Chapter 60
Vol. 5 Ch. 60
စက်ရုံသို့ ပြန်ရောက်ချိန်တွင် မနက်ခင်း သုံးနာရီပင် ကျော်နေပြီဖြစ်၏။ ချင်းရှန်းမှာ နှလုံးတစ်ခုလုံး လည်ချောင်းသို့ ဆန်တက်နေသည့်အလား ခံစားလာရတော့သည်။
သို့သို့က မွေးကတည်းက အမေနဲ့ တစ်ခါမှ ဒီလောက်အကြာကြီး ခွဲဖူးတာ မဟုတ်ဘူး တစ်နေကုန် အမေကို မမြင်ရတော့ ငိုနေမလားတောင် မသိဘူး ...
စက်ရုံအကြီးအကဲများကလည်း စက်ရုံသို့ ခရိုင်မြို့တော်မှ ကျွမ်းကျင်ပညာရှင်တစ်ဦး လိုက်ပါလာမည်ဟု ကြိုသိထားကြသည့်အတွက် ချက်ခြင်းဆိုသလို နေရာထိုင်ခင်း ပြင်ဆင်လိုက်ကြသည်။ ပါမောက္ခကျုံး၏ အကူအညီကို အရယူလာနိုင်သည့် ချန်းဖုရှန်းကိုလည်း အားလုံးက ချီးကျူးလိုက်ကြကာ ပါမောက္ခကျုံး၏ လိုအပ်ချက်များအား အကောင်းဆုံး ဖြည့်ဆည်းပေးရန်ပါ ညွှန်ကြားလိုက်သည်။ ပါမောက္ခကျုံးကမူ နားထောင်ရုံသာ နားထောင်နေခဲ့၏။ သူ မည်သည့်နေရာတွင် နေရမည်ကို စိတ်မဝင်စား၊ အဝတ်အိတ်ကို ချကာသာ အနားယူလိုက်တော့သည်။
ချင်းရှန်းကလည်း သူ့ကို နေရာ ချထားပေးပြီးသည်နှင့်တစ်ပြိုင်နက် အိမ်သို့ အမြန် ပြန်ပြေးသွားတော့သည်။
ခွေးဟောင်သံတစ်ချက်နှစ်ချက် ကြားနေရသည်မှအပ ဝန်ထမ်းအိမ်ယာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ဝင်းထဲသို့ ဝင်လာသူမှာ ချင်းရှန်းဖြစ်ကြောင်း မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ခွေးဟောင်သံများလည်း ရပ်တန့်သွားကာ အမြီးယမ်းလျက် ပြန်အိပ်သွားကြတော့၏။
ဤနှစ်ရက်အတွင်း ရှောင်ဟဲကလည်း အိမ်တွင် ရှိမနေရာ ကလေးသည် အဘွားဖြစ်သူနှင့် အိပ်နေပေလိမ့်မည်။ ထင်ထားသည့်အတိုင်းပင် သူမ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မီးများ လင်းသွားပြီး အနွေးကုတင်ပေါ်တွင် လှဲနေသည့် ဖြူဖြူသေးသေး ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
“ရှူး .. တိုးတိုးလုပ် .. အိပ်နေပြီ ...”
ချင်းရှန်းက ကုတင်ပေါ်သို့ ခြေဖျားထောက်၍ တက်ကာ နူးညံ့အိစက်သည့် မျက်နှာသေးသေးလေးကို ငုံ့နမ်းလိုက်သည်။
“စိတ်ဆိုးနေသေးလား ...”
“တအားကြီးတော့ မဆိုးပါဘူး နည်းနည်းလောက် ဂျီနေပေမယ့် နို့တွေ အများကြီးလည်း သောက်ပြီးရော အိပ်ပျော်သွားတာပဲ .. ဒါပေမယ့် ကောင်းကောင်းတော့ မအိပ်ဘူး။ ကြားထဲမှာ ခဏခဏ လန့်လန့်နိုးတာ စောစောတုန်းကတောင် ဂျီကျနေသေးတယ် ...”
ချင်းရှန်း၏ မိခင်နှလုံးသား နာကျင်သွားရ၏။ သို့သို့ကို နစ်နာမိစေပြီဟု ခံစားမိသွားတော့သည်။
နောက်တစ်နေ့ မနက်ခင်းအတွက် ... ယမန်နေ့က ညဉ့်နက်မှ ပြန်ရောက်ကြသည့်အတွက် လောင်ချန်းက သူမအား ခွင့်တစ်ရက် ပေးခဲ့သည်။ ချင်းရှန်းက နေ့ခင်းပိုင်း ရောက်သည်အထိ အိပ်ယာမှ နိုးမလာပေ။ သို့သို့ကို သူမ၏ ဘွားဘွားကြီးက ချီပိုးကာ နို့ဝအောင် တိုက်၍ နေပူဆာလှုံရင်း လက်ချောင်းများကို ဆော့စေလိုက်သည်။
မိခင်ဖြစ်သူကို တွေ့လိုက်ရသည့်အခါ သို့သို့က "အာ အာ" ဟု နှစ်ကြိမ်အော်ရင်း နှုတ်ဆက်လိုက်၏။ ပါးစပ်သေးသေးလေးမှလည်း သွားရည်များ စီးကျနေခဲ့သည်။
ချင်းကွေ့ဟွားမှာ သမားရိုးကျ မုဆိုးမများနှင့် မတူ။ ကလေးများအား စောင့်ရှောက်ရာတွင် သန့်ရှင်းရေးကို အလွန် အလေးပေးသူ ဖြစ်သည်။ သူမက သို့သို့၏ ပါးစပ်ကို သုတ်ရန် လက်ကိုင်ပဝါများစွာကို အဆင်သင့် ပြင်ဆင်ထားကာ လက်အား ကိုက်ဝါးတတ်သည့် အကျင့်ကြောင့် မကြာခဏလည်း လက်ဆေးပေးတတ်၏။
လက်ကိုင်ပဝါများကိုလည်း သုံးပြီးလေတိုင်း ရေနွေးနှင့် စိမ်ကာ ပြောင်စင်အောင် လျှော်ဖွပ်၍ နေပူပူတွင် ထုတ်လှန်းပြီးကာမှ နောက်တစ်ကြိမ် ပြန်သုံးခဲ့သည်။
အဘွားအိုက ကြာဆစ်သဖွယ် ဖွေးတုတ်နေသည့် လက်ချောင်းလေးများအား ပါးစပ်ထဲမှ ဆွဲထုတ်ကာ လက်ကိုင်ပဝါဖြင့် သုတ်ပေးရင်း ပြောလိုက်သည်။
“တအားကို ကိုက်နေတာပဲ သွားပေါက်တော့မှာလားတောင် မသိဘူး ...”
ချင်းရှန်းက သွားပေါက်ချင်သည့် လက္ခဏာ ရှိမရှိ စစ်ဆေးတော့မည်ပြုစဉ် ကျုံးဝေ့မင်က အိမ်ရှေ့သို့ ရောက်လာကာ ပြောလိုက်သည်။
“ဟေး ရှောင်ချင်း နောက်ဆုံးတော့ နိုးလာပြီပေါ့ ... ဆေးစိုက်ခင်းကို သွားကြည့်ရအောင်လေ ....”
ချင်းကွေ့ဟွား၏ မျက်နှာ တွန့်ရှုံ့သွားသည်။
ဒီပါမောက္ခကတော့ ရှောင်ချင်းကို နည်းနည်းလေးမှကို အပြင်လူလို့ မသတ်မှတ်ထားဘူးပဲ မိုးမလင်းသေးဘူး လာရှာနေပြီ တော်သေးတာပေါ့။ ငါနဲ့တွေ့ပြီး တားလိုက်နိုင်လို့ ဘယ်လောက်အရေးကြီးပါတယ်ဆိုဆို လူဆိုတာ အိပ်ရေးဝအောင် အိပ်ဖို့လည်း လိုသေးတယ်လေ ထုတ်လုပ်ရေးအဖွဲ့က မြည်းအိုကြီးတွေတောင် ဒီလိုမျိုး မလုပ်ကြဘူးရှင့် သိရဲ့လား....
ပါမောက္ခကျုံးမှာလည်း လူထူးဆန်း တစ်ဦးပင်။ စက်ရုံ၏ တာဝန်ရှိသူများက သူ့အား နေရာအနှံ့ လိုက်ပြပေးမည်ဟု ပြောသော်လည်း လက်မခံ၊ တတိယလေးကိုသာ ခေါင်းမာမာဖြင့် စောင့်နေခဲ့သည်။
“ကျွန်မတို့စက်ရုံရဲ့ အနောက်ဘက်ခြမ်းက တွေ့နေကျ ထောင့်မှန်စတုဂံပုံစံပါပဲ။ မိသားစုဝင်တွေကို ပေးမယ်လို့ ကတိပေးထားတဲ့ ၅ ဧကကို ဖယ်လိုက်ရင် စုစုပေါင်း ၂၅ ဧက ကျန်ပါ့မယ် ...”
ချင်းရှန်းက သူ့ကို ခပ်လှမ်းလှမ်းရှိ မြေများအား ညွှန်ပြကာ ပြောလိုက်သည်။
ကျုံးဝေ့မင်က လက်နှစ်ဖက်ကို နောက်ပစ်၍ ကွင်းအစပ်တွင် ရပ်ကြည့်နေပြီးနောက် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြေးသွားလိုက်သည်။ ထိုမျှသာမက နေရာအနှံ့ ဟိုဟိုဒီဒီ လျှောက်သွားကာ နေ့လည်ခင်းမှ နေဝင်သည်အထိ တစ်ချက်လေးပင် မရပ်နားခဲ့ချေ။
သို့သော် သူ့ပုံစံအရ ပင်ပန်းဟန်လည်း မတူပေ။ လမ်းလျှောက်ရင်း မှတ်စုများ ချရေးကာ ရံဖန်ရံခါတွင် မေးခွန်းများလည်း မေးတတ်သေး၏။ မတူညီသည့် မြေအမျိုးအစား အသီးသီးကိုလည်း နမူနာ ယူလာခဲ့ကာ လေတိုက်နှုန်းနှင့် ဦးတည်ရာကိုပါ တိုင်းတာခဲ့သည်။ တစ်ချိန်လုံး အလုပ်များနေကာ ရှောင်ကျန်း သူတို့ကို လာရှာကာမှ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်ရိပ်ပျိုးနေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။
“အိုး .. ကြည့်ပါဦး အလုပ်များနေလိုက်တာနဲ့ ဘယ်အချိန် ရှိပြီလဲတောင် မေ့သွားတယ် ရှောင်ချင်းရော ဗိုက်ဆာနေပြီလား ...”
ချင်းရှန်းမှာ ထိုင်ငိုမိလုမတတ်ပင် ဖြစ်နေတော့သည်။ ထုံကျင်နေသည့် ခြေထောက်များမှာ သူမခန္ဓာကိုယ်နှင့် ကွဲထွက်တော့မည့်အလားပင်။ နောက်ဆုံးတွင်တော့ ထိုအချိန်က လုံဝမ်၏ လောင်ကျုံးမှာ စိုက်ပျိုးရေးနှင့် ပတ်သက်ပါလျှင် သူ့ပိုင်နက်ကို လှည့်လည်ကြည့်ရှုသည့် ခြင်္သေ့တစ်ကောင်အလား စိတ်အားထက်သန်လွန်းလှသည်ဟူသော စကားကို သဘောပေါက်သွားတော့သည်။ အချိန်နာရီများသာ အကန့်အသတ် မရှိပါလျှင် သူသည် သုံးရက်သုံးညတိုင်တိုင် မနားစတမ်း ကွင်းဆင်းလေ့လာနေပေလိမ့်မည်။
“ကားပေါ် တက်ကြတော့ အဘွားချင်က အားလုံး အဆင်သင့် ချက်ပြုတ်ပြီးနေပြီ ...”
ရှောင်ကျန်းက ကားပြတင်းပေါက်မှ ခေါင်းထုတ်ကာ ပြောလိုက်သည်။ ပါမောက္ခကျုံးအား စားသောက်ဆိုင်တန်း၌ ထမင်းကျွေးကာ ဧည့်ရိပ်သာသို့ ပြန်ပို့ပေးရန် ခေါင်းဆောင်က သူ့အား ညွှန်ကြားထားခဲ့သည်။ ထိုညွှန်ကြားချက်အား အကောင်အထည်ဖော်ရန် ပါမောက္ခကျုံးကို လာရှာကာမှ တစ်ဖက်လူမှ ယခုအချိန်အထိ ပြန်မရောက်သေးကြောင်း သိလိုက်ရသည်။ တစ်ခုခု ဖြစ်လေသလားဟူသော စိုးရိမ်စိတ်ဖြင့် သွားရှာမည်ပြုစဉ် ချင်းကွေ့ဟွားကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။ သူမကလည်း မြေးဖြစ်သူအတွက် စိတ်ပူနေသဖြင့် သူ့အား ကူရှာပေးရန် အကူအညီ တောင်းလာခဲ့သည်။
ကားပေါ်သို့ တက်ပြီးနောက် ... ကျုံးဝေ့မင်က မှတ်စုစာအုပ်ထဲတွင် တွက်ချက်မှုများ ချရေးရင်း တစ်ကိုယ်တော် ရေရွတ်လိုက်သည်။ ချင်းရှန်းက နားထောင်နေသော်ငြား တစ်ခွန်းမှ နားမလည်ပေ။
“အချိန်အတွက်က စီစဉ်ထားပြီးသား ရှိတယ်ဆိုပေမယ့် အဲဒါက အခုထိ မရင့်မှည့်သေးဘူး။ မနက်ဖြန် မြေလွှာစစ်ဆေးချက် အစီရင်ခံစာ ထွက်မလာမချင်း ဘာမှ စလုပ်လို့ ရမှာ မဟုတ်ဘူး ..."
သူက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေဟန်ပင်။
“ဒီလိုမှန်းသိရင် လူနှစ်ယောက်လောက် ထပ်ခေါ်ခဲ့ပါတယ်။ အဲဒါဆို ကွင်းကို တိုက်ရိုက် စစ်လိုက်လို့တောင် ရတယ် ...”
“ပါမောက္ခကျုံး အလျင်မလိုဘဲ အေးအေးဆေးဆေးသာ လုပ်ပါ။ ကျွန်မတို့တွေအနေနဲ့လည်း ရှင့်ကို ရောက်ရောက်ချင်း ပင်ပန်းသွားတာမျိုး မဖြစ်စေချင်ဘူးလေ ...”
“မရဘူး မရဘူး ရာသီဥတုက ဘယ်သူ့ကိုမှ စောင့်ပေးမှာ မဟုတ်ဘူး။ ငါတို့ကပဲ သဘာဝတရားကြီးနဲ့ အချိန်ကိုက်ဖြစ်အောင် လုပ်ရမှာ ...”
ကား ရပ်သွားသည်နှင့်တစ်ပြိုင်နက် သူက နမူနာ မြေဆီလွှာအထုပ်ကို ယူကာ ဖန်ပုလင်းများထဲ တန်းစီထည့်ပြီး စက်ဖြင့် စမ်းသပ်စစ်ဆေးလိုက်သည်။ ချင်းရှန်းနှင့် ရှောင်ကျန်းမှာ တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်သာ ပြုံးပြလိုက်ကြတော့သည်။
တကယ်ကို စိုက်ပျိုးရေးကို အရူးအမူး စွဲလမ်းနေတဲ့သူပါ့လားနော် ...
ချင်းရှန်းက သူ့အတွက် ညစာ ယူလာပေးလိုက်သည်။ စားသောက်ပြီးနောက် သူက တူနှင့် ပန်းကန်ကို ချကာ ပြောလိုက်သည်။
“အိုကေ .. မင်းတို့တွေလည်း အိပ်ချင်ရင် သွားအိပ်လို့ ရပြီနော် ...”
“ဒီနေ့ည ရာသီဥတု အေးမလား မသိနိုင်လို့ ကျွန်မ ခုံတန်းရှည်တစ်ခုနဲ့ အိပ်ယာလိပ်တစ်စုံ ပြင်ဆင်ပေးခဲ့မယ်လေ .. အိပ်ယာက နည်းနည်းတော့ ဟောင်းနေပြီ ဆိုပေမယ့် သေချာ လျှော်ဖွပ်ထားတာပါ ...”
“ကိစ္စမရှိဘူး ငါက ဒီည မဟုတ်ဘူး နမူနာတွေ စစ်စရာ ရှိသေးလို့ ကော်ဖီပြင်းတာတို့ လက်ဖက်ရည် ပြင်းတာတို့ ရှိရင်သာ မနက်ဖြန် မနက်ကျ တစ်ခွက်လောက် ယူလာပေး ...”
ချင်းရှန်းမှာ ဘာဆက်ပြောရမှန်းပင် မသိတော့ပေ။
ဤ အလုပ်သရဲများနှင့် နှိုင်းယှဉ်ကြည့်ပါလျှင် သူမသည် အလွန် ပျင်းရိသူတစ်ဦးဖြစ်ကြောင်း သိရှိသွားတော့သည်။
“ကောင်းပါပြီ ဒါဆို လက်ဖက်ရည် ပြင်းတာတွေ ပြင်ဆင်ထားပေးပါ့မယ် ...”
လန်ဟဲမြို့တွင်မူ မြို့အနှံ့ မဆိုထားနှင့်၊ မြေကြီးအောက် သုံးပေခန့်အထိ တူးပြီး ရှာလျှင်ပင် ကော်ဖီစေ့ တစ်စေ့ကိုမှ တွေ့ရလိမ့်မည် မဟုတ်ချေ။ လက်ဖက်ရည်အတွက်မူ သူမက ချန်းဖုရှန်းကိုသာ တိုက်ရိုက် သွားရှာလိုက်ကာ သူက လက်ဖက်ရည်အပြင် ဆေးပြင်းလိပ်၊ ဝိုင်၊ သကြားနှင့် သိုးမွှေးထည်များကိုပါ ပြင်ဆင်ထားလိုက်သည်။
နောက်ရက်များတွင် ချင်းရှန်းမှာ ပို၍ပင် အလုပ်များလာတော့သည်။ ပါမောက္ခကျုံးအား ကူညီပေးရရုံသာမက သူ့အတွက် ထမင်းပါ လာပို့ပေးရသည်။ ထိုလူအိုကြီးမှာ ထမင်းစားရန် ပြန်လာနေရခြင်းက အချိန်ပုပ်သည်ဟု ခံယူထားသူ ဖြစ်သည့်အတွက် ကွင်းထဲတွင်သာ တဲထိုးကာ တစ်နေကုန် နေတော့သည်။ ဧည့်ရိပ်သာမှ မျက်နှာသစ် ဆေးကြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုတဲထဲတွင်သာ တစ်နေကုန် အချိန်ကုန်တော့၏။
ကောက်ရိုးဦးထုပ်ကို ဆောင်းကာ အနီရောင်လက်ပြတ်အင်္ကျီကို အပေါ်မှ ထပ်ဝတ်ပြီး ပုဝါအဖြူကို လည်ပင်းတွင် ပတ်ထားသည့် သူ့ပုံစံမှာ ဒေသခံများထက်ပင် လယ်သမားနှင့် ပိုတူလှသေးသည်။ ထို့ကြောင့် ချင်းကွေ့ဟွား ဦးဆောင်သည့် အဘွားအိုအုပ်စုပင်လျှင် သင်္ကာမကင်း ဖြစ်လာတော့သည်။
“လိုင်တိ ဘယ်လို ပညာရှင်မျိုးကိုများ ရှာလာတာလဲဟယ်။ သူက တကယ် ပညာရှင်အစစ်ရော ဟုတ်ရဲ့လား အတုတော့ မဟုတ်လောက်ပါဘူးနော် ...”
ချင်းရှန်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားတော့သည်။
“လယ်စိုက်ဖို့များ ဘာ ပညာရှင် ခေါ်နေဦးမှာလဲ တို့တွေလည်း လယ်စိုက်လာတာပဲ ဆယ်စုနှစ်တစ်ခုစာ မကတော့ဘူး ... ဒါလည်း ကျွမ်းကျင်ပညာရှင်တွေ အဆင်သင့် ရှိနေတာပဲ မဟုတ်လား ...”
သို့သော် ချင်းရှန်းမှာ အခြားအရာများကိုလည်း စီစဉ်ရန် လိုအပ်သေးသည့်အတွက် သူတို့နှင့် စကားပြောနေရန် အချိန်မရှိခဲ့ပေ။
“တစ်ယောက်လောက် ... အားလုံးကို ဝန်ထမ်းအိမ်ယာရဲ့ စုရပ်မှာ စုပေးဖို့ ပြောပေးကြပါဦး ...”
လူတိုင်းအတွက် ပုဂ္ဂလိက မြေယာများ ခွဲဝေပေးမည်ဟု ကြားလိုက်ရသည့်အခါ လယ်ရှင်းနေသူများသည် ခြေထောက်နာခြင်း၊ ခါးနာခြင်း အလျဉ်းမရှိတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် အလျင်အမြန် အကြောင်းကြားလိုက်ကြသည်။ ဆယ်မိနစ်အတွင်းမှာပင် ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူအားလုံး ကလေးရှိသူများပါမကျန် ကလေးကို ပွေ့ချီထားလျက် ရောက်ရှိလာတော့သည်။ လယ်ယာမြေ ရှင်းလင်းရေးတွင် မပါဝင်ခဲ့သူများကလည်း အပျော်တမ်း ပွဲကြည့်ရန် ရောက်ရှိနေကြ၏။
ချင်းရှန်းက သူမ၏ အစီအစဉ်အား အရာရှိလျှို၊ ဒါရိုက်တာချန်းတို့နှင့် ကြိုတင် တိုင်ပင်ထားခဲ့ပြီး ဖြစ်သည်။ ရှင်းလင်းသည့် မြေပမာဏအပေါ် အခြေခံကာ အိမ်ထောင်စုတစ်ခုချင်းစီတိုင်းက သီးသန့်မြေ ခြောက်မှတ်စာ လဲလှယ်နိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် ချင်းကွေ့ဟွားနှင့် ချင်းဖန်တို့သည် နှစ်ဦးစလုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့သူများ ဖြစ်သည့်အလျောက် သူမတို့ ရရှိသည့် မြေပမာဏမှာ ပိုပြီး များပြားမည် ဖြစ်သည်။ တစ်ဧကကို အပိုင်းအသေးလေးများ ခွဲလိုက်လျှင် အနည်းဆုံး သုံးမှတ်မှ လေးမှတ်စာအထိ ခွဲခြမ်း၍ ရသည်။ ခွဲခြမ်းထားသည့် မြေအစိတ်အပိုင်းများအား အာရပ်ဂဏန်းအတိုင်း အစဉ်လိုက် နံပါတ်တပ်ထားကာ လူတိုင်း အလှည့်ကျ မဲနှိုက်ရမည် ဖြစ်သည်။ ကိုယ် မဲနှိုက်၍ ရလာသည့် မြေကွက်ကိုသာ အသာတကြည် လက်ခံရမည် ဖြစ်၏။
မာကျောက် ကစားနေကျ အဒေါ်ကျန်းမှာ ကံကောင်းမှုများဖြင့် ပြည့်ဝနေဟန်ပင်။ သူမအိမ်နှင့် အနီးဆုံးရှိ မြေကွက်ကို မဲနှိုက်မိခဲ့၏။ ၎င်းမှာ သူမ၏ အိမ်မှ မိနစ်အနည်းငယ်သာ ထပ်သွားရန် လိုအပ်ရာ များစွာ ဝမ်းသာနေတော့သည်။
“ရှေ့လျှောက် အပင်တွေ ခူးဖို့ဆိုပြီး သဲကန္တာရထဲ မသွားတော့ဘူး ...”
ကိုယ်ပိုင်မြေ ခြောက်မှတ်စာတောင် ...
မြေရှင်းသည့် အဖွဲ့ထဲတွင် မပါခဲ့ကြသူများမှာ နေမထိထိုင်မသာ ဖြစ်လာကြတော့သည်။ ဤဒေသ၌ အစားအစာ ပြတ်လပ်ခြင်း မရှိဟု ဆိုသော်ငြား မာကြောကြမ်းတမ်းသည့် ကောက်ပဲသီးနှံများသာ ရှိပေသည်။ အကယ်၍ သူတို့ကိုယ်ပိုင် ကောင်းမွန်သည့် သီးနှံအချို့ စိုက်ပျိုးနိုင်ပါလျှင် ပိုပြီး ကောင်းမွန်မည် ဖြစ်သည်။
ထိုသတင်းက အဘွားအိုများကို တစ်မဟုတ်ချင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် မဲနှိုက်လိုက်ကြကာ လန်ဟဲမြစ်ကမ်းဘေး၊ စက်ရုံဘေး အစရှိသည့် နေရာများသာမက သူတို့အိမ်ရှေ့တည့်တည့်ရှိ မြေကွက်ကို မဲပေါက်ကြသူများပင် ရှိသေးသည်။ မည်သည့်နေရာမှ မြေကွက်ဖြစ်စေ အားသာချက်ကိုယ်စီ ရှိသည်ချည်းသာပင်။ နောက်ဆုံးတွင်တော့ ချင်းကွေ့ဟွား၏ အလှည့်သို့ ရောက်ရှိလာတော့။ သူမက အဝေးပြေးလမ်းမဘေးရှိ မြေကွက်ကို မဲနှိုက်မိခဲ့သည်။
အဘွားအိုအားလုံး အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။
အပျော်တမ်း ရပ်ကြည့်နေသည့် လျှိုပေါင်ကျူးက ဝမ်းသာအားရ ပြောလိုက်၏။
“ဟယ် .. လမ်းမဘေးမှာဆိုတော့ အဲဒီကို ရောက်ဖို့ဆို မိနစ် ၂၀ လောက်တောင် လမ်းလျှောက်ရမှာ မြစ်နဲ့လည်း အဝေးကြီးဆိုတော့ ရေရဖို့ကလည်း လွယ်မှာ မဟုတ်ဘူး ... ကိုယ့်အတွက် အရှုံးချည်းပဲ ..."
“ဟုတ်ပါ့ အဒေါ်ချင်းက အလုပ်အကြိုးစားဆုံးဆိုတာ ငါတို့အားလုံး မျက်မြင်ပဲကို ဘာလို့ သူက အဆိုးဆုံးတစ်ခုကိုမှ ရသွားရတာလဲ ...”
“ဒေါက်တာရှောင်ချင်း နင်လည်း အတူတူပဲ ကိုယ့်အဘွားကိုယ်တောင် နီးတဲ့နေရာလေး မပေးချင်ဘူး ...”
ချင်းရှန်းက အလေးအနက် ပြောလိုက်သည်။
“မဲနှိုက်တဲ့ စာရွက်တွေ အားလုံးကို ကျွန်မတို့ရဲ့ သူနာပြုလေးကိုယ်တိုင် ရေးတယ်ဆိုတာ အားလုံးအမြင်ပဲလေ။ မဲနှိုက်တာကလည်း လူတိုင်းရဲ့ရှေ့မှာပဲ နှိုက်တာလေ ဘယ်မဲကို နှိုက်မိမိ ကျွန်မအနေနဲ့ ပြောခွင့်ရှိလို့လား ...”
လူတိုင်း ခေါင်းယမ်းလိုက်ကြသည်။ အမှန်တကယ်လည်း မသမာမှု တစ်ခုမှ မရှိချေ။ ထိုရဲဘော်လေးမှာ အမှန်တကယ်ပင် ဖြောင့်မတ်မှန်ကန်သူ ဖြစ်ဟန်ပင်။
ချင်းကွေ့ဟွားကမူ အခြားလူများနှင့်မတူ၊ အလွန် ဝမ်းသာနေခဲ့၏။
လမ်းမဘေးရှိ မြေကွက်မှာ ရေရှိသည့်နေရာ၊ လူနေသည့်နေရာနှင့် အလွန် ဝေးကွာသည် ဆိုသော်ငြား ထိုနေရာရှိ မြေဆီလွှာမှာ အလွန် ကောင်းမွန်လှသည်။ လမ်းမဘေးရှိ မြေကွက်အချို့မှအပ ကျန်မြေကွက်အားလုံး၏ အဝါရောင် မြေသားများကို အဖြူရောင်ထုံးကျောက်များက ဖုံးလွှမ်းထား၏။ သူမသည် စိုက်ပျိုးရေးကို ကိုယ်တိုင် လုပ်ကိုင်ခဲ့သူ ဖြစ်သည့်အတွက် ထိုအကြောင်းကို အခြားလူများထက် ပိုပြီး ကောင်းကောင်းသိပေသည်။ ပိုပြီး နက်ရှိုင်းသည်အထိ တူးလေလေ မြေအောက်ရှိ မြေဆီလွှာများ ပိုထွက်လာလေ ဖြစ်သည်။ အနက်ရောင်မြေမှာ အခြားမြေများထက် များစွာ ပိုမိုကောင်းမွန်လှ၏။
“ပြီးတော့ မြေက ကိုးမှတ်ကျော်တောင်လေ ရှင်တို့ မြေးအဘွားနှစ်ယောက်တည်းနဲ့ ဘယ်လိုမှ နိုင်အောင် စိုက်နိုင်မှာ မဟုတ်ဘူး ...”
နောက်ထပ် မိန်းကလေးတစ်ဦးက ချဉ်တူးစွာဖြင့် ပြောလိုက်သည်။
မြေခွဲတမ်း ကိုးမှတ်ကျော် ဆိုသည်မှာ စတုရန်းမီတာ ၆၀၀ ကျော်နှင့် ညီမျှပေသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါလျှင် မွေးရပ်မြေရှိ မြေသုံးစိတ်မှာ ဘာမှ မဟုတ်တော့ချေ။ မြေကို တိုင်းပေးသူမှာ အရာရှိလျှို ဖြစ်ရာ ပေကြိုးကို ဆွဲရာ၌ ခပ်လျော့လျော့ ဆွဲထားပါလျှင် ဖရဲသီးနှင့် ပဲများစိုက်ရန် မြေနေရာ အပိုလေး ထပ်ထွက်လာဦးမည် ဖြစ်သည်။ သတ်မှတ်ချက်မှာ ကိုးမှတ် ဖြစ်သော်ငြား လက်တွေ့တွင်မူ တစ်ဧကကျော်ကျော် ရရှိမည် ဖြစ်သည်။
ချင်းကွေ့ဟွားက မျက်လုံးကို လှန်ပြကာ ပြောလိုက်သည်။
“ငါတို့အိမ်မှာ အလုပ်ကြိုးစားတဲ့သူ နှစ်ယောက်တောင် ရှိတယ်လေ .. ငါ့မြေးမလေးရဲ့ လက်ကိုပဲ ကြည့်ပါလား ဟိုးအရင်က နူးနူးညံ့ညံ့ လက်ကလေးဆိုတာ ဘယ်ရောက်သွားမှန်းတောင် မသိဘူး ...”
ချင်းဖန်က အဘွားဖြစ်သူအတွက် စိတ်မကောင်း ဖြစ်သွားသည်။ အဘွားဖြစ်သူသည် နေ့ရောညပါ အလုပ်ပင်ပန်းခဲ့ရ၏။ နေ့လည်နေ့ခင်း အိမ်ပြန်ကာ တစ်ရေးတစ်မော အိပ်ချိန်မှအပ တစ်ချိန်လုံး လယ်ယာရှင်းလင်းရေးတွင်သာ အချိန်ကုန်နေခဲ့သည်။ ပင်ပန်းမှုကြောင့် နောက်ကျောသည်ပင် ကြက်ပိန်လေးတစ်ကောင်အလား ပိန်ချုံးနေတော့၏။
မည်သူမှ ဆက်ပြီး စောဒကမတက်ကြတော့ချေ။ ကိုယ်လုပ်သလောက်သာ ရရှိကြမည် ဖြစ်သည်။
ချင်းရှန်းက မြေယာရှင်းလင်းရေးတွင် အနည်းဆုံး လူ အယောက် ၂၀ ကျော် ပါဝင်လိမ့်မည်ဟု ခန့်မှန်းကာ လုပ်အားနှင့် ခွဲဝေပေးမည့် မြေယာအချိုးကို မြင့်မြင့်ထားခဲ့သည်။ သူမက လူတိုင်း ခွဲဝေယူရမည်ဟု တွေးထားခဲ့သော်ငြား မှန်းထားသည်၏ တစ်ဝက်သာ ပါဝင်လာရာ သူမတို့အတွက် ပို၍ပင် ကောင်းသွားတော့သည်။
တစ်ဧက .. မြေ တစ်ဧကကြီးတောင် ရပြီတဲ့ ... တစ်သက်လုံး အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ပမာဏလေ ...
ထို့နောက်တွင် အမျိုးသမီးကြီးများ၏ မည်သည့်အပင် စိုက်သင့်ကြောင်း ငြင်းခုန်သံ၊ လန်ဟဲမြို့သို့ သွားကာ မြေဩဇာနှင့် မျိုးစေ့များ ဝယ်ယူရန် တိုင်ပင်သံများ ထွက်ပေါ်လာတော့၏။ အပင်စိုက်ရမည် ဖြစ်သည့်အတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက် ပြည့်ဝနေမှုတို့က မိသားစုဧရိယာ တစ်ခုလုံးကို လွှမ်းခြုံထားတော့သည်။