← Chapters

Chapter 61

Vol. 6 Ch. 61

Chapter 61

Vol. 6 Ch. 61

မြေဝေစု ရလိမ့်မည်ဟု ထင်မထားသူတစ်ဦးကလည်း စာရင်းထဲတွင် ပါဝင်လာသည်။ ထိုသူမှာ လျှိုပေါင်ကျူး ဖြစ်သည်။ ချင်းရှန်းအနေဖြင့် မြေ ရှင်းလင်းစဉ်တစ်လျှောက် သူမကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့သော်လည်း နာမည်က စာရင်းတွင် ပါရှိနေခဲ့သည်။ ချင်းကွေ့ဟွားကို မေးကြည့်လိုက်ကာမှ လျှိုပေါင်ကျူးသည် မြေရှင်းပေးရန် ကျောက်ချင်းစုန့်၏ တပ်သားများအား အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် နောက်ဆုံး၌မူ သူမ၏ နာမည်ကိုသာ စာရင်းသွင်းထား၏။

မြေရှင်းသူများအနက် အခြားသူများကိုပါ လာကူပေးရန် အကူအညီတောင်းသူများ အနည်းနှင့်အများ ရှိသည်ချည်းသာပင်။ ချင်းရှန်းအနေဖြင့် ထိုကိစ္စအပေါ် မည်သို့မှ ပြောစရာမရှိ။ သို့သော် ကျောက်ချင်းစုန့်ကိုမူ ပို၍ပင် ရွံရှာမိလာတော့သည်။ အတိတ်ဘဝတွင် သူမသည် သူ့အလုပ်များ၏ ဖိနှိပ်မှုကိုသာ ခံရကာ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သူ့လုပ်ဖော်ကိုင်ဖက်များအား အကူအညီတောင်းရန် စိတ်ပင် မကူးခဲ့ချေ။ ထိုသို့ လုပ်ပေးခဲ့သည့်တိုင် သူမအား ဇနီးကောင်းဝတ္တရား မကျေပွန်ဟု အမြဲတမ်း သမုတ်ခဲ့၏။

“ချင်းစုန့်နဲ့ နင်တို့အိမ်က ရှောင်ဟဲက ဘယ်အချိန်မှ ပြန်ရောက်မှာလဲ မသိဘူးနော်။ ကြားတာတော့ သူတို့က ခရိုင်မြို့တော်ကို အလုပ်ကိစ္စနဲ့ သွားကြတာဆိုပဲ .. ဒါနဲ့ နင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အဲဒီ့ကို သွားတာ မဟုတ်လား ရှောင်ဟဲနဲ့ တွေ့မိခဲ့သေးလား ...”

ချင်းရှန်းက သူမအား စကားပြန်ပြောရမည်ကိုပင် ငြီးငွေ့မိနေ၏။ သို့သော် တစ်ဖက်လူကမူ သူမ မည်မျှအထိ သိထားကြောင်း ကြွားဝါလိုသည့်ဟန်ပင်။

“အိုး .. ကြားတာတော့ သူတို့တွေက ပစ္စည်းတွေ ခိုးရောင်းတဲ့သူကို ဖမ်းမလို့ သွားတာ ဆိုလားပဲ အဲဒီ့လူတွေက နိုင်ငံ ၂ နိုင်ငံကိုတောင် ရောင်းထားတာတဲ့ ..ဘုရားရေ ဒါကို စုံစမ်းတဲ့ နေရာမှာ နင်တို့အိမ်က ရှောင်ဟဲလည်း ပါတယ်လေ သူက ပြောမပြဘူးလား ...”

ချင်းရှန်းက အေးအေးဆေးဆေးသာ နားထောင်နေလိုက်၏။

သူခိုးများအား ဟိုးအရင်ကတည်းက ဖမ်းမိနှင့်ပြီး ဖြစ်လိမ့်မည်ဟု ခန့်မှန်းရ၏။ ကျောက်ချင်းစုန့်က အခွင့်အရေးအားလုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးထားချင်သော်လည်း နိုင်ငံခြားဘာသာစကားကို နားမလည်သည့်အတွက် ... ရှောင်ဟဲကိုပါ ခေါ်သွားရခြင်း ဖြစ်ပေလိမ့်မည်။

လျှိုပေါင်ကျူးက ဟိုဟိုဒီဒီ လျှောက်ပြောနေသေးသော်လည်း ချင်းရှန်းက မတုန့်ပြန်၊ ကြောင်အလျက်သာ ရပ်နေကြောင်း မြင်လိုက်ရသည့်အခါ ဝါဂွမ်းကို လက်သီးဖြင့် ထိုးနေရသည်ဟု ခံစားမိလာသည့်အတွက် ဒေါသတကြီး ပြန်ထွက်သွားတော့သည်။

ချင်းရှန်းမှာလည်း အတွေးနွံထဲ နစ်နေချိန်ပင် မရှိ။ ကျုံးဝေ့မင်ဘက်မှ စမ်းသပ်ချက် ရလဒ်များ ထွက်လာသောကြောင့် ဖြစ်သည်။ စုစုပေါင်း မြေ ၂၅ ဧကကို မြေ၏ ဝိသေသလက္ခဏာ၊ မြေဆီမြေနှစ် ကြွယ်ဝမှုတို့အပေါ် အခြေခံကာ ဧရိယာအမျိုးမျိုး ပိုင်းခြားလိုက်သည်။ ထိုသို့ ပိုင်းခြားပြီးကာမှ မြေ၏ ခြောက်သွေ့မှု၊ စိုထိုင်းမှုကို အခြေခံ၍ နောက်တစ်ကြိမ် အပိုင်းအသေးလေးများ ခွဲခြမ်းလိုက်၏။ အပိုင်းတစ်ပိုင်းစီတိုင်းကို အညွှန်းစာရွက်များပေါ်တွင် စိုက်ပျိုးမည့် ဆေးပင်အမျိုးအစား၊ ပမာဏနှင့် မြေအကျယ်တို့ကို ရေး၍ ချိတ်ဆွဲထားလိုက်သည်။

“ပြဿနာဆိုလို့ ရေရဖို့ပဲ ကျန်တော့တယ်။ ရေခဲမြစ်က ဒီဧရိယာရဲ့ အလယ်ကနေ ဖြတ်ပြီး စီးတာဆိုတော့ မြစ်ကမ်းတစ်လျှောက်က စိုက်ခင်းတွေအတွက်တော့ ရေရဖို့ လွယ်ပေမယ့် မြစ်နဲ့ ဝေးတဲ့ စိုက်ခင်းတွေအတွက်ကျ ရေငတ်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အပင်တွေကိုပဲ တတ်နိုင်သလောက် မျိုးစုံအောင် စိုက်ရတော့မှာပဲ ...”

ကျုံးဝေ့မင်က စာရေးရင်း ပြောလိုက်သည်။ ချင်းရှန်းနှင့် ချန်းဖုရှန်းကလည်း ဂရုတစိုက် နားထောင်ကာ ချရေးလိုက်ကြ၏။

ရေငတ်ခံနိုင်သည့် အပင်များဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချင်းရှန်း၏ ပါးစပ်ဖျားမှ လွှတ်ခနဲ ထွက်လာသည်။

“ဘောလုံးပန်း၊ ခေါင်းလောင်းပန်းနဲ့ နွယ်ချိုတွေ ...”

“ဟုတ်တယ် ငါလည်း အဲဒါတွေ စိုက်မလို့ တွေးနေတာ ...”

ထိုအပင်များအနက် နွယ်ချိုသည် တိုင်းရင်းဆေးတွင် အလွန် အသုံးများသည့် အပင်တစ်မျိုး ဖြစ်သည်။ ဆေးညွှန်းများ၏ ၉၈ ရာခိုင်နှုန်းလောက်တွင် နွယ်ချို ပါနေတတ်ကာ ၎င်းကို နာကျင်မှု လျော့ချရန်နှင့် ဆေးအာနိသင်နှင့် လူ့ခန္ဓာကိုယ် အံဝင်ခွင်ကျ ဖြစ်စရန်အတွက် အသုံးပြုသည်။ အိမ်ဆောက်လျှင် ဘိလပ်မြေကို သုံးကာ စက်ပစ္စည်းအတွက် စက်သုံးဆီကို အသုံးပြုသည့်အလားပင်။ အရွယ်အားဖြင့် သေးငယ်သည့်တိုင် မရှိမဖြစ်ဟု ဆိုရပေလိမ့်မည်။

ချန်းဖုရှန်းက တရုတ်တိုင်းရင်းဆေးများအကြောင်း နားမလည်။ သို့သော် ထိုနာမည်ကို ရင်းနှီးနေသည်ဟု ခံစားမိလာ၏။

“နွယ်ချိုလား .. ငါ အဲဒါကို ကြားဖူးနေသလိုပဲ ဒါနဲ့ ပြီးခဲ့တဲ့အခေါက်က ငါတို့ ဝယ်လာတဲ့ နွယ်ချိုဆေးပြားတွေကရော ဘာအတွက် သုံးရတာလဲ ....”

ချင်းရှန်းက ရယ်လိုက်သည်။

“နွယ်ချိုဆေးပြားကလည်း နွယ်ချိုကနေ ထုတ်တာပဲလေ။ ဆေးပြားအပြင် ဆေးရည်ပါ ထုတ်လို့ ရသေးတယ် ...”

“ပြီးခဲ့တဲ့အခေါက် ငါ ဆေးသွားဝယ်တုန်းကလေ ရာသီဥတုက ခြောက်သွေ့တော့ လူတော်တော်များများ ချောင်းဆိုးကုန်ကြတာ။ အဲဒါကြောင့် နွယ်ချိုဆေးပြားတွေ ပိုပြီး ဝယ်ချင်ပေမယ့် စက်ရုံက လူတွေက မရောင်းဘူးလေ။ ပစ္စည်းပြတ်နေတယ်ပဲ ပြောကြတာ မကောင်းတဲ့လူတွေ ...”

စက်ရုံတစ်ခုလုံးနှင့်အပြည့် ဆေးသေတ္တာပုံးများ ရှိနေသေးကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထို့အပြင် စက်ရုံထဲမှ ပြန်မထွက်ရသေးခင်မှာပင် အရောင်းဌာနနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းများက ဆေးသေတ္တာပုံးနှစ်ခု ထုတ်သွားသည်ကိုပါ မြင်ခဲ့လိုက်ရသေးသည်။

ဘိုးဘေးများသဖွယ် သဘောထားကာပင် တောင်းဆိုခဲ့ရသည့် သူ့ကိုမူ ဆယ်ပုလင်းသာ ထုတ်ပေးခဲ့သည်။ ထိုသူများကမူ အလွယ်တကူပင် နှစ်သေတ္တာ ရခဲ့ကြ၏။ ထိုသို့ရရန် မည်ကဲ့သို့ လုပ်ခဲ့ကြသည်ကို သူ မသိ။ သူ သိသည်မှာ ထိုပမာဏဖြင့်သာဆိုလျှင် လန်ဟဲမြို့ရှိ ချောင်းဆိုးဝေဒနာ ခံစားနေရသည်မှာ ရက်အနည်းငယ်ပင် ရှိနေပြီဖြစ်သော စက်ရုံဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဒေသခံများ အားလုံးကို ကုသပေးနိုင်ရန် လုံလောက်မည် ဟုသာ သိသည်။ ထိုမျှသာမက အဆုတ်ထဲ ပိုးဝင်ခြင်းကြောင့် ဆေးရုံတက်ရသည့် ဘေးများမှလည်း ကာကွယ်နိုင်ပေလိမ့်မည်။

သူ၏ အမူအယာကြောင့် ချင်းရှန်းလည်း ထိုစဉ်က တစ်ခုခု ဖြစ်ခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။ သို့သော် လက်ရှိအခြေအနေမှာ ဤအတိုင်းပင်။ အရောင်းအဝယ် ဈေးကွက်၌ ရောင်းချသူကသာ အရာရာကို ပိုင်းဖြတ်ကာ သူမတို့အနေဖြင့် လုပ်နိုင်သည့်အရာဟူ၍ လွယ်ကူသော အစားထိုးပစ္စည်းတစ်ခုခု ရှာဖွေရန်သာ ရှိပေသည်။

နှောင်းပိုင်းမျိုးဆက်၌ ချောင်းဆိုးသလိပ်ကပ် ဝေဒနာရှင်များသည် စီချွမ်းယောက်သွားနှင့် ambroxol ကို အများအပြား အသုံးပြုလာကြသည်။ ၎င်းတို့ကို ဆေးဆိုင်တိုင်း၌ အလွယ်တကူ ဝယ်ယူ၍ ရနိုင်၏။ သို့သော် ယခုလက်ရှိတွင်မူ စီချွမ်းယောက်သွားနှင့် ambroxol တို့မှာ အလွန် ရှားပါးလှသေးသည်။

အထူးသဖြင့် စီချွမ်းယောက်သွားမှာ တိုင်းရင်းဆေးတွင် တန်ဖိုးကြီး ပစ္စည်းဟုပင် သတ်မှတ်၍ ရပေသည်။ ဂရမ်အလိုက် ချိန်တွယ်၍ ရောင်းချသည့် ပစ္စည်းချင်း အတူတူတွင် နွယ်ချိုဆေးပြားက ပိုပြီး ဈေးသက်သာသောကြောင့် ဆေးခန်းတိုင်းနီးပါးက ၎င်းကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် သူမတို့သာ နွယ်ချိုကို အောင်မြင်စွာ စိုက်ပျိုးနိုင်ပါလျှင် စီချွမ်းယောက်သွားတစ်ခင်း ပိုင်ဆိုင်သည်နှင့် အတူတူပင် ဖြစ်သည်။

“ရှောင်ချင်း ပြီးခဲ့တဲ့အခေါက်က ငါ လဝက်လောက် ချောင်းဆိုးပြီး ချွဲကြပ်နေတုန်းကလည်း မင်း အဲဒီ့ဆေးပြားနှစ်ပြား သောက်ဆိုပြီး ညွှန်းခဲ့သေးတယ်လေ .. အဲဒါ သောက်လည်းပြီးရော နောက်တစ်နေ့မနက်ကျ လုံးဝကို သက်သာသွားတာမှ မျက်လှည့်ပြလိုက်တဲ့အတိုင်းပဲ ...”

ကျုံးဝေ့မင်ကလည်း ပြောလိုက်သည်။

“ဟုတ်တယ်လေ ဟိုးအရင် အနောက်တိုင်းဆေးတွေ မဝယ်နိုင်ခင်ကဆို ချောင်းဆိုးရင် ဒါကိုပဲ သုံးခဲ့ကြရတာ ...”

“အိုကေ ဒါဆို နွယ်ချိုကို နည်းနည်းလေး ပိုစိုက်လိုက်ကြရအောင် ဒါဆို အနောက်တိုင်းဆေးတွေ လိုမနေတော့ဘူး ...”

ချင်းရှန်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။ သူမက အနောက်တိုင်းဆေးနှင့် တိုင်းရင်းဆေးတို့သည် တစ်ခုကိုတစ်ခု အစားထိုးကာ သီးခြားစီ ရပ်တည်နိုင်လိမ့်မည်ဟု လုံးဝ တွေးမထားဖူးချေ။ ဤသည်မှာ လူ့ခြေထောက်နှစ်ဖက်လိုပင်။ တစ်ပြိုင်တည်း အားစိုက်ထုတ်မှသာ လမ်းကို ပုံမှန် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ခြေထောက်တစ်ဖက်တည်းဖြင့်လည်း လမ်းလျှောက်၍ရသည် ဆိုသော်ငြား လေဒဏ်မိုးဒဏ်ကိုမူ ခံနိုင်မည် မဟုတ်ပေ။ ခြေထောက်နှစ်ဖက် သဟဇာတ ဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းမှာ ကျန်းမာရေးကိစ္စ တစ်ခုတည်းကြောင့်သာ မဟုတ်၊ လှပမှုနှင့် ဟန်ချက်ညီမှုတို့ကြောင့်လည်း ဖြစ်ပေသည်။

နောက်တစ်နေ့မနက် ၂ နာရီခွဲတွင် ပါမောက္ခကျုံးအား ခရိုင်မြို့ရှိ ရုက္ခဗေဒဌာနသို့ ဆေးပင် အပင်ပေါက်အမျိုးမျိုး သယ်ယူရန် လိုက်ပို့ပေးမည်ဟု စီစဉ်လိုက်သည်။ ချင်းရှန်းမှာ ဆေးခန်းသို့ သွားနေရန်ပင် အချိန်မရှိတော့။ ဦးထုပ်တစ်လုံးကို ဆောင်းကာ စိုက်ခင်းများအား လိုက်လံကြည့်ရှုပြီး ရေကန်တူးကာ မြေဩဇာများ ပက်ဖြန်းရန် ပြင်လိုက်သည်။

လမ်းတွင် ကိုယ် ရထားသည့် မြေများအား ရှင်းလင်းရင်း အလုပ်များနေသူများနှင့်လည်း တွေ့ခဲ့သေးသည်။ ရရှိသည့် မြေဧရိယာမှာ မကြီးမားသည့်အပြင် ဆေးစိုက်ခင်းများနှင့်လည်း ကပ်လျက် ဖြစ်နေရာ ကိုယ်ပိုင်မြေနှင့် ဆေးစိုက်ခင်းအား ပိုင်းခြားရန် ခြုံပင်နှင့် ဝါးများကို အသုံးပြုကာ အကာအရံများ ပြုလုပ်လိုက်ကြသည်။

“အဒေါ်ကျန်း .. အရမ်းကို မြန်ဆန်နေပါ့ရော အပင်စစိုက်နေပြီလား ...”

အဒေါ်ကျန်းက နဖူးမှ ချွေးများကို သုတ်ကာ ပြောလိုက်သည်။

“ဒီမနက် မှောင်ခိုဈေးမှာ အသီးအရွက် အပင်ပေါက်လေးတွေ ရောင်းနေတာ တွေ့တာနဲ့ လက်နှစ်ဆုပ်စာလောက် ဝယ်လာတာလေ အဲဒါတွေ အရင် စိုက်ကြည့်မလို့ .. လယ်စိုက်နေကျ လူတွေဆိုတော့ မြေအလွတ် ဖြစ်နေရင်ကို မနေတတ်လို့လေ ...”

ချင်းရှန်းက အနီးကပ် ကြည့်လိုက်သည့်အခါ ဂေါ်ဖီပင်နှင့် ပန်းမုန်လာ အပင်ပေါက်လေးများဖြစ်ကြောင်း တွေ့လိုက်ရသည်။ အတိတ်ဘဝတွင်လည်း ဤဒေသ၌ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်တို့ စိုက်ပျိုး၍ ရကြောင်း မှတ်မိသွားသည်။ အပင်၏ အရွယ်အစားမှာ ပြည်မနှင့် နှိုင်းယှဉ်ပါလျှင် သေးကွေးကျုံလှီသည် ဆိုသော်ငြား အရသာမှာမူ ပြည်မတွင် ပေါက်သည့် အပင်များထက် ပိုပြီး ချိုမြိန်ပေသည်။

ရင့်မှည့်လာသည့် ဂေါ်ဖီထုပ်၏ အရွက်တို့မှာ စိမ်းမြနူးညံ့ကာ အရသာမှာလည်း အလွန် ချိုမြိန်လှသည်။ ပန်းမုန်လာ၏ အရသာမှာမူ ထည့်ပြောနေရန်ပင် လိုအပ်မည်မထင်။ ရေခြောက်ခြောက်လေး ကြော်ကာ သိုးသား သို့မဟုတ် အမဲသားနည်းနည်း ထည့်ပြီး ဇီရာစေ့လေးပါ ရောထည့်လိုက်ပါလျှင် အရသာမှာ ထူးခြားအံ့ဖွယ်ရာပင်။ မှိုလေး နည်းနည်းပါ ထည့်နိုင်ပါလျှင် ပိုပြီးပင် လှပသွားပေလိမ့်မည်။

ချင်းရှန်းမှာ ထိုအကြောင်း တွေးရင်း စားချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာတော့သည်။

အလွတ်ဖြစ်နေသည့် ကိုယ်ပိုင်မြေယာဟူ၍ တစ်ခုမျှပင် မရှိ။ နေပူရှိန် မပြင်းသေးသည့်အတွက် စိုက်ခင်းထဲတွင် အဘွားအိုများသာမက အိမ်ထောင်ရှင်မလေးများလည်း ရောက်ရှိနေကြသည်။ အချို့ က ပဲပင်များ စိုက်ကာ အချို့က ဂျူးမြစ်၊ အချို့ က ကြက်သွန်ဖြူပင်တို့ စိုက်နေကြ၏။ ချင်းရှန်း၏ အတွေးထဲတွင် စိုက်လက်စ မျိုးစေ့များ ပျောက်သွားကာ ထိုအပင်များအား ကြော်ချက်၍ အရသာရှိသည့် ဟင်းပွဲများ ပန်းကန်ထဲတွင် တည်ခင်းထားပုံသာ ထွက်ပေါ်လာတော့သည်။

လမ်းတစ်ဝက် အရောက်မှာပင် နေမြင့်လာခဲ့၏။ အားလုံးက အိမ်ပြန်ရန် တစ်ယောက်နှင့် တစ်ယောက် အော်ခေါ်နေကြပြီ ဖြစ်ရာ သူမလည်း နောက်မှ လိုက်လာခဲ့လိုက်တော့သည်။

“နင်တို့အိမ်က ကောင်မလေးရော ကျောင်းသွားလား ...”

အဒေါ်ကျန်းက ပေါက်တူးကို သယ်ထားရင်း မေးလိုက်သည်။

နွေဦး စာသင်ကာလတွင် ချင်းဖန်သည် သူမ၏ ဆန္ဒအတိုင်း လန်ဟဲမြို့ မူလတန်းကျောင်း၌ တတိယတန်းကို ဝင်ခွင့်ရရှိခဲ့သည်။

“အိမ်က လန်ဟဲမြို့နဲ့ဆို ဝေးသေးတော့ လမ်း အကြာကြီး လျှောက်နေရမှာလေ။ အဲဒါနဲ့ နေ့ခင်းစာကို ကျောင်းမှာပဲ စားပြီး ညနေမှ ဘတ်စ်ကားနဲ့ အိမ်ပြန်လာလို့ ပြောလိုက်တာ ...”

ချင်းဖန်သည် အလွန် အလိုက်သိသူ ဖြစ်သည့်အတွက် နေ့တိုင်း ဘတ်စ်ကားနှင့် အသွားအပြန် လုပ်ရမည်ကို တွန့်ဆုတ်နေခဲ့သည်။ လမ်းလျှောက်သွားလျှင် ကြာမည့်အချိန်ကို စာကျက်ရန် အသုံးပြု၍သာ မဟုတ်ပါလျှင် ညတိုင်း တစ်ယောက်တည်း ညဉ့်နက်သည်အထိ နေစရာလိုမည် မဟုတ်ချေ။ အကျိုးရှိသည့်အရာကို ဦးစားပေးရမည်ဟူသော သဘောတရားကို လက်ကိုင်ထားသည့် ချင်းရှန်း၏ အတင်း တိုက်တွန်းမှုကြောင့် သူမသည် နေ့လယ်စာကို ကျောင်းကန်တင်းတွင် စားကာ စာသင်ခန်းထဲ၌ တစ်ခဏမျှ မှေးစက်တတ်၏။ ထို့ကြောင့် ထမင်းစားချိန်နောက်ပိုင်း စာသင်ချိန်များတွင် အားအင်ပြည့်ဝ တက်ကြွနေခဲ့သည်။

လက်ရှိ ကျောင်းကန်တင်းများတွင် အစားအသောက်နှင့် စားသုံးဆီ တံဆိပ်ခေါင်းများအပြင် အမျိုးအမည် တစ်ခုချင်းစီအတွက်လည်း သီးခြားစီ ငွေပေးချေရန် လိုအပ်ပေသည်။ ချင်းရှန်းက သူမအား ခြွေတာရန် ခွင့်မပြု၊ တစ်နေ့လျှင် အနည်းဆုံး အသားဟင်းတစ်ခွက်နှင့် အသီးအရွက်ဟင်း နှစ်မျိုးကို စားစေခဲ့သည်။ ထို့ကြောင့် အတန်းထဲတွင် နေ့လယ်စာအတွက် ငွေသုံးအများဆုံးသူဟု ပြောပါလျှင် ချင်းဖန်သာ ဖြစ်ပေလိမ့်မည်။

အဒေါ်ကျန်းက မနာလိုမှုအပြည့်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။

အိမ်ပြန်ပြီး ထမင်းစားရင် ကုန်ကျစရိတ်တွေ အများကြီး သက်သာသွားမယ့်ဟာကို ... ဒီနားတစ်ဝိုက်မှာ အိမ်ပြန်ပြီး ထမင်းမစားတဲ့သူ ဘယ်သူ ရှိလို့လဲ ဒီကောင်မလေးကတော့ ကံကောင်းချက်ပဲ ...

“ငွေကုန်ကြေးကျ တော်တော်များမှာပဲနော် ...”

ချင်းရှန်းက ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူမတွင် ငွေ နည်းနည်းပါးပါး ရှိနေဆဲ ဖြစ်သည်။

“ညီအစ်မတွေ တည့်တည့်ရှုရှု ဖြစ်နေတာကို မြင်ရတာ ကောင်းလိုက်တာ .. နင်ကလည်း အရမ်းကို သိတတ်တာပဲ တကယ်ကို မိသားစုကို ကောင်းကောင်း စီမံခန့်ခွဲတတ်တယ် ...”

အဒေါ်ကျန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူမအား လူသူကင်းသည့် နေရာသို့ ဆွဲခေါ်သွားကာ တီးတိုးပြောလိုက်သည်။

“ကောင်မလေး ..ငါ နင့်ကို အကူအညီတောင်းစရာတစ်ခု ရှိလို့ ... စိတ်မကွက်ဘူး မဟုတ်လား ...”

ချင်းရှန်းကလည်း အဒေါ်ကျန်းအပေါ် အမြင်ကောင်းတစ်ခု ထားရှိပေသည်။ အကြောင်းမှာ သူမက အဘွားအား အတူတူ ဟင်းရွက်သွားခူးရန် လာခေါ်သည့် ပထမဆုံးသူ ဖြစ်နေသောကြောင့် ဖြစ်သည်။

“ပြောစရာရှိတာ ပြောပါ ကျွန်မ တတ်နိုင်တာဆိုရင် သေချာပေါက် ကူညီပေးပါ့မယ် ...”

“တတ်နိုင်မှာပါ အဲဒါက ... အိုက်ယား ... ငါ့ကို ဆရာဝန်နဲ့ ပြပေးဖို့ အကူအညီ တောင်းချင်လို့ပါ ...”

အဒေါ်ကျန်းက သူမကို မိုးမခပင်ကြီးအနား ဆွဲခေါ်လာကာ သန့်ရှင်းသည့် ကျောက်တုံးပေါ်တွင် ထိုင်လိုက်သည်။

“အရာရှိလျှိုကို နင်ပဲ ကုပေးခဲ့တာ မဟုတ်လား ... ပြီးတော့ ထွန်စက်မောင်းတဲ့သူရဲ့ သားကိုရောပဲလေ။ တိုင်းရင်းဆေးက သားဖွားမီးယပ်နဲ့ ကလေးယူတာရယ်နဲ့ သက်ဆိုင်ပါ့မလားတော့ မသိပေမယ့် နင့်ကို စမ်းသပ်ကြည့်စေချင်လို့ ...”

သိပ်မကြာခင်ကမှ ချင်းရှန်းသည် ခရိုင်မြို့သို့ သွားရင်း လုံကျောက်ကျောက်၏ ရောဂါဆန်းကို ကုပေးနိုင်ခဲ့သည့် အကြောင်းကိုမူ မည်သူမှ မသိကြသေးချေ။

တိုက်ဆိုင်စွာပင် ဤမနက်ကမှ လုံဝမ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံလိုက်ရသေးသည်။ သူက လုံကျောက်ကျောက်၏ ဝေဒနာ လုံးဝဥဿုံ ပျောက်ကင်းသွားကာ ဝမ်းဗိုက်လည်း ပြားချပ်သွားပြီ ဖြစ်သည့်အတွက် နှင်းဆီရောင်မျက်နှာနှင့်အတူ ကျောင်းပြန်တက်နိုင်နေပြီဖြစ်ကြောင်း ပြောလာခဲ့သည်။

ချင်းရှန်းက ဦးထုပ်ကို ချွတ်ကာ ယပ်ခတ်လိုက်သည်။

“ရပါတယ် ပြောသာ ပြောလိုက်ပါ ...”

သူမကိုယ်တိုင်လည်း ကြောင်အမိနေခဲ့၏။ အဒေါ်ကျန်းမှာ အလွန် တက်ကြွသူဖြစ်ကာ ပြီးခဲ့သည့် ရက်ကပင် အခြား အဘွားအိုတစ်ဦးနှင့် ရန်ဖြစ်ခဲ့သေးသည်။ သူမ၏ ပုံစံမှာ နာမကျန်းသူနှင့် နည်းနည်းမျှပင် တူမနေချေ။

အဒေါ်ကျန်းက သက်ပြင်းချလိုက်သည်။ မျက်နှာမှာလည်း ချက်ခြင်းလက်ငင်း အိုကျသွား၏။

“အိုက်ယား ... ငါ့ရဲ့ ဘာဒုက္ခမှ မပေးခဲ့ဘူးတဲ့ သမီးလေးလေ ...”

အသက် ၅၀ အရွယ် အဒေါ်ကျန်းမှာ သားတစ်ယောက်၊ သမီးတစ်ယောက်ကို မွေးဖွားထားသူ ဖြစ်သည်။ သားဖြစ်သူသည် လုံခြုံရေးအဖွဲ့တွင် အလုပ်လုပ်နေကာ ချွေးမမှာ စက်ရုံအမှတ် ၄၁၂ ၏ ထုပ်ပိုးရေးဝန်ထမ်းဖြစ်သည်။ ထို့ကြောင့် အခြားသူများနှင့် နှိုင်းယှဉ်ပါလျှင် သူမတို့၏ ဝင်ငွေမှာ နည်းပါးသည်ဟု မဆိုသာ။ စားဝတ်နေရေး မခက်ခဲသည့်အတွက်လည်း နေ့စဉ်နေ့တိုင်း သဲကန္တာရဘက်အထိ လှည့်ပတ်သွားနိုင်ခြင်း ဖြစ်သည်။ သို့သော် အပြောဆိုးသည့်အတွက် ချွေးမဖြစ်သူနှင့် မတည့်လှ။ ချွေးမဖြစ်သူက သူမအား မကျေမနပ် ဖြစ်သည့် အကြောင်းအရင်းမှာ သမီးဖြစ်သူ ကျန်းယွဲ့ဟုန်ကိုပါ သူမတို့နှင့် အတူ လာနေစေ၍ ဖြစ်သည်။

ယောက္ခမက သားဖြစ်သူနှင့် လာနေကာ ကလေးများအား စောင့်ရှောက်ပေးသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။ ထိုအတွက် ချွေးမကလည်း စောဒကတက်မည် မဟုတ်။ ကလေးထိန်းတစ်ဦး ငှားလျှင်ပင် ငွေ အများအပြား ကုန်ကျမည် ဖြစ်သော်လည်း ယောက္ခမကိုမူ လစာဟူ၍ ပေးနေရန် မလို၊ တင်ကျွေးထားရန်သာ လိုပေသည်။

သို့သော် ... အကြီးဆုံးယောက်မပါ ရောက်လာကာ ၂၀- ၃၀ စတုရန်းမီတာခန့်သာ ရှိသည့် အိမ်လေးထဲတွင် လူတစ်ပြုံကြီး တိုးဝှေ့နေကြရတော့၏။ ထိုယောက်မမှာ အလုပ်လည်း မရှိရာ မိသားစုတွင် တင်ကျွေးရန် ဝန်ထုပ်နှစ်ခု ဖြစ်လာသည့်အတွက် မည်သူမှ မကျေနပ်ကြတော့ချေ။

“သားက အမေကို စောင့်ရှောက်ရမယ့် ဝတ္တရား ရှိပေမယ့် ခြေရောလက်ရော အကောင်းအတိုင်း ရှိနေတဲ့ အစ်မကြီးကိုတော့ စောင့်ရှောက်ပေးနေစရာ မလိုမှန်း ငါလည်း သိပါတယ် ...”

အဒေါ်ကျန်းက သက်ပြင်းချကာ ပြောလိုက်သည်။ သူမမှာလည်း ၎င်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မကိုင်တွယ်နိုင်တော့သည့်ဟန်ပင်။

ထိုအကြောင်း ကြားသည့်အခါ ချင်းရှန်းလည်း အလွန် အံ့ဩသွားရ၏။

“အဒေါ်ရဲ့ သမီးဆိုတာ ဟိုနေ့က အပွင့်ရိုက်ခေါင်းပေါင်း ပေါင်းထားတဲ့ အစ်မကြီးလား ...”

“ဟုတ်တယ် အဲဒါ ငါတို့ရဲ့ ယွဲ့ဟုန်လေ ...”

မည်သူမည်ဝါဟု မသိစဉ်ကတည်းကပင် ချင်းရှန်းသည် ထိုအစ်မကြီးအား အလုပ်ကို အလေးအနက်ထားကာ လုပ်တတ်သူဟု အထင်ကြီးမိနေပြီး ဖြစ်သည်။ သူမ၏ ပေါက်တူးပေါက်ချက် တစ်ချက်ချင်းစီတိုင်းက အားမာန်အပြည့် ဖြစ်နေကာ တူးထုတ်လိုက်သည့် ရွှံ့များမှာလည်း ပန်းကန်လုံးတစ်လုံးစာ အပြည့်ပင်။ ပြဿနာနှင့် တွေ့လာပါလျှင် မမြင်ချင်ယောင် ဆောင်နေတတ်သည့် အခြားလူများနှင့်လည်း မတူ။ သို့သော် သူမကို အသက် ၄၀ ဝန်းကျင်နီးပါး ရှိလောက်ပြီဟုသာ တွေးခဲ့မိရာ အဒေါ်ကျန်း၏ သမီး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့။ လာကူရန် ခေါ်ထားသူတစ်ဦးဦး ဖြစ်လိမ့်မည်ဟုသာ တွေးခဲ့သည်။

“သူ့ဘဝကလည်း တော်တော်လေးကို ကြမ်းတမ်းခဲ့ရှာတာပါကွယ် ..."

All Chapters