Chapter 57
Vol. 5 Ch. 57
"တိုင်းရင်းဆေး မျိုးစေ့တွေအကြောင်း ဒါရိုက်တာလုကို မေးကြည့်ခဲ့သေးတယ် စက်ရုံမှာ မရှိဘူးတဲ့ ..."
ဒါရိုက်တာချန်းက ကမ္ဘာပေါ်တွင် အရသာအရှိဆုံး စားစရာကို စားနေသည့်အလား ပေါက်စီကို ကိုက်ဝါးကာ ပြောလိုက်သည်။
"အတိအကျတော့ ငါလည်း မသိဘူး ဒါပေမယ့် တရုတ်တိုင်းရင်းဆေးပစ္စည်းတွေရဲ့ အမြတ်က သိပ်မများလို့ လှောင်မထားတာ ဆိုလားပဲ ..."
ယခုလက်ရှိတွင် အနောက်တိုင်းဆေးဝါးများကသာ အမြတ်အများဆုံး ဖြစ်ကြောင်းကို ချင်းရှန်းလည်း သိထားပေသည်။ အထူးသဖြင့် နိုင်ငံခြားမှ တင်ပို့လာသည့် ဆေးများနှင့် ဖက်စပ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ဆေးများမှာ အမြတ် အများဆုံးပင်။ တိုင်းရင်းဆေးများထံမှလည်း အမြတ်အချို့ ရနိုင်သည် ဆိုသော်ငြား တိုင်းရင်းဆေးပစ္စည်းသီးသန့်ကမူ အမြတ်အစွန်းဟူ၍ပင် ထင်ထင်ရှားရှား မရချေ။
"ဒါရိုက်တာ ကျွန်မတို့တွေ တိုင်းရင်းဆေးစက်ရုံကို သွားပြီး မေးကြည့်ကြရင်ရော ..."
ရှစ်လန်ခရိုင်၏ တိုင်းရင်းဆေးစက်ရုံမှာ သူတို့ ရောက်နေသည့်နေရာနှင့် သိပ်မဝေးလှ။ စားသောက်ပြီးသည်နှင့်တစ်ပြိုင်နက် မနားဘဲ ခရီးနှင်လိုက်ကြသည်။ သို့သော် သာမန်အဝတ်အစားများကိုသာ ဝဆ်ဆင်ထားသည့်အတွက် စက်ရုံ၏ လုံခြုံရေးများက သူတို့ကို ဝင်ခွင့်မပြုခဲ့ကြချေ။
"မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ ..."
ချန်းဖုရှန်းက သူ၏ ဝန်ထမ်းကတ်ပြားနှင့် ခွင့်ပြုမိန့် စာရွက်ကို ထုတ်ပြလိုက်သည်။
"ရဲဘော် .. ဒီမှာပါ .. ကျွန်တော်တို့က ဒီကို ဆေးဝယ်ဖို့ ရောက်လာကြတာပါ ..."
အစွန်အဖျားဒေသမှ လာရောက်သူများဖြစ်ကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် အစောင့်သည် ဝန်ထမ်းကတ်ပြားကို အကြာကြီး စိုက်ကြည့်နေကာ အချိန်အတော်ကြာသည်အထိ သူမတို့ကို ဝင်ခွင့်မပေးခဲ့။
“အရောင်းဌာနနက ဒုတိယထပ် ဘယ်ဘက်ခြမ်းက ပထမဆုံးအခန်း ...”
ညွှန်ကြားချက်အတိုင်း သွားလိုက်သည့်အခါ အရောင်းဌာနဟု ဆိုင်းဘုတ်တပ်ထားသည့် အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ အထဲတွင် စာရေးတစ်ဦးတည်းသာ ရှိနေ၏။ ဆေးလာဝယ်ကြောင်း ပြောလိုက်သည့်အခါ သူက ခဏ စောင့်နေပေးရန် ပြောလာသည်။ ဘယ်အချိန်အထိ စောင့်ရမည်၊ တာဝန်ရှိသူမှာ မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျ မပြောခဲ့သည့်အတွက် သူမတို့လည်း လက်ဖက်ရည်တစ်ခွက်လောက် သောက်ရန် အပြင်ထွက်လာလိုက်တော့သည်။
ချင်းရှန်းမှာ ကံကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည်လည်း ဆရာဝန်တစ်ဦးပင် ဖြစ်ပေကာ ဤခေတ်တွင် ဆရာဝန်နှင့် ဆေးဝန်ထမ်းအရေအတွက် ရှားပါးသည့်အတွက် ဆေးပစ္စည်းစက်ရုံမှာ အကြီးဆုံးဘော့စ်ဟုပင် ဆိုရပေမည်။
သို့သော် ဒါရိုက်တာချန်းသည်လည်း စစ်ဘက်ဆိုင်ရာ မြေယာပြန်လည်ဖော်ဆောင်ရေးတပ်ဖွဲ့ ပထမဆုံးအပတ်စဉ်မှ တပ်သားဖြစ်သည့်အပြင် စက်ရုံ၏ ဒါရိုက်တာလည်း ဖြစ်ပေသည်။ သူက ထိုနေရာတွင် ရေကို တစ်ငုံပင် မသောက်၊ မျက်နှာမှာလည်း တစ်ဖြည်းဖြည်း အရုပ်ဆိုးလာတော့သည်။
ချင်းရှန်းက မတ်တပ်ထရပ်ကာ သူမ သယ်လာသည့် ရေနွေးဘူးထဲသို့ ရေနွေးအချို့ လောင်းထည့်လိုက်သည်။ ယနေ့ သူမ ယူလာသည့်ဘူးမှာ စစ်တပ်သုံး အစိမ်းရောင် ရေနွေးဘူးဖြစ်ကာ ကိုယ်ထည်ပြားချပ်ချပ်နှင့် အပေါ်တွင် ယောင်ယောင်လေး ပိုကြီးသည့် အဖုံးတစ်ခု ပါရှိပြီး ၎င်းကို ရေနွေးခွက်အဖြစ် အသုံးပြုနိုင်သည်။
ချန်းဖုရှန်းက ဤတစ်ကြိမ်တွင်မူ ယဉ်ကျေးမနေအားတော့။ ကီလိုမီတာ ၄၀၀ ကျော် ခရီးကြမ်းနှင်လာရသည့်အပြင် နေလောင်ဒဏ်ကိုပါ ခံစားရသည့်အတွက် သူ့လည်ချောင်းတစ်ခုလုံး အပူခိုးငွေ့များ ထွက်လာတော့မည့်အလား ခြောက်ကပ်လာတော့သည်။
ရေတစ်ခွက် သောက်အပြီးတွင် သူ့ရင်ထဲမှ ဒေါသများ တစ်ဖြည်းဖြည်း အနည်ထိုင်လာတော့သည်။
“ရှောင်ချင်း မင်းကို မီးဖွားခွင့်ကာလ ပြီးပြီးချင်းကြီး ဆေးဝယ်ဖို့ လိုက်လာခိုင်းမိခဲ့တယ် မင်းလည်း မြင်မှာပါ ဒီ၂ နှစ်လုံးလုံး ငါ့ကြောင့် မင်းမှာ အနားယူချိန်ကို မရှိဘဲ ပင်ပန်းခဲ့ရတယ် မဟုတ်လား ...ငါတို့ စက်ရုံကို လာမိတာ နောင်တရနေပြီ မဟုတ်လား ...”
ချင်းရှန်းက ခေါင်းကို ယမ်းပြလိုက်သည်။
“အခုက အမိမြေကို တည်ဆောက်နေတဲ့ အချိန်လေ ကျွန်မတို့ နဂါးပြည်ထောင်သားတွေရဲ့ လိုက်လျောညီထွေ နေတတ်တဲ့ ပြုပြင်တိုးတက်လိုတဲ့ စိတ်ထားက ပြိုင်ဘက်ကင်းပဲလေ ...”
တစ်နည်းဆိုရပါလျှင် သူမတို့သည် တည်ဆောက်ပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်းများတွင် အရူးအမူး စွဲလမ်းသည်ဟုပင် ဆိုရပေမည်။
ချန်းဖုရှန်းက တရစပ် ပြောလိုက်သည်။
“ဟုတ်တယ် အိမ်တွေကို ဆောက်ရမှာ ...”
ထို့နောက်တွင် သူတို့တပ်ဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ရေးခေတ် အစောပိုင်း ကာလများက စိတ်ဓာတ်တက်ကြွခဲ့သည့် အချိန်များအကြောင်းကို ပြန်ပြောင်း အောက်မေ့မိသွားတော့သည်။
ထိုစဉ်က ဂိုဘီသဲကန္တာရကို ပြောင်းလဲနိုင်လိမ့်မည်ဟု မည်သူမှ မထင်ကြ။ ယခုလက်ရှီ စိုက်ပျိုးမြေဧက တစ်သောင်းခန့် ရှိလာလိမ့်မည်ဟုလည်း မထင်ခဲ့ကြပေ။ ထိုစဉ်က သူတို့မှာ နှစ်ရက်မှ တစ်ခါသာ ပေါက်စီ စားးနိုင်ကာ ရေနွေးကပင်လျှင် မြင်း၏ ဆီးနှင့် အရောင်အတူတူပင်။
သို့သော် ထိုသို့သော အခက်အခဲများက သူတို့အား အမိမြေကို ချစ်မြတ်နိုးခြင်း မရှိတော့ရန် မစွမ်းဆောင်နိုင်။ ချင်းရှန်းသည် တပ်သားဟောင်းကြီးများနှင့် အကြိမ်အနည်းငယ်ခန့်သာ စကားပြောခဲ့ဖူးသည်။
သို့သော် ယခုမူ နယ်ခြားမျဉ်းကို ကာကွယ်ရန် ကြိုးစားခဲ့သည့် သူတို့၏ ဘဝဇာတ်ကြောင်းကို ပိုပြီး စိတ်ဝင်စားကာ သိချင်စိတ် ပြင်းပြလာတော့သည်။ ထိုသို့ဖြင့် စကားဝိုင်းမှာ ၂ နာရီနီးပါးခန့် ကြာမြင့်သွား၏။ ထို့နောက်တွင်မှ ကေဒါဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ရောက်လာခဲ့သည်။
“အကြာကြီး စောင့်လိုက်ကြရတယ် ထင်တယ် အပြင်ဘက်မှာ တွေ့ဆုံပွဲတစ်ခု ရှိနေလို့ပါ ဒီဘက်က လူကြီးမင်းနှစ်ယောက်က ဆေးဝယ်ဖို့ ရောက်လာတယ်လို့ ပြောတာလား မသိဘူး ...”
ရောက်လာသူမှာ တိုင်းရင်းဆေးစက်ရုံ၏ အရောင်းဌာန ဒါရိုက်တာ လုံဝမ် ဖြစ်ပေသည်။ သူ့ပုံစံမှာ အလွန် ရည်မွန်ကာ စကားပြောပုံမှာလည်း ယဉ်ကျေးပျူငှာလှ၏။
ချင်းရှန်းက မိတ်ဆက်စာနှင့် အသိအမှတ်ပြုလက်မှတ်များကို ပြကာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
“လန်ဟဲမြို့က လာခဲ့ကြတာကိုး .. ပင်ပန်းသွားရပါပြီ ကျေးဇူးပြုပြီး ထိုင်ကြပါဦး ....”
ချင်းရှန်းမှာ စိတ်အေးအေး မထားရဲပေ။ ဒါရိုက်တာလုံက ပြောရဆိုရ လွယ်ကာ သတိလက်လွတ် ဖြစ်လွန်းသည်ဟု ခံစားမိ၍ ဖြစ်သည်။ များသောအားဖြင့် အပေါ်ယံတွင် စကားကို ရွှန်းရွှန်းဝေအောင် ပြောတတ်သူများသည် အပြုံးမျက်နှာနှင့်လိုက်အောင် အလေးအနက် ရှိတတ်သူများ ဖြစ်ကြသည်။
ခုံတန်းရှည်ပေါ်တွင် သုံးနာရီနီးပါးခန့် ထိုင်ပြီးနေပြီ ဖြစ်သည့်အတွက် ဒါရိုက်တာချန်းသည် ထပ်ပြီး ထိုင်မနေလိုတော့။ သူက အိတ်ကပ်ထဲမှ ပျိုနီပန်းဆေးလိပ်တစ်ဘူးကို ထုတ်ကာ ဒါရိုက်တာလုံထံ ကမ်းပေးလိုက်သည်။ မီးခြစ်ကိုပါ ရိုရိုသေသေဖြင့် တစ်ခါတည်း မီးညှိပေးလိုက်၏။
စီးကရက်၏ အကူအညီကြောင့် နောက်ဆုံးတွင် ဒါရိုက်တာလုံဝမ်လည်း ထိုင်ခုံပေါ် ဝင်ထိုင်ကာ မေးလိုက်သည်။
“ခင်ဗျားတို့ အဖွဲ့အစည်းက ဘယ်လို အရည် အမျိုးအစားတွေ လိုအပ်တာလဲ ...”
“ဒါရိုက်တာကြီး ကျွန်တော်တို့က ပေါင်းခံရည်နဲ့ လုပ်ထားတဲ့ဆေးကို လိုချင်တာ မဟုတ်ပါဘူး ...”
လုံဝမ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ သို့သော် သိသိသာသာတော့ မဟုတ်ပေ။
ပေါင်းခံရည်နဲ့ လုပ်တဲ့ ဆေးကို လိုချင်တာ မဟုတ်ဘူးဆိုတော့ .. စက်ရုံက ထုတ်တဲ့ မူပိုင်ဆေးဝါးတွေကို လိုချင်တာလား ....
“ကျွန်မတို့က အသင့် ထုတ်ပြီးသားဆေးတွေကို လိုချင်တာ မဟုတ်ပါဘူး။ တိုင်းရင်းဆေးပင်တွေနဲ့ မျိုးစေ့တွေကို ဝယ်ချင်တာပါ။ ဒါရိုက်တာတို့ ကုမ္ပဏီက ဒီခရိုင်မှာ အကြီးဆုံး တိုင်းရင်းဆေးစက်ရုံ ဖြစ်တဲ့အတွက် ကျွန်မတို့ဘက်က အားကိုးတကြီးနဲ့ အကူအညီ လာတောင်းရတာပါ ... “
ပြုံးနေသူကို မရိုက်သင့်ဟူသော စကားတစ်ခွန်း ရှိပေသည်။ ချင်းရှန်း၏ စကားပြောပုံမှာ အလွန် ယဉ်ကျေးသည့် အပြင် မျက်ိစပသာဒ ဖြစ်လှသည်။ ထို့ကြောင့် လုံဝမ်မှာ တည့်တိုးကြီး ငြင်းဆန်၍ မရတော့။
“ဘယ်လိုအမျိုးအစားမျိုး လိုချင်တာလဲ ...”
ချင်းရှန်းနှင့် ချန်းဖုရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြသည်။
သူတို့ဘက်က မငြင်းဘူးဆိုတော့ ဒါ အခြေအနေ ကောင်းတဲ့ သဘောပဲပေါ့ ...
“ဒီလိုပါ ကျွန်တော်တို့ ယူနစ်က လန်ဟဲမြို့မှာ ရှိတာလေ ဒါရိုက်တာလုံလည်း လဲဟန်မြို့မှာ လတ်တလော နေထိုင်တဲ့ လူဦးရေ ငါးသောင်းကျော် ရှိနေပြီဆိုတဲ့အကြောင်း ကြားပြီးလောက်ရောပေါ့ ဒါပေမယ့် တစ်မြို့လုံးမှာမှ ဆေးပေးခန်းက နှစ်ခုပဲ ရှိတဲ့အပြင် အသုံးများတဲ့ ဆေးတွေကအစ လုံလုံလောက်လောက် မရှိဘူး။ ကျွန်တော်တို့တွေက အမြဲတမ်း အနောက်တိုင်းဆေးကိုပဲ အားကိုးခဲ့ကြရတယ် ဆိုပါတော့ အဲဒီ့မှာ ဒေါက်တာချင်းက ကိုယ်တိုင်သာ တိုင်းရင်းဆေးပင်တွေ စိုက်ပျိုးနိုင်ရင် ဆေးဝါးအထောက်အပံ့ ပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်လောက်မယ်လို့ စဉ်းစားမိတာနဲ့ ဒီကို ရောက်လာတယ်ပဲ ဆိုပါတော့ ...”
လုံဝမ်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ဂရုတစိုက် နားထောင်လိုက်သည်။
“လန်ဟဲရဲ့ ရာသီဥတု အခြေအနေက ခရိုင်မြို့တွေလောက် မကောင်းတော့ ကျွန်တော်တို့တွေ wolfberry, jujube, skullcap, salvia နဲ့ Magnolia officinalis မျိုးစေ့တွေလောက်ပဲ စိုက်ပျိုးနိုင်မယ် ထင်တယ်။ ဒါပေမယ့် ဖော်စပ်ပုံဖော်စပ်နည်းကလည်း အရေးပါတာဆိုတော့ ကျွန်တော်တို့တွေ လူသုံးများတဲ့ တိုင်းရင်းဆေးတွေလည်း ဒါဇင်လိုက် လိုအပ်နေဦးမှာပါ အဲဒီ့အခါကျ မစ္စတာလုံစီကနေပဲ လာဝယ်ပါ့မယ် ...”
“နောက်ထပ် လူကြီးမင်းတစ်ယောက်လည်း ရှိပါသေးတယ် ...”
ဒါရိုက်တာချန်းက ထပ်ပြောလိုက်သည်။ ရှောင်ချင်းက ၎င်းကို သေချာ အသုံးပြုနိုင်ပါလျှင် သန်ချဆေးထက်ပင် ပိုပြီး အာနိသင်ရှိသည်ဟု ပြောခဲ့ဖူးကြောင်း မှတ်မိနေဆဲပင်။ ယခုလက်ရှိ သူ့စိတ်ထဲတွင် လိုချင်သည့်ပစ္စည်းဟူ၍ သန်ချဆေးသာ ရှိသော်လည်း ၎င်းတစ်ခုတည်းသာ လိုချင်ပါသည်ဟု ပြောလိုက်ပါလျှင် ချက်ခြင်း နှင်ထုတ်ခံရပေလိမ့်မည်။
လုံဝမ်က ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် သူ့ပုံစံမှာ အားနာနေဟန်ပင်။
“နည်းနည်းတော့ ခက်လိမ့်မယ် ...”
ချန်းဖုရှန်းက ချက်ခြင်းဆိုသလို ရှီဖန်းဝိုင် နှစ်ပုလင်းကို ထုတ်လာကာ အချိန်လည်း နောက်ကျနေပြီ ဖြစ်သည့်အတွက် နေ့လည်စာ စားရင်းသောက်ရင်း ဆက်ပြောကြရန် ဖိတ်ခေါ်လိုကြောင်း စပြောလိုက်သည်။
လုံဝမ်က ပစ္စည်းများကို သဘောတကျ ကြည့်ကာ စိတ်ပါလက်ပါ သဘောတူလိုက်သည်။ သူက ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်နှစ်ခွက် ငှဲ့ပေးကာ သူတို့အား ရုံးခန်းထဲတွင် တစ်ခဏမျှ စောင့်ပေးရန် ပြောလိုက်သည်။ ထိုသို့ ပြောနေစဉ်မှာပင် စာရေးတစ်ဦးက တံခါးလာခေါက်ကာ ပြောလိုက်၏။
“ဒါရိုက်တာလုံ ရှိပါသလား .. ဖုန်းလာနေပါတယ် ...”
သူ ထွက်သွားသည့်အခါ ချင်းရှန်းနှင့် ချန်းဖုရှန်းက တိတ်တိတ်လေး စကားပြောလိုက်ကြသည်။ လုံးဝဥဿုံ မငြင်းဆန်ဘဲ “ခက်လိမ့်မည်” ဟုသာ ပြောသည့်အပြင် သူတို့နှင့်အတူ နေ့လည်စာစားရန် ဖိတ်ကြားချက်လည်း လက်ခံခဲ့သည့်အပေါ် သုံးသပ်ရပါလျှင် ထမင်းစားပွဲ၌ သူသာ အနည်းငယ် အားစိုက်ထုတ်လိုက်ပါလျှင် အားလုံး အဆင်ပြေကောင်း ပြေနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။ လက်ဆောင်ပေးရန် ပစ္စည်းတစ်ခုခုတော့ ထပ်ပြီး လိုအပ်ပေလိမ့်မည်။ လုံဝမ်၏ ပါးစပ်မှာ အကောင်းကြိုက်တတ်လွန်း၏။ အစောပိုင်းက သူမ အကဲခတ်မိသလောက် ကေဒါအများစု သဘောကျသည့် ပျိုနီပန်း ဆေးလိပ်ကိုပင် မျက်တောင်တစ်ချက် မခတ်ဘဲ ဖွာရှိုက်ခဲ့ရာ ထိုသို့သော ပစ္စည်းကောင်းကပင်လျှင် သူ့အတွက် တွေ့ရိုးတွေ့စဉ်အလားပင်။
ဤမျှ ရိုးရှင်းလှသည့် ခေတ်ကာလတွင် ရိုးရှင်းမှုကို ထိန်းထားရန် အခက်ဆုံးနေရာက ဆေးဝါးဌာန ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားမိခဲ့ချေ။ အတိတ်ဘဝတွင် သူမသည်လည်း ဒါရိုက်တာချန်းကို ကိုယ့်တာဝန်ကို မကျေ၊ ဆေးဌာနတွင် ဟိုဆေး မဟုတ် ဒီဆေး တစ်ခုပြီးတစ်ခု ပြတ်လပ်နေသည်ဟု အပြစ်တင်ခဲ့ဖူးသည်။
သို့သော် ယခုလက်ရှိ အခြေအနေအရ ထိုလူအိုကြီးမှာ သူ တတ်နိုင်သမျှ နည်းမျိုးစုံသုံးကာ အကောင်းဆုံး ကြိုးစားခဲ့သည်။ လိုအပ်သည့် ဆေးများ မှာယူနိုင်ရန် ဘိုးဘေးတစ်ဦးကို တောင်းပန်သည့်အလား တိုးလျှိုး တောင်းဆိုခဲ့သည်။ အလုပ်ခရီးထွက်သည့်အခါ သူ့အတွက် ခေါက်ဆွဲတစ်ပွဲ စားရန်ပင် တွန့်တိုတတ်သော်ငြား ယခုမူ အကူအညီတောင်းရန်အတွက် စားသောက်ဆိုင်သို့ သွားရပေလိမ့်မည်။
ပြည်နယ်ပိုင် စားသောက်ဆိုင်ထဲသို့ ဝင်ကာ ဟင်းလျာအချို့ မှာလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ခရီးစဉ်အတွက် ရံပုံငွေအားလုံး ကုန်ဆုံးသွားမည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်ကသာ ဝိုင်တစ်ပုလင်း နှစ်ပုလင်း ထပ်မှာလိုက်ပါလျှင် လဝက်စာအားလုံး ကုန်ဆုံးသွားပေလိမ့်မည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် လုံဝမ်က အထဲသို့ ပြန်ဝင်လာကာ ခုံပေါ်ရှိ ကုတ်အင်္ကျီကို ကမမ်းကတမ်း ကောက်ယူလိုက်သည်။
“အားနာပေမယ့် နောက်နေ့မှပဲ ထပ်တွေ့ကြရအောင်ပါ ဒီနေ့ အိမ်မှာ အရေးကြီးကိစ္စလေး ပေါ်လာလို့ ခွင့်ပြုပါဦး ...”
ချန်းဖုရှန်း - “ဟမ် .. ဒါပဲလား ...”
ချင်းရှန်း - “ဒါပဲလား .. ဒါဆို သဘောတူညီချက် ရဖို့ သုံးလိုက်တဲ့ ဝိုင်နှစ်ပုလင်းကရော ...”
ချန်းဖုရှန်းမှာလည်း နှမြောတသ ဖြစ်ရသော်ငြား ပေးပြီးသားပစ္စည်း ဖြစ်သည့်အတွက် ပြန်ရစရာအကြောင်း မရှိတော့ပေ။ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ကာသာ နှုတ်ဆက်လိုက်ရတော့သည်။ ထို့နောက် ထွက်သွားသူ၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းချလိုက်၏။
“တိုင်းရင်းဆေးမျိုးစေ့တွေ ဝယ်တာက အနောက်တိုင်းဆေး ဝယ်တာထက်ကို ပိုပြီး ခက်လိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး ...”
“ကျွန်မတို့က မျိုးစေ့ကိုပဲ ဝယ်ချင်တာဆိုတော့ ဖော်စပ်ပြီးသား ဆေးနဲ့တော့ ဘယ်လိုလုပ် တူလိမ့်မလဲ သူ့မှာ မရှိဘူးလို့မှ ပြောမသွားတော့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ စောင့်လိုက်ရင်ရော ဘယ်လိုလဲ ...”
သူ့ပုံစံကို ကြည့်ရသည်မှာ ဟန်ဆောင်နေပုံလည်း မပေါ်ပေ။ အကယ်၍ ဟန်ဆောင်နေခြင်း ဖြစ်သည့်တိုင် သူတို့က အကူအညီတောင်းသူ ဖြစ်ပေရာ တစ်ဖက်လူမှာ အမှန်တကယ်ပင် အရေးကြီးကိစ္စ ရှိနေ၍ဟုသာ သဘောထားရပေလိမ့်မည်။ သို့မဟုတ်ပါလျှင် ဝိုင်နှစ်ပုလင်းနှင့် ခုံတန်းရှည်ပေါ်၌ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသမျှ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ချန်းဖုရှန်းက သက်ပြင်းချလိုက်သည်။
“ဒီအထိတောင် ရောက်လာမှတော့ စောင့်ရတော့မှာပေါ့ ...”
ချင်းရှန်းက စိတ်မရှည်ပေ။
“ဒါရိုက်တာပဲ စောင့်နေလိုက်ပါ ကျွန်မက သွားကြည့်လိုက်ဦးမယ် ...”
ထို့နောက် သူမက လုံဝမ် ထွက်သွားသည့်ဘက်သို့ အမောတကော ပြေးလိုက်သွားလိုက်သည်။ မှန်းထားသည့်အတိုင်းပင် ဂိတ်ပေါက်ဝရှိ အနက်ရောင် ကားတစ်စီးပေါ်သို့ သူ တက်သွားသည်ကို မြင်လိုက်ရ၏။
ကြည့်ရသည်မှာ အမှန်တကယ်ပင် အရေးကြီးကိစ္စ ရှိနေသည့်ဟန်ပင်။
ချင်းရှန်းမှာ ဗိုက်ဆာသည့်အပြင် ခရီးလည်း ပန်းနေပြီဖြစ်၏။ ထို့အပြင် သို့သို့ကိုလည်း လွမ်းမိလာတော့သည်။ ပုံမှန်နေ့များတွင်လည်း သူမက အလုပ်သွားနေရသည် ဆိုသော်ငြား နေ့ခင်း ထမင်းစားချိန် ပြန်လာကာ ကလေးကို ချော့သိပ်ခွင့် ရှိသေးသည်။ ယခုမူ သူမက အိမ်တွင် ရှိမနေရာ သို့သို့အနေဖြင့် ၎င်းကို နေသားကျပါ့မလား မပြောနိုင်၊ သူမဘာသာ အိပ်ပျော်နေလားလည်း မသိတော့ချေ။
တစ်ခါမှ ကလေးမမွေးဖူးသည့်အတွက် အခြားကလေးများ၏ အကျင့်စရိုက်ကို သူမ မသိပေ။ သို့သော် သို့သို့မှာမူ ပျိုးထောင်ရန် လွယ်ကူသူတစ်ဦး ဖြစ်ပေသည်။ တစ်ညလုံး မငိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်သည့်အပြင် စနောက်လေတိုင်းလည်း တစ်ခစ်ခစ် ရယ်တတ်၏။ သူမအား ချီပိုးပေးသူကိုလည်း မှတ်ထားတတ်သေးသည်။
တွေးလေလေ သို့သို့ကို ပိုပြီး လွမ်းမိလာလေပင်။ ထို့ကြောင့် ချင်းရှန်းသည် ကိစ္စအားလုံးကို တစ်နေ့တည်း အပြီးသတ်ကာ အိမ်သို့ စောစောပြန်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဒါရိုက်တာချန်းကို စကားအနည်းငယ် သွားပြောလိုက်သည်။ ဒါရိုက်တာချန်းကလည်း ထပ်တလဲလဲ ခေါင်းငြိမ့်ပြကာ ကားထဲသို့ ဝင်၍ မီးရထားဝန်ထမ်းအိမ်ယာသို့ ထွက်သွားတော့သည်။
အစောပိုင်း စကားပြောနေစဉ်အတွင်း လုံဝမ်က သူသည် မီးရထားဝန်ထမ်းအိမ်ယာ၌ နေထိုင်ကြောင်း ဖျတ်ခနဲ ထည့်ပြောခဲ့ဖူးသည်။ ထို့အပြင် အရေးကြီးကိစ္စရှိ၍ အိမ်ပြန်တော့မည်ဟုလည်း ပြောသွားရာ သူမတို့လည်း ဝန်ထမ်းအိမ်ယာ ရှိရာသို့သာ ဖြည်းဖြည်းချင်း မောင်းသွားလိုက်သည်။ ဝန်ထမ်းအိမ်ယာ၏ ဂိတ်ဝသို့ အရောက်တွင် လုံဝမ်၏ ကားကို တွေ့လိုက်ရသည်။
“ဖြစ်ပါ့မလား ...”
လောင်ချန်းက မရေမရာ ဖြစ်နေဆဲပင်။
“စမ်းကြည့်ကြတာပေါ့ အနည်းဆုံးတော့ ဒီတစ်ခေါက် လာလိုက်တာ အချည်းနှီး မဖြစ်တော့ဘူးလေ ... “
နှစ်ယောက်လုံး ကားပေါ်မှ ဆင်းကာ လုံဝမ်၏ကား အိမ်ယာဝင်းထဲ ဝင်သွားပြီး အဆောက်အဦးတစ်ခု၏ အောက်၌ ရပ်သွားသည်ကို ကြည့်နေလိုက်ကြသည်။ ချင်းရှန်းက သစ်ပင်တစ်ပင်၏ အနောက်တွင် ပုန်းကာ အဆောက်အဦးကို မျက်တောင်မခတ်စတမ်း အကဲခတ်နေလိုက်၏။
များမကြာမီ ထိုအဆောက်အဦးထဲတွင် အသံများ ဆူညံလာကာ လုံဝမ်၏ ဟိန်းထွက်နေသော အော်ဟစ်သံကိုပါ ကြားလိုက်ရသည်။
“ဘယ်သူလဲ ...”
“ဘာဖြစ်ခဲ့တာလဲ ...”
“နင့်အမေရော ငါရော အကုန် မျက်နှာပျက်ရပြီ ငါတို့ကို တမင်တကာ အရှက်ကွဲအောင် လုပ်နေတာလား ဘာလို့ ကြောင်တောင်တောင် လုပ်နေတာလဲ ,..”
ပြန်ဖြေသည့် အသံကိုမူ မကြားရ။ အကြောင်းမှာ အော်ဟစ်ငိုယိုနေသည့် အမျိုးသမီးအသံများမှာ ပိုပိုပြီး ကျယ်လောင်လာသောကြောင့် ဖြစ်သည်။ ထို့နောက်တွင် အသံများ သိသိသာသာ တိုးဝင်သွား၏။ အိမ်နီးချင်းများကို မကြားစေလို၍ တမင်တကာ တိုးလိုက်ကြခြင်းဖြစ်ကြောင်း သိသာလှပေသည်။
လုံမိသားစုသည် ပထမထပ်၌ နေခြင်း ဖြစ်ကာ ချင်းရှန်းက သူတို့ဝရန်တာ အပြင်ဘက်ရှိ အပင်ကြီးနောက်တွင် ပုန်းနေမိ၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် တစ်လုံးမှ ကြားရမည် မဟုတ်ချေ။
လုံမိသားစုထံမှ ဆူညံသံများက သိပ်မကြာလိုက်။ များမကြာမီ အဝတ်ထူထူ ဝတ်ထားသည့် မိန်းကလေးကို ဝိုင်းရံထားသော လူတစ်စု အဆောက်အဦးထဲမှ ထွက်လာသည်။ လုံဝမ်က အရင်ထွက်လာကာ အပြင်ဘက်တွင် လူမရှိကြောင်း သေချာအောင် အကဲခတ်ပြီးကာမှ ထိုမိန်းကလေးကို ကားပေါ် တက်စေလိုက်၏။
ပုန်းနေသည့် ချင်းရှန်းကမူ ၎င်းကို မြင်လိုက်ပေသည်။ ပူပြင်းလှသည့် နေ့မျိုးတွင်ပင် ထိုကောင်မလေးသည် ဂွမ်းကပ်အင်္ကျီ အထူကြီးတစ်ထည်ကို ဝတ်ထားကာ ငိုထားသဖြင့် မျက်နှာတစ်ခုလုံး ဖူးယောင်နေ၏။ သူမကို တွဲထားသူများမှာ မိခင်နှင့် အဘွား ဖြစ်ဟန်ပင်။ သူတို့ကလည်း ကြေကွဲစွာဖြင့် ငိုကြွေးနေကြ၏။
ချင်းရှန်းက ဘာဖြစ်နေမှန်း မခန့်မှန်းတတ်သေး။ သို့သော် မူမမှန်သည့် တစ်ချက်ကို ရုတ်တရက် သတိပြုမိသွားသည်။ ထိုကောင်မလေး၏ ဗိုက်မှာ ထူးထူးခြားခြား ကြီးမားနေခဲ့သည်။
ခြေနှင့် လက်တို့မှာ သေးသွယ်လှရာ ပုံမှန်အားဖြင့် သူမ၏ ဝမ်းဗိုက်သည်လည်း ပြားချပ်နေရမည် ဖြစ်သည်။ သို့သော် သံသယဝင်စရာကောင်းလောက်အောင် ထူထဲသည့် အဝတ်အစားများကို ဝတ်ထားသည်။ ကားပေါ်တက်ရန် ကိုယ်ကို ကိုင်းလိုက်သည့်အခါ အင်္ကျီ၏ အနားစ အထက်သို့ လန်သွားသည့်အတွက် ချင်းရှန်းသည် ပူဖောင်းနေသော ဝမ်းဗိုက်ကို မြင်လိုက်ရသည်။
ကိုယ်ဝန်ရှိနေတာများလား ..