Chapter 64
Vol. 6 Ch. 64
ပြန်လည်ဆုံစည်းရသည့် ညတာက မင်္ဂလာဦးညထက်ပင် ပိုမိုကြာရှည်လှသည်။
တစ်ညလုံး ပင်ပန်းခဲ့ရသည့် အကျိုးဆက်အနေဖြင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတော့၏။ ထိုမျှသာမက အဘွား၏ ရှောင်ဟဲကို ကြည့်သည့် အကြည့်များမှာလည်း ဖော်ရွေမှုတို့ သိသိသာသာ လျော့နည်းနေပေသည်။
“အိုက်ယား ကောင်မလေး နင့်ကို ဘယ်သူက ချက်ခိုင်းလို့လဲ သွား .. ကောင်းကောင်းနားနေ ...”
ဟဲလျန်ရှန်းက ကြောင်အသွား၏။ ချင်းရှန်းကမူ မျက်နှာတစ်ပြင်လုံး နီရဲနေပေသည်။ သူမတို့နှစ်အိမ်မှာ ဘေးချင်းကပ်လျက် ဖြစ်ပေသည်။ ယမန်နေ့ညက နှစ်ဦးစလုံး အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့မိကြရာ အိပ်ရေးဆက်သည့် အဘွားချင်းအနေဖြင့် မသိဘဲ နေမည် မဟုတ်ချေ။
ချင်းကွေ့ဟွားက မြေးမဖြစ်သူ၏ လက်ထဲမှ အိမ်အလုပ်များကို ဆွဲလုကာ အနားယူစေလိုက်သည်။ သူ့ကိုယ်သူ ဘာအမှားလုပ်မိမှန်း မသိသေးသည့် မြေးသမက်ကိုလည်း မျက်နှာသာ မပေး။
“ဘာတွေ ကြောင်နေတာလဲ မြန်မြန်လုပ်လေ .. ရေကန်ကို ပြည့်အောင် ဖြည့်ပြီးပြီလား ....”
ဟဲလျန်ရှန်း - “...”
အဘွားရေ .. မနေ့ညကအထိ ကျွန်တော်ကမှ အဘွားရဲ့ အချစ်ဆုံးမြေးလေး ဖြစ်နေတုန်းလားလို့လေ ...
အဘွားအိုက အေးစက်စွာဖြင့် ပြောလိုက်သည်။
“အားမရှိဘူးလား ပြီးရင် ထင်းတွေခုတ်ထား တွေ့လား အဒေါ်ကျန်းတောင် တန်းစီနေပြီ မီးသွေးတွေ ရောက်လာပြီနေမှာ မြန်မြန်လေး သွားသယ်ချည် ...”
စက်ရုံ၏ သက်သာချောင်ချိရေးဌာနမှ တစ်နှစ်ပတ်လုံး မီးသွေးများ ထောက်ပံ့ပေးထားသည်။ အရည်အသွေးမှာ များစွာ မကောင်းလှသော်ငြား လမ်းဘေးမှ ချုံနွယ်များအား အခြောက်လှမ်းပြီး မီးရှို့ရခြင်းထက် ပိုကောင်းနေသေး၏။ အတုံးလေးများ ဖြစ်အောင် ပြန်ပြင်ပြီး သိုလှောင်ထားပါလျှင် အလိုရှိချိန်တိုင်း အဆင်သင့် အသုံးပြုနိုင်သည့်အတွက် ထင်းကို သုံးရသည်ထက် ပိုပြီး လွယ်ကူသက်သာပေသည်။
အားလုံးကို နှင်ထုတ်ပြီးကာမှ အဘွားအို၏ ဒေါသများ အနည်းငယ် အနည်ကျသွားတော့သည်။ ကြက်သွန်မြိတ် ထည့်ထားသည့် ကြက်ဥပန်ကိတ်မှာ မွှေးပျံ့လှ၏။
သို့သော် ဤတစ်ခုတည်းကို စားရန် မလုံလောက်။ သူမက မြေးမလေး အားပြန်ဖြည့်နိုင်ရန် အစားကောင်းတစ်ခုခု ပြင်ပေးရန် ဆုံးဖြတ်လိုက်သည်။ မြေးမလေး၏ ခင်ပွန်းသည်က ထိန်းသိမ်းရန် စိတ်မကူးသည့်အတွက် အဘွားအိုကြီးကသာ အစအဆုံး လိုက်လုပ်ပေးရပေလိမ့်မည်။ ထို့ကြောင့် သူမက အသားဝယ်ခွင့် လက်မှတ်ကို ထုတ်ကာ ချင်းဖန်အား ကုန်စုံဆိုင်တွင် ကြက်တစ်ကောင် သွားဝယ်စေလိုက်သည်။ ထို့နောက် ချင်းရှန်း ဇာတိမြေမှ ယူလာသည့် ခေါင်းလောင်းပန်းပွင့်ကို ရေစိမ်ကာ အားဖြည့် ကြက်စွပ်ပြုတ် ချက်ပေးရန် ပြင်လိုက်သည်။
“လိုင်တိ ဒီနားလာပြီး ကြက်ဥပေါင်း စားလှည့် ...”
ချင်းဖန်က ကုတင်ပေါ်တွင် ခြေချင်းချိတ်ကာ စာအုပ် ထိုင်ဖတ်နေခဲ့သည်။
“မစားချင်ဘူး .. ချင်းဖန်ကိုပဲ ကျွေးလိုက်ပါ သူက အားရှိဖို့ လိုတယ် ...”
“မစားရပါဘူး ဒီနွားနို့က ရှာရခက်တယ် .. ကြက်မငယ်ငယ်လေးရဲ့ ပထမဆုံးဥတဲ့ ဥနဲ့ လုပ်ထားတာ နင်တစ်ယောက်ပဲ စားလို့ရမှာ ...”
ချင်းရှန်း - “...”
သူမ၏ မျက်နှာတစ်ပြင်လုံး အမည်းရောင် မျဉ်းကြောင်းများဖြင့် ပြည့်နှက်သွားသည်။
အသက်ကြီးပိုင်းလူများ၏ ကြက်ဥအပေါ် ထားရှိသော အာဟာရတန်ဖိုးမှာ အလွန် မြင့်မားလှသည်။ အိမ်ထောင်ကျပြီးကာစ မင်္ဂလာဦးကို ကျော်ဖြတ်ပြီးသော အသစ်စက်စက် မင်္ဂလာမောင်နှံသည်ပင် ကြက်ဥကို စားသုံးရ၏။ ဤသည်မှာ “ပုံစံတူချင်း ဖြည့်စွက်ခြင်း” နှင့်ပင် ဆင်တူနေသယောင်ယောင်။ ချင်းရှန်းနှင့် လောင်ဟဲတို့သည် မနေ့ညက နှစ်ကိုယ်ကြား ကိစ္စလေးများ လုပ်ဆောင်အပြီးတွင် အဘွားချင်း၏ ထူးထူးခြားခြား ကျွေးမွေးမှုဖြင့် ကြုံလိုက်ရတော့သည်။
ချင်းရှန်းက အပြုံးကို ဖယ်ရှားကာ ပြောလိုက်သည်။
“ဒါနဲ့ ဘွားဘွား စိုက်ခင်းထဲမှာ ဘာစိုက်မယ် စိတ်ကူးလဲ ...”
“အခုလက်ရှိ ရတဲ့ ဝေစုအရတော့ စားစရာသောက်စရာက လုံလောက်နေပြီဆိုတော့ အာလူးရယ် မုန်လာဥရယ် တရုတ်ဂေါ်ဖီထုပ်လေး နည်းနည်းရယ် စိုက်ချင်တယ် ပြီးတော့ ဆလပ်ရွက်တို့ ဂျူးမြစ်တို့ ပဲနဲ့ သခွားသီးလည်း နည်းနည်းပါးပါး စိုက်ဦးမယ် စိတ်ကူးတာပဲ ဒါပေမယ့် စိုက်လို့ ရှင်ပါ့မလားလည်း တွေးပူရသေးတယ် ...”
ချင်းရှန်းက အတိတ်ဘဝ၌လည်း အနောက်ဘက်ရှိ မြေများသည် စိုက်ပျိုးဖြစ်ထွန်းကြောင်း မှတ်မိနေဆဲပင်။ အထူးသဖြင့် လက်ရှိ သူမတို့ ရထားသည့်မြေမှာ မြေဆီဩဇာ ကြွယ်ဝရာ စိုက်ပျိုးဖြစ်ထွန်းမည် မဖြစ်ထွန်းမည် ထူးထွေကာ စဉ်းစားရန်ပင် မလိုတော့ချေ။
“သေချာပေါက်ကို ဖြစ်မှာပါ ဘွားဘွားက စိုက်ပျိုးရေးမှာ ကျွမ်းကျင်သူပဲဟာ .. ဒါတွေကို စိုက်ဖို့နည်းလမ်း သေချာပေါက် ရှိတယ် မဟုတ်လား။ အဆိုးဆုံးမှ ရေကို ခဏခဏ လောင်းပေးရရုံ အပင်တွေကို ပလက်စတစ်စနဲ့ နှစ်ထပ်လောက် အုပ်လိုက်ရုံပေါ့ .. ကိုယ်စိုက်ထားတဲ့ အသီးအနှံကို ကိုယ်တိုင် ခူးစားလို့ ရတယ်ဆိုတာနဲ့တင် တော်တော် ပျော်ဖို့ကောင်းနေပြီ ...”
ချင်းကွေ့ဟွားက ရင်ကို ကော့ကာ ပြောလိုက်သည်။
“ဟုတ်တယ် ...”
“ဒါပေမယ့် မြေက တစ်ဧကနီးနီးတောင် ရှိတာဆိုတော့ အသီးအရွက်တွေပဲ အပြည့် စိုက်လိုက်ရင် ကုန်အောင် စားနိုင်မှ မဟုတ်ဘူး သုံးစိတ် လေးစိတ်စာလောက် စိုက်ရင်ကို စားဖို့က လုံလောက်နေပါပြီ။ ကျန်တဲ့မြေကို အလွတ်အတိုင်း ထားလိုက်ဖို့ကလည်း နှမြောစရာကြီးဆိုတော့ ဆေးပင်နည်းနည်းပါးပါး စိုက်ပြီး ရလာတဲ့အပင်တွေကို အဝယ်တော်ဌာနကို ပြန်သွင်းရမလား စဉ်းစားနေတာ အဲဒီ့အခါကျ ငွေလည်း နည်းနည်းပါးပါးလောက် လဲလို့ရတာပေါ့ ...”
ဤဒေသသို့ လာရသည့်အတွက် သူမကို မပျော်မရွှင် ဖြစ်စေသည့် အချက်ကို ပြပါဆိုလျှင် မွေးရပ်မြေရှိ ဆေးပင်များ ရောင်းချသည့် သူမ၏ ဝင်ငွေလမ်းကြောင်း ပျောက်သွားခြင်းဟုသာ ဆိုရပေမည်။
ထိုအချိန်က တစ်လလျှင် ယွမ် ဒါဇင်အနည်းငယ်သာ ရခဲ့သည်ဆိုသော်ငြား ယခု မြေးအဘွားနှစ်ယောက်ပေါင်း လစာ ယွမ် ၆၀ ကျော် ရှိနေပြီ ဆိုသော်ငြား သူမကမူ မပျော်မရွှင် ဖြစ်နေဆဲပင်။
အလကား ခူးပြီး ရောင်းလို့ရတဲ့ ဝင်ငွေနဲ့ အလုပ်လုပ်လို့ ရတဲ့ ဝင်ငွေက အတူတူ ဖြစ်နေတယ်ဆိုတာကကို ယုတ္တိရှိမနေဘူး ...
“စိုက်ချင်ရင် ကိုယ့်ဘာသာကိုယ်စိုက်ပေါ့ ဒါပေမယ့် ကြိုတော့ ပြောထားမယ်နော်။ အဲဒီ့ စိုက်မယ့် အပင်ပေါက်တွေအတွက် ကိုယ့်ဘာသာကိုယ် ပေးနော် ကျန်းမာရေးဌာနကနေ ယူလို့ မရဘူး ...”
ကျုံးဝေ့မင်က သူတို့ကို လာရောက်ကူညီပေးသည် ဆိုသော်ငြား စက်ရုံဘက်မှ ကျသင့်သည့် တန်ကြေးကို ပေးထားသည့်အပြင် စိုက်ပျိုးရန် လိုအပ်သည့် အပင်ပေါက်များကိုလည်း အလိုရှိသလောက် ယူနိုင်ရန် ရုက္ခဗေဒဌာနသို့ ငွေပေးချေထားရသည်။
ချင်းကွေ့ဟွားက ဒေါသတကြီး ပြောလိုက်သည်။
“ငါက နင့်အဘွားနော် ...”
“အဘွားမကလို့ ဘာဖြစ်ဖြစ် ... အလုပ်နဲ့ ကိုယ်ရေးကိုယ်တာက ရောလိုက်လို့ မရဘူး ...”
“ဒါဆို ငါပြောပါ့မယ် .. အဒေါ်ကျန်းနဲ့ တစ်ခြားလူတွေကို ဘေးဖယ်ထားလိုက်ဦး ငါဆိုရင် .. ငါဆိုရင်ကို နင့်စီကနေ နည်းနည်းလေးတောင် အကျိုးအမြတ် ယူလို့ မရဘူးဆိုတဲ့ သဘောလား ...”
ချင်းရှန်းက သူမ၏ အဘွားအား စည်းမျဉ်းများ ချမှတ်ရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ နှမ်းစေ့တစ်ထောက်စာကိုပင် လောဘတက်တတ်သည့် အဘွားဖြစ်သူ၏ အကျင့်ကို သိနေပြီး ဖြစ်သော်လည်း ထိုအတိုင်း ဆက်ပြီး လွှတ်မထားရဲ။ ထိုအကျင့်ကို သေးသေးလေး ရှိနေစဉ်ကတည်းက မပြင်နိုင်ပါလျှင် တစ်ခြားသူများကို လှည့်စားကာ ပိုကြီးသည့် အမှားများ ကျူးလွန်လာပေလိမ့်မည်။ ထို့အပြင် သူမကို အပင်ပေါက်များ အခမဲ့ ပေးလိုက်ပါလျှင် သူမ၏ နှုတ်မထိန်းနိုင်သော စရိုက်ကြောင့် ထိုအကြောင်းကို ဝန်ထမ်းအိမ်ယာတစ်ခုလုံး သိသွားပေလိမ့်မည်။ ထိုအခါ လာတောင်းသမျှ လူတိုင်းကိုပါ ပေးနေရမည်ဖြစ်၏။
အနာဂတ်၌ သူမ၏ လုပ်ငန်းခွင်တွင် နှောင့်ယှက်မှု ဖြစ်မလာနိုင်စေရန်နှင့် အဘွားဖြစ်သူ၏ ပြဿနာကို တည့်မတ်ပေးရန် အလို့ငှာ ဤတစ်ကြိမ်တွင် အပင်ပေါက်များ၏ တန်ဖိုးကို သေချာပေါက် တောင်းရပေလိမ့်မည်။ ကိုယ့်သဘောဖြင့် ပေးပစ်၍ မရသည့်အပြင် လိုချင်လျှင် အိတ်ထဲမှ စိုက်ကာပင် ဝယ်ပေးရပေလိမ့်မည်။
“အား .. ကောင်းပြီ ကောင်းပြီ နင့်ရဲ့ သင်ခန်းစာတွေကို နားမထောင်ချင်တော့ဘူး တော်လိုက်တော့ .. ငါ့ဘဝကလည်းနော် သနားစရာ ကောင်းလိုက်တာ မွေးကတည်းကလည်း အစာကို ဝဝလင်လင် စားခဲ့ရတယ်လို့ကို မရှိဘူး။ တစ်မိသားစုလုံးကလည်း တစ်ခါမှကို ..."
ချင်းရှန်း - “...”
နားမထောင်ကြနဲ့ အားလုံးပဲ နားပိတ်ထားကြ ဘုန်းကြီးက ဘုရားစာ ရွတ်နေပြီ ...
(ဒီစာကြောင်းက ကွမ်ရင်မယ်တော် သင်ပေးတဲ့ ဂါထာကို ထန်စန်းကိုယ်တော် ရွတ်လိုက်ရင် စွန်းဝူခုန်းက မခံနိုင်တာနဲ့ တင်စားပြီး ပြောထားတာပါ)
အိပ်ယာပေါ်တွင် လှဲနေသည့် သို့သို့က သူမ၏ အမေနှင့် အဘွားတို့ အငြင်းအခုန် ဖြစ်နေသည်ကို သူမကလည်း နားလည်သည့်အလား မျက်လုံးဝိုင်းကြီးများဖြင့် ငေးကြည့်နေ၏။ သူ့အမေ ပြုံးလိုက်လျှင် သူမကလည်း “ဟီးဟီးဟီး” နှင့် လိုက်ရယ်ကာ သူ့အမေ နှုတ်ခမ်းစူလိုက်လျှင် သူမ၏ နှုတ်ခမ်းကလည်း ရှေ့ထွက်လာ၏။ ... ထိုသို့ဖြင့် ချင်းရှန်းသည် သို့သို့၏ လိုက်ပြီး အတုခိုးတတ်သည့် စွမ်းရည်ကို ပထမဆုံးအကြိမ်အဖြစ် သိရှိသွားတော့သည်။
သူမက နှုတ်ခမ်းစူခြင်းနှင့် ပြုံးခြင်း၏ အဓိပ္ပါယ်ကို သိသေးဟန်မတူ။ သို့သော် သူမနှင့် အရင်းနှီးဆုံး၊ အယုံကြည်ရဆုံးသူများ၏ အပြုအမူအတိုင်း တစ်ထပ်တည်း လိုက်လုပ်ပြနိုင်သည်။ ဤသည်မှာလည်း သင်ကြားရေးစွမ်းရည်တစ်မျိုးလေလားတော့ မသိချေ။
သူမ၏ သမီးသည် ကြီးလာလျှင် ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နိုင်လောက်သည်ဟု တွေးမိလိုက်၏။ ချင်းကွေ့ဟွားက သို့သို့ကို ကောက်ချီကာ ရေနွေးစိမ်ထားသော ပိတ်ပါးစဖြင့် လက်သေးသေးလေးများကို သုတ်ပေးကာ သွားတိုက်ပေးပြီး ချင်းရှန်းကို နှင်ထုတ်လိုက်သည်။
ချင်းရှန်းသည် ကလေးကို ဂရုတစိုက် စောင့်ကြည့်ရန်နှင့် ပတ်သက်၍ တစ်ခါမှ မစိုးရိမ်ခဲ့ရ။ အဘွားက မည်သူမဆိုထက်ပိုပြီးပင် ဂရုတစိုက် လုပ်ပေးတတ်ကာ လူတိုင်းထက်လည်း အသန့်က ကြိုက်တတ်သေးသည်။ ဆေးပင်ပေါက်များအတွက်မူ .. သူမအား ကူညီစုံစမ်းပေးရန် ဆုံးဖြတ်လိုက်သည်။
ထင်မှတ်မထားစွာပင် .. ဌာနရှိ ဒါရိုက်တာချန်းအား မေးကြည့်လိုက်သည့်အခါ ဆေးပင်များ၏ ဈေးနှုန်းမှာ သူမ တွေးထားသည်ထက်ပင် ပိုပြီး ဈေးကြီးနေကြောင်း သိလိုက်ရသည်။ မြေ ၂၅ ဧကအတွက် စုစုပေါင်း ဒေါ်လာထောင်ပေါင်းများစွာ ပေးချေရမည်ဖြစ်ကာ ဤသည်မှာ သာမန်ဝန်ထမ်းတစ်ဦး၏ ၂ နှစ်စာလစာနှင့် ညီမျှပေသည်။
ချင်းကွေ့ဟွားနှင့် သူ့ညီအစ်မများသည်လည်း ဆေးပင်၏ ဈေးနှုန်းမှာ သူမတို့အားလုံး ဝယ်ခဲ့သည့် အသီးအရွက်မျိုးစေ့များထက်ပင် ပိုပြီး ဈေးကြီးကြောင်း သိလိုက်ရသည့်အတွက် မပျော်မရွှင် ဖြစ်ကာ ထိုအကြံကို လက်လျော့လိုက်ကြတော့သည်။
မြေ ပြန်ပြင်ကာ အပင်ပေါက်များကို နေရာချပြီးနောက်တွင် ကျန်းမာရေးဌာနသည် အပင်များ စိုက်ပျိုးရန်အတွက် အလုပ်သမားများ လိုအပ်ကြောင်း တရားဝင် ကြေငြာလိုက်တော့သည်။ ယာယီ အကူများသာ ဖြစ်သည့်အတွက် ကြိုတင်လေ့ကျင့်ထားရန် လိုအပ်သည်။ တရားဝင် အလုပ်စဆင်းသည်နှင့် တစ်ပြိုင်နက် တစ်ရက်လျှင် ထမင်းစရိတ် ပြား ၈၀ နှုန်း ရရှိမည် ဖြစ်သည်။ ထိုသတင်း ပျံ့သွားသည်နှင့်တစ်ပြိုင်နက် လာရောက်လျှောက်ထားသူများ မရေမတွက်နိုင်လောက်အောင် ထွက်ပေါ်လာတော့၏။
ပြီးခဲ့သည့်အခေါက် မြေယာ ပြုပြင်စဉ်က မပါဝင်ခဲ့သူများမှာ အလွန် ပူပန်နေကြကာ ဆေးပင်စိုက်ရာ၌ သူတို့ကိုယ်တိုင် လိုလိုလားလား ပါဝင်လိုကြောင်း ပြောလာကြသည်။ ရှေ့တစ်သုတ်တွင် ပါဝင်ခဲ့သူများက ပျော်ပျော်ပါးပါးနှင့် ကိုယ့်မြေကိုယ် စိုက်ပျိုးနေကြသည်ကို မြင်နေရသည့်အတွက် သူတို့လည်း တောင့်မခံနိုင်ကြတော့ချေ။
ချင်းရှန်းက ဤတစ်ကြိမ်တွင် ပိုပြီး ဂရုစိုက်ရန် ဆုံးဖြတ်လိုက်သည်။ မြေ ရှင်းစဉ်က ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့သူ အားလုံးကို သူမက မှတ်မိနေဆဲပင်။ ပျင်းရိကာ အလုပ်အား စိတ်ပါလက်ပါ မလုပ်သူများအား မလိုချင်။ ဝီရိယရှိကာ ကလေးများအား အိမ်တွင် ချန်ထား၍ ရသည့် တစ်ခါမှ မပါဝင်ရသေးသူအချို့ကိုလည်း ရွေးချယ်လိုက်သည်။ ထိုသို့ဖြင့် လူ ၂၀ ခန့် အမြန် ရွေးထုတ်နိုင်လာတော့သည်။ အသက်ကြီးသူများက ဘဝအတွေ့အကြုံ ကြွယ်ဝသည့်အတွက် ထိရောက်သော အကြံဉာဏ်များကို မကြာခဏ ပေးနိုင်ကာ လူငယ်များက စီမံမှုကို နာခံ၍ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နိုင်သည်။ အထက်ပိုင်းမှ အရာရှိများသည်ပင် ချင်းရှန်း၏ အကြံဉာဏ်မှာ လက်တွေ့ကျပြီး ကောင်းမွန်ကာ ဝန်ထမ်းမိသားစုများ၏ လုပ်အားပြဿနာကို ဖြေရှင်းနိုင်ရုံသာမက စက်ရုံအတွက်လည်း အရည်အသွေးမြင့် လုပ်အားများ ပိုမို တိုးပွားလာစေသည်ဟု ချီးကျူးလာကြသည်။
တရားဝင် အလုပ်မစမီ ကြိုတင် လေ့ကျင့်ရေးဆင်းရန်လည်း လိုအပ်ပေသည်။ လေ့ကျင့်ရေးမှာ အလွန် ရိုးရှင်းလှသည်။ ပါမောက္ခကျုံးက အဖွဲ့ကို ဦးဆောင်ကာ အဆင့်များမှာ ကျေးလက်ဒေသ၏ စိုက်ပျိုးနည်းများနှင့် ဆင်တူပေသည်။ ဦးစွာ တွင်းတစ်တွင်း တူး၍ မျိုးစေ့ကို ထည့်၊ မြေကြီးဖြင့် ဖုံးအုပ်ကာ ရေလောင်းပေးရုံသာဖြစ်သည်။ သို့သော် အချို့သော ဆေးပင်များသည် ရေလောင်းပုံ လောင်းနည်းနှင့် ညစ်ညမ်းမှုများအပေါ် အခြေခံကာ အာနိသင် ပြောင်းလဲနိုင်သည့်အတွက် ၎င်းတို့ကို အခြားအပင်များနှင့် တစ်နေရာတည်း စိုက်ပျိုး၍ မရ။ အထူးတလည် ဂရုစိုက်ကာ စိုက်ပျိုးရမည် ဖြစ်သည်။
“ဟုတ်တယ် .. နည်းနည်းလေး ဖိလိုက်ဦး ...”
“ဟုတ်တယ် အဲဒီ့အတိုင်းပဲ ပထမဆုံးအကြိမ် ရေလောင်းတာကို သေချာလေး လုပ်ရမယ် မဟုတ်ရင် အပင်က ရှင်တော့မှာ မဟုတ်ဘူး ...”
ပါမောက္ခကျုံးက ကောက်ရိုးဦးထုပ်ကို ဆောင်းကာ လယ်ကွက်အလယ်တွင် ရပ်၍ အားလုံး၏ လုပ်ဆောင်ပုံကို အကဲခတ်လိုက်သည်။ လူတိုင်းက ကြိုးကြိုးစားစား အလုပ်လုပ်နေကြသည့်အတွက် အလွန် စိတ်ကျေနပ်မိလာတော့သည်။
“ပါမောက္ခကျုံးက ပါမောက္ခနဲ့လည်း မတူဘူးနော် ငါတို့ထက်တောင် လယ်သမားနဲ့ ပိုတူသေးတယ် ...”
ကျုံးဝေ့မင်က ပြုံးကာ ပြောလိုက်သည်။ “အစ်မကြီးရယ် ကျွန်တော့်ကို လောင်ကျုံးလို့ပဲ ခေါ်ပါ ...”
အဒေါ်ကျန်းနှင့် အခြားအမျိုးသမီးများက ရယ်မောလိုက်ကာ သူ့ကို အားလုံးနှင့် လိုက်လျောညီထွေနေကာ မာနမကြီးတတ်သူအဖြစ် ချီးကျူးလိုက်ကြတော့သည်။
အင်း .. ဒီလူက နည်းနည်းလေး အသက်ကြီးသွားလို့သာပေါ့ မဟုတ်ရင် ငါတို့အိမ်က ယွဲ့ဟုန်နဲ့ ...
အဒေါ်ကျန်းက သက်ပြင်းချလိုက်သည်။
ထိုသို့ တွေးနေစဉ်မှာပင် တစ်ယောက်ယောက်က သူမကို လှမ်းခေါ်လိုက်သည်။
“အဒေါ်ကျန်း ဒီမှာ ယွဲ့ဟုန် မူးလဲသွားလို့ ...”
“ဘာ ...”
ရောက်လာသူမှာ လန်ဟဲမြို့သားတစ်ဦး ဖြစ်ကာ အမောတကောဖြင့် ပြောလိုက်သည်။
“ယွဲ့ .. ယွဲ့ဟုန် မူးလဲသွားလို့ မြန်မြန်လေး လာကြည့် ...”
သူ့စကား မဆုံးခင်မှာပင် အဒေါ်ကျန်းနှင့် အမျိုးသမီးကြီးတစ်စုသည် ရေခဲမြစ်စီသို့ ပြေးသွားနှင့်ကြပြီ ဖြစ်သည်။
သို့သော် ပါမောက္ခကျုံးသည် ယောကျ်ားသားတစ်ဦး ဖြစ်သည့်အပြင် အားလုံးထက် ကြံ့ခိုင်သူလည်း ဖြစ်သည့်အတွက် လူများ ဝိုင်းအုံနေသည့် နေရာသို့ အရင်ဆုံး ရောက်သွားခဲ့သည်။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဖြူလျော်သည့် မျက်နှာဖြင့် မေ့လဲနေကာ အခြားလူများက သူမကို နှာနှပ်ပေးရင်း အလုပ်များနေကြသည်။
“အပူရှပ်သွားတာလား .. အေးပြီး အရိပ်ရတဲ့ မိုးမခပင်ကြီးအောက် ရွှေ့လိုက်ပါလား ...”
ရွှေ့နေစဉ်အတွင်းမှာလည်း ကျန်းယွဲ့ဟုန်ထံမှ ညဉ်းသံအနည်းငယ် ထွက်လာသည်။ မူလက CPR လုပ်ပေးမည် ပြင်နေသည့် ပါမောက္ခကျုံးမှာ အသုံးမဝင်တော့။ လည်ပင်းတွင် ပတ်ထားသည့် ပဝါအဖြူကို ရေစွတ်ကာသာ နဖူးပေါ် တင်ပေးလိုက်သည်။
“ရဲဘော်လေး ဘယ်လိုနေသေးလဲ သက်သာလာပြီလား...”
ကျန်းယွဲ့ဟုန်က အားနည်းစွာဖြင့် မျက်လုံးဖွင့်ကြည့်လာသည်။
“အများကြီး ပိုပြီး သက်သာလာပါပြီ ကျေးဇူးတင်ပါတယ် ပါမောက္ခကျုံး ...”
ကျုံးဝေ့မင်ကလည်း စိတ်သက်သာရာ ရသွားသည်။
“ကြည့်ရတာ ရိုးရိုးတမ်းတမ်း အပူရှပ်တာထင်ပါတယ် ရာသီဥတုကလည်း တော်တော်လေးကို ပူတာကိုး .. မင်းရဲ့ အခြေအနေနဲ့ဆို နေပူထဲ အလုပ်မလုပ်တာ ပိုကောင်းလိမ့်မယ် ...”
ဤသည်က ပြောရိုးပြောစဉ် လောကဝတ်စကားမျိုးသာ ဖြစ်သော်ငြား ကျန်းယွဲ့ဟုန်ကမူ တော်တော်လေး တုန်လှုပ်သွားရရှာသည်။ သူမက ကမန်းကတမ်း ထရပ်ကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ် .. ကျွန်မ တကယ် အဆင်ပြေပါတယ် ပါမောက္ခကျုံး .. အပူရှပ်တယ်ဆိုတာကလည်း ရေသောက်နည်းသွားလို့ ဖြစ်မှာပါ .. လုပ်ငန်းခွင်ကို မနှောင့်နှေးစေရပါဘူး ကျွန်မ ခဏလေးပဲ နားပြီးရင် အလုပ် ပြန်လုပ်ပါ့မယ် ကျေးဇူးပြုပြီး ကျွန်မကို နှင်မထုတ်ပါနဲ့နော် ...”
ပါမောက္ခကျုံးကလည်း အနည်းငယ် ရှုပ်ထွေးသွားရသည်။ သူက သူမအား အလုပ်မှ ထုတ်လိုက်ခြင်း မဟုတ်ကြောင်း ပြောလိုသော်လည်း လက်ရှိ၌ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်ဦးမည် မဟုတ်ဟု ခံစားမိသည့်အတွက် စကားမပြောဘဲ ရပ်နေလိုက်တော့သည်။
၎င်းကို မြင်လိုက်သည့်အခါ လူတိုင်းက သူသည် ကျန်းယွဲ့ဟုန်ကို အလုပ်ဆက်လုပ်ခွင့် မပေးတော့ဟု ကောက်ချက်ချလိုက်ကြကာ ကျန်းယွဲ့ဟုန်အတွက် ကူပြောပေးလိုက်ကြတော့သည်။
“ပါမောက္ခကျုံး .. ရှင် မသိလို့နော် အစ်မယွဲ့ဟုန်က တအားကို သနားဖို့ ကောင်းတာ ...”
“ဟုတ်တယ် ယွဲ့ဟုန်က အရမ်း အလုပ်ကြိုးစားတာ ကျွန်မတို့အားလုံးလည်း အသိပါ ပါမောက္ခကျုံး .. ကျေးဇူးပြုပြီး သူမကို နှင်မထုတ်လိုက်ပါနဲ့ ..."
အပြေးလေး ရောက်လာသည့် အဒေါ်ကျန်းမှာ နောက်ဆုံးစကားကိုသာ ကြားလိုက်ရရာ သူမ၏ သမီးကိုပင် မကြည့်အားတော့ချေ။
“ပါမောက္ခကျန်း .. ကျွန်မရဲ့ သမီးက ကျန်းမာရေး ကောင်းပါတယ်။ ဒီနေ့ ဖြစ်သွားတယ်ဆိုတာကလည်း နည်းနည်း အပူမိတာရယ် မနက်စာ မစားမိတာရယ် ပေါင်းသွားလို့ပါ .. ရှေ့ဆက်လုပ်မယ့် အလုပ်တွေမှာ လုံးဝ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး ...”
ချင်းကွေ့ဟွားကလည်း သို့သို့ကို ကျောမှာပိုးလျက် ရောက်လာသည်။ သူမက ယွဲ့ဟုန်ကို သနားမိသူ ဖြစ်သည့်အတွက် ဝင်ပြောလိုက်သည်။
“အိုက်ယား .. လောင်ကျုံးရေ တကယ်လို့ ကျွန်မတို့ပြောတာကို မယုံရင်လည်း ယွဲ့ဟုန်ကို ကျန်းမာရေးစင်တာကို ပို့ပြီး ဆရာဝန်နဲ့ ပြကြည့်လိုက်ပါလား။ ဗိုက်ဆာပြီး နေပူဒဏ်ကြောင့် ပင်ပန်းတာကလွဲရင် သူ့မှာ ကြီးကြီးမားမား ရောဂါမျိုး မရှိပါဘူး ...”
ဟုတ်တယ်လေ ရှေ့လျှောက်လည်း နေက ဒီလိုကြီး ပူနေရင် အပူဒဏ်ကြောင့် မူးမေ့လဲတဲ့သူ မရှိပါဘူးလို့ ဘယ်သူ အာမခံရဲလဲ ...
အားလုံးက ထောက်ခံလိုက်ကြသည်။ သို့သော် ကျုံးဝေ့မင်က တိတိကျကျ ရှင်းပြမလာ။
သူသည် မည်သို့မည်ပုံ ရှင်းပြသင့်ကြောင်း သိသူလည်း မဟုတ်ချေ။ ကိုယ်ကို ကိုင်း၍ ယွဲ့ဟုန်ကို ကျောပေါ်တင်ကာ ကျန်းမာရေးစင်တာသို့ အပြေးသွားလိုက်သည်။ လူအုပ်ထဲတွင် အမျိုးသားဟူ၍ သူတစ်ဦးသာ ပါရှိသည့်အပြင် သူ့အသက်အရွယ်ကြောင့် မည်သူကမှ အတင်းစကား မဆို၊ နှလုံးသားအောက်ခြေမှပင် လေးစားလာကြတော့သည်။
အလုပ်ဆင်းချိန်ရောက်၍ အိမ်ပြန်ရန် ပြင်နေစဉ် ချင်းရှန်းသည် အုပ်စုလိုက် အော်ခေါ်သံကို ကြားလိုက်ရသည်။
“အာ .. ပါမောက္ခကျုံးပါလား ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ .. အစ်မယွဲ့ဟုန်ကရော ဘာဖြစ်တာလဲ ...”