Chapter 59
Vol. 5 Ch. 59
ပူသည်ဟု မကြာခဏ ငြီးတွားသည့်အတွက် ကြိမ်ဖန်များစွာ အဖျားတိုင်းပေးခဲ့ကြသည်။
ခြေဖျားလက်ဖျားများ အေးနေသည်ဟု ပြောသော်ငြား သူမ၏ ကိုယ်အပူချိန်နှင့် အသားအရောင်မှာ ပုံမှန်ပင်။ ခြေချောင်းလက်ချောင်းများအား ကျုံ့ရာဆန့်ရာ၌လည်း အခက်တွေ့ဟန် မရှိခဲ့။
ဆေးစစ်ချက် အနည်းငယ် ပြုလုပ်အပြီးတွင် သူမ၏ မိဘများက လုံကျောက်ကျောက်အား ကျောင်းမသွားချင်၍ နေမကောင်းဖြစ်ဟန်ဆောင်ကာ လိမ်ညာနေသည်ဟု သံသယဝင်စ ပြုလာကြသည်။ ဖခင်ဖြစ်သူက သူမကို ကြိမ်ဖန်များစွာ ဒေါသဖြစ်ခဲ့သည့်အတွက် နောက်ပိုင်းတွင် မည်သူ့ကိုမှ ရှင်းရှင်းလင်းလင်း ပြောမပြနိုင်တော့ပေ။
သမီးဖြစ်သူ၏ အမူအယာကို အကဲခတ်နေသည့် လုံဝမ်မှာလည်း သူမ၏ တုန့်ပြန်မှုအရ ချင်းရှန်း ပြောသွားသည်များ အားလုံးမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ စင်စစ်အားဖြင့် ထိုကလေးသည် သူ့အား ထိုထူးဆန်းသည့် လက္ခဏာအကြောင်း မကြာခဏ ပြောခဲ့ဖူးသည်။
မိခင်နှင့် ဇနီးကလည်း စိုးရိမ်သောက ရောက်နေကြသည့်အတွက် ဆေးစစ်ရန် ခေါ်သွားပေးခဲ့သော်လည်း မည်သည့်ရောဂါမှ မတွေ့ရပေ။ သူကိုယ်တိုင်ကလည်း အလုပ်များသူ ဖြစ်ပေရာ ဇနီးဖြစ်သူ၏ အတွေးနှင့် တူညီစွာပင် သူ့သမီးသည် ကျောင်းမသွားချင်၍ ဉာဏ်များနေသည်ဟုသာ ကောက်ချက်ချမိတော့သည်။
သို့သော် ဤသည်မှာ မိသားစုတွင်း ပြဿနာ ဖြစ်သည်ဟုသာ တွေးခဲ့ကြသည့်အတွက် မည်သူ့ကိုမှ ထုတ်မပြောခဲ့ကြ။ ထို့ကြောင့် ချင်းရှန်းအနေဖြင့် အခြားသူများမှတစ်ဆင့် ကြိုစုံစမ်းထားရန် မဖြစ်နိုင်ချေ။
ထိုအချက်များက ချင်းရှန်းသည် ကျောက်ကျောက်၏ ရောဂါလက္ခဏာအားလုံးအား လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ခြင်းဖြင့် သိသည်ဟူသော အချက်မှာ မှန်ကန်ကြောင်း သက်သေပြနေတော့သည်။
ဤသည်မှာ သူ နားမလည်နိုင်လောက်သည့် ခက်ခဲနက်နဲသော စမ်းသပ်နည်းတစ်ရပ် ဖြစ်ပေလိမ့်မည်။ အစောပိုင်းက သံသယဝင်ခဲ့မိသည်များကို တွေးကာ သူမအပေါ် အားနာမိသွားတော့၏။
ဆရာသခင်တွေက သာမန်လူတွေရဲ့ ကြားထဲမှာ ပုန်းအောင်းနေကြတာပဲ ... ပြီးတော့ ဘိုးဘေးတွေကလည်း ငါ့ဆုတောင်းကို မျက်ကွယ်ပြုမထားကြဘူးပဲ ...
ချင်းရှန်းက သူ့အမူအယာ ပြောင်းလဲသွားမှုကို မမြင်ခဲ့။ သို့သော် သဘောထား ပြောင်းလဲသွားမှုမှာမူ သိသာမြင်သာလှပေသည်။ ယခုမူ သူမသည် ထို “ကိုယ်ဝန်” ဟူသည်မှာ စင်စစ်အားဖြင့် တောင်ပိုင်းသို့ ရောက်စဉ်က ကြုံတွေ့ခဲ့ရသည့် အပူနှင့် စိုထိုင်းမှုကြောင့် ယိုယွင်းခဲ့ရသည်များ ခန္ဓာကိုယ်ထဲမှ ပျောက်ကွယ်မသွားနိုင်ခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။
“ကျွဲခူရယ်၊ ဖရဲသီးနဲ့ ကြာစွယ်ရယ် ပြီးတော့ မုန်လာဥအဖြူရယ် ရနိုင်မလား ...”
“တိုက်ဆိုင်လိုက်တာ မနေ့ကမှ ကျွဲခူနဲ့ ဖရဲသီးတွေ ဝယ်ထားတာဆိုတော့ အိမ်မှာ ရှိသေးတယ် ...”
မစ္စစ်လုံက ချက်ခြင်း ဝင်ပြောလိုက်သည်။ သူမသည် တံခါးဝမှ ကြည့်နေသူ ဖြစ်သည့်အတွက် ချင်းရှန်း၏ “နတ်ဆေးသမားတော်အလား သိမြင်နိုင်မှု” ကို မျက်မြင်ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။ ယခင်ကတည်းက သူမသည် ခေါင်းကိုက်ဝေဒနာကြောင့် တိုင်းရင်းဆေးကို စဉ်ဆက်မပြတ် သုံးစွဲခဲ့သူဖြစ်ရာ ယခုမူ ပို၍ပင် ယုံကြည်လာတော့သည်။ သူက ချွေးမဖြစ်သူအား အပြင်ထွက်ကာ ကြာမြစ်နှင့် မုန်လာဥဖြူ ဝယ်ခိုင်းလိုက်သည်။
“ဒေါက်တာရှောင်ချင်း နောက်ထပ်ရော ဘာလိုသေးလဲ တစ်ခါတည်း ဝယ်လိုက်ရအောင်လို့လေ ...”
ရှောင်ချင်းက တစ်ခဏမျှ တွေးလိုက်သည်။
“ကွမ်းသီးရော ရှိလား ...”
“အဲဒါ ဘာလဲ ...”
အမျိုးသမီးကြီးက ဝေဝါးစွာဖြင့် မေးလိုက်သည်။
မွေးကတည်းက ရှစ်လန်တွင် ကြီးပြင်းလာသူ ဖြစ်သည့်အလျောက် ကွမ်းသီးကို တစ်ခါမျှ မကြားဖူးခြင်းမှာ မထူးဆန်းလှချေ။ ချင်းရှန်းက အခြား အစားထိုးသုံး၍ရသည့် ပစ္စည်းတစ်ခုခုကို ပြောတော့မည့်အချိန်တွင် လုံဝမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“ရှိတယ် ...”
ပြီးခဲ့သည့်အခေါက် သူ ကွမ်တုံးခရိုင်သို့ ခရီးသွားစဉ်က ထိုဒေသရှိ အရောင်းဒါရိုက်တာက သူ့ကို ကွမ်းသီးတစ်အိတ် ပေးခဲ့ဖူးသည်။ ၎င်းတို့ကို ကျွန်းပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ကာ ပိုးသတ်နိုင်ခြင်းနှင့် အေးမြစေသည့် အစွမ်းသတ္တိများ ပါရှိသည်ဟု ပြောခဲ့ဖူး၏။ ထိုပစ္စည်းများအား မည်သို့ သုံးသင့်ကြောင်း ထိုစဉ်က မသိခဲ့သည့်အတွက် အထုပ်လိုက်အတိုင်းသာ သိမ်းထားခဲ့ရသည်။
ချင်းရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို လုံလောက်ပါပြီ ...”
မစ္စစ်လုံက သေချာအောင် နောက်တစ်ကြိမ် ပြန်မေးလိုက်ပြန်သည်။
“ဆေးပစ္စည်းတွေက ဒါဆို လုံလောက်ပြီလားဟင် ...”
“လုံလောက်ပါပြီ ဆေးပစ္စည်းထက် အာနိသင်က ပိုပြီး အရေးပါတယ်လေ ...”
ချင်းရှန်းက လုံကျောက်ကျောက်ကို ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။
“မင်းမှာ ဖြစ်နေတာက ထူးဆန်းတဲ့ ရောဂါကြီးတော့ မဟုတ်ပါဘူး တကယ်တမ်း ပြောရရင် ခန္ဓာကိုယ်ထဲက တေဇောဓာတ်တွေ အပြင်ကို မထွက်နိုင်လို့ အတွင်းပိုင်းအင်္ဂါတွေကို လိုက်ပြီး ဒုက္ခပေးတဲ့ သဘောပါပဲ အဲဒီ့ဓာတ်တွေကို ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် ဗိုက်လည်း တစ်ဖြည်းဖြည်း ပြန်ချပ်လာပြီး ပျို့တာအန်တာတွေ အကုန် ပျောက်ကင်းသွားလိမ့်မယ် ..."
“တ .. တကယ်ပြောတာလား ...”
သူမက ဗိုက်ကို ကိုင်ကာ အံ့ဩတကြီး မေးလိုက်သည်။
ပြန်ပြောနေရန်ပင် မလိုလှ။ အိမ်ပြန်လမ်းတစ်လျှောက် အဘွားနှင့် မိခင်ဖြစ်သူတို့ တရစပ် ငိုကြွေးခဲ့ကြသည်မှာ သူမဘဝတစ်ခုလုံး ပျက်စီးသွားတော့မည့်အလားပင်။
ထိုတစ်ခဏ၌ သူမကိုယ်သူမ သတ်သေလိုက်ရလေမလား ဟူသည့် အတွေးများပင် တွေးမိခဲ့သေးသည်။ သူမသာ သေသွားခဲ့ပါလျှင် ... နာမည်ပျက် ရှိတော့မည် မဟုတ်ဟု တွေးမိခဲ့၏။ သို့သော် သူမသည်လည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်ပေရာ သေခြင်းတရားကို မကြောက်ဘဲမနေ။
ယခု .. သူမထက် တစ်နှစ်၊ နှစ်နှစ်ခန့်သာ ပိုကြီးမည့် အစ်မကြီးက သူမကို ရောဂါကြောင့် သေမည်လည်း မဟုတ်၊ ဂုဏ်သတင်းလည်း ပျက်ယွင်းလိမ့်မည်မဟုတ်သည့်အပြင် ယခင်ရုပ်ရည်ကိုလည်း ပြန်ရနိုင်မည်ဟု ပြောလာသည့်အခါ ... ကိုယ့်နားကိုပင် မယုံနိုင်တော့ချေ။
မကြာမီ မုန်လာဉဖြူနှင့် ကြာစွယ် သွားဝယ်သည့် မစ္စစ်လုံ ပြန်ရော်လာ၏။ ချင်းရှန်းက ၎င်းတို့အား အခွံနွှာပေးရန် ပြောကာ ကျွဲခူ၊ ဖရဲသီး၊ ကြာစွယ်နှင့် မုန်လာဥဖြူတို့အား အရည်ညှစ်၍ ကွမ်းသီးခွံကို အမှုန့်ကြိတ်ကာ ရောထည့်လိုက်သည်။
အနံ့မှာ သဘောကျစရာ မရှိ၊ အရသာမှာလည်း ထူးကဲကောင်းမွန်မနေပေ။ သို့သော် လုံကျောက်ကျောက်ကမူ စောဒက တက်မနေအား။ ကွမ်းသီးမှုန့်နှင့် အမျိုးမျိုးသော အရည်များ ရောထည့်ထားသည်ကို ပန်းကန်လုံးနှစ်လုံး ဆက်တိုက် သောက်လိုက်သည်။ ထို့နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအလား ပျို့လာကာ လေချဉ်လည်း တက်လိုက်သေး၏။
ချင်းရှန်းက သူမကို တားလိုက်သည်။
“မသောက်နဲ့တော့ အများကြီး သောက်ရင် မခံနိုင်ဘဲ နေလိမ့်မယ် ...”
သူမ၏ စကား အဆုံးတွင် လုံကျောက်ကျောက်၏ ဝမ်းဗိုက်ဆီမှ မိုးခြိမ်းသံအလား ကျယ်လောင်သည့် အသံတို့ ထွက်ပေါ်လာတော့၏။ သူမ၏ မျက်နှာတစ်ပြင်လုံး နီရဲသွားကာ အင်္ကျီအနားကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ခေါင်းပင် ဖော်မလာရဲတော့။
သို့သော် နောက်တစ်စက္ကန့်အကြာတွင် သူမ၏ အမူအယာ ပြောင်းလဲသွားပြန်၏။
“ဝမ်းသွားချင်လာပြီ ...”
“သွားလိုက် ...”
ချင်းရှန်းက သူမ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ ခန္ဓာကိုယ်ထဲတွင် ကပ်နေသည့် တေဇောဓာတ်များအား စွန့်ထုတ်ရန် လိုအပ်ကာ ဝမ်းသွားလိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
သူမက အာနိသင်ရှိသည့် ဆေးများသည် သောက်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်ပေါ်တွင် တုန့်ပြန်ချက်တစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာစေသည်ဟု အခိုင်အမာ ယုံကြည်ထားသူ ဖြစ်သည်။ အချို့က ဝမ်းသွားကာ အချို့က ဆီးသွားကြသည်။ ဆေးသောက်ပြီးကာမှ အစာစားချင်စိတ် ပိုများလာတတ်သူများလည်း ရှိသေး၏။ ထိုတုန့်ပြန်ချက်အားလုံးမှာ ဆေး၏ လှုံ့ဆော်မှုကြောင့် အလိုလို ထွက်ပေါ်လာသည့် ခန္ဓာကိုယ်၏ တုန့်ပြန်ချက်များ ဖြစ်ပေသည်။
၎င်းကို မြွေ၊ ကင်းမြီးကောက်များအား ကြောက်သကဲ့သို့ ကြောက်နေရန် မလိုအပ်ချေ။
လုံဝမ်က ချင်းရှန်းနှင့် လောင်ချန်းအား ဧည့်ခန်းထဲတွင် လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ကာ သူကိုယ်တိုင်ပင် ဖျော်သောက်ရန် နှမြောလှသည့် လုံကျင်းလက်ဖက်ခြောက်ဖြင့် ဧည့်ခံလိုက်သည်။ လုံအဘွားကလည်း ကိတ်ခြောက်များဖြင့် တည်ခင်းလာ၏။
“အရင်ဆုံး အစာပြေ စားထားလိုက်ကြပါဦး .. ညနေအထိနေနော် ကျောက်ကျောက်ရဲ့ အမေကို ဈေးသွားဝယ်ခိုင်းလိုက်ဦးမယ် ...”
ချင်းရှန်းနှင့် လောင်ချန်းက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့အဖို့ အကြာကြီး ဆက်နေရန် အဆင်မပြေ။ အိမ်တွင် သို့သို့ ကျန်နေခဲ့သည့်အတွက် ချင်းရှန်းက ကိစ္စများကို မြန်မြန် လက်စသတ်ကာ ပြန်လိုသည်။
သို့သော် မစ္စစ်လုံက ချက်ခြင်း ထွက်သွားသည့်အတွက် သူမကို မတားလိုက်နိုင်။ လောင်ချန်းက သက်ပြင်းချကာသာ ပြောလိုက်တော့သည်။
“မန်နေဂျာလုံ စေတနာကိုပဲ ကျေးဇူးတင်ပါရစေ ... ကျွန်တော်တို့ ရုံးမှာလည်း အရေးကြီးကိစ္စလေး ရှိနေလို့ပါ ...”
လုံဝမ်က မည်သည့်ကိစ္စ ရှိနေသလဲဟု မေးလိုက်သည်။ လောင်ချန်းက စိတ်မကောင်းဖြစ်နေသည့် အမူအယာဖြင့် လက်ရှိအခြေအနေအားလုံးကို ရှင်းပြလိုက်သည်။ အဓိကအကြောင်းအရင်းမှာ သူ့အား လမ်းညွှန်ပေးမည့်သူဟူ၍ မည်သူမှ မရှိ။ မြစ်ကိုဖြတ်ရန် လူအနည်းငယ်ကိုသာ အားကိုးနေရသည်။ အချိန်အကြာကြီး စောင့်ဆိုင်းနေသည့်တိုင် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာမတွေ့သေးပေ။ သူတို့သာ တိုင်းရင်းဆေးပင်များ၏ မျိုးစေ့များ မရခဲ့ပါလျှင် စိုက်ပျိုးနိုင်တော့မည် မဟုတ် ... အစရှိသဖြင့် အိတ်သွန်ဖာမှောက် ပြောပြလိုက်သည်။
ထိုစကားများမှာ မနက်က ပြောခဲ့သည်နှင့် အတူတူပင်။ သို့သော် ယခုတစ်ကြိမ် ပြောသည်များမှာ လုံဝမ်၏ စိတ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေတော့သည်။
မနက်ခင်းက ငါ ဘာတွေ လုပ်နေခဲ့မိတာလဲ ... ဒီ လန်ဟဲမြို့ရဲ့ ကျန်းမာရေးစင်တာ အသေးလေးက လူတော်တွေနဲ့ ပြည့်နှက်နေတာပဲ ...
အရည်အချင်းရှိသူကို တန်ဖိုးထား၍ပဲလား ကျေးဇူးတရားကို ပြန်ပေးဆပ်လို၍လားတော့ မသိ၊ သူက လောင်ချန်းတို့အား မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီလေ ကျွန်တော့်မှာ အသိတစ်ယောက် ရှိတယ် ခဏလောက် စောင့်ကြပါဦး ...”
ထို့နောက် ဆိုဖာပေါ်မှ ထကာ ဖုန်းအဖြူရောင်ကို ကောက်ကိုင်လိုက်သည်။
ချင်းရှန်းက နားစွင့်နေလိုက်၏။ လုံဝမ်က တစ်ဖက်လူနှင့် အလ္လာပသလ္လာပ စကားများ ဆိုကာ ထို့နောက်တွင် ချင်းရှန်း၏ ထူးချွန်မှုကို ပြောပြလိုက်သည်။ တစ်ဖက်လူက နှစ်စက္ကန့်ခန့် တုန့်ဆိုင်းနေပြီးနောက် တစ်ခုခု ပြန်ပြောလိုက်၏။ လုံဝမ်က ထပ်တလဲလဲ ခေါင်းငြိမ့်ကာ နောက်ရက်တွင်မှ မရီး၏ ဟင်းချက်လက်ရာကို လာစားဦးမည်ဟု ပြောပြီး ဖုန်းချလိုက်သည်။
ပြောသွားသည့် စကားများအရ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည့်ဟန်ပင်။
“ပြီးသွားပြီ ... လောင်ကျုံးက ကူညီပေးလိမ့်မယ် ...”
“အဲဒါက ဘယ်သူလဲ မသိဘူး ...”
“မိတ်ဆွေဟောင်းတစ်ယောက်ပါ အရင်ကတော့ ရှစ်လန်ခရိုင်ရဲ့ တိုင်းရင်းဆေးကောလိပ်က ပါမောက္ခတစ်ယောက်ပေါ့ နောက်ပိုင်းကျ ရုက္ခဗေဒဌာနကို ပြောင်းရွှေ့လိုက်ရတယ် .. သူက ငါတို့ခရိုင်ရဲ့ ဝိသေသလက္ခဏာ ဖြစ်တဲ့ တိုင်းရင်းဆေးပင်တွေ စိုက်ပျိုးရေးအကြောင်း သုတေသန လုပ်နေတာဆိုတော့ မင်းတို့ လိုအပ်တာနဲ့ ကွက်တိပေါ့ ...”
“ကောင်းလိုက်တာ ...”
ချင်းရှန်းက ဝမ်းသာလုံးဆို့ကာ ထခုန်လုမတတ် ဖြစ်သွားတော့သည်။ ဝါရင့်ကျွမ်းကျင်ပညာရှင်၏ အကူအညီကိုသာ ရမည်ဆိုပါလျှင် ဆေးစိုက်ခင်း ဧက ၃၀ မှာ အသေးအဖွဲသာ ဖြစ်သွားပေတော့မည်။ လုံဝမ်၏ အကူအညီက ဤနေရာတွင် ရပ်မသွား။
“ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့မှာ အစောပိုင်းက မင်းတို့ ပြောသွားတဲ့ တိုင်းရင်းဆေးမျိုးစေ့တွေ ရှိနေတယ်တဲ့ အရင်ဆုံး မင်းတို့တွေ လိုချင်တဲ့ ပမာဏနဲ့ ဈေးနှုန်းကို စဉ်းစားလိုက်ကြပေါ့ အားလုံး အဆင်သင့် ဖြစ်သွားပြီ ဆိုတာနဲ့ ပို့ပေးလိမ့်မယ် ...”
ချင်းရှန်းမှာ နှစ်ထပ်ကွမ်း ပျော်ရွှင်သွားသည်။
“ကျေးဇူးတင်ပါတယ် မန်နေဂျာလုံ ...တကယ်ကို ကျေးဇူးတင်ပါတယ် ...”
“ငါကမှ ကျေးဇူးတင်ရမယ့်လူပါ ...”
ချင်းရှန်းကလည်း လုံကျောက်ကျောက်၏ အခြေအနေကို ထိန်းညှိပေးနိုင်မည့် နောက်ထပ် ဆေးညွှန်းနှစ်မျိုးကို ထပ်ပြောပြလိုက်သည်။
“နောက်ထပ် နှစ်ရက်လောက် ဒီအရည်လေးမျိုးကို ရောပြီး တိုက်ပေးပါ သန်ဘက်ခါကနေစပြီး ဆန်ပြုတ် သောက်လို့ ရပြီ ကျန်တဲ့ဆေးကိုတော့ ညွှန်းထားတဲ့အတိုင်းပဲ လဝက် သောက်ပေးပါ ပြီးမှ ညာဘက်ခြမ်းက ဆေးညွှန်းကို ပြောင်းပေး တကယ်လို့ တစ်ခုခု သိချင်တာရှိရင် ကျွန်မကို ဆက်သွယ်လို့ ရပါတယ် ..."
ထို့နောက် ကျန်းမာရေးစင်တာ၏ ဖုန်းနံပါတ်ကို ရေးပေးလိုက်သည်။
လုံဝမ်က သူမတို့ ပြန်သွားပြီးကာမှ သူ့သမီး၏ အခြေအနေ ဆိုးလာမည်ကို စိုးရိမ်သောကြောင့် မပြန်စေချင်သေး။ သို့သော် သူမက ထောင့်စေ့အောင် တွေးကာ စီစဉ်ပေးထားသည့်အတွက် ဆွဲထားရန်လည်း မဖြစ်နိုင်တော့။ အခြေအနေများ ပိုဆိုးလာပါလျှင် လန်ဟဲမြို့အထိ ကိုယ်တိုင် လိုက်သွားရုံသာ ရှိပေတော့မည်။
ကျောက်ကျောက်၏ ရောဂါကိုသာ ကုသနိုင်ပါလျှင် သူ့အဖို့ ကမ္ဘာတစ်ပတ် သွားရလျှင်ပင် ကိစ္စ မရှိချေ။
“မန်နေဂျာလုံ .. လန်ဟဲမြို့သားတွေရဲ့ကိုယ်စား ကျေးဇူးတင်စကား ပြောပါရစေ ...”
ညစာစားသောက်ပြီးနောက် လုံမိသားစုဝင်များကို နှုတ်ဆက်ကာ ပြန်လာခဲ့လိုက်ကြသည်။ နေဝင်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရသည့်အတွက် တစ်စက္ကန့်ပင် နှောင့်နှေးမနေရဲတော့၊ ရုက္ခဗေဒဌာနသို့ တက်သုတ်ရိုက်ကာ ချီတက်လိုက်ကြသည်။
ရုက္ခဗေဒဌာန၏ လက်ရှိတည်နေရာမှာ ချင်းရှန်း၏ မှတ်ဉာဏ်ထဲရှိနေရာ မဟုတ်ချေ။ အဆောက်အဦး ကြီးကြီးမားမားဟူ၍ မရှိ။ ဂိတ်တစ်ခုသာ ရှိပေသည်။ အဝတွင်လည်း လုံခြုံရေး တစ်ဦးသာ ရှိ၏။ ချန်းဖုရှန်းက ကားထဲမှ ထွက်လာကာ ဆေးလိပ်တစ်လိပ် ထုတ်ပေးလိုက်၏။ ဆေးလိပ်၏ အကူအညီဖြင့် ခင်မင်မှုတစ်ရပ် တည်ဆောက်နိုင်သွားကာ များမကြာမီ လုံခြုံရေးဦးလေးနှင့် စကားလက်ဆုံကျနိုင်သွားတော့သည်။
ရုက္ခဗေဒဌာနမှာ လောင်စာဆီဌာနနှင့် မတူရာ လုံခြုံရေးဦးလေးအဖို့ ဤသို့သော ဆက်ဆံမှုမျိုး ရရှိရန်မှာ အလွန် ရှားပါးသည့်ဖြစ်ရပ်ပင်။ သူက အလွန် ဝမ်းသာသွားသည့်အတွက် ချန်းဖုရှန်း မေးသမျှအားလုံးကို မခြွင်းမချန် ဖြေပေးလိုက်တော့သည်။ ထိုသို့ဖြင့် ပါမောက္ခကျုံး၏ နောက်ခံကို တီးခေါက်မိသွားတော့၏။
ပါမောက္ခကျုံး၏ အမည်အရင်းမှာ ကျုံးဝေ့မင် ဖြစ်သည်။ သူသည် အသက် ၅၀ နီးပါး ရှိနေပြီ ဖြစ်၏။ အိမ်ထောင်ကျဖူးသော်လည်း ယခုမူ ကွာရှင်းထားသည်။ ဇနီးဖြစ်သူက သားသမီးများကိုပါ သူမ၏ မိဘအိမ်သို့ ပြန်ခေါ်သွားသည့်အတွက် ယခုလက်ရှိတွင် သူသည် ဌာနက စီစဉ်ပေးသည့် တစ်ယောက်အိပ် အဆောင်တွင် နေထိုင်လျက်ရှိ၏။
အရေးအကြီးဆုံး အချက်မှာ သူသည် အလွန် ကြိုးစားသူဖြစ်ကာ အလုပ်နှင့် ပတ်သက်၍ မရိုးမဖြောင့်သည့် ကိစ္စများအား လုံးဝမလုပ်၊ ပင်ပန်းသည်ဟုလည်း မငြီးတတ်ပေ။ လူတိုင်းနှင့် သင့်တင့်လျောက်ပတ်အောင် နေထိုင်တတ်သည့်အတွက် ဌာနတွင် လူကြိုက်အများဆုံးဟုလည်း ဆိုနိုင်ပေသည်။
ထိုစကားကြောင့် အချို့သောလူများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြည့်ဝသွားတော့သည်။ လန်ဟဲမြို့ကဲ့သို့သော နေရာမျိုးတွင် ဇွဲမသန်၊ အပင်ပန်း မခံနိုင်ပါလျှင် မနက်ရောက်လျှင် နေ့ခင်းပိုင်းကတည်းက ပြန်ပြေးချင်သွားပေလိမ့်မည်။
တစ်ခဏအကြာတွင် ဂိတ်ဝသို့ အမျိုးသားသုံးဦး ရောက်လာ၏။ လုံခြုံရေးက မျက်မှန်တပ်ထားသူကို ညွှန်ပြကာ ပြောလိုက်သည်။
“အဲဒါ ခင်ဗျားတို့ ရှာနေတဲ့ ပါမောက္ခကျုံးပဲ ...”
ထိုစကားကို ကြားသည့်အခါ ကျုံးဝေ့မင်လည်း အံ့ဩသွားရသည်။ သူက လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို အရင်ဆုံး နှုတ်ဆက်လိုက်၏။
“ခင်ဗျားတို့က လောင်ဝမ် မိတ်ဆက်ပေးတဲ့သူတွေလား ...”
“ဟုတ်ပါတယ် .. ဒီဘက်က ပါမောက္ခကျုံး ဟုတ်ပါတယ်နော် ...”
ချန်းဖုရှန်းက ချက်ခြင်း လက်ကို ဆန့်ထုတ်ပေးကာ လေးစားစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
သက်လတ်ပိုင်းအမျိုးသားနှစ်ဦးက စကားလက်ဆုံကျသွားက ချင်းရှန်းနှင့် ယာဉ်မောင်းသူက သူ့အဝတ်အိတ်ကို ကူသယ်ပေးလိုက်ကြသည်။ ခရီးစဉ်မှာ အနည်းဆုံး ဆယ်ရက်မှ လဝက်အထိ ကြာမြင့်မည် ဖြစ်ကာ အရေးအကြီးဆုံးအချက်အနေဖြင့် သူသည် မျိုးစေ့များကို သူနှင့်အတူ သယ်ဆောင်လာရသည်။ လယ်ယာမြေ ရှင်းလင်းခြင်းကို အပြီးသတ် ဆောင်ရွက်ပြီးပြီ ဖြစ်ကာ အခြောက်လှမ်းသင့်သည်များကိုလည်း အခြောက်လှမ်းထားပြီး ဖြစ်သည့်အတွက် အဆင်သင့် စိုက်ပျိုးရုံသာ လိုတော့သည်။
“အပင်ပေါက်တွေကို စိုက်ဖို့က ခဏလောက် စောင့်ဦး .. ဒါတွေကို မထုတ်ခင် စိုက်လို့ရလား သေချာအောင် အရင်လုပ် ... ငါ့ပစ္စည်းကိရိယာတွေကို မချန်ခဲ့နဲ့နော် ... နေဦး .. ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်တော့မယ် ...”
ချင်းရှန်းနှင့် ကားမောင်းသူမှာ သူ့ရတနာများကို မထိရဲကြတော့ချေ။
အထုပ်အပိုးများကို ပြင်ဆင်ပြီးနောက် ပါမောက္ခကျုံးက ပြည်နယ်ပိုင် စားသောက်ဆိုင်သို့ သွားစားရန် ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သည်။ ကျန်သုံးယောက်လုံး စားပြီကြပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဌာနစားသောက်ဆိုင်သို့ သွားကာ ပေါက်စီအချို့ ဝယ်လာလိုက်သည်။ ၎င်းတို့ကို စားရင်းပင် ကားထဲဝင်ကာ လန်ဟဲမြို့သို့ ခရီးကြမ်း နှင်လိုက်၏။ တစ်စက္ကန့်ပင် ဖြုန်းတီးမနေခဲ့ချေ။
ချင်းရှန်းက သူ့အပြုအမူကို အလွန် သဘောကျသွားသည့်အတွက် တစ်လမ်းလုံး စကားလက်ဆုံကျနေခဲ့သည်။ လန်ဟဲမြို့သို့ ရောက်သည့်အခါ သူမည် ကိရိယာပစ္စည်းကို ကိုင်ထားရင်း လက်လွှတ်ရန် တုန့်ဆိုင်းနေသော ကျုံးဝေ့မင်နှင့် ခင်မင်ရင်းနှီးသွားပြီ ဖြစ်၏။