← Chapters

Chapter 63

Vol. 6 Ch. 63

Chapter 63

Vol. 6 Ch. 63

စားသောက်ပြီးနောက် ချင်းရှန်းက ပန်းကန်ဆေးပေးမည် ပြုသော်လည်း သူက အဆေးမခံ၊ သူမလက်ထဲမှ ပန်းကန်ကို ဆွဲလုကာ သူကိုယ်တိုင်သာ ဆေးလိုက်သည်။

ကိုယ့်အသိစိတ်ဖြင့် ကူညီပေးခြင်း ဖြစ်သည့်အတွက် ချင်းရှန်းကလည်း သူ့ကို တားမနေတော့ပေ။ အလွန်အကျူး ချဲ့ကားစွာဖြင့်သာ ချီးကျူးလိုက်သည်။

“အိုက်ယား ရှင့်ကို အိုးတွေပန်းကန်တွေကို ဒီလောက် ပြောင်စင်နေအောင် ဆေးတတ်လိမ့်မယ်လို့ ထင်ကို ထင်မထားဘူး ...”

သူမ၏ စကားများမှာ ချဲ့ကားလွန်းသည်ဟုတော့ မဆိုသာ။ သူသည် အိုးများကို ဆေးကြောရာ၌ အဘွားအိုထက်ပင် ပိုပြီး အာရုံတစိုက် ဆေးတတ်သေးသည်။ အတွင်းပိုင်းကိုသာမက မီးခိုးများဖြင့် မည်းညစ်နေသည့် အပြင်ပိုင်းကိုပါ တောက်ပြောင်လာအောင် ဆေးကြောခဲ့သည်။ အိုးလက်ကိုင်ကိုပင် ချန်လှုပ်မထား။ ချင်းဖန် ဆေးရန် မေ့နေတတ်သည့် အကြိုအကြား နေရာများကိုပါ တိုက်ချွတ်ဆေးကြောကာ ဝက်အူချောင်နေသည့် နေရာကိုပါ တစ်ခါတည်း ကြပ်ပေးလိုက်သည်။

“တပ်ထဲမှာ လုပ်ဖူးလို့ပါ ...”

“ဒါပေမယ့် ရှင်က စားဖိုဆောင်ကမှ မဟုတ်တာ ...”

“မစ်ရှင်ရှိလို့ ခရီးထွက်ရရင် ကိုယ့်အားကိုယ်ပဲ ကိုးရတာလေ ...”

ခဏမျှ ရပ်သွားပြီးနောက် ...

“ကိုယ်က အိုးတွေခွက်တွေပဲ ဆေးတတ်တာ ကျန်တဲ့ ရဲဘော်တွေဆို ဘယ်လိုချက်ရပြုတ်ရမလဲ ဆိုတာကိုပါ သိတယ် ကျွမ်းကျင်အဆင့်လို့တောင် ပြောလို့ရနေပြီ ...”

ချင်းရှန်းက မနာလိုသည့် လေသံဖြင့် တမင်တကာ ပြောလိုက်သည်။

“ဒါဆို ရှင့်ရဲဘော်ရဲ့ မိန်းမက တအားကို ကံကောင်းမှာပဲ ကျွန်မသာဆို အိပ်နေရင်းတောင် ထရယ်မိလောက်တယ် ...”

ဟဲလျန်ရှန်းက သူမကို မျက်ခုံးပင့်ကာ ပြန်ကြည့်လိုက်သည်။

ချင်းရှန်းက သူ ဆက်ပြောမည့် စကားကို ခန့်မှန်းနေစဉ် သူက ရုတ်တရပ် ထရပ်ကာ အိတ်ထဲမှ ပစ္စည်းအပုံလိုက်ကို ထုတ်ပေးလိုက်သည်။

“ဒီမှာ .. သိမ်းထားလိုက်ဦး ...”

သူ ပေးလာသည်မှာ စာအုပ်အသေးလေး နှစ်အုပ်ဖြစ်ကာ တစ်အုပ်ကို အစိမ်းရောင်ကတ်ထူစဖြင့် ဖုံးထားသည်။ ချင်းရှန်း၏ စိတ်ထဲတွင် ၎င်းကို မြင်ဖူးသယောင် ခံစားမိနေ၏။ ၎င်းမှာ အကြီးဆုံးအစ်မ၏ လျော်ကြေးရထားသော ငွေစုစာအုပ်နှင့် တစ်ပုံစံတည်းပင်။ စာအုပ်ကို ဖွင့်ကာ နောက်ဆုံး စာရင်းသွင်းထားသည့် ကော်လံကို ကြည့်လိုက်ပြီးနောက် .. တစ်ကိုယ်လုံး တုန်ရီသည်အထိ အံ့ဩသွားတော့သည်။

ထိုထဲတွင် ယွမ် ၁၁၆၀ ရှိနေခဲ့၏။

အမြင်မှားလေသလားဟူသော အတွေးနှင့်အတူ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ ထိုငွေစုစာအုပ်မှာ မီးထွန်းပွဲတော်ကာလတွင်မှ ငွေထည့်နိုင်သည့် အမျိုးအစား ဖြစ်သည်။ ခြောက်လတစ်ခါ ငွေထည့်ထားကာ ထည့်သည့်ပမာဏ မတူညီသော်ငြား ငွေထုတ်ထားသည့် စာရင်းမှာမူ တစ်ကြိမ်ပင် မရှိ။ ထို့ကြောင့် မနေနိုင်စွာဖြင့် ထုတ်မေးမိလိုက်တော့သည်။

“ဒီနှစ်ထဲမှာ ရှင့်ရဲ့ လစာတွေ အကုန်လုံး စုထားတာလား ...”

“အင်း ...”

မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သူ့စိတ်ထဲတွင် သူမ၏ ချီးကျူးစကားကို မသိမသာ မျှော်လင့်မိနေခဲ့သည်။ သို့သော် စောင့်ရင်းစောင့်ရင်း အချိန်သာ ကုန်သွားသည်၊ ဇနီးသည်ထံမှ စကားသံ ထွက်မလာ။ သူမက ဘဏ်စာအုပ်ကို ပြူးကျယ်သည့် မျက်လုံးများဖြင့် ငေးကြည့်ရင်းသာ ပြုံးနေခဲ့သည်။ ထိုအပြုံးကို မြင်လိုက်သည့်အခါ အလိုလို ကျောချမ်းမိလာတော့၏။

နောက်စေ့ကို ပွတ်သပ်ရင်း သူ အမှားမလုပ်မိမှန်း သေချာအောင် စဉ်းစားပြီး ပြောလိုက်သည်။

“ဖတ်ပြီးရင်လည်း ချထားလိုက်တော့လေ ...”

ချင်းရှန်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ သူမ၏ လေသံမှာ အလွန်အမင်း နူးညံ့နေသည်။

“ဘာတွေ လောနေတာလဲ ကျွန်မမှ ဖတ်လို့ မပြီးသေးတာ ...”

ထို့နောက် သူမက အနီရောင် နောက်ခံတွင် အဝါရောင် စာလုံးများ ပါသော ပလက်စတစ်သား မှတ်စုစာအုပ် အသေးလေးကို ယူလိုက်သည်။

ဤသည်မှာ စားစရာထုတ်ယူခွင့်ပြုစာအုပ်ပင်။

လက်ရှိကာလ၌ ဤစာအုပ်မှာ အိမ်ထောင်စုစာရင်းနှင့် ထူးမခြားနားပင်။ မိသားစုတစ်ခု၏ အရေးအကြီးဆုံးအရာဟုပင် ဆိုနိုင်ပေသည်။ ၎င်းက မိသားစုတစ်ခုလုံး၏ စားစရာဝေစု အချိုးအစားနှင့် သက်ဆိုင်နေရာ တစ်မိသားစုလုံး ဝဝလင်လင် စားရခြင်း ရှိမရှိ၊ အသားစားနိုင် မစားနိုင် စသည့် အခြေခံလိုအပ်ချက်တို့ကိုသာမက နှစ်သစ်ကူးကာလနှင့် အခြား ပွဲတော်ရက်များတွင် အသင့်စား အစားအစာ၊ ဆေးပြင်းလိပ်၊ အရက်၊ သကြား၊ လက်ဖက်ခြောက်နှင့် အသီးခြောက်ကဲ့သို့သော စားစရာမျိုး ထုတ်ယူခွင့် ရှိမရှိဟူသည့် ကိစ္စတို့ကိုပါ အဆုံးအဖြတ် ပေးနိုင်ရာ အိမ်ထောင်စုစာရင်းစာအုပ်ထက် ပိုပြီး အရေးပါသည်ဟုပင် ဆိုနိုင်ပေသည်။

သူမတို့၏ အလုပ်သဘောသဘာဝကြောင့် သူမနှင့် လောင်ဟဲ ရရှိသည့် စားစရာ ထောက်ပံ့ရေး အချိုးအစားမှာ မနည်းလှချေ။ လတိုင်းလတိုင်း လူတစ်ဦးလျှင် ဆန် ၄၂ ကီလို၊ ဟင်းချက်ဆီ တစ်ကီလိုနှင့် သုံးစိတ်နှုန်း ရရှိပြီး ထိုပမာဏမှာ လူနှစ်ဦးအတွက် လုံလောက်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် အဘွားနှင့် ချင်းဖန်ပါ ရှိနေရာ .. သူမတို့အဖို့ အနာဂတ်တွင် ဝင်ငွေပိုတိုးအောင် လုပ်ရန် လိုအပ်လာတော့၏။

ထိုအကြောင်းကို တွေးကာ ချင်းရှန်းက စာအုပ်ကို ဘေးသို့ ချထားလိုက်သည်။ သို့သော် ချင်းဖန်၏ အမြင်စူးရှသော မျက်လုံးက စာအုပ်ကို ချက်ခြင်း မြင်လိုက်ကာ အာမေဋိတ်သံများ ထွက်လာတော့သည်။

“အမလေး ...”

“တတိယအစ်မ .. ကြည့်လိုက်ပါဦး စာအုပ်ပေါ်မှာ အဘွားရဲ့နာမည် ရေးထားတယ် ...”

ချင်းရှန်းက စာအုပ်ကို ပြန်လှန်ကြည့်လိုက်၏။ ချင်းဖန်၏ စကားမှာ အမှန်ပင်။ အဘွား၏ နာမည်ကို ရေးထားသည့်အပြင် ကျောဘက်စာရွက်သို့ လှန်လိုက်သည့်အခါ ချင်းဖန်၏ နာမည်ကိုပါ တွေ့လိုက်ရသည်။

“တတိယအစ်မ .. သမီးရော အဘွားနာမည်ပါ ဒီမှာ ပါနေတာဆိုတော့ သမီးတို့ နှစ်ယောက်စလုံး အမြဲတမ်း နေထိုင်သူတွေ ဖြစ်လာတော့မှာလား ...”

သူမက အသက်ငယ်သေးသည့်တိုင် မြို့ပြအိမ်ထောင်စုစာရင်းနှင့် စိုက်ပျိုးခြံအိမ်ထောင်စုစာရင်း၏ ကွာခြားချက်ကို ကောင်းကောင်း သိပေသည်။ အတိုချုပ် ရှင်းပြရပါလျှင် အမြဲတမ်း နေထိုင်သူများ အနေဖြင့် စုပေါင်းပေးဆောင်ရသည့် သီးနှံနှင့် အသားဝေစုကို ပေးဆောင်ရန် မလို၊ အသက်ပြည့်သည့် အခါတွင် အနီးအနားရှိ ကော်မတီမှ အလုပ်များကိုပါ ခွဲဝေရယူနိုင်မည် ဖြစ်သည်။

အလုပ်အကိုင် အတည်တကျ မရှိလျှင်ပင် ကော်မတီမှ ထောက်ပံ့ပေးသည့် စားစရာဝေစုကို ရရှိနိုင်ကာ ငွေရရန်အတွက် ယူနစ်တစ်ခုခု၏ ယာယီအလုပ်သမားအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်သည်။

ထို့ကြောင့် လက်ရှိကာလ လယ်သမားများအဖို့ မြို့ပြအိမ်ထောင်စုစာရင်း ရှိခြင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေပင်။

“တတိယအစ်မ .. အစ်မ မသိလို့နော် သမီးတို့အတန်းထဲမှာဆို ကျေးလက်အိမ်ထောင်စုစာရင်းပဲ ကိုင်ထားရတဲ့ ကျောင်းသားတွေမှ အများကြီးပဲ ..."

ရှစ်လန်ခရိုင်၌ သားသမီးသည် မိခင်၏ အိမ်ထောင်စုစာရင်းထဲသို့ လိုက်ရမည်ဟူသည့် ဓလေ့တစ်ခု ရှိသည်။ ထို့ကြောင့် ဖခင်ဖြစ်သူသည် မြို့ပြအိမ်ထောင်စုကို ဖြစ်စေ၊ အသင်းအဖွဲ့ အိမ်ထောင်စုကိုဖြစ်စေ ကိုင်ဆောင်ထားပါစေ မိခင်ဖြစ်သူက ကျေးလက်အိမ်ထောင်စု ကိုင်ဆောင်သူ ဖြစ်ပါလျှင် သားသမီးများသည်လည်း ကျေးလက်အိမ်ထောင်စုဝင်များသာ ဖြစ်လာကြရမည် ဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်သို့ ပြောင်းရွှေ့သည့်တိုင် စားစရာဝေစု ရလိမ့်မည် မဟုတ်။ ကျေးလက်မှ မြို့ပြအိမ်ထောင်စုသို့ ပြောင်းရွှေ့ရန်လည်း အလွန် ခဲယဉ်းလွန်းလှသည်။

ချင်းရှန်းက အတိတ်ဘဝတွင် သူမသည် သေဆုံးသည်အထိ ကျေးလက်အိမ်ထောင်စုကိုသာ ကိုင်ဆောင်ခဲ့ရကြောင်း မှတ်မိနေဆဲပင်။ ကျောက်ချင်းစုန့်က နောက်ဖေးတံခါးမှတစ်ဆင့် ပြောင်းလဲရန် မကြိုးပမ်းလို၊ ထောင်အကျမခံလိုသောကြောင့် သူမ၏ နစ်နာမှုများအား ဂရုမထားခဲ့ချေ။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်းမျိုးဆက် အများစုသည်လည်း ကျေးလက်အိမ်ထောင်စု ကိုင်ဆောင်သူများ ဖြစ်ကြသည့်အတွက် ၎င်းက မြို့ပြအိမ်ထောင်စုထက် ပိုပြီး နာမည်ကြီးသည်ဟု ဆိုနိုင်ပေသည်။

ယခုမှစ၍ အဘွားသည် ဟင်းချက်ရာ၌ ဆီအပို မသုံးမိရန် အာရုံစိုက်နေစရာ မလို၊ ထမင်းတစ်လုပ် ပိုစားမိ၍ အပြစ်ရှိစိတ် ဖြစ်ပေါ်ရန် မလိုတော့ချေ။ အကြောင်းမှာ သူမသည်လည်း လစဉ်လတိုင်း ကောက်နှံ ၃၀ ကီလိုနှင့် ဆီ တစ်ကီလို ရရှိတော့မည် ဖြစ်သည်။

ချင်းဖန်မှာ မူလတန်းကျောင်းသူတစ်ဦးသာ ဖြစ်သည့်အတွက် သူမ၏ ကောက်နှံအချိုးမှာ တစ်လလျှင် ၂၇ ကီလို ဖြစ်သည်။ ဆီကိုမူ လူကြီးများအတိုင်း တစ်ကီလို ရ၏။ ချင်းအိုက်လန်က သူမတို့နှစ်ဦးနှင့် အတူ စားသောက်ခြင်း မပြုသည့်တိုင် လူလေးဦးအတွက် တစ်လလျှင် ကောက်နှံ ၁၄၁ ကီလိုနှင့် ဆီ ၄ ကီလို ခြောက်စိတ် ရရှိမည် ဖြစ်ရာ စားဝတ်နေရေးအတွက် ဖူလုံသွားတော့သည်။

ဖူလုံရုံမျှသာ မဟုတ်၊ ၎င်းက ဝန်ထမ်းအိမ်ယာရှိ အိမ်ထောင်စု အားလုံးနီးပါးထက် ပိုကောင်းသည်ဟုပင် ဆိုရပေမည်။ ချင်းကွေ့ဟွားသာ သူမပိုင် မြေတွင် အသီးအနှံများ စိုက်ပျိုးဖြစ်ထွန်းခဲ့ပါလျှင် သူမ ဘဝတစ်လျှောက် သက်တောင့်သက်သာ ဖြစ်သွားတော့မည့်အကြောင်းကိုမူ ထည့်ပြောနေရန်ပင် လိုအံ့မည်မထင်ချေ။

ချင်းရှန်းကလည်း ဘဏ်စာအုပ် ရသည်ထက်ပင် ပိုပြီး စိတ်ချမ်းသာနေခဲ့၏။ ပိုက်ဆံဟူသည် သုံးလိုက်လျှင် ကုန်သွားမည် ဖြစ်သည်။ သို့သော် အိမ်ထောင်စုစာရင်း ပြောင်းလိုက်ခြင်းက အဘွားနှင့် ချင်းဖန်အတွက် တစ်ဘဝလုံး အကျိုးရှိသွားမည် ဖြစ်သည်။

“တတိယအစ်ကိုက ဘယ်လိုများ ပြောင်းလိုက်လဲ မသိဘူး။ သမီးရဲ့ သူငယ်ချင်းတစ်ယောက် ပြောတာတော့ ပြောင်းဖို့က တော်တော် ခက်တာတဲ့ ...”

ဟဲလျန်ရှန်းကလည်း ဇနီးဖြစ်သူ၏ ဝမ်းသာစိတ်တို့ ဟုန်းဟုန်းထနေသော အကြည့်များ သူ့ထံ ကျရောက်လာသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့လုပ်ရပ် မှန်ကန်မှန်း သိလိုက်သည့်အတွက် တည်ငြိမ်စွာဖြင့်သာ ရှင်းပြလိုက်တော့သည်။

“ဒီတစ်ခေါက် မစ်ရှင်အတွက် ဆုရလာတာလေ ...”

ဤတစ်ကြိမ်တွင် သူသည် စက်ရုံမှ ခိုးသွားသော ပစ္စည်းများအား ပြန်သိမ်းရန် ကျောက်ချင်းစုန့်နှင့် လိုက်သွားခြင်း ဖြစ်သည်။ သူက နိုင်ငံခြားဘာသာစကားကို နားလည်သည့်အတွက် သူခိုးကို ဖမ်းမိပြီးနောက် သဲလွန်စများအတိုင်း စုံစမ်းရင်း ထိုသူ၏ ပုန်းအောင်းရာ နေရာကိုသာမက ရှစ်လန်ခရိုင်တွင် ကျက်စားနေသော နိုင်ငံခြားမှ ဒုစရိုက်ဂိုဏ်း၏ တည်နေရာကိုပါ ရှာတွေ့နိုင်ခဲ့သည်။ စက်ရုံအမှတ် ၄၁၂ အပါအဝင် အခြား စက်ရုံပေါင်း များစွာသည်လည်း ထိုဂိုဏ်း၏ ဒုက္ခပေးမှုကို အလားတူ ခံစားကြရကာ ဆက်လက်ပြီး အဆင့်မြှင့်တင်ရန် ကြိုးစားနေဆဲဖြစ်သည့် စစ်တပ်လယ်ယာဖော်ဆောင်ရေးဌာန၏ အရည်အသွေးမြင့် မျိုးစေ့များသည်ပင် ထိုဂိုဏ်း၏ ခိုးယူမှုကို ခံခဲ့ရသည်။ ထို့ကြောင့် စစ်ဆေးရေးမှာ ထင်မထားလောက်အောင် ကြာမြင့်ခဲ့ကာ သူ့အကူအညီဖြင့် မြောက်များစွာသော အချက်အလက်များကို တူးထုတ်နိုင်ခဲ့သည့်အတွက် အားလုံး မင်သက်သွားခဲ့ရသည်။

ခရိုင်နှင့် စက်ရုံအရာရှိများက အလွန် ဝမ်းမြောက်ကြကာ သူနှင့် ကျောက်ချင်းစုန့်ကို ဆုချီးမြှင့်ရန် ပြင်လိုက်သည်။ ကျောက်ချင်းစုန့်က စစ်တပ်ဆိုင်ရာ လုံခြုံရေးအဖွဲ့၏ လက်ထောက်ခေါင်းဆောင်မှ ခေါင်းဆောင်အဖြစ် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဟဲလျန်ရှန်း၏ တောင်းဆိုမှုမှာမူ အလွန် ရိုးရှင်းလှ၏။ ရာထူးတိုးရန်လည်း မတောင်းဆို၊ လစာတိုးရန်လည်း မတောင်း၊ ဘောနပ်စ်လည်း မတောင်းဆို၊ အဘွားချင်းနှင့် ခယ်မလေးတို့အား ကူညီလိုခဲ့သည်။

ယနေ့ သူပြန်လာသည်မှာလည်း ၎င်းကို စောင့်ဆိုင်းလို၍ ဖြစ်သည်။ လမ်းတစ်ဝက်၌ ဝူလီထွင်သို့ ပြန်သွားရန်ပင် စီစဉ်ခဲ့သေးကာ ကောက်နှံစာအုပ် မရမချင်း ပြန်မလာခဲ့။

“အရူး ...”

ချိုမြိန်မှုနှင့် ချဉ်စူးမှုက သူ့နှလုံးသားအနှံ့ ပျံ့နှံ့သွားသည်။ ရင်ဘက်တစ်ခုလုံး ပျော့စိစိ ဂျယ်လီတုံးများဖြင့် ပြည့်နှက်နေသည့်အလားပင်။ ချင်းရှန်းက သူ့ကို ချိုချဉ် လောဘအိုး ဖြစ်ရမည်ဟု တွေးမိလိုက်သည်။ သို့မဟုတ်ပါလျှင် ဂျယ်လီတုံးလို ပျော့အိအိ ချိုချဉ်ချဉ်လေးများအား ကြိုက်လိမ့်မည် မဟုတ်ချေ။

ဟဲလျန်ရှန်းက မျက်နှာသေဖြင့် စိတ်ထဲမှ တိတ်တိတ်လေး တွေးလိုက်သည်။

ဒီစကားလုံးနှစ်လုံးက ချိုမြိန်တယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့် ...

တစ်ခဏအကြာတွင် စိုက်ခင်းထဲသို့ သွားသည့် ချင်းကွေ့ဟွား ပြန်ရောက်လာခဲ့သည်။ ကျေးလက်အိမ်ထောင်စုမှ မြို့ပြအိမ်ထောင်စုသို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ဝမ်းသာလွန်း၍ ငိုပင် ငိုမိခဲ့သည်။ သို့သော် တစ်ခဏအကြာတွင် ပူပန်စိတ်တို့ ဖြစ်ပေါ်လာပြန်၏။

“ဒါဆို ဝူလီထွင်က ငါတို့အိမ်ကိုရော ထုတ်လုပ်ရေးအဖွဲ့ကိုရော ဘယ်လိုလုပ်မလဲ အသိမ်းခံရမှာတော့ မဟုတ်ပါဘူးနော် ...”

“မခံရပါဘူး .. အစ်မကြီးရဲ့ အိမ်ထောင်စုက အဲဒီ့မှာပဲ ရှိသေးတယ်လေ ...”

ထိုအခါမှ ချင်းကွေ့ဟွားလည်း သက်ပြင်းချနိုင်သွားသည်။

အိုက်လန်သည် မစ္စတာချန်း၏ အိမ်တွင်သာ နေထိုင်စားသောက်ရရာ အမြဲတမ်းအိမ်ထောင်စု ပြောင်းလိုက်၍လည်း သူမအတွက် ထူးပြီး အကျိုးရှိလာမည် မဟုတ်ချေ။

ရှောင်ဟဲကတော့ ဘယ်ကိစ္စကိုမဆို ရင့်ကျက်ပြီး ချင့်ချင့်ချိန်ချိန်နဲ့ ကိုင်တွယ်တတ်တာပဲ ...

“ဒါဆို အိမ်ကို ကြည့်ပေးမယ့်သူရော ရှာခဲ့သေးလား .. အိမ်က ပျက်တော့ မပျက်စီးလောက်ပါဘူးနော် ...”

ချင်းရှန်းက ပြုံးကာ ပြောလိုက်သည်။

“အဘွားရယ် မပူပါနဲ့ လောင်ဟဲက ဒီ ပြန်မရောက်ခင် အိမ်ကို တစ်ခေါက် သွားကြည့်ပြီးပါပြီ။ အစ်ကိုလျောင်က အိမ်ကို ကြည့်ပေးထားတယ်တဲ့ အားလုံး အဆင်ပြေတယ် အမိုးလည်း ကူမိုးပေးထားတယ်။ ဝိုင်းထဲမှာလည်း အပြာရောင် ကျောက်သားလမ်း ခင်းထားတယ် ခြံထောင့်မှာလည်း ဖရဲပင်တွေ စိုက်ထားတယ်တဲ့ ...”

ချင်းကွေ့ဟွားက လုံးဝဥဿုံ စိတ်အေးသွားရသည်။

“သူက အခုထိ လက်မလျော့သေးဘူးလား ဘာလို့ ဖရဲပင်ပဲ စိုက်ချင်ရတာလဲ ...”

ဟဲလျန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

ရွာထဲကလူတွေကတော့ ဒီ ပညာတတ်လူငယ်က တော်တော်လေး ကောင်းတယ်လို့ ပြောကြတာပဲ ...

“ဒါပေမယ့် ဇာတိမြေမှာ ဖြစ်သွားတာတွေ အများကြီးပဲ ဥပမာဆို လျှိုတာ့ဟူရဲ့ မိန်းမက တစ်ခြားတစ်ယောက်နဲ့ လိုက်ပြေးသွားတယ်တဲ့။ အဲဒီအခါမှ သူ မွေးထားတဲ့ ကောင်လေးသုံးယောက်လုံးက လျှိုတာ့ဟူရဲ့ သားတွေ မဟုတ်မှန်း အားလုံး သိကုန်တာ .. လျှိုမိသားစုက မြေးယောကျ်ားလေးတွေဆိုပြီး ဖူးဖူးမှုတ် ပျိုးထောင်ခဲ့ရသမျှ အကုန် အလကား ဖြစ်ကုန်တော့တာပဲ ...”

မုဆိုးမလျှိုကလည်း ပြီးခဲ့သည့်လကမှ အသည်းကင်ဆာ ကနဦးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိခဲ့ရသည်။ လျှိုမိသားစု၏ အကြီးဆုံးမြေးက သူမအား ဆေးကုပေးရန် ငြင်းဆန်ကာ ရွာသို့သာ ပြန်ပို့ပြီး သေမည့်အချိန်ကို ထိုင်စောင့်နေစေခဲ့ကြ၏။

ချင်းကွေ့ဟွားသည် မုဆိုးမလျှိုနှင့် တစ်သက်လုံး ရန်ဖြစ်ခဲ့သော်ငြား ထိုအကြောင်း ကြားလိုက်ရသည့်အခါတွင်မူ သက်ပြင်းချလိုက်မိတော့သည်။

“ပြောပြမယ် တကယ်တော့လေ သူမက ပညာသင်ပေးဖို့ ကျရှုံးခဲ့တာပဲ။ မြေးတွေ ဒီလောက်အများကြီး မွေးထားပေမယ့် ဘယ်သူ့ကိုမှ အသိတရားရှိအောင် သင်မပေးနိုင်ခဲ့ဘူး ...”

အသိတရားကို လက်ကိုင်ထားကာ မှန်ကန်သည့် လမ်းကြောင်းပေါ် လျှောက်တတ်သည့် မြေးတစ်ဦး ရှိလျှင်ပင် သူမအဖို့ ရွာပြန်ကာ သေရန် စောင့်နေစရာ လိုမည် မထင်ပေ။

“အဲဒီ့ မျက်ဖြူဝံပုလွေတွေကတော့ သူတို့အဖွားက သူတို့ကို နှစ်တွေအများကြီး ဘယ်လိုမျိုး ပင်ပင်ပန်းပန်း ပျိုးထောင်ခဲ့ရလဲလို့ တွေးမိမှာတောင် မဟုတ်ဘူး ဒါ တကယ်ကို ...”

မုဆိုးမလျှိုသည် မြေးများအတွက် စားစရာ အလုံအလောက် ရရှိရန်အလို့ငှာ သူမ၏ ဘဝကို ရောင်းခဲ့ရသည်။ သူမထံ လာသူများမှာလည်း မုဆိုးနှင့် လူအိုမုဆိုးဖိုကြီးများသာ ဖြစ်ကြရာ သာယာဖွယ်လည်း မရှိ၊ စိတ်ဆင်းရဲစရာအတိဟုပင် ပြောနိုင်ပေသည်။

လျှိုမိသားစုရဲ့ မြေးယောကျ်ားလေးတွေရော သိကြလား ... အဘွားရဲ့ ခက်ခက်ခဲခဲ ရှာထားတဲ့ငွေကို စိတ်အေးလက်အေး သုံးနိုင်ကြတယ်ဆိုတာကြီးက ထူးတော့ ထူးဆန်းသားနော် ....

ချင်းရှန်းက အဘွားကို စိတ်မညစ်စေလိုသည့်အတွက် အကြောင်းအရာတစ်ခုကို ပြောင်းပြီး ပြောလိုက်သည်။

“လျှိုကျားဝေ့ကို သေဒဏ် ချလိုက်ပြီတဲ့ ...”

အကြီးဆုံးခဲအိုဟောင်း လျှိုကျားဝေ့ ကျူးလွန်ခဲ့သည့် ပြစ်မှုမှာ သေဒဏ်ကျနိုင်ဖွယ်ရာ မရှိပေ။ သူက ထောင်မှ လွတ်လာချိန်တွင် အငယ်အနှောင်း ဟဲရှောင်ဟုန်နှင့် ပြန်လက်ထပ်ရန်ပင် စဉ်းစားနေခဲ့သေး၏။ သို့သော် ထင်မထားသည်မှာ သူ ထောင်ကျနေစဉ်အတွင်း ဟဲရှောင်ဟုန်က သူ့ငွေကို သုံးပြီး အခြားလူတစ်ဦးနှင့် ဇာတ်ရှုပ်ကာ ထိုသူ၏ ကိုယ်ဝန်ကိုပင် လွယ်ထားခဲ့သေးသည်။ လျှိုကျားဝေ့အား ဦးထုပ်စိမ်း ဆောင်းပေးသူမှာလည်း အခြားသူ မဟုတ်၊ သူ့အဖေအရင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော နောက်ကျော ဓားဖြင့်ထိုးခြင်းက ချင်းအိုက်လန် ကွာရှင်းခွင့်တောင်းကာ လျော်ကြေးယူ၍ သူမ၏ အလုပ်ကိုပါ ရောင်းသွားခဲ့ခြင်းထက် ပို၍ ခံရခက်ပေသည်။ သူ့အဖေအရင်းက အပေါ်ယံတွင်မူ ထောင်မှ လွတ်လာလျှင် ရှောင်ဟုန်နှင့်အတူ ကောင်းကောင်းမွန်မွန် နေသွားရန်၊ သူမ စောင့်ဆိုင်းခဲ့ရသည့် ကာလများ အလဟဿ မဖြစ်စေရန် နားချခဲ့သော်ငြား နောက်ကွယ်တွင်မူ သူ့သား၏ အငယ်အနှောင်းနှင့် ဖောက်ပြန်နေခဲ့သည်။

မစ္စစ်လျှိုမှာလည်း ထိုဖြစ်ရပ်ကို လက်မခံ၊ လျှိုမိသားစုအတွက် နှစ်ရှည်လများ ကျွန်တစ်ဦးသဖွယ် အလုပ်လုပ်ပေးခဲ့ရသည့်တိုင် ထိုလူအိုကြီးက ကွယ်ရာတွင် ဖောက်ပြန်ရဲသည်ဟု ကြားလိုက်ရသည့်အခါ အသက်မရှူနိုင်လောက်အောင် ဒေါသထွက်ကာ လေဖြတ်သွားတော့သည်။ သို့သော် သူမ အမြဲတမ်း တန်ဖိုးထားကာ ချစ်ပေးခဲ့ရသည့် ချွေးမနှစ်ဦးကမူ မသိချင်ယောင်သာ ဆောင်နေကြ၏။ အသီးသီး အိမ်ထောင်စုများ ခွဲထွက်သွားကြသည့်အတွက် လျှိုမိသားစုကြီး ပြိုကွဲသွားတော့သည်။

ထိုအကြောင်း ကြားသည့်အခါ လျှိုကျားဝေ့ကို ဒေါသစိတ်တို့က ဦးစီးသွားတော့သည်။ ညတွင်းချင်းပင် သူ့အဖေနှင့် မယားငယ်ကို သွားရှာကာ မီးရှို့ပြီး သတ်လိုက်တော့သည်။

ချင်းကွေ့ဟွားက သက်ပြင်းချလိုက်သည်။

“ဘယ်လိုတွေတောင် ဖြစ်ပျက်နေကြပါလိမ့်နော် ...”

ရှက်စရာကောင်းလိုက်တဲ့ မိသားစု .. အိုက်လန်က ဒီလိုမိသားစုအတွက်နဲ့ ငယ်ရွယ်မှုတွေကို ဖြုန်းတီးပစ်ခဲ့မိတာပါလားနော် ...

ချင်းရှန်းကလည်း ဘာကြောင့် အတိတ်ဘဝက အိမ်နီးချင်းများသည် ကလေးမရနိုင်သည့် ကိစ္စ၌ လျှိုကျားဝေ့လည်း တရားခံ ဖြစ်နေနိုင်သည်ဟု သံသယ မဝင်ခဲ့ကြသည့်အကြောင်းကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားတော့သည်။ အငယ်အနှောင်းမှ မွေးလာသည့် ကလေးများမှာ သူနှင့် ဆင်တူလွန်းလှသည့်အတွက် လူတိုင်းက သူတို့ကို သူ့သွေးသားအရင်းဟုသာ ထင်ကြပေလိမ့်မည်။ ရုပ်ချင်းဆင်တူရန်အလို့ငှာ မိဘနှင့် သားသမီး ဖြစ်နေရန် မလို၊ မောင်နှမ ဖြစ်နေ၍ ရုပ်တူခြင်း ဖြစ်သည်ဟုတော့ မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ချေ။

All Chapters