Chapter 86
Vol. 7 Ch. 86
လောင်ဝမ်းက ပြောသည်ထက်ပို၍မြင်သည်။ "ကျွန်တော်တို့အသင်းက လန်ဟဲမြို့ကျန်းမာရေးစင်တာနဲ့ အတူတူပဲဖြစ်သင့်တယ်လို့ ခေါင်းဆောင်ချင်းက ထင်တာလား။"
ချင်းရှန်းက ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်မတို့က အနာဂတ်မှာ လန်ဟဲမြို့နယ်ဆေးရုံကိုတည်ထောင်မှာပါ။"
"ကျွန်တော်တို့ လန်ဟဲမြို့က အရမ်းလည်းမကြီးဘူး။ ကျွန်တော်တို့ မြို့နယ်ဆေးရုံရော မြို့ဆေးရုံရောရှိနေလို့မရဘူးလေ။ မြို့ဆေးရုံက ဘာလို့ နည်းနည်းထူးဆန်းသလို ဖြစ်နေရတာလဲ။"
ချင်းရှန်းက ပြုံးလိုက်သည်။ သူမလုပ်ရမည့်အရာက မြို့ကျန်းမာရေးစင်တာနှင့် စက်ရုံဆေးပေးခန်းကို အရင်ညှိယူပြီး သူမထိန်းချုပ်၍ရအောင် လုပ်ရန်ဖြစ်သည်။
ချင်းကွေ့ယင်းက ရည်မှန်းချက်အပြည့်ဖြစ်နေသော သူမ၏ မျက်ဝန်းများကို ကြည့်လိုက်ပြီး နှလုံးခုန်သံမြန်လာခဲ့သည်။
သူကမေးလိုက်သည်။ "ခေါင်းဆောင်ချင်း ပြောချင်တဲ့သဘောက ကျွန်မတို့လန်ဟဲမြို့က နယ်မြို့လေးတစ်ခုမဟုတ်တော့ဘဲ မြို့ကြီးတစ်ခုဖြစ်လာမယ်ဆိုတဲ့သဘောလား။"
ချင်းရှန်းက ခေါင်းညိတ်လိုက်သည်။ "လွန်ခဲ့တဲ့ သုံးနှစ်အချိန်က တိုးတက်မှုမျိုးနဲ့သာဆိုရင် အဲ့လိုနေ့မျိုး သေချာပေါက် ဖြစ်လာန်ိုင်မယ်လို့ ကျွန်မယုံကြည်တယ်။"
တကယ်တော့ ဒီလိုသေးငယ်ပြီး ခြောက်သွေ့မြေများသောနယ်မြို့လေးက တစ်ရက်ရက်တွင် မြို့ကြီးတစ်ခုဖြစ်လာမည်ဟု မည်သူမှမထင်ထားခဲ့ပေ။
သို့သော် သူမပြောလိုက်သည့် အချိန်နှင့် ယခင်နှစ်များ၏ ပြောင်းလဲမှုကို တွဲစဉ်းစားလိုက်ချိန်မှာတော့ လူဦးရေတိုးလာမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှု၊ နေထိုင်မှုပုံစံ ပိုကောင်းမွန်လာမှုတို့ကြောင့် ဖြစ်နိုင်ချေရှိသည်။
"ကောင်းပြီ။ ကိုယ့်ကိစ္စ ကိုယ်လုပ်ကြတာပေါ့။"
သူမက စာအုပ်အချိို့ကိုယူကာ အတွင်းရေးမှုးကုန်း၏ ရုံးခန်းသို့သွားလိုက်သည်။
အတွင်းရေးမှုးက ဖုန်းပြောနေခဲ့သည်။ သူမကိုမြင်တော့ သူကပြုံး၍ ဖုန်းချလိုက်ကာ တံခါးရှိရာသို့လာပြီး သူ့ကိုခေါ်လိုက်သည်။ "ဝင်ခဲ့လေ၊ ဘာကိစ္စရှိလို့လဲ။"
ချင်းရှန်းက ပြုံးလိုက်ပြီး သူ့အတွက် ရေတစ်ခွက်ထည့်ပေးကာ သူမအတွက်ပါ ရေတစ်ခွက်ထည့်လိုက်သည်။
ရေသောက်နေရင်း လူကြီးက ခံစားချက်ကောင်းနေပုံပေါ်သည့်အတွက် ချင်းရှန်းက အခွင့်အရေးအရယူ၍ သူမ၏ အစီအစဉ်ကို ပြောပြလိုက်သည်။
အတွင်းရေးမှူးကုန်းက တိတ်တဆိတ်နားထောင်နေပြီး သူမပြောပြီးသည့်အချိန်မှာတော့ မေးလိုက်သည်။ "ဘယ်နေရာမှာ တိုးချဲ့မယ်တွေးထားတာလဲ။ ဘယ်လောက်ကြီးမှာလဲ။"
"နှစ်ခုပေါင်းမှာဆိုတော့ ဘယ်ဘက်မှ အထိမနာရအောင် အလယ််မှာဆောက်သင့်တယ်လို့ တွေးထားတယ်။"
"အခုလက်ရှိ လန်ဟဲမြို့ရဲ့ ပြဿနာက ဆေးရနိုင်တဲ့ နေရာတွေက နေရာအနှံ့ပျံ့နေပြီး အားနည်းနေတယ်။ ကျွန်မတို့ ဆေးခန်းကိုပဲ ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင် သာမန်ဆေးခန်းဆိုပေမဲ့ လန်ဟဲတစ်မြို့လုံးကို ကုပေးနေရတာ။ ကျွန်မတို့က စာရင်းသွင်းဖို့လာတဲ့လူတိုင်းကို မြင်ရတယ်။ ကျွန်မ သိသလောက်ဆိုရင် ကျန်းမာရေးစင်တာမှာ လူနာအရေအတွက် နည်းလာပြီ။ အရင်လတစ်လတည်းနဲ့ ကျွန်မတို့ဆေးခန်းရဲ့ ပြင်ပလူနာက သူတို့ထက် ဆယ်ဆလောက်ရှိတယ်။
သေချာပေါက် ၈၀% လောက်က တရုတ်တိုင်းရင်းဆေးပညာရှင်များနှင့်ပြရန် လာခြင်းဖြစ်သည်။
အားလုံးက ချင်းရှန်း၏ ဂုဏ်သတင်းကြောင့် လာကြခြင်းဖြစ်သည်။ အများစုက တရုတ်တိုင်းရင်းဆေးနှစ်မျိုးလောက်သာ ပေးရန်လိုသည်။ ပြင်ပဒဏ်ရာရှိသူများကတော့ ဆေးထိုးရန်သာလိုသဖြင့် လောင်ဝမ်းနှင့် လောင်လျို နှစ်ဦးတည်းသာ ကိုင်တွယ်နိုင်သည်။ အဆုံးမှာတော့ ကျန်းမာရေးစင်တာက အသုံးမလိုဖြစ်နေရသည်။
"နောက်ဆုံးအကြိမ် တန့်ကျောက်နဲ့တွေ့တော့ သူက လန်ဟဲမြို့သားတွေ ဘာလို့ကျွန်တော်တို့ ဆေးခန်းကို လာနေကြတာလဲလို့မေးတယ်။ သူက သူဦးဆောင်နေတဲ့ လူတွေရဲ့အဆင့်ကိုတောင် ကြည့်မနေခဲ့ဘူး။ သူသာ လူနာတွေကို ကောင်းကောင်းဆက်ဆံရင် ဘယ်သူက ဒီကိုလာချင်မှာလဲ။ "
အတွင်းရေးမှုးကုန်းက အေးစက်စက်ပြောလိုက်ခြင်းပင်။
စက်ရုံအလုပ်သမားများက ဆေးခန်းတွင် အခမဲ့လာပြလို့ရသလို သူတို့မိသားစုကလည်း လျှော့စျေးရသည်။ သို့သော်လည်း မြို့သားများ၏ ဆေးကုခက သူတို့ထက်များသည်။ သို့သော်လည်း လူအများကတော့ တန်းစီရန်ပင် စိတ်မပူဘဲ လာနေဆဲဖြစ်သည်။
သာမန်လူများက အရူးမဟုတ်ပေ။ ဘယ်သူက ရောဂါကိုကောင်းကောင်းကုပေးနိုင်သည်ကို သူတို့သိသည်။
"ကျန်းမာရေးစင်တာကို မကောင်းပြောတာတော့ မဟုတ်ပါဘူး။ ဆေးရုံတစ်ခုဆောက်လိုက်တာက အခုလက်ရှိ ကျန်းမာရေးတိုးတက်မှုကို ပိုကောင်းလာစေပြီး ဆေးရရှိမှုလည်း ပိုအဆင်ပြေလာမယ်။ နှစ်ဖက်လုံးမှာ ဘယ်လိုကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောက်လုပ်မှုမှ မရှိတာမလို့ ဆောက်လုပ်ရေးကို အတုခိုးတယ်လို့ပြောမရဘူး။ အဲ့လိုမတွေးမိဘူးလား။"
အတွင်းရေးမှူးက ခေါင်းညိတ်လိုက်သည်။ စက်ရုံဆေးပေးခန်းတွင် အခန်းအနည်းသာရှိပြီး မြို့နယ်ကျန်းမာရေးစင််တာကလည်း ထို့ထက်ပိုမကောင်းပေ။မြစ်ကမ်းဘေးတွင် အိမ်ငယ်လေးအနည်းငယ်သာရှိ၏။ သူတို့က ဆေးထိုး ဆေးသွင်းခြင်းသာ လုပ်ပေးနိုင်သည်။ ကိုယ်ဝန်ဆောင်များကပင် မီးဖွားပေးရန် ချင်းရှန်းကို တောင်းဆိုရသည်။ သူက တွေးမိရုံဖြင့် ဒေါသဖြစ်သော်လည်း ဘာမှမကူညီနိုင်ပေ။
အောက်ခြေလုပ်သားများက ပညာအရည်အချင်းနိမ့်ပြီး ကျွမ်းကျင်မှုလည်းနည်းသည်။ သူတို့၏ အဆင့်အတန်းနိမ့်နေခြင်းမှာ သူတို့၏ အမှားမဟုတ်သော်လည်း မိသားစုဝင်နှင့် လူနာတစ်ယောက်အနေဖြင့် သူက ဖျားနာနေရသည့်အတွက် သူ့ကိုယ်သူအားမရဖြစ်မိသည်။
အရင်ကတော့ ဘယ်လိုရောဂါအတွက်မှ ဆရာဝန်ပြစရာမလိုဘဲ အခုချိန်မှာတော့ ဘယ်လိုရောဂါအတွက်မဆို ချင်းရှန်းနှင့် လာပြနေရသည်။ ဒါက ကိစ္စကြီးတော့မဟုတ်ပေ။
"ကျန်းမာရေးစင်တာက အခုလက်ရှိ ကျွန်တော်တို့ထက် ဝန်ထမ်းပိုမရှိနေဘူး။ အတူပေါင်းလိုက်မယ်ဆိုရင် ဘယ်လူအသစ်မှ ထပ်ငှားစရာမလိုဘူး။ တစ်ချိန်တည်းမှာပဲ ဝန်ထမ်းတွေရဲ့အရည်အချင်းကို ပိုမြှင့်တင်ပြီး ဆရာဝန်တွေအတွက် ဝန်ပေါ့အောင်လုပ်လို့ရတယ်။ အရိုးသားဆုံးပြောရရင်တော့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒပါပဲ။"
ချင်းရှန်းက သူမ၏လက်အောက်ငယ်သားများအတွက် စိတ်မကောင်းဖြစ်မိသည်။ အားလုံး၏ဘဝက ယခင်နှစ်များအတွင်း သ်ိသိသာသာကောင်းမွန်လာခဲ့သည်ဆိုသော်လည်း သူတို့က အလုပ်ရှုပ်နေကြသည်။ သူတို့၏ အချိန်လွတ်များကိုလည်း အသုံးပြုနေရသည့်အတွက် သူတို့က အဆက်မပြတ် အလုပ်ရှုပ်နေရသည်။ သူမကလည်း အလွန်ပင်ပန်းရသည်။
ကံကောင်းစွာနဲ့ဆေးစိုက်ခင်းက ကျုံးဝေ့မင်၏ စီမံခန့်ခွဲမှုအောက်တွင်ဖြစ်သဖြင့် သူအလုပ်ရှုပ်နေသည့်နေ့များတွင် သွားကူစရာမလိုပေ။ မဟုတ်လျှင် သူမတကယ်ကို ပင်ပန်းရမည်။
အဓိက အကြောင်းအရင်းကတော့ သူမ၏ ပြင်ပလူနာအရေအတွက်က တိုးလာပြီး သူမက တရုတ်တိုင်းရင်းဆရာ လုပ်နေရန်မလိုပေ။ တကယ်တော့ ရောဂါအများစုက အနောက်တိုင်းဆေးဖြင့် ကု၍ရသော်လည်း ကျန်းမာရေးစင်တာ၏ ဂုဏ်သတင်းက သိပ်မကောင်းသည့်အတွက် အားလုံးက သူမထံသာ လာကြသဖြင့် ပြင်ပလူနာအရေအတွက်က တိုးလာခဲ့သည်။
အတွင်းရေးမှူးကုန်းက သူမပေးသော စာအုပ်ကို လှန်ကြည့်လိုက်သည့်အခါ အားလုံးက လွန်ခဲ့သည့်လများက ဆေးရုံနှစ်ခု၏ အချက်အလက်များကို နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ သူက မြင်သောအခါ ပြုံးလိုက်သည်။
"မင်းက သူတို့တာဝန်ရှိတဲ့ဆေးကိစ္စတွေအားလုံးကို လုပ်နေရပြီး သူတို့ကတော့ ဘာမှမလုပ်ရဘူး။ ဒါက လက်ခံနိုင်စရာမရှိဘူး။ အားလုံးက လစာအတူတူရတဲ့အတွက် အားလုံးအလုပ်လုပ်ရမယ်။"
ချင်းရှန်းကလည်း လက်ခံသည်။ အဆုံးမှာတော့ သူမရဲ့ မူလရည်ရွယ်ချက်က ပြဿနာရှာရန်မဟုတ်ဘဲ ပြဿနာကိုဖြေရှင်းရန်ဖြစ်သည်။
"ကျွန်မ တိုင်းဆေးအဖွဲ့အစည်းကိုသွားပြီး အချက်အလက်တွေ သွားစုရမယ်။ စက်ရုံက လက်ခံသရွေ့ အားလုံးအဆင်ပြေမယ်။ အားကိုးပါတယ် အတွင်းရေးမှူး။"
အတွင်းရေးမှူးကုန်းက ပြုံးပြီးပြောလိုက်သည်။
"ကောင်းပါပြီ၊ ဒါကို လောင်လီနဲ့ အခြားသူတွေနဲ့အတူ တိုင်ပင်လိုက်မယ်။ ပြီးတော့ ဆောက်လုပ်ရေးအတွက် အထက်ကိုတင်ပြလိုက်မယ်။"
အားလုံးကို တစ်ယောက်တည်း လုပ်လို့မရပေ။ အထူးသဖြင့် ဒီလိုကိစ္စမျိုးဖြစ်သည်။
ကျန်းမာရေးစင်တာက သဘောတူမလား။
ချင်းရှန်းက သူတို့နှင့်အတော်ကြာ အတိုက်အခံလုပ်ရမည်ဟု တွေးမိသည်။
ယခင်နှစ်များတွင် ကျန်းမာရေးစင်တာ၏ ပြင်ပလူနာအရေအတွက်က တိုးလာတဲ့အတွက် သူတို့ရဲ့လစာတိုးသွားပြီး တရုတ်တိုင်းရင်းဆေးအတွက်ကတော့ ကျန်းမာရေးစင်တာက ငြိမ်ငြိမ်မနေနိုင်ဘဲ ချင်းရှန်း၏ အိမ်တံခါးဝသို့ ရောက်လာတော့မလို ဖြစ်နေသည်။
အစမှာတော့ သူတို့က နှစ်ခုပေါင်းစည်းမည့်ကိစ္စကို မတွေးနိုင်ခဲ့ပေ။ ထိုအစား သူတို့က ချင်းရှန်းကို ထိုနေရာသို့ဖိတ်ပြီး လူနာများကို သူတို့ထံ ပြန်ရောက်အောင်ခေါ်လိုသည်။ ဒုတိယအနေနှင့် သူတို့က ဆေးစိုက်ခင်းကိုလာပြီး အချိန်ပိုများတွင် ငွေပိုရှာနိုင်ရန် ကူညီရန်တွေးမိသည်။
သေချာပေါက် ချင်းရှန်းက လက်မခံပေ။ သို့သော်လည်း ဒါက သူမကို ယခင်ဘဝကလည်း ၁၉၉၀နောက်ပိုင်းတွင် ဆေးရုံနှစ်ခုပေါင်းစည်းခဲ့သည်ကို မှတ်မိစေသည်။ ယခု ၁၉၈၀ အစောပိုင်းတွင်ဖြစ်၍ အနည်းငယ်စောသေးသော်လည်း မကြိုးစားကြည့်လျှင် အလုပ်ဖြစ်မဖြစ် သိရမည်မဟုတ်ပေ။
မထင်ထားလောက်အောင်ပဲ လုပ်ငန်းစဉ်က ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။ ကျန်းမာရေးအဖွဲ့အစည်းက ပို၍အခိုင်အမာပင် ဒီလိုအရာမျိုးကို ထောက်ပံ့ခဲ့ပြီး သူတို့ကို ရန်ပုံငွေ ယွမ်၅၀၀၀၀ပေးရန်ပင် ပြောခဲ့သေးသည်။
အတွင်းရေးမှူးကုန်းနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း ဒါကို ဖြစ်နိုင်သည်ဟု တွေးမိကြသည်။ ကောင်းသောဆေးရုံတစ်ခုက လူအများကိုအဆင်ပြေစေရန် ဆွဲဆောင်ထားနိုင်သည်။ ထို့နောက် သူတို့မိသားစုများကလည်း ထိုနေရာတွင်နေရန် ဆန္ဒရှိလာပြီး အလုပ်သမားများကလည်း စိတ်အနှောင့်အယှက်မရှိဘဲ အလုပ်ကိုအာရုံစိုက်လုပ်ကိုင်နိုင်သည်။ အားလုံး ဆုံးဖြတ်ပြီးသည့်နောက် သူတို့က ရန်ပုံငွေ ယွမ်၃၀၀၀၀ ထောက်ပံ့မည်ဟု ပြောခဲ့သည်။
ဒီတစ်ခါမှာတော့ သူတို့က ယွမ်၈၀၀၀၀ ကို မတည်ငွေအဖြစ်ရခဲ့သည်။
ချင်းရှန်းက အလွန်ပျော်ရွှင်နေပြီး ယခု လက်ခံသည့်စာရွက်ကိုသာ စောင့်နေတော့သည်။ သူမက ဆောက်လုပ်ရေးနေရာရွေးရန် လူများကိုပင် အလုပ်လုပ်ခိုင်းထားပြီဖြစ်သည်။
အမျိးသားနေ့တွင် ချင်းရှန်းတို့မိသားစုနှင့် အိုက်လန်တို့မိသားစုက ဧည့်သည်အဖြစ် ခရိုင်မြို့သ်ို့သွားကြသည်။
သတို့သမီးက ကျူးပါးမေ့ဖြစ်ပြီး အိုက်လန်အလုပ်လုပ်ခဲ့သည့် ချီလိထန်မှဖြစ်သည်။ သူမက ယခင်နှစ်တွင် ဟိုတယ်တွင်အလုပ်လုပ်ခဲ့ပြီး ယခုကိုယ်ပိုင် ဟိုတယ်ဖွင့်ထားသည်။ သူမက ခရိုင်မြို့မှအစိုးရဝန်ထမ်းတစ်ဦးနှင့် တွဲနေသည်။ သူမက ဟိုတယ်တွင်အလုပ်လုပ်ခွင့်ရပြီး သူမချစ်သူနှင့်တွေ့ခွင့်ရကာ စီးပွားရေးလုပ်ခဲ့ရသည့်အတွက် ချင်းမိသားစုကို ကျေးဇူးတင်မိသည်။
သူတို့စုံတွဲက ဧည့်သည်များကိုဖိတ်ရန် လန်ဟဲမြို့သို့လာခဲ့သည်။ ချင်းရှန်းနှင့်အိုက်လန်က အထူးတလည်လာဖိတ်သည့်အတွက် သွားမည်ဖြစ်ပြီး သို့ပေါင်နှင့် ရှောင်ပါးကျင်းကို ခရိုင်သို့အလည်အပတ်ခေါ်သွားချင်သည်။
သို့ပေါင်က ယခုသုံးတန်းတက်နေလေပြီ။ သူမက ခြောက်နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပို၍နားလည်မှုရှိနေပြီဖြစ်သည်။ သူမက ယခင်ကသွားသကဲ့သ်ို့ သူမအဖေကိုမေးမနေတော့ပေ။ ယခုက နောက်တစ်မျိုးဖြစ်သည်။ ရှောင်ပါးကျင်းက ပြင်ပရှိအရာများကို လက်ညှိုးထိုး၍ သူမကိုမေးသည်။
"အစ်မ ဒါကဘာလဲ။"
သူက တစ်လမ်းလုံးအခါရှစ်ဆယ်လောက် ပြန်မေးနေသည်။
အိုက်လန်က ဆူညံသံများကြောင့် စိတ်ရှူပ်လာပြီး သူ့ကို စကားဆက်မပြောတော့ရန် ပြောလိုက်သည်။ သူက ပါးစပ်မဟတော့ဘဲ အကြည့်ဖြင့်သာ မေးနေခဲ့သည်။ သို့ပေါင်က သူ၏မေးခွန်းတိုင်းကို စိတ်ရှည်စွာဖြေနေခဲ့သည်။
ချင်းရှန်းက သူမ၏အဘွားနှင့် သီးသန့်တိုင်ပင်ဖြစ်သည်။ သူမ၏အစ်မကြီးက သို့ပေါင်အပေါ် အမေရင်းထက်ပို၍ စိတ်ရှည်သည်။ သူမ၏ သားအရင်းနှင့်မှ ဘာလို့စိတ်မရှည်ရတာလဲ။
"တစ်ရက်တည်းနဲ့ စိတ်ရှည်မှုတွေ ပျောက်သွားပြီလား။"
အားလုံးက ရှောင်ပါးကျင်းကြောင့် စိတ်ရှုပ်နေကြသည်။
ချင်းကွေ့ဟွားက သက်ပြင်းချကာ နားကိုပွတ်လိုက်သည်။ "ရှောင်ပါးကျင်းက သို့ပေါင်နဲ့မတူဘူး။ သို့ပေါင်က အလိုကျနေတတ်ပေမဲ့ သူကတော့ လက်စားချေတတ်တယ်"
ထိုကောင်လေးက အလွန်အားအင်ပြည့်နေပြီး ငယ်စဉ်ကပင် အရပ်ရှည်ပြီး လူကောင်ကြီးသည်။ သူ၏ခန္ဓာကိုယ်တွင် အဆုံးမရှိသော အားအင်များရှိနေသလိုပင်ဖြစ်သည်။ သူလမ်းလျှောက် စကားပြောတတ်စတွင် သူ၏ခြေထောက်နှင့် ပါးစပ်များကို အနားမပေးပေ။ မရပ်မနား တစ်နေ့လုံး ပြောနေနိုင်သည်။ ဖျားနေပြီး ဆေးထိုးထားလျှင်တောင် နှစ်နာရီလောက် ခုန်ပေါက်နေနိုင်သည်။ မိသားစုနယ်မြေထဲတွင် သူ့လိုလူမရှိပေါ
ခရိုင်မြို့သို့ရောက်လာပြီးနောက် သူတို့ကတတည်းခိုခန်းသို့ အရင်သွားပြီး မိသားစုက ဆေးကြောအသင့်ပြင်ကာ သို့ပေါင်နှင့် ရှောင်ပါးကျင်းအတွက် အလိုရှိနေသည်များကို ယူခဲ့သည်။ နေ့ခင်း နှစ်နာရီကျော်သွားတာမြင်တော့ လောင်ဟဲနှင့် လောင်လျိုက ကျောင်းမှအမြန်ပြန်လာပြီး တည်းခိုခန်းတွင် ပစ္စည်းများလာထုပ်ပိုးကာ အုပ်စုလိုက် ဘတ်စ်ကားစီးရန်သွားခဲ့သည်။
ချီမိသားစုစားသောက်ပွဲက ခရိုင်တွင်အကောင်းဆုံး ရှီးလန်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒီနေ့က နေ့ကောင်းဖြစ်သည့်အတွက် လာသည့်သူများက အထွေထွေမန်နေဂျာနေရာကပါ အလုပ်ရှုပ်လာရသည်။ ခရိုင်ပွဲစီစဉ်သည့်အသင်းမှ ခေါင်းဆောင်လေးများနှင့် အထက်လူကြီးများကပါ ဧည့်ခံနေရသည်။
ခရိုင်အစိုးရရုံးမှတ်တိုင်အထိ ဘတ်စ်စီးပြီးနောက် လေးမိနစ်လောက် လမ်းလျှောက်လိုက်ရာ ရှေ့တွင်ကြီးမားသော ဟိုတယ်ကြီးကို မြင်ရသည်။ အနီရောင်မီးအိမ်များနှင့် ဖဲကြိုးများက တံခါးဝတွင် ကြီးကြီးမားမားရှိနေသည်။ ရှောင်ပါးကျင်းက ထိုသို့ရောင်စုံဖဲကြိုးများကို မမြင်ဖူးသည့်အတွက် ကြည့်နေရင်းနှင့် လှမ်းယူလိုက်ချင်သည်။
သို့သော်လည်း သူ့အစ်မက မယူရန်ပြောသဖြင့် သူကသည်းခံ၍သာ ကြည့်နေခဲ့ရသည်။
"သို့ပေါင်နဲ့ အတူတူပါပဲ။ မောင်လေးကြိုက်ရင် ကိုင်ခိုင်းလိုက်ပါ။ ဘာမှမထိခိုက်ပါဘူး။"
သို့ပေါင် ဘာမှမပြောနိုင်ခင် အိုက်လန်က သို့ပေါင်ကိုဖက်လိုက်သည်။ "အဖွားက သူ့ကိုအလိုလိုက်နေတာပဲ။ သူကိုင်လိုက်ပြီးရင် လိုချင်သွားမယ်။ လိုချင်တယ်ဆိုရင် ဆွဲထုတ်လိုက်မှာပဲ။ တစ်ခုတည်းဆိုရင် မသိသာပေမဲ့ သုံးလေးခုဆွဲထုတ်နေရင် ဘယ်လိုလုပ်မှာလဲ။"
အားလုံး၏ ဆန္ဒများက ဖြည်းဖြည်းချင်းများလာတတ်သည်။ ကလေးတစ်ယောက်က အားလုံးကိုလိုချင်သည်ဟုပြောလျှင် လူကြီးများက သေချာပေါက် လက်ခံမည်မဟုတ်ပေ။ သို့သော် သူက ဖြည်းဖြည်းချင်းလုပ်လျှင် လူကြီးများက မသိလိုက်ဘဲ သူ့စိတ်ကိုဖြည့်ဆည်းပေးမိသွားမည်။
အဖွားက ရှက်သွားပြီး ဘာမှမပြောတော့ဘဲ သို့ပေါင်၏ ခေါင်းကိုသာကိုင်လိုက်သည်။
"အဖွားက သို့ပေါင်ကို စိတ်မဆိုးပါဘူး။ အဖွားက အရိုက်ခံရသင့်ပါတယ်။"
သူမက သို့ပေါင်ကို အချစ်ဆုံးဆိုသော်လည်း ကလေးများကို အလိုလိုက်တတ်သည်။ ဒီတစ်ခါမှာတော့ သူမက မထိန်းချုပ်နိုင်ဘဲ သို့ပေါင်ကို အပြစ်တင်မိသည့်အတွက် အပြစ်ရှိသလို ခံစားရသည်။
သို့ပေါင်က ခေါင်းခါလိုက်သည်။ "သမီး စိတ်မဆိုးပါဘူး။ အဖွားက စည်းကမ်းရှိဖို့လိုတယ်။"
"ပြီးတော့ ဒါတွေက အခြားတစ်ယောက်ရဲ့ ပစ္စည်းတွေလေအဖွား။ အခြားမိသားစုက ဒီနေ့ ပွဲအကြီးကြီးလုပ်နေတာမလို့ သူ့ကိုပေးဖို့ မသင့်တော်ဘူးမလား။"
"ဟုတ်ပါပြီ အဖွားက တစ်ခွန်းပဲပြောတာ မင်းက မနားတမ်းပြောနေတော့တာပဲ။"
ရှောင်ပါးကျင်းက ပါးစပ်လှူပ်၍သူတို့ကို အတုခိုးနေခဲ့သည်။
အားလုံးက ရယ်မောနေကြပြီး အိုက်လန်ကလေးမွေးပြီးနောက် သူမက ချင်းရှန်းနှင့်ပို၍တူလာသည်ဟု ထင်ကြေးပေးနေကြသည်။
"အဖွား၊ လိုင်တိ" သူတို့ စကားပြောနေချိန်တွင် အသံတိုးတိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အားလုံးလှည့်ကြည့်လိုက်တော့ သူတောင်းစားအချို့က ဟိုတယ်ထောင့်တွင် စုနေကြသည်။
"အဖွား၊ လိုင်တိ တကယ်ပဲ မင်းတို့လား။"
လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်က စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားပြီး မျက်နှာတွင်လည်း ပေရေနေကာ သူတောင်းစားပုံစံဖြစ်နေသော်လည်း သူတို့က ချင်းယွီတိတို့ မိသားစုသုံးယောက်ဖြစ်သည်။
"ဒုတိယကလေး ဒီမှာဘာလုပ်နေတာလဲ။"
"ဘုရားရေ၊ မျက်လုံးဖွင့်ကြည့်ပါတော့၊ ဒီမှာ သေတော့မလိုပဲ...။"
ယွီတိက ပြေးလာပြီး အဖွားကြီးကိုဖက်၍ ငိုလိုက်တော့သည်။ လူများက တကယ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြို့ထဲဝင်လာသည်ကို စောင့်မျှော်နေကြသည်။