့ပေ။ ဒါရိုက်တာချန်းသည် နှစ်လတစ်ခါ ဆေးသွားဝယ်တတ်ကြောင်း လူတိုင်းက သိကြသော်ငြား ထိုသို့ သွားဝယ်သည့် အချိန်တိုင်း မနက် သုံးနာရီကတည်းက အိပ်ယာထရကာ ရေနွေးတစ်ခွက်နှင့် ပေါက်စီအချို့ကိုသာ စားရကြောင်း၊ ထို့နောက် ပြန်လာလျှင်လည်း အရေးတကြီး လိုအပ်သည့် ဆေးဝါးအားလုံး ရမလာသည့်အတွက် အဆူပူခံ၊ စောဒကတက်ခံရကြောင်းကိုမူ မည်သူမှ မသိကြချေ။