Chapter 62
Vol. 6 Ch. 62
မွေးရပ်မြေတွင် နေထိုင်စဉ်က ကျန်းယွဲ့ဟုန်သည်လည်း အခြားမိန်းကလေးများကဲ့သို့ပင် အသက် ၁၆ နှစ်အရွယ်တွင် အိမ်ထောင်ပြုကာ သမီးမိန်းကလေးနှစ်ဦး ဖွားမြင်ခဲ့၏။ ထို့နောက်တွင် ကိုယ်ဝန်ရသည့် အရိပ်အယောင်ပင် မရှိတော့သည့်အတွက် သူမခင်ပွန်းဘက်မှ မိသားစုဝင်များက သိသိသာသာ ညူစူလာကာ အော်ဟစ်ငေါက်ငမ်းရုံသာမက တစ်ကိုယ်လုံး အညိုအမည်းစွဲသည်အထိပင် ရိုက်နှက်လာကြတော့သည်။ အဒေါ်ကျန်းက ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခံနေရသည်ကို မမြင်ရက်သည့်အတွက် ကွာရှင်းရန် ဖြောင်းဖျလိုက်သည်။
ကွာရှင်းပြီးနောက်တွင် မွေးထားသည့် သမီးနှစ်ဦးအား အုပ်ထိန်းခွင့် မရခဲ့။ သို့သော် အဒေါ်ကျန်းမှာ စိတ်သဘောထား ပွင့်လင်းသူ ဖြစ်သည်။ သူမ၏ သမီးတွင် ရှေ့ဆက်လျှောက်ရမည့် ခရီးလမ်းအရှည်ကြီး ရှိနေရာ ခင်ပွန်းဟောင်းမိသားစုနှင့် အုပ်ထိန်းခွင့်အတွက် တိုက်ခိုက်ရင်း အချိန်ကုန်မခံချင်။ ဤအခြေအနေနှင့် အသားကျသွားမည်ကို စိုးရိမ်သောကြောင့် သူမနှင့်အတူ လန်ဟဲမြို့သို့ လိုက်လာရန် ခေါ်ခဲ့လိုက်သည်။
ဤနေရာသို့ ရောက်ကာစက အားလုံး အဆင်ပြေနေခဲ့သည်။ ကျန်းယွဲ့ဟုန်သည် ချောမောကာ အရပ်ရှည်သည့်အပြင် ဝီရိယကောင်းပြီး လုပ်သမျှ အရာတိုင်းကိုလည်း စိတ်ပါလက်ပါ လုပ်ဆောင်တတ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်ခန့်က သူမကို လန်ဟဲမြို့ရှိ မုဆိုးဖိုတစ်ဦးနှင့် အောင်သွယ်ပေးခဲ့ကြသည်။
ထိုသူ့ထံတွင် အမြဲတမ်း အတည်တကျ အလုပ်အကိုင် မရှိသော်ငြား သူတို့၏ ထုတ်လုပ်ရေးအဖွဲ့တွင် စွန့်ဦးတီထွင်လုပ်ငန်းနှစ်ခု ရှိကာ လတိုင်း အချိန်မှန် လစာရသည်။ လယ်ကွင်းထဲတွင်လည်း အလုပ်အနည်းငယ် လုပ်နိုင်သေးသည့်အတွက် သူတို့၏ နေထိုင်မှုဘဝမှာ အလွန် လွယ်ကူသက်သာသည်ဟု ဆိုရပေမည်။
အထူးသဖြင့် ကျန်းဟုန်ယွဲ့သည် လက်ထပ်ပြီးပါလျှင် အိမ်အလုပ်နှင့် လယ်အလုပ် နည်းနည်းပါးပါးကိုသာ လုပ်နေရန် လိုအပ်ကာ မိဘနှင့် ကျန်မိသားစုဝင်များအား တွေ့ရန် ဝန်ထမ်းအိမ်ယာသို့လည်း မကြာမကြာ ပြန်နိုင်မည် ဖြစ်သည်။ ဤသည်မှာ သူမအတွက် အလွန် ကောင်းမွန်သည်ဟုပင် ဆိုရပေမည်။
“ဒါပေမယ့် ငါ့သမီးလေးရဲ့ ဘဝက တော်တော်လေးကို သနားစရာ ကောင်းပါတယ်။ ခုနစ်နှစ် ရှစ်နှစ်လောက် အိမ်ထောင်ကျခဲ့တာတောင် သားယောကျ်ားလေး တစ်ယောက်မှ မရခဲ့တော့ ယောက်ျားဘက်က မိသားစုတွေ ညိုညင်တာကို ခံရ .. တစ်ခါ နောက်ထပ် ယူမယ့်ယောကျ်ား ကျပြန်တော့လည်း အသက်က ၄၀ နီးပါးရှိနေပြီဆိုတော့ ထပ်ပြီး စောင့်နေလို့ မရတော့ဘူး ... အရင်ယောကျ်ားကဆို မူးမူးနဲ့ သူ့ကို ရိုက်လိုက်တာ ခေါင်းပေါက်သွားတယ်လေ ကြင်နာတတ်တဲ့ လူတွေက ဆေးရုံကို ပို့ပေးလို့သာပေါ့ မဟုတ်ရင် အဲဒီ့နားမှာတင် သေနေလောက်ပြီ ...”
သို့သော် မိဘအိမ်သို့ ပြန်လာသည်မှာလည်း ရေရှည် အဆင်ပြေသည့် ဖြေရှင်းနည်း မဟုတ်။ ခိုလှုံရာ တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲလိုက်ခြင်းမျှသာ ဖြစ်ပေသည်။ လက်ရှိကာလ၏ ဓလေ့ထုံးတမ်းများအရ အားလုံး၏ အမြင်တွင် အိမ်ထောင်သက်တမ်း နှစ်အနည်းငယ် ရှိသည့်တိုင် ကလေးမမွေးနိုင် အထူးသဖြင့် သားမမွေးနိုင်သူသည် အိမ်ထောင်ရေးတွင် ကျရှုံးသူ ဖြစ်ပေသည်။
ချင်းရှန်းမှာ တွေးရင်းတွေးရင်း ဒေါသထွက်လာတော့၏။ အတိတ်ဘဝတွင်လည်း သူမသည် ကိုယ်ဝန်မဆောင်နိုင်သည့် အကြောင်းပြချက်ကြောင့် မြောက်များစွာသော မိန်းမကြီးများ၏ အတင်းစကား ဆိုခြင်းကို ခံခဲ့ရသည်။ ထိုစဉ်က သူမသည် ထိုသူတို့အား “မိန်းမတစ်ယောက်က ကလေးမွေးဖို့ပဲ အသုံးဝင်တာလား “ “ကလေးမမွေးနိုင်တာက အပြစ်ကြီးလား" ဟု မေးလိုက်ချင်စိတ်များပင် ဖြစ်ပေါ်ခဲ့သည်။
“ဥမဥနိုင်တဲ့ကြက်မ” ဟူသော ဆိုးရွားသည့် အသုံးအနှုန်းက အမျိုးသမီးများအကြားတွင် အကြားရဆုံး စကားလုံး ဖြစ်ခဲ့သည်။ ယောက္ခမများ၊ ယောက်မများ၊ အိမ်နီးချင်းများ အားလုံးမှာ မိန်းမများသာ ဖြစ်ကြပါလျက် ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်မပေးနိုင်ကြသလဲ စဉ်းစား၍ မရတော့ချေ။
“အဒေါ် ဘာကို ဆိုလိုချင်တာလဲဆိုတာ ကျွန်မလည်း သိပါတယ်။ ဒါပေမယ့် အစ်မယွဲ့ဟုန်ရဲ့ အတွေးကို အရင် မေးကြည့်ပါဦး။ သူ ကလေးလိုချင်သေးရဲ့လားလို့လေ သူ လိုချင်သေးတယ်ဆိုရင် ဘယ်သူက ကလေးကို စောင့်ရှောက်မှာလဲဆိုတာကလည်း မေးစရာတစ်ခု ဖြစ်လာပြီ .. အဲဒီ့ လန်ဟဲက အမျိုးသား ... ဒါ သူ့အတွက်လည်း စောင့်ဖို့ မဖြစ်နိုင်လောက်ဘူးလေ ....”
အဒေါ်ကျန်းက “ဟမ့်” ခနဲ လုပ်လိုက်သည်။ ဓားပေါင်း တစ်သောင်းလောက်ဖြင့် အသတ်ခံသင့်သူက ကွာရှင်းပြီး နှစ်လအကြာတွင်ပင် နောက်အိမ်ထောင်ပြုခဲ့ကာ ယခုတွင် ကလေးကပင် တစ်နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်ပါလျှင် သူမ၏ သမီးမှာလည်း ကလေးမမွေးနိုင်ဟူသည့် အမည်ဆိုး အတပ်ခံရမည် မဟုတ်ချေ။
“ဒါဆို ကျွန်မကို ဒီပြဿနာကို ကူညီပြီး ဖြေရှင်းပေးစေချင်တာလား ...”
အဒေါ်ကျန်းက မျက်နှာ နီမြန်းစွာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် အကုန်လုံးဆိုရင်တော့ ပိုကောင်းတာပေါ့ ...”
ချင်းရှန်းက ရယ်ချင်သွား၏။
ဤအဘွားအိုတွင် ရည်ရွယ်ချက်ကောင်းများ ရှိသော်လည်း သူမအနေဖြင့် ကျန်းယွဲ့ဟုန်၏ အတွေးကို မသိရသေးချေ။
“ဒါဆို အဒေါ်ကျန်း ... အစ်မယွဲ့ဟုန်ကို အရင်ဆုံး ပြန်မေးကြည့်ပါဦး။ သူမ ကုချင်ရင် ကျန်းမာရေးစင်တာမှာ ကျွန်မကို လာရှာလှည့်ပါ မကုချင်ရင်တော့ သဘောပေါ့။ ဒါနဲ့ သေချာပေါက် ကုနိုင်ပါမယ်လို့တော့ ကျွန်မအနေနဲ့ အာမမခံနိုင်ဘူးနော်။ လူ့ခန္ဓာကိုယ်က အရမ်းရှုပ်ထွေးတယ်လေ ...”
“သိပါတယ် နင်က အရမ်းကို အင်အားကြီးမှန်း နင်တို့အဘွားစီကနေ ကြားခဲ့ပြီးသား ကလေးမမွေးနိုင်တဲ့ ကိစ္စမှာ နင်တို့ခဲအိုအကြီးဆုံးက တရားခံဆိုတာ မြင်လိုက်တာနဲ့တင် သိတယ်ဆို ... သူကလည်း နင်တို့ မွေးရပ်မြေက အကြီးဆုံးခဲအိုနဲ့ အတူတူပဲလေ ...”
ချင်းရှန်းက ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်၏။
အဘွားကတော့လေ အကုန်ကို လိုက်ပြောနေတော့တာပဲ ....
မည်သူက ကလေးမွေးနိုင်သည်၊ မည်သူက ကလေးမမွေးနိုင်သည်ကို သူမအနေဖြင့် မြင်ရုံဖြင့် မသိနိုင်ပေ။ မည်သို့ပင် ဖြစ်စေ လျှိုကျားဝေ့ထံ၌ အတိတ်ဘဝတွင် သားတစ်ယောက်၊ သမီးတစ်ယောက် ရှိခဲ့ကာ နှစ်ယောက်စလုံးကလည်း သူနှင့် ရုပ်ချင်းဆင်သည့်အတွက် သွေးသားရင်းများ ဖြစ်ကြပေလိမ့်မည်။
နောက်ရက်များအတွင်း ချင်းရှန်းသည် အပင်စိုက်ခြင်းနှင့် အလုပ်များနေကာ ပါမောက္ခကျုံးကိုလည်း အပြေးအလွှား သွားကူညီရသေး၏။ ကျန်းယွဲ့ဟုန်ကလည်း သူမကို ဆေးခန်းတွင်လည်း လာမရှာ၊ အိမ်တွင်လည်း လာမရှာသည့်အတွက် အိမ်ထောင်ပြုသားမွေးရန် စိတ်မပါတော့၍ ဖြစ်ရတော့မည်ဟုသာ တွေးလိုက်ကာ သူမအကြောင်း ပူပန်မနေတော့ချေ။
အဒေါ်ကျန်း ပြောခဲ့သည့် အချက်များအရ သုံးသပ်ရပါလျှင် ကျန်းယွဲ့ဟုန်၏ နာမကျန်းမှုမှာ သန္ဓေမအောင်ခြင်း ဖြစ်လိမ့်မည်။
ယနေ့အဖို့ ချင်းရှန်းသည် စိုက်ခင်းထဲသို့ သွားနေရန် မလိုအပ်တော့သည့်အတွက် အိမ်တွင် နေကာသာ ချင်းဖန်၏ အိမ်စာကို စစ်ပေးနေလိုက်သည်။
“တတိယအစ်မ ... ခဲအိုက ဘယ်အချိန် ပြန်ရောက်လာမှာလဲ။ ဘေးအိမ်က ကျောက်ဟိုင်ယန်ရဲ့ အဖေဆို ပြန်ရောက်နေတာ ကြာလှပြီ ...”
ချင်းဖန်က ခဲတံကို ကိုက်ရင်း ပြောလိုက်၏။ သူမသည်လည်း အမြဲ ညင်သာသိမ်မွေ့သော တတိယခဲအိုကို သတိရနေပြီ ဖြစ်သည်။
ချင်းရှန်းမှာလည်း သိသိသာသာ စိတ်ပူမိနေခဲ့၏။ အတူတူ ထွက်သွားကြသူ နှစ်ဦးအနက် ကျန်တစ်ဦးက ပြန်ရောက်နေသည်မှာ ရက်ပေါင်းပင် မနည်းတော့၊ ကျန်တစ်ဦးမှာမူ သတင်းပင် မကြားရသေးချေ။ ကျောက်ချင်းစုန့်ကို မေးကြည့်ခဲ့သေးသော်ငြား သူက ရှောင်ဟဲတွင် လုပ်စရာတစ်ခု ရှိနေသေး၍ ကျန်ခဲ့ကြောင်းနှင့် အားလုံး ပြီးစီးလျှင် ပြန်လာမည်ဖြစ်ကြောင်းသာပြောခဲ့သည်။
သူ့လေသံကို သုံးသပ်ရပါလျှင် မကောင်းသည့်ကိစ္စ တစ်ခုခု ဖြစ်ခဲ့ဟန်တော့ မရှိပေ။
ချင်းရှန်းက သူမ၏ သံသယစိတ်များကို ချိုးနှိမ်ကာ ချင်းဖန်၏ ဆံပင်ကို ဖွလိုက်သည်။
“ခဲတံကို မကိုက်ပါနဲ့လို့ ဘယ်နှခါ ပြောရမှာလဲ ...”
ချင်းဖန်မှာ ကျောင်းအပ် နောက်ကျသူ ဖြစ်သည့်အတွက် အသက် ၁၀ နှစ်တွင် သုံးတန်းသာ ရောက်သေးသည်။ သို့သော် စာလုံးများကိုမူ အများအပြား သိနှင့်နေပြီး ဖြစ်သည်။ တတိယခဲအိုက သူမအတွက် ဂျူနီယာအထက်တန်းအဆင့်၏ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစာအုပ်များကို ငှားပေးထားကာ သူမကလည်း ၎င်းတို့ အားလုံးနီးပါးကို ဖတ်ပြီးနေပြီ ဖြစ်သည်။ မသိသည့် စာလုံးများ တွေ့လာပါလျှင် အဘိဓာန်ထဲ ရှာကာ အသံထွက်ဖြင့် မှတ်ထားလေ့ရှိသည်။
ချင်းရှန်က လူသုံးနည်းသည့် စကားလုံးအချို့အား မေးလိုက်သည်။ သူမက အသံထွက်ကို မှန်မှန်ကန်ကန် ထွက်နိုင်ရုံသာမက အဓိပ္ပါယ်ကိုပါ ပြောပြနိုင်သေး၏။ ချင်းရှန်းကလည်း ကလေးများအား စာသင်ပေးခဲ့ဖူးသူ ဖြစ်ရာ ချင်းဖန်လိုအရွယ် ကလေးများအဖို့ ဤမျှလောက် များပြားသော စာလုံးများအား သိနေခြင်းမှာ အံ့ဩစရာ ကောင်းလှကြောင်း ကောင်းကောင်း သဘောပေါက်ပေသည်။
“ဒီကောင်မလေးကတော့ ကြီးလာရင် ထိပ်တန်းကျောင်းသား ဖြစ်လောက်တယ် ...”
“ထိပ်တန်းကျောင်းသားဆိုတာ ဘာလဲဟင် ...”
ချင်းရှန်းက ရှင်းပြတော့မည်ပြုစဉ် အိပ်ယာပေါ်ရှိ သို့သို့ထံမှ အသံ ထွက်လာသည်။ သူမကို ချက်ခြင်း ပွေ့ချီကာ “အို့ အို့” ဟု အသံပြု၍ သာသာလေး ပုတ်ပေးလိုက်သည်။ ထိုသို့ဖြင့် ပွင့်လုဆဲဆဲ ကောင်မလေး၏ မျက်လုံးများ ပြန်မှိတ်သွားပြီး နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်တော့၏။
သို့သို့သည် ပျိုးထောင်ရ လွယ်ကူသည့် ကလေးတစ်ဦး ဖြစ်၏။ ငါးလကျော်နေပြီ ဖြစ်သော်ငြား ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်ကာ နိုးလာလျှင်လည်း တစ်ချက်နှစ်ချက် ချော့သိပ်လျှင်ပင် နောက်တစ်နာရီလောက် ပြန်အိပ်သွားတတ်သည်။ ဗိုက်မဆာမချင်း အသံတစ်သံပင် ထွက်မလာတတ်။
တစ်ခြားတစ်ဖက်ရှိ ဒါရိုက်တာလီ၏ ရုံးခန်းတွင် ..အတွင်းရေးမှူးကုန်းနှင့် များစွာသော လက်ထောက်ဒါရိုက်တာများက ကိုယ်စီကိုယ်စီ လက်ဖက်ရည်ခွက်များ ကိုင်ထားကာ တစ်ခုခုကို ဆွေးနွေးနေကြသည်။
“ရှောင်ဟဲက တကယ်ကို ဒီလိုမျိုး ပြောခဲ့တာလား ...”
အတွင်းရေးမှူးကုန်းက အလွန် အံ့အားသင့်သွားသည်။ လက်ဖက်ရည်သောက်ရာ၌ အာရုံ မစိုက်မိလိုက်သည့်အတွက် နှုတ်ခမ်း အပူလောင်သွား၏။
“ဒီတစ်ခေါက်မစ်ရှင်က ကောင်းကောင်းမွန်မွန်နဲ့ကို ပြီးသွားတာ သူ့ကို ဘာဆုလိုချင်လဲ မေးကြတာပေါ့။ မင်းတို့လည်း သိမှာပါ။ ဒီတစ်ခေါက် သူ့ကို ရာထူးနှစ်ဆင့် တိုးပေးမယ်ဆိုရင်တောင် ကျိုးကြောင်းဆီလျော်တယ်ဆိုတာကိုလေ မစ္စတာချန်းကလည်း ငါ့ကို အကူအညီ တောင်းနေတာ။ ဒါပေမယ့် သူ့မိဘတွေက ပြဿနာ ဖြစ်နေတယ် .. တွဲဖက်စစ်ဆေးရေးဌာနကို အကြောင်းကြားစာ ပေးပြီးသား ဆိုပေမယ့် ပေသာ့ဟွမ် စိုက်ခင်းကနေ ဘာမှ အကြောင်းပြန်မလာသေးဘူး။ ငါတို့သာ သူ့ကို ပွင့်ပွင့်လင်းလင်း ရာထူးတိုးပေးလိုက်ရင် .. တော်လှန်ရေးကော်မတီက လူတွေက ကျိန်းသေ ပြဿနာ ရှာမှာပဲ ...”
ထို့ကြောင့်လည်း အထက်ပိုင်းမှ ခေါင်းဆောင်များက သူ လိုချင်သည့်ဆု ရှိမရှိ မေးလာကြခြင်း ဖြစ်သည်။ လစာနှင့် ရာထူးအဆင့် တိုးမြင့်လာမည် မဟုတ်သည့်တိုင် ..မစ္စတာချန်း၏ ဓာတ်ခွဲခန်းသို့ ပွင့်ပွင့်လင်းလင်း သွားနိုင်ဦးမည် မဟုတ်သည့်တိုင် အားလုံးက တတ်နိုင်သရွေ့ ကူညီပေးကြမည် ဖြစ်သည်။
“သူက ဘာမှ ထွေထွေထူးထူး တောင်းဆိုမထားဘူး အိမ်ထောင်စုစာရင်းကိုပဲ ပြောင်းချင်တယ်တဲ့ ...”
“တကယ်ကြီးလား....”
ထိုသို့ဖြင့် စိုက်ပျိုးရေးလုပ်ငန်း မရှိသည့် နေရာသို့ ပြောင်းရွှေ့ရမည့် လယ်သမားများအတွက် နေရာနှစ်ခုစာကို ဖလှယ်ရန်အတွက်နှင့် သူ့ဘဝကို စွန့်လွှတ်ခဲ့သည့် ရဲဘော်ရှောင်ဟဲ၏ သန့်စင်သော လုပ်ရပ်ကို ကြားလိုက်ရသူတိုင်း ယူကျုံးမရ ပူဆွေးကြတော့သည်။ ထိုအကြောင်းကို ကြားသည့်အခါ ကျောက်ချင်းစုန့်ပင် မျက်မှောင်ကျုံ့မိသွားခဲ့၏။ သို့သော် သူက ထိုသို့သော ရလဒ်မျိုး ထွက်လာသည့်အပေါ် ကျေနပ်မိနေဆဲ ဖြစ်သည်။
ဝန်ထမ်းအိမ်ယာတွင် ... ညီအစ်မနှစ်ဦးက နောက်ဆုံးရသတင်းအကြောင်း ပြောနေကြသည်။
“ဘာတွေပြောနေကြတာလဲ ...”
တံခါးဝစီမှ ရင်းနှီးနေသော အမျိုးသားအသံတစ်ခုကို ကြားလိုက်ရသည်။
“တတိယခဲအို...”
ဟဲလျန်ရှန်းမှာ ထွက်သွားစဉ်က ပုံစံအတိုင်းပင်၊ ဆံပင်အရှည်ပင် ပြောင်းလဲမသွား။ စစ်တပ်သုံး ခရီးဆောင်အိတ်တစ်လုံးကို လက်တွင် ကိုင်ထားသည်။
ချင်းဖန်က အလွန် ဝမ်းသာသွား၏။ ထိုခရီးဆောင်အိတ်ထဲတွင် ပြီးခဲ့သည့်အခေါက် တတိယအစ်မ ခရိုင်မြို့သို့ သွားစဉ်ကကဲ့သို့ အားလုံးအတွက် လက်ဆောင်များ ပါလာသည်ဟု ထင်လိုက်သဖြင့် အိတ်ကို အမြန် သယ်ပေးကာ လက်ဆောင်များ ဝေခြမ်းရန် ပြင်လိုက်သည်။
သို့သော် အထဲတွင် အဝတ်နှစ်စုံနှင့် နိုင်ငံခြားဘာသာစကားဖြင့် ရေးထားသော စာအုပ်အချို့သာ ရှိနေခဲ့သည်။ မည်သည့်စာအုပ်များ ဖြစ်ကြောင်းပင် မဖတ်တတ်သည့်အတွက် သူမမျက်ဝန်းထဲရှိ အပျော်မီးတောက်လေး တစ်မဟုတ်ချင်း ချုပ်ငြိမ်းသွားတော့၏။
သူမ ဘာကြောင့် စိတ်ပျက်သွားရကြောင်းကိုမူ ဟဲလျန်ရှန်းက မသိချေ။ မခံနိုင်လောက်အောင် ဗိုက်ဆာနေသည့်အတွက် ပြန်ရောက်ရောက်ချင်း သူ့အိမ်သို့ပင် မပြန်ဘဲ ဤအိမ်သို့ လာခဲ့ခြင်း ဖြစ်သည်။ မီးဖိုချောင်ထဲသို့ ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် အနွေးကုတင်ပေါ်ရှိ ဖြူအိအိ ဖက်ထုပ်လုံးကို မြင်လိုက်ရကာမှ သူ့တွင် သမီးတစ်ယောက် ရှိနေကြောင်း သတိရသွားကာ ကလေးကို လှည့်ကြည့်လိုက်၏။
ချင်းရှန်း - “????”
အိုး .. ဒီလိုနေရာမှာလည်း တော်သားပဲ ...
“ဒီလောက်အထိတောင် ထွားလာပြီလား ...”
သူက ရေရွတ်လိုက်သည်။ အံ့ဩစရာ ဟုတ်မဟုတ်တော့ သူ မသိ၊ သို့သော် သူ့စိတ်အခြေအနေမှာ ယခင်ကလောက် မတည်ငြိမ်တော့ချေ။
နူးညံ့ညံ့ မျက်နှာသေးသေးလေးကို စိုက်ကြည့်နေလိုက်သည်။ ထိုကလေးလေးမှာ သူ အိမ်မှ ထွက်သွားစဉ်ကထက် ပိုပြီး ဝလာကာ အသားအရေမှာလည်း ပန်းရောင်သမ်းနေ၏။ အရပ်လည်း သိသိသာသာ ပိုရှည်လာပေသည်။ .. သူမက သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်လိုက်၏။ နှစ်ကြိမ်တိုင်တိုင် စိုက်ကြည့်ပြီးကာမှ သူ့ကို ပွေ့ဖက်လိုဟန်ဖြင့် လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
စင်စစ်အားဖြင့် ဟဲလျန်ရှန်းသည် ခရီးမထွက်ခင်ကလည်း ကလေးကို မကြာမကြာ ပွေ့ချီကာ အနှီးလျှော်ခြင်း၊ နို့ပုလင်း ဆေးခြင်းတို့ကို မပျက်မကွက် ပြုလုပ်ခဲ့သည်။ ကလေးကို ချီပိုး ချော့မြူကာ နို့တိုက်သည့် အလုပ်မှအပ ကျန် ဝေယျာဝစ္စအားလုံးနီးပါးကို လုပ်ပေးခဲ့သူ ဖြစ်သည်။ သို့သော် ထိုသမီးလေးမှာ ပို၍ပင် အရွယ်ရောက်လာရာ သူမကို လွယ်လင့်တကူ မပွေ့ဖက်ရဲတော့ချေ။
ချင်းကွေ့ဟွား - “...”
သားအဖနှစ်ယောက် ရင်းရင်းနှီးနှီး ဖြစ်တော့မယ် ဆိုကာမှ အလုပ်ခရီး ထွက်လိုက်ရတာနဲ့ အကုန် ပြန်စိမ်းကုန်ပြီ ...
ချင်းရှန်းက ကလေးကို ပွေ့ချီကာ သူ့လက်မောင်းထဲ ထည့်ပေးလိုက်သည်။
“ခေါ်ထားလိုက် .. ကျွန်မလည်း အပြင်သွားစရာ ရှိသေးလို့ ...”
ချင်းဖန်ကလည်း မျက်စိမှိတ်ပြကာ အပြင်ထွက်သွားသည်။
ဟဲလျန်ရှန်း၏ တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ သူ့လက်များမှာ ကလေးကို ချီထားသည်နှင့် မတူ၊ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကို ကိုင်ထားသည့် အလားပင်။
သို့သို့က အိပ်မောကျနေဆဲ ဖြစ်သည်။ သို့သော် တလှုပ်လှုပ် ဖြစ်လာသည့် မျက်ခွံများက မကြာခင် နိုးလာတော့မည်ဟု အရိပ်အယောင် ပြနေသယောင်။ ဟဲလျန်ရှန်းလည်း တောင့်တင်းသွားရကာ လက်ကို အကြိမ်အနည်းငယ် လှုပ်ယမ်း၍ သူ့ဇနီး ကလေးကို ချော့သည့် အသံမျိုး လုပ်လိုက်သည်။
“အို့ ... အို့ ...”
အလုပ်ဖြစ်တယ်ဟ ...
ရှောင်ဟဲမှာ လောကသစ်တစ်ရပ်ကို ရှာတွေ့သွားဟန်ပင်။ သူက နောက်တစ်ကြိမ် ထပ်ချော့လိုက်ကာ သို့သို့လည်း ပိုပြီးပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
ကလေးတွေကို ဒီလိုမျိုး ချော့သိပ်ရတာကိုး ...
သူက သွားများ ပေါ်လာသည်အထိ ပြုံးလိုက်မိသည်။ ထို့နောက်တွင် ချိန်သီးနာရီတစ်လုံးသဖွယ် မမောနိုင် မပန်းနိုင် ကိုယ်ကို လှုပ်ယမ်းရင်း တအို့အို့ မြည်တမ်းကာ လမ်းလျှောက်ရင်း ချော့သိပ်နေလိုက်တော့သည်။
ချင်းရှန်းကလည်း အပြင်သို့ တကယ် ထွက်သွားခြင်း မဟုတ်။ မီးဖိုချောင်ထဲသို့ ဝင်သွားခြင်း ဖြစ်သည်။ ဟင်းဟူ၍ သူတို့ စားထားသည့် ကြက်ဥကြော်သာ ရှိတော့သည်။ စင်စစ်အားဖြင့် ၎င်းကို မနက်ဖြန် မနက်မှ ဆန်ပြုတ်နှင့်စားရန် ချန်ထားခြင်း ဖြစ်သည်။ အခြားဟင်းလျာများ မကျန်တော့သည့်အတွက် သူစားရန် ခေါက်ဆွဲသာ ပြုတ်ပေးလိုက်တော့သည်။
ခေါက်ဆွဲမပြုတ်မီ မီးဖိုချောင်အနှံ့ လှည့်ပတ်ကြည့်လိုက်သည်။ မီးဖိုချောင်ထဲတွင် ခါကြက်ဥသုံးလုံးမှအပ မည်သည့် ဟင်းချက်စရာမှ မကျန်တော့သည့်အတွက် ၎င်းတို့ကို လှီးဖြတ်ဆေးကြော ခပ်မျှင်မျှင်လှီးပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဓားပြားရိုက်၍ ရှာလကာရည်တစ်ဇွန်း၊ နှမ်းဆီနည်းနည်းထည့်ကာ အချဉ်စိမ်ထားလိုက်သည်။ ခေါက်ဆွဲသားများ နူးအိလာချိန်တွင် ခါကြက်ဥတွင်လည်း အချဉ်ဓာတ်များ စိမ့်ဝင်နေပြီ ဖြစ်၍ ချိုချိုချဉ်ချဉ်နှင့် ခံတွင်းမြိန်ဖွယ် ဖြစ်လာတော့သည်။
“ကလေးကို ချထားပြီး မြန်မြန်လေး လာစားလိုက် ...”
“ချလိုက်ရင် နိုးသွားမလား မသိဘူး ...”
ချင်းရှန်းက နာရီကို လှမ်းကြည့်လိုက်သည့်အခါ သို့သို့ နိုးသည့်အချိန် မဟုတ်သေးကြောင်း သိလိုက်ရသည်။
“သာသာလေးပဲ ချလိုက်ရင် ရတယ် ...”
ထိုသို့ဖြင့် မစ္စတာဟဲ၏ လက်ပစ်ဗုံး သရုပ်ပြမြင်ကွင်းကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်တော့၏။
နုတ်နုတ်စင်းထားသည့် ခါကြက်ဥများမှာ ချိုချဉ်ချဉ်နှင့် လန်းဆန်းဖွယ်ရာပင်။ ဟဲလျန်ရှန်းက တူဖြင့် ခေါက်ဆွဲသားများကို မွှေကာ ကြွပ်ရွနေသည့် ခါကြက်ဥချဉ်နှင့် တွဲဖက်စားလိုက်သည်။
ချင်းဖန်က ခါကြက်ဥ စားရခြင်းကို မနှစ်သက်။ သို့သော် တတိယခဲအိုက အရသာရှိရှိ စားပြနေရာ သူမလည်း တူတစ်စုံယူ၍ မြည်းစမ်းရန် ပြင်လိုက်သည်။ ရှောင်ဟဲကလည်း နှိုက်စားသည့်အပေါ် မည်သို့မှ သဘောမထား။ အရသာရှိသည်ဟုပင် ပြောလိုက်သေးသည်။
“ဝါး .. တတိယအစ်မ ဒါက တကယ်ကြီးကို စားကောင်းတာ .. မနက်ဖြန်ကျလည်း ဒါမျိုးလေး စားမယ်နော် ...”
ချင်းရှန်းက နဖူးကို တောက်ကာ ပြောလိုက်သည်။
“ကောင်းပြီ .. အိပ်တော့မှာဆို နည်းနည်းပဲစား မနက်ဖြန်ကျမှ ငရုတ်သီးစိမ်းလေးပါ ထည့်ပြီး ထပ်လုပ်ပေးမယ် ပိုမွှေးသွားအောင် ...”
“ဖြည်းဖြည်းစား အိုးထဲမှာ အများကြီး ရှိသေးတယ် ...”
ချင်းရှန်းက ဟဲလျန်ရှန်းအတွက် ခေါက်ဆွဲ နောက်တစ်ပန်းကန် ထပ်ထည့်ပေးရင်း ပြောလိုက်သည်။
“ဒီတစ်ခေါက် ခရီးက ချောချောမွေ့မွေ့ ဖြစ်ခဲ့ရဲ့လား ...”
“မဆိုးပါဘူး .. ကာလတစ်ခုလောက်အထိတော့ အေးအေးချမ်းချမ်း ဖြစ်တော့မှာပါ ...”
သူက ဆက်ပြောမလာသည့်အတွက် ချင်းရှန်းကလည်း ထပ်မမေးတော့။ အတိအလင်း မဆုံးဖြတ်ရသေးသည့် ကိစ္စများ မဟုတ်သေးသောကြောင့်သာ မပြောခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ သိချင်နေပါလျှင် နောက်နှစ်ရက်သုံးရက်အတွင်း စက်ရုံ၏ သတင်းများကို အာရုံစိုက်ပြီး စောင့်ကြည့်ပါလျှင် သိရမည် ဖြစ်သည်။