← Chapters

Chapter 58

Vol. 5 Ch. 58

Chapter 58

Vol. 5 Ch. 58

ဖုန်းပြောပြီးနောက် မည်းမှောင်သွားသည့် လောင်လုံ၏ မျက်နှာ၊ ထို့နောက် အိမ်သို့ အပြေးအလွှား ပြန်သွားပုံ၊ လုံအိမ်မှ အမျိုးသမီးများ၏ အမူအယာ .. အားလုံးကို ဆက်စပ်လိုက်သည့်အခါ ချင်းရှန်း၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ရပ် ထွက်ပေါ်လာတော့သည်။

သို့သော် ထိုသို့သော ကိစ္စမျိုးမှာ မိန်းကလေး၏ ဂုဏ်သတင်းနှင့် တိုက်ရိုက်ပတ်သက်နေပေရာ သူမအနေဖြင့် တိတိကျကျ အတည်မပြုသေးဘဲ ထုတ်မပြောနိုင်။ ထို့ကြောင့် မောင်းထွက်သွားပြီဖြစ်သည့် ကားကိုသာ ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေလိုက်သည်။

“နင်ရော မြင်လိုက်လား .. အဲဒီ့ လုံအိမ်က ကောင်မလေးကလေ တစ်ခုခုတော့ တစ်ခုခုပဲ ...””

ရုတ်ချည်းဆိုသလို အမျိုးသမီးကြီးများ အရပ်လေးမျက်နှာအနှံ့မှ ထွက်ပြောလာကာ တစ်ယောက်တစ်ပေါက် ဝေဖန်ကြတော့သည်။

“ငါလည်း အရင်ကတည်းက သတိထားမိနေတာ ဟိုရက်ပိုင်းကတောင် သူ့ကို ဝိတ်တက်လာတာလားလို့ မေးလိုက်သေးတယ် မနေ့ကလည်း ပန်းခြံလေးရဲ့ ထောင့်ထဲမှာ အန်နေတာ တွေ့လိုက်တယ်လေ ...”

“ဝိတ်တက်လာတာ မဟုတ်လောက်ဘူး အပြင်က ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရနေတာ နေမှာ ...”

အချို့အဒေါ်ကြီးများကမူ နားမလည်နိုင်ဟန်ပင်။

“ကျောက်ကျောက်က လိမ္မာတဲ့ ကလေးလေးပါ။ ဘယ်သူနဲ့မှလည်း လက်ပွန်းတတီးနေတာ မတွေ့ပါဘူး။ ပညာရေးပိုင်းမှာလည်း မဆိုးဘူး .. ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဗိုက်ကြီးသွားတာလဲ ..."

“မဟုတ်ဘူးလို့ ဘယ်သူပြောနေလို့လဲ ဒီဝင်းထဲ သူ့ကို မချီးကျူးဘူးတဲ့သူလို့ ရှိတောင် မရှိဘူး .. ဆိုးချင်ရင်တောင် ဆိုးနည်းပေါင်းစုံကို တစ်ပြိုင်တည်း သင်လာခဲ့လို့ မဖြစ်ဘူးလေ ဟုတ်တယ် မဟုတ်လား ...”

ထို့နောက် တစ်ယောက်က ပြီးခဲ့သည့် လဝက်က လုံကျောက်ကို တွေ့ခဲ့ဖူးသေးကြောင်း ဝင်ပြောလိုက်သည်။ ထိုစဉ်က သူမ၏ ဗိုက်မှာ ပြားချပ်နေဆဲပင်။ အမှန်တကယ် ကိုယ်ဝန်ရှိလျှင်ပင် တစ်လအတွင်း ဤမျှအထိ ဖောင်းကားလာစရာ မရှိပေ။

ချင်းရှန်းသည်လည်း ကိုယ်ဝန်ဆောင်ထားရသူ ဖြစ်ရာ မီးဖွားခါနီး သုံးလေးလအလိုအထိ ဤသို့ မြန်မြန်ကြီး ဗိုက်ပူမလာကြောင်း သိပေသည်။ အစောပိုင်းက တွေ့လိုက်သည့် လုံကျောက်ကျောက်၏ ဗိုက်မှာ ကိုယ်ဝန် လေးလပင် မကတော့သည့်အလားပင်။

တစ်ခဏမျှ စဉ်းစားနေပြီးနောက် ဂိတ်တံခါးဝသို့ ပြန်ထွက်လာလိုက်သည်။

လောင်ချန်းက သူမအနားသို့ လာကာ မေးလိုက်သည်။

“ဘယ်လိုလဲ .. သိခဲ့ရလား ...”

မူလက ချင်းရှန်း၏ အစီအစဉ်မှာ လုံဝမ်ထံ သွားမည့် အစီအစဉ် ပိတ်သွားလျှင်ပင် လုံမိသားစု၏ အကြီးအကဲများထံ ချဉ်းကပ်ကာ လန်ဟဲမြို့၏ လက်ရှိအခြေအနေကို ရှင်းပြပြီး သက်ကြီးပိုင်း၏ စာနာမှုကို ရယူကာ သူတို့အိမ်တွင် မျိုးစေ့တစ်မျိုးမျိုး ရှိလေမလား အကူအညီတောင်းကြည့်ရန် ဖြစ်သည်။ အထောက်အကူ ဖြစ်သည့် ကိစ္စမျိုး မဖြစ်ခဲ့လျှင်ပင် သုံးလေးကြိမ် မြင်တွေ့လာပါက လုံဝမ်၏ စိတ်ကူးလည်း ပြောင်းချင် ပြောင်းသွားနိုင်မည် ဖြစ်သည်။

ဆင်းရဲနေချိန်တွင် ကြီးမြတ်သယောင် လုပ်နေချိန် မရှိတော့။ သို့သော် ထိုအကြံအစည်မှာလည်း အလုပ်ဖြစ်ဟန်မတူ။

“ဒါဆိုလည်း ပြန်ပြီး ရှေ့လမှပဲ တစ်ခေါက် ပြန်လာရအောင်ပါ ...”

လောင်ချန်းက ကန့်ကွက်လိုက်သည်။

ချင်းရှန်းက ခေါင်းယမ်းပြလိုက်၏။ စိုက်ပျိုးသည့်ကိစ္စမှာ နောက်တစ်လ မဆိုထားနှင့် စက္ကန့်ပိုင်းပင် ဆက်ပြီး စောင့်မနေချင်တော့ချေ။

“စောင့်ကြည့်ရအောင်ပါ ...”

လုံကျောက်ကျောက်မှာ ကိုယ်ဝန်ရှိနေခြင်း မဟုတ်ဟုသာ သူမ၏ စိတ်ထဲတွင် ထင်မိနေပေသည်။

ချင်းရှန်း၏ တွက်ဆချက်မှာ အမှန်ပင် ဖြစ်သည်။ နေဝင်ချိန်တွင် လုံမိသားစုများ ပြန်လည်ရောက်ရှိလာ၏။ သူတို့၏ မျက်နှာအမူအယာမှာမူ သိသိသာသာ ထူးဆန်းနေသည်။ နာကျင်နေခြင်း၊ ရှက်ရွံ့နေခြင်းတို့ မရှိ၊ ထိုအစား စိတ်ဓာတ်ကျမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။

သူတို့ အိမ်ပြန်ရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ချန်းဖုရှန်းနှင့် ချင်းရှန်းတို့သည် စတိုးဆိုင်သို့ အပြေးအလွှားသွားကာ ဈေးနှုန်းအားဖြင့်လည်း ကြီးမြင့်သည့်အပြင် သက်ကြီးရွယ်အိုများနှင့် အထူး သင့်လျော်သော နူးညံ့အိစက်သည့် ပေါင်မုန့် နှစ်ကီလို ဝယ်ကာ ဘာမှ မသိလေဟန်ဖြင့် လာလိုက်ကြသည်။

တံခါးခေါက်လိုက်ပြီးနောက် အိမ်ထဲရှိ အသံများ ပိုပြီး တိတ်ဆိတ်သွားသည်။ “ဘယ်သူလဲ” ဟူသည့် မေးမြန်းသံတစ်ရပ်လည်း ထွက်ပေါ်လာ၏။ လောင်ချန်းက စိတ်ကို ဆုံးဖြတ်ကာ သူသည် ဒါရိုက်တာလုံနှင့် နေ့ခင်းပိုင်းက အလုပ်ကိစ္စ ပြောခဲ့သူဖြစ်ကြောင်း ပြောလိုက်သည်။

လုံဝမ်က တံခါးလာဖွင့်ပေးလိုက်၏။ သူ့ပုံစံမှာ သူမတို့နှစ်ဦးကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်နေမိသည့်ဟန်ပင်။ လောင်ချန်းကလည်း ဤအနီးအနားတွင် အလုပ်ကိစ္စရှိ၍ လာခြင်းဖြစ်ကာ လမ်း၌ ဒါရိုက်တာလုံ၏ ကားကို တွေ့လိုက်ရ၍ ဝင်လာခြင်းဖြစ်ကြောင်း ပြောလိုက်၏။ လုံဝမ်ကလည်း သူ၏ စိုးရိမ်စိတ်တို့ကို ဖုံးဖိကာ ဝင်ခွင့်ပေးလိုက်သည်။

အခန်းထဲတွင် ... လုံမိသားစုဝင်များအားလုံးမှာ စိတ်ညစ်ညူးနေကြသည့်တိုင် ဖော်ရွေပျူငှာစွာဖြင့် သူတို့ကို ရေနွေးငှဲ့ပေးလိုက်ကြသည်။ လုံကျောက်ကျောက်ကမူ ဧည့်ခန်းထဲတွင် ရှိမနေပေ။ အိပ်ခန်းတံခါးမှာလည်း တင်းကြပ်စွာ ပိတ်ထားသည်။

လောင်ချန်းမှာ ချင်းရှန်းလောက် မျက်နှာအရေမထူလှရာ နေရခက်လှသည့် အခြေအနေမျိုးတွင် စကားတစ်ခွန်းမှ မဆိုဘဲ ရေကိုသာ ငုံ့ပြီး သောက်နေလိုက်သည်။ သို့သော် ချင်းရှန်းကမူ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ် အမျိုးသမီးများနှင့် ပြောဆိုဆက်ဆံဖူးသည့် အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည့်အလျောက် လုံမိသားစု၏ အဘွားအိုနှင့် လုံဝမ်၏ ချစ်ဇနီးအား သူမကို သဘောတကျ ဖြစ်လာစေရန် အချိန်များစွာ မယူလိုက်ရချေ။

အချိန်ကိုက် ဖြစ်လောက်ပြီ ဆိုကာမှ သူမက စကားစလိုက်သည်။

“စောစောက ကျွန်မတို့တွေ အောက်ထပ်ကနေ တက်လာရင်းနဲ့ သိပ်မကောင်းတဲ့ ကောလဟာလတွေ ကြားခဲ့သေးတယ် ...”

အားနာပါတယ် အဒေါ်တို့ရေ အပြစ်ပုံချလိုက်ရတဲ့အတွက် ...

တုန့်ဆိုင်းကာ ထုတ်မပြောတတ် ဖြစ်နေသည့် အမူအယာကြောင့် ချက်ခြင်းဆိုသလို လုံမိသားစုဝင်များ မျက်နှာပျက်သွားကြတော့သည်။

“သူတို့က အကုန် ပေါက်တက်ကရတွေပဲ လျှောက်ပြောနေတာ ငါ့မြေးက ဘာကိုယ်ဝန်မှ ရှိနေတာ မဟုတ်ဘူး ...”

အလျင်အမြန် ငြင်းလိုက်ခြင်းက သူတို့ အသည်းအသန် ဖုံးကွယ်ထားသမျှကို ချပြလိုက်ရာ ရောက်သွားတော့သည်။ လောင်ချန်းက ချင်းရှန်း၏ သတ္တိကို လေးစားသွားရ၏။ ထိုအခါမှ သူလည်း အခြားသူများကို စကားပြောရဲလာတော့သည်။

သူကိုယ်တိုင်လည်း ချင်းရှန်း၏ ချဉ်းကပ်မှုကို သဘောတူပေသည်။ သူမ ပြောခဲ့သည့်အတိုင်းပင် .. သူမက လောင်ဝမ်၏ အကူအညီကို လိုချင်သည့် တစ်ကိုယ်ကောင်းဆန်သည့်သူ ဖြစ်သည့်တိုင် ...ငယ်ရွယ်သော မိန်းကလေးတစ်ဦး အလကားနေရင်း အပုပ်ချခံနေရသည်အား ရပ်ကြည့်နေခြင်းကို သူမ၏ ဆရာဝန်ကျင့်ဝတ်က ခွင့်မပြုချေ။

သူမက စပ်စုလိုဟန်ဖြင့် မေးလိုက်သည်။

“ကျွန်မလည်း ထင်တော့ မထင်မိပါဘူး။ လုံမိန်းကလေးကို တစ်ခါမှ မမြင်ဖူးဘူး ဆိုပေမယ့် ဒါရိုက်တာလုံက ရိုးသားဖြောင့်မတ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ထား လုံးဝ မရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လေ ဒီလိုလူက မွေးထားတဲ့ သမီးကလည်း သေချာပေါက်ကို လူကောင်း ဖြစ်မှာပေါ့ ...”

သူမက လုံမိသားစု၏ မျိုးရိုးစဉ်ဆက်ကို ချီးကျူးလိုက်ရာ လုံအဘွားအိုမှာ နားထောင်ရင်း သဘောတွေ့လာတော့သည်။

“ဒါနဲ့လေ ထူးဆန်းတာဆိုမှ ကျွန်မ ဆေးပညာသင်တုန်းက ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုအကြောင်း ဆရာက ပြောခဲ့ဖူးသေးတယ်။ အဲဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှာ ဖြစ်ခဲ့တာတဲ့ အဲ့တုန်းက ဆရာက ဆေးပညာ သင်ပေးနေတုန်းလေ တစ်ရက်ကျ မိန်းကလေးကျောင်းကနေ ကျောင်းထုတ်ခံရတဲ့ ကျောင်းသူတစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့ သူမရဲ့ ဗိုက်က သိသိသာသာကို ဖောင်းနေတော့ ကျောင်းဘက်က သူမကို ကျောင်းစည်းကမ်း ချိုးဖောက်တယ်ဆိုပြီး ကျောင်းထုတ်လိုက်တာ အဲ့ဒီ့ကျောင်းသူလေးဆို ၁၅ နှစ် ၁၆ နှစ်ပဲ ရှိဦးမယ်ထင်တယ် ...”

လုံမိသားစုမှာ မျက်နှာမကောင်းလှတော့။

ဒါ ငါတို့ကျောက်ကျောက်ရဲ့ ဇာတ်သိမ်းပိုင်း ဖြစ်တော့မှာလား ....

တစ်ဖက်တွင် မဒမ်လုံသည် မြေးမဖြစ်သူအတွက် အလွန် စိတ်ပူနေရသည့်တိုင် သိလိုစိတ်ကလည်း ဖြစ်နေဆဲပင်။

“အိုး .. နောက်တော့ ဘာဆက်ဖြစ်သွားလဲ ...”

“ကျောင်းက လူတွေ ပြောကြတာတော့ ကောင်မလေးက စားလည်း မစားနိုင် တစ်ချိန်လုံး ပျို့နေပြီး စားသမျှလည်း ပြန်အန်ထွက်နေတာတဲ့ ဗိုက်ကလည်း ရက်ပိုင်းအတွင်းမှာတင် သိသိသာသာကို ကြီးလာတော့ ကျောင်းရဲ့ အုပ်ချုပ်သူတွေက သူမကို ကိုယ်ဝန်ရှိနေတာလို့ပဲ ထင်ခဲ့ကြတာ။ သူ့ရဲ့ မိဘတွေက ကျွန်မဆရာကို လာရှာပြီး စမ်းသပ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိတာ မဟုတ်ဘူးဆိုပြီးပဲ တွေ့လိုက်ရတယ် ..."

လုံမိသားစုဝင်အားလုံး စိတ်ဝင်စားသွားကြ၏။

“တကယ်လား ...”

“တကယ်ပါ ကျွန်မဆရာက သူတို့ကို သူ ပြောတာ မယုံရင် ဟိုင်ချန်မှာရှိတဲ့ ဆေးရုံအထိ သွားပြီး စမ်းသပ်ကြည့်လို့ ပြောလိုက်သေးတယ်။ တကယ် သွားပြီး စစ်ဆေးကြည့်တော့လည်း ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးတဲ့ အကုန်လုံးက ကောလဟာလတွေ ဖြစ်နေတာ ...”

မစ္စစ်လုံ၏ မျက်နှာတွင် အပျော်များ ပြည့်လျှံသွားသည်။

'ဒါ .. သူမတို့အိမ်က ကျောက်ကျောက်ကလည်း ဒီအတိုင်းပဲ မဟုတ်လား။ အားလုံးက သူမကို ကိုယ်ဝန်ရှိလို့ ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်တာလို့ ပြောနေကြပေမယ့် ညတိုင်း အဘွားနဲ့ တစ်အိပ်ယာတည်း အိပ်တတ်တဲ့ ကျောက်ကျောက်က ဘယ်လိုလုပ် မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်မှာလဲ။ သူမရဲ့ မြေးမလေးလောက် နာခံတတ်ပြီး အပြုအမူကောင်းတဲ့သူ ရှိမှမရှိတာ .. သေအောင် ရိုက်သတ်ရင်တောင် ဒီစကား မယုံနိုင်ပါဘူး ... '

ထို့အပြင် နေ့ခင်းပိုင်းက ဆေးခန်းသို့ သွားပြခဲ့သေး၏။ ထိုစဉ်ကလည်း ဆရာဝန်က သူမမှာ ကိုယ်ဝန်ရှိနေခြင်း မဟုတ်ဟုပြောခဲ့သည်။ မြေးမလေး၏ ကျန်းမာရေးမှာ အထူးကောင်းမွန်လှ၏။ သို့သော် မည်သည့်အကြောင်းကြောင့် မစားနိုင်၊ မသောက်နိုင်၊ ပျို့အန်ကာ ဝမ်းဗိုက်တစ်ခုလုံး သိသိသာသာ ပူဖောင်းလာသည့် အကြောင်းကိုမူ မည်သူမှ ရှင်းမပြတတ်ကြချေ။

'ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့ပြီး သင့်တော်မှန်ကန်တဲ့ဆေး ညွှန်းပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်က .. ဘယ်နေရာက ပြဿနာ ဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိကြပေမယ့် သူ့မြေးမလေးက တစ်နေ့တစ်ခြား ပိုပိုပြီး မသက်မသာ ဖြစ်လာတာပဲ။ သူ့ဗိုက်က အခုထက်ပိုပြီး ကြီးကြီးလာရင် ဘယ်လိုလုပ်ကြမလဲ .. ဒီလိုသာဆို မြစ်ဝါမြစ်ထဲ ခုန်ချတောင် ဂုဏ်သတင်းကို သန့်စင်ပေးနိုင်တော့မှာ မဟုတ်ဘူး ...'

“ကျွန်မရဲ့ ဆရာက အရမ်းကို ထူးချွန်တဲ့ သမားတော်လေ သူမကို ဆေးတစ်ခွက်ပဲ ညွှန်းလိုက်တာ နောက်နေ့ကျ ဗိုက်က သိသိသာသာကို ချပ်သွားရော ...”

အားလုံး၏ အကြည့်များ ဝင်းလက်သွားသည်။

ဆေးတစ်ခွက်ပဲ သောက်ရုံပဲ ဟုတ်လား .. မဆိုးပါဘူး အလွန်ဆုံးမှ ဗိုက်အောင့်ပြီး ဝမ်းလျှောရုံထက် မဖြစ်လောက်ပါဘူး ....

လုံဝမ်က တစ်ခဏမျှ တုန့်ဆိုင်းသွားသည်။ သူသည်လည်း နုံအနေသူ မဟုတ်ရာ ရဲဘော်ရှောင်ချင်းနှင့် တစ်ခဏမျှသာ စကားပြောဖူးသေးသည့်တိုင် ထိုသူမှာ ရိုးရှင်းသူ မဟုတ်လှကြောင်း ခန့်မှန်းမိပေသည်။ သူမဘက်မှ ခိုင်လုံသည့် အကြောင်းအရင်း မရှိဘဲ ထိုဖြစ်ရပ်ကို အစဖော်လာလိမ့်မည် မဟုတ်ချေ။

“ဒေါက်တာချင် ... ကျွန်တော်နဲ့ ခဏလောက် လိုက်ခဲ့ပေးပါ ...”

သူက တစ်ကြိမ်ခန့် ကြိုးစားကြည့်မည်ဟူသည့် အတွေးဖြင့် ချင်းရှန်းကို သမီးဖြစ်သူ၏ အခန်းထဲသို့ ခေါ်လိုက်သည်။

လုံကျောက်ကျောက်က စားပွဲပေါ်တွင် ထိုင်ရင်း ခပ်တိုးတိုး ငိုနေသည်။ သူမ၏ မျက်နှာတစ်ခုလုံး ဖူးယောင်နေ၏။ မျက်နှာစိမ်းတစ်ယောက် ပါလာကြောင်း တွေ့လိုက်ရသည့်အခါ ငိုနေသည်ကို ရပ်ကာ နှုတ်ဆက်စကား ပြောလိုက်သည်။

“မင်္ဂလာပါ အစ်မ ...”

သူမ၏ ပြောဆိုပြုမူပုံမှာ အင်မတန် မွန်ရည်လှ၏။

“ငါ .. လုံဝမ်မင်... ဖုံးကွယ်မနေဘဲ တည့်တိုးပဲ ပြောလိုက်တော့မယ် အခုတလော ငါ့သမီးမှာ ထူးဆန်းတဲ့ ရောဂါတစ်ခု ခံစားနေရတာ အဲဒါ စောစောက ဒေါက်တာချင်း ပြောသွားတဲ့ လူနာနဲ့ တော်တော်လေး ဆင်တူနေလို့ သူမကိုလည်း တစ်ချက်လောက် စစ်ဆေးကြည့်ဖို့ အကူအညီ တောင်းချင်လို့ပါ .. တကယ်လို့ မှန်ခဲ့ရင် ဒီကျေးဇူးကို တစ်သက် မမေ့ပါဘူး ...”

သူက သိုင်းလောကသားများ အရိုအသေပြုသည့် လက်ဟန်ဖြင့် ပြောလိုက်သည်။

ချင်းရှန်းလည်း ယဉ်ကျေးမနေတော့။ လုံကျောက်ကျောက်၏ လက်ကို လှမ်းဆွဲကာ သွေးကြောကို စမ်းသပ်လိုက်သည်။

ထို့နောက် မျက်မှောင်ကြုတ်လိုက်မိ၏။

အစပိုင်းကတည်းက သူမသည် လုံကျောက်ကျောက်၌ ကိုယ်ဝန်ရှိနေသည်ဟူသည့် စကားကို အယုံအကြည် မရှိခဲ့။ လုံမိသားစု၏ ပညာတတ် ပီသမှု၊ လုံကျောက်ကျောက်၏ မွန်ရည်သိမ်မွေ့မှုတို့က သူမ၏ သံသယစိတ်ကို ထပ်မံပြီး သက်သေပြခဲ့သည်။ သို့သော် ဤကဲ့သို့ ကြီးမားလှသည့် ဝမ်းဗိုက်မှာ လေထဲမှ ရုတ်တရက် ထွက်လာခြင်း မဟုတ်တန်ရာ။ သားဖွားမီးယပ် သို့မဟုတ် အစာခြေစနစ် တစ်ခုခုတွင် အကြိတ် ဖြစ်နေသောကြောင့် ဖြစ်ရမည်ဟု မှန်းဆထားခဲ့သည်။ ဝမ်းချုပ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းကြောင့် ဖောယောင်ခြင်းလေလားဟုပင် တွေးမိခဲ့သေး၏။

သို့သော် လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်လိုက်သည့်အခါ .. ထိုခန့်မှန်းချက်များနှင့် လုံးဝဥဿုံ ကွဲလွဲနေတော့သည်။

ဝမ်းချုပ်သည်ဆိုသည့် အချက်မှာလည်း ဤမျှအထိ အချိန်အကြာကြီး ဖြစ်နိုင်ဖွယ်မရှိ။ ထို့အပြင် လုံဝမ်တို့မှာ လင်မယားနှစ်ဦးစလုံး အလုပ်ကိုယ်စီ ရှိသူများ ဖြစ်ကြကာ လုံကျောက်ကျောက်သည် တစ်ဦးတည်းသောသမီး ဖြစ်သည့်အတွက် သူမ၏ စားဝတ်နေရေး အခြေအနေမှာ သာမန်ထက်ပင် ပိုမိုကောင်းမွန်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် အာဟာရ ပြတ်လပ်သည်မှာလည်း မဖြစ်နိုင်။

“ဘာဖြစ်လို့လဲ ...”

သူမ၏ အမူအယာကို မပြတ်တမ်း အကဲခတ်နေသည့် လုံဝမ်မှာ ဇောချွေးများ ပြန်လာတော့သည်။

ချင်းရှန်းက သူ့မေးခွန်းကို မဖြေဘဲ နောက်တစ်ခု ပြန်မေးလိုက်သည်။

“ဆေးရုံကို သွားပြတော့ အဲဒီက ဘာပြောလိုက်လဲ ...”

“ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူး အကြိတ်လည်း မရှိဘူးတဲ့ ...”

သားဖွားမီးယပ်ဆရာဝန်၏ သီးသန့် ဆွေးနွေးချက်အရ လုံကျောက်ကျောက်၏ မိန်းမကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေဆဲပင်။ ထို့ကြောင့် ကျောက်ကျောက်အား မှားယွင်းအပြစ်တင်မိခြင်းအပေါ် သူတို့ တစ်မိသားစုလုံး နောင်တရခဲ့ကြရသေးသည်။

ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစကားမှာ အမှန်ပင်။ ထို့နောက် သွေးကြောများ၏ လားရာအတိုင်း စစ်ဆေးရင်း အဓိကအချက်ကို ရှာတွေ့သွားတော့သည်။

“ပြီးခဲ့တဲ့နှစ်လအတွင်း ရှင်တို့တွေ တောင်ပိုင်းက ပူနွေးစိုစွတ်တဲ့ ဒေသေတွေကို သွားခဲ့ဖူးသေးသလား ...”

လုံဝမ်က ကြောင်အသွား၏။

“ဟုတ်သားပဲ ပြီးခဲ့တဲ့ နှစ်လကျော်လောက်က တောင်ပိုင်း ဖုကျန်းကို သွားခဲ့သေးတယ် ...”

“အဲဒီ့မှာ အပူရှပ်ခဲ့သေးလား ...”

အပူရှပ်ခြင်းမှာလည်း အအေးမိခြင်းတစ်မျိုးပင် ဖြစ်သည်။

လုံဝမ်က ခေါင်းငြိမ့်ပြလိုက်သည်။

“မေးပါရစေ ဒီအကြောင်းတွေကို ဒေါက်တာချင်း ဘယ်လိုလုပ် သိတာလဲ ...”

ကျောက်ကျောက်က သူ မင်နန်ခရိုင်သို့ အလုပ်ခရီး ထွက်ရာ၌ လိုကလာခဲ့ဖူးသည်။ ကလေးတိုင်းကလည်း မိသားစု ခရီးသွားကြသည့်အချိန် ဖြစ်ပေရာ သူက ထိုအကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ကာ လိုက်ပြောမနေခဲ့။ ဆေးဝါးစက်ရုံ၌ပင် သူနှင့် အရင်းနှီးဆုံး လက်ထောက်နှစ်ဦးသာလျှင် ထိုအကြောင်းကို သိခဲ့သည်။ ထိုသူတို့ကလည်း လူတကာကို လျှောက်ပြောမည့်သူများ မဟုတ်ကြရာ ချင်းရှန်းအဖို့ သိနိုင်ရန် အကြောင်း မရှိပေ။

“လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်ရင်း သိတာပါ ...”

ချင်းရှန်းက ဆက်ပြီး မေးလိုက်သည်။

“ပြန်လာပြီးနောက်ပိုင်း ရေငတ်သလို ခံစားရလို့ ရေ ပိုပိုပြီး သောက်ဖြစ်ခဲ့တယ် မဟုတ်လား...”

“ဟုတ်ပါတယ် ...”

“မှန်လိုက်တာာ ..."

သားအဖနှစ်ယောက်စလုံး တစ်ညီတစ်ညာတည်း ပြောလိုက်ကြသည်။ ကျောက်ကျောက်သည် ယခင်ကတည်းက ရေသောက်နည်းခဲ့သူ ဖြစ်သည်။ အမှန်တကယ် ရေဆာချိန် ရောက်မှသာ ထသောက်တတ်သူ ဖြစ်၏။ တစ်နေ့လျှင် ရေ ၅၀၀ ml ထက်ပိုပြီးလည်း သောက်လေ့မရှိ။ သို့သော် တောင်ပိုင်း ဖုကျန်းမှ ပြန်လာကတည်းက အမြဲလိုလို ရေဆာနေတတ်ကာ မကြာခဏ ရေထသောက်တတ်သည်။ ရေမသောက်မိသည်နှင့်တစ်ပြိုင်နက် နေရထိုင်ရ ခက်လာကာ တစ်နေ့လျှင် ၂၀၀၀ မှ ၃၀၀၀ ml အထိ သောက်ဖြစ်ခဲ့၏။

လုံဝမ်၏ ချင်းရှန်းကို ကြည့်သည့် အကြည့်တို့တွင် မယုံနိုင်မှုနှင့် အထင်ကြီးမှုတို့ ရောယှက်ပါဝင်လာတော့သည်။ မူလက သူသည် “မြင်းသေကို သက်ရှိသမားတော်ဖြင့် ကုသသည်” ဟု နှလုံးသွင်းကာသာ စမ်းသပ်စေခဲ့ခြင်း ဖြစ်သည်။ သူမက ဆေးသောက်ရန် မလို၊ အရည်တစ်မျိုး သောက်လျှင် ရသည်ဟု ပြောခဲ့ရာ မသက်သာလျှင်ပင် ပိုပြီး ဆိုးနိုင်ဖွယ်မရှိဟု သဘောထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု သူမ၏ ပြောဆိုပုံများအရ ယခင် ပြောခဲ့သည်များမှာ ကြွားလုံးထုတ်ခြင်း မဟုတ်တန်ရာ။ သူ့အလုပ်၏ သဘောသဘာဝကြောင့် အမျိုးမျိုးသော တိုင်းရင်းဆေးသမားတော်များနှင့် တွေ့ကြုံခဲ့ဖူးသည်။ သို့သော် မည်သူကမှ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ရုံမျှဖြင့် ဤမျှ မှော်ဆန်သော ကောက်ချက်မျိုး မချနိုင်ခဲ့ကြပေ။ ဤ လူငယ်သမားတော်လေးမှာ တစ်ခုခုတော့ တစ်ခုခုပဲဟု တွေးလိုက်မိ၏။

“ရေဆာတာအပြင် ပူအိုက်နေတာမျိုးလည်း ဖြစ်သေးတယ် မဟုတ်လား ...”

လုံကျောက်ကျောက်က အရူးအမူး ခေါင်းငြိမ့်ပြလိုက်သည်။ နောက်ဆုံးတွင်တော့ သူမ မည်မျှ နေရခက်ခဲ့ရကြောင်း သဘောပေါက်နိုင်သူတစ်ဦး ရှိလာပြီ ဖြစ်၏။

အစောပိုင်းက အင်္ကျီဝတ်လျှင် ပူသည်ဟု ပြောချိန်တိုင်း အဘွားနှင့် အမေတို့က သူမကို ငေါက်ငမ်းခဲ့ကြသည်။ အပူချိန် တိုင်းကြည့်လျှင်လည်း အဖျား မရှိသည့်အတွက် သူမကိုယ်တိုင်လည်း ရှင်းမပြတတ်တော့။ အမေက သူမကို စိတ်ပျက်မိသည်ဟု ပြောကာ ဤကဲ့သို့သော အလိမ်အညာမျိုး ပြောတတ်အောင် ဘယ်နေရာက သင်လာခဲ့သလဲဟုပင် မေးခဲ့သေးသည်။

“တစ်ကိုယ်လုံး ပူနေပေမယ့် ခြေတွေလက်တွေကတော့ အေးနေတာ အထူးသဖြင့် ခြေဖျားလက်ဖျားတွေ ပြီးတော့ ချွေးအေးတွေလည်း ထွက်တယ် ဟုတ်တယ် မဟုတ်လား ...”

လုံကျောက်ကျောက်က အားတက်သရော ပြောလိုက်သည်။ သူမ၏ မျက်နှာတစ်ပြင်လုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာ၏။

“ဟုတ်တယ် ဟုတ်တယ် ...”

သူမ၏ မိသားစုကိုလည်း တစ်ကိုယ်လုံး ပူကာ ခြေဖျားလက်ဖျားများသာ အေးနေသည့်အကြောင်း ပြောခဲ့ဖူးသော်ငြား မည်သူကမှ သူမ၏ စကားကို မယုံ။ လူတစ်ယောက်က ဘယ်လိုလုပ် ပူတာနဲ့ အေးတာ တစ်ပြိုင်တည်း ဖြစ်မှာလဲဟုသာ ပြောခဲ့ကြသည်။

နောက်ပိုင်း၌ မခံနိုင်လွန်း၍ ငိုယိုတောင်းပန်ရသည့်အဆင့်အထိပင် ရောက်သွားခဲ့သည်။ ကျောင်းမသွားတော့ဟုပင် ခြိမ်းခြောက်ခဲ့သည့်အတွက် သူမကို ဆေးရုံသို့ ခေါ်သွားပေးကာ ဆေးစစ်ခဲ့ကြသည်။ သို့သော် ရောဂါတစ်ခုမှ မတွေ့ရခဲ့ပေ။

All Chapters